ယောင်ယောင်၏စွမ်းအား
Vol. 47 Ch. 656
ဝုန်း.....
ကြောက်မက်ဖွယ်ကောင်းသော သွေးနီရောင်ချီစွမ်းအင်များမှာ ပြင်းထန်လှသော စိတ်ဝိဉာဉ်စွမ်းအင်များနှင့် တွေ့ဆုံသွားကြသည်။ ကြမ်းတမ်းလှသော စွမ်းအင်လှိုင်းဂယက်များ ထွက်ပေါ်လာကာ ပတ်ဝန်းကျင်တစ်ခွင်လုံးအား ပျံ့နှံ့လွှမ်းခြုံသွား၏။
ကျန်းထိုက်ချင်၏ပုံရိပ်မှာ အဝေးသို့ လွင့်စင်သွားရသည်။ သူမ၏ လှပရွှန်းစိုသော မျက်ဝန်းလေးများမှာ အေးစက်ခက်ထန်မှုများဖြင့် ပြည့်နှက်နေရသည်။ နေ့တဝက်ကျော်မျှ တိုက်ခိုက်ပြီးသည့်တိုင် ကျန်းထိုက်ချင်မှာ ယောင်ယောင်အပေါ် အသာစီးရနိုင်ခြင်း မရှိသေးပေ။ ယောင်ယောင်၏ စိတ်ဝိဉာဉ်စွမ်းအင်မှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။
"အသုံးကိုမကျဘူး..."
ကျန်းထိုက်ချင်မှာ တောင်ထွတ်ပေါ်တွင် ပေါက်ကွဲသေဆုံးသွားရသော ကျင်းချန်းဇယ်အားကြည့်ကာ ကျိန်ဆဲလိုက်မိသည်။
မည်သို့ပင်ဆိုစေကာမူ ကျန်းထိုက်ချင်မှာ ကျင်းချန်းဇယ်နှင့် ဇူယွမ်တို့၏ တိုက်ပွဲရလဒ်အား လက်မခံနိုင် ဖြစ်နေရသည်။ ကျင်းချန်းဇယ်သည် သူမထက် အားနည်းသည်မှာ အမှန်ပင် ဖြစ်သည်။ သို့သော် သူမအနေဖြင့်ပင် ကျင်းချန်းဇယ်အား သတ်ဖြတ်နိုင်ရန် ခက်ခဲစွာ ကြိုးစားရလိမ့်မည် ဖြစ်သည်။ ယခုအခါတွင်မူ ကန်ရွှမ်းကလန်၏ တပည့်ခေါင်းဆောင် အဆင့်သာရှိသော ဇူယွမ်မှာ ကျင်းချန်းဇယ်အား အလွယ်တကူပင် သတ်ဖြတ်ပြသွားသည်။
ဇူယွမ်၏ တိုက်ပွဲစွမ်းရည်သည် အဘယ့်ကြောင့် ထိုမျှကြောက်စရာကောင်းနေရပါသနည်း....
ဝှစ်....
ကျန်းထိုက်ချင်မှာ အတွေးများကြား နစ်မြုပ်နေစဉ်မှာပင် စိတ်ဝိဉာဉ်သွေးအပ် ဆယ်ချောင်းမှာ သူမအနီးသို့ ရောက်ရှိလာ၏။
ဝုန်း....
ကျန်းထိုက်ချင်မှာ သွေးနီရောင် ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလျက် စိတ်ဝိဉာဉ်သွေးအပ်များအား ခုခံလိုက်သည်။ သူမသည် အေးစက်ခက်ထန်နေသည့် ယောင်ယောင်၏ ပုံရိပ်လေးအား ကြည့်ရှုလိုက်သည်။
ကျင်းချန်းဇယ်၏သေဆုံးမှုသည် မြင့်မြတ်သောနန်းတော်အတွက် ဆိုးရွားသော အကျိုးသက်ရောက်မှုများအား ဖြစ်ပေါ်စေကြောင်း ကျန်းထိုက်ချင်မှ ကောင်းစွာနားလည်ထားသည်။
ကျောင်းထိုက်ရှင်းမှာလည်း ချူချင်းအား အချိန်အတော်ကြာသည်အထိ အနိုင်တိုက်နိုင်ဦးမည် မဟုတ်ပါချေ။ ထို့ကြောင့် ကျန်းထိုက်ချင်သာ ယောင်ယောင်နှင့်တိုက်ပွဲအား လျင်မြန်စွာ အဆုံးသတ်နိုင်ခြင်း မရှိပါက ကျောက်စိမ်းပြားအား ပထမဆုံး ရယူနိုင်သည့်သူမှာ ဇူယွမ်ဖြစ်သွားပေလိမ့်မည်။
ထိုသို့သာ ဖြစ်သွားခဲ့ပါက ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း ကန်ရွှမ်းကလန်မှာ မြင့်မြတ်သောနန်းတော်အား အသာစီးရသွားလိမ့်မည်ပင် ဖြစ်သည်။
ထို့အပြင် မြင့်မြတ်သောနန်းတော်သို့ ပြန်လည်ရောက်ရှိသော အချိန်တွင်လည်း နန်းဆောင်သခင်၏ အပြစ်ပေးမှုအား ခံယူရဦးမည် ဖြစ်သည်။
ကျန်းထိုက်ချင်မှာ ရွေးချယ်စရာမရှိပဲ တိုက်ပွဲအား လျင်မြန်စွာ အဆုံးသတ်နိုင်ရန်သာ ဆုံးဖြတ်လိုက်သည်။
ယောင်ယောင်မှာ စိတ်ဝိဉာဉ်စွမ်းအင် အားကောင်းပါသော်လည်း ချီစွမ်းအင်အရာ၌ လွန်စွာအားနည်းသူ ဖြစ်သည်။ ထို့ကြောင့် ကျန်းထိုက်ချင်သာ အနီးကပ် တိုက်ခိုက်နိုင်မည်ဆိုပါက ယောင်ယောင်မှာ ခုခံနိုင်ခြင်းမရှိပဲ ရှုံးနိမ့်သွားရမည်ပင် ဖြစ်လေသည်။
သို့သော်....
ကျန်းထိုက်ချင်မှာ နှုတ်ခမ်းအစုံအား ရှုံ့မဲ့လိုက်မိသည်။ သူမသည် မမြင်နိုင်သော စိတ်ဝိဉာဉ်အကာအရံများမှ ယောင်ယောင်အား ကာကွယ်ပေးနေသည်ကို ကောင်းစွာခံစားနေမိသည်။ ထို့ကြောင့်ပင် သူမသည် ယောင်ယောင်၏အနီးသို့ ကပ်၍မရနိုင်ခြင်း ဖြစ်သည်။
ထိုစိတ်ဝိဉာဉ် အကာအရံများမှာ အလွန်ပင် မာကျောလွန်းလှပြီး ကျန်းထိုက်ချင်အတွက်ပင် ဖျက်စီးနိုင်ရန် ခက်ခဲနေရသည်။
မည်သို့ပင်ဆိုစေကာမူ ယခုအချိန်၌ ကျန်းထိုက်ချင်မှာ တွေဝေနေတော့မည် မဟုတ်ပေ။
ကျန်းထိုက်ချင်မှာ နီထွေးသော နှုတ်ခမ်းသားထက်၌ အေးစက်သော အပြုံးတစ်ခုကို လှပစွာ ချိတ်ဆွဲလိုက်ပြီးနောက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "သွေးလောင်ကျွမ်းခြင်း လျှို့ဝှက်ကျင့်စဉ်..."
ကျန်းထိုက်ချင်ထံမှ ပြင်းထန်လွန်းလှသော သွေးနီရောင်မီးတောက်များ ပေါက်ကွဲထွက်ပေါ်လာသည်။ လျှို့ဝှက်ကျင့်စဉ်အား အသုံးပြုလိုက်ခြင်းကြောင့် သူမ၏သွေးများမှာ ချီစွမ်းအင်များနှင့် ပေါင်းစပ်သွားခြင်း ဖြစ်၏။ ထိုကျင့်စဉ်အား အသုံးပြုလိုက်သည့်အတွက် ကုန်ဆုံးသွားရသည့်သွေးများအား အခြားသူများ၏ ခန္ဓာကိုယ်ထံမှ ရရှိသောသွေးများဖြင့်သာ ပြန်လည်ဖြည့်တင်းနိုင်လိမ့်မည် ဖြစ်သည်။
ကျန်းထိုက်ချင်မှာ အေးစက်ခက်ထန်သော မျက်ဝန်းများဖြင့် ယောင်ယောင်အားကြည့်ကာ ပြောလိုက်သည်။ "ကောင်မစုတ်လေး...ငါနင့်ကို ဘယ်လိုဖျက်စီးမလဲဆိုတာ စောင့်ကြည့်လိုက်။"
ဝှစ်...
ထိုစကားအား ဆိုပြီးသွားသည်နှင့်တစ်ပြိုင်နက် ကျန်းထိုက်ချင်ထံမှ မီးတောက်များအလား လောင်ကျွမ်းနေသော သွေးနီရောင် ချီစွမ်းအင်များ ထွက်ပေါ်လာကာ စိတ်ဝိဉာဉ် အကာအရံများအားလုံးကို ချိုးဖြတ်ပစ်လိုက်သည်။
ယောင်ယောင်မှာ အလျင်အမြန်ပင် အနောက်သို့ ဆုတ်ခွာသွား၏။
"နင်ကထွက်ပြေးချင်တာလား..." ကျန်းထိုက်ချင်မှ မထီမဲ့မြင် စကားဆိုလိုက်သည်။ ထို့နောက် ယောင်ယောင်၏အနီးသို့ လျင်မြန်စွာ ပျံဝဲသွားလိုက်၏။
"ကြီးမြတ်သောသွေးမိစ္ဆာကျင့်စဉ်..."
ကျင်းထိုက်ချင်၏ မြူနှင်းကဲ့သို့ ဖြူဖွေးသော အသားအရေမှာ သွေးနီရောင်အဖြစ် ပြောင်းလဲသွားရပြီးနောက် လက်သည်းများမှာလည်း ရုတ်ချည်းဆိုသလို ရှည်ထွက်လာရသည်။ သူမသည် စွမ်းအင်အကုန်အစင်အား အသုံးပြုကာ တိုက်ခိုက်ရန် ကြံရွယ်နေခြင်းပင် ဖြစ်သည်။
ကျန်းထိုက်ချင်၏ ယခုတစ်ခေါက် တိုက်ခိုက်မှုမှာ ကျောင်းထိုက်ရှင်းကဲ့သို့သော သူမျိုးသည်ပင် အတော်ခုခံရလိမ့်မည် ဖြစ်သည်။
ကျန်းထိုက်ချင်မှာ ယောင်ယောင်၏အနီးသို့ ရောက်ရှိသွားပြီးနောက် သူမ၏လက်သည်းများဖြင့် စိတ်ဝိဉာဉ် အကာအရံများအား ဆက်တိုက်ဆိုသလို ဆုတ်ဖြဲပစ်လိုက်သည်။
ထို့နောက် ယောင်ယောင်အားကြည့်ကာ မထီမဲ့မြင် စကားဆိုလိုက်၏။ "ချီစွမ်းအင်မရှိတော့ နင်ကစိတ်ဝိဉာဉ်စွမ်းအင်အပေါ်ကိုပဲ မှီခိုနေရတာမလား။ အခုငါက နင့်ရဲ့အကာအရံတွေကို ဖျက်စီးလိုက်ပြီဆိုတော့ နင်ဘာကိုအားကိုးနေဦးမှာလဲ။ နင့်ရဲ့ လှတပတ မျက်နှာလေးကို ငါတစ်ချက်ချင်းစီ ဆွဲကုတ်ပြဦးမယ်...ဟားဟား...."
ကျန်းထိုက်ချင်၏ လက်သည်းများမှာ အလင်းအလား လျင်မြန်လှသောအရှိန်ဖြင့် ယောင်ယောင်၏ ပါးနှစ်ဖက်ထံ ချိန်ရွယ်ထားလိုက်သည်။
စိတ်ဝိဉာဉ် အကာအရံများမှာ ယောင်ယောင်၏ရှေ့၌ ဆက်တိုက်ဆိုသလို ပေါ်ထွက်လာနေပါသော်လည်း ကျန်းထိုက်ချင်မှာ မြင်သမျှအရာအားလုံးကို ကုတ်ဆွဲကာ ဖျက်စီးနေလျက် ရှိသည်။
တောင်တန်းအပြင်ဖက်မှ စောင့်ကြည့်နေကြသော သူများသည်ပင် ကျန်းထိုက်ချင်၏ ရက်စက်ခက်ထန်လှသော တိုက်ခိုက်မှုအား အထိတ်တလန့် ဖြစ်နေကြရသည်။
အသက်ရှူချိန် အနည်းငယ်မျှသော အချိန်အတွင်းမှာပင် ကျန်းထိုက်ချင်၏ လက်သည်းများမှာ ယောင်ယောင်၏ ပါးပြင်အတွင်းသို့ စိုက်ဝင်သွားပြီ ဖြစ်သည်။
ကျန်းထိုက်ချင်မှာ ကျေနပ်အားရစွာဖြင့် နှုတ်ခမ်းများကို တွန့်ကွေးသွားအောင် ပြုံးလိုက်သည်။
ဤတစ်ကြိမ်တွင်တော့ ယောင်ယောင်အား သတ်ဖြတ်ပစ်နိုင်တော့မည်ပင် ဖြစ်သည်။
သို့သော် ယောင်ယောင်၏ ပါးပြင်ထံမှ မည်သည့်သွေးမှ ယိုစီးကျလာခြင်း မရှိသောကြောင့် ကျန်းထိုက်ချင်၏ အပြုံးများမှာ ချက်ချင်းဆိုသလို ပြန်လည်ပျောက်ကွယ်သွားရသည်။
ယောင်ယောင်၏ ပုံရိပ်မှာလည်း ဖြည်းညင်းစွာဖြင့် မှေးမှိန်လာပြီးနောက် မြူမှုန်များအဖြစ် ပျောက်ကွယ်သွားတော့သည်။
"စိတ်ဝိဉာဉ်လှည့်စားခြင်းလား...."
ကျန်းထိုက်ချင်၏ နှလုံးသားမှာ မယုံကြည်နိုင်သော စိတ်ခံစားချက်များဖြင့် ပြည့်နှက်နေရသည်။ သူမ၏ရှေ့တွင် ရှိနေသော ယောင်ယောင်၏ပုံရိပ်မှာ အမှန်တကယ်ပင် ပုံရိပ်ယောင် တစ်ခုပေလော။ ယောင်ယောင်၏ စိတ်ဝိဉာဉ်မှာ မည်မျှပင် သန်မာနေပါသနည်း။ သူမ၏စိတ်ဝိဉာဉ်ကို လှည့်စားပြီး ပုံရိပ်ယောင်တစ်ခု ပြုလုပ်နိုင်သည်အထိဆိုလျှင် ယောင်ယောင်၏ စိတ်ဝိဉာဉ်စွမ်းအင်မှာ မည်သည့်အဆင့်ထိပင် ရောက်ရှိနေပြီ ဖြစ်ပါသနည်း....။ တစ်နည်းအားဖြင့် ယောင်ယောင်မှာ သူမ၏စိတ်ဝိဉာဉ်အတွင်းသို့ အကွာအဝေးတစ်ခု၌တွင် လွတ်လပ်စွာဝင်ထွက်သွားလာနိုင်ခြင်းဖြစ်သည်။
ကျန်းထိုက်ချင်မှာ အနည်းငယ်မျှပင် တွေဝေမနေရဲတော့ပဲ ချက်ချင်းဆိုသလို လျင်မြန်စွာ ဆုတ်ခွာထွက်ပြေးလိုက်သည်။
ကျန်းထိုက်ချင်မှာ ဆုတ်ခွာထွက်ပြေးနေပါသော်လည်း ယောင်ယောင်၏ပုံရိပ်မှာ သူမ၏ရှေ့တွင် ပေါ်ပေါက်လာ၏။
ကျန်းထိုက်ချင်မှာ မည်မျှပင် လျင်မြန်စွာ ထွက်ပြေးနေစေပါမူ ယောင်ယောင်ထံမှ မလွတ်မြောက်နိုင်ပဲ ဖြစ်နေရသည်။
ထောက်....
သွယ်လျသော လက်ညှိုးလေးမှာ လေတိုးသံ တစ်စုံတစ်ရာပင် မကြားရပဲ ကျန်းထိုက်ချင်၏ မျက်ခုံးနှစ်ခုအကြားရှိ စိတ်ဝိဉာဉ်စွမ်းအင်ရှိသောနေရာအား ထိတွေ့လိုက်သည်။ ကျန်းထိုက်ချင်၏ စိတ်ဝိဉာဉ်မှာ ပြင်းထန်သော တိုက်ခိုက်မှုအား ခံစားလိုက်ရပြီပင် ဖြစ်၏။
"အား....."
ကျန်းထိုက်ချင်မှာ ကြောက်ရွံ့စွာဖြင့် အော်ဟစ်လိုက်သည်။ သူမ၏ မျက်လုံး၊ နှာခေါင်းနှင့် နားပေါက်များဆီမှ သွေးများယိုစီးကျလာသည်။
ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမျှပင် မြင်တွေ့ရခြင်း မရှိပါသော်လည်း ကျန်းထိုက်ချင်မှာ ရူးသွပ်နေသူတစ်ဦးကဲ့သို့ နာကျင်ထိတ်လန့်စွာ အော်ဟစ်နေလျက် ရှိသည်။
ယောင်ယောင်သည် ကျန်းထိုက်ချင်၏ စိတ်ဝိဉာဉ်အား တိုက်ရိုက်တိုက်ခိုက်လိုက်ခြင်းပင် ဖြစ်သည်။
ကျန်းထိုက်ချင်မှာ ပါးစပ်နှင့်အပြည့် သွေးများအား အန်ထုတ်လိုက်ရသည်။ သူမ၏ မျက်ခုံးအကြားတွင်လည်း အက်ကွဲရာတစ်ခု ပေါ်ပေါက်လာ၏။ ထိုသည်မှာ စိတ်ဝိဉာဉ် ပျက်စီးတော့မည့် အရိပ်အယောင်ပင် ဖြစ်သည်။ စိတ်ဝိဉာဉ် ပြိုကွဲပျက်စီးသွားသည်နှင့် ကျန်းထိုက်ချင်မှာလည်း အသက်ရှင်လျက် သေဆုံးနေသူတစ်ဦး ဖြစ်သွားရတော့မည်ပင် ဖြစ်သည်။
ကျန်းထိုက်ချင်မှာ အလွန်ပင် ကြောက်ရွံ့ထိတ်လန့်သွားရပြီးနောက် ချီစွမ်းအင်များအား မျက်ခုံးနှစ်ခုအကြားရှိ စိတ်ဝိဉာဉ်ရှိရာသို့ ပို့ဆောင်ကာ ကာကွယ်လိုက်သည်။ ထို့နောက် အနည်းငယ်မျှပင် တွေဝေမနေရဲတော့ပဲ မြင့်မြတ်သောနန်းတော်မှ တပည့်များရှိရာနေရာသို့ ဦးတည်ထွက်ပြေးသွားတော့၏။
အဘယ့်ကြောင့်ဆိုသော် တိုက်ပွဲနေရာ၌သာ ဆက်လက်ရှိနေပါက သူမ၏ စိတ်ဝိဉာဉ် အမှန်တကယ် ပျက်စီးသွားမည်ကို ကြောက်ရွံ့ထိတ်လန့်နေသောကြောင့်ပင် ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ကျန်းထိုက်ချင် ထွက်ပြေးသွားရသည်မှာ ယောင်ယောင်အား သိသာစွာရှုံးနိမ့်သွားရသည့် သဘောပင် ဖြစ်လေသည်။
ကျင်းချန်းဇယ်မှာ ဇူယွမ်၏လက်ချက်ဖြင့် သေဆုံးသွားရပြီဖြစ်ပြီး ကျန်းထိုက်ချင်မှာလည်း ယောင်ယောင်အား ရှုံးနိမ့်သွားရပြီပင် ဖြစ်သည်။ ထို့ကြောင့် မြင့်မြတ်သောနန်းတော်နှင့် ကန်ရွှမ်းကလန်တို့၏ တိုက်ပွဲရလဒ်မှာ ထင်ရှားစွာ ထွက်ပေါ်လာပြီဟု ဆိုနိုင်ပေသည်။
တောင်ထွတ်ပေါ်၌
ဇူယွမ်မှာ ကျန်းထိုက်ချင် ရှုံးနိမ့်သွားသည်အား မြင်တွေ့လိုက်ရပြီးနောက် စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချလိုက်မိသည်။ သူသည် ယောင်ယောင် တစ်စုံတစ်ခု ဖြစ်သွားခဲ့ပါက အလျင်အမြန် အကူအညီပေးရန် ပြင်ဆင်ကာ တိုက်ပွဲအား စောင့်ကြည့်နေခဲ့ခြင်းပင် ဖြစ်သည်။
သို့သော် ဇူယွမ်မှာ ယောင်ယောင်၏စွမ်းအင်အား အထင်အမြင် သေးခဲ့မိဟန် ရှိသည်။
ကျန်းထိုက်ချင်မှာ ပြောစမှတ်တွင်လောက်ပင် အရည်အချင်းရှိသူ ဖြစ်ပါသော်လည်း ယောင်ယောင်၏ စိတ်ဝိဉာဉ်စွမ်းအင်မှာ ပို၍ကြောက်မက်ဖွယ်ကောင်းပေသည်။
ဇူယွမ်မှာ မျက်နှာချင်းဆိုင် အနေအထားဖြင့် ရှိနေကြသော ချူချင်းနှင့် ကျောင်းထိုက်ရှင်းတို့အား ကြည့်ရှုလိုက်သည်။ ကျင်းချန်းဇယ်နှင့် ကျန်းထိုက်ချင်တို့နှစ်ဦးစလုံး တိုက်ပွဲရလဒ် မကောင်းခဲ့ကြသဖြင့် မြင့်မြတ်သောနန်းတော်၏ အနေအထားမှာ ဆိုးရွားရပြီပင် ဖြစ်သည်။
ကျောင်းထိုက်ရှင်း တစ်ဦးတည်းဖြင့် ထိုအခြေအနေအား မည်သို့မျှ ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် ဇူယွမ်မှာ ခေါင်းကိုခါယမ်းလိုက်ပြီးနောက် မည်သို့အခြေအနေကိုမျှ စိတ်မဝင်စားတော့ဟန်ဖြင့် တောင်ထွတ်ပေါ်ရှိ ကျောက်စိမ်းပြားကိုသာ ကြည့်ရှုလိုက်သည်။
ယခုအချိန်သည် အောင်မြင်မှု၏ အသီးအပွင့်များအား စားသုံးရမည့် အချိန်ပင် ဖြစ်သည်။
ထိုကျောက်စိမ်းပြားအတွင်း ရတနာများ မည်မျှပင် ရှိနေလိမ့်မည်ကိုတွေးတောရင်း ဇူယွမ်မှာ အလွန်ပင် စိတ်လှုပ်ရှားနေမိတော့သတည်း......