ဂိုဏ်းတွင်းစစ်ပွဲ
Vol. 50 Ch. 741
"ဒါ ငါသုံးနေကျဓားဆေးကန်မဟုတ်လား"
ဝစီပိတ် မှတ်မိသွားသည်။ ရင်းနှီးသလိုခံစားရသည်မှာ မဆန်းတော့။ ငယ်ရွယ်စဉ်က မကောင်းသည့်စွမ်းအင်များသန့်စင်ဖို့ ဓားဆေးကန်ကို သူမကြာခဏသုံးခဲ့သည်။
တာအိုလမ်းစဉ်ဂိုဏ်း မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းခဲ့သည့်ရတနာဖြစ်သည်။ ဘိုးဘေးဆရာထန်ရှန်းယိပင် သူ့ကိုယ်မှ မကောင်းသည့်စွမ်းအင်များ ဆေးကြောဖို့ ဤဓားဆေးကန်ကိုသုံးလေ့ရှိသည်။
ဒေါသစိတ်များကြောင့် ဝစီပိတ်ကို မတော်တဆ သတ်မိမည်စိုးသောကြောင့်ဖြစ်သည်။
ဤရှုထောင့်မှကြည့်လျှင် ဓားဆေးကန်သည် ဝစီပိတ်၏ ကယ်တင်ရှင်ဖြစ်သည်။
ဝစီပိတ် သတိထားမိကြောင်း သိသွားသဖြင့် လုယန်အတော်အားတုံ့အားနာဖြစ်နေသည်။
"ကျုပ်က ဆရာနဲ့ဘိုးဘေးဆရာတို့ သမိုင်းကြောင်းတွေကြားလို့ နှစ်ယောက်လုံးကို အတုခိုးချင်လို့ပါ။ ဓားပညာကိုနားလည်အောင် ဓားဆေးကန်ဘေးမှာ ကျင့်ကြံခဲ့တယ်။ ကန်နဲ့နီးလွန်းလို့ထင်တယ်။ သူက ကျုပ်ကိုတွယ်ကပ်လာတယ်"
လုယန်စကားကို အတည်ပြုလိုသကဲ့သို့ ဓားဆေးကန်က သူ့ကိုတစ်ပတ်လှည့်၍ လှပစွာပျံသန်းနေသည်။
ဓားဆေးကန်သည် ချင်ဖုန်းဓားထက် များစွာပိုအသုံးဝင်သည်။ ချင်ဖုန်းဓားသည် မသေမျိုးဓားဖြစ်သော်လည်း ယွမ်ကျိက ချိတ်ပိတ်ထားသည်။ လုယန်၏ကျင့်စဉ်အဆင့်နှင့်ညီမျှသည့် ဓားတစ်လက်အဖြစ်သာရှိသည်။
ဓားဆေးကန်ကထိုသို့မဟုတ်။ အရည်အသွေးလည်းမြင့်သလို လုယန်နှင့်လည်း စိတ်ချင်းဆက်စပ်နေသည်။ သူ့ခြေသူ့လက်လို အလွယ်တကူ အသုံးပြုနိုင်သည်။
ဓားတစ်သောင်းအသွင်ပြောင်းထားသည့် ဓားချီများကဲ့သို့ မြေပြင်ကိုချိုင့်ခွက်များပေါ်အောင် ထုရိုက်သည်။ စွမ်းအားကြီးသည်။
"အဲလိုဆိုရင်တော့ ဓားဆေးကန်က တကယ်အတော်လေးအသုံးဝင်မှာပါ"
ဓားကျင့်ကြံသူဖြစ်၍ ဝစီပိတ်လည်း ဓားဆေးကန်၏စွမ်းအားကို နားလည်သည်။
သူပိုင်ဆိုင်ဖို့ ရေစက်မပါသည်ကို နှမျောမိသည်။ လုယန်က အမြတ်ထွက်သွားသည်။ ကျိတ်၍ချီးကျူးရုံသာ သူတတ်နိုင်သည်။
"လာပါ၊ မင်းသင်ထားတဲ့ပညာကို ကျွမ်းကျင်အောင် မကြာခဏလေ့ကျင့်ပေးဖို့လိုတယ်။ နောက်ထပ်သုံးလေးကြိမ်ထပ်လေ့ကျင့်ဦး"
လုယန် ခေါင်းငြိမ့်သည်။ ဓားဆေးကန်ကို နောက်တစ်ကြိမ်လှုပ်ရှားခိုင်းသည်။ ကောင်းကင်တစ်ခုလုံး ဓားဆေးကန်များပြည့်သွားသည်။ ကောင်းကင်ဂိတ်တောင်ထိပ် အမှောင်ကျသွားသည်။
"ဓားတစ်သောင်းအသွင်ပြောင်း...မြေပေါ်ဆင်းမယ်"
"ဘုန်း ဘုန်း"
အစောပိုင်းက လုပ်နိုင်ခဲ့ပြီးဖြစ်၍ ဤတစ်ကြိမ် ပို၍ချောမွေ့သည်။
"ဟားဟား..ညီကိုး၊ မင်းက တပည့်တွေကို တကယ်ပညာသင်နေပြီပေါ့"
မဟာအကြီးအကဲ၏ရယ်မောသံ ကောင်းကင်မှပေါ်လာသည်။
ဝစီပိတ်က သူ့စကားကို အလိုမကျ။
"ဆက်ပြောစမ်းပါဦး၊ တပည့်တွေကို တကယ်ပညာသင်နေပြီဆိုတာက ဘာစကားလဲ။ ရှောင်ကျိတို့၊ ရှောင်ကျင်းတို့၊ ရှောင်ထန်တို့ ရှောင်ယန်တို့ကိုကြည့်လိုက်။ ငါမသင်ပေးခဲ့တဲ့လူ ဘယ်သူရှိလို့လဲ"
မဟာအကြီးအကဲက နှာခေါင်းရှုံ့သည်။
"တော်စမ်းပါ။ ရှောင်ကျိကျင့်စဉ်အဆင့်မြင့်တာ မင်းနဲ့ဆိုင်သလိုလို လာပြောမနေနဲ့"
ကြိုတင်ဇာတ်တိုက်ထားသကဲ့သို့ပင် တစ်ခြားအကြီးအကဲများ ကောင်းကင်ဂိတ်တောင်ထိပ်သို့ တစ်ယောက်ပြီးတစ်ယောက် ရောက်လာသည်။ မြင်ရခဲသည့် ဆဋ္ဌမအကြီးအကဲပင် ရောက်လာသည်။
သူရောက်သည်နှင့် အားလုံးက ဝိညာဉ်အာရုံဆက်သွယ်သည့်စနစ်သို့ ပြောင်းကြသည်။
"ငါတို့မောင်နှမတွေ ဒီလိုဆုံရခဲ့တယ်။ နည်းနည်းလောက် လေ့ကျင့်ကြရင် မကောင်းဘူးလား"
မဟာအကြီးအကဲကပြုံး၍ အကြံပြုသည်။
ဝစီပိတ် မျက်နှာမည်းသွားသည်။
"ပြီးခဲ့တစ်ခေါက် အကိုအဲလိုပြောတုန်းကလည်း အကိုတို့အားလုံးဝိုင်းပြီး ကျုပ်ကိုသေမတတ်ရိုက်နှက်ခဲ့ကြတာပါ။ အဲဒါပြီးတော့ ကျုပ်ကို ဂိုဏ်းချုပ်လုပ်ခိုင်းတယ်လေ"
"အဲဒါ မင်းမှားတာပဲ ညီကိုး။ ဂိုဏ်းချုပ်ရာထူးကို လိုချင်တဲ့လူတွေ ဘယ်လောက်များလဲသိလား။ ငါတို့ရှစ်ယောက်က ဂိုဏ်းတူတပည့်တွေချင်းမို့ ဒီရာထူးကို စိတ်မပါ့တပါနဲ့ စွန့်လွှတ်ပြီး မင်းကိုလွှဲပေးတာ။ အခုမင်းက ငါတို့ကို အပြစ်တင်နေတယ်ပေါ့"
ဝစီပိတ် တဟက်ဟက်ရယ်သည်။
"ကျင့်ကြံသူလောကမှာ မနေ့တစ်နေ့ကမှ ကျုပ်ကျင်လည်လာတာမဟုတ်ဘူး။ အကိုတို့ပြောတဲ့ ပေါက်တတ်ကရစကားတွေကို ကျုပ်ဘယ်လိုလုပ်ယုံနိုင်မှာလဲ"
"စိတ်မပူပါနဲ့။ ဒီတစ်ခါ ငါတို့မျှမျှတတပဲ ပညာဖလှယ်မှာပါ။ အရင်ကလို ပုံမှန်လေ့ကျင့်မှုမျိုးပါဘဲ။ ဘက်မခွဲဘူး။ ကိုးယောက်လုံးပြိုင်တူတိုက်မယ်"
"အဲလိုမှပေါ့"
အဋ္ဌမအကြီးအကဲနှင့် ဝစီပိတ်တို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ ပြုံးလိုက်သည်။ ဘိုးဘေးဆရာအုပ်ချုပ်စဉ်က နေ့ရက်များဆီ ပြန်ရောက်သွားသလိူ ခံစားကြရသည်။
"စကြစို့"
လက်ရှိခေတ်၏ နာမည်ကျော် စုစည်းခြင်းကျင့်ကြံသူကိုးယောက် ကောင်းကင်ဂိတ်တောင်ထိပ်တွင် စုဝေးနေသည်။ တာအိုရှင်ဝစီပိတ်၏ ဓားပညာ။ မဟာအကြီးအကဲ၏ အိပ်မက်မှော်ပညာ၊ လောင်ပါး၏ မှော်အဆောင်ပညာ၊ တတိယအကြီးအကဲ၏ ခန္ဓာကျင့်စဉ်ပညာ၊ စတုတ္ထအကြီးအကဲ၏ စာပေကျင့်စဉ်ပညာ၊ ပဥ္စမအကြီးအကဲ၏ ပစ္စည်းသန့်စင်ပညာ၊ ဆဋ္ဌမအကြီးအကဲ၏ ခြောက်ပြစ်ကင်းမသေမျိုးခန္ဓာစွမ်းအား၊ သတ္တမအကြီးအကဲ၏ ဆေးပညာ၊ အဋ္ဌမအကြီးအကဲ၏ မှော်စက်ဝန်းပညာ။
အားလုံးက ပြိုင်ဘက်ကင်းသည်။ သက်ဆိုင်ရာနယ်ပယ်တွင် အောင်မြင်မှုအမြင့်ဆုံးရထားကြသည်။
ဝစီပိတ်နှင့် မဟာအကြီးအကဲက ကူးဖြတ်ခြင်းတစ်ဝက်အဆင့်ရောက်နေသော်လည်း တိုက်ပွဲကွင်းသည် ခန့်မှန်းနိုင်သည့်အရာမဟုတ်။ သူတို့ကိုးယောက် တိုက်ခိုက်ကြလျှင် ကျင့်စဉ်အဆင့်မြင့်ရုံဖြင့် နိုင်မည်ဟု အာမမခံနိုင်။
အကြီးအကဲများသည် တိုက်ခိုက်လေ့သိပ်မရှိ။ ထို့ကြောင့် ဂိုဏ်းတပည့်များ တိုက်ပွဲအနီးကပ်ဆုံးကြည့်နိုင်မည့်နေရာကို အမြန်ရွေးကြသည်။
စုစည်းခြင်းကျင့်ကြံသူများ၏တိုက်ပွဲက အတော်လေးမြင်သာထင်သာရှိသည်။ လုယန်လို အောက်တည့်တည့်မှကြည့်ဖို့မလို။
"ဘယ်သူနိုင်မယ်ထင်လဲ"
"ဆဋ္ဌမအကြီးအကဲရဲ့ မသေမျိုးခန္ဓာက မှော်စွမ်းအင်အားလုံးကို ခုခံနိုင်တယ်။ မသေမျိုးခန္ဓာအဆင့်တူတွေထဲမှာ သူကပြိုင်ဘက်ကင်းပဲ"
"မသေမျိုးခန္ဓာက စွမ်းအားကြီးပေမယ့် ပြိုင်ဘက်ကင်းမဟုတ်ပါဘူး။ မဟာအကြီးအကဲပဲ နိုင်လောက်တယ်။ သူငယ်ငယ်က အတော်ကြမ်းတမ်းတဲ့လူလို့ ကြားဖူးတယ်။
အသက်ကြီးမှ ဥပဒေစည်းမျဉ်းနဲ့မညီတဲ့ ဂူသင်္ချိုင်းတွေ တည်ဆောက်ရင်း သူ့အကျင့်စရိုက်တွေကိုပြုပြင်လာတာတဲ့"
"ဟုတ်တယ် ဟုတ်တယ်။ ငါ့မိသားစုအကြီးအကဲတွေ ပြောဖူးတယ်။ မဟာအကြီးအကဲက နန်းမြို့တော်မှာ ရန်သူအတော်များတယ်တဲ့။ တတိယအဆင့်အရာရှိတွေ အများကြီးပါတယ်တဲ့"
ထိုစကားပြောသည့် ဂိုဏ်းတပည့်က နန်းမြို့တော်တွင် နေထိုင်သူဖြစ်သည်။ သူ့မိသားစုက မုန်မိသားစုလောက် မထင်ရှားသော်လည်း နန်းမြို့တော်မှ ဩဇာရှိမိသားစုစာရင်းဝင်ဖြစ်သည်။
"ဒါဆို ငါတို့ဂိုဏ်းချုပ်က မဟာအကြီးအကဲထက် ပိုစွမ်းအားကြီးတာပေါ့။ နန်းမြို့တော်က လမ်းတိုင်းမှာ ဂိုဏ်းချုပ်ရဲ့ရန်သူတွေ ပြည့်နေတာလေ"
"မင်းက ငါတို့ဂိုဏ်းချုပ်ကို အထင်သေးတာပဲ။ နန်းမြို့တော်လမ်းတွေပေါ်မှာတင် ရန်သူရှိတာမဟုတ်ဘူး။ အလယ်ပိုင်းတိုက်နယ်၊ နတ်ဆိုးနယ်မြေ၊ ဗုဒ္ဓနယ်မြေတွေက နှစ်နှစ်ထောင်သက်တမ်းရှိတဲ့ ဘယ်ကျင့်ကြံသူကိုမဆို မေးကြည့်လိုက်။
ငါတို့ဂိုဏ်းချုပ်နဲ့ ရန်ငြှိုးမရှိတဲ့လူရယ်လို့ မရှိဘူး"
"မင်းစကားက ဒါကိုဂုဏ်ယူနေသလိုပါပဲလား"
"ဂုဏ်ယူတာပေါ့။ နေရာတိုင်းရန်သူတွေဝိုင်းနေတဲ့ ငါတို့ဂိုဏ်းချုပ်က အခုထိ လောကထဲမှာ ပျော်ပျော်ကြီးခရီးလှည့်နေနိုင်သေးတယ်လေ။ အဲဒါကို အစွမ်းအစလို့ခေါ်တယ်"
စုစည်းခြင်းအဆင့်ကိုးယောက် စွမ်းအားကိုယ်စီထုတ်၍ အပြင်းအထန်တိုက်ခိုက်ကြသည်။ မိုးမြေနှစ်ခြမ်းကွဲတော့မယောင်ရှိသည်။ ထွက်လာသည့်အသံများက လုယန်ဓားပညာလေ့ကျင့်စဉ်ကထက် ပိုကျယ်လောင်သည်။
သူတို့လက်ချက်ကြောင့် မာကြောသည့် ကောင်းကင်ဂိတ်တောင်ထိပ်က ရွှံ့သားမြေလိုဖြစ်နေသည်။ လေမုန်တိုင်းဒဏ်ခံရသကဲ့သို့ သစ်ပင်များ လဲကျကုန်သည်။ အမြစ်မှကျွတ်ထွက်သည်။ မြက်တစ်ပင်မျှပင် မကျန်ခဲ့။
စွမ်းအားအကြီးဆုံးဖြစ်သည့် ဝစီပိတ်နှင့် မဟာအကြီးအကဲကို အရင်ဝိုင်းတိုက်ကြသည်။ သို့သော် သူတို့နှစ်ယောက်ကလည်း အချဉ်မဟုတ်။ ဓားပညာနှင့် အိပ်မက်မှော်ပညာများက စွမ်းအားကြီးသည်။ ခန့်မှန်း၍မရ။
သို့သော် အကြီးအကဲခုနစ်ယောက် ပူးပေါင်းတိုက်ခိုက်သည်ဖြစ်၍ နောက်ဆုံးတွင် လက်ရည်ကျသည့်အရိပ်လက္ခဏာများပေါ်လာသည်။ ဟာကွက်များပေါ်လာသည်။
နောက်ဆုံးဘယ်သူအနိုင်ရမည်ကို ဂိုဏ်းတပည့်များခန့်မှန်းနေချိန်တွင် ရုပ်သေးက ကောင်းကင်သို့ပျံတက်သွားသည်။ အကြီးအကဲများကို တစ်ယောက်ချင်း မြေပေါ်သို့ရိုက်ချသည်။
ဆဋ္ဌမအကြီးအကဲကိုသာ ရိုက်ချက်နည်းနည်းညှာသည်။
စွမ်းအားကြီးသည့် အကြီးအကဲများနှင့် ဂိုဏ်းချုပ်ကို အလွယ်တကူအနိုင်ယူလိုက်သည်။ အားလုံး မြေပေါ်သို့ ရုပ်ပျက်ဆင်းပျက်ကျလာကြသည်။
အားလုံး ပြန်ခေါင်းမော့ကြည့်ချိန်တွင် ရုပ်သေးက သူတို့ရှေ့တွင် ပေါက်ပြားတစ်ချို့စုထမ်းပြီး ရပ်နေသည်ကိုတွေ့ရသည်။ စကားတစ်ခွန်းမှမပြောဘဲ တစ်ယောက်ကို ပေါက်ပြားတစ်လက်စီပေးသည်။ ကြေမွပျက်စီးနေသည့် ကောင်းကင်ဂိတ်တောင်ထိပ်မြေပြင်ကို လက်ညှိုးထိုးပြသည်။
ဆိုလိုရင်းက ရှင်းလင်းသည်။ တိုက်ပွဲအပျက်အစီးကို ကိုယ့်ဘာသာရှင်းလင်းရမည်။ မရှင်းလျှင် ဘယ်သူမှထွက်သွားခွင့်မပြု။
ထိုမြင်ကွင်းကိုကြည့်၍ လုယန် အတော်စိတ်သက်သာရာရသွားသည်။ ကျင့်စဉ်အဆင့်မမီသဖြင့် တိုက်ပွဲတွင်မပါခဲ့ရသည်ကို ဝမ်းသာနေသည်။
ထိုစဉ် နောက်ဆုံးကျန်သည့်ပေါက်ပြားကို ရုပ်သေးက သူ့ဆီလှမ်းပေးသည်။
ဓားတစ်သောင်းပညာလေ့ကျင့်ခဲ့သည့်ကိစ္စကို ပြန်တွေးမိသဖြင့် လုယန် ဘာမှမပြောတော့ဘဲ ပေါက်ပြားကိုအသာယူပြီး အကြီးအကဲများနှင့်အတူ မြေပြင်သည့်လုပ်ငန်းကို စလုပ်သည်။
ဂိုဏ်းအပြင်ဘက်တွင် ချုန်းချီခေါင်းဆောင်က ဝစိပိတ်၏သတင်းကို စိတ်ပူပန်စွာစောင့်ဆိုင်းနေဆဲဖြစ်သည်။
"တစ်နေတောင်ကုန်သွားပြီ။ ငါ့အကိုကြီး ဘာသတင်းမှမပို့သေးပါလား။ တာအိုလမ်းစဉ်ဂိုဏ်းက အန္တရာယ်များလွန်းလို့ ငါ့ကိုဝင်မလာစေချင်တာများလား။ ဒါမှမဟုတ် အကိုကြီး ငါ့အကြောင်းမေ့သွားတာလား"
*******************************