ပြောင်းလဲသွားသောအခြေအနေ
Vol. 47 Ch. 655
ပတ်ဝန်းကျင်တစ်ခွင်လုံး တိတ်ဆိတ်ငြိမ်သက်နေလျက်ရှိပြီး လေတိုးသံသဲ့သဲ့ကိုသာ ကြားနေရလျက် ရှိသည်။
လူတိုင်းမှာ အလွန်ပင် အံ့အားသင့်နေကြရပြီး မျှော်မှန်းထားသည်နှင့် တက်တက်စင်အောင် လွဲချော်နေသော တိုက်ပွဲရလဒ်အား လက်မခံနိုင် ဖြစ်နေကြရသည်။
ကန်ရွှမ်းကလန်မှ တိုက်ခိုက်ရန် ထွက်လာကြသော ရွေးချယ်ခံသုံးဦးထဲတွင် ဇူယွမ်မှာ တပည့်ခေါင်းဆောင် အဆင့်သာရှိပြီး အားအနည်းဆုံးသူဖြစ်ကြောင်း အားလုံးမှ ကောင်းစွာသိရှိထားကြသည်။ ထို့ကြောင့် ပြဿနာတစ်စုံတစ်ခု ဖြစ်ခဲ့လျှင်မူ ဇူယွမ်၏ စွမ်းရည်မပြည့်ဝမှုကြောင့်သာ ဖြစ်ပေါ်နိုင်ချေရှိသည်ဟု လူတိုင်းမှ ခန့်မှန်းထားခဲ့ကြခြင်း ဖြစ်သည်။
ကျင်းချန်းဇယ်သည် မြင့်မြတ်သောနန်းတော်မှ တတိယမြောက် အထူးချွန်ဆုံး ရွေးချယ်ခံတစ်ဦးပင် ဖြစ်သည်။ သူသည် ကြောက်မက်ဖွယ်ရာကောင်းလောက်အောင်ပင် တိုက်ပွဲစွမ်းရည် ပြည့်ဝသူဖြစ်ပြီး ဇူယွမ်မှာမူ မူလစဦး အဋ္ဌမအဆင့်သာရှိသော တပည့်ခေါင်းဆောင်တစ်ဦးသာ ဖြစ်သည်။ ၎င်းတို့နှစ်ဦးအကြားရှိ စွမ်းအင်ကွာဟမှုမှာ အလွန်ပင် ကြီးမားလွန်းလှ၏။
သို့သော် ကန်ရွှမ်းကလန်နှင့် မြင့်မြတ်သောနန်းတော်အကြား ဖြစ်ပေါ်နေလျက်ရှိသော တိုက်ပွဲသုံးခုအတွင်း ဇူယွမ်မှာ ပထမဆုံး အောင်ပွဲကို ရယူနိုင်ခဲ့သူ ဖြစ်ခဲ့လေသည်။
စောင့်ကြည့်နေကြသော မြင့်မြတ်သောနန်းတော်မှ တပည့်များမှာ မြင်တွေ့နေရသော တိုက်ပွဲရလဒ်အား မည်သို့မျှ လက်မခံနိုင် ဖြစ်နေကြရသည်။
တစ်ဖက်တွင်မူ အချိန်ကြာမြင့်စွာ တိတ်ဆိတ်ငြိမ်သက်နေခဲ့သော ကန်ရွှမ်းကလန်၏ တပည့်များမှာ ကျယ်လောင်စွာဖြင့် အောင်ပွဲခံနေကြပြီပင် ဖြစ်သည်။ မြင့်မြတ်သောနန်းတော်နှင့် ကန်ရွှမ်းကလန်တို့ ပဋိပက္ခ ဖြစ်ခဲ့ရသည်မှာ အချိန်အတော်ကြာပြီပင် ဖြစ်သည်။ ဤကာလများအတွင်း မြင့်မြတ်သောနန်းတော်မှသာ ကန်ရွှမ်းကလန်အား အစဉ်တစိုက် ဖိနှိပ်ထားနေခဲ့၏။ ယနေ့တွင်မူ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း ကန်ရွှမ်းကလန်မှာ မြင့်မြတ်သောနန်းတော်အား လူအများရှေ့တွင်ပင် ဖိနှိပ်ပြကာ တစ်ဖန်ပြန်လည် ဦးမော့နိုင်ခဲ့ပြီပင် ဖြစ်သည်။
"ဂျူနီယာမောင်တော် ဇူယွမ်က တကယ်အထင်ကြီးစရာပဲ။"
ထန်းမုရှင်းမှာ အလွန်ပင် စိတ်လှုပ်ရှားပျော်ရွှင်နေရသည်။ "ဒီတိုက်ပွဲပြီးသွားရင် ဂျူနီယာမောင်တော် ဇူယွမ်က ကန်ရွှမ်းကလန်ရဲ့ ရွေးချယ်ခံအသစ်တစ်ယောက် ဖြစ်လာလိမ့်မယ်။ သူ့ရဲ့ရွေးချယ်ခံအဆင့်က စီနီယာအကိုတော် ချူချင်းထက်တောင် ပိုမြင့်ရင်မြင့်နိုင်တယ်။"
အခြားသော တပည့်ခေါင်းဆောင်များမှာ ထန်းမုရှင်း၏စကားကြောင့် အလွန်ပင် အံ့အားသင့်သွားကြရသည်။
ပိုင်လီချွီးမှာ အမူအရာ ပျက်ယွင်းသွားရပါသော်လည်း စိတ်ခံစားချက်အား အလျင်အမြန် ထိန်းချုပ်လိုက်နိုင်သည်။ မည်သို့ပင်ဆိုစေကာမူ ဇူယွမ်မှာ အမှန်တကယ်ပင် အဆပေါင်းများစွာ တိုးတက်သွားခဲ့ပြီ ဖြစ်၏။ လက်ရှိအချိန်တွင် ကန်ရွှမ်းကလန် တစ်ခုလုံး၌ ဇူယွမ်အား ဖျက်စီးပစ်နိုင်မည့်သူမှာ ချူချင်းတစ်ဦးသာ ကျန်ရှိတော့သည်။ ယင်းတို့၏ ဓားကပ်ဘေးတောင်ထွတ်မှ အထူးချွန်ဆုံးဖြစ်သော စီနီယာအကိုတော် ခုန်းရှန်သည်ပင် ဇူယွမ်အား အနိုင်ယူနိုင်တော့မည် မဟုတ်ပေ။
ထို့ကြောင့် ဓားကပ်ဘေးတောင်ထွတ် အနေဖြင့်လည်း ဇူယွမ်အား ဖိနှိပ်နိုင်တော့မည် မဟုတ်ပါချေ။
အဝေးတွင်ရှိနေသော ကျိုးချူးချင်ယု၊ လုလျို၊ လီချွမ်းကျင်၊ နင်ကျန်းနှင့် အခြားသူများမှာလည်း မထင်မှတ်ထားသော တိုက်ပွဲရလဒ်ကြောင့် အလွန်ပင် အံ့အားသင့်နေကြရသည်။
ဇူယွမ်၏ ကြောက်မက်ဖွယ်ကောင်းလွန်းသော တိုက်ပွဲစွမ်းရည်များအား မြင်တွေ့လိုက်ရပြီးနောက် ၎င်းတို့အားလုံး အထိတ်တလန့် ဖြစ်ကုန်ကြရ၏။
၎င်းတို့အားလုံးမှာလည်း အလွန်ထူးချွန်သော လူငယ်မျိုးဆက်သစ်များပင် ဖြစ်သည်။ ရှန်ဇူတိုက်ကြီးသို့ ထွက်လာခဲ့သော တစ်နှစ်ကျော်မျှ အချိန်ကာလအတွင်း ၎င်းတို့အားလုံးမှာ သက်ဆိုင်ရာကလန်အသီးသီး၌ မြင့်မားသော တပည့်နေရာများအား ရရှိနေကြပြီပင် ဖြစ်သည်။
သို့သော် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ၎င်းတို့အားလုံးမှာ ဇူယွမ်နှင့် အဆပေါင်းများစွာ ကွာခြားနေသေး၏။
ဤတစ်နှစ်ကျော်မျှသော အချိန်ကာလအတွင်း ဇူယွမ်မှာ ရှန်ဇူတိုက်ကြီး၏ ငါးယောက်မြောက် အထူးချွန်ဆုံးဖြစ်သည့် ရွေးချယ်ခံကိုပင် သတ်ပစ်နိုင်ခဲ့သည်အထိ ထူးချွန်ထက်မြက်နေပြီ ဖြစ်သည်။
ရှန်ဇူတိုက်ကြီး၏ ရွေးချယ်ခံအဆင့်သတ်မှတ်ချက်တွင် ပါဝင်သော ခြောက်ဆယ်ရာခိုင်နှုန်းမျှသော ရွေးချယ်ခံများမှာ ကန်ရွှမ်းကောင်းကင်ဒေသမှ ဖြစ်သည်။
ယခုဆိုလျှင် ဇူယွမ်မှာ ကန်ရွှမ်းကောင်းကင်ဒေသ၏ ထိပ်တန်းရွေးချယ်ခံတစ်ဦးဖြစ်လာနိုင်ပြီပင် ဖြစ်သည်။
ထိုအချက်မှာ ကျိုးချူးချင်ယုတို့အား အနည်းငယ်မျှ မနာလိုဖြစ်စေရသည်။ ကန်းမင်တိုက်ကြီးထံမှ အတူတကွ ထွက်လာခဲ့သော သူမတို့၏ သူငယ်ချင်းလေး ဇူယွမ်မှာ တစ်နှစ်ကျော်မျှသော အချိန်လေးအတွင်း အောင်မြင်မှုများစွာ ရယူနိုင်ခဲ့ပြီပင် ဖြစ်သည်။
........
တောင်တန်းအပြင်ဖက်တွင် ရှိနေသောသူများမှာ တိုက်ပွဲရလဒ်နှင့်ပက်သတ်၍ အလွန်ပင် အံ့အားသင့်နေကြသကဲ့သို့ တောင်ထွတ်ပေါ်တွင် ရှိနေသော ကျောင်းထိုက်ရှင်း၏အမူအရာမှာလည်း အေးစက်ခက်ထန်နေရသည်။
"ကျောင်းထိုက်ရှင်း...ဂျူနီယာညီတော်ဇူယွမ်ကို အထင်မသေးပါနဲ့လို့ ငါမင်းကို မပြောခဲ့ဘူးလား။" ချူချင်းမှ ကျောင်းထိုက်ရှင်းအားကြည့်ကာ ပြုံး၍ပြောလိုက်သည်။
ကျောင်းထိုက်ရှင်း၏ အမူအရာမှာ အတော်ပင် အေးစက်ခက်ထန်လျက် ရှိသည်။
ချူချင်းမှာ မျက်ဝန်းများကျဉ်းမြောင်းသွားပြီးနောက် တစ္ဆေတစ်ကောင်အလား လျင်မြန်စွာပင် ကျောင်းထိုက်ရှင်း၏ရှေ့သို့ ပျံဝဲသွားလိုက်သည်။
"ကျောင်းထိုက်ရှင်း...မင်းရဲ့ပြိုင်ဖက်က ငါနော်။" ချူချင်းမှ ခပ်ဖွဖွပြုံးကာ စကားဆိုလိုက်သည်။
ကျောင်းထိုက်ရှင်းမှာ ဇူယွမ်နှင့် ကျင်းချန်းဇယ်တို့၏ တိုက်ပွဲရလဒ်အား မည်သို့မျှပင် လက်မခံနိုင် ဖြစ်နေရသည်။
ကျောင်းထိုက်ရှင်းမှာ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ချုချင်းအားကြည့်ကာ ပြောလိုက်သည်။ "ချူချင်း...ငါ့ကိုတားဖို့ မကြိုးစားနဲ့နော်။ အဲ့ဒါ မင်းအတွက်လည်း ကောင်းမှာမဟုတ်ဘူး။"
ချူချင်းမှာ မည်သည့်စကားမှ ပြန်လည်ပြောဆိုခြင်း မရှိပေ။ သူသည် ကျောင်းထိုက်ရှင်းအား ဇူယွမ်ထံသို့ မသွားစေရန် တားဆီးရမည်ပင် ဖြစ်သည်။
ကျောင်းထိုက်ရှင်းမှာ ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်ပြီးနောက် မီးခိုးရောင်ပုံရိပ်ကြီးတစ်ခုအား ဖြစ်ပေါ်စေလိုက်သည်။ ထိုမီးခိုးရောင် ပုံရိပ်ကြီးထံမှ ပြင်းထန်လှသော စွမ်းအင်ဖိအားများ ထွက်ပေါ်နေလျက် ရှိသည်။
ချူချင်းမှာ မျက်ဝန်းများ ကျဉ်းမြောင်းသွားရသည်။
ကျောင်းထိုက်ရှင်းထံ၌ သတ်ဖြတ်လိုစိတ်များ အလွန်အမင်း ပြည့်နှက်နေသည်မှာ ထင်ရှားလှသည်။
ထို့ကြောင့်....
ချူချင်းမှာ အသက်ပြင်းပြင်းတစ်ချက်အား ရှူထုတ်လိုက်ပြီးနောက် လက်ဝါးနှစ်ဖက်အား ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။ သူ၏ခန္ဓာကိုယ်ထံမှ အဝါရင့်ရောင် အလင်းလုံးငယ်များ ထွက်ပေါ်လာလေသည်။ ထိုအဝါရင့်ရောင် အလင်းလုံးငယ်များမှာ သေးငယ်သောလွန်းပုံရိပ်ယောင်တစ်ခုအသွင် ဖြစ်ပေါ်သွားပြီးနောက် ပြင်းထန်လှသော စွမ်းအင်ဖိအားများအား ထုတ်လွှတ်လိုက်သည်။
ထိုပုံရိပ်ပေါ်ပေါက်လာသောအချိန်တွင် ချူချင်း၏ မျက်နှာမှာ အနည်းငယ် ဖြူရော်သွားရသည်။
"စိတ်ဝိဉာဉ်ခွဲထုတ်ခြင်းရွှေလွန်းလား..."
ကျောင်းထိုက်ရှင်း၏ အမူအရာမှာလည်း ထိုရွှေရောင်လွန်းအား မြင်တွေ့လိုက်ရပြီးနောက် အနည်းငယ် ခက်ထန်သွားရသည်။ ထိုရွှေရောင်လွန်းသည် ချူချင်း၏ အပြင်းထန်ဆုံး တိုက်ခိုက်မှုပင် ဖြစ်သည်။
ထိုရွှေလွန်းအား ချူချင်း၏ ချီစွမ်းအင်နှင့် သွေးအဆီအနှစ်တို့ဖြင့် အသုံးပြုကာ ပြုလုပ်ထားရခြင်း ဖြစ်သည်။ သေရေးရှင်ရေးတမျှ အရေးမကြီးပါက ချူချင်းမှာ ထိုရွှေလွန်းအား ပြုလုပ်လိမ့်မည် မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ယင်းရွှေလွန်းအတွက် အသုံးပြုလိုက်ရသော ချီစွမ်းအင်နှင့် သွေးအဆီအနှစ်များမှာ အလိုအလျောက် ပြန်လည်ပြည့်တင်းလာမည် မဟုတ်သောကြောင့်ပင် ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရလျှင်မူ ယင်းရွှေလွန်းအား ပြုလုပ်လိုက်သည့်အတွက် ချူချင်းမှာ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ရသော ချီစွမ်းအင်နှင့် သွေးအဆီအနှစ် အများအပြား ဆုံးရှုံးသွားရခြင်းပင် ဖြစ်သည်။
ထို့အပြင် ၎င်းရွှေလွန်းမှာ တစ်ကြိမ်မျှသာ အသုံးပြုနိုင်သော အရာဝတ္ထုမျိုး ဖြစ်၏။
ကျောင်းထိုက်ရှင်းသည်ပင် ၎င်းရွှေလွန်း၏စွမ်းအင်အား ကြောက်ရွံ့ရလေသည်။
"ချူချင်း....မင်းကတကယ်ကို တိုက်ခိုက်ချင်နေတာပဲ။" ကျောင်းထိုက်ရှင်းမှ တိုးညင်းစွာ ပြောလိုက်သည်။
ချူချင်းမှ ပြုံးကာစကားဆိုလိုက်သည်။ " ဒါကိုလုပ်နိုင်ဖို့အတွက် ငါနှစ်ပေါင်းများစွာ ကျင့်ကြံလာခဲ့ရတာလေ။ အဲ့ဒါကြောင့် တစ်ချိန်ချိန်တော့ ထုတ်သုံးကြည့်သင့်တယ်မလား။ မဟုတ်ရင် ငါသင်ထား၊ ကျင့်ကြံထားတာတွေက အလဟဿ ဖြစ်ကုန်မှာပေါ့။"
"မင်းရဲ့ရွှေလွန်းက ငါ့ကို မသတ်နိုင်မှာပဲ စိုးရိမ်မိတယ်။" ကျောင်းထိုက်ရှင်းမှ အေးစက်ခက်ထန်စွာဖြင့် ပြောလိုက်သည်။ ရွှေလွန်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည်မှာ မှန်ကန်ပါသော်လည်း ယင်းတစ်မျိုးတည်း၏စွမ်းအင်ဖြင့် သူ့အား သတ်ဖြတ်နိုင်လိမ့်မည် မဟုတ်ပေ။
ချူချင်းမှ ရယ်မောကာ ပြောလိုက်သည်။ "ဒါက မင်းကိုမသတ်နိုင်ဘူးဆိုပေမယ့် ဒဏ်ရာကြီးကြီး ရစေမှာတော့ အမှန်ပဲ။ အခု ငါတို့ကန်ရွှမ်းကလန်က အသာစီးရနေတာ အသိသာကြီး။ မြင့်မြတ်သောနန်းတော်ရဲ့ ရွေးချယ်ခံ ခေါင်းဆောင်ဖြစ်တဲ့မင်းကသာ ဆိုးဆိုးရွားရွား ဒဏ်ရာရသွားမယ်ဆိုရင် ကျန်တဲ့တောင်ထွတ်တွေမှာရှိတဲ့ ကျောက်စိမ်းပြားကိုရဖို့တောင် တိုက်ခိုက်နိုင်တော့မှာ မဟုတ်ဘူး။"
မြင့်မြတ်သောနန်းတော်မှာ ဤနေရာတွင် ရှုံးနိမ့်သွားခဲ့လျှင်မူ ရောင်စဉ်ရှစ်သွယ် ရတနာရှိသော အခြားသော တောင်ထွတ်နှစ်ခုအတွက် တိုက်ခိုက်ယှဉ်ပြိုင်နိုင်ဦးမည် ဖြစ်သည်။
သို့သော် မြင့်မြတ်သောနန်းတော်၏ ရွေးချယ်ခံခေါင်းဆောင်ဖြစ်သူ ကျောင်းထိုက်ရှင်းသာ ဆိုးရွားစွာ ဒဏ်ရာရရှိသွားခဲ့ပါက ထိုသို့ယှဉ်ပြိုင်ရန်ပင် အခွင့်အရေးရှိတော့မည် မဟုတ်ပေ။
ကျောင်းထိုက်ရှင်း၏ အမူအရာမှာ ပျက်ယွင်းသွားရသည်။ သူသည်လည်း ထိုအချက်အား ကြိုတင်တွေးတောမိခဲ့သောကြောင့် ချူချင်းနှင့် တိုက်ခိုက်စဉ်တလျှောက်လုံး အဆင်အခြင်ကင်းမဲ့စွာဖြင့် တိုက်ခိုက်ခြင်း မပြုလုပ်ပဲ အစစအရာရာ ချိန်ဆကြံရွယ်နေခဲ့သည်။ ကျောင်းထိုက်ရှင်းမှာ ယောင်ယောင်နှင့် ကျန်းထိုက်ချင်တို့အား ကြည့်ရှုလိုက်ပြီးနောက် အေးစက်စွာ ပြောလိုက်သည်။ "သိပ်လည်းပျော်မနေနဲ့ဦး။ ကျန်းထိုက်ချင်သာ နိုင်သွားမယ်ဆိုရင် ငါတို့မြင့်မြတ်သောနန်းတော်က ပြန်ပြီးအသာစီးရသွားမှာပဲ။"
ကျင်းချန်းဇယ်မှာ အသုံးမကျပါသော်လည်း ကျန်းထိုက်ချင်သည် တိုက်ပွဲစွမ်းရည်ပြည့်ဝသော ရွေးချယ်ခံတစ်ဦး ဖြစ်သည်။
ချူချင်းမှာလည်း ယောင်ယောင်နှင့် ကျန်းထိုက်ချင်တို့အား ကြည့်ရှုလိုက်ပြီးနောက် ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။
"အခုမင်းက မျှော်လင့်ချက်တွေ အကုန်လုံးကို ကျန်းထိုက်ချင်အပေါ် ပုံထားတော့မှာပေါ့။"
ချူချင်းမှာ ယောင်ယောင်၏ လှပသောပုံရိပ်လေးအား ကြည့်ရှုကာ ကျေနပ်အားရစွာ ပြုံးလိုက်သည်။
ပထမ၌ ချူချင်းမှာ ဇူယွမ်အပေါ် အနည်းငယ် စိုးရိမ်မကင်း ဖြစ်ခဲ့ရပါသော်လည်း ယောင်ယောင်အပေါ်တွင် တစ်ခါမျှပင် သင်္ကာမကင်း မဖြစ်ခဲ့ရဖူးချေ။
ချူချင်းကိုယ်တိုင်သည်ပင် လျှို့ဝှက်ချက်များနှင့် ပြည့်နှက်နေသော ယောင်ယောင့်အား ကြောက်ရွံ့ရသောကြောင့် ဖြစ်သည်။
ကျန်းထိုက်ချင်မှ အနိုင်ရလိမ့်မည်ဟု မျှော်လင့်နေသော ကျောင်းထိုက်ရှင်းမှာ အမှန်တကယ်ပင် ရယ်စရာကောင်းလှသည်။
ချူချင်းမှာ အတွေးစများအား ဖြတ်တောက်လျက် အသက်ပြင်းပြင်းတစ်ချက်ကိုသာ ရှူထုတ်လိုက်၏။
တိုက်ပွဲရလဒ်မှာ ယခုအချိန်တည်းမှ ရှင်းလင်းနေပြီပင် ဖြစ်သည်။
ကန်ရွှမ်းကလန်မှ ယခုတိုက်ပွဲတွင် အသာစီးရနိုင်ခဲ့ခြင်းမှာ သူ့ကြောင့်မဟုတ်ပဲ အလွန်ပင် အရည်အရှင်းရှိသော တပည့်ခေါင်းဆောင်လေး၏ ကြိုးစားအားထုတ်မှုကြောင့်သာဖြစ်ကြောင်း ချူချင်းမှ ကောင်းစွာသိရှိထားလေသည်။
ချူချင်းမှာ တောင်ထွတ်ပေါ်တွင် ရှိနေသော လူငယ်လေး၏ပုံရိပ်အားကြည့်ကာ ပြုံးလိုက်သည်။ သိပ်မကြာသော အချိန်အတွင်းမှာပင် ကန်ရွှမ်းကလန်၏ နံပါတ်တစ် ရွေးချယ်ခံနေရာအား ဇူယွမ်ဟူသော ထိုလူငယ်လေးထံ လွှဲပြောင်းပေးအပ်ရတော့မည်ပင် ဖြစ်ပေတော့သတည်း....