စားသောက်ပွဲ
Vol. 50 Ch. 746
မုန်ကျင်းကျိုး သူ့နဖူးသူကိုင်၍ စိတ်ပျက်လက်ပျက်ပြောသည်။
"ဒီထက်ပိုပြည့်စုံတဲ့မြေပုံ မရနိုင်တော့ဘူးလား။ ရွှမ်ဝူတို့ ခွန်ဖုန်တို့ မျိုးနွယ်ပိုင်နက်တွေကို အမှတ်အသားပြထားတဲ့မြေပုံမျိုးပေါ့"
သူ့စကားကြောင့် ဆိုင်တာဝန်ခံ အံ့အားသင့်သွားသည်။
"ရွှမ်ဝူနဲ့ခွန်ဖုန်မျိုးနွယ်တွေက ဒဏ္ဍာရီမျိုးနွယ်တွေလေ။ သူတို့နေတဲ့ ပင်လယ်ပိုင်နက်ဟာ တားမြစ်နယ်မြေပဲ။ လူသားမျိုးနွယ်တွေ လက်လှမ်းမမီဘူး။ သူတို့တည်နေရာကို ကျုပ်တို့ဘယ်လိုလုပ်သိမှာလဲ"
နှစ်သစ်ကူးချိန် မုန်မိသားစုထံလာလည်ဖူးသည့် ခွန်ဖုန်အကြီးအကဲအကြောင်း မုန်ကျင်းကျိုး ပြန်သတိရမိသည်။ အတော်သဘောကောင်းသူဟု သူမြင်သည်။ သူ့ကိုပင် နှစ်သစ်ကူးလက်ဆောင် မုန့်ဖိုးငွေပေးခဲ့သည်။
လောင်မာက သူတို့ကိုချန်ထားခဲ့သည့်နေရာက ပင်လယ်ရေနက်ပိုင်းနှင့် ဝေးလွန်းနေသဖြင့် သူစိတ်ပျက်မိသည်။ ဤနေရာထက် ရေနက်ပိုင်းပိုကျသည့်နေရာ နတ်ဝိညာဉ်အဆင့်ကျင့်ကြံသူများရှိသည့်နေရာလောက်ဆို မဆိုးလှ။
စုတ်ပြတ်သတ်နေသည့် ဤနေရာသည် အခြေတည်အဆင့်ကျင့်ကြံသူပင်မရှိ။
"လမ်းညွှန်ရဖို့ နတ်ဝိညာဉ်အဆင့်ကျင့်ကြံသူကို ဘယ်နေရာမှာ သွားရှာရမလဲ.."
လုယန် စဉ်းစားသည်။ တွေးမိတွေးရာတွေးရင်း ရုတ်တရက် စိတ်ကူးတစ်ခုပေါ်လာသည်။
"ငါတို့ လေကြောင်းကနေ ပင်လယ်ကိုဖြတ်ဖို့ စိုးရိမ်နေကြတယ်။ ပင်လယ်မျိုးနွယ်တွေတိုက်ခိုက်မှာကို စိုးရိမ်နေကြတယ်။ ဒါကြောင့် စိတ်ချရတဲ့လမ်းကြောင်းသိချင်လို့ မြေပုံရှာနေရတာ။
ဒါပေမယ့် စိတ်ချရတဲ့လမ်းကြောင်းကို ဘာလို့ရှာနေမှာပဲ။ အရှေ့စူးစူးကို ဒီအတိုင်း ပျံသန်းသွားမယ်လေ။ ဒီနားမှာရှိတဲ့ ပင်လယ်မျိုးနွယ်တွေက အခြေတည်အဆင့်တောင်မရှိဘူး။ သူတို့သတိထားမိတဲ့အချိန်ဆို ငါတို့က အဝေးကြီးရောက်နေလောက်ပြီပဲ"
မုန်ကျင်းကျိုး သူ့စကားကီု နားလည်သည်။
"ဟုတ်တယ်။ အရှေ့ဘက်ကို တည့်တည့်ပျံသွားရင် နောက်ဆုံးမှာ နတ်ဝိညာည်အဆင့်ကျင့်ကြံသူ ဒါမှမဟုတ် နတ်ဝိညာဉ်အဆင့်ပင်လယ်မျိုးနွယ်တစ်ယောက်တော့ တွေ့မှာပဲ"
သူတို့ငါးယောက်ပြောနေသည့် ကြက်သီးထစရာစကားများကို ဆိုင်တာဝန်ခံ နားထောင်နေသည်။ ထိုငါးယောက်သည် ဒဏ္ဍာရီထဲတွင်ကြားဖူးသည် နတ်ဝိညာဉ်အကြီးအကဲများ ဖြစ်နေမလားမသိ။
နတ်ဝိညာဉ်အဆင့်တစ်ယောက်နှင့်တွေ့ဖို့ အလွန်ခဲယဉ်းသည်။ ဆယ်နှစ်တစ်ခါ တွေ့ဖို့ပင်မလွယ်။ ဘာကြောင့်ယနေ့ ထိုစွမ်းအားရှင်ငါးယောက် ရုတ်တရက် ပေါ်လာသည်မသိ။
လုယန်တို့က သူ့အမူအရာကို အရေးမစိုက်။ အစီအစဉ်ချပြီးနောက် ချက်ချင်း ကောင်းကင်ပေါ်တက်၍ ပင်လယ်ကိုဖြတ်ရန် အသင့်ပြင်သည်။
လုယန်က ချင်ဖုန်းဓားကိုထုတ်ပြီး ပင်လယ်ရေမျက်နှာပြင်နှင့် နီးကပ်စွာ ရှပ်တိုက်ပျံသန်းသည်။ ရေပန်းများ ဘေးနှစ်ဘက်သို့ ခွဲထွက်လွင့်စင်သွားသည်။
မုန်ကျင်းကျိုးက ရေပြင်ပေါ်တွင် လျင်မြန်စွာပြေးလွှားသည်။ သူက ပြေးလွှားသည့်အမြန်နှုန်းတွင် ပိုအားသာသည်။
အရိုးရိုင်းက တင်းပုတ်ကိုထုတ်သည်။ တင်းပုတ်ထိပ်ကိုချွတ်သည်။ အပေါက်ငယ်တစ်ခုရှိသည့် လက်ကိုင်ရိုးသာကျန်သည်။ ထိုလက်ကိုင်ရိုးကို ပလွေအဖြစ်ပြောင်းလဲသည်။
စာပေကျင့်ကြံသူဖြစ်၍ မုန်ကျင်းကျိုးလို ရေပြင်ပေါ်ဖြတ်ပြေးနေ၍မဖြစ်။ သူ့သရုပ်မှန်နှင့် မသင့်တော်။
ထောင်ယော်ယဲ့က စက္ကူထီးနီကိုဖြန့်သည်။ လီဟော်ရန်က ကိုယ်တိုင်သွန်းလုပ်ထားသည့် ဘူးသီးခြောက်ရတနာကိုထုတ်သည်။
အားလုံးက စွမ်းအားကိုယ်စီထုတ်သုံးသည်။ ငါးယောက်သား ပင်လယ်အရှေ့ဘက်ဆီ ပျံသန်းသွားကြသည်။ ဆိုင်တာဝန်ခံ မင်သက်မိ၍ ကျန်ရစ်ခဲ့သည်။
လုယန် တွေးခဲ့သလိုပင် ပင်လယ်ရေတိမ်ပိုင်းတွင် သူတို့ကိုခြိမ်းခြောက်နိုင်သည့် အန္တရာယ်မျိုးမရှိ။
ရှိလျှင်လည်း သူတို့ငါးယောက်ပေါင်းအင်အားက ကြောက်စရာကောင်းသည်။
ချီအဆင့်၊ အခြေတည်အဆင့်၊ ရွှေသန္ဓေအဆင့် ပင်လယ်မျိုးနွယ်များ သူတို့ကိုမြင်သည်နှင့် ရေအောက်တွင် တုန်ရင်နေကြသည်။ ရုတ်တရက်ရပ်ပြီး ဒုက္ခပေးလာမည်ကို စိုးရိမ်နေကြသည်။
နတ်ဝိညာဉ်အဆင့်ပင်လယ်မျိုးနွယ်ပင် သူတို့ငါးယောက်ကို လက်လွတ်စပယ် မတိုက်ခိုက်ရဲ။ ဦးခေါင်းထက်မှ ဖြတ်သန်းသွားသည်ကို အသာငြိမ်၍ကြည့်နေကြသည်။
"ပင်လယ်အပြင်ပိုင်းက အတော်လေးကျယ်တာပဲ။ ငါတို့ပျံလာတာ နေ့တစ်ဝက်ကျိုးပြီ။ နတ်ဝိညာဉ်အဆင့်တွေ တစ်ယောက်မှ လာမနှောက်ယှက်သေးပါလား"
လုယန် တွေးနေသည်။ ယခု သူတို့ပျံသန်းချိန်စုစုပေါင်း သုံးရက်ကြာခဲ့သည်။ ပင်လယ်မျိုးနွယ်တစ်ယောက်၏ အရိပ်အယောင်ကိုပင် မမြင်ရသေး။
မြန်နှုန်းမြင့်ပျံသန်းသဖြင့် စွမ်းအင်ရောင်များ ယိုစိမ့်ထွက်သည်။ ထိုစွမ်းအင်ရောင်က နတ်ဝိညာဉ်အဆင့်ထက် များစွာသာလွန်နေကြောင်း သူတို့သတိမထားမိကြ။ နတ်ဝိညာဉ်အဆင့်မဆိုထားနှင့် ဝိညာဉ်ပြောင်းအဆင့်ပင်လယ်မျိုးနွယ်ပင် သူတို့နှင့် ထိပ်တိုက်ရင်ဆိုင်ချင်မည်မဟုတ်။
လေဟာနယ်သန့်စင်အဆင့်များကလည်း ကျင့်စဉ်စွမ်းအား အပြောင်းအလဲများသဖြင့် လူလုံးထွက်မပြရဲကြ။
"ဟိုမှာကြည့်။ လူတွေရှိတယ်"
ထောင်ယော်ယဲ့ တအံ့တဩ အော်လိုက်သည်။ လူတစ်စု သူတို့လိုပင် လေထဲမှ ပျံသန်းနေကြသည်။
"သူတို့ကို မေးကြည့်ရအောင်"
လုယန် ချင်ဖုန်းဓားထက်တွင်ရပ်ရင်း လမ်းကြောင်းပြောင်းလိုက်သည်။
"မိတ်ဆွေတို့၊ ဘယ်ကိုသွားမလို့လဲဗျ"
လူသုံးယောက် ရယ်မောလျက်
"စားသောက်ပွဲကိုပေါ့။ မိတ်ဆွေတို့လည်း အတူတူပဲဖြစ်မယ်"
"စားသောက်ပွဲလား"
"ပင်လယ်မျိုးနွယ်ရဲ့ စုစည်းခြင်းအဆင့်အကြီးအကဲတစ်ယောက် ကျင်းပတဲ့ စားသောက်ပွဲလေ။ အနီးအနားက စွမ်းအားရှင်တွေကို ဖိတ်ခေါ်ထားတယ်။
နတ်ဝိညာဉ်အဆင့်နဲ့အထက် စွမ်းအားရှင်မှန်သမျှ ဘယ်လိုအဆင့်အတန်းမျိုးပဲဖြစ်ဖြစ် ပွဲတက်လို့ရတယ်။ မိတ်ဆွေတို့မှာ တစ်ခြားလုပ်စရာမရှိရင် ကျုပ်တို့နဲ့အတူလိုက်ခဲ့လို့ရပါတယ်"
"ကျုပ်တို့လည်း လိုက်လို့ရလား"
လုယန် စိတ်ဝင်စားသွာားသည်။ သူ့ရှေ့မှလူများသည် နတ်ဝိညာဉ်အဆင့်သာရှိသည်။ စုစည်းခြင်းအဆင့်တစ်ယောက်ကျင်းပသည့် စားသောက်ပွဲတွင် မဟာစွမ်းအားရှင်များစွာ ရှိနေပေလိမ့်မည်။
ထိုအခွင့်အရေးကိုအသုံးချ၍ ပိုပြည့်စုံသည့် မြေပုံတစ်ခုရှာနိုင်လောက်သည်။ ပွဲကျင်းပသူ၏အပြုအမူအရ သဘောထားကျဉ်းမြောင်းသူမျိုးမဟုတ်လောက်။
အရှေ့ပင်လယ်မှ တစ်ခြားကျင့်ကြံသူများနှင့်လည်း တွေ့ဆုံခွင့်ရမည်။
"ရတာပေါ့။ အဲဒီ့အကြီးအကဲက စည်းစည်းကားကားဖြစ်တာကိုသဘောကျတယ်တဲ့။ ကျင့်စဉ်အဆင့်လုံလောက်ရင် ဖိတ်စာမပါလည်း ပွဲတက်လို့ရတယ်"
လုယန် ပျော်သွားသည်။ တကယ်ကံထူးခြင်းပင်ဖြစ်သည်။
"ဒါဆို ခဏစောင့်ပါဦး၊ ကျုပ်အဖော်တွေကို ခေါ်လိုက်ဦးမယ်"
လုယန် ကျန်သည့်လူများဆီပြန်သွား၍ အခြေအနေရှင်းပြသည်။
"အရှေ့ပင်လယ်မှာ စားသောက်ပွဲတွေ မကြာခဏလုပ်ကြတယ်လို့ ကြားဖူးတယ်။ ဒေသဓလေ့တစ်ခုတွေ့ကြုံခွင့်ရမယ့် အခွင့်အရေးကို လက်လွတ်ခံလို့မဖြစ်ဘူး"
လူစည်သည့်နေရာများကိုသဘောကျသည့် မုန်ကျင်းကျိုးက တက်ကြွနေသည်။
ထောင်ယော်ယဲ့တို့လည်း ဝမ်းမြောက်ဝမ်းသာ သဘောတူကြသည်။
စားသောက်ပွဲသို့သွားသည့်လမ်းတွင် သူတို့စကားပြောကြဖြစ်ကြသည်။ ထိုလူသုံးယောက်သည် ဖန်ရှန်းကျွန်းဟုခေါ်သည့် ကျွန်းတစ်ခုပိုင်ဆိုင်ထားသည့် ဂိုဏ်းမဲ့ကျင့်ကြံသူများဖြစ်ကြောင်း သိရသည်။ ဖန်ရှန်းသူရဲကောင်းသုံးဖော်ဟု အများသိကြသည်။
လုယန်တို့က ဓာတ်ငါးမျိုးဂိုဏ်းဝင်များဖြစ်ကြောင်း ကိုယ့်ကိုယ်ကို မိတ်ဆက်သည်။ ဖန်ရှန်းသူရဲကောင်းသုံးယောက် တအံ့တဩဖြစ်ကုန်ကြသည်။
"ဒါနဲ့စကားမစပ်...မဟာရှားမှာ လုယန်ဆိုတဲ့ ပါရမီရှင်တစ်ယောက် ပေါ်နေတယ်လို့ကြားတယ်။ သူ့ကိုသိလား"
ဖန်ရှန်းသူရဲကောင်းများက မေးသည်။
လုယန် တည်ငြိမ်စွာခေါင်းငြိမ့်သည်။ မုန်ကျင်းကျိုးနှင့်ကျန်သုံးယောက်၏ ထူးဆန်းသည့်အကြည့်များကို သူအရေးမစိုက်။
"သိရုံတင်ဘယ်ကမလဲ။ သူနဲ့တောင် လက်ရည်စမ်းဖူးတယ်။ အတော်စွမ်းအားကြီးတဲ့ ပြိုင်ဘက်ပဲ။ ပြီးတော့ သူက တာအိုလမ်းစဉ်ဂိုဏ်းထဲမှာ အထူးအခွင့်အရေးပေးခံရတယ်။ တာအိုလမ်းစဉ်ဂိုဏ်းချုပ်က ဂိုဏ်းချုပ်ရာထူးလွှဲပေးတာတောင် သူကငြင်းခဲ့တယ်လို့ကြားတယ်"
ဖန်ရှန်းသူရဲကောင်းများ တအံ့တဩ ပင့်သက်ရှိုက်ကြပြန်သည်။ ထိုလုယန်သည် တကယ်ထူးခြားပြီး သူတို့နှင့် အဆင့်မတူဟု တွေးမိကြသည်။
စားသောက်ပွဲနေရာနှင့် နီးကပ်လာချိန်တွင် ပင်လယ်မျိုးနွယ်နှင့် လူသားကျင့်ကြံသူများစွာ မြင်ရသည်။
သူတို့ရှစ်ယောက် ပင်လယ်ထဲသို့ ငုပ်လျှိုးသွားသည်။ ရေကွင်းပုလဲအစွမ်းကြောင့် လုယန်တို့လူစု ရေအောက်တွင် အခက်အခဲမရှိ အသက်ရှူ၍ သွားလာလှုပ်ရှားနိုင်သည်။
ရောင်စုံသန္တာကျောက်တန်းများ ပင်လယ်ကြမ်းပြင်တွင် အပြည့်ရှိသည်။ ရေအောက်နန်းဆောင်များ သက်တန့်ရောင်ငါးအုပ်စုများ ကူးခတ်သွားလာနေသည်။
အောက်သို့ဆက်လက်ငုပ်လျှိုးသွားသည်။ သို့သော် ပို၍မှောင်မိုက်ခြင်းမရှိဘဲ တဖြေးဖြေးပိုလင်းထိန်လာသည်။
နေရောင် ထိုးဖောက်ကျနေခြင်းမဟုတ်။ ပင်လယ်ကြမ်းပြင်တွင် ရွှေရောင်တောက်ပနေသည့် နန်းတော်တစ်ခုရှိသည်။ အရောင်မျိုးစုံ အလင်းပြန်နေသည်။
ပတ်ဝန်းကျင် ပင်လယ်ရေပြင်ကို ရင်သပ်ရှုမောဖွယ်မြင်ကွင်းဖြစ်အောင် အရောင်ခြယ်နေသည်။ နန်းတော်ဘေးပတ်လည်တွင် ပုလဲများနှင့် ညပုလဲများ မြှုပ်ထားသည်။ အရောင်တစ်လက်လက်တောက်ပပြီး ဘေးပတ်လည်ကို အလင်းရောင်ပေးနေသည်။
ပင်လယ်မျိုးနွယ်မျိုးစုံ သူတို့ဘေးမှ ကူးခတ်သွားကြသည်။ ထိုမျိုးနွယ်များ၏ မူလသရုပ်မှန်ကို မြင်နိုင်သည်။ တံလျှပ်မျိုးနွယ်၊ ခွန်ဖုန်မျိုးနွဘ်၊ ယာရှာမျိုးနွယ်၊ လိပ်မျိုးနွယ်...
ကျင့်စဉ်အဆင့်ကို သက်သေပြပြီးနောက် သူတို့ရှစ်ယောက် နန်းတော်ထဲသို့ ချောမွေ့စွာ ဝင်လာသည်။
ပွဲတက်လာသည့် ဝိညာဉ်ပြောင်းအဆင့် လေဟာနယ်သန့်စင်အဆင့်ကျင့်ကြံသူ အတော်များသည်။ ထို့ကြောင့် လုယန်တို့နတ်ဝိညာဉ်အဆင့်များက နောက်ဆုံးပိတ်တန်းမှ စားပွဲတွင်သာထိုင်ရသည်။
စားသောက်ပွဲစတော့မည်။ ဝိညာဉ်သစ်သီးမျိုးစုံ အကောင်းစားအရက်မျိုးစုံ စားပွဲများပေါ်တွင် ခင်းကျင်းထားသည်။ အဆင့်မြင့် မှော်စက်ဝန်းများကြောင့် ဝိညာဉ်သစ်သီးများက ရေနှင့်မျောပါမသွား။ အရက်များကလည်း ပင်လယ်ရေနှင့်ရောမသွား။
"နေမင်းနီသစ်သီး၊ ချီအားဖြည့်သစ်သီး....ဒီအကြီးအကဲက အတော်ရက်ရောတာပဲ"
မုန်ကျင်းကျိုး ခပ်ညှင်းညှင်းရယ်သည်။ ထိုသစ်သီးများသည် သူ့အတွက်ဘာမှမထူးဆန်းသော်လည်း သာမန်နတ်ဝိညာဉ်အဆင့်ကျင့်ကြံသူများအတွက် များစွာအထောက်အကူဖြစ်သည်။
ဘေးပတ်လည်စားပွဲများတွင်လည်း ဝိညာည်သစ်သီးများစွာ တည်ခင်းထားသည်။ တကယ်ခမ်းနားထည်ဝါသည့် ဧည့်ခံမှုဖြစ်သည်။
တစ်ခြားလူများ တီးတိုးဆွေးနွေးနေသံများကို လုယန်ကြားသည်။
"ဒီအကြီးအကဲဟာ အရင်က မဟာရှားမှာနေတာလို့ပြောတယ်။ သူ့ကျင့်စဉ်အဆင့်က အများကြီးခုန်တက်သွားတယ်။ သူပြန်လာတာ သုံးရက်ပဲရှိသေးတယ်တဲ့"
"မဟာရှားက တကယ့်ကို အခွင့်အလမ်းတွေပြည့်နေတဲ့ နေရာပဲ။ အုပ်ချုပ်ရေးသာ မတင်းကြပ်ရင် ငါလည်း မဟာရှားမှာ တိုးတက်အောင်ကြိုးစားမိမှာပဲ"
"မင်းပြောသလိုပဲ။ ဒီအကြီးအကဲက မုန်မိသားစုမျိုးနွယ်ခေါင်းဆောင်နဲ့လည်း သွေးသောက်ညီအကိုတွေလို့ကြားတယ်။ မသေမျိုးဂိုဏ်းတွေကို လွတ်လွတ်လပ်လပ်ဝင်ထွက်နိုင်တယ်တဲ့။
ဒီအကြီးအကဲက ဒီမှာပဲနေမှာလား။ မဟာရှားကိုပြန်ပြီး ဆက်ကျင့်ကြံဦးမလားဆိုတာတော့ မသိသေးဘူး"
လုယန် '..."
ထိုအကြီးအကဲ၏ အတွေ့အကြုံများကို အတော်ရင်းနှီးနေသလို ခံစားရသည်။
သူထပ်မစူးစမ်းနိုင်မီ စည်သံမောင်းသံများ ကြားရသည်။ စားသောက်ပွဲစတင်ကြောင်း ကြေညာသည်။ ရင်းနှီးနေသည့်သဏ္ဌာန်တစ်ခု ခန်းမရှေ့တွင် ပေါ်လာသည်။
ပုံမှန်ဟန်ပန်အမူအရာနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။ လောင်မာက မြင်းမပျိုနှစ်ကောင် တစ်ဘက်စီခြံရံ၍ လျှောက်လာသည်။ မြင်းမပျိုများကလည်း ရှက်သွေးဖြာနေသည်။ လောင်မာက မကြာခဏ သူတို့ကို ကျီစယ်နေသဖြင့် ပို၍ပင်ရှက်နေကြသည်။
လောင်မာ စိတ်လွတ်ကိုယ်လွတ်ရယ်မောနေသည်။ သူ့ကိုယ်သူ အတော်ကျေနပ်နေဟန်ရှိသည်။ ခွာကို ဟန်ပါပါမြှောက်၍ သူ့အရက်ခွက်ကိုကိုင်သည်။
"ဒီစားသောက်ပွဲဟာ ကျုပ်မဟာရှားကနေ ပြန်လာတဲ့အထိန်းအမှတ်နဲ့ ကျင်းပတာပါ။ အားနာဖို့မလိုဘူး။ အားလုံးပဲ စိတ်တိုင်းကျ စားသောက်ကြပါခင်ဗျား"
"အကြီးအကဲ၊ မဟာရှားကအတွေ့အကြုံတွေ ကျုပ်တို့ကို ပြောပြပါ"
ကြိုတင်ထည့်ထားသည့် သူ့လူယုံတစ်ယောက်က ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
လောင်မာက မငြင်း။ ဝင့်ကြွားရိပ်သန်းသည့်လေသံဖြင့် သူ့ဇာတ်လမ်းကို စပြောပြသည်။
"ကျုပ်ရဲ့မဟာရှားခရီးစဉ်က အတော်လေးအကျိုးရှိခဲ့ပါတယ်။ မသေမျိုးဂိုဏ်းမှာ နှစ်တွေအများကြီး ကျုပ်နေခဲ့တယ်။ အခွင်ထူးတွေ အများကြီးရတယ်။ ကူးဖြတ်ခြင်းအဆင့်ကျင့်ကြံသူတွေ အများကြီး မြင်ခဲ့ရတယ်။
ကျုပ်မတွေ့ချင်ရင်တောင် အဲလိုကူးဖြတ်ခြင်းအဆင့်တွေက ဝိုင်းအုံပြီး ရောက်လာကြတာ။ တားလို့ကိုမရဘူး"
"ဒါဆို ကူးဖြတ်ခြင်းအဆင့်တွေတိုက်ခိုက်တာကို အကြီးအကဲမြင်ဖူးခဲ့မှာပေါ့"
လောင်မာကို အထင်ကြီးလေးစားဟန်ဖြင့်လှမ်းကြည့်၍ သူ့လူယုံက ထပ်မေးပြန်သည်။
"ကူးဖြတ်ခြင်းအဆင့်တိုက်ပွဲတွေက ဘာများအဲလောက်ကြီးကျယ်နေလို့လဲ။ မသေမျိုးတစ်ဝက်တွေ တိုက်ခိုက်တာကိုတောင် ငါတွေ့ခဲ့ရတယ်။ တကယ်အမြင်ပွင့်ရတဲ့ အတွေ့အကြုံမျိုးပဲ။...ကဲ..လုပ်ပါ...သောက်ကြရအောင်"
လောင်မာ ခွက်ကိုမြှောက်၍ တစ်ခါတည်းမော့သောက်လိုက်သည်။
"အကြီးအကဲအတွက်"
လူအုပ်ကလည်း သံပြိုင်အော်၍ ခွက်မော့ကြသည်။
လောင်မာ အတော်စိတ်အားတက်ကြွနေသည်။ စင်မြင့်ပေါ်မှဆင်း၍ ကျင့်ကြံသူများနှင့် ခွက်ချင်းတိုက်၍ တစ်ခွက်ပြီးတစ်ခွက်သောက်သည်။ သူအတော်မူးလာသည်။
ကျင့်ကြံသူများကလည်း ထိုသို့အထူးအလေးပေးခံရသဖြင့် အံ့ဩဝမ်းသာဖြစ်နေကြသည်။
လောင်မာက ရှေ့ဆုံးစားပွဲမှ နောက်ဆုံးစားပွဲထိ ခွက်တိုက်မော့သောက်ရင်း လျှောက်လာသည်။
"ကဲ လာထား...သောက်မယ်"
လောင်မာ ခွက်ကိုမြှောက်၍ မော့ကြည့်လာသည်။
လုယန်နှင့်မျက်လုံးချင်းဆုံပြီးနောက် အတော်ကြာအောင် အသံတိတ်သွားသည်။
*******************************************