← Chapters

သွေးဆက်ပိတ်ဆို့ခြင်း

Vol. 50 Ch. 743

သွေးဆက်ပိတ်ဆို့ခြင်း

Vol. 50 Ch. 743

လုယန်နှင့်အတူ အ‌ရှေ့ပင်လယ်သို့သွားရမည်ဟု ကြားသည်နှင့် ထောင်ယော်ယဲ့ ပျော်ရွှင်စွာခေါင်းငြိမ့်သည်။

လီ‌ဟော်ရန်လည်း အပြင်ထွက်ခွင့်ရမည့်အခွင့်အရေးဖြစ်၍ ချက်ချင်းလက်ခံလိုက်သည်။ လုယန်စိတ်ပြောင်းသွားမည်ကို ကြောက်နေသည်။

"အရှေ့ပင်လယ်ကိုလား၊ လိုက်မှာပေါ့ လိုက်မှာပေါ့"

အရိုးရိုင်းမျက်လုံးများ အရောင်လက်လာသည်။ သို့သော် တစ်စုံတစ်ခုကိုတွေးမိသဖြင့် အခက်တွေ့သွားဟန်ရှိသည်။

"ဘာဖြစ်တာလဲ'

လုယန် မေးသည်။

"အရှေ့ပင်လယ်မှာ ပင်လယ်မျိုးနွယ်တွေ အများကြီးရှိတယ်မဟုတ်လား။ ကျုပ်ရဲ့သွေဆက်ကို အကိုလုလည်းသိသားပဲ။ ပင်လယ်မျိုးနွယ်တွေကို တိုက်ခိုက်တဲ့အခါ အရမ်းစွမ်းအားကြီးသလို သူတို့ဒေါသကိုလည်း ဆွသလိုဖြစ်မယ်လေ။

ကျုပ်အရှေ့ပင်လယ်ကိုရောက်လို့ ဘာမှမလုပ်နိုင်သေးခင် ပင်လယ်မျိုးနွယ်တွေ အဝိုင်းခံရမှာကိုစိုးရိမ်တယ်"

နတ်မယ်၏ကောင်းချီးခံ ရှေးဟောင်းအရိုင်းမျိုးနွယ်အကြောင်း လုယန်ပြန်သတိရလာသည်။

"မှန်တယ် အဲဒါတကယ့်ပြဿနာပဲ။...နတ်မယ်၊ ခင်ဗျားမှာ ဖြေရှင်းနည်းရှိလား"

လုယန် ခဏတွေးပြီးနောက် အဓိကလက်သည်တရားခံကို တိုက်ရိုက်မေးလိုက်သည်။

"ရှိတာပေါ့။ နင့်ပြိုင်ဘက်ကင်းနတ်ဝိညာဉ်ကိုသုံးပြီး လာဝိုင်းတဲ့ပင်လယ်မျိုးနွယ်တွေကို အနိုင်ယူလိုက်ရုံပဲလေ"

နတ်မယ်က တခစ်ခစ်ရယ်၍ လက်သီးသေးသေးလေးကိုဝှေ့ယမ်းပြသည်။ သိစိတ်နယ်မြေတွင် မမြင်နိုင်သည့် ရန်သူများရှိနေသယောင် ထင်ရသည်။

"...ဒီထက် ပိုပြီးငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းလို့ရတဲ့နည်း မရှိဘူးလား"

တတ်နိုင်သမျှအကြမ်းနည်းမသုံးဖို့ လုယန် အမြဲစဉ်းစားသည်။

"ငါနတ်မယ်က အရိုင်းမျိုးဆက်သစ်ရဲ့ သွေးဆက်အာနိသင်ကို ပိုအားကောင်းအောင်မြှင့်တင်ပေးနိုင်ပါတယ်။ စုစည်းခြင်းအဆင့်ပင်လယ်မျိုးနွယ်တွေတောင် သူ့ကိုကြောက်သွားအောင်လုပ်နိုင်တယ်။

နင်တို့ငါးယောက် အရှေ့ပင်လယ်မှာ စိတ်ချလက်ချသွားလာလို့ရပါတယ်။ ကူးဖြတ်ခြင်းအဆင့်ပင်လယ်မျိုးနွယ်တွေကတော့ ဒေါသထွက်ကြမှာပေါ့။ ဒါပေမယ့် အရှေ့ပင်လယ်မှာ ကူးဖြတ်ခြင်းအဆင့်တွေ ဘယ်လောက်များများရှိနိုင်မှာမို့လဲ။ နင်တို့ သူတို့နဲ့တွေ့နိုင်စရာမရှိပါဘူး"

"...နောက်ထပ်နည်းလမ်းရှိသေးလား"

အရှေ့ပင်လယ်တွင် နဂါးနန်းတော်နှင့် မဟာပင်လယ်မျိုးနွယ်ကြီးကိုးခုရှိသည်ဟု သူကြားဖူးသည်။ အနည်းဆုံး ကူးဖြတ်ခြင်းအဆင့် ဆယ်ယောက်တော့ရှိပေလိမ့်မည်။

နဂါးနန်းတော်လို အဆင့်မြင်သည့်နေရာတွင် ကူးဖြတ်ခြင်းအဆင့် တစ်ယောက်မကပိုရှိပေလိမ့်မည်။

နတ်မယ်က စိတ်မပါ့တပါလေသံဖြင့်

"ဒါဆိုရင်တော့ ချိတ်ပိတ်ဖို့ပဲရှိတော့တယ်။ သူ့သွေးဆက်ကို မှော်တံဆိပ်နဲ့ယာယီချိတ်ပိတ်ရမယ်။ အရှေ့ပင်လယ်ကပြန်ထွက်မှ တံဆိပ်ကိုဖယ်လိုက်ပေါ့"

လုယန် ဝမ်းသာသွားသည်။

"အဲဒီ့နည်းလမ်းကို သုံးကြတာပေါ့"

နတ်မယ်က အလွန်တရာရှုပ်ထွေးသည့် မှော်တံဆိပ်ပုံစံတစ်ခု ရေးဆွဲပြသည်။

"ဒါကဘာလဲ"

"ချိတ်ပိတ်တံဆိပ်ပါ။ နင့်ကျင့်စဉ်အဆင့်နဲ့တော့ ဆွဲနိုင်ဦးမှာမဟုတ်ဘူး။ နင်တို့ရဲ့ ဒုတိယအကြီးအကဲကို ဆွဲခိုင်းပေါ့"

"ကောင်းပြီလေ"

သူတို့လူစု ဆေးစိုက်ခင်းဂိတ်တံခါးမှ လောင်ပါးဆီသို့ သွားကြသည်။ လောင်ပါးက ပက်လက်ကုလားထိုင်တွင်လှဲနေသည်။ မျက်နှာကို သစ်ရွက်ကြီးတစ်ရွက်ဖြင့်အုပ်၍ သီချင်းညည်းနေသည်။

လူတစ်ရပ်ခန့်မြင့်သည့် သစ်ရွက်ကြီးနှစ်ခုက သူ့ဦးခေါင်းထက်တွင် ဝဲပျံနေပြီး သူ့ကို ညင်သာစွာယပ်ခတ်ပေးနေသည်။

"လောင်ပါး၊ ကျုပ်တို့ အကူအညီလိုလို့ပါ"

လောင်ပါး မျက်လုံးပွင့်လာပြီး သူ့မျက်နှာပေါ်မှသစ်ရွက်ကို ဖယ်လိုက်သည်။ လုယန်အကြည့်တွင် စိတ်အားထက်သန်မှုအပြည့်ပါသဖြင့် သူနည်းနည်းအနေရခက်ဟန်တူသည်။

"ပြောစရာရှိတာပြောပါ။ ငါ့ကိုအဲလိုမျိုးကြည့်မနေနဲ့"

"ကျုပ်တို့ အရှေ့ပင်လယ်ကို သွားလည်ဖို့စီစဉ်ထားတယ်။ အရိုးရိုင်းရဲ့သွေးဆက်က ပင်လယ်မျိုးနွယ်ကို ဒေါသထွက်စေနိုင်တဲ့ သက်ရောက်မှုမျိုးရှိတယ်။ ရှေးမှတ်တမ်းတစ်ခုကနေ သွေးဆက်ပိတ်ဆို့နိုင်တဲ့ မှော်တံဆိပ်တစ်ခု ကျုပ်တို့တွေ့ထားတယ်။ ဒါကြောင့် ကျုပ်တို့ အကူအညီလာတောင်းတာပါ"

"အဲလိုလား။ ဒါဆိုရင် လွယ်ပါတယ်။ မှော်တံဆိပ်က ဘယ်လိုပုံမျိုးလဲ"

"ဒီမှာပါပါတယ်"

သိစိတ်နယ်မြေမှ မိတ္တူကူးလာသည့် မှော်တံဆိပ်ကို လုယန် ပြလိုက်သည်။

လောင်ပါး ယူ၍ကြည့်သည်။ တအံ့တဩစုပ်သပ်သည်။

"တကယ့်ရှေးကျတဲ့ မှော်တံဆိပ်မျိုးပဲ။ အဆင့်အတန်းလည်းမြင့်တယ်။...မင်းတို့ခဏစောင့်ပါ။ တစ်နာရီအတွင်း ရစေရမယ်"

မမြင်ဖူးသည့် မှော်တံဆိပ်မျိုးဖြစ်၍ မရေးဆွဲမီ သူသေချာလေ့လာဖို့လိုသည်။ စုတ်ချက်များ တစ်လွှာပြီးတစ်လွှာ ဘယ်လိုရေးဆွဲမည်၊ ဝိညာဉ်စွမ်းအင်ဘယ်လောက်သုံးရမည်..စသဖြင့် အားလုံးကို အသေးစိတ်လေ့ာလာရသည်။

တစ်နာရီကြာပြီးနောက် အရိုးရိုင်းကို အင်္ကျီချွတ်ခိုင်းသည်။ ဝမ်းဗိုက်ကို လက်ဝါးဖြင့်တစ်ချက်ရိုက်သည်။ ရှေးဟောင်းမှော်တံဆိပ် ထင်ကျန်နေခဲ့သည်။

"ရပြီ။..ဒါနဲ့ ငါအရင်က လူတစ်ယောက်ကို သွေးဆက်ချိတ်ပိတ်ပေးဖူးတယ်။ ဒါပေမယ့် မင်းတွေ့လာတဲ့ မှော်တံဆိပ်လောက်တော့ အဆင့်မမြင်ဘူး"

"အကြီးအကဲက ဘယ်သူ့ကို သွေးဆက်ချိတ်ပိတ်ပေးတာလဲ"

"ငါငယ်ငယ်ကဆုံခဲ့တဲ့ မိတ်ဆွေတစ်ယောက်ပါ။ အရှေ့ပင်လယ် နဂါးနန်းတော်ကပေါ့။ သူ့နာမည်က အောင်းရန်တဲ့"

"နဂါးနန်းတော်မှာ မိတ်ဆွေရှိတယ်ပေါ့"

လုယန်တို့ အံ့အားသင့်သွားကြသည်။ အရှေ့ပင်လယ်တွင် နတ်ဆိုးနယ်မြေကဲ့သို့ ရန်သူများတွေ့လာမည်ဟု သူတို့ထင်ခဲ့သည်။ ထို့ကြောင့် သေချာပြင်ဆင်ထားကြသည်။

လောင်ပါးက သူတို့ကို အလိုမကျဟန်ဖြင့် စိုက်ကြည့်သည်။

"အဲဒါက ဘယ်လိုစကားကြီးလဲ။ နဂါးနန်းတော်ကလူနဲ့မိတ်ဆွေဖွဲ့တာ ဘာမှားလို့လဲ။ တစ်လောကလုံးနဲ့ရန်သူဖြစ်နေတာက မင်းဆရာဝစီပိတ်ကွ"

"ဪ"

နတ်ဆိုးနယ်မြေကအ‌ခြေအနေနှင့် ဆင်တူကြောင်း လုယန်နားလည်လာသည်။ အလကားသက်သက် သူစိတ်ပူပန်ခဲ့ရသည်။

"သူက လုန်နဂါးမျိုးနွယ်ရဲ့ အသန့်စင်ဆုံးသွေးဆက်ပဲ။ အပြင်ပန်းကြည့်ရင် အားနည်းသလိုထင်ရအောင် သူ့သွေးဆက်အများစုကို ချိတ်ပိတ်ပေးဖို့ ငါ့ကိုပြောခဲ့တာ"

"သူကဘာလို့အဲလိုလုပ်တာလဲ"

လုယန်တို့ တွေးမရဖြစ်နေသည်။

"လူတစ်ယောက်က သူ့ကိုစိတ်ဒုက္ခပေးလာရင် မျက်နှာတင်းတင်းနဲ့ 'ငါ့ချိတ်ပိတ်တံဆိပ်ဖွင့်ဖို့ မင်းဖိအားပေးလိုက်တာပဲ'လို့ ခပ်တည်တည်ပြောလို့ရတယ်လေ"

လုယန် '..."

"အရှေ့ပင်လယ်ကိုသွားရင် မင်းတို့သတိထားပါ။ နဂါးနန်းတော်က အားလုံးကို စောင့်ကြည့်စစ်ဆေးနေပေမယ့် အရှေ့ပင်လယ်အခြေအနေက အတော်လေးပရမ်းပတာနိုင်တယ်"

"ပရမ်းပတာနိုင်တယ်...ဟုတ်လား"

"အရှေ့ပင်လယ်မှာ ပင်လယ်မျိုးနွယ်တွေပဲရှိတာမဟုတ်ဘူး။ လူသားမျိုးနွယ်တွေလည်းရှိတယ်။ ပင်လယ်မျိုးနွယ်က ပင်လယ်ထဲမှာနေတယ်။ လူသားမျိုးနွယ်တွေက ကျွန်းပေါ်မှာနေကြတယ်။

သမိုင်းကြောင်းအငြှိုးအတေးတွေကြောင့် သူတို့ချင်း မကြာခဏပြဿနာဖြစ်တယ်။ မဟာရှားအုပ်ချုပ်တဲ့နယ်မြေမဟုတ်တော့ တိုက်ခိုက်ပြီဆိုတာနဲ့ အထိန်းအကွပ်မရှိတော့ဘူး"

လုယန်သာမဟုတ်။ မုန်ကျင်းကျိုးပင် ထိုအကြောင်း ပထမဆုံးကြားဖူးခြင်းဖြစ်သည်။ အရှေ့ပင်လယ်နှင့် သူတို့မရင်းနှီးကြ။

အတိတ်ဘဝမှတ်ဉာဏ်ရထားသည့် လီဟော်ရန်သာ အရှေ့ပင်လယ်အကြောင်း သူတို့ထက်ပိုနားလည်သည်။ အထူးသဖြင့် ကိုးငရဲဂိုဏ်းသည် အရှေ့ပင်လယ်သို့ စီးပွားရေးချဲ့ထွင်ခဲ့ဖူးသည်။ လျှို့ဝှက်ဆက်သွယ်ခဲ့ဖူးသည်။

မဟာရှား၏လက်တံက အရှေ့ပင်လယ်သို့မရောက်။ လက်ရှိ ကိုးငရဲဂိုဏ်း၏ မှောင်ခိုလုပ်ငန်းများသည် ချင်ဟော်ရန် ဂိုဏ်းချုပ်လုပ်သည့်အချိန်အတွင်း ချဲ့ထွင်ခဲ့ခြင်းဖြစ်သည်။

ပင်လယ်ရပ်ခြားသို့ စီးပွားရေးချဲ့ထွင်ခဲ့သည့် နောက်ထပ်အကြောင်းရင်းတစ်ခုက ကြွေးရှင်များ တံခါးလာခေါက်လျှင် အရှေ့ပင်လယ်သို့ သူထွက်ပြေးနိုင်ဖို့ဖြစ်သည်။

သို့သော် ထိုနတ်ဆိုးဂိုဏ်းခေါင်းဆောင်သည် အချစ်နွယ်ပင်ရစ်ပတ်ပြီး မဟာရှားတွင် ပိတ်မိသွားခဲ့သည်။

လောင်ပါးက စေတနာဖြင့် သတိပေးသည်။

"ဒါနဲ့..မင်းတို့အားဘုံး ဘယ်သူမှ ရေအောက်ကိုမသွားဖူးဘူးမဟုတ်လား။ ရေလည်းကူးတတ်ကြမယ်မထင်ဘူး။ အရှေ့ပင်လယ်ကိုမသွားခင် မစ်ရှင်ခန်းမမှာ ရေကွင်းပုလဲတွေ လဲလှယ်သွားတာပိုကောင်းတယ်။ အဲဒါနဲ့ဆို ရေအောက်မှာ လွတ်လွတ်လပ်လပ်သွားလာနိုင်တယ်"

ရန်သူမိတ်ဆွေနှစ်မျိုးလုံးကို ရေဓာတ်ခန်းခြောက်အောင်လုပ်နိုင်သည့် နတ်မယ်၏မှော်ပညာနှင့်မတူ။ ရေကွင်းပုလဲသည် တကယ်ရေကွင်းသည်။

"ကျူပ်ဆရာက အရှေ့ပင်လယ်မှာရော ဘာတွေလုပ်ခဲ့သေးလဲ"

"အင်း...အများကြီးပဲ။ ဥပမာ နဂါးနန်းတော်မင်းသမီးနဲ့ ဇာတ်လမ်းရှုပ်ခဲ့တာမျိုးပေါ့"

လုယန် ရင်ထိတ်သွားသည်။ ယခု အသက်ကြီးရင့်ပြီး ဉာဏ်နီဉာဏ်နက်များသည့် သူ့ဆရာသည် ငယ်စဉ်က ထိုမျှရှုပ်ပွေခဲ့မည်ဟု မထင်ခဲ့မိ။

"ကျုပ်ဆရာက နဂါးနန်းတော်မင်းသမီးနဲ့ ဇာတ်လမ်းရှုပ်ခဲ့တယ်ပေါ့"

"ရှုပ်တယ်ရယ်လို့လည်းမဟုတ်ပါဘူး။ ညီကိုးငယ်ငယ်က လူတစ်ယောက်ကိုကယ်စရာပေါ်လာတယ်။ ကယ်နိုင်ဖို့အတွက် နဂါးနန်းတော်ကရတနာတစ်ခု လိုတယ်။

အဲဒီ့ရတနာက မင်းသမီးအမြတ်နိုးဆုံး မှော်ရတနာပဲ။ သူ့ကိုယ်ထဲမှာ ဝှက်ထားတာ။ ညီကိုးက ခန္ဓာကိုယ်ချုံ့ပြီး မင်းသမီးရဲ့ဗိုက်ထဲဝင်တယ်။ ရတနာကိုခိုးတယ်။

နောက်ပိုင်း လူမိသွားတော့ သူက နဂါးမင်းသမီးကို မေမေလို့ခေါ်တယ်လေ"

လုယန် "..."

သူတို့ငါးယောက် လောင်ပါးကို ကျေးဇူးတင်စကားဆိုပြီး မစ်ရှင်ခန်းမသို့ ဦးတည်ကြသည်။ ရေကွင်းပုလဲ လဲလှယ်သည်။ ပုလဲများက တန်ဖိုးကြီးသည်။

သို့သော် သူတို့ငါးယောက်တွင် မစ်ရှင်ထွက်၍စုဆောင်းထာသည့် ကျိုးဆောင်မှတ်များစွာရှိသည်။ ထို့ကြောင့် စိုးရိမ်စရာမရှိ။

မစ်ရှင်ခန်းမမှ ဂိုဏ်းတူအမက လုယန်တို့ ရေကွင်းပုလဲ လဲလှယ်နေသည်ကိုမြင်သည်နှင့် တိုင်ပုဖန်ကို အမြန်အကြောင်းကြားသည်။

လုယန်က မစ်ရှင်ကြီးတစ်ခုအတွက် တစ်ခြားလေးယောက်ကို ဦးဆောင်ခေါ်သွားတော့မည်ဟု တိုင်ပုဖန်ထင်လိုက်သည်။ သို့သော် လောင်မာ၏ဆွေမျိုးများဆီ အလည်အပတ်ခရီးထွက်ရာတွင် အဖော်လိုက်ခြင်းသာဖြစ်ကြောင်းသိရသဖြင့် သူစိတ်သက်သာရာရသွားသည်။

"သွားကြပါ၊ သွားကြပါ။ ကောင်းကောင်းပျော်ခဲ့ကြ"

*************************************

All Chapters