ဓားတစ်လက်ကိုဓားတစ်သောင်းအသွင်ပြောင်းပညာ
Vol. 50 Ch. 740
လွန်ခဲ့သည့်နှစ်တစ်သိန်းနှစ်သောင်းက မှတ်ဉာဏ်များထဲ ရှန်ထန် နစ်မျောနေသည်။ ဝစီပိတ်က စုတ်တံကိုကိုင်၍ မှတ်တမ်းယူသည်။ သူရေးနေသည့် စာသားများကိုသာမကြည့်လျှင် လူကြီးနှင့်လူငယ် အတော်သဟဇာတဖြစ်နေသည့် ပန်းချီကားတစ်ချပ်လို ထင်ချင်စရာရှိသည်။
ရှန်ထန် ညနေမိုးချုပ်ချိန်အထိပြောသည်။ နေ့ခင်းပိုင်းကစားခဲ့သည့် အကင်များ အစာကြေသွားသည်ထိ သူမရပ်။
လုယန်နှင့်ကန်ထန် သူတို့ဆရာရေးထားသည့်မှတ်တမ်းကို ဝိညာဉ်အာရုံဖြင့် အကြမ်းဖျင်းဖတ်ကြည့်သည်။ ဝစီပိတ်၏ အလွန်တရာအဆင့်မြင့်သည့် စာစီမှတ်တမ်းကို လက်မခံနိုင်ဘဲ လုပ်မိလုပ်ရာ တစ်ခုခုလုပ်မည်ကို စိုးရိမ်နေကြသည်။ မလိမ်မာသည့်နောက်မျိုးဆက်ကို ဘိုးဘေးတစ်ယောက်က ရိုက်နှက်ခြင်းမျိုး ဖြစ်လာနိုင်သည်။
ထို့ကြောင့် ပါးပါးနပ်နပ်ဖြင့် ဘာမှဝင်မစွက်ဖို့ ဆုံးဖြတ်လိုက်ကြသည်။
သူတို့ဆရာရေးထားသည့်မှတ်တမ်းက မမှန်၍မဟုတ်။ အနည်းဆုံးတော့ စာတစ်ကြောင်းချင်းသည် အမှန်တကယ် တာအိုရှင်ပြောသွားသည့် စကားများဖြစ်သည်။ နည်းနည်းချဲ့ကာဖွဲ့နွဲ့ထားသည်သာရှိသည်။
"အကိုနှစ်က အမှန်တရားနှစ်ပင်လိမ်တဲ့ပညာကို ဆရာ့ဆီကသင်ထားတာဖြစ်မယ်"
ကန်ထန်က ဝိညာဉ်အာရုံမှပြောသည်။
ဝစီပိတ်၏ အကျင့်ဆိုးများအားလုံးကို အကိုနှစ်သင်ယူခဲ့သည်။ အနောက်ဗုဒ္ဓနိုင်ငံတွင် နာမည်ဆိုးဖြင့် ကျော်ကြားနေသည်မှာ မဆန်းလှ။
"အကိုနှစ်က ဆရာ့ဆီကသင်တယ်ဆိုရင် ဆရာကရော ဘယ်သူဆီကသင်ခဲ့တာလဲ"
"အဋ္ဌမအကြီးအကဲဆီကပေါ့။ ဆရာ့ကို မွေးကင်းစအရွယ်မှာ အဋ္ဌမအကြီးအကဲကခေါ်လာတာလို့ ပြောတယ်မဟုတ်လား"
"ဒါဆို အဋ္ဌမအကြီးအကဲကရော ဘယ်သူဆီကသင်တာလဲ။ ကျုပ်တို့ဘိုးဘေးဆရာ ထန်ရှန်းယိကတော့ ဒီလိုအကျင့်စရိုက်မျိုး ရှိပုံမရဘူးနော်"
"ကိုယ့်ဘာသာသင်ယူတတ်မြောက်တာဖြစ်မယ်"
"တကယ့်ပါရမီရှင်အစစ်ပဲ"
ရှန်ထန်တွင် ဝိညာဉ်အာရုံအစွမ်းမရသေး။ ကျင့်စဉ်မစရသေး။ သို့သော် ဝစီပိတ် လျင်မြန်စွာမှတ်တမ်းယူနေသည်ကို သူမြင်သည်။ စာမျက်နှာအတော်များများ အပြည့်ရေးသည်။ သူပြောသမျှအားလုံး ရေးမှတ်နေမှန်းသိသည်။ ထို့ကြောင့် သဘောကျစွာ ခေါင်းတစ်ချက်ငြိမ့်သည်။
"ကြိုးစားထားပါ။ ငါမင်းကို အများကြီးမျှော်လင့်ထားတယ်"
သူပြောသည့်စကားများကို လူတိုင်းအရေးစိုက်သည်မဟုတ်။ လိုလိုချင်ချင်မှတ်တမ်းယူကြသည်မဟုတ်။ ထို့ကြောင့် ရှန်ထန်စိတ်ထဲ အတော်ကျေနပ်နေသည်။
ဝစီပိတ်ကိုလည်း တဖြေးဖြေးပို၍သဘောကျလာသည်။ သူတို့နှစ်ယောက်လုံး လမ်းပျောက်တတ်သည့်အကျင့်ရှိသောကြောင့်လည်း ဖြစ်နိုင်သည်။
ဘိုးဘေးက အသိအမှတ်ပြုကြောင်း ရိပ်စားမိသည်နှင့် ဝစီပိတ်က ချက်ချင်းကြေညာသည်။
"စိတ်ချပါဘိုးဘေး။ တာအိုလမ်းစဉ်ဂိုဏ်းတည်ထောင်ခဲ့တဲ့ မြင့်မြတ်ထည်ဝါတဲ့သမိုင်းကို လူအများသိအောင် ကျုပ်ဖြန့်ဝေပါ့မယ်"
"ကောင်းတယ်၊ သိပ်ကောင်းတယ်။ မင်းလိုလူမျိုး ဂိုဏ်းမှာရှိနေမှတော့ ဘယ်မတိုးတက်ဘဲရှိတော့မလဲကွာ"
"ဒါနဲ့ဘိုးဘေး..ပင်လယ်တာအိုသခင်က ဘယ်မှာလဲသိလား"
ရှန်ထန် ခေါင်းခါသည်။
"ငါမသိဘူး"
တာအိုလမ်းစဉ်ဂိုဏ်းက အလွန်တရာကျယ်ပြန့်လွန်းသည်။ ဆက်သွယ်ဖို့နည်းလမ်းမရှိဘဲ ပင်လယ်တာအိုသခင်ကို ဘယ်သူမှရှာမတွေ့နိုင်"
"မင်းရဲ့ပထမတပည့်နဲ့ အရင်ဂိုဏ်းချုပ်ကတော့ သူ့ကိုရှာနိုင်လောက်တယ်"
ရှန်ထန်ကပြောသည်။
ဝစီပိတ် သွားဖြဲပြုံး၍ မကြားချင်ယောင်ဆောင်နေသည်။ ယွမ်ကျိနှင့် သူ့ဆရာထန်ရှန်းယိက ပင်လယ်တာအိုသခင်ရှိသည့်နေရာကိုသိမှန်း အားလုံးသိသည်။
"နောက်ကျနေပြီ။ ငါပြန်တော့မယ်"
ရှန်ထန် သမ်းတစ်ချက်ဝေသည်။ နေ့တစ်ပိုင်းလုံး စကားပြောခဲ့ရသဖြင့် သူပင်ပန်းနေသည်။
"ကျုပ်လိုက်ပို့ပါ့မယ်"
ဝစီပိတ်က အလိုက်တသိပြောသည်။ သူလိုက်ပို့၍ ရှန်ထန်၏သရုပ်မှန် အများသိသွားမည်ကို သူမစိုးရိမ်ပါ။ ရှန်ထန်ကို ပင်လယ်တာအိုသခင်၏တပည့်အဖြစ် အများသိထားသည်။ တာအိုလမ်းစည်ဂိုဏ်းတွင် သူ့ထက်စီနီယာကျသူဟူ၍ ဂိုဏ်းချုပ်သာရှိသည်။
ရှန်ထန်ကိုလိုက်ပို့ပြီးနောက် ဝစီပိတ် ကောင်းကင်ဂိတ်တောင်ထိပ်သို့ပြန်လာသည်။
"ကဲ၊ ပြောစမ်းပါဦး။ ငါထွက်သွားပြီးနောက်ပိုင်း ဘာတွေဖြစ်ခဲ့လဲ"
သူလမ်းတွင်ကြားခဲ့သည့် နတ်ဆိုးနယ်မြေနှင့် မသေမျိုးတစ်ဝက်များ၏ ဖြစ်ရပ်အားလုံး လုယန်နှင့်ဆက်စပ်နေသည်။ ယခု မေးခွင့်ရတုန်း သူမေးမှဖြစ်မည်။
ဂိုဏ်းနှစ်ပတ်လည်ပွဲပြီးချိန် သူနောက်ဆုံးအကြိမ် ဂိုဏ်းသို့ပြန်လာစဉ်က လုယန်သည် ရွှေသန္ဓေအလတ်တန်းအဆင့်သာရှိသည်။ ယခု လုယန်က နတ်ဝိညာဉ်အလတ်တန်းအဆင့်သို့ ရောက်နေသည်။ ထိုအတောအတွင်း ကိစ္စများစွာဖြစ်ပွားခဲ့သည်။
အဖြစ်အပျက်အားလုံးကိုးကို ကိုယ်တိုင်ကြုံတွေ့ခဲ့သည့်လုယန်က ကရားရေလွှတ်သလို အဆက်မပြတ်ပြောပြသည်။
ပြောနေရင်းမှ တစ်ခုခုမူမမှန်ဟု လုယန်ခံစားလာရသည်။
'မဟုတ်သေးပါဘူး။ ရွှေသန္ဓေအဆင့်ကနေ နတ်ဝိညာဉ်အလတ်တန်းအဆင့်ကို တစ်နှစ်ကျော်အတွင်း ငါရောက်ခဲ့တာပဲ။ ဒီလောက်အချိန်တိုအတွင်းမှာ ဘာလို့အများကြီးဖြစ်ပျက်ခဲ့တာလဲ'
ပုံပြောစရာကုန်ကြမ်းရသဖြင့် ဝစီပိတ် ဝမ်းသာနေသည်။ သူ့ဘိုးဘေးရှန်ထန်၏ အတွေ့အကြုံများထက်ပင် ပိုများသေးသည်။
ရှန်ထန်၏အတွေ့အကြုံအားလုံးက ဂိုဏ်းတည်ထောင်ရသည့်အခက်အခဲများ အဆင့်တူကျင့်ကြံသူများနှင့် ယှဉ်ပြိုင်ရသည့်အဖြစ်များသာဖြစ်သည်။
လုယန်အဖြစ်ကိုကြည့်ပါ။ နတ်ဝိညာဉ်အဆင့်သာရှိသော်လည်း သူသွားဆွခဲ့သည့် ရန်သူများက ကူးဖြတ်ခြင်းအဆင့်မှစတင်သည်။ ကံနည်းနည်းကောင်းသဖြင့် မသေမျိုးတစ်ဝက်နှစ်ယောက်နှင့်ပင် ပက်ပင်းတိုးခဲ့သည်။
လုယန်၏ ပြဿနာရှာနိုင်စွမ်းမျိုးနှင့် ဟိုအရင်ခေတ်ကသာ အသက်ရှင်ခဲ့လျှင် မဟာယုနိုင်ငံသည် နှစ်နှစ်သောင်းလောက်စော၍ ပျက်စီးခဲ့လောက်သည်။
မဟာယုနိုင်ငံ့ဆရာသည် ကူးဖြတ်ခြင်းအဆင့်သာရှိသည်။
"...နိယာမသခင်က ရုတ်တရက် အဲလိုအရိုအသေပေးတော့ ကျုပ်လည်းအတော်လေးအံ့ဩသွားတယ်"
နတ်မယ်အကြောင်း သူထုတ်ပြော၍မဖြစ်။ ထို့ကြောင့် တိုက်ဆိုင်မှုတစ်ခုအဖြစ်သာ ဖော်ပြသည်။
သို့သော် ဝစီပိတ်အတွက် တိုက်ဆိုင်မှုဟုတ်ဟုတ် မဟုတ်ဟုတ် အရေးမကြီး။
"ရပါပြီ။ ဒီနေ့တစ်ရက်နားပါ။ မနက်ဖြန် ငါမင်းကို ဓားတစ်လက်ကဓားတစ်သောင်းအသွင်ပြောင်းပညာ သင်ပေးမယ်"
ပြီးခဲ့သည့်တစ်ခေါက်ပြန်လာကတည်းက ထိုပညာကို သူသင်ပေးချင်ခဲ့သည်။ သို့သော် လုယန်၏ကျင့်စဉ်အဆင့်က နိမ့်နေသည်။ ထိုပညာသင်ဖို့ အနည်းဆုံး ဝိညာဉ်ပြောင်းအဆင့်ရှိဖို့လိုသည်။ ယခုလည်း လုယန်သည် အရည်အချင်းမီရုံသာရှိသည်။
....
မနက်စောစောတွင် စွမ်းအင်အပြည့်ဖြင့် လေ့ကျင့်ရေးဝတ်စုံကို လုယန်ဝတ်ထားသည်။ ချင်ဖုန်းဓားကို ကိုင်ထားသည်။
"အစက 'လူနဲ့ဓားပေါင်းစည်းခြင်းပညာနဲ့ 'ဓားတစ်သောင်းအသွင်ပြောင်းပညာ' သင်ပေးမလို့ပဲ။ မင်းက လူနဲ့ဓားပေါင်းစည်းခြင်းပညာကီု မသင်ချင်ဘူးဆိုတော့လည်း ထားလိုက်ပါတော့။
မင်းအခု ကနဦးလိုအပ်ချက်တွေ ပြည့်စုံနေပြီ။ ဓားက စိတ်နှလုံးနောက်ကို လိုက်တယ်။ စိတ်ဟာ ရှင်းလင်းနေရမယ်။ ဝိညာဉ်ကို ဓားနဲ့ပေါင်းစပ်တယ်။ လှုပ်ရှားမှုနဲ့တည်ငြိမ်မှု တစ်သားတည်းရှိရမယ်"
ပုံမှန်အားဖြင့် နတ်ဝိညာဉ်အဆင့် ဓားပညာရှင်များသာ ထိုအဆင့်လေးဆင့်ကို အောင်မြင်နိုင်သည်။ သို့သော် ဓားဝိညာဉ်မြစ်ပိုင်ရှင်လုယန်က ဓားပညာအကြောင်း တွေးတောဆင်ခြင်ရင်း ထိုအဆင့်များကို နားလည်ပြီးဖြစ်သည်။
"ရှင်းလင်းတဲ့စိတ်နှလုံးနဲ့ လေလွင့်နေတဲ့အတွေးတွေကို မောင်းထုတ်မယ်။ ဓားပညာကို အာရုံစိုက်မယ်။ ဓားချီကို ကိုယ်ထဲကထုတ်ပြီး ရုပ်ဒြပ်တည်ဆောက်တယ်။ ဝိညာဉ်အာရုံကို ဓားချီနဲ့ပေါင်းစပ်ပြီး ဓားချီကို လွတ်လွတ်လပ်လပ်ခွဲထုတ်မယ်။ အတွေးတစ်ချက်နဲ့ ဓားချီတစ်သောင်းဖြစ်လာတယ်"
သူရှင်းပြသည်။
"ဒီမှာကြည့်"
ဝစီပိတ် လက်ညှိုးကိုဆန့်ထုတ်လီုက်သည်။ ဓားချီအလင်းတစ်ခု ထိုးထွက်လာသည်။ လက်ချောင်းကို ညင်သာစွာလှုပ်လိုက်သည်။ လေထဲတွင်ရှိနေသည့် ဓားရိပ်က ဓားချီအလင်းတန်းပေါင်းများစွာ ဖြစ်လာသည်။ လုယန် ကြည့်ရင်း မင်သက်မိနေသည်။ ဓားချီကို ထိုသို့သုံးနိုင်မည်ဟု တစ်ခါမှမတွေးဖူး။
"ကျင့်စဉ်လည်ပတ်ပြီး စိတ်ကိုတည်ငြိမ်အောင်လုပ်ပါ။ သက်တောင့်သက်သာနဲ့ သဘာဝအတိုင်းဖြစ်အောင်နေပါ။
လက်နှစ်ဘက်ကို မြဲမြဲကိုင်ပါ။ မျက်လုံးကို ရှေ့တည့်တည့်ကြည့်ပါ။ ချီစွမ်းအင်ကို စကြာဝဠာငယ်(ခန္ဓာကိုယ်သွေးကြော)ပတ်လမ်းထဲမှာ အဆက်မပြတ်လှည့်ပတ်ပါ"
ထို့နောက် ဝစီပိတ်က ဓားပညာ၏ စိတ်နှလုံးမန္တာန်ကို သင်ကြားပေးသည်။
လုယန်၏ ဓားပညာပါရမီက မှော်ပညာပါရမီထက်မညံ့။ သူချက်ချင်းသဘောပေါက်သည်။
ဝှီးခနဲအသံတစ်ချက်မြည်သွားပြီး ဓားချီရာပေါင်းများစွာပါဝင်သည့် ချင်ဖုန်းဓားကို ထုတ်လိုက်သည်။ နဂါးအော်သံနှင့်တူသယောင်ရျိသည်။
"သွားတော့"
အမိန့်ပေးလိုက်သည်နှင့် ချင်ဖုန်းဓားက ကောင်းကင်သို့ထိုးတက်သွားသည်။ ဓားချီရာပေါင်းများစွာ နောက်မှလိုက်သွားသည်။ အင်အားကြီးစစ်တပ်တစ်ခု ကောင်းကင်တစ်ခွင် ဒုန်းစိုင်းချီတက်နေသည်နှင့်တူသည်။
ချင်ဖုန်းဓားက တပ်ဖွဲ့ကို ဦးဆောင်သည့် တပ်မှူးနှင့်တူသည်။
စိတ်အတွေးဖြင့် သူထိန်းချုပ်လိုက်သည်။ ဓားချီများက ချင်ဖုန်းဓားများဖြစ်လာသည်။
"အောင်မြင်ပြီ"
လက်နှစ်ချောင်းအတူပူး၍ အောက်သို့ဖိလိုက်သည်။ ချင်ဖုန်းဓားပေါင်းရာချီက မိုးရွာသလိုကျလာသည်။ လေထုကို ထိုးခွဲသံပေါ်လာသည်။ မြက်ပြင်ကို ထိုးဖောက်သည်။ သစ်ပင်များကို ဖြတ်တောက်သည်။
ပတ်ဝန်းကျင်မြေပြင်တစ်ခုလုံး အပေါက်များပေါ်လာသည်။
ဝိညာဉ်ပြောင်းအဆင့်တစ်ယောက်သာ ရပ်နေလျှင် တစ်ကိုယ်လုံး ဆန်ကာပေါက်ဖြစ်သွားလိမ့်မည်။
လုယန် ဝမ်းသာနေသည်။ နေ့တစ်ပိုင်းအတွင်း ဓားတစ်သောင်းအသွင်ပြောင်းပညာကို သင်ယူနိုင်ခဲ့သည်။ ထိုပညာသည် ဓားပါရမီရှင်များစွာ တောင့်တကြသည့်ပညာဖြစ်သည်။
ဝစီပိတ် ကျေနပ်စွာခေါင်းငြိမ့်သည်။ သူတပည့်၏သင်ယူနှုန်းက သူငယ်စဉ်ကထက်ပင် မြန်သေးသည်။
ထိုအချိန်တွင် ရုပ်သေးက အရိပ်တစ်နေရာမှ တိတ်ဆိတ်စွာကြည့်နေသည်ကို ဆရာတပည့်နှစ်ယောက် သတိမထားမိကြ။
"ချင်ဖုန်းဓားက ဒီလိုလုပ်နိုင်တယ်ဆိုတော့..."
လုယန် စိတ်ကူးတစ်ခုရလာသည်။ ချင်ဖုန်းဓားကိုသိမ်းပြီး ဓားဆေးကန်ကိုထုတ်သည်။
"ချီစွမ်းအင်ကို စကြာဝဠာငယ်ပတ်လမ်းထဲမှာ အဆက်မပြတ်လည်ပတ်မယ်။....သွားတော့"
ဓားဆေးကန် ကောင်းကင်သို့မြင့်တက်သွားသည်။ ရာပေါင်းများစွာ ပွားလာသည်။ ထူထဲသည့်တိမ်တိုက်များကဲ့သို့ ကောင်းကင်တစ်ခုလုံး မည်းမှောင်သွားသည်။
"ဆင်းစမ်း"
ဓားဆေးကန်များ ဥက္ကာခဲ့ကဲ့သို့ ကျဆင်းလာသည်။ ရှောင်တိမ်းရန်မဖြစ်နိုင်သည့် ဓားစွမ်းအင်များပါသည်။ မြေပြင်ကို ရိုက်ခတ်သည်။ မြေကြီးချိုင့်ဝင်သွားသည်။
ဝိညာဉ်ပြောင်းအလတ်တန်းအဆင့်တစ်ယောက်ကို ထိုဓားပညာဖြင့် အသေသတ်နိုင်လောက်သည်။
"ဟုတ်သားပဲ။ ဓားဆေးကန်က စွမ်းအားပိုကြီးတာပေါ့"
ဝစီပိတ် ဓားဆေးကန်ကို ဇဝေဇဝါဖြင့်ကြည့်နေသည်။
"ဘာလို့ဒါကို ရင်းနှီးနေသလို ခံစားရတာပါလိမ့်"
***********************************