← Chapters

ပြီးပြည့်စုံခြင်း

Vol. 48 Ch. 660

ပြီးပြည့်စုံခြင်း

Vol. 48 Ch. 660

ဇူယွမ် အပြင်သို့ ပြန်လည်ရောက်ရှိသွားသည်နှင့်တစ်ပြိုင်နက် ကျောက်စိမ်းပြားမှာ စောင့်ကြည့်နေသော အကြည့်များစွာ၏အောက်တွင်ပင် အရည်ပျော်ကျသွားသည်။

ဤသို့ဖြင့် အသက်ရှူချိန် အနည်းငယ်မျှသော အချိန်အတွင်း၌ပင် ကျောက်စိမ်းပြားတစ်ခုလုံး ပျောက်ကွယ်သွားလေသည်။

စောင့်ကြည့်နေသော သူများမှာ ရုတ်တရက် ဖြစ်ပေါ်သွားသော အပြောင်းအလဲကြောင့် အလွန်အံ့အားသင့်သွားရသည်။

ဇူယွမ်မှာလည်း အခြားသူများနည်းတူ အံ့အားသင့်သွားရ၏။ အတွင်းတွင်ရှိနေသော ရတနာများအားလုံးကို သိမ်းဆည်းယူဆောင်လာခဲ့ခြင်းကြောင့် ယခုကဲ့သို့ ကျောက်စိမ်းပြား အရည်ပျော်သွားရခြင်းဖြစ်လိမ့်မည်ဟု တွေးတောလိုက်မိသည်။

ဇူယွမ်မှာ ထိုသို့တွေးတောလိုက်ပြီးနောက် တစ်ဖက်သို့ လှည့်ကြည့်လိုက်သောအခါတွင် ချူချင်း၊ ယောင်ယောင် ၊ လီချင်းချန်နှင့် အခြားသော ရွေးချယ်ခံများ ရောက်ရှိနေသည်ကို တွေ့ရှိလိုက်ရသည်။

မြင့်မြတ်သောနန်းတော်နဲ့တိုက်ပွဲက ပြီးသွားပြီလား.....

"ကျောင်းထိုက်ရှင်းက မြင့်မြတ်သောနန်းတော်က ရွေးချယ်ခံတွေကိုခေါ်ပြီး ဒီကနေသွားပြီ။" လီချင်းချန်မှာ တောက်ပနေသော မျက်ဝန်းများဖြင့် ဇူယွမ်အားကြည့်ကာ ပြုံး၍ပြောလိုက်သည်။

"မြင့်မြတ်သောနန်းတော်က လက်လျှော့သွားတာလား။" ဇူယွမ်မှာ အနည်းငယ် အံ့အားသင့်သွားရသည်။

လီချင်းချန်မှ ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။ " နင်က ကျင်းချန်းဇယ်ကိုသတ်ပြီး ယောင်ယောင်ကလည်း ကျန်းထိုက်ချင်ကို ဆိုးဆိုးရွားရွား ဒဏ်ရာရအောင် လုပ်လိုက်တာလေ။ အဲ့ဒါကြောင့် ကျောင်းထိုက်ရှင်းတစ်ယောက်တည်း ပေတေပြီး ဆက်တိုက်နေမယ်ဆိုရင် မြင့်မြတ်သောနန်းတော်က အများကြီးဆက်ပြီး ထိခိုက်လာဖို့ပဲ ရှိတော့တယ်။"

အခြားသော ရွေးချယ်ခံများမှာ ထူးဆန်းနေသော မျက်ဝန်းများဖြင့် ဇူယွမ်အား ကြည့်ရှုနေလျက် ရှိသည်။ ကျင်းချန်းဇယ်နှင့် ဇူယွမ်တို့၏ တိုက်ပွဲရလဒ်အား မျက်မြင်ကိုယ်တွေ့ သိရှိခဲ့ရခြင်း ဖြစ်ပါသော်လည်း ၎င်းတို့မှာ ယခုအချိန်ထိ မယုံကြည်နိုင် ဖြစ်နေကြရသည်။

ကျင်းချန်းဇယ်သည် ရှန်ဇူတိုက်ကြီး၏ ရွေးချယ်ခံများစာရင်းတွင် ပဉ္စမနေရာအား ရရှိထားသူဖြစ်ပြီး လီချင်းချန်နှင့် ခုန်းရှန်တို့ထက် ပိုမိုသာလွန်သူတစ်ဦး ဖြစ်သည်။

ရွေးချယ်ခံများမှာ တစ်ဦးကိုတစ်ဦး ကြည့်ရှုလိုက်မိကြသည်။ ကြည့်ရသည်မှာ ကန်ရွှမ်းကလန်၏ ရွေးချယ်ခံများ အဆင့်သတ်မှတ်ချက်တွင် အပြောင်းအလဲများ ဖြစ်ပေါ်လာတော့မည့်ပုံ ရသည်။

"ကျောက်စိမ်းပြားက မရှိတော့ဘူးလား။" ခုန်းရှန်မှ ဇူယွမ်အားကြည့်ကာ မေးလိုက်သည်။

"စိတ်မပူပါနဲ့။ အဲ့ထဲက ရတနာတွေအားလုံးကို ယူလာခဲ့ပါပြီ။" ဇူယွမ်မှ ချူချင်းအားကြည့်ကာ ပြောလိုက်သည်။ "ရောင်စဉ်ရှစ်သွယ် ရတနာသုံးခုနဲ့ ရောင်စဉ်ခုနစ်သွယ် ရတနာတွေကို ဆယ်နဲ့ချီပြီး ရခဲ့တယ်။ တခြားအဆင့်ရှိတဲ့ ရတနာတွေကတော့ တောင်ပုံရာပုံပဲ။"

ဇူယွမ်မှာ နတ်ဘုံခန်းဝါ ရတနာများနှင့်ပက်သတ်၍ ထိန်ချန်ထားခြင်းမရှိပဲ အကုန်အစင် ပြောပြလိုက်သည်။

ရွေးချယ်ခံများမှာ ဇူယွမ်၏စကားကြောင့် အလွန်ပင် အံ့အားသင့်သွားကြရသည်။ ချူချင်းသည်ပင် အံ့အားတကြီးဖြင့် ဦးခေါင်းအား ပွတ်သပ်လိုက်မိသည်။

အထူးတလည် အားထုတ်ကြိုးပမ်းခဲ့ကြပါသော်လည်း ယခုအချိန်ထိ ရွေးချယ်ခံများအကြားတွင် ရောင်စဉ်ခုနစ်သွယ် ရတနာအား မပိုင်ဆိုင်ရသေးသူများ ရှိနေသေးသည်။ သို့သော် ယခုဇူယွမ်၏ ပြောစကားအရ ရောင်စဉ်ခုနစ်သွယ် ရတနာများ ဆယ်နှင့်ချီ၍ ပါလာသည်ဟု သိရှိလိုက်ရသည်။

ထို့ကြောင့် ကန်ရွှမ်းကလန်၏ တပည့်များတွင် နတ်ဘုံခန်းဝါ နိဗ္ဗာန်ခုနစ်ခုအား ဖွင့်လှစ်နိုင်မည့်သူမှာ ဆယ်နှင့်ချီ၍ ရှိလာတော့မည်ဟူသော သဘောပင် ဖြစ်လေသည်။

အတိတ်ကာလ၌ဆိုလျှင်မူ ကလန်၏ အထူးချွန်ဆုံး ရွေးချယ်ခံဆယ်ဦးသည်ပင် နတ်ဘုံခန်းဝါ နိဗ္ဗာန်ခုနစ်ခုအား ပိုင်ဆိုင်နိုင်ရန်အတွက် နှစ်ပေါင်းများစွာ ကျင့်ကြံအားထုတ်ရလိမ့်မည် ဖြစ်သည်။

ထိုသည်ကို မဆိုထားနှင့်....ယခုဆိုလျှင် ရောင်စဉ်ရှစ်သွယ် ရတနာပင် သုံးခုမျှ ရရှိလာသည်ဟု သိရှိထားရသည်။

ကန်ရွှမ်းကလန်အတွင်း၌ နတ်ဘုံခန်းဝါ နိဗ္ဗာန်ရှစ်ခုအား ဖွင့်လှစ်ပိုင်ဆိုင်နိုင်သူ မရှိခဲ့သည်မှာ အချိန်အတော်ကြာမျှပင် ရှိနေပြီဖြစ်သည်။

"ရောင်စဉ်ရှစ်သွယ် ရတနာထဲကတစ်ခုကို ကျွန်တော်ယူထားလိုက်တယ်။" ဇူယွမ်မှ တည်ငြိမ်စွာပင် စကားဆိုလိုက်သည်။

ရွေးချယ်ခံများမှာ အံ့အားသင့်သွားကြရပါသော်လည်း ဇူယွမ်နှင့် အဆင်မပြေသော ခုန်းရှန်နှင့် ကျောင်းဇူတို့ကအစ မည်သည့်စကားမှ ကန့်ကွက်ပြောဆိုခြင်း မရှိကြပေ။ ယခုတိုက်ပွဲတွင် အားထုတ်မှုအများဆုံးသူမှာ ဇူယွမ်ဖြစ်ကြောင်း အားလုံးမှ ကောင်းစွာသိရှိထားကြသောကြောင့် ဖြစ်သည်။

ဇူယွမ်နှင့် ယောင်ယောင်သာ ကျင်းချန်းဇယ်နှင့် ကျန်းထိုက်ချင်တို့အား ကောင်းစွာမကိုင်တွယ်နိုင်ခဲ့ပါက ယခုတိုက်ပွဲ၏ရလဒ်မှာ များစွာပြောင်းလဲသွားနိုင်ပေသည်။ ချူချင်းမှာ မည်မျှပင် ရေကုန်ရေခမ်း တိုက်ခိုက်စေပါမူ ကျောင်းထိုက်ရှင်းနှင့် လက်ရည်တူညီနေသည့်အတွက် အလွန်ဆုံး ထိခိုက်ဒဏ်ရာ ရရုံမျှသာ ပြုလုပ်နိုင်လိမ့်မည် ဖြစ်သည်။ အကယ်၍ ဇူယွမ်နှင့် ယောင်ယောင် နေရာ၌သာ လီချင်းချန်နှင့် ခုန်းရှန် ဖြစ်နေခဲ့ပါက ကျင်းချန်းဇယ်နှင့် ကျန်းထိုက်ချင်တို့အား ရှုံးနိမ့်သွားရန် ဖြစ်နိုင်ခြေများ၏။

ထိုသို့သာ ဖြစ်သွားခဲ့ပါက တောင်ထွတ်ထံမှ ဆုတ်ခွာထွက်ပြေးရသည်မှာ ကန်ရွှမ်းကလန်သာ ဖြစ်သွားရပေလိမ့်မည်။

ထို့အတွက်ကြောင့် ဇူယွမ်ကိုသာ ရောင်စဥ်ရှစ်သွယ် ရတနာအား ရယူရန် အရည်အချင်းမရှိဟု သတ်မှတ်ပါက မည်သည့်ရွေးချယ်ခံကမှ ရောင်စဉ်ရှစ်သွယ် ရတနာနှင့် ထိုက်တန်တော့မည် မဟုတ်ပေ။

ချူချင်းမှာ သွားများပေါ်အောင် ရယ်မောလျက် ပြောလိုက်သည်။ "မင်းအသက်နဲ့ရင်းပြီးတောင် တိုက်ထားရတဲ့ တိုက်ပွဲပဲဟာ။ ယူသင့်ပါတယ်။"

"ကျေးဇူးတင်ပါတယ် စီနီယာအကိုတော်..." ဇူယွမ်မှ ပြုံးကာပြောလိုက်သည်။ "ဒီနေရာမှာ လူတွေအများကြီးရှိနေလို့ ရတနာတွေကို သိမ်းထားလိုက်ဦးမယ်။ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာထဲက ကိစ္စတွေပြီးရင်တော့ ကျွန်တော်ထုတ်ပေးပါ့မယ်။"

ချူချင်းနှင့် အခြားသော ရွေးချယ်ခံများမှာ ဇူယွမ်၏စကားအား ခေါင်းညိတ်လက်ခံလိုက်ကြသည်။ ကန်ရွှမ်းကောင်းကင်ဒေသတွင် ရှိနေသော ကလန်များအားလုံးမှာ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း စုဝေးရောက်ရှိနေကြခြင်း ဖြစ်သည်။ ထို့ကြောင့် များပြားလှသော နတ်ဘုံခန်းဝါ ရတနာများ ရရှိလာသည်ကို သိရှိသွားပါက အခြေအနေများ ထပ်မံပြောင်းလဲသွားနိုင်ပေသည်။

"ရှန်းဟွပုံရိပ်ယောင်ကမ္ဘာကိုလာရတဲ့ ငါတို့ရည်ရွယ်ချက်ကတော့ ပြီးမြောက်သွားပြီ။ အဲ့ဒါကြောင့် တိုက်ပွဲရလဒ်တွေ ထွက်လာတဲ့အခါကြရင် ပြန်ကြတာပေါ့။"

ချူချင်းမှ စကားဆိုလိုက်သည်။ "ငါ့ရဲ့ရွှေလွန်းကို ကျောင်းထိုက်ရှင်းနဲ့ မစမ်းလိုက်ရတာတော့ စိတ်မကောင်းဘူး။"

လီချင်းချန်မှ ချူချင်းအား မျက်စောင်းထိုးကာ ပြောလိုက်သည်။ "နင့်ရဲ့ရွှေလွန်းက ပြီးပြည့်စုံသေးတာလည်း မဟုတ်ပဲနဲ့။ သုံးလိုက်တာနဲ့ နင့်ရဲ့နှစ်ပေါင်းများစွာ ကျင့်ကြံထားရတွေအကုန် ရေစုန်မျောမှာလေ။ ပြီးတော့ အဲ့ဒါလောက်နဲ့ ကျောင်းထိုက်ရှင်းကို သတ်လို့ရမှာကြနေတာပဲ။"

ကျောင်းထိုက်ရှင်းမှာ ရွေးချယ်ခံများ အဆင့်သတ်မှတ်ချက်တွင် နံပါတ်တစ်နေရာအား ရရှိထားသူ ဖြစ်သည်။ ချူချင်း အလွန်သန်မာသည်မှာ မှန်ကန်ပါသော်လည်း နှစ်ဦးနှစ်ဖက်သာ အသေအကြေ တိုက်ခိုက်ခဲ့ပါက ချူချင်းရရှိမည့် ထိခိုက်ဒဏ်ရာသည် ကျောင်းထိုက်ရှင်းထက် ပိုမိုဆိုးရွားနေပေလိမ့်မည်။

ဇူယွမ်မှ ခေါင်းအားမော့ကာ ပတ်ဝန်းကျင်အား လှမ်းမျှော်ကြည့်လျက် မေးမြန်းလိုက်သည်။ "အခု မြင့်မြတ်သောနန်းတော်က ဘယ်တောင်ထွတ်ကို ရွေးသွားတာလဲ။"

ရောင်စဉ်ရှစ်သွယ် ရတနာရှိနေသော အခြားတောင်ထွတ်နှစ်ခုအား ရယူနိုင်ရန် အင်အားကြီးကလန်ကြီး လေးခုမှ တိုက်ခိုက်ယှဉ်ပြိုင်နေကြခြင်း ဖြစ်သည်။ ထို့ကြောင့် မြင့်မြတ်သောနန်းတော်သာ ထိုတောင်ထွတ်နှစ်ခုထဲမှ တစ်ခုအား ရွေးချယ်ခဲ့ပါက အင်အားကြီးကလန်ကြီးများနှင့် ဆက်လက်ရင်ဆိုင်ရဦးမည်ပင် ဖြစ်သည်။

"ဓားလမ်းစဉ်ကလန်နဲ့ ​မြောက်ပိုင်းနဂါးပင်လယ်ခန်းမတို့ တိုက်နေကြတဲ့တောင်ထွတ်ကို ရွေးသွားတာ။" ယဲ့ကယ်မှ ဖြေကြားလိုက်သည်။

ဇူယွမ်မှာ အဝေးတွင်ရှိနေသော တောင်ထွတ်တစ်ခုအား လှမ်းမျှော်ကြည့်ရှုလိုက်သည်။ မြင့်မြတ်သောနန်းတော်ပါ ပါဝင်နေသောကြောင့် အင်အားကြီးကလန်ကြီး သုံးခု၏တိုက်ပွဲသည် ရှုပ်ထွေးပွေလီနေလျက် ရှိ၏။

"ဓားလမ်းစဉ်ကလန်က ကျူံးမင်က ရွေးချယ်ခံ အဆင့်သတ်မှတ်ချက်မှာ နံပါတ်လေး ချိတ်ထားတာလေ။ မြောက်ပိုင်းနဂါးပင်လယ်ခန်းမက ထန်ရှောင်ကတော့ ရွေးချယ်ခံ အဆင့်သတ်မှတ်ချက်မှာ နံပါတ်ခုနစ်။ အဲ့ဒါကြောင့် သူတို့နှစ်ယောက်လုံးကို အထင်သေးလို့တော့ မရဘူး။ ဒါပေမယ့် သူတို့နှစ်ယောက်လုံး ပေါင်းတိုက်မယ်ဆိုရင်တောင် ကျောင်းထိုက်ရှင်းကို နိုင်မှာမဟုတ်ဘူး။" ချူချင်းမှ စကားဆိုလိုက်သည်။

"အသေအကြေ တိုက်ကြမယ်ဆိုရင်တော့ မြင့်မြတ်သောနန်းတော်လည်း ထိခိုက်နစ်နာမှုရှိမှာ အမှန်ပဲ။" လီချင်းချန်မှ ပြောလိုက်သည်။

ချူချင်းမှ ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ "အဲ့လောက်ထိတော့ တိုက်ကြမယ်မထင်မိဘူး။"

မြင့်မြတ်သောနန်းတော် အနေဖြင့်ရော၊ ဓားလမ်းစဉ်ကလန်နှင့် မြောက်ပိုင်းနဂါးပင်လယ်ခန်းမတို့ အနေဖြင့်ပါ ထိခိုက်နစ်နာမှု များစွာဖြစ်ပေါ်သွားခဲ့ပါက အခြားကျောက်စိမ်းပြားများအား ယှဉ်ပြိုင်ရယူရန် အခွင့်အရေး နည်းပါးသွားလိမ့်မည် ဖြစ်သည်။

ဇူယွမ်မှာ အနည်းငယ် တွေဝေနေဟန်ဖြင့် ပြောလိုက်သည်။ "ကျွန်တော်တို့ သူတို့ကို နည်းနည်းပါးပါး အနှောင့်အယှက် သွားပေးရင် မကောင်းဘူးလား။"

မြင့်မြတ်သောနန်းတော်နှင့် ကန်ရွှမ်းကလန်အကြားရှိ ပဋိပက္ခမှာ သေးငယ်သောအရာတစ်ခု မဟုတ်ပေ။ ထို့ကြောင့် မြင့်မြတ်သောနန်းတော်အား ဒုက္ခပေးနိုင်လေလေ ကန်ရွှမ်းကလန်မှာ စိတ်ကျေနပ်မှုရလေလေပင် ဖြစ်သည်။

ချူချင်းမှ ခေါင်းကိုခါယမ်းကာ စကားဆိုလိုက်သည်။ "မြင့်မြတ်သောနန်းတော်က ငါတို့ကို အရေးနိမ့်ထားတယ်ဆိုပေမယ့် ကျောင်းထိုက်ရှင်းက သွားထိလို့ကောင်းတဲ့သူ မဟုတ်ဘူး။ သူသာ စိတ်လွတ်ပြီး အသေတိုက်ခိုက်မယ်ဆိုရင် ငါတို့ထဲက တစ်ယောက်ယောက်က ကျင်းချန်းဇယ်နောက်ကို လိုက်သွားရလိမ့်မယ်။"

ရွေးချယ်ခံများမှာ ချူချင်း၏စကားကြောင့် ကြက်သီးမွှေးညှင်းများပင် ထသွားကြရသည်။

ချူချင်းမှ ပြုံးကာပြောလိုက်သည်။ "ဒီတစ်ခေါက် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာထဲကို လာရတာက ငါတို့ကန်ရွှမ်းကလန်အတွက် အထိအခိုက် အနည်းဆုံးပဲ။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ နတ်ဘုံခန်းဝါ ရတနာတွေ များများရနိုင်ဖို့က ငါ့ရဲ့ဒုတိယဆန္ဒပဲ။ ငါ့ရဲ့အကြီးဆုံး စိတ်ဆန္ဒကတော့ မင်းတို့အကုန်လုံးကို ဘေးကင်းကင်းနဲ့ ကလန်ကို ပြန်ရောက်စေချင်တာ။"

အခြားသော ရွေးချယ်ခံများမှ ချူချင်း၏စကားအား ခေါင်းညိတ်လက်ခံလိုက်ကြသည်။

"ဒါပေမယ့်...." ချူချင်း၏စကားသံမှာ ရုတ်ချည်းဆိုသလို အနည်းငယ် ခက်ထန်သွားသည်။ "မြင့်မြတ်သောနန်းတော်ကို သွားထိလို့မကောင်းဘူးဆိုပေမယ့် ငါတို့တခြားကလန်ကိုတော့ သွားအနှောင့်အယှက်ပေးလို့ ရတယ်လေ။"

"မြင့်မြတ်သောနန်းတော်နဲ့ ကောင်းကင်တစ္ဆေကလန်က တော်တော်ရင်းနှီးကြတယ်။ မြင့်မြတ်သောနန်းတော်က ယောင်ယောင့်ကို ထောင်ချောက်ဆင်တဲ့ကိစ္စမှာ ကောင်းကင်တစ္ဆေကလန်ကလည်း အကူအညီပေးခဲ့တယ်။ ဒါပေမယ့် အဲ့ကိစ္စကို အရင်က ငါတို့မဖြေရှင်းခဲ့ရဘူး။ အခုတော့ ကောင်းကင်တစ္ဆေကလန်က အလှပန်းတစ်ရာနန်းတော်နဲ့ တိုက်ခိုက်နေကြတယ်။ ငါတို့ကန်ရွှမ်းကလန်က အလှပန်းတစ်ရာနန်းတော်ဖက်ကနေ ကူတိုက်ပေးပြီး အရင်တစ်ခါက ရန်ကြွေးကို ပြန်ယူကြမယ်ဆိုရင်ရော ဘယ်လိုလဲ။"

အခြားသော ရွေးချယ်ခံများမှာ အားရဝမ်းသာဖြင့် ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။ ယခုတိုက်ပွဲအတွင်း ဇူယွမ်၊ ယောင်ယောင်နှင့် ချူချင်းတို့ကသာ တိုက်ခိုက်ခဲ့ကြသဖြင့် ၎င်းတို့မှာလည်း လက်ရည်စမ်းချင်နေကြလေသည်။

ယောင်ယောင်မှာ ဇူယွမ်နှင့် အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက် ချူချင်းအားကြည့်ကာ အသိအမှတ်ပြုဟန်ဖြင့် ပြောလိုက်သည်။ "နင့်လိုငပျင်းက ကန်ရွှမ်းကလန်ရဲ့ နံပါတ်တစ် ရွေးချယ်ခံနေရာနဲ့ တန်တဲ့စကားမျိုး ပြောလာလိမ့်မယ်လို့တောင် မထင်ထားမိဘူး။"

ချူချင်း၏ နှုတ်ခမ်းအစုံမှာ ရှုံ့မဲ့သွားရသည်။ ငါပုံမှန်ဆို အဲ့လောက်ဆိုးနေလို့လား....

ဇူယွမ်မှာ ခပ်ဖွဖွ ပြုံးလိုက်ပြီးနောက် အလှပန်းတစ်ရာနန်းတော်နှင့် ကောင်းကင်တစ္ဆေကလန်တို့ တိုက်ခိုက်နေကြသောနေရာအား လှမ်း၍ကြည့်ရှုလိုက်သည်။ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာသို့ ထွက်ခွာလာသော ခရီးစဉ်၌ ကောင်းကင်တစ္ဆေကလန်အား ဆူးငြှောင့်ခလုတ်တစ်ခုအဖြစ် ယူဆသတ်မှတ်နိုင်ပေသည်။

ထိုဆူးငြှောင့်ခလုတ်အား ဖယ်ရှားအနိုင်ယူနိုင်ခဲ့ပါက ရှန်းဟွပုံရိပ်ယောင်ကမ္ဘာသို့ ထွက်ခွာလာသော ကန်ရွှမ်းကလန်၏ ခရီးစဉ်မှာ ပြီးပြည့်စုံသွားရတော့မည်ပင် ဖြစ်ပေတော့သတည်း......

All Chapters