← Chapters

နွေဦးဆောင်းဦးကျင့်စဉ်

Vol. 50 Ch. 739

နွေဦးဆောင်းဦးကျင့်စဉ်

Vol. 50 Ch. 739

လုယန် နာရီချိန်သီးလို ခေါင်းကိုအဆက်မပြတ်ခါယမ်းနေသည်။ သူ့ဆရာအကြံပြုချက်ကို အပြတ်ငြင်းသည်။

သုံးရက်နှင့်သုံးလ နတ်မယ်ယာယီဂိုဏ်းချုပ်လုပ်သည်ကို မြင်ခဲ့ပြီးဖြစ်သည်။ ဂိုဏ်းချုပ်ရာထူးသည် အပျင်းပြေလုပ်နိုင်သည့်ရာထူးမျိုးမဟုတ်။ အမယွမ်ကသာပိုသင့်တော်သည်။ လေးစားသူပိုများသည်။ ပညာလည်း ပိုထူးချွန်သည်။

ဝစီပိတ် စိတ်သက်သာရာရသွားသည်။ သူ့တပည့်ငယ် တာအိုနှလုံးထိုမျှခိုင်မာမည်ဟု မျှော်လင့်မထားခဲ့။ ဂိုဏ်းချုပ်ရာထူးဆက်ခံရမည့် မဟာအခွင့်အရေးကိုပင် အရေးမစိုက်။

"ရှောင်ကျိရောရှိလား"

"အမယွမ်ကအခု နိယာမသခင်နဲ့ အမည်မသိကျင့်ကြံသူတစ်ချို့ကို စစ်ဆေးမေးမြန်းနေတယ်။ ကျုပ်သွားခေါ်ပေးရမလား"

ရှောင်ကျိမရှိကြောင်းသိရသဖြင့် ဝစီပိတ် သက်ပြင်းတစ်ချက်ချလိုက်သည်။

"မလိုဘူး မလိုဘူး။ ငါကမေးရုံပဲမေးတာပါ"

ဤခြောက်လတာကာလအတွင်း သူရိုးရိုးသားသားနေခဲ့သော်လည်း သူ့တပည့်ကြီးနှင့်တွေ့တိုင်း မလုံမလဲစိတ်မျိုး ပေါ်လာတတ်သည်။

ဂိုဏ်းသို့ပြန်ရောက်ချိန်တွင် သူ့တတိယတပည့်နှင့်စတုတ္ထတပည့်၏ ကျင့်စဉ်တိုးတက်မှုကို မြင်ရသဖြင့် သူအတော်ပျော်သည်။

"ဘယ်အချိန်ကျမှ ငါတို့ဆရာတပည့်ငါးယောက်လုံး အတူပြန်ဆုံမလဲမသိဘူး။ မင်းအကိုနှစ် ပြန်မလာတာ နှစ်တစ်ရာကြာပြီ။ ဗုဒ္ဓနိုင်ငံမှာ မင်းအကိုနှစ်ဂြိုလ်မွှေခဲ့လို့ ဆရာဖြစ်တဲ့ငါ့ကိုတောင် ဗုဒ္ဓကိုယ်တော်တွေက သိပ်မကြည်ကြဘူး"

ဝစီပိတ် ညင်သာစွာခေါင်းခါသည်။ ဂိုဏ်းကိုပါ နာမည်ပျက်ထဲဆွဲထည့်သည့် တပည့်မိုက်ဖြစ်သည်။ အပြင်လောကတွင် ပြဿနာရှာလျှင် ကိုယ်ဘယ်သူဘယ်ဝါမှန်း ဘယ်ဂိုဏ်းကမှန်း လူသိမခံဖို့ သူအမြဲသွန်သင်ခဲ့သည်။

သို့သော် သူ့တပည့်နှစ်က အရေးကြီးသည့်ထိုဩဝါဒစကားများကို လုံးဝမှတ်မထား။

အကောင်းဘက်ကတွေးကြည့်လျှင်လည်း သူ့ဒုတိယတပည့်သည် အပြင်လောကတွင်သာ ပြဿနာရှာခြင်းဖြစ်သည်။ ဂိုဏ်းသို့လုံးဝပြန်မလာ။ ထို့ကြောင့် ဂိုဏ်းအပေါ်ကျရောက်မည့် ပြဿနာအားလုံးကို အဝေးတွင်သာထိန်းထားသည်ဟု ဆိုရမည်။

ဗုဒ္ဓနိုင်ငံက ယဲ့ဇီကျင်းကို အမြန်ဆုံးပြန်ခေါ်ရန် တာအိုလမ်းစဉ်ဂိုဏ်းသို့ မကြာခဏစာပို့အကြောင်းကြားနေဆဲဖြစ်သည်။

အကြောင်းကြားလာတိုင်းလည်း 'အဓိပဓိတစ်ယောက်၏အမိန့်ကို အဝေးရောက်နေသည့်တပည့်သည် နာခံချင်မှနာခံမည်'ဟူသည့် အကြောင်းပြချက်ဖြင့် အမြဲတမ်းတုံ့ပြန်ခဲ့သည်။

ဗုဒ္ဓကိုယ်တော်များ သူ့ဆရာကို သဘောမကျခြင်းသည် အကိုနှစ်နှင့် သိပ်မဆိုင်လောက်ဟု လုယန်စိတ်ထဲ တွေးနေသည်။

ပန်းချီကားထဲတွင်သာမြင်ဖူးသည့် သူ့အကိုနှစ်အကြောင်း ဒဏ္ဍာရီများစွာကြားဖူးသည်။

အသိခက်သည့် ယင်ယန်သဘောတရားကို အမြဲတမ်းဥပမာပြသည်။ အဆင့်မြင့်ဗုဒ္ဓကိုယ်တော်များ သီလပျက်သည့်ကိစ္စကို ဖော်ထုတ်သည်။ သုခကိုယ်တာ်ကျင့်စဉ်ကို အခိုင်အမာထောက်ခံသည်။ ဗုဒ္ဓရုပ်ထုအယောင်ဆောင်၍ ပူဇော်မှုခံယူသည်။ ထိုအသေးအဖွဲ့ကိစ္စများသည် ဘာမှပြောပလောက်သည်မဟုတ်။

ထို့ပြင် ဖီးနစ်မျိုးနွယ်၏ ယန်ကျင့်စဉ်ပညာကို သင်ယူဖို့ အဆင့်မြင့်ဗုဒ္ဓကိုယ်တော်များကို သူအမြဲအကြံပြုသည်။ သို့မှသာ ကိုယ့်ကိုယ်ကိုစွန့်လွှတ်စတေးပြီး နောက်ဘဝတစ်ခုဖြင့် နေနိုင်မည်။ အမွေအနှစ်များစွာရမည်။ ဗုဒ္ဓနိုင်ငံ၏အမွေအနှစ် အဓွန့်ရှည်မည်။ အကျိုးများမည်။

(**အပျော်ကျူး၍ ယန်ဓာတ်ကုန်ခန်းသွားလျှင် သေမည်။ ယန်ဓာတ်အားကောင်းမှ အသက်ရှင်မည်။ ဗုဒ္ဓဝါဒကို ဆက်လက်ဖြန့်ဖြူးနိုင်မည်)

သက်ရှိသတ္တဝါတို့ကို ဒုက္ခလွတ်လမ်းပို့ရန် စိတ်နှစ်ထားသည့် ဗုဒ္ဓဝါဒကို အခြေခံ၍ ပိုအဆင့်မြင့်သည့် အတွေးအခေါ်တစ်ခုကိုလည်း သူအဆိုပြုခဲ့သည်။

'ကလေးမွေးခြင်းသည်လည်း ဘဝလွတ်လမ်းဖန်တီးခြင်းပုံစံတစ်မျိုးဖြစ်သည်။ ကုသိုလ်များများစုနိုင်ဖို့ ဗုဒ္ဓကိုယ်တော်များကို ကလေးများများမွေးရန် သူတိုက်တွန်းသည်။

သို့သော် ရှေးရိုးစွဲအမြင်သာရှိကြသည့် ဗုဒ္ဓနိုင်ငံမှအဆင့်မြင့်ကိုယ်တော်များက သူ့အကြံကောင်းများကို လက်မခံကြ။ သူ့အဆိုပြုချက်များကို ငြင်းပယ်ရုံသာမက သူ့ကိုပင် အကြိမ်များစွာ လူလွှတ်ဖမ်းဆီးခိုင်းသည်။

ဝစီပိတ်ထံမှ ထွက်ပြေးနည်းပညာသင်ထား၍သာ ကံကောင်းသေးသည်။ ဗုဒ္ဓနိုင်ငံတွင် အကောင်းပကတိ ကျင်လည်နိုင်သည်။

ယဲ့ဇီကျင်းမွေးဖွားလာခြင်းသည် ဆုတ်ကပ်ကို ကိုယ်စားပြုသည့်လက္ခဏာဟု အဆိုးမြင်ဝါဒီဗုဒ္ဓကိုယ်တော်များက ယုံကြည်ကြကြောင်းလည်း လုယန်ကြားဖူးသည်။

ယဲ့ဇီကျင်းကို ဗုဒ္ဓဝါဒကပ်ဆိုးဟု ကင်ပွန်းတပ်ကြသည်။

ဗုဒ္ဓဝါဒတည်ထောင်သူ နတ်မယ်က 'ဆုတ်ကပ်'ဟူသည့်စကားလုံးသည် သူတီထွင်ထားခဲ့ခြင်းဖြစ်ကြောင်း ရှင်းပြသည်။

"မင်းအကိုနှစ်လည်း ကျင့်စဉ်ပါရမီရှင်ပဲ။ ရှောင်ကျိသာမရှိရင် သူ့မျိုးဆက်ထဲမှာသူက အထူးချွန်ဆုံးကျင့်ကြံသူဖြစ်မှာ။ ဒါပေမယ့် သူအချိန်မှားပြီး မွေးလာတယ်လေ။

ဒါနဲ့..ငါတို့ဘိုးဘေး တာအိုရှင်ရှန်ထန်က ဘယ်မှာလဲ"

ဂိုဏ်းတည်ဘိုးဘေးကို အရိုအသေပေးဖို့လိုသည်ဟု သူယူဆသည်။

"ကျုပ်သွားရှာလိုက်ဦးမယ်"

ဘိုးဘေးဘယ်သွားမှန်း လုယန်မသိ။

လှည့်ပတ်ရှာဖွေပြီးနောက် အသားကင်ဆိုင်တွင် အကင်စားနေသည့် တာအိုရှင်ရှန်ထန်ကိုတွေ့သည်။

လုယန်ကိုမြင်သည်နှင့် ဆိုင်ကိုစစ်ဆေးရန်ရောက်လာသည်ဟု အသားကင်ဆိုင်မှလူများအားလုံး ယူဆကြသည်။

လုယန် သူတို့ကို ဘာမှလုပ်ဖို့မလိုကြောင်း ဖျောင်းဖျရသည်။

"အားလုံးအဆင်ပြေပါတယ်။ ခင်ဗျားတို့လုပ်စရာရှိတာ ဆက်လုပ်ပါ။ ကျုပ်က သူ့ကိုလာရှာတာပါ"

"ဘိုးဘေး၊ ကျုပ်ဆရာက ဘိုးဘေးနဲ့တွေ့ချင်တယ်တဲ့"

"မင်းဆရာလား။ တာအိုလမ်းစဉ်ဂိုဏ်းရဲ့ လက်ရှိဂိုဏ်းချုပ်လား"

"ဟုတ်ပါတယ်"

ရှန်ထန် အကင်လက်ကျန်ကို အမြန်လက်စသပ်သည်။

"ဒါဆို သွားစို့လေ"

လုယန်က ရှန်ထန်ကို ကောင်းကင်ဂိတ်‌‌တောင်ထိပ်သို့ခေါ်သွားသည်။ ဝစီပိတ် အတော်ကြာအောင်စောင့်ခဲ့ရသည်။ တွေ့သည်နျှင့် သူချက်ချင်းဒူးထောက်ဦးညွှတ်အရိုအသေပေးသည်။

"တာအိုလမ်းစဉ်ဂိုဏ်းရဲ့ လက်ရှိဂိုဏ်းချုပ် ယဲ့ဝမ်လီ ဘိုးဘေးသခင်ကို ဂါရဝပြုပါတယ်"

"ဒီလောက်အရိုအသေပေးဖို့ မထိုက်တန်ပါဘူး။ ထပါတော့။ ပြီးတော့ ငါကအခု တာအိုလမ်းစဉ်ဂိုဏ်းရဲ့ သာမန်တပည့်တစ်ယောက်ပါ။ အဲလိုဆက်ဆံဖို့မလိုပါဘူး"

ဝစီပိတ်၏မျက်လုံးများ အရောင်လက်လာသည်။

"ဒါဆို ဘိုးဘေးမှာ ဆရာမရှိသေးဘူးပေါ့။ ကျုပ်ကိုဘယ်လိုသဘောရလဲ"

ဝစီပိတ်သည် အဋ္ဌမအကြီးအကဲနှင့် သောက်ကျင့်ချင်းအတော်တူသည်ဟု လုယန်ခံစားရသည်။ အတွေးချင်း ထပ်တူကျနေသည်။

စေတနာဖြင့် သူသတိပေးသည်။

"ပင်လယ်တာအိုသခင်က သူ့ကို တပည့်အဖြစ်လက်ခံပြီးပါပြီ"

တာအိုရှင်ဝစီပိတ် "..."

"ဪ..ဒါနဲ့ ဘိုးဘေး။ တာအိုလမ်းစဉ်ဂိုဏ်းတည်ထောင်စအချိန််က အဖြစ်အပျက်တွေကို ပြန်ပြောပြပါလား။ အမှန်အတိုင်းပြောရရင် ကျုပ်က တာအိုလမ်းစဉ်ဂိုဏ်း နာမည်ဂုဏ်သတင်းကျော်ကြားဖို့ အမြဲသတင်းဖြန့်ပေးနေတဲ့ သမိုင်းကျမ်းပြုစုသူပါ။

ဘိုးဘေးက တာအိုလမ်းစဉ်ဂိုဏ်းသမိုင်းကြောင်းနဲ့ပတ်သက်ရင် ကိုယ်တိုင်လက်တွေ့ကြုံခဲ့တဲ့လူပဲလေ။ ကျုပ်တို့ဂိုဏ်းနာမည် ပိုကျော်ကြားဖို့ ကျုပ်တို့အတူပူးပေါင်းလုပ်ဆောင်လို့ရတယ်"

ရှန်ထန် တဟားဟားအော်ရယ်သည်။

"အဲဒါ ကောင်းတဲ့ကိစ္စပဲလေ"

ဝစီပိတ်ကို သူအတော်သဘောကျသွားသည်။ လက်ရှိဂိုဏ်း၏ အောင်မြင်မှုများသည် ထိုဂိုဏ်းချုပ်၏ကြိုးပမ်းမှု များစွာပါဝင်သည်မှာ သံသယဖြစ်စရာမလို။

"တာအိုလမ်းစဉ်ဂိုဏ်းတည်ထောင်တဲ့အကြောင်းပြောရရင် လွန်ခဲ့တဲ့ နှစ်တစ်သိန်းနှစ်သောင်းကို ပြန်သွားရမယ်။ အဲဒီတုန်းက ဓလေ့အရ လေဟာနယ်သန့်စင်အဆင့်ရောက်တဲ့ ကျင့်ကြံသူတွေဟာ တည်မြဲခိုင်မာပြီးလုံခြုံဘေးကင်းတဲ့ ကျင့်ကြံမှုနယ်မြေတစ်ခုရှာကြရတယ်။

ဂိုဏ်းတစ်ခုကို ဝင်ရင်ဝင်။ မဟုတ်ရင်လည်း သူတို့ဘာသာဂိုဏ်းတစ်ခု တည်ထောင်ကြတယ်။ ငါက ဂိုဏ်းတည်ထောင်ဖို့ဆုံးဖြတ်ခဲ့တယ်။

ကောင်းကင်ဆန်းကြယ်ဂိုဏ်းက ဟောပြောချက်တိကျတယ်ဆိုပြီး နာမည်ကျော်တယ်။ ဒီတော့ ဝိညာဉ်ကျောက်တစ်သိန်းနဲ့ ဖုန်းရွှေရတနာမြေတစ်ခု ရှာပေးဖို့ ငါတောင်းဆိုခဲ့တယ်။

သူတို့ကပြောတယ်။ အဲဒီ့ဝိညာဉ်ကျောက်တွေကို သူတို့ယူတာမဟုတ်ဘူးတဲ့။ စေတနာအသိအမှတ်ပြုတဲ့အနေနဲ့ ကောင်းကင်က လက်ခံတာတဲ့။ ရတနာမြေရဲ့တည်နေရာ ငါ့ကိုပြောပြတယ်။

ပြီးတော့ သတ်မှတ်တဲ့အချိန်အတွင်း အရောက်သွားရမယ်လို့လည်းပြောတယ်။ မဟုတ်ရင် ငါ့ကံကြမ္မာထိခိုက်နိုင်တယ်တဲ့။

ဒါပေမယ့် အဲဒီတုန်းက အတော်မှောင်နေတယ်။ ငါရဲ့ကျင့်စဉ်စွမ်းအားကလည်း မတည်ငြိမ်ဘူး။ ပျံသန်းဖို့ အခက်တွေ့တယ်။ ပြီးတော့ ငါက လမ်းပျောက်တတ်တဲ့အကျင့်ရှိတယ်။

ဒီလိုဆက်သွားနေလို့တော့ အချိန်မီရောက်မှာမဟုတ်ဘူးလို့တွေးပြီး ဒေသခံလယ်သမားတစ်ယောက်ကို လမ်းမေးရတယ်။ အဲဒီ့လယ်သမားက ငါကိုလမ်းညွှန်တယ်။ သူညွှန်ပြတဲ့လမ်းအတိုင်း ငါသွားတယ်။ အဲလိုနဲ့ အရုဏ်တက်စအချိန်မှာ ရတနာမြေကိုရောက်သွားတယ်"

ဝစီပိတ်က ခေါင်းတငြိမ့်ငြိမ့်လုပ်ရင်း မှတ်စုများ ချရေးနေသည်။

"မဟာယုခေတ်အဆုံးမှာ လောကကြီးတစ်ခုလုံး အမှောင်ထုဖုံးလွှမ်းနေတယ်။ လူတွေက အကြောက်တရားနဲ့နေထိုင်ကြရတယ်။ တည်ငြိမ်အေးချမ်းမှုနှင့် ဘေးကင်လုံခြုံမှုကိုလိုလားတဲ့ တာအိုရှင်ရှန်ထန်က ဂိုဏ်းတစ်ခုတည်ထောင်ဖို့ ဆုံးဖြတ်ခဲ့တယ်။

သန့်စင်တဲ့စိတ်နှလုံးနဲ့ ကောင်းကင်ကို အကြံတောင်းခဲ့တယ်။ ကောင်းကင်က သူ့ကိုလမ်းပြတယ်။ အချိန်ကအရေးကြီးကြောင်း၊ ဂရုတစိုက်လုပ်ဆောင်ဖို့လိုကြောင်း အလေးအနက်ပြောကြားတယ်။

အရုဏ်မတက်မီအချိန်ဟာ အမှောင်ဆုံးကာလပဲ။ တာအိုရှင်ရှန်ထန်ဟာ ကောင်းကင်ဆန္ဒကို ဖြည့်ဆည်းဖို့ မရေမတွက်နိုင်တဲ့ အခက်အခဲတွေကို ဖြတ်ကျော်ခဲ့ရတယ်။ သူ့ကျင့်စဉ်စွမ်းအား ထိခိုက်ခဲ့သလို လမ်းလည်းပျောက်ခဲ့တယ်။

ကံကောင်းထောက်မလို့ သာမန်လူတွေရဲ့အကူအညီနဲ့ ဒီအခက်အခဲတွေကို ကျော်လွှားပြီး နောက်ဆုံးမှာ ကောင်းကင်ကလမ်းညွှန်တဲ့နေရာကို ရောက်သွားတယ်။

တာအိုရှင်ရှန်ထန်က တာအိုလမ်းစဉ်ဂိုဏ်းကို တည်ထောင်လိုက်တော့ အမှောင်လောကကြီးက အရုဏ်ဦးအလင်းကို မြင်ခွင့်ရလာတယ်။ အဲဒီ့အချိန်က လောကဒုက္ခတွေ ခံစားနေရတဲ့ စိတ်တူကိုယ်တူလူတစ်စုဟာ တာအိုရှင်ရှန်ထန်ရဲ့ ဩဇာအရှိန်အဝါကိုလေးစားပြီး တာအိုလမ်းစဉ်ဂိုဏ်းကိုဝင်ကြတယ်။

အဲလိုနဲ့ ဒီဂိုဏ်းဟာ တဖြေးဖြေးပိုပြီး အင်အားတောင့်တင်းလာတယ်..."

မှတ်စုရေးပြီးနောက် ဝစီပိတ်က ရှန်ထန်ကို မော့ကြည့်သည်။

"ဆက်ပြောပါဦး ဘိုးဘေး"

************************************

All Chapters