← Chapters

အခန်း (၆-၁၀)

Vol. 1 Ch. 6-10

အခန်း (၆-၁၀)

Vol. 1 Ch. 6-10

Inscriptions of Enlightenmentရဲ့ နာမည်အရင်းက Tao Te Ching ပါ......တာအိုပညာရပ်ကို စတင်တည်ထောင်သူ လောင်ဇူး ရေးသားခဲ့တာဖြစ်ပါတယ်...

လူသားဧကရာဇ်

ဘာသာပြန်သူ - Xoxay

Chapter 6.

လူကြီးလူကောင်းဆန်ဆန် လက်စားချေခြင်းဟူသည်

ထိုသူငယ်မလေးအတွက်မူ အပြောနှင့် မလုံလောက်နိုင်ပေ။ သူမကိုယ့တိုင် ရိုက်နှက်ချင်နေသေး။ သူမ၏ ထိတ်လန့်ဖွယ်စွမ်းရည်ကို ဝမ်ချောင် သိထားကာ အကယ်၍ သူမဒေါသဖြင့် ရိုက်နှက်ခွင့်သာ ပြုခဲ့ပါက မာကျောက်သည် ထိုနေရာတွင်ပင် သေဆုံးသွားပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူ့အစီအစဉ်များသည်လည်း လွဲချော်သွားပေလိမ့်မည်။

" ညီမလေး စိတ်လျှော့ပါဦး "

ဝမ်ချောင်သည် သူ့ညီမ၏ ပုခုံးအား ပုတ်လိုက်ကာ

အလျင်အမြန် ချော့လိုက်ရသည်။

" ဒီကိစ္စသေးသေးလေးကို ငါ့ကို လွှဲထားစမ်းပါ..

မမေ့နဲ့နော် ငါတို့သဘောတူညီချက်ရှိသေးတယ်..

ငါပြောတာ နားမထောင်ဘူးဆိုရင် နောက်အပြင်ထွက်ရင် နင့်ကိုမခေါ်တော့ဘူး.. "

" အာ.... "

ယောင်အာသည် ပဋိပက္ခဖြစ်နေသည်။

သူမ၏အစ်ကို တစ်ပတ်ခန့် အကျဥ်းချခံရသည့်အကြောင်းရင်းမှာ ထိုမျိုးမစစ်ကောင် မာကျောက်၏ လက်ချက်မှန်း သူမ သိလေသည်။

သူမ၏ ပင်ကိုစရိုက်အားဖြင့်ဆိုလျှင် သူမ၏မိသားစုအား ထိခိုက်နစ်နာစေရန် လုပ်ဝံ့သူတစ်ဦးကို လက်သီးတစ်ချက်ဖြင့်ပင် ဇီဝိန်ချုပ်လိုက်ပေလိမ့်မည်။ သို့သော် သူမအစ်ကို၏ စကားများကို မလွန်ဆန်နိုင်ပေ။

" ဟုတ်ပါပြီ ... "

အဆုံးတွင် ယောင်အာ သူမ၏ခေါင်းအား နှိမ့်ချလျက် ဝမ်ချောင်၏စကားကို နာခံရန်သာ ဆုံးဖြတ်လိုက်သည်။

ဝမ်ချောင် ပြုံးလိုက်သည်။ ဤသည်က သူသိထားသော သူ၏ညီမငယ်လေးပင်။

" မာကျောက် ဖြစ်ခဲ့သမျှကို အတိတ်မှာပဲထားလိုက်မယ်ဆိုရင်တောင်မှ မင်းက ငါ့နာမည်ကိုသုံးပြီး နေ့ခင်းကြောင်တောင် မိန်းကလေးတစ်ယောက်ကို မုဒိန်းကျင့်လိုက်သေးတယ်.. မင်းလုပ်သမျှအားလုံး ငါမသိဘူးလို့များ မင်းထင်နေတာလား "

ဝမ်ချောင်က မတူညီစွာပင် ပြန်ပြောလိုက်သည်။

မာကျောက်အား ကြည့်နေသော သူ၏အကြည့်သည် စူးရှနေပြီး တစ်ဖက်သား၏ အရိုးများကိုပင် ထိုးဖောက်မြင်နေသည်ဟု ထင်ရသည်။ အကြောင်းရင်းတစ်ချို့ကြောင့် လူတိုင်းသည် အလွန်ထိတ်လန့်တုန်လှုပ်နေကာ အခြေအနေမကောင်းတော့မှန်း ခံစားနေရသည်။ ဝမ်ချောင်သည် လုံးဝကွဲပြားခြားနားသော လူတစ်ယောက် ဖြစ်သွားသကဲ့သို့ပင်။

" အခြေအနေကတော့ ပေါက်ကွဲနေပြီ "

" သည်ကောင်က အားလုံးကို သိနေခဲ့တာပဲ "

" လအုပဲ...ဘယ်ကောင်က သူ့ကိုပြောပြလိုက်တာတုန်းဟ.... "

......

ယနေ့ ၎င်းတို့ ဝမ်ချောင်အား ဉာဏ်အလင်းပွင့်သွားသောကြောင့် သူ၏အိပ်မက်များမှ ရုတ်တရက် နိုးထလာသည် ဟုသာ ထင်နေကြသည်။ ထိုလူငယ်မျိုးဆက်သစ်များက ချက်ချင်း နောက်သို့ဆုတ်ခွာသွားကြသည်။ မသိမသာပင် ဤကိစ္စမှာ ငြိမ်းချမ်းစွာ ဖြေရှင်းရန်မဖြစ်နိုင်တော့ဟု ခံစားမိကြသည်။

အခြားတစ်ဖက်တွင်မူ မာကျောက်၏မျက်နှာ၌ မယုံနိုင်ခြင်းနှင့် ထိတ်လန့်ခြင်းတို့က ရောင်ပြန်ဟပ်နေသည်။ နောက်ဆုံး၌ အရာအားလုံး နေသားတကျပြန်ဖြစ်သွားကာ သူ၏ ပါးပြင်အား ပွတ်သပ်နေသော ညာလက်ကိုပင် ပြန်ချလိုက်သည်။

အမှန်အတိုင်းပြောရလျှင် မာကျောက်သည် ဝမ်ချောင်တစ်ယောက် ရုတ်တရက် ဉာဏ်ကောင်းလာလိမ့်မည်ဟု မထင်မှတ်ထားပါ။ ဝမ်ချောင်အား မည်သည့်အရာမျှ ထပ်မံ ဖုံးကွယ်ထား၍ မရတော့ဟု ခံစားနေရသည်။

အတိတ်မှ ဖြစ်ခဲ့သမျှ အရာအားလုံးအား ဖော်ထုတ်ခံလိုက်ရသည်တွင်...

" ဝမ်ချောင်...ဒါက မင်းကိုယ်တိုင်တောင်းဆိုလိုက်တဲ့အရာပဲ "

မှောင်မဲနေသောမျက်နှာ(မျက်နှာပျက်စွာ)နှင့် မာကျောက်သည် ကြမ်းတမ်းစွာ အော်ဟစ်လိုက်သည်။

အရာအားလုံး ဖြစ်ပျက်နိုင်လျှင်တောင်မှ ဝမ်ချောင်မှာ ဤမျှလောက်များစွာသော ညီအစ်ကိုများရှေ့တွင် သူ့အား ဘယ်သောအခါမျှ ပါးမရိုက်သင့်ပါ။

သူ၏မာနကြောင့် ထိုကိစ္စသည် သူ၏အလိမ်အညာတစ်ခုသာဖြစ်ကြောင်း မည်သို့ထင်မြင်ခွင့်ပြုနိုင်မည်နည်း။

ထို့အပြင် မာကျောက်သည် အရာအားလုံးအား မသိသာစေသင့်ပေ။ အကယ်၍ သူသည် အမှန်ပင် ဉာဏ်ကောင်းသူ ဖြစ်ပါက စကားဆက်ပြောမည့်အစား ဤကိစ္စအား ရှောင်ဖယ်ရန်ကြိုးစားပေလိမ့်မည်။ အနာဂတ်တွင် အလွန်ဆုံးအနေဖြင့် လမ်းပေါ်မထွက်တော့ရန် ရွေးချယ်နိုင်ပေသေးသည်။

အခြားသူများနှင့်အတူ လည်ပတ်ချိန် လျော့ချလိုက်ခြင်းက ဤကိစ္စထပ်ပိုကောင်းပေသည်။

မာကျောက်က သူ့အား ' ချောင်သခင်လေး ' ဟု ခေါ်ခဲ့သည်အတွက်ကြောင့် သူသည် အုပ်စု၏

' ခေါင်းဆောင် ' ဖြစ်သည်ဟု ဝမ်ချောင် ထင်နေသလားပင်မသိ။

မာကျောက်သည် အေးစက်စက်နှင့် မာနထောင်လွှားစွာ ဝမ်ချောင်အား စိုက်ကြည့်နေပြီး ထိုအချိန်၌ သူ၏အကြည့်ထဲတွင် အထင်အမြင်သေးမှု လှောင်ပြောင်လိုမှုများအား ဖုံးကွယ်ရန်ပင် မကြိုးစားတော့ပေ။

" ငလူးပဲ....မာကျောက် ဒေါသထွက်နေပြီဟ "

" ဘောတွေဖြစ်နေတာလား ငါတို့မြန်မြန်ထွက်ပြေးကြတာကောင်းမယ်...မာကျောက် ဒေါသထွက်တာက ရယ်စရာ မဟုတ်ဘူး "

" နောက်ဆုံးတစ်ခေါက် မာကျောက်က အရိုးနှိုးထခြင်းနယ်ပယ်က မျိုးဆက်သစ်တစ်ယောက်နဲ့ တိုက်ခိုက်ခဲ့သေးတယ်...ဝမ်ချောင်က သွေးနှိုးထခြင်းနယ်ပယ်ပဲ ရှိသေးတာမလား...ဒါတောင် မာကျောက်ကို ဒေါကန်အောင် စရဲတယ်ဆိုတော့ ဒီကောင် ဒုက္ခနဲ့ လှလှ တွေ့ချင်လို့ပဲ ဖြစ်ရမယ်... "

....................

အံ့အားသင့်မှု မယုံကြည်နိုင်မှုများပြည့်နှက်နေသည့် ခပ်ညစ်ညစ် လူငယ်များ၏ မျက်နှာတွင် နှစ်ထောင်းအားရခြင်းများက အစားထိုးဝင်လာသည်။

မာကျောက်က ကိုယ်ကျင့်တရား မကောင်းသူဖြစ်သော်လည်း အခြားသူများသည်လည်း အရူးမဟုတ်ပေ။ သူ့တွင် စွမ်းဆောင်နိုင်စွမ်းမရှိလျှင် သူတို့၏ခေါင်းဆောင် အဖြစ်နေရန် အကြောင်းပြချက် မရှိပေ။

ထိုသူမှာက အလွယ်တကူ ခမ့်မှန်း၍ ရနိုင်သူမဟုတ်ပေ။

ဝမ်ချောင်သည် မာကျောက်၏ ထိုးချက်များကြောင့် သွားများ လမ်းတစ်ဝိုက်တွင် ပြန့်ကျဲနေမည်ကို ကြည့်ရန် လူတိုင်း၏စိတ်ထဲတွင် ကြိုပြင်ဆင်ထားကြပြီးဖြစ်သည်။

ယခုတွင် မာကျောက် စိတ်မသက်မသာ ဖြစ်နေသည်။ အလွန်အမင်းကို မသက်မသာ ဖြစ်နေခြင်းပင်။

ဝမ်ချောင်မှာ သူ့လက်အောက်ရှိ ရုပ်သေးတစ်ခုသာ ဖြစ်သော်လည်း ယခု ထိုရုပ်သေးက သူခေါင်းပေါ်တက်၍ ချီးပါနေပြီ ဖြစ်ရာ မာကျောက် အဘယ်သို့ လက်ခံနိုင်မည်နည်း။

Kacha!!!

မာကျောက်၏ ခန္ဓာကိုယ်မှ အရိုးကွဲအက်နေသည့် အသံများကို ကြားလိုက်ရသည်။ သွေးသည် သူ၏ခန္ဓာကိုယ်တွင် မြင့်တက်လာပြီး ချောင်းတစ်ခုကဲ့သို့ တည်ငြိမ်စွာစီးဆင်းနေကာ စွမ်းအားကြီးသော ခွန်အားသည် သူ၏ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာသည်။

" နှိုးထခြင်း အလယ်အလတ်နယ်ပယ် "

မာကျောက်၏ ခွန်အားသည် မူလစွမ်းအင် အဆင့်လေးသို့ ရောက်ရှိနေပြီးဖြစ်ကာ သူ၏အရိုးထဲမှ အညစ်အကြေးများအား ဆေးကြောသန့်စင်ရန် မူလစွမ်းအင်ကို ဆွဲယူနိုင်သည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ သူသည် မူလစွမ်းအင် အဆင့်သုံး တွင်သာရှိနေသေးသည့် ချောင်သခင်လေးနှင့် နှိုင်းယှဉ်လျှင် ပိုမိုအားကောင်းနေသည်။

" မင်းကများ ငါ့ကို အရိုသေမဲ့ရဲတယ် မင်း ဒါကိုတောင်းဆိုနေတာမဟုတ်လားကွ... "

မာကျောက် ကြမ်းကြုတ်စွာ ရယ်မောလိုက်သည်။

" အော်..ဟုတ်လား "

ဝမ်ချောင်က အေးအေးဆေးဆေး ပြုံးပြလိုက်ပြီး သူ့မျက်လုံးထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်အား မတွေ့ရပေ။ မာကျောက် အနည်းငယ် တွန့်ဆုတ်သွားသည်။ အကြောင်းပြချက်တစ်ချို့ကြောင့် ဝမ်ချောင် သူ့အပေါ် ထုတ်လွှတ်နေသည့် ခံစားချက်မှာ

အလွန်ကို့ရို့ကားယားနိုင်လှပြီး ဝမ်ချောင်အား လုံးဝမတူညီသော သူတစ်ယောက်အဖြစ် ထင်မှတ်စေသည်။

ထိုကိစ္စအား ဘေးဖယ်ထားလိုက်ကာ မာကျောက် ရှေ့တိုးလာပြီး မိုးကြိုးပစ်သကဲ့သို့ ဝမ်ချောင်ဆီသို့

ဦးတည်၍ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။

Kacha!!!

အရိုးကျိုးသံသဲ့သဲ့ လေထဲတွင် ထွက်ပေါ်လာသည်။

မာကျောက်က ဝမ်ချောင်၏ အရိုးများကျိုးပဲ့သံကို ကြားလိုက်ပုံရသည်။ အောင်ပွဲပင် မခံရသေးမှီ နံဘေးမှ ဟစ်အော်သံများအား ကြားလိုက်ရသည်က။

" မာ...မာ....မာသခင်လေး...မင်းရဲ့နှာခေါင်း "

" ငါ့နှာခေါင်းက ဘာဖြစ်နေလို့တုန်း "

မာကျောက် ထိုသူတို့၏ စကားများကြောင့် အလွန်အံ့အားသင့်သွားကာ အတွေးတစ်ချို့ သူ့စိတ်ထဲ ဝင်ရောက်လာသည့်အခါ သူ၏ နှလုံးထဲသို့ ဖြတ်ဝင်လာသည့် နာကျင်မှုကို တစ်မုဟုတ်ချင်း ခံစားလိုက်ရသည်။ သူ၏နှာခေါင်းရိုးတွင် မီးလောင်ကျွမ်းသည်ဟုထင်ရပြီး လတ်ဆတ်သော သွေးများမှ ချဥ် ခါး စပ် ချို အရသာမျိုးစုံ တစ်ပြိင်နက်တည်း ရလိုက်သလို ထင်ရသည်။

" ငါ့နှာခေါင်း......... "

မာကျောက် ပြင်းစွာသောဝေဒနာအား ခံစားလိုက်ရသည်။ ထိုအသံမှာ စူးရှကာ ကျယ်လောင်သောကြောင့် လူတိုင်း ကြက်သီးထသွားမိသည်။ ဤအချိန်မှပင် မာကျောက်က အရိုးကွဲအက်သည့်အသံမှာ ဝမ်ချောင်ထံမှမဟုတ်ဘဲ သူ၏နှာခေါင်းရိုးကျိုးခြင်းမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိလိုက်ရသည်။

နှာခေါင်းရိုးသည် လူ့ကိုယ်ခန္ဓာတစ်ခုလုံးတွင် အပျော့ဆုံးအရိုးဖြစ်ကာ အားအနည်းဆုံးလည်းဖြစ်ပေသည်။

မာကျောက်သည် နှာခေါင်းအား ထိုးခံလိုက်ရသည်တွင် သူ၏နှာခေါင်းအား ဆုပ်ကိုင်လျက် ကြမ်းပြင်ပေါ် ဒူးထောက်ကျသွားကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး အားပြတ်သွားသည်ဟု ခံစားလိုက်ရသည်။ သိသူစွာပင် သူ၌ တိုက်ခိုက်ချင်စိတ် လုံးဝမရှိတော့ပေ။

မာကျောက်က သူသည် မည်သို့မည်ပုံ ထိုးခံလိုက်ရသည်ကို နားမလည်နိုင်သေးပေ။

မာကျောက် ကိုယ်တိုင်ပင် အခြေအနေကို နားမလည်နိုင်သည်ဖြစ်ရာ အခြားသူများမှာမူ ပို၍ပင် မျက်စိရှုပ်နေကြသည်။ သူတို့၏ အမြင်အာရုံတွင် ဝမ်ချောင်သည် ဘေးဘက်သို့ ခြေလှမ်းတစ်ဝက် တိမ်းလှမ်းလိုက်သည်ကိုသာ မြင်တွေ့ရပြီး မာကျောက်အား လေကိုသာ ထိုးမိစေသည်။ တစ်ချိန်ထဲတွင် ဝမ်ချောင်၏ ထိုးနှက်မှုသည် မာကျောက်၏ နှာခေါင်းအား ထိမှန်သွားသည်။

၎င်းတို့က သူတို့၏သွေးများ ခဲကုန်သည်ဟုပင် ထင်မိကြသည်။

ဝမ်ချောင်နှင့် တွေ့ဆုံဖူးသည်မှာ ဤတစ်ကြိမ်သည် ပထမဆုံးအကြိမ်မဟုတ်သောကြောင့် သူတို့သည် ဝမ်ချောင်၏ တိုက်ခိုက်နိုင်စွမ်းကို ကောင်းစွာသိထားကြသည်။ မူလစွမ်းအင်အဆင့်သုံး သွေးနှိုးထခြင်းနယ်ပယ်ဖြင့် မူလစွမ်းအင်အဆင့်လေး အရိုးနှိုးထခြင်းနယ်ပယ်အား တိုက်ခိုက်အနိုင်ယူနိုင်သည်ကို တွေးကြည့်ရန် မလွယ်ကူပေ။

" ဒါ မဖြစ်နိုင်ဘူးမလား "

" သူကတကယ် ကြောက်စရာကောင်းတာပဲ "

မာကျောက်၏ သနားစရာအခြေအနေကို မြင်သည်တွင် အခြားသူများသည် သူတို့၏ လက်များပေါ်တွင် ကြက်သီးထနေသည်ကို နောက်တစ်ကြိမ် ခံစားလိုက်ကြရပြီး သူတို့ထဲမှ အနည်းငယ်သည် ချက်ချင်းပင် ထွက်ပြေးသွားကြသည်။

........

" မာကျောက် ဒီရိုက်ချက်နှစ်ချက်က မင်းဖိနှိပ်ခဲ့တဲ့သူတွေကိုယ်စား ရိုက်ပေးတာပဲ "

ဝမ်ချောင် မာကျောက်အား သူ၏လက်နှစ်ဖက်ဖြင့် ဆွဲထူလိုက်ပြီး ဖပ်...ဖပ်... ပါးနှစ်ချက်ဆင့်ရိုက်လိုက်သည်။ မာကျောက်သည် ကြမ်းတမ်းသော ခွန်အားကိုသာ ပိုင်ဆိုင်ထားသူဖြစ်သော်လည်း နည်းစနစ်နှင့်တိုက်ခိုက်ရေးအသိများတွင် သူသည် ဝမ်ချောင်ထက် များစွာ နိမ့်ကျပေသည်။

" မင်းက တစ်ခြားသူတွေကို လိမ်လည်လှည့်စားပြီး ဖိနှိပ်ချင်တယ်ဆိုရင်တောင် အကန့်အသတ်တော့ရှိသင့်တယ်.. အိမ်ထောင်သည်အမျိုးသမီးကို မုဒိန်းကျင့်တယ်ဟုတ်လား.. ဒီလိုကောင်မျိုးတွေကို ငါအမုန်းဆုံးဆိုတာ မင်းမသိဘူးလား "

ပြောနေစဥ်မှာပင် ဖပ်...ဖပ်... နောက်ထပ်နှစ်ချက် ပါးမိုးရွာပေးလိုက်ရာ မာကျောက် သွေးအန်လေတော့သည်။

" အစ်ကို... ရိုက်ချက်တာကောင်းတယ် လှလိုက်တဲ့ရိုက်ချက် "

ဆယ်နှစ်အရွယ်ညီမငယ်က ဘေးချင်းကပ်ရပ်မှ အားပေးနေသည်။ သူမမြင်ရသည့်မြင်ကွင်းအား ကြည့်နေရသည်ကို မကျေမနပ်ဖြစ်နေကာ ကိုယ်တိုင် ဝင်ရောက်ရိုက်နှက်ချင်နေသည်။ သူမကိုယ်တိုင်ကိုယ်ကျ မပါဝင်ရသော်လည်း သူမ၏အစ်ကို ဆုံးမနေသည်ကိုကြည့်ခြင်းအားဖြင့် အလွန်စိတ်လှုပ်ရှားနေလေသည်။

မာကျောက်အား လက်သီးတစ်ချက် ထိုးပြီးမှသာလျှင် ဝမ်ချောင် သူ၏အမျက်ဒေါသများ အနည်းငယ် ပေါ့ပါးသွားသည်ဟု ခံစားလိုက်ရသည်( အော် အေး..အေး...ပါးလေးချက်ဆင့်ရိုက်တာ ထည့်မပြောနဲ့ ထိုးတာပဲပြော... ဂွတ် 👍..)။ ဤဘဝတွင်ဖြစ်စေ ယခင်ဘဝ၌ဖြစ်စေ မည်သို့ပင်ဖြစ်စေကာ ဝမ်ချောင်သည်အားနည်းသူကို အနိုင်ကျင့်သူများအား အလွန်အမင်းမုန်းတီးလေသည်။ မာကျောက်နှင့်အပေါင်းအပါများသည် သူ၏အမည်ကို အသုံးပြု၍ ရက်စက်ယုတ်မာစွာ ကျူးလွန်ခဲ့သည့်အခါ သူ၏ ဒေါသဆင်ရိုင်းအား ချွန်းမအုပ်နိုင်တော့ပေ။

ဤအချက်ကြောင့်ပင် ဝမ်ကလန်အား အရှက်ရစေသည့်စေပြီး သူ၏မိဘများက သူ့အားအကျဥ်းချလိုက်ခြင်း ဖြစ်လေသည်။ ထို့အရှက်ရမှုကြောင့် ဝမ်ကလန်သည် ပိုမိုခက်ခဲလာပြီး ရုန်းမထွက်နိုင်ဖြစ်ခဲ့ရသည်။

" အား...ခွေးကောင် မင်းဒီအတွက် ပြန်ပေးဆပ်ရမယ်ကွ "

မာကျောက်၏မျက်လုံးသည် နီရဲတောက်လာပြီး သူ၏ခန္ဓာကိုယ်ပင် တုန်ယင်နေသည်။

ဖပ်....ခရက်.......

ဝမ်ချောင်သည် ရုတ်တရက် မာကျောက်၏ ခွကြားအား ဆောင့်ကန်လိုက်ရာ တစ်ခုခုကွဲသွားသောအသံအား ကြားလိုက်ရသည်။ နာကျင်မှုက အောက်မှနေ၍အပေါ်သို့ ဆောင့်တက်လာကာ မာကျောက် သူ၏ပေါင်ကြားအား ဆုပ်ကိုင်၍ ပစ်လဲသွားသည်။

သူ၏မျက်နှာတစ်ပြင်လုံး ဖြူလျော့လာပြီး ချွေးပုတီးများသည် ရေလောင်းထားသကဲ့သို့ သူ၏နဖူးမှ ပြင်းထန်စွာကျဆင်းလာသည်။ သူ၏အသက်ရှုသံ၌ပင် နာကျင်မှုအား ကြားရနိုင်သည်။

" မာကျောက် မင်းက ယောင်ဖုန်းရဲ့ နောက်လိုက်ခွေးဆိုတာကိုရော.. သူက မင်းကို အသုံးချပြီး ငါ့ကိုဆွဲချချင်နေတယ်ဆိုတာကိုရော ငါမသိဘူးများ ထင်နေတာလား.. သူများနှာခေါင်းပေါက်နဲ့ အသက်ရှူနေတဲ့ကောင်ကများ မင်းကိုယ်မင်း ဘယ်လောက်ထိ

ကြီးမြတ်နေတယ်လို့ ထင််နေတာလဲ "

ဝမ်ချောင် ဖြတ်လျှောက်သွားကာ မာကျောက်အား အေးစက်စက်ဖြင့် စိမ်းစိမ်ဝါးဝါးစိုက်ကြည့်လိုက်သည်။

မာကျောက်သည် နောက်ခံမရှိသော လူတစ်ယောက်ဖြစ်သည်။ သူ့အား တစ်စုံတစ်ယောက်က နောက်ကွယ်မှ အားပေးအားမြှောက်မပြုလုပ်လျှင် ဝမ်ချောင်အား အရူးလုပ်ရန် သတ္တိရှိပါမည်လော။

မာကျောက်၏ အံ့သြနေသည့် အမူအရာအား မြင်သည့်အခါ ဝမ်ချောင်သည် သူမှန်ကန်စွာ မှန်းဆနိုင်ခဲ့သည်ကို သိလိုက်သည်။ မြို့တော်တစ်ခုလုံးတွင် သူ့အား ပြဿနာရှာရဲသူမှာ ယောင်ဖုန်းသာရှိပေမည်။

ယောင်ဖုန်းသည် သူ့နှင့် ရန်ငြိုးရန်စမရှိသော်လည်း ဝမ်ချောင်၏ အစ်ကိုကြီးနှင့် အစ်ကိုနှစ်တို့နှင့် ပဋိပက္ခများတစ်ချို့ဖြစ်ပွားခဲ့ဖူးသည်။ ထို့ကြောင့် ယောင်ဖုန်းသည် မာကျောက်ကို ၎င်းတို့၏ညီအား အနီးကပ်ဆုံးမရန် အားပေးအားမြှောက် ပြုခဲ့ခြင်းဖြစ်ရပေမည်။

" ဝမ်ချောင် မင်း အားရဝမ်းသာ ဖြစ်မနေနဲ့ဦး.. ငါ့ရှေ့မှာ အရမ်းမောက်မာနေတယ်ဟုတ်လား....အေး...

ယောင်သခင်လေးရှေ့ရောက်ရင်လဲ မင်းမောက်မာနိုင်ဦးမလား ငါသိချင်မိတယ်.....ဒါပေါ့ ငါက မင်းနာမည်ကိုသုံးပြီး အပြင်မှာ မိန်းမတစ်ယောက်ကို မုဒိန်းကျင့်ခဲ့တယ်...ဒါတွေအားလုံးကို သူအကြံပေးခဲ့တာပဲ...မင်း

သူနဲ့ လိုက်ရှင်းရဲလား.. "

မာကျောက် ခေါင်းကော့ ရင်မော့လျက် အော်ပြောလိုက်သည်။

" ဟမ့်.... မင်းက ငါမလိုက်ရဲဘူး ထင်နေတာလား မာကျောက် "

ဝမ်ချောင် ထိုစကားလုံးများအား စောင့်ဆိုင်းနေသည်မဟုတ်လား။ ကြိုးကြာပျံဝဲစံအိမ်အတွင်းသို့ ဝင်ရောက်ရန်အတွက် လမ်းပြရန် ဤ 'အပေါင်းအဖော်' အား သူလိုအပ်ခဲ့နေသည်။

" ဒါဆိုရင်တော့ မင်း လမ်းပြပေးဖို့ပဲ ငါပြောရတော့မှာပဲ.. ဒီကိစ္စနဲ့ပက်သက်ပြီး ယောင်ဖုန်း ဘယ်လိုပြောမလဲဆိုတာ ငါသိချင်သေးတယ် "

ဝမ်ချောင် အေးစက်စက် လှောင်ရယ်လိုက်သည်။

Hua!!!

မာကျောက် မည်သည့်နေရာမှ စွမ်းအင်များ ရရှိသွားသည်ကို မသိရသော်လည်း ရုတ်ချည်း သူ့ကိုယ်သူ မတ်တပ်ထရန် ဖိအားပေးလိုက်နိုင်သည်။ မှိန်ဖျော့အေးစက်နေသောအလင်းရောင်က သူ့မျက်လုံးတွင် ဖြတ်ပြေးသွားပြီး တစ်စုံတစ်ယောက်အား အရိုးထဲထိတိုင် မုန်းတီးနေသည်ကို တွေ့မြင်နိုင်သည်။

" ဝမ်ချောင် မင်းယောက်ျားတစ်ယောက်ဆိုရင် ငါ့နောက်လိုက်ခဲ့.. ထွက်ပြေးရင်တော့ မင်းက သူရဲဘောကြောင်တဲ့မျိုးမစစ်ကောင်ပဲ "

ဝမ်ချောင်အား သူတစ်ခုခု ပြန်မပြောလိုက်ရလျှင် သူ၏မာနကြောင့် အသက်ရှင်ချင်စိတ်ရှိတော့မည်မဟုတ်ပေ။

သူသည်ဝမ်ချောင်နှင့် မဖြေရှင်းနိုင်သော်လည်း

သူ့အားလက်စားချေရန် ယောင်ဖုန်းထံသို့ ခေါ်သွားနိုင်ပေသေးသည်။

........

ဝမ်ချောင် ခန့်မှန်းထားသည့်အတိုင်း အခြေအနေများက အဆင်ပြေချောမွေ့နေသည်။ မာကျောက်က ဦးဆောင်လမ်းပြလျက် ဝမ်ချောင်တို့သည် ကြိုးကြာပျံဝဲစံအိမ်သို့ မကြာမီပင် ရောက်ရှိခဲ့သည်။

စည်ကားနေသော မြို့လယ်ခေါင်၌ ရှစ်ထောင့်(အဠဂံ)ပုံ စံအိမ်တစ်ခု တည်ရှိနေသည်။ ၎င်းသည် လခြမ်းပုံခေါင်မိုးများနှင့်အတူ ခမ်းနားထည်ဝါသောတိုင်လုံးကြီးများဖြင့် ဆောက်လုပ်ထားသော အဆောက်အအုံတစ်ခုဖြစ်သည်။ ထိုစံအိမ်တွင် အလွှာလေးလွှာ ရှိပြီး ရွှေအနားကွပ်မီးအိမ်နီများက ထောင့်ရှစ်ထောင့်တွင် တစ်လွှာပြီးအလွှာ ချိတ်ဆွဲထားသောကြောင့်

ရသမြောက်သော စိတ်တိမ်းညွှတ်မှုကို ဖြစ်ပေါ်စေသည်။

အကျွမ်းတဝင်ရှိသောနေရာသို့ ပြန်ရောက်လာပြီး ရင်းနှီးသော အဆောက်အအုံအပြင်အဆင်များကို မြင်တွေ့ရသည်တွင် ဝမ်ချောင် သည် အတိတ်ကို ပြန်သတိရမိသည်။

သူ၏ယခင်ဘဝတွင် ကြိုးကြာပျံဝဲစံအိမ်သို့ ပြန်ရောက်သည့်အခါ အိုဟောင်းနေပြီး စုတ်ပြတ်နေပြီဖြစ်သည်။ ထောင့်များတွင် ဖုန်မှုန်များနှင့်ပင့်ကူအိမ်များသာ ကပ်ရှိနေကာ ယခင်က ကြွယ်ဝချမ်းသော လူမှုဘဝ ရှင်သန်နေထိုင်ခြင်းပုံရိပ်နှင့် အလွန်ကွာခြားလှသည်။

ထိုနေရာသည် ဝမ်ကလန်၏ကံကြမ္မာအား ပြောင်းလဲပစ်ခဲ့သောနေရာပင် ဖြစ်လေသည်။

သူ၏ယခင်ဘ၀တွင် အိပ်ယာထဲတွင် သေဆုံးခါနီးဖြစ်နေသော သူ၏ဖခင်သည်ပင် ဤကြီးမားလှသော ကြိုးကြာပျံဝဲစံအိမ်အား မမေ့နိုင်ပါ။ ဝမ်ချောင်သည်လည်း ဤနေရာသို့ အကြိမ်ကြိမ်လာရောက်ခဲ့ပြီး ကြိုးကြာပျံဝဲစံအိမ်၏ အပျက်အစီးများကို လှည့်လည်ကြည့်ရှုကာ အတိတ်အား ပြန်ပြောင်း အောက်မေ့ခဲ့သည်။

" တကယ်လို့ ဒီကိစ္စသာ မဖြစ်ခဲ့ရင် အရာအားလုံးက

မတူညီတော့ပဲ အဆင်ပြေသွားလိမ့်မယ် "

ဝမ်ချောင် အတွေးကျွံနေသည်။

ယခုအရာခပ်သိမ်းအား အစပြုခဲ့သည့်နေရာအား အသစ်တစ်ဖန် ပြန်ရောက်လာကာ သူ့ဖခင် လုပ်ဆောင်မည့် အရာအားလုံးအား ရပ်တန့်နိုင်ရန်အပြင် အရာအားလုံးအား ကယ်တင်ရန် အခွင့်အလမ်းရှိလာခဲ့ပြီဖြစ်သည်။ ထိုအရာမှလွဲ၍ သူ၏အဖေမှာ ယခင်ကိစ္စရပ်များအား သိရှိနေမည် မဟုတ်ပေ။

" ဝမ်ချောင် မင်းငါနဲ့အတူ လိုက်ဝင်ရဲလား "

မာကျောက်သည် ကြိုးကြာပျံဝဲစံအိမ်ရှိ အစောင့်များနှင့် စကားပြောပြီးဖြစ်ရာ ဝမ်ချောင်အား ဒေါသတကြီးဖြစ်စေရန် လှမ်းဆွလိုက်သေးသည်။ ကြိုးကြာပျံဝဲစံအိမ်သည် ဖောက်သည်များအားလုံးအား ၀င်ရောက်ခွင့်ကို ပိတ်ပင်ထားပြီးဖြစ်ကာ ယောင်ဂေဟာနှင့်ချီဘုရင်၏ လက်အောက်ငယ်သားများမှလွဲ၍ မည်သူမျှ ဝင်ခွင့်မရှိတော့ပေ။

သို့သော် မာကျောက်က ချွင်းချက်ဖြစ်သည်။ သူသည် ယောင်ကွမ်းရီ၏ လက်အောက်ခံဖြစ်ပြီး ယောင်ဂေဟာ၏ အစောင့်များနှင့်လည်း ရင်းနှီးရာ

ဝမ်ချောင်အား ၀င်ရောက်ခွင့်ရရန် လုပ်ဆောင်ပေးနိုင်သူမှာ မာကျောက်ပင် ဖြစ်လေသည်။

" ဘယ်လိုလဲ မင်းကြောက်နေပြီမလား "

မာကျောက်က ဝမ်ချောင်သည် သူ၏စကားများအား

ပြန်ရုတ်သိမ်းမည်စိုးသောကြောင့် သူ့ကို ကဲ့ရဲ့လှောင်ပြောင်ရန် ကြိုးပမ်းလိုက်သည်။

" ဟမ့်.....အသုံးမဝင်တာတွေပြောမဲ့အစား...ရှေ့ကပဲ သွားစမ်းပါ...."

ဝမ်ချောင် သရော်လိုက်သည်။

အချိန်အားခန့်မှန်းရလျှင် သူ၏ဖခင်သည် ကြိုးကြာပျံဝဲစံအိမ်သို့ ရောက်ရှိနေသင့်ပြီဖြစ်သည်။ အရာအားလုံးသည် ယနေ့ သူလုပ်မည့်အရာပေါ်တွင်သာ မူတည်တော့မည်။ အသက်ပြင်းပြင်းရှူလျက်

ဝမ်ချောင် သူ၏ညီမငယ်နှင့်အတူ ကြိုးကြာပျံဝဲစံအိမ်သို့ လှမ်းဝင်လိုက်သည်။

ကြိုးကြာပျံဝဲစံအိမ်တွင်းသို့ ၀င်လိုက်သည့်အခါ၌ စားသောက်ဆိုင်သည် မထင်မှတ်ရလောက်အောင် စည်ကားနေသည်ကို တွေ့လိုက်ရသည်။ ဤအရာသည် အဓိပ္ပါယ်မရှိမှန်း သူသဘောပေါက်လိုက်သည်။ အလွှာတိုင်း၌ စားပွဲပေါင်းနှစ်ရာကျော်ရှိသော်လည်း တစ်ဝိုင်းမှမလွတ်နေပေ။

ဝမ်ချောင်က ဤနေရာတွင်ရှိသော သူအားလုံးသည် ယောင်ကွမ်းရီ နှင့် ချီဘုရင်၏ လက်အောက်ငယ်သားများသာ ဖြစ်သည်ကို အတပ်ပြောနိုင်သည်။ သူတို့ထဲမှတစ်ချို့သည် စုန့်ဘုရင်၏ နောက်လိုက်များပင် ဖြစ်နိုင်သေးသည်။

သူ့အဖေအား ဆန့်ကျင်ရန်ကြံစည်နေသည့်ကိစ္စတွင် စုန့်ဘုရင်အား သစ္စာဖောက်သည့်သူများက

' အရေးကြီးသောအခန်းကဏ္ဍ ’ မှပါဝင်ခဲ့ပေသည်။

ယောင်ကွမ်းရီသည် ဤထောင်ချောက်တွင် အမြောက်အမြားအားထုတ်ထားလေသည်။

မာကျောက်က ထိုကိစ္စအား သိရှိဟန်မတူ။ သူက အခြေအနေကွာခြားနေသည်ကို သတိမထားမိပဲ သူလုပ်နေသမျှမှာ ဝမ်ချောင်အား ကဲ့ရဲ့ရန်ပင်ဖြစ်ကာ နောက်ဆုံးအချိန်မှ ဝမ်ချောင် ကြောက်ရွံကာ လှည့်ပြန်သွားမည် စိုးသောကြောင့်ဖြစ်သည်။

" မြန်မြန် မြန်မြန် "

" ခွေးကောင်လေး မင်းဆုံးဖြတ်ကို အခု နောင်တရနေပြီမလား "

...............

ထိုကဲ့သို့သော ဒေါသများ ခံစားခဲ့ရပြီးနောက် မာကျောက်သည် ဤကိစ္စအား ပြီးစလွယ် ဖြစ်ပျက်စေမည်မဟုတ်ပေ။ ယခု သူဖြစ်စေချင်သည်က

ယောင်ဖုန်း၏လက်ဖြင့် ဝမ်ချောင်အား သင်ခန်းစာ ပေးရန်ပင်ဖြစ်သည်။

" မင်းငါ့ကို ဘာတွေ လာလောနေတာလဲ.. ယောင်ဖုန်းကို ငါကြောက်မယ်များထင်နေလား "

ဝမ်ချောင်သည် သူ၏ကဲ့ရဲ့မှုအား မသိကျိုးကျွန်ပြုထားလေသည်။ သို့သော် သူ၏အတွင်းစိတ်ထဲ၌ အေးအေးသက်သာ လှောင်ပြောင်နေသည်။ မာကျောက်နှင့် သူ၏ဆက်ဆံရေးအတွက် ကျေးဇူးတင်မိသည်။ ဤအကောင်သည် ယခုအချိန် ကြိုးကြာပျံဝဲစံအိမ်၌ ဖြစ်ပွားနေသော အကြောင်းအရာများအား သိလျှင် သူ၏သတ္တိသည် ယခုထက် ဆယ်ဆရှိခဲ့လျှင်ပင် ဝမ်ချောင်အား ဤစံအိမ်သို့ ခေါ်လာဝံ့မည် မဟုတ်ပေ။

ဝတ်ရုံအား ခါလိုက်ကာ ဝမ်ချောင် မာကျောက်နောက်မှနေ၍ လှေကားပေါ်သို့ တက်သွားလိုက်သည်။

ဤလူငယ်နှစ်ယောက်နှင့် ကလေးမလေးတစ်ယောက်အား မည်သူမျှ ဂရုမပြုမိကြပေ။

လူသားဧကရာဇ်

ဘာသာပြန်သူ - Xoxay

Chapter 7.

ယောင်ဖုန်းအား ရန်စခြင်း

ကြိုးကြာပျံဝဲစံအိမ်၏ တတိယထပ်ရှိ မွမ်းမံပြင်ဆင်ထားသည့်အခန်းထဲတွင် ကြွယ်ဝသောမိသားစုများမှ ဆင်းသက်လာပုံရသည့် ခမ်းနားထည်ဝါစွာ ဝတ်စားထားသော ငယ်ရွယ်သည့် လူရွယ်တစ်စုသည် အတူတကွ စုရုံးနေကြသည်။ သူတို့အားလုံးသည်

အဖိုးတန်အဝတ်အစားများ ဝတ်ဆင်ထားသည့် အဓိကနေရာတွင်ထိုင်နေသော ဂုဏ်သရေရှိလူငယ်အား ဝိုင်းဝန်း ချီးကျူးဂုဏ်ပြုနေကြလေသည်။

" ယောင်ကုန်းဇီ ဂုဏ်ပြုပါတယ် "

" ယောင်ကုန်းဇီ ဒီတစ်ခွက်နဲ့ ဂုဏ်ပြုပါရစေ "

........

လူငယ်များအကြား အချင်းချင်းစကားများ ပြောဆိုကြပြီး သူတို့၏စကားများသည် ကျေနပ်ဖွယ်ရာများဖြင့်သာ ပြည့်နှက်နေသည်။ ထိုသူအပေါင်းတို့က ဤနောက်ပေါက်လေးအား တရားဝင်မဟုတ်သော်လည်း ခေါင်းဆောင်အဖြစ်သဘောထားပြီး လက်အောက်ခံချင်၍ ထိုသူနားတွင် ပတ်လည်ဝိုင်းနေကြသည်။ ငယ်ရွယ်သော ယောင်သခင်လေး၏ စကားလုံးများသည် မွန်မြတ်သန့်စင်နေပြီး သူသည် မြို့တော်တွင် ထင်ရှားသည့်ပုံရိပ်ရှိသူတစ်ဦးဖြစ်သည်။ ထို့အပြင် သူသည် အုပ်စုတစ်စုလုံး၌ပင် အစွမ်းထက်ဆုံးသောနောက်ခံ ရှိသည့်သူတစ်ဦးလဲ ဖြစ်သည်။

" ဒီပွဲမှာ ရပ်ပဲမနေကြနဲ့လေ.. ဒီနေ့ ကျုပ်ဒကာခံပါ့မယ်.... အားလုံး ပျော်ပျော်ပဲနေကြပါ "

တန်ဖိုးကြီးစွာ၀တ်စားထားသော လူငယ်၏လှုပ်ရှားမှုများက သူ့အား ဂုဏ်ပြုသည့်အဖွဲ့ဆီသို့ သူပြန်ရောက်စဉ် အလွန်ရည်မွန်နေသည်။ သူ၏ အပြုအမူသည်အေးဆေးတည်ငြိမ်ပြီး သူ၏ကိုယ်ဟန်အမူအရာများမှ လေးစားမှုကို ထုတ်ဖော်ပြသခဲ့သည်။ သူသည် ဤတောက်ပြောင်သော အုပ်စုတွင်ပင် ထင်ရှားနေသည်။

ယောင်ခြံဝင်းသည် ချီဘုရင်နှင့်သွေးသောက်ဖွဲ့ထားသောကြောင့် မြို့တော်တွင် အရှိန်အဝါကြီးသည်ဟု ပြော၍ရသည်။ ယောင်သခင်လေးသည် ဝမ်ဂေဟာ၏အကြီးဆုံးသားဖြစ်ကာ အနာဂတ်တွင် သူသည် ယောင်ကလန်၏ရပ်တည်ချက်နှင့်လွှမ်းမိုးမှုကို အမွေဆက်ခံရမည်ဖြစ်သည်။ ထိုသူရည်မှန်းထားသည်မှာ တစ်နေ့တွင် မြို့တော်၌ ကြီးမြတ်သောသူတစ်ယောက် ဖြစ်လာရန်ပင်ဖြစ်သည်။

ထို့ကြောင့် ဤတစ်ကြိမ်သည် သခင်လေးယောင်ဖုန်း ဖိတ်ကြားသည့် ပထမဆုံးသောစုဝေးပွဲ ဖြစ်သော်လည်း သူတို့ကိုယ်တိုင် ကျေနပ်စွာ ဤစုဝေးခြင်းအား လာရောက်ကြခြင်းဖြစ်သည်။

အကြိမ်များစွာ အပြန်အလှန်ဂုဏ်ပြုအပြီးတွင်တော့ အခြေအနေများက အသက်ဝင်လာသည်။

ခန်းမ၏ အဓိကနေရာတွင် ထိုင်နေရင်း ယောင်ဖုန်း၏စိတ်ထဲတွင် ရွှင်လန်းတက်ကြွနေရာ ခေါင်းတညိမ့်ညိမ့် လုပ်နေသည်။

ယနေ့သည် သူ၏ ' အပျော်ဆုံး ' အခါသမယပင်ဖြစ်သည်။ သူ့အဖေ၏အောင်မြင်မှုနှင့်ဝမ်မိသားစု၏နာမည်အား အသုံးပြုလျက် ယောင်ဖုန်းသည် မြို့တော်ရှိ လေးစားဖွယ်ကောင်းသောသူများနှင့်

လွမ်းမိုးမှုရှိသောသခင်လေးများအား ကြိုးကြာပျံဝဲစံအိမ်သို့ စုဝေး ဖိတ်ကြားနိုင်ခဲ့လေသည်။

လူတိုင်းသည် အတူတကွစုရုံး၍ ယောင်ဖုန်းထံသို့ပထမဆုံးအကြိမ်လာရောက်ခြင်းဖြစ်ရာ

ထိုသူတို့၏စိတ်နှလုံးအား အနိုင်ရလျှင် သူ၏ဂုဏ်သိက္ခာကို မြှင့်တင်ရန်အတွက် အခွင့်အလမ်းတစ်ခု ဖြစ်လာနိုင်သည်။ သူသည် ဤလူငယ်များ၏စိတ်နှလုံးအား သိမ်းပိုက်ထားနိုင်သမျှ သူက မြို့တော်ရှိလူငယ်များ၏ ခေါင်းဆောင်များထဲမှ တစ်ဦးပင် ဖြစ်လာနိုင်သည်။

ထို့အပြင် ဤလေးစားဖွယ်လူကြီးလူကောင်းများ၏သားသမီးများအား သူ၏နောက်လိုက်စေခြင်းဖြင့် သူ၏အင်အားအဖြစ် တည်ဆောက်နိုင်ခဲ့လျှင် သူ၏ဖခင်သည် သူ့အားတဖြည်းဖြည်းချင်း အခွင့်အာဏာများပေးအပ်၍ မိသားစုစီးပွားရေးကို သူ့အားလွှဲပြောင်းပေးလိမ့်မည်ဟု ကတိပေးထားသည်။

သံသယဖြစ်ဖွယ်မလိုအောင်ပင် ထိုသို့သော ကတိပေးခြင်းသည် အောင်မြင်မှု၏အသီးအပွင့်အား ခံစားခြင်းနှင့်ပင် တူညီပေသည်။

ဤသို့လျှင် ယခုစုဝေးမှုသည် သူ့အတွက် အကြွင်းမဲ့အရေးကြီးပေသည်။

ဤစုဝေးပွဲမှရရှိသော ခံစားချက်သည် အလွန်နှစ်လိုဖွယ်ကောင်းသည်။ ယောင်ဖုန်းက လူတိုင်းသည် သူ့အားရည်ရွယ်ချက်ရှိရှိ ဖော်လံဖားလုပ်နေသည်ကို ပြောနိုင်ကာ လူတိုင်းမှာ ယောင်ခြံဝင်းအား ကြောက်ရွံလေးစားဆဲပင်ဖြစ်သည်။ သို့သော်လည်း ထိုမျှလောက်ဖြင့် မလုံလောက်သေးပေ။ ထို့ကြောင့် သူတို့၏ စိတ်နှလုံးအား အနိုင်ယူရန် ရည်ရွယ်ချက်ဖြင့် -

" အားလုံး.. အခုဒီနေရာမှာထိုင်နေကြတဲ့အယောက်စီတိုင်းက ကျုပ်ရဲ့ညီအစ်ကိုတွေပဲ.... အနာဂတ်မှာ မင်းတို့ဘာပဲအလိုရှိရှိ ကျုပ်ကိုပြော........... "

" သခင်လေး သခင်လေး... မာကျောက်က ဒီကို လူနှစ်ယောက်ခေါ်ချလာတယ် "

အခန်း၏ သစ်သားတံခါး ပွင့်လာပြီး ကြိုးကြာပျံဝဲစံအိမ်၏ စီမံခန့်ခွဲသူက ပြေးဝင်လာကာ ယောင်ဖုန်း၏စကားအား ဖြတ်ပြောလိုက်သည်။

" ဘယ်လိုဖြစ်လို့ ဒီလောက်လန့်နေရတာလဲ ဘာဖြစ်တာလဲ "

ယောင်ဖုန်း လေသံထိန်းကာမေးလိုက်ပြီး

ဤစီမံခန့်ခွဲသူ၏ အပြုအမူက သူ့အား စိတ်ပျက်စေသည်က်ို သူထိန်းချုပ်ထားလေသည်။

" အခုချိန်မှာ ဘယ်သူ့ကိုမှ ကျုပ်ကိုလာမနောက်ယှက်ဖို့ ပြောထားတယ်မလား သွား.. မာကျောက်ကို နောက်မှလာခဲ့ဖို့ ပြောလိုက်... "

ယောင်ဖုန်းပြောလိုက်သည်။

" ကျုပ် ပြောပြီးပြီ...."

စီမံခန့်ခွဲသူ၏အသံက တိမ်ဝင်သွားသည်။ အနည်းငယ်တုံးဆိုင်းပြီနောက် သူဆက်ပြောလိုက်သည်။

" ဒါပေမဲ့ သူကအတင်းအကျပ် ဝင်လာတာ "

သူထိုစကားပြောလိုက်သည်တွင် ခန်းမတစ်ခုလုံးတိတ်တိတ်သွားသည်။

အစပိုင်း၌ ယောင်ဖုန်းသည် အနည်းငယ်မကျေမနပ်ဖြစ်သော်လည်း ထိုစကားများကို ကြားပြီးနောက် သူ၏ အမျက်ဒေါသအား ထိန်းချုပ်မထားတော့။

မာကျောက်သည် သူ့အတွက် အရေးမကြီးသော နယ်ရုပ်တစ်ရုပ်ပင်ဖြစ်သည်။ အကယ်၍ သူသည် ဤမျှအရေးကြီးသော အစည်းအဝေးကို ဖျက်ဆီးလိုလျှင် ယောင်ဖုန်းက အလွယ်တကူ ပြန်လွှတ်လိုက်မည်မဟုတ်ပေ။

" သခင်လေး...ကျုပ်တို့ ဘာလို့......"

ပိုးထည်ဝတ်ထားသော လူငယ်က မေးလိုက်သည်တွင်...

" မလိုအပ်ဘူး "

တစ်ခြားသူ၏စကားမဆုံးသေးမီပင် ယောင်ဖုန်း ဖြတ်ပြောလိုက်သည်။

" အားလုံး စိတ်မရှိပါနဲ့ ... ပြဿနာသေးသေးလေးတစ်ခုပါပဲ .. ကျုပ်ရဲ့ဧည့်ဝတ်မကျေပွန်မှုအတွက် နားလည်ပေးကြပါဦး...ကျန့်စီမံခန့်ခွဲသူ ဒီကိစ္စကို ကျုပ်ပဲ လုပ်လိုက်ပါ့မယ်... ဒီစုဝေးပွဲပြီးရင် သူ့နဲ့လာတွေ့မယ်လို့ မာကျောက်ကိုပြောလိုက်ပါ... "

သူ၏လက်အား ဆတ်ခနဲ့ လှုပ်ရှားလိုက်ပြီး ယောင်ဖုန်း၏ခါးတွင် ချိတ်ဆွဲထားသော ရွှေရောင်တံဆိပ်ပြားအား ပစ်ပေးလိုက်သည်။

ယောင်ဖုန်းက သူ၏တံဆိပ်ပြားအား အသုံးပြုခဲလေသည်။ အရေးကြီးသောကိစ္စတစ်ချို့မှလွဲ၍ အသုံးမပြုပေ။ အကယ်၍ မာကျောက်သာ စဥ်းစားဉာဏ်ရှိလျှင်

ဤတံဆိပ်ပြားအား မြင်သည်တွင် သူ၏ရည်ရွယ်ချက်အား သဘောပေါက်ပေလိမ့်မည်။

အကယ်၍ သူသာ ဆက်လက်တိုးဝင်လာပြီး သူ၏ အခွင့်အရေးများအား အနှောင့်အယှက်ပေးခဲ့လျှင် သူ့အား သနားညှာတာမှမရှိသည့်သူဟု အပြစ်မတင်စေလို။

" ယောင်သခင်လေး ဒုက္ခမရှာပါနဲ့တော့.. ငါတို့ တစ်ခါထဲ ဝင်လာတာက ပိုအဆင်မပြေဘူးလား.. "

တံခါးနောက်မှ အေးစက်စက်လှောင်သံကို ကြားလိုက်ရပြီး တံခါးသည် ကန်ဖွင့်ခံလိုက်ရကာ ဝမ်ချောင် လျှောက်ဝင်လာလေသည်။

" ဝမ်ချောင်........ "

ဝင်လာသည့်သူအား မှတ်မိသွားသည်တွင် ယောင်ဖုန်း

တစ်ကိုယ်လုံး လှုပ်ခါသွားသည်။ သူ့မျက်လုံးကို သူပင် သူမယုံကြည်နိုင်ဖြသ်နေသည်။ ဝမ်ချောင်က သူ့အား ဤကဲ့သို့ ပြုမူမည် လိမ့်မည်ဟု သူ မထင်ထားပေ။

" ဘာလို့လဲ ယောင်သခင်လေး...ငါ့ကို မကြိုဆိုဘူးလား ... "

ဝမ်ချောင် ပြုံးနေသည်။ သူသည် ယောင်ဖုန်း၏ ထိတ်လန့်သွားသည့်ပုံစံအား ကြည့်ကာ အလွန်ကျေနပ်အားရနေသည်။ ယောင်ဖုန်း ဘာကိုမှမပြောနိုင်ခင်မှာပင် ခုံတစ်လုံးအား ဆွဲယူကာ သူ့ရှေ့တွင် ထိုင်ချလိုက်ပြီး ဖြစ်သည်။

ဝမ်ချောင်၏ လုပ်ရပ်အား မြင်လိုက်ရသည်တွင် ယောင်ဖုန်း၏ မျက်ခုံးမွှေးများ လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ သူ၏စိတ်ထဲတွင် ဒေါသထွက်သွားသော်လည်း မျက်နှာတွင်တော့ အပြုံးသာ ချိတ်ဆွဲထားကာ....

" ဘယ်လိုဖြစ်နိုင်မာလဲ.. ဒီကိုလာတဲ့သူအားလုံးက ကျုပ်ရဲ့ဧည့်သည်တွေပဲလေ.. ကျုပ်ရဲ့ဧည့်သည်တွေကို မလေးမစားဆက်ဆံလို့ ဘယ်ဖြစ်ပါ့မလဲ... "

မည်သို့ပင်ဖြစ်စေ သူသည် ကျော်ကြားသောမိသားစု၏ သခင်လေးဖြစ်နေသည်မဟုတ်လား။ သူ၏ လုပ်ဆောင်မှုတိုင်းသည် ကျက်သရေရှိသည်ကိုပုံဆောင်ပြီး သဘောထားကြီးရပေမည်။ ဤအချိန်တွင် သူ့အား ယှဥ်နိုင်သော မိသားစုအနည်းငယ်သာ ရှိပေသည်။ သူ့အား ထိုသို့ပြူမူသော ဝမ်ချောင်၏လုပ်ရပ်သည် အလွန်အမင်း အံ့အားသင့်စေသည်။

ယောင်ဖုန်းသည် မြို့တော်ရှိ မျိုးဆက်သစ် ခေါင်းဆောင်များထဲမှ ခေါင်းဆောင်တစ်ဦး ဖြစ်သည်မှာ အကြောင်းမဲ့ မဟုတ်ပေ။ အနည်းဆုံးတော့ သူ၏ခံယူချက်နှင့် စိတ်နေသဘောထားသည် အခြားသူများ ယှဥ်နိုင်သည့်အရာမဟုတ်ပေ။

သို့သော် ဝမ်ချောင်၏ ရယ်ရွယ်ချက်မှာ ပြဿနာရှာရန်ပင် ဖြစ်သည်ကတော့ စိတ်မကောင်းစရာပင်ဖြစ်သည်။ ထိုကဲ့သို့ပင် ယောင်ဖုန်းသည် ဝမ်ချောင် ယခင်ဘဝက ရရှိခဲ့သော အောင်မြင်မှုအဆင့်အတန်းများအား လိုက်မှီရန်ပင် မဖြစ်နိုင်သေးချေ။

" ဟေး.. ညီမလေး ဒီကိုမြန်မြန်လာ.. ဒီမှာ ငါတို့ကို တွေ့ချင်တဲ့သူရှိတယ် ပြီးတော့ စားကောင်းတာတွေလဲအများကြီးပဲ.. တွေ့တယ်မလား နင့်အစ်ကိုက နင့်ကို ဘယ်တော့မှမလိမ်ပါဘူးဆိုနေ... "

နောက်ပင်လှည့်မကြည့်ပဲ သူနောက်မှ လူတစ်ယောက်အား သူလှမ်းပြောလိုက်သည်။

" တကယ်ကြီလား... "

ထိုသည်က မရင့်ကျက်သေးသည့် အသံသေးသေးလေးပင်ဖြစ်သည်။ ဝမ်ချောင်၏နောက်တွင်ရှိသော သစ်သားတံခါးမှ လုံးဝိုင်းသည့်မျက်နှာတစ်ခု ပေါ်ထွက်လာသောအခါ လူတိုင်းက အံ့အားသင့်သွားကြသည်။ မကြာမီပင် စားပွဲပေါ်တွင် ရှိနေသော အစားအသောက်များအား သူမ အတန်ကြာငေးကြည့်နေမိလေသည်။

" ဝါး.... နင်မလိမ်ဘူးပဲ..."

ထိုသူငယ်မ အံ့သြနေကာ အခန်းထဲသို့ ဝင်လာပြီးလျှင် ဝမ်ချောင်၏ ဘေး၌ ထိုင်ချလိုက်သည်။ ကြက်ပေါင်တစ်ချောင်းအား ကောက်ကိုင်လိုက်ပြီး စားသောက်ခြင်းအား စတင်လေတော့သည်။

သူမသည် အခန်းထဲရှိ အခြားဧည့်သည်များ ရှိနေခြင်းကို လုံးဝလျစ်လျူရှုထားသည်။ သူ၏ငယ်ရွယ်သောစိတ်က ထိုအရာများစွာအား နားမလည်သေးပေ။ သူ၏ အစ်ကိုက စားကောင်းသည်ဟု ပြောသောကြောင့် သူမစားနေခြင်းသာဖြစ်သည်။

သူမ တစ်ခြားအကြောင်းအရာများအား တွေးတောရန်ပင် မအားလပ်တော့ပါ။

" အား.....အရသာရှိတယ် ဒါကတကယ်ပဲ အရမ်းအရသာရှိတယ််... "

ဝမ်မိသားစု၏ ညီမငယ်သည် အလွန်စားချင်စိတ်ကြီးသောသူဖြစ်လေသည်။ သူမမှာ လူကောင်သေးသောကြောင့် သူမ၏အစာအိမ်မှာလည်း

သေးငယ်သည်ဟု မဆိုနိုင်ပေ။ နှစ်ကိုက် သုံးကိုက်မျှကိုက်ပြီးသည်တွင် ကြီးမားသည့်ကြက်ပေါင်တစ်ချောင်းလုံး ကုန်သွားပြီဖြစ်သည်။ သူမ စားနေစဉ်အတွင်း သူမ၏အစာအား ချီးမွမ်းခဲ့ပြီး နှုတ်ခမ်းမှထွက်လာသော အရိုးများသည် လုံးဝပြောင်လက်နေသည်။ အရိုးပေါ်တွင် သူမ၏ သွားရာများပင် မြင်ရနိုင်သည်။

ကြိုးကြာပျံဝဲစံအိမ်သည် စားကောင်းသောဟင်းလျာများ၏ မွှေးကြိုင်သောရနံ့ကြောင့် ကျော်ကြားခြင်းဖြစ်သည်။ သူတို့၏ ဟင်းလျာများသည် ချက်သည်ဖြစ်စေ၊ ကြော်သည်ဖြစ်စေ၊ ပေါင်းသည်ဖြစ်စေ သို့မဟုတ် ကင်၍ပင်စားသည်ဖြစ်စေ မည်သည့်ဟင်းပွဲကိုမဆို ပြီးပြည့်စုံသည့် အဆင့်သို့ ရောက်အောင် ပြုလုပ်ထားသည်။

အိမ်တွင် သူမ စားရသည့် အစားအစာများသည် ထူးခြားကောင်းမွန်သည်မှန်သော်လည်း

ဤကြိုးကြာပျံဝဲစံအိမ်မှ စားဖိုမှူးများ အားစိုက်ထုတ်ထားသည်နှင့် မည်သို့နှိုင်းယှဉ်နိုင်မည်နည်း။

ဝမ်မိသားစု၏ ညီမငယ်သည် အလွန်ဝမ်းသာပီတိဖြစ်ကာ ယခုအချိန်တွင် သူ့စိတ်ထဲတွင် တစ်ခုတည်းသောအတွေးမှာ သူမအစ်ကိုသည် အံ့သြဖွယ်ကောင်းသူတစ်ဦး ဖြစ်သည်။ သူမ၏စားချင်စိတ်အား ဖွင့်ချလိုက်ပြီး အစားအစာများကို လက်နှင့်ကိုင်တွယ်ပြီး စားနေရာ လက်နှင့်ပါးစပ်တွင် ဆီများ ပေစွန်းနေသည်။

အခန်းတွင်းသို့ဝင်လာပြီး အချိန်တိုအတွင်း၌ပင် သူမသည် ပန်းကန်နှစ်ခုအား အပြောင်ရှင်းပြီးဖြစ်သည်။

သူမ၏ စားသောက်ခြင်းအနုပညာနှင့် အစာစားချင်စိတ်အား ယောင်ဖုန်းပင် လက်လန်သွားသည်။

ယောင်ဖုန်းသည် စားပွဲပေါ်မှ ဟင်းလျာများ လျင်မြန်စွာ လျော့နည်းသွားသည်ကို ဂရုမစိုက်ပေ။ ကြိုးကြာပျံဝဲစံအိမ်သည် သူ၏မိသားစုပိုင်ဖြစ်သည့်အလျောက်

ဟင်းပွဲများက ပြဿနာတစ်ခုမဟုတ်ပေ။ သို့သော်

မောင်နှမနှစ်ယောက်သည် ဤနေရာတွင် ပြဿနာလာရှာသည်မှာ ထင်ရှားနေသည်။

အကယ်၍ ဝမ်မိသားစု၏ညီမငယ်အား ထိုသို့ဆက်လက် စားသာက်နေစေလျှင် တစ်ခဏတွင်းပင် စားပွဲဝိုင်းတစ်ခုလုံး ကုန်သွားကာ တစ်ယောက်မှပင် တို့ထိလိုက်ရမည် မဟုတ်တော့ပေ။ ထိုသို့ဆိုလျှင်

ဤစုဝေးပွဲအား အနှောင့်အယှက်ဖြစ်စေမည် ဖြစ်သည်။ အမှန်စင်စစ်အားဖြင့် ယောင်ဖုန်း

စိတ်သောက ရောက်နေရပြီဖြစ်သည်။

ပုံမှန်အားဖြင့် ယောင်ဖုန်း ထိုကဲ့သို့သော ကိစ္စရပ်အား မျက်ကွယ်ပြုလိမ့်မည်သာ ဖြစ်သော်လည်း

ယခုအချိန်သည် ဂုဏ်သရေရှိသည့် များစွာသောသူများအား သူကဦးဆောင်၍ ပထမဦးဆုံးအကြိမ် ဧည့်ခံနေရသည်ဖြစ်ပြီး ထိုသူတို့၏စိတ်နှလုံးသားအား ဖမ်းဆုပ်ရမည့်အချိန်ဖြစ်လေရာ ဤကိစ္စသည် အရေးကြီးကိစ္စ ဖြစ်သွားပေပြီ။ ဤအရေးမပါသော မောင်နှမနှစ်ယောက်မှ သူ့အား နှောက်ယှက်ချင်သည်က်ို သူမည်သို့ လက်သင့်ခံနိုင်မည်နည်း။

" ဝမ်မိသားစုရဲ့ ညီမငယ်လေးက အရမ်းချစ်စရာကောင်းတာပဲ...ဝမ်သခင်လေး အခု ဒီမှာရှိနေတဲ့သူအားလုံးက ကျုပ်ရဲ့ဧည့်သည်တွေ ဖြစ်နေတော့ ...

ဒီလိုလုပ်ပါလား ကျုပ်က အိမ်ရှင်ဆိုတော့ ဝမ်သခင်လေးနဲ့ ညီမ စိတ်ကြိုက်စားသောက်ဖို့ အခန်းတစ်ခန်း ပြင်ခိုင်းလိုက်မယ်လေ...အစားနဲ့အသောက်အတွက်တော့ မပူပါနဲ့ ကျုပ်ပဲ ဒကာခံပါ့မယ်........ဘယ်လို

သဘောရလဲ... "

မကျေမနပ်ဖြစ်သည့်အမူအရာတစ်စက်မျှ မပေါ်ပေါက်စေဘဲ ယောင်ဖုန်း၏မျက်နှာနှင့်အပြုအမူသည် အေးဆေးတည်ငြိမ်လျက်ရှိသည်။ သူသည် ဤမောင်နှမနှစ်ယောက် ယခုစုဝေးပွဲအား ဖျက်လိုဖျက်ဆီးလုပ်ရန် ကြိုးစားသည်ကို လျစ်လျူရှုထားသကဲ့သို့ သူတို့နှစ်ယောက်အား အေးအေးဆေးဆေးပင် ဖျောင်းဖျပြောဆိုနေသည်။

ခန်းမထဲတွင် ထိုင်နေကြသော ဂုဏ်သရေရှိလူများအားလုံးသည် ယောင်ဖုန်း၏ သဘောထားကြီးသော အမူအရာအား ချီးကျူးမိသည်။ ဤအခြင်းအရာအား

ထောက်ချင့်၍ ယောင်မိသားစုနှင့်သူတို့၏ယဥ်ကျေးမှုအား သိမြင်ရနိုင်သည်။ ထိုအခြင်းအရာသည် ထင်ရှားသောမိသားစုများအကြားတွင်ပင် ယှဥ်နိုင်သူ မရှိနိုင်ပေ။

ဝမ်ချောင်သည် ယောင်ဖုန်း၏ အသုံးအနှုန်းများကို ထောက်ရှုပြီး သူ၏မျက်လုံးထောင့်ရှိအနည်းငယ်သော လှည့်ကွက်အား သူ၏အကြည့်မှ ဖုံးကွယ်ထား၍ မရနိုင်ပေ။ သူ၏အကြံအစည် အောင်မြင်သွားသည်ကို

သူသိလိုက်သည်။

" ဒီခန်းမမှာ အတူတူရှိနေတာက ပိုပျော်ဖို့မကောင်းဘူးလား.. တစ်ယောက်ထဲစားသောက်တာက ဒီမှာစားသောက်တာကို ဘယ်မှီနိုင်ပါ့မလဲ.. ကျုပ်က

ယောင်ကုန်းဇီဆိုတာ သဘောထားအရမ်းကြီးတယ်ဆိုပြီး နာမည်ကြီးမှန်း သိထားခဲ့တာ...သေချာပေါက် ကျုပ်တို့ကို တစ်ခြားအခန်း ပြောင်းခိုင်းမှာတော့ မဟုတ်ဘူးမလား "

ဝမ်ချောင်သည် အဘယ်ကြောင့် ဤမျှ လွယ်လွယ်မောင်းထုတ်ခံမည်နည်း။ ကြိုးကြာပျံဝဲစံအိမ်အတွင်းသို့ ဝင်ခွင့်ရရန် သူအသေအလဲ ကြိုးစားထားရသည်မဟုတ်လား။ ယောင်ဖုန်း၏ စကားအနည်းငယ်ဖြင့်ပင် သူ့အား အလွယ်တကူ ပထုတ်ခြင်း ခံရလျှင် သူ၏ အားထုတ်ထားခြင်းများ အချည်းနှီး ဖြစ်သွားပေလိမ့်မည်။

( မင်းဘယ်လောက်ထိ သည်းခံနိုင်မလဲ ငါစောင့်ကြည့်ချင်သေးတယ် )

ဝမ်ချောင် စိတ်ထဲမှ တိုးညှင်းစွာ ပြောလိုက်သည်။

သူသည် ဤနေရာတွင် ယောင်ဖုန်းအား နှောင့်ယှက်ရန် ရောက်ရှိလာခြင်းဖြစ်သည်။ ယောင်ကုန်းဇီသည်

သူ၏ရည်ရွယ်ချက်အား မည်မျှနက်ရှိုင်းစွာ လျှို့ဝှက်ထားသည်ဖြစ်စေ မည်မျှသည်းခံထားသည်ဖြစ်စေ ရသမျှနည်းလမ်းကုန်ဖြင့် ဝမ်ချောင် သူ့အား ဒေါသထွက်အောင် ပြုလုပ်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။

ဝမ်ချောင်၏ စကားအား ကြားရသည်တွင် ယောင်ဖုန်း၏အမူအရာသည် နောက်ဆုံးတွင်တော့ ပြောင်းလဲသွားပြီဖြစ်သည်။ သူ၏ကြင်နာမှုအား ဥပေက္ခာ ပြုခံရလိမ့်မည်ဟု သူ မထင်ထားပါ။ သိသာစွာပင် ဝမ်ချောင်က ထွက်ခွာသွားရန် ငြင်းဆန်နေဦးမည် ဖြစ်သည်။

" ဝမ်ကုန်းဇီ.. ကျုပ်အမှတ်မမှားဘူးဆိုရင် ကျုပ်ခင်ဗျားကို ဒီကိုလာဖို့ မဖိတ်ထားဘူးမဟုတ်လား...

ကျုပ်ကတွန့်တိုတဲ့လူတော့ မဟုတ်ပါဘူး... ဒါပေမဲ့

မပြောချင်ပေမဲ့ ခင်ဗျားကိုတော့ ထွက်ခွာသွားဖို့ ပြောရလိမ့်မယ်.. "

ဒေါသက ယောင်ဖုန်း၏ မျက်လုံးတွင် ထင်ဟပ်လာသည်။

" အဟမ့်.. မင်းငါ့ကို မဖိတ်ထားမှန်း ငါသိတာပေါ့...ဒါပေမဲ့ ဒီစုဝေးပွဲကို ငါလက်လွှတ်လိုက်လို့ ဘယ်ဖြစ်မလဲ... မဟုတ်ရင် ယောင်ကုန်းဇီကို မလေးမစား လုပ်သလိုဖြစ်သွားမှာပေါ့ ... "

ဝမ်ချောင် အသာလေးသာ ပြောလိုက်သည်။

သူသည် အခြားဧည့်သည်တစ်ယောက်၏ရှေ့မှ ဝိုင်ခွက်အား လှမ်းယူလျက် တစ်ငုံသောက်လိုက်ကာ

ပြီးနောက် မှတ်ချက်ပေးလိုက်သည်။

" ကောင်းလိုက်တဲ့ ဝိုင်အရသာ "

ယောင်ဖုန်းသည် ယဉ်ကျေးကာ ရည်မွန်သော်လည်းသူ၏မျက်ခမ်းစပ်သည် ဝမ်ချောင်၏ နှိုးဆွမှုကိုတုံ့ပြန်သည့်အနေဖြင့် မြှောက်တက်သွားကာ ဒေါသတကြီး တုန့်ပြန်လိုက်သည်။

( မင်းဘာကိုဆိုလိုတာလဲ ငါကမင်းကို မဖိတ်ခေါ်ထားဘူးလေ.. မင်းက ဒီစုဝေးပွဲကို လက်မလွှတ်နိုင်ဘူးဆိုတာ...ဘာသဘောလဲ...

ငါ ယောင်ဖုန်းက မင်းရဲ့လေးစားမှုကို လိုအပ်လို့လား )

ခန်းမထဲမှ အာဏာရှိအရာရှိများအုပ်စုများအား ဂရုစိုက်စရာမလိုလျှင် ယောင်ဖုန်းသည် ဤမလောက်လေး မလောက်စားကောင်အား အဖတ်လုပ်၍ စကားပြောနေမည်မဟုတ်ပဲ ချက်ချင်း မောင်းထုတ်ပစ်မည် ဖြစ်သည်။

" မာကျောက်...ခွေးလိုကောင်... မင်းက ဒီကောင့်ကို ငါ့ဆီခေါ်လာခဲ့တာမလား....မင်းတော့ အသက်ရှင်ရင် အကင်ခံရပြီသာမှတ်... "

ယောင်ဖုန်း ဒေါသများ ဆူဝေလျက်ရှိသည်။

ဝမ်မိသားစု၏ အငယ်ဆုံးသားသည် သူနှင့် တစ်ခါမျှ မတွေ့ဆုံခဲ့ဖူးမှန်း သူရှင်းရှင်းလင်းလင်းသိသောကြောင့် သူလုပ်မည့် စုဝေးပွဲအား ဤကောင်လေးသိရန် မဖြစ်နိုင်ပေ။ သည်မောင်နှမနှစ်ယောက်အား ဤပွဲသို့လာရန် မာကျောက် ခေါ်ခဲ့ခြင်းသာ ဖြစ်ရပေမည်။

မည်သို့ပင်ဖြစ်စေ ယခုအချိန်သည် အပြစ်တင်နေရမည့်အချိန်မဟုတ်ပေ။

" ဝမ်ချောင် ငါမင်းကိုနောက်ဆုံးတစ်ခေါက်မေးမယ်..

မင်းငါနဲ့ ပြဿနာဖြစ်ချင်တာ သေချာရဲ့လား "

ယောင်ဖုန်း ထက်ရှစွာပြောလိုက်သည်။

သူမည်သို့ပင် ပြောဆိုနေသည်ဖြစ်စေ ဝမ်ချောင် ထွက်သွားမည် မဟုတ်သည်မှာ ထင်ရှားနေသည်။ ထိုသို့ဆိုသော် တရားသောနည်းလမ်းအား ဆက်၍ အသုံးပြုရန်

မဖြစ်နိုင်တော့ပေ။ လူအားလုံးက ဝမ်ချောင်သည် ဤနေရာအား ပြဿနာရှာရန်သက်သက် လာရောက်သည်ကို ပြောနိုင်သည်။

" ဟမ့် ..... ယောင်ဖုန်း ... ဒါက မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး ပြန်ယူတယ်လို့ ခေါ်တယ်ကွ.... "

ဘန်း.....

ဝမ်ချောင်သည် ဝိုင်ခွက်အား ကြမ်းပြင်ပေါ်သို့ ပစ်ခွဲလိုက်ရာ အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားသည်။

နှစ်လိုဖွယ်ကောင်းစွာ ဆက်ဆံသည်က အဆင်မပြေသည်တွင် လူတစ်ယောက်၏ အစစ်အမှန်ရည်ရွယ်ချက်သည် ပေါ်ထွက်လာပေလိမ့်မည်။

ချက်ချင်းပင် အခြေအနေသည် အလွန်တင်းမာလာပြီး ရူးနေသောသူများပင်လျှင် မောင်နှမနှစ်ယောက်၏ ရည်ရွယ်ချက်မှာ ယောင်ဖုန်းသာ ဖြစ်သည်ကို ပြောနိုင်သည်။ သူတို့သည် ရည်ရွယ်ချက်ရှိရှိပင် ဤနေရာတွင် ဖျက်လိုဖက်ဆီးလုပ်ရန် ကြိုးစားနေကြခြင်းဖြစ်သည်။

ထိုအချိန်တွင် လူတိုင်းနားမလည်နိုင်သည့် အရာ တစ်ခုရှိလေသည်။ ယောင်ဖုန်းအား အမှန်တကယ်ဆန့်ကျင်ဝံ့သော ဤမောင်နှမသည် မည်သူများနည်း။ ယောင်ခြံဝင်းသည် မြို့တော်တွင် ထူးခြားသောအနေအထားအား ပိုင်ဆိုင်ထားသည်ကို သူတို့ သိကိုသိထားပေလိမ့်မည်။

" ဝမ်ချောင်ဟုတ်လား...မင်းက ဝမ်ကလန်ကလား "

ရုတ်တရက် အာမေဋိတ်သံ ထွက်လာသည်။ ဤလူအုပ်ထဲမှ တစ်ယောက်ယောက်သည် သူ့အား

သတိပြုမိပေပြီ။

" မှန်တယ် "

ဝမ်ချောင် လိုရင်းတိုရှင်းပင် ပြန်ဖြေလိုက်သည်။

ဤအဖြေအား ကြားသည့်အခါ ထိုနေရာရှိ လူတိုင်း၏ အသုံးအနှုန်းများ ပြောင်းလဲသွားသည်။ ဤမောင်နှမက ယောင်ဖုန်းအား ဆန့်ကျင်ရဲသည့်သတ္တိရှိသည်မှာ အံ့သြစရာမဟုတ်တော့ပေ။ သူတို့သည် ဝမ်ကလန်ကပင် ဖြစ်ပေသည်။

ဝမ်ယန် တစ်ယောက်ထဲသာမဟုတ်ပေ။ မဟာထန်အင်ပါယာ၏ စစ်တပ်အာဏာတွင် ဝမ်ယန်နှင့် တန်းတူအာဏာရှိသည့်စစ်သူကြီးများစွာ ရှိသည်။ သို့သော်

ဤမြို့တော်တွင် ဝမ်ကလန်၏နောက်တွင် ပို၍ကြီးမားသောပုံရိပ်ရှိသည့် ပုဂ္ဂိုလ်တစ်ဦး ရှိသေးသည်ကို လူတိုင်းသိထားကြသည်။

" ဒါဆို မင်းတို့က ကျိုးအမတ်ကြီးရဲ့ မျိုးဆက်ပေါ့..ကျုပ်တို့ရဲ့ မသိတတ်မှုကို ခွင့်လွှတ်ပေးပါ... "

" မင်းရဲ့ အဘိုး ကျန်းမာပါရဲ့လား... "

" ငါက မြို့တော်ရဲ့ ဝေမိသားစုကပါ...မင်းအဘိုးက ငါ့အဖေ ဝေ့လီကို တစ်ခါကူညီခဲ့ဖူးတယ်...သူက အဲ့ကိစ္စကို မမေ့ပါဘူး... ဝမ်သခင်လေး ဖြစ်နိုင်မယ်ဆိုရင်

ဝေ့လီကသူလွတ်လာရင် လာပြီး ဂါရဝပြုချင်တယ်

ဆိုတဲ့အကြောင်း မင်းအဘိုးကို သတင်းစကား ပါးပေးပါဦး... "

...........

ယခုအချိန်တွင် ဝမ်မောင်နှမများအပေါ် သူတို့၏ သဘောထားပြောင်းလဲသွားပြီး သူတို့နှင့် နှိုင်းယှဉ်မရသည့် လေးစားမှုအား ပေးစွမ်းနေသည်။ ကျိုးအမတ်ကြီး ဟူသောစကားလုံးသည် မြို့တော်တွင် ထူးခြားစွာရပ်တည်လျက်ရှိပြီး ဝမ်မောင်နှမများအပေါ် ထင်မြင်ချက်အား ချက်ချင်းပြောင်းလဲစေခဲ့သည်။

သူတို့က ဤပြဿနာသည် ဟာသတစ်ခုသာဖြစ်မည်ဟု ထင်ထားကြသော်လည်း ပုန်းကွယ်နေသည့် ကျိုးအမတ်ကြီးကသာ ယောင်မိသားစုနှင့် ဖြေရှင်းချင်သည်ဆိုပါက အရာရာသည် ကွဲပြားသွားပေလိမ့်မည်။

ထိုအခြင်းအရာက သာမန်မိသားစုများ ဝင်ရောက်ပက်သက်၍ ရနိုင်သည့် ကိစ္စများ မဟုတ်တော့ပါ....

===============================

စာရေးသူက အရင်အပိုင်းတွေမှာ

Young Master Chong (ချောင်သခင်လေး)လို့ရေးပြီး

ဒီအပိုင်းမှာ...

Young master Wang အစား တစ်ချို့နေရာမှာ

Yao Gongzi... Wang Gongzi စသဖြင့် ရေးပြန်ပါတယ်..

ကျနော်သိထားတာက ကုန်းဇီဆိုတာက မင်းသား

မင်းသမီးတွေကိုခေါ်တာပါ...

ဆိုတော့ကာ သူက လေးစားသမှုနဲ့ ခေါ်တယ်ဆိုပြီး

ရေးထားတာ ဖြစ်ပါလိမ့်မယ်...

မြန်မာမှုပြုထားတာအရ သခင်လေးဆိုတာကလဲ

တလေးတစား ခေါ်တာပါပဲ ဒါကြောင့် သခင်လေးလို့ပဲ

ကျနော်ကတော့ ဆက်သုံးထားပါတယ်..

Gongzi ဆိုတာကို ပိုပြီးခေါ်ရအဆင်ပြေမဲ့ စကားလုံးရှိရင်လဲ ပြောပြပေးကြပါဦး....

လူသားဧကရာဇ်

ဘာသာပြန်သူ - Xoxay

Chapter 8.

ကြိုးကြာပျံဝဲစံအိမ်တွင် ဖျက်လိုဖျက်ဆီးလုပ်ခြင်း

" ယောင်ကုန်းဇီ ကျုပ်လုပ်စရာလေးရှိသေးတာ ခုမှသတိရလို့ ကျုပ်ကိုထွက်ခွာသွားဖို့ ခွင့်ပြုပါဦး... "

" ယောင်ကုန်းဇီ နောက်များကျရင်လဲ ထပ်ပြီး စုဝေးပွဲလုပ်ပါဦး လာခဲ့ပါ့မယ် "

.........

တောင်းပန်မှုအချို့ပြုပြီးနောက် သခင်လေးတစ်ဦးသည် မတ်တပ်ရပ်လိုက်ကာ ထွက်ခွာသွားသည်။

မကြာမှီပင် တစ်ယောက်ပြီးတစ်ယောက် ထပ်မံ ထွက်ခွာသွားကြသည်။

ယောင်ဖုန်း၏ မျက်နှာထား တင်းမာနေကာ မကြာမှီပင် ဒယ်အိုး၏အောက်ခြေကဲ့သို့ မဲမှောင်သွားသည်။

သူ၏ အမျက်ဒေါသအား ထိန်းချုပ်ထားရသည့် အကြောင်းရင်းမှာ ဝမ်ချောင်ကြောင့် အခြားသူများထိတ်လန့်မသွားစေရန်ဖြစ်ပြီး ဝမ်မောင်နှမ ငြိမ်းချမ်းစွာထွက်သွားကြစေရန် စောင့်နေခြင်းဖြစ်သည်။

သို့သော် သူ၏အားထုတ်မှုက ကျရှုံးခဲ့လေသည်။

သူအလွန်အမင်းအားထုတ်ထားသော ဤစုဝေးပွဲအား

ပျက်ဆီးစေရန် မောင်နှမနှစ်ယောက်မှ အတင်းအကြပ် တွန်းအားပေးခဲ့လေသည်။

သူတို့က နောင်တစ်ချိန်တွင် ထပ်ပြုလုပ်မည့်စုဝေးပွဲအား လာရောက်ကြမည်ဆိုသော်လည်း အပြောသာဖြစ်ကြောင်း ယောင်ဖုန်းသိလေသည်။ သူတို့ကပိုမိုနက်ရှိုင်းသောတစ်စုံတစ်ရာ၏ 'အနံ့' အား ဖမ်းဆုပ်မိပြီး အချိန်ကာလတစ်ခုတိုင်အောင် သူ့၏ဖက်တွင် ဆက်လက် ရပ်တည်ကြမည်မဟုတ်သည့် ဦးတည်ချက်များက ရှင်းလင်းနေပေသည်။

" ဝမ်ချောင် မင်းတို့နှစ်ယောက်က မထွက်သွားချင်ကြဘူး ဆိုတော့လဲ ဒီမှာပဲ ထာဝရနေလိုက်ကြတော့....

ငါ့ကောင်တို့...သူတို့ကို ဖမ်းလိုက်ကြစမ်း... ဒီကိစ္စနဲ့ပက်သက်ပြီး ဝမ်ကလန်က ဘယ်လို ဖြေရှင်းပေးမလဲ ငါသိချင်မိတယ် "

ယောင်ဖုန်း၏မျက်လုံးမှ အမျက်ဒေါသများ ထွက်လာပြီး စားပွဲခုံအား ရိုက်ချကာ မတ်တပ်ရပ်လိုက်သည်။

" ဘုန်း...... "

တံခါးအပြင်ဘက်တွင် အမိန့်အားစောင့်ဆိုင်းနေသော ယောင်မိသားစု၏ အစောင့်နှစ်ဦးသည် လေပြင်းတိုက်ခတ်လိုက်သည်ကဲ့သို့ ပြေးဝင်လာကြသည်။ သူတို့သည် အလွန်မြင့်မားသော ကိုယ်ကာယလေ့ကျင့်မှုများနှင့်အသားကျနေသည်နည်းတူ မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်သော သဘောဝသဘာဝက ပေါ်ထွက်နေသည်။ စကားတစ်ခွန်းပင်မပြောပဲ လင်းယုန်၏လက်သည်းများကဲ့သို့သော သူတို့၏လက်များက ဝမ်ချောင်နှင့်ဝမ်ရှောင်းယောင်ထံသို့ တိုးဝင်လာသည်။

သူတို့ နှစ်ဦး၏ လှုပ်ရှားမှုသည် သွက်လက်စွာစီးဆင်းနေသည်။ ၎င်းတို့မှာ စစ်တပ်မှ ဖြစ်ကြောင်းထင်ရှားသည်၊ သူတို့၏ရွေ့လျားမှုက ရန်သူများအား အသက်ရှင်လျက်ဖမ်းဆီးရန် စစ်တန်းလျားများတွင် အသုံးပြုသော အခြေခံတိုက်ခိုက်ရေးပညာရပ်များမှ ဖြစ်သည်။

ထိုပညာရပ်သည် လူတစ်ဦး၏ ပုခုံးအား ပစ်မှတ်ထားတိုက်ခိုက်သော ပညာဖြစ်သည်။ အကယ်၍ ဝမ်ချောင်နှင့်သူ၏ညီမတို့သာ သူတို့၏ တိုက်ခိုက်ခြင်းအား တိုက်ရိုက်ခံလိုက်ရပါက ပြင်းထန်စွာ ဒဏ်ရာရမည်မှာ သေချာပေါက်ပင်ဖြစ်သည်။

" ညီမလေး လုပ်လိုက်တော့ "

အန္တရာယ်အား အာရုံခံမိသည်တွင် ဝမ်ချောင် ကျယ်လောင်စွာ အော်ပြောလိုက်သည်။

သူ၏ညီမငယ်အား သူ၏ခွင့်ပြုချက်မရဘဲ မည်သူ့ကိုမျှ မတိုက်ခိုက်ရန် ကတိထားခဲ့သည်။ မာကျောက်နှင့် ရင်ဆိုင်သည့်အချိန်တွင်ပင် သူမအား ပါဝင်ရန် ခွင့်မပြုခဲ့သော်လည်း ယခုအချိန်တွင်တော့ သူသည် တုန့်ဆိုင်းခြင်းမရှိ သူမနှစ်သက်သလိုပြုမူရန် ခွင့်ပြုပေးလိုက်သည်။

ယောင်မိသားစု၏ အစောင့်နှစ်ယောက်သည် အလွန် လျင်မြန်သော်လည်း မျက်တောင်တစ်ခတ်အတွင်း

ဝမ်ချောင်၏အသံကြားရသည်တွင် ဝမ်မိသားစု၏ညီမငယ်က လှုပ်ရှားလိုက်သည်။

ခရက်..... သူမ မည်သို့လုပ်လိုက်သည်ကို မည်သူမှသတိမထားလိုက်မိသော်လည်း ကြွပ်ဆတ်သည့်အရိုးကျိုးသံအား ကြားရသည်တွင် ယောင်မိသားစု၏ပထမအစောင့်သည် နာကျင်စွာအော်ဟစ်လိုက်ပြီး ကြမ်းပြင်ပေါ်သို့ ဒူးထောက်ကျသွားသည်။ သူ၏ဘယ်ဘက်လက်သည် ထူးဆန်းစွာပင် နောက်ပြန်လိမ်နေသည်။

ဒုတိယအစောင့်၏ ကံကြမ္မာက ပို၍ပင် ဆိုးဝါးလေသည်။ ကြိုးမှပြတ်သွားသောစွန်ကဲ့သို့ လေထဲ၌ပျံဝဲသွားပြီးလျှင် ပါးစပ်အပြည့် သွေးအန်လိုက်လေသည်။

ဘုန်း.....သူ၏ခန္ဓာကိုယ်က နံရံအား ဖြတ်ကျော်သွားပြီးလျှင် အဆောက်အဦး၏ အပြင်ဘက်သို့ ပျံထွက်သွားကာ သူဖြတ်သွားရာနံရံတွင် အပေါက်ကြီးတစ်ခုအား ချန်ရစ်ထားခဲ့သည်။

မျက်တောင်တစ်ခတ်အတွင်း၌ပင် တိုက်ပွဲက ပြီးဆုံးသွားလေသည်။

တိတ်ဆိတ်သွားသည်။

ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။

ယောင်ဖုန်း၏မျက်လုံးများက ထိတ်လန့်တကြားဖြစ်နေပြီး အခြားသူများမှာ ပို၍ပင်ဆိုးလေသည်။ ထိုသေးသွယ်သွယ်ခန္ဓာကိုယ်လေးမှ ဤမျှလောက် ပြင်းထန်သောခွန်အားပေါ်ထွက်လာသည်ကို အဘယ်သူမျှ မယုံကြည်နိုင်ကြချေ။

အကောင်းမွန်ဆုံးလေ့ကျင့်ထားသည့်

ယောင်မိသားစု၏ အစောင့်နှစ်ယောက်သည် သူမ၏

လက်သီးတစ်ချက်ကိုပင် တောင့်မခံနိုင်ပေ။ ထိုသည်က ပြီးပြည့်စုံစွာ ရှုံးနိမ့်ခြင်းပင် ဖြစ်သည်။

ဒန် ဒန် ဒန်....

ဝမ်မိသားစု၏ညီမငယ်လေး၏ အနီးကပ်တွင်ရှိနေသော အစောင့်အနည်းငယ်သည် ရုတ်ချည်းပင် နောက်ဆုတ်သွားကြသည်။ သူတို့၏မျက်လုံးထဲတွင်

အကြောက်တရားအား ထင်ရှားစွာ မြင်ရနိုင်သည်။

" ကြောက်စရာကောင်းလိုက်တာ...သူမက ဘယ်လိုလုပ် အရမ်းကို ကြောက်စရာကောင်းတဲ့ စွမ်းအားကို ပိုင်ဆိုင်ထားတာလဲဟ "

" အဲ့ဒီလက်သီးချက်ကသာ ငါ့ကိုထိုးမိရင် ငါသေသွားနိုင်တယ်...ဘယ်လိုလုပ် ဆယ်နှစ်အရွယ်ကလေးတစ်ယောက်က ဒီလောက်ကြောက်ဖို့ကောင်းနေရတာလဲ "

" ယောင်မိသားစုရဲ့အစောင့်တွေအားလုံးက လက်ရွေးစင်တွေချည်းပဲမလား... တကယ်လို့ ငါ့မျက်လုံးနဲ့သာ မြင်နေရတာ မဟုတ်ရင် ဒါတကယ်ဖြစ်နေတာကို ငါဘယ်တော့မှယုံမိမှာ မဟုတ်ဘူး "

..........

ခန်းမထဲတွင် ကျန်ရှိနေသောသူအားလုံး မှင်တက်နေကြသည်။ မြို့တော်တွင် မရေမတွက်နိုင်သော သူများသည် နေ့စဥ်နဲ့အမျှ တိုက်ခိုက်နေကြသည်။ သို့သော်

တစ်ခုမျှ ဆယ်နှစ်အရွယ် ကလေးမ ထုတ်ဖော်ပြလိုက်သည့် စွမ်းအားကို မှီနိုင်သည့်တိုက်ပွဲ မရှိပေ။

" ငါ့အစ်ကိုကို ထိရဲတဲ့သူကို ငါက သေအောင်ရိုက်ပစ်မယ် "

ဝမ်မိသားစု၏ညီမငယ်သည် သူမ၏ ဝိုင်းစက်နေသော

မျက်ဝန်းဖြင့် ကျန်သည့်သူများအား လှည့်ကြည့်လိုက်သည်။ သူမက ငယ်ရွယ်နူးညံ့ပုံရသော်လည်း ယခုအချိန်တွင်တော့ တစ်ဦးတစ်ယောက်မျှ သူမအား

လျော့မတွက်ရဲတော့ချေ။

" ကောင်းတယ် "

ဝမ်ချောင်က ပျော်ရွှင်နေပြီး သူ၏ညီမအား တိတ်တဆိတ် လက်မထောင်ပြလိုက်သည်။ သူမသည်

အပျင်းကြီးသော်လည်း ဝမ်ကလန်၏ထိပ်သီးကျွမ်းကျင်သူဟု ဆိုရလောက်အောင်ပင် သူမ၏ပါရမီသည် အခြားသူများယှဥ်၍ မရအောင်ပင် မြင့်မားလှသည်။

သူမ၏ထိုးချက်သည် နည်းစနစ်တစ်ခုမျှမပါရှိသော်လည်း မယုံနိုင်သည့်ခွန်အားနှင့်အမြန်နှုန်းကြောင့် ယောင်မိသားစု၏အစောင့်များအား အလွယ်တကူပင် အနိုင်ယူလိုက်နိုင်သည်။

" ယောင်ဖုန်း ငါတောင်းပန်ပါတယ် မင်းက ငါတို့မောင်နှမနဲ့ ရင်ဆိုင်ဖို့ မလုံလောက်သေးဘူး "

ဝမ်ချောင် မီးလောင်ရာ လေပင့်လိုက်ပြီး ယောင်ဖုန်းအား အေးစက်စက် သရော်လိုက်သည်။

" ရဲတင်းလိုက်တာ..သူတို့ကို ဖမ်းလိုက်စမ်း "

ဝမ်ချောင်၏ လှုံ့ဆော်မှုကြောင့် ယောင်ဖုန်းဒေါသတကြီးဖြစ်သွားသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည်

တုန်ယင်နေသည်။

ဤမိန်းမငယ်လေးအား ယောင်ခြံဝင်း၏လက်ရွေးစင်များအနေဖြင့် အနိုင်မယူနိုင်သည့် အဖြစ်ဆိုးသာ အပြင်သို့ စကားပြန့်သွားလျှင် ယောင်မိသားစု၏ ဂုဏ်သတင်းသည် မြောင်းထဲရောက်သွားပေမည်။ စုဝေးပွဲက ပျက်ဆီးသွားသော်လည်း ယောင်မိသားစု၏ဂုဏ်သိက္ခာအား ထိန်းသိမ်းရန် ဝမ်မောင်နှမအား ဖမ်းဆီးထားရပေမည်။

ထို့နောက် သူသည် ဖြစ်ပျက်သမျှအတွက် ဤမောင်နှမအားတာဝန်ခံရန် ဝမ်ကလန်ထံသို့ ဖြေရှင်းချက် တောင်းပေလိမ့်မည်။

ဘုန်း......ယောင်ဖုန်း၏ လက်မြှောက်လိုက်သည်နှင့် တစ်ချိန်တည်းမှာပင် ယောင်ခြံဝင်း၏ကျွမ်းကျင်သူ လေးယောက်က ချက်ချင်းလှုပ်ရှားလိုက်သည်။ ကျင့်ကြံခြင်းအဆင့်ဖြင့်တွက်လျှင် ဤလေးယောက်သည် ခုဏက မိန်းမငယ်လေး ရိုက်နှက်လိုက်သည့် နှစ်ယောက်ထက် ပို၍သန်မာပေသည်။

အကယ်၍ ထိုအင်အားဖြင့်ပင် အနိုင်မယူနိုင်လျှင် ဝမ်ကလန်၏ဂုဏ်သတင်းသည် မြေကြီးထဲသို့ပင် ကျဆင်းသွားပေမည်။

ဤတစ်ကြိမ်တွင်တော့ ဝမ်ချောင် သူတို့ဖက်မှ လာတိုက်မည်ကို အေးအေးဆေးဆေးထိုင်မစောင့်နေတော့ချေ။ ယောင်ဖုန်းက ကျွမ်းကျင်သူလေးယောက်အား ညွှန်ကြားလိုက်သည်နှင့်တစ်ပြိင်နက် ဝမ်ချောင် က ယောင်ဖုန်းအား လက်ညှိုးထိုးလိုက်ပြီး အောက်ပါအတိုင်း ပြောဆိုလိုက်သည်။

" ညီမလေး သူ့ကိုဖမ်းလိုက် "

' မြင်းစီးသမားကို မပစ်ခင် မြင်းကိုအရင် ပစ်ရမယ်

တပ်သားတွေကိုမဖမ်းဆီးခင် ခေါင်းဆောင်ကို အရင်ဖမ်းရမယ် ' ဝမ်ချောင်က သူ၏ ရည်ရွယ်ချက်အား

မမေ့လျော့ပေ။ ယောင်ခြံဝင်း၏ အစောင့်များကိုသာ အနိုင်ရခြင်းက ဘာအသုံးဝင်မည်နည်း။ ယောင်ဖုန်းကဲ့သို့ အရေးပါသောသူအား ဖမ်းဆီးလိုက်လျှင် အစောင့်များအားလုံးကို အနိုင်ယူရန် မလိုတော့ပေ။

ယောင်ဖုန်းက ဦးစွာ လှုပ်ရှားခဲ့သည် ဖြစ်သောကြောင့်

ဝမ်ချောင် သူ၏အကြံအစည်အား ဆက်လက်ထိမ်ချန်ထားရန် မလိုအပ်တော့ပေ။

ဘုန်း......ဘုန်း......

ဝမ်မိသားစုညီမငယ်၏ ခွန်အားနှင့်အမြန်နှုန်းသည် ပေါက်ကွဲသွားပြီး သူမ၏စွမ်းအားကို ထုတ်ဖော်လိုက်ကာ...ဖုန်း...ဖုန်း......ဖုန်း.........ယောင်ခြံဝင်း၏

ကျွမ်းကျင်သူလေးယောက်သည် သူမအား မတားဆီးနိုင်ခင် စက္ကန့်ပိုင်းအလိုမှာပင် လေထဲပျံဝဲသွားသည်။

သူမသည် ပြေးဝင်သွားကာ စားပွဲခုံပေါ်တွင် ရပ်တန့်လိုက်ပြီး အဓိကနေရာတွင်ထိုင်နေသည့် သူတစ်ယောက်အား ဝင်ရောက်ဖမ်းဆီးလိုက်သည်။ ထိုသူမှာ ယောင်ကုန်းဇီပင် ဖြစ်သည်။

" အတင့်ရဲလိုက်တာ "

ယောင်ဖုန်း မတ်တပ်ရပ်လိုက်ကာ သူ့မျက်လုံးထဲတွင် အေးစိမ့်သော အလင်းရောင်ဖြတ်ပြေးသွားသည်။ သူသည် ဝမ်ရှောင်းယောင်နှင့်သူမအစ်ကို၏လုပ်ရပ်များကြောင့် အလွန်ဒေါသထွက်နေပြီး ဖြစ်သည်။ လှိုင်းဂယက်တစ်ခုက သူ၏ အဝတ်အစားများမှတဆင့် ဂယက်ထလာသောကြောင့် ငါးပေအတွင်း လှိုင်းလုံးကြီးတစ်ခု ရိုက်နှက်သွားသည်အား ခံစားရနိုင်ပြီး ခန်းမအတွင်းတွင် လှိုင်းများက ပုတ်ခတ်သွားသည်။

ဝမ်ချောင်က သူ၏ရှေ့မှ စားပွဲအား ကန်လျက် ခန်းမ၏ဝင်ပေါက်ဘက်သို့ ခုန်ဆုတ်သွားလိုက်သည်။

သူသည် ကြောက်စရာကောင်းသည့် မုန်တိုင်းထန်သည်ကဲ့သို့ အငွေ့အသက်အား ခံစားလိုက်ရကာ

နောက်သို့ ခြေလှမ်းအများအပြား ဆုတ်ပေးလိုက်ရသည်။ သူသည် ယောင်ဖုန်း၏စွမ်းအားကို အလွန်အံ့အားသင့်မိသွားသည်။

ဖပ်.....

တစ်ချိန်တည်းမှာပင် ယောင်ဖုန်း၏ကြီးမားသည့်လက်သီးနှင့် ဝမ်ရှောင်းယောင်၏လက်သီးတို့သည်

တစ်ခုနှင့်တစ်ခု ပြင်းထန်စွာ ထိမိသွားသည်။

ဘုန်း......အခန်းထဲတွင် စူးရှတောက်ပသော အလင်းရောင် ထွက်ပေါ်လာပြီး လှိုင်းလုံးများက အရပ်ရှစ်မျက်နှာသို့ ပျံ့နှံ့သွားသည်။ ရုတ်တရက် ခန်းမအတွင်းသို့ မိုးကြိုးပစ်ချလိုက်သလိုပင်။ ဖပ်..ဖပ်..ဖပ်...ယောင်ဖုန်း၏ကိုယ်သည် ယိမ်းယိုင်သွားပြီး နောက်သို့ ခြေသုံးလှမ်းမျှ ဆုတ်လိုက်ရသည်။

ထို့နည်းတူစွာ ဝမ်မိသားစု၏ညီမသည်လည်း နောက်သို့ ခြေလှမ်းတစ်ဝက်မျှ ဆုတ်လိုက်ရသည်။

" ဟမ့် .... မင်းတို့က ဒီနေရာကို ဘာထင်နေတာလဲ...

ဒီမှာ မင်းတို့နှစ်ယောက်ကို တားဆီးနိုင်မဲ့သူ မရှိတော့ဘူးလို့ တကယ်ထင်နေကြတာလား "

ယောင်ဖုန်း၏မျက်နှာ ဖြူလျော့နေသည်။ ထိုအချိန်တွင် သူ၏စိတ်အား ဒေါသတိမ်တိုက်က ဖုံးလွှမ်းသွားပြီဖြစ်သည်။ ဤနေရာတွင် ကျန်ရှိနေသောသူအားလုံးမှာ သူ၏သစ္စာတော်ခံများ ဖြစ်ကြပြီး သူက

လူကြီးလူကောင်းအဖြစ် ဟန်ဆောင်နေရန် မလိုအပ်တော့ပေ။

" ငါ့ကောင်တို့ ..သူတို့ကို ငါနဲ့ပူးပေါင်းပြီး တိုက်ကြမယ် တကယ်လို့ ငါတို့ ဒီမောင်နှမကို အနိုင်တိုက်နိုင်ခဲ့ရင် တစ်ယောက်စီတိုင်းကို ရွှေစတစ်ထောင်နဲ့

ချပ်ဝတ်တန်ဆာတစ်စုံစီ ပေးမယ် "

ယောင်ဖုန်းမှာ သူ၏စကားမဆုံးခင်၌ပင် သူ၏ခွန်အားကုန် အသုံးပြု၍ ရှေ့သို့ပြေးဝင်သွားပြီဖြစ်သည်။ လူတိုင်း၏ အာရုံစိုက်မှုသည် သူ၏စကားလုံးကြောင့် ပြောင်းလဲသွားပြီး လူအားလုံးတစ်ပြိုင်နက် ပြေးဝင်သွားကြသည်။

အခြား ရပ်ကြည့်နေသည့် ကျောင်းတော်သားများနှင့်သခင်လေးတစ်ချို့ပင် သူ၏စကားကြောင့် လှုပ်ရှားလာကြသည်။ အားလုံးစုပေါင်းကာ တိုက်ခိုက်လိုက်ကြသည်။

မဟာထန်အင်ပါယာတွင် ကျိုးအမတ်ကြီးသည်

နာမည်ကြီးလှသည်မှန်သော်လည်း လူတိုင်းသည် ရွေးချယ်ခွင့်မရှိပေ။ သူတို့၏ကျောထောက်နောက်ခံမိသားစုများသည် ယောင်ကလန်နှင့် အတွင်းကျကျ ပက်သက်ထားပြီးသည် ဖြစ်သောကြောင့် ဖြစ်သည်။

အကယ်၍ ယောင်ဖုန်းသာ အရှက်ရခဲ့လျှင် သူတို့အနေအထားသည်လဲ ကောင်းမွန်နိုင်တော့မည် မဟုတ်ပေ။

" မကောင်းတော့ဘူး "

ဝမ်ချောင် စိုးရိမ်ထိတ်လန့်သွားပြီး ထိုအချိန်တွင် သူ၏စိတ်ထဲတွင် ရေခဲမြစ်တစ်စင်း ဖြတ်သန်းစီးဆင်းသွားသည်ဟုပင် ထင်ရသည်။

သူသည် အရာအားလုံးအား အစီစဥ်ချထားပြီးဖြစ်သော်လည်း ယောင်ဖုန်းသည် ထိုမျှလောက် သန်မာမည်ဟု မထင်ထားခဲ့ပါ။ ယောင်ဖုန်းသည် ယခင်ဘဝ၌ ရှိစဥ်တုန်းကလိုပင် ထင်ရှားကျော်ကြားခြင်းမရှိသေးသော်လည်း သူ၏သိုင်းပညာတွင် ကြောက်စရာကောင်းသောစွမ်းရည်အား ထုတ်ဖော်ပြသခဲ့သည်။

သူ၏ညီမသည် ယောင်ဖုန်းအား အနိုင်တိုက်ရန်

လုံလောက်မှု မရှိသေးပေ။

အကယ်၍ သူတို့က ယောင်ဖုန်းအား မဖမ်းနိုင်ခဲ့လျှင် သူ၏အကြံအစည်များအားလုံး ပျက်ဆီးသွားပေလိမ့်မည်။

ထိုအချိန်တွင် အန္တာရာယ်ရှိသည့် သန်မာသောခံစားချက်တစ်ခုအား သူခံစားမိနေပြီ ဖြစ်သည်။

ဝမ်ချောင်က သူ၏အစီအစဥ်တွင် ဟာကွက်အကြီးကြီးတစ်ခု ရှိနေပြီမှန်းသိလိုက်သည်။ အကယ်၍ ဤအခြေအနေအား သူမထိန်းသိမ်နိုင်လျှင် သူကြိုးစားထားသမျှ သဲထဲရေသွန်ဖြစ်တော့မည်ကို သူသိလိုက်သည်။

" ယောင်ကုန်းဇီ ငါတို့မင်းကို ကူညီမယ် "

ထိုသို့သော စကားလုံးများအား နေရာတိုင်းမှ ကြားနေရပြီး လူအားလုံးက အဆက်မပြတ် တိုးဝင်လာကြပြီဖြစ်သည်။

ထိုသူအားလုံး၏ ခြေသံများက စံအိမ်တစ်ခုလုံးအား ပြည့်နှက်နေသည်။ ကြိုးကြာပျံဝဲစံအိမ်တွင် ယောင်ကွမ်းရီ ပြင်ဆင်ထားသော ကျွမ်းကျင်သူအားလုံးက ထိုအသံများအား ကြားလိုက်ပြီး ပြေးထွက်လာကြသည်။

" အစ်ကို............. ! "

ဝမ်ရှောင်းယောင် အော်ခေါ်လိုက်သည်။ ကျွမ်းကျင်သူများစွာအား သူမရင်ဆိုင်ရမည့်အချိန်၌ သူမ ကြောက်ရွံ့နေမိပြီ ဖြစ်သည်။ သူမသည် မည်မျှပင် စွမ်းအားရှိသည် ဆိုစေဦးတော့ သူမသည် ဆယ်နှစ်သာရှိသေးသည် မဟုတ်ပါလား။

ဤကဲ့သို့သောအခြေအနေအား သူမတစ်ခါမျှ မကြုံဖူးပေ။

" ညီမလေး မကြောက်နဲ့ အစ်ကို့စကားကိုနားထောင် "

ထိုအချိန်တွင် ဝမ်ချောင် စိတ်တည်ငြိမ်အောင် စုစည်းလိုက်သည်။ တစ်နည်းအားဖြင့် သူ၏အသံအား ကြားရသည်တွင် သူမ၏ စိုးရိမ်ပူပန်မှုအား လျော့နည်းစေသည်။ ဝမ်ရှောင်းယောင်၏ စိတ်ပူပန်မှုသည် ပျောက်ကွယ်သွားပြီး ယုံကြည့်မှုများက တစ်ဖန် မြှင့်တက်လာသည်။

" ကျားမြစ်ပြင်ဖြတ်ကူး "

ဝမ်ချောင်၏ စကားအား ကြားလိုက်ရချိန်၌ ဝမ်မိသားစု၏ညီမငယ်သည် သူမ၏ကိုယ်အား အတွင်းသို့ ကွေးချလိုက်ပြီးနောက် တစ်ရှိန်ထိုး ပြေးထွက်သွားသည်။

" အား "

နာနာကျင်ကျင် အော်လိုက်သည့်အသံအား ကြားလိုက်ရသည်။ ယောင်ခြံဝင်း၏အစောင့်သည် စတုရန်းပုံကန်ချက်အား ခံလိုက်ရပြီး နံရံကိုဖောက်လျက် တိုင်များအား ဖြတ်ကျော်ပြီး လမ်းမပေါ်ရောက်သည်အထိ လွင့်ထွက်သွားသည်။

..........

" ဝမ်အစ်ကို လာလာ...ချီးယား... "

ကြိုးကြာပျံဝဲစံအိမ်၏ မြေညီထပ်ရှိ ကျယ်ဝန်းသည့်အခန်းအား ကျောက်မျက်ရတနာနှင့် ပုလဲများဖြင့် စီချယ်ထားသည်။ တောင်တစ်လုံးကဲ့သို့ထင်ရလောက်သည့် အရှိန်အဝါရှိသည့် လူနှစ်ယောက်သည် မျက်နှာချင်းဆိုင်ထိုင်လျက် ဝိုင်ခွက်များ တစ်ခွက်ပြီးတစ်ခွက် တိုက်နေကြသည်။

မဟာထန်အင်ပါယာမှ ကြီးမားသည့်ကလန်နှစ်ခု၏

ကံကြမ္မာသည် မည်ကဲ့သို့ ပြောင်းလဲနေသည်ကို

တစ်ယောက်မျှ မတွေးတောနေပေ။

ယောင်ကွမ်းရီသည် ချောင်ချိသောပိုးထည်အား

သာမန်သာဝတ်ဆင်ထားသည်။ သူသည် ဝမ်ယန်၏ခွက်ထဲသို့ ဝိုင်းများအား ဆက်လက်၍ ငှဲ့ပေးနေကာ ဤတွေ့ဆုံခြင်း၏နောက်ကွယ်မှ ရည်ရွယ်ချက်အား လုံးဝပင် မသိသာစေပေ။

" ယောင်အစ်ကို ဒီတွေ့ဆုံမှုကို ဖိတ်ကြားရတဲ့ ရည်ရွယ်ချက်က........"

" ဟ ဟ... ဝမ်အစ်ကို အဲ့ဒါတွေကို မေ့ထားလိုက်စမ်းပါ.. မင်းရောငါရောက နယ်စပ်ကို ကာကွယ်စောင့်ရှောက်နေရတဲ့ စစ်သူကြီးတွေပဲ ငါတို့ဒီလိုမျိုး

နေ့တိုင်း ဆုံတွေ့ဖို့က မလွယ်လှဘူး...တစ်ခြားဘာအကြောင်းမှ မပြောပဲ သောက်ပဲသောက်ကြရအောင် "

ယောင်ကွမ်းရီက ဝမ်ယန်၏စကားမဆုံးခင်မှာပင် ဖြတ်ပြောလိုက်သည်။ သူတို့နှစ်ယောက်လုံးက စစ်သူကြီးများပင်ဖြစ်သော်လည်း ယောင်ကွမ်းရီ၏

ပုံစံသည် ခွန်အားအပေါ်မူတည်သည့်စစ်သူကြီးထက်

ဇာဝဏဉာဏ်ရွှင်သည့်စစ်သူကြီးပုံသာ ပေါက်နေသည်။

ဝမ်ယန် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏နှုတ်ခမ်းက လှုပ်သွားသည်။ သို့သော် သူပြောထွက်တော့မည့် စကားအား ပြန်ရုတ်သိမ်းလိုက်သည်။

ဝမ်ယန်သည် သာမန်စစ်သားဆန်ဆန်သည့် အတွေးများသာရှိသည့် စစ်သူကြီး ဖြစ်သောကြောင့် သူသည်

ရိုးရှင်းသောပင်ကိုယ်စရိုက်ရှိသူဖြစ်သည်။ ဝမ်ယန်သည် ယောင်ကွမ်းရီက သူ့အား ဖိတ်ခေါ်၍ သူ့ဘက်သို့ ဆွဲဆောင်ရန်သာဖြစ်သည်ဟု အထင်ရောက်နေသည်။

ယောင်ကွမ်းရီက သူ့အား ဖိတ်ခေါ်သည်နှင့် တစ်ပြိုင်နက် သူငြင်းဆန်ပစ်ရန် တွေးထားပြီးဖြစ်ကာ သူ၏ရပ်တည်ချက်အား ရှင်းလင်းစေမည် ဖြစ်သည်။

သို့သော် ဝိုင်ခွက်အနည်းငယ်အား သောက်ပြီးသည့်အချိန်ထိ ယောင်ကွမ်းရီက စကားမစသောကြောင့်

ဝမ်ယန်က ထိုအကြောင်းအား စပြောရန် အခက်တွေ့နေသည်။ အခြေခံကျကျဆိုရလျှင် ယောင်ကွမ်းရီသည် သူ့ထက်ပို၍ပင် စိတ်လှုပ်ရှားနေသင့်သောကြောင့် ဖြစ်ပွားနေသော အခြေအနေများအရ တစ်ခုခုမှားယွင်းကြောင်း သက်သေခံနေသည်။

ထိုအရာက ဝမ်ယန်၏ သံသယအား ပိုကြီးမားစေသည်။ ယောင်ကွမ်းရီ၏ရည်ရွယ်ချက်သည် သူ့အား ဆွဲဆောင်ရန်မဟုတ်လျှင် အဘယ်နည်း။

သူက အခြေအနေမူမမှန်သည်ကို သတိထားမိသော်လည်း သူ၏စိတ်အတွင်းနက်နက်တွင်တော့

ယောင်ကွမ်းရီသည် သူ့အား ပုံမှန်စကားပြောဆိုရန်သာ ဖိတ်ခေါ်ခြင်းဖြစ်ကြောင်း မျှော်လင့်နေမိသည်။

ဝမ်ကလန်ပင်ဖြစ်စေ ယောင်ကလန်ပင်ဖြစ်စေ ကလန်နှစ်ခုလုံးသည် အင်ပါယာအား ထောက်ကန်ပေးထားသော ထောက်တိုင်ကြီးများ ဖြစ်သည်။ အကယ်၍

သူတို့ကသာ အင်ပါယာအား တစ်စိတ်တစ်ဝမ်းတည်း

သစ္စာရှိစွာ တာဝန်ထမ်းဆောင်ကြလျှင် မဟာထန်အင်ပါယာအတွက် က်ြီးမားသောကောင်းချီးပင် ဖြစ်မည်မဟုတ်လား။ တစ်လောကလုံးအတွက်ပင် ဖြစ်ကောင်းဖြစ်နိုင်သည်။

ယခုအခြေအနေအား မျက်ကွယ်ပြုလျက် ဝမ်ယန်သည် စိုးရိမ်မှုများ မထားတော့ပေ။ ' မှန်ကန်စွာနှင့် ပွင့်လင်းမြင်သာစွာလုပ်ဆောင်နေပါကကြောက်ရွံ့စရာအကြောင်းမရှိ ' သူသာ မှန်မှန်ကန်ကန်နှင့် ပွင့်ပွင့်လင်းလင်း လုပ်ဆောင်နေသမျှကာလပတ်လုံး ယောက်ကွမ်းရီက သူ့အား ထောင်ခြောက်ဆင်ထားလျှင်ပင် သူကြောက်ရွံ့လိမ့်မည်မဟုတ်ပါ။

" ယောင်အစ်ကို....ချီးယားစ် "

ဝမ်ယန် သူ၏ဝိုင်ခွက်အား မြှောက်လိုက်သည်။

ဘုန်း....သူတို့နှစ်ယောက်လုံး ခွက် ပြိုင်တူမြှောက်လိုက်သည်တွင် မြေပြင်သည် တုန်ခါသွားပြီး ပုံရိပ်တစ်ချို့က လမ်းမပေါ်သို့ ကျလာသည်။

လူသားဧကရာဇ်

ဘာသာပြန်သူ - Xoxay

Chapter 9.

ပြင်းထန်လာသော ပရမ်းပတာအခြေအနေ

" ဘယ်သူက မြို့တော်မှာ ပြဿနာရှာရဲတာလဲ "

ဝမ်ယန် သူ၏ဝိုက်ခွက်အားချလိုက်ကာ သူ၏မျက်ခုံး ပင့်သက်သွားသည်။ သူကိုယ်သူ မကျေမနပ်ဖြစ်နေမှုသည် အခြားသူအား ပုံချရန် လုံလောက်ပေသည်။

စစ်မြေပြင်အား ချယ်လှယ်ခဲ့သော စစ်သူကြီးတစ်ယောက်အနေဖြင့် မျက်စိထဲ ဖုန်ဝင်သည်ကပင် အမျက်ဒေါသထွက်စေနိုင်သည်။ အရာအားလုံးက ဖြူသည်ဖြစ်စေ မဲသည်ဖြစ်စေ ဥပဒေအား လက်တစ်လုံးခြားလုပ်သည်ကို သူအလွန်ရွံရှာလေသည်။

မြို့တော်ရှိ ကြိုးကြာပျံဝဲစံအိမ်တော်တွင် ပြဿနာရှာရဲသူသည် ကောင်းကင်၏သားတော်က အထောက်အကူပေးနေသောကြောင့် အကြောက်အလန့်မရှိ၍ ဥပဒေအားမျက်စိထဲမထားသူသာ ဖြစ်ပေလိမ့်မည်။

ထိုအချိန်တွင် ဝမ်ယန်သည် စားပွဲအား ထုချလိုက်ပြီး

တစ်ချက်မျှ သွားကြည့်ရန် ဟန်ပြင်လိုက်သည်။

ထိုမြင်ကွင်းအား မြင်သည်တွင် ယောင်ကွမ်းယီသည်

အံ့သြတကြီး ငေးကြည့်နေပြီးမှ ပြေငြိမ်းစေရန် အလျင်အမြန်ကြိုးစားလိုက်သည်။

" ဝမ်အစ်ကို မင်းက တော်ဝင်ရုံးတော်ရဲ့စစ်သူကြီးပဲလေ.. ဒီလိုအသေးအမွှားကိစ္စတွေကို ဗွေယူမနေပါနဲ့..

လာပါ.. သောက်ကြရအောင်.. ဒီနေ့တော့ မမူးရင် မပြန်ကြေး "

စကားမဆုံးမှီပင် ယောက်ကွမ်းယီသည် သူ၏ ဝိုင်ခွက်အား မြှောက်လိုက်ပြီး ရန်ပွဲအား ဥပေက္ခာ ပြုရန် လက်ဟန်ခြေဟန်ဖြင့် တားဆီး၍ ဝမ်ယန်အား ပြန်ထိုင်စေသည်။ ဘယ်လိုဟာသမျိုးနည်း။ သူသည် ဤကိစ္စအား အချိန်အတော်ကြာအောင် စီမ့ခဲ့ရလေသည်။ သူသည် ယခုတစ်ကြိမ် ဝမ်ယန်အား လှည့်စားခဲ့ပြီးဖြစ်သောကြောင့် ဒုတိယအကြိမ်လုပ်ဆောင်ရမည်ဆိုလျှင် အလုပ်ဖြစ်မည် မဟုတ်တော့ပေ။

သူသည် ဝမ်ယန်အား သွားခွင့်ပြုလိုက်လျှင် သူကြိုးစားသမျှ အချည်းနှီး ဖြစ်သွားပေမည်။

" ဒါဆိုလဲ....ကောင်းပြီလေ... "

ဝမ်ယန်က ဆန္ဒမရှိသော်လည်း ယောင်ကွမ်းယီက ဝိုင်ခွက်အား မြှောက်လိုက်သည်ကို မြင်သည်တွင် သူ ပြန်ထိုင်ရန်သာ တတ်နိုင်တော့သည်။

ဝမ်ယန်က သွားကြည့်ရန် လက်လျှော့လိုက်သည်ကို မြင်သောအခါမှသာလျှင် သူ၏ရင်ထဲမှတင်းကျပ်နေမှူများ လျော့ပါးသွားသည်။ သူက ဝိုင်အိုးအားယူ၍ ဝမ်ယန်၏ခွက်ထဲသို့ ထပ်ဖြည့်ပေးလိုက်သည်။ သို့သော်

ယောင်ကွမ်းရီသည် မတင်မကျဖြစ်နေသေးသည်။

ကြိုးကြာပျံဝဲစံအိမ်၏အခြေအနေအား သူကောင်းစွာ သဘောပေါက်သည်ဖြစ်သည်နှင့်အညီ စံအိမ်အတွင်းရှိ လူများအားလုံးသည် သူ၏လူများသာဖြစ်သည်မဟုတ်လော။

ထိုသို့ဆိုရလျှင် ဆူဆူညံညံအဘယ်ကြောင့် ဖြစ်နေရသနည်း။ တစ်ယောက်ယောက်သည် စံအိမ်အတွင်း

ထိုးဖောက်ဝင်လာခြင်းပေလော။

သူသည် ဤနေ့ရက်အတွက် အစီအစဥ်များစွာအား ကောင်းစွာ ချထားပေသည်။ ကြိုးကြာပျံဝဲစံအိမ်၏ နံရံများသည် သံများနှင့်ကာရံထားပြီး ခြင်တစ်ကောင်ပင် ပျံပြေးရန် မလွယ်ကူပေ။ အဘယ်သူကများ သူ၏

ကြိုးကြာပျံဝဲစံအိမ်၌ သူစီစဥ်ထားသည့် အစီအမံအား ဖျက်ဆီးရန် ကြိုးစားနေသနည်း။

( တကယ်လို့ ကြိုးကြာပျံဝဲစံအိမ်မှာ ငါ့အကြံအစည်ကို ဖျက်လိုဖျက်ဆီး လုပ်ရဲတဲ့သူရှိရင် ငါ အဲ့ဒီကောင်ကို အသက်ရှင်ရက် ငရဲခံနေရအောင် လုပ်ပစ်မယ် )

ယောင်ကွမ်းရီ သူ၏လက်သီးအား ကျစ်ကျစ်ဆုပ်ထားပြီး မျက်လုံးတွင် ရက်စက်ကြမ်းကြုတ်မှုများ ဖြတ်ပြေးသွားသည်။ ဤအစီအစဥ်သည် စုန့်ဘုရင်နှင့်ချီဘုရင်ကြားမှ မကျေလည်မှုများကြောင့် ဖြစ်ကြောင်း သိသာထင်ရှားသည်။ တော်ဝင်ရုံးတော်ထဲတွင် ဖြစ်ပွားနေသော နိုင်ငံရေး ရုန်းကန်မှုအဖြစ် သတ်မှတ်နိုင်သည်။

ယောင်ကလန်သည် သူ၏ဆန္ဒအားဖြင့် ချီဘုရင်အား သစ္စာခံထားသည်ဖြစ်ရာ ဤပဋိပက္ခတွင် ပါဝင်နေပြီး ဖြစ်သည်။ သူတို့တွင် နောက်ပြန်လှည့်စရာလမ်းမရှိပေ။ ထိုအချက်အားထောက်ရှူ၍ သူ၏ ယခုအစီအစဥ်အား ဖျက်လိုဖျက်ဆီးလုပ်သည့်သူကို သူ၏ ကမ္ဘာရန်ဟု သတ်မှတ်မည်ဖြစ်လေသည်။

တော်ဝင်ရုံးတော်တွင် ချီဘုရင်၏ထောက်ခံမှုဖြင့် ယောင်ကလန်ရရှိထားသော လုပ်ပိုင်ခွင့်သည် သာမန်ကလန်လေးတစ်ခုအား ချေမှုန်းချင်လျှင် ခက်ခဲမည် မဟုတ်ပေ။

" ဝမ်အစ်ကို "

ယောင်ကွမ်းရီ တစ်ခဏမျှ တွေဝေသွားပြီးနောက် ဝမ်ယောင်အား ဆွဲထားရန်သာ ဆုံးဖြတ်လိုက်သည်။ ဤဝမ်ယန်သည် နူးညံ့သောစိတ်ခံစားချက်ရှိသူဖြစ်ပြီး သူ၏ စံနှုန်းဖြင့်သာ လျှောက်လှမ်းနေသောသူ ဖြစ်သည်။ အကယ်၍ သူသည် ကောင်းစွာမကျေနပ်သေးပါက သည်အခြေအနေအား ထကြည့်လျှင် ထကြည့်ပေလိမ့်မည်။

" ဒီမြို့တော်က အသုံးအဖြုန်းကြီးတဲ့သခင်လေးတွေနဲ့ ပြည့်နှက်နေတာပဲကို... ဒါကြောင့် သူတို့အကြား ဖြစ်ပွားတဲ့ မကျေမလည်မှုတွေက ရှောင်လွဲလို့မှ မရနိုင်တာ.... တစ်ယောက်ယောက် မသေရင်ကို အကောင်းဆုံးပဲလို့ ပြောရမာပဲ... ဒါ့အပြင် ငါတို့ကြိုးကြာပျံဝဲစံအိမ်က ကျွမ်းကျင်သူအစောင့်အရှောက်အများကြီး ရှိတယ်လေ ဒါ့ကြောင့် ခနတွင်းမှာပဲ ပြေလည်သွားပါလိမ့်မယ် "

သူ၏ စကားဆုံးသည်နှင့်....ဘန်း......... အခြားပုံရိပ်တစ်ခုက စံအိမ်၏ပြတင်းပေါက်မှ ပျံထွက်လာပြန်ကာ

လမ်းပေါ်သို့ ပြင်းထန်စွာ ကျသွားပြန်သည်။ ပြီးနောက်

တတိယတစ်ယောက် စတုတ္ထတစ်ယောက်..............

ထိုအချိန်တွင်တော့ ယောင်ကွမ်းရီ၏စိတ်ထား ပြောင်းလဲသွားပြီ ဖြစ်သည်။

...............

" ညီမလေး.. တောင်ဆိတ်ဦးချို "

" ညီမလေး.. ကြိုးကြာတောင်ပံဖြန့် "

" မျောက်သစ်သီးဆွတ်ဟန် "

..........

ကြိုးကြာပျံဝဲစံအိမ်၏ တတိယထပ်တွင်မူ ဝမ်မိသားစု၏ညီမငယ်သည် အဆက်မပြတ်တိုက်ခိုက်နေရာ လာရောက်တိုက်ခိုက်သူများက နံရံတွင် တွဲလောင်းချိတ်နေကြသည်။ ယောင်ခြံဝင်း၏ ရဲစွမ်းသတ္တိရှိသောလူငယ်သခင်လေးများနှင့် ကျွမ်းကျင်သူအားလုံး ရာဘာဘောလုံးကဲ့သို့ လေထဲ ပျံဝဲနေကြသည်။

ဝမ်မိသားစု၏ညီမငယ်သည် အရိုးစွဲသည်အထိ ပျင်းရိပြီး လေ့ကျင့်နေစဉ် သူမသည် ပေါ့ပေါ့ဆဆပင် လေ့ကျင့်သည်။ သူမ အသုံးပြုနိုင်သော လှုပ်ရှားမှုများသည် အလွန်စိတ်ပျက်ဖွယ်ကောင်းသည်။ သို့သော် သူမအစ်ကို၏ စကားကို အလွန်နာခံလေသည်။

သူမ၏ ကြောက်မက်ဖွယ်ကောင်းသောစွမ်းရည်နှင့်

ဝမ်ချောင်း ယခင်ဘဝတွင်ရရှိခဲ့သော ကြောက်မက်ဖွယ်စွမ်းရည်များနှင့်အတွေ့အကြုံများ ပေါင်းစပ်လိုက်သောအခါ အခြေအနေများက ရုတ်တရက် ပြောင်းလဲသွားသည်။

ခန်းမတစ်ခုလုံးတွင် ယောင်ဖုန်းမှလွဲ၍ မိန်းမငယ်လေး၏ ထိုးချက်အား ခံရသူအားလုံး ချက်ချင်းပင် လေထဲသို့ ပျံထွက်သွားသည်။

ခန်းမထဲတွင် အပေါက်ကြီး အပေါက်ငယ်များ ဖြစ်ပေါ်နေသည်။ ဝမ်မိသားစု၏ညီမငယ်သည် သူမ၏ အင်အားဖြင့် သူတို့အား လွင့်ထွက်စေရုံသာမက တစ်ချို့ဆိုလျှင် နံရံအားဖြတ်ကျော်၍ လမ်းမပေါ်သို့တိုင် လွင့်စင်သွားကြသည်။

" မင်းကို သည်းမခံနိုင်တော့ဘူး "

ယောင်ဖုန်းအတိုက်ခိုက်ခံရလေလေ ဒေါသပိုထွက်လေလေပင် ဖြစ်နေသည်။ ထိုအချိန်တွင် သူ၏ မျက်လုံးသည် အနီရောင်ဖြင့် ဆေးဆိုးထားသကဲ့သို့ လုံးဝနီရဲနေပြီးဖြစ်သည်။

ဝမ်ချောင်တွင် ညီမနှစ်ယောက်ရှိပြီး တစ်ယောက်သည် ဆယ့်ငါးနှစ်ဖြစ်ပြီး ကျန်တစ်ယောက်မှာ ဆယ်နှစ်သမီးဖြစ်သည်။ အမှန်တိုင်းဝန်ခံရလျှင် ယောင်ဖုန်း သူတို့အား စိတ်ထဲပင် မရှိလှပါ။ သူသည် ဤအငယ်ဆုံးကလေးမလေး၏ ကြမ်းတမ်းလှသော ဖျက်ဆီးနိုင်စွမ်းကို လုံးဝမထင်မှတ်ထားချေ။ သူ၏ တွေ့ဆုံပွဲအား ဖျက်ဆီးသည်သာမက သူ့အားပင် ဒဏ်ရာရစေသည်။

" သောက်ကလေးမကို မေ့ထားလိုက်တော့...ဝမ်ချောင်ကိုအရင်ဖမ်း...အဲ့ဒီမျိုးမစစ်ကို အရင်ဖမ်းကြစမ်း "

ယောင်ဖုန်းအော်ဟစ်လိုက်သည်။ ဝမ်ချောင်ကြောင့်သာမဟုတ်လျှင် ဤကလေးမလေးသည် သူအား ရန်ပြုနိုင်မည်မဟုတ်သည်ကို သူပြောနိုင်သည်။

ထို့အပြင် သူမသည် ဝမ်ချောင်၏စကားများအား တစ်ခုမကျန် တစ်သဝေမတိမ်းလိုက်နာနေပြီး သူတို့သာ ဝမ်ချောင်အား ဖမ်းဆီးလိုက်နိုင်ပါက သူမ လက်နက်ချပေလိမ့်မည်။

ဝမ်း.........

ယောင်ဖုန်း၏စကားကြားလိုက်သည်နှင့် ယောင်ဂေဟာ၏ အစောင့်အရှောက်လေးယောက်သည် သူမဆီသို့ တဟုန်ထိုးပြေးဝင်နေရာမှ လှည့်၍ ဝမ်ချောင်ဖက်သို့ ဦးတည်လိုက်ကြသည်။

ရှော....ဝမ်ချောင်သည် ကြမ်းပြင်ပေါ်သို့ ငါးတစ်ကောင်ကဲ့သို့ လျောတိုက်ကာ ဤလူအနည်းငယ်၏ တိုက်ခိုက်မှုများအား ရှောင်တိမ်းလိုက်သည်။ သူသည် အလွန် အားနည်းပြီး ခန်းမအတွင်းရှိသူ တစ်ဦးကိုပင် တိုက်ခိုက်နိုင်စွမ်းမရှိပေ။ သို့သော်လည်း သူ့ယခင်ဘဝတွင် အတွေ့အကြုံများနှင့် လုပ်နိုင်စွမ်းများအား

စုစည်းခဲ့နိုင်သောကြောင့် ထိုသူတို့၏ တိုက်ခိုက်မှုများအား ရှောင်တိမ်းနိုင်ခြင်းဖြစ်လေသည်။

" ညီမလေး အစ်ကို့စကားကိုနားထောင် မြန်မြန်အဆုံးသတ်လိုက်တော့... ရွှေခေါင်းလောင်းအတွင်းမှအပြင်သို့ "

ဒုန်းဒုန်းဒုန်းဒုန်း.... ဝမ်ချောင်သည် အောက်ထပ်မှ ပြေးတက်လာသော ယောင်ခြံဝင်း ကျွမ်းကျင်သူများ၏ ခြေသံများအား ရှင်းလင်းစွာ ကြားနေရသည်။

ကြိုးကြာပျံဝဲစံအိမ်၏နံရံသည် သံများဖြင့်တည်ဆောက်ထားပြီး စံအိမ်ထဲတွင် ယောင်ခြံဝင်း၏ ကျွမ်းကျင်သူများနှင့် ပြည့်နှက်နေသည်။ သူတို့သည် အထက်ပါ ရုတ်ရုတ်သဲသဲ ကိစ္စများအား ကြားရချိန်တွင် တစ်ပြိုက်နက် ပြေးဝင်လာကြသည်။

ဤအနေအထားအရ သူတို့နှစ်ယောက်မှာ ခန်းမထဲရှိသူများအား အလျင်အမြန် အပြုတ်နှံရန် လိုအပ်နေပြီး

ကိစ္စမြန်မြန်ဖြတ်ရပေမည်။ အကယ်၍ အကူများရောက်လာလျှင် သူနှင့်သူ့ညီမတွင် လက်အများအပြားရှိလျှင်ပင် လုံလောက်မည်မဟုတ်ပေ။

"ဟုတ်ပြီ "

ဝမ်မိသားစု၏ညီမငယ်ပ ကြည်လင်သောအသံဖြင့် ပြန်လည်ဖြေကြားလိုက်သည်။ သူမ ပိုတိုက်ခိုက်ရလေ ပို၍ပင်စိတ်လှုပ်ရှားပျော်ရွှင်လေပင် ဖြစ်နေသည်။ သူမ၏ကိုယ်တစ်ခုလုံးသည် ပျော်ရွှင်မှုကြောင့် တုန်ခါနေသည်။ သူမ ယခင်က အခြားသူများနှင့် တိုက်ခိုက်ဖူးသော်လည်း ယခုကဲ့သို့ သွေးကြောထဲထိ ပျော်ရွှင်မှုအား မခံစားဖူးပေ။

သူမက သန်မာထွားကြိုင်းသော ယောင်ခြံဝင်း၏အစောင့်အရှောက်များနှင့်ယောင်ဖုန်းတို့သည် သူမ၏ လက်သီးထံသို့ တိုးဝင်နေကြသည်ဟု ခံစားတွေးထင်နေကာ လက်သီးတစ်ချက်နှင့်ပင် အယောက်စီတိုင်းအား အမှောက်သိပ်နေလေသည်။ သူမအဖို့ ဤအရာမှာ ကစားနည်းတစ်ခုအား ကစားနေရသည်ဟု ထင်မှတ်နေသည်။ အသက်ရှုချိန်အနည်းငယ်အတွင်း၌ပင် ခန်းမ၏ လူတစ်ဝက်လောက် မှောက်နေပြီ ဖြစ်သည်။

" ညီမလေး အခုချက်ချင်းလုပ်.... ဝိဉာဥ်မြွေအမြှီးခြေလှမ်း "

အခွင့်အရေးအား မြင်သည်နှင့် ဝမ်ချောင် သူ၏ညီမကို ယောင်ဖုန်းအား ဖမ်းဆီးရန် အမိန့်ပေးတိုက်ကွက်ဆင်လိုက်သည်။

ယောင်ဖုန်းသည် မောင်နှမနှစ်ယောက်အား အစဥ် သတိထားနေသောကြောင့် ဝမ်ချောင်၏ လှုပ်ရှားမှုအား သိရှိလိုက်သည်။ ဝိဉာဥ်မြွေအမြှီးခြေလှမ်းသည် အခြေခံအကျဆုံးလှုပ်ရှားမှုပင်ဖြစ်သည်။ ဝမ်ချောင်က ဤလှုပ်ရှားမှုဖြင့် သူ၏ညီမက သူ့အားဖမ်းဆီးနိုင်ရန် မျှော်လင့်နေသည်မှာ အိပ်မက်မက်နေခြင်းသာ ဖြစ်ရမည်။

ဘုန်း။........

ယောင်ဖုန်း၏ခြေလှမ်းများက ရှေ့သို့ ခုန်ဝင်သွားပြီး ဝမ်မိသားစုညီမငယ်၏ရင်ဘတ်အား တူနှင့်တိုက်ခိုက်ရန် ပြေးဝင်သွားသည်။ သို့သော် တူက ဘာမျှမရှိသောလေကိုသာ ခုတ်မိသွားသည်။ သူ၏တိုက်ခိုက်မှု လွဲချော်သွားသည်။

" မကောင်းတော့ဘူး... "

ယောင်ဖုန်း၏စိတ်နှလုံး နှစ်မြုပ်သွားသည်ဟုထင်လိုက်သည်။ ထိုအချိန်တွင် တစ်ခုခုမှားယွင်းနေကြောင်း သတိထားမိသွားသည်။ ဝမ်မိသားစု၏ညီမငယ် အသုံးပြုသော ဝိဉာဥ်မြွေအမြီးလခြေလှမ်းသည် မူရင်းသိုင်းဟန်နှင့် တစ်စက်မျှ မတူညီနေပေ။

ပုံမှန်အားဖြင့် ဤအချက်သည် သူမအသုံးပြုသော နည်းစနစ်အား ကျွမ်းကျင်သည့်အဆင့်မရောက်သေးမှသာ ဖြစ်ပေါ်နိုင်ပေသည်။ ယောင်ဖုန်းက ဤကလေးမလေးအသုံးပြုသော နည်းပညာအပေါ်တွင်

အလွန်အမင်း မျှော်လင့်ထားမိခြင်းကြောင့်ဖြစ်သည်။

တစ်ချိန်တည်းပင် ဤဆယ်နှစ်အရွယ်မိန်းမငယ်လေးသည် မည်မျှ ပျင်းရိကြောင်းကို သဘောပေါက်သွားသည်။

ထိုကဲ့သို့သော အမှားအယွင်းလေးသည် ပုံမှန်အားဖြင့် စိတ်ပူစရာမလိုသော်လည်း ယခုကဲ့သို့နီးကပ်နေသောအချိန်တွင် သေစေနိုင်သော မှားယွင်းဆုံးဖြတ်မှုကြီးဖြစ်သည်။

သူ၏ခေါင်းတွင် ထိုသို့တွေးမိသည်နှင့်တစ်ပြိုင်နက်

နောက်ဆုတ်ရန် ကြိုးပမ်းလိုက်သော်လည်း နောက်ကျသွားပေပြီ။ သေးငယ်သောမိန်းမငယ်လေး၏ ခြေထောက်သေးသေးလေးသည် သူ၏ခေါင်းအား တိုက်ခိုက်လိုက်ပြီ ဖြစ်ကာ သူကြမ်းပြင်ပေါ် မှောက်သွားလေသည်။

ဘုန်း......

မမြင်ရသောတူနှင့်အထုခံလိုက်ရသကဲ့သို့ အလှပုံစံဖော်ထားသည့် သစ်သားကြမ်းပြင်ထဲသို့ အရှိန်ပြင်းစွာ နစ်ဝင်သွားသည်။ သစ်သားအပျက်အစီးပုံကြီးသည်

ယောင်ဖုန်း၏ ဘေးတွင် ဖြစ်ပေါ်နေသည်။

ဝမ်း...........ဝမ်မိသားစု၏ညီမငယ်သည် ယောင်ဖုန်း၏လက်အားဆွဲကိုင်လျက် သူ၏နောက်သို့ခုန်လိုက်သည်။ အကန့်အသတ်သို့ရောက်သည်အထိ ဆွဲလိမ်လိုက်လျှင် သူ၏လက် သွင်သွင်ကျိုးသွားပေမည်။

" သခင်လေး..... "

" ယောင်သခင်လေး "

.............

ခန်းမအပြင်ဘက်မှ ပြေးဝင်လာသော ခြေသံများ ရပ်တန့်သွားသည်။ ပြေးဝင်လာသောယောင်ခြံဝင်း၏ ကျွမ်းကျင်သူများသည် ဝမ်ချောင်၏နောက်ရှိ ဝမ်ရှောင်းယောင်အား ခန်းမအတွင်းမှ သခင်လေးများအားလုံး ကြောင်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ယောင်ဖုန်းသည် အနည်းငယ်မျှပင် အားမနည်းချေ။

ထိုအရာ၏ ဆန့်ကျင်ဘက်ပင် သူသည် အံ့သြဖွယ်ပါရမီအားပိုင်ဆိုင်ထားပြီး ယောင်ကွမ်းရီကိုယ်တိုင်

ကြပ်မတ်သင်ကြားပေးထားသည် ဖြစ်သည်။ ယောင်ဖုန်းသည် သူ၏ကျင့်ကြံခြင်းနယ်ပယ်ဖြင့်ပင် ဤကလေးမအား ရှုံးနိမ့်လိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားပေ။

" ဘယ်သူက ငါတို့သခင်လေးကို ထိပါးရဲတာလဲ "

ယောင်ခြံဝင်း၏ကျွမ်းကျင်သူများ တစ်ခဏမျှ ငေးကြောင်သွားပြီး ပြန်လည်ပြေးဝင်လာသည်။

" အဲ့ဒီ သောက်ကလေးကိုဖမ်းစမ်း...သူက ဝမ်မိသားစုရဲ့ သခင်လေးပဲ သူ့ကိုအသုံးချပြီး ယောင်သခင်လေးနဲ့ ပြန်လဲလှယ်ရမယ်.. "

ကျောက်မိသားစု၏သခင်လေးသည် ဝမ်ချောင်အား ညွှန်ပြလျက် ဆိုလိုက်သည်။

ထိုစကားအား ကြားသည်တွင် ဝမ်မိသားစု၏ညီမငယ်သည် ဒေါသထွက်သွားပြီး...

" တစ်ယောက်ယောက်ကသာ ငါ့အစ်ကိုကို ထိရဲရင်

နင်တို့သခင်လေးကို ငါသတ်ပစ်မယ် "

ဝမ်ရှောင်းယောင် အားထည့်၍ ယောင်ဖုန်း၏ လက်အား လှည့်လိုက်သည်တွင် အရိုးကျိုးတော့မည့်အသံများအား ကြားလိုက်ရသည်။ သူမသည် မယုံနိုင်စရာကောင်းသော ခွန်အားနှင့်အတူ မွေးဖားလာသည် ဖြစ်သောကြောင့် သူမ၏ ဒေါသတကြီးလှုပ်ရှားမှု အနည်းငယ်ကပင် ယောင်ဖုန်း၏ လက်တစ်ချောင်းလုံး ပြုတ်ထွက်တော့မည်ကဲ့သို့ ဖြစ်သွားသည်။

ယောင်ဖုန်း လွတ်လမ်းအား တိတ်တဆိတ် တွေးတောနေမိသော်လည်း သူသည် အကူအညီမဲ့နေပြီး ဒေါသတကြီး အော်ဟစ်ရန်သာ တတ်နိုင်တော့သည်။ သူ၏မျက်နှာသည် ဖြူရော်နေပြီး နာကျင်မှုကြောင့် နဖူးထက်မှ ချွေးများ စီးကျလာသည်။ ဤဝမ်ရှောင်းယောင်သည် သူ့အစ်ကို၏ စကားများအား တစ်သဝေမတိမ်းနားထောင်သည်သာမက သူမ၏အစ်ကိုအား အလွန်ဂရုစိုက်သူလဲဖြစ်သည်။

အကယ်၍ သူမသာ သူ၏လက်အား လိမ်ချိုးလိုက်လျှင် သူ၏ အနာဂတ်သည် ပျက်စီးသွားပေမည်။

" ရပ်စမ်း ရပ်လိုက်ကြစမ်း "

ယောင်ဖုန်း အစိုးရိမ်လွန်နေပြီး ဒေါသအမျက်ခြောင်းခြောင်းထွက်နေသည်။ သူသည် နှစ်လိုဖွယ်ကောင်းသောဆက်ဆံရေးနှင့် သာလွန်သောပါရမီရှင် ဖြစ်သည့်အားလျော်စွာ သူသည် တစ်ခါမျှ နောက်ဆုတ်ပေးရသည်ဟူ၍မရှိချေ။ ဟုတ်သည်... ယခုတွင်တော့ ဤကလေးမအား ရှုံးနိမ့်၍ သူယခင်က ရရှိခဲ့သော ဂုဏ်သိက္ခာများအားလုံး ဆုံးရှုံးသွားရပြီဖြစ်သည်။

" ဝမ်ချောင် မင်းဘာလိုချင်တာလဲ.... ဝမ်ကလန်က ငါ့ကို ဒီနေရာမှာ တစ်ခုခုလုပ်ရဲလိမ့်မယ်လို့ ငါမထင်ဘူး..

ငါမင်းကို ပြောပြမယ်... ဒီနေ့ ဘာပဲဖြစ်လာပါစေ မင်းတို့ ဝမ်ကလန်က ဒီအဖြစ်အပျက်ကို ဖြေရှင်းပေးဖို့

ငါလိုချင်တယ်... ငါက ဒီကိစ္စနဲ့ပက်သက်ပြိး မင်းရဲ့အဖေဝမ်ယန် ဘာပြောမလဲဆိုတာ သိချင်သေးတယ် "

သွေးများက ယောင်ဖုန်း၏ခေါင်းပေါ်မှစီးကျလာပြီး သူ၏မျက်နှာတစ်ဝက်က ကြမ်းပြင်တွင် နှစ်မြုပ်နေဆဲဖြစ်သည်။ သူအလွန်ခံပြင်းနေသည်။ သူ၏ ကျင့်ကြံခြင်းအား ကြည့်မည်ဆိုလျှင် သက်တူရွယ်တူထဲတွင် သူ့အား အနိုင်ယူနိုင်မည့်သူ ရှားလေသည်။ ဟုတ်သည် ဤကလေးမအား ထိုသူများထဲမှ တစ်ယောက်ဟု သတ်မှတ်ရပေမည်။ သူ့အား အရှက်ရစေသည်သာမက အကူညီမဲ့သည်ဟု ခံစားရစေသည်။

အခြေအနေများက လူတို့၏ လုပ်ဆောင်လိုသည်များအား အမြဲတမ်း အကျဥ်းအကျပ်ဖြစ်စေသည်။ ဤဝမ်မိသားစု၏ညီမငယ်သည် ငယ်ရွယ်သော်လည်း သူ့ထက် သာလွန်နေသည့်အပြင် သူ့အား ရွေးချယ်ခွင့်မပေးပဲ အညံံ့ခံစေသည်။ ထိုသို့သော အရှက်ရမှုနှင့်ကြုံကြိုက်သောအခါ ဤမောင်နှမအား သူ၏ လက်တွင်းမှ လွတ်ပေးလိုက်ရန် မဖြစ်နိုင်တော့ပေ။

သူသည် မိန်းမငယ်လေးအား အနိုင်မယူနိုင်သော်လည်း ယောင်ကလန်၏ လွှမ်းမိုးမှုဖြင့် ဝမ်ချောင်နှင့်ဝမ်ရှောင်းယောင်အား ရင်ဆိုင်ရန် တတ်နိုင်ပေသေးသည်။

" မင်းအခုထိ နားမလည်သေးဘူးလား "

ဝမ်ချောင်သည် မျက်လုံးအား မှေးကျဥ်းလိုက်ပြီး ယောင်ဖုန်းကို အဓိပ္ပါယ်ရှိရှိကြည့်နေသည်။ သို့သော် ယောင်ဖုန်း၏ စိတ်ရှုပ်ထွေးမှုက သူသည် ဤကိစ္စနှင့် ပတ်သက်၍ အမှောင်ထဲတွင် လမ်းပျောက်နေသည်ကိုအတည်ပြုလိုက်သည်။

ယောင်ကွမ်းရီသည် ဝမ်ချောင်၏ဖခင်ဝမ်ယန်အား

သူ၏ထောင်ခြောက်အတွင်း ဝင်လာစေရန်

ဤအကြံအစည်အား သူ၏ ယုံကြည်ရသောသူ အချို့အားသာ ပြောပြထားသည်။ သူ၏ သားအရင်းပင်လျှင် မသိထားပေ။ ဤအခြင်းအရာအား ကြည့်ခြင်းအားဖြင့် သူသည် ဤစစ်ဆင်ရေးအား အောင်မြင်ရန် မည်မျှ အလေးထားကြောင်း သိနိုင်သည်။

ဝမ်ချောင်သည် ထိုမြေခွေးအိုကြီး၏ စိတ်ဓာတ်ပြတ်သားမှုအား သြချရုံမှတစ်ပါး မတတ်နိုင်ပေ။

ယောင်ဖုန်းသည် သူ့ဖခင်၏အကြံအစည်များအား မသိထားသောကြောင့် ဝမ်ချောင်၏အကြံအား အရိပ်အမြွက်မျှပင် မဖမ်းမိပေ။ မြေခွေးအိုကြီးသည်

ကြင်နာသောစိတ် အလျှင်းမရှိသလို ဤမြေခွေးပေါက်လေးသည်လဲ ထူးမခြားနားဟုပင် ပြောနိုင်သည်။

မာကျောက်ကိစ္စနှင့်ပက်သက်၍ ပြန်စဥ်းစားကြည့်လျှင် ထင်ရှားလေသည်။

" ညီမလေး "

ဝမ်ချောင်၏ မျက်လုံးထဲတွင် အလင်းရောင်တစ်ချို့ဖြတ်ပြေးသွားကာ သူမဆီသို့ လျှောက်သွားလိုက်သည်။ ယောင်ဖုန်းက ဘာမှမသိထားသောကြောင့်် ဝမ်ချောင်သည်လဲ သူ့အား ရှင်းပြမည်မဟုတ်ပေ။

" နောက်ဆုတ်စရာအကြောင်းမရှိဘူး သူ့အရိုးကိုချိုးပစ်လိုက် "

" မင်းလုပ်ရဲလား "

တစ်ချိန်တည်းတွင် လူတိုင်း ယောင်ဖုန်းအပါအဝင် အားလုံး ထိတ်လန့်သွားကြသည်။

" ကောင်းပြီ "

ခန်းမသည် အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေပြီး

ကလေးဆန်သော ဝမ်ရှောင်းယောင်၏အသံက ပတ်ဝန်းကျင်တွင် ထပ်ခါထပ်ခါ ကြားနေရသည်။

သူမ၏အစ်ကိုအား ကျူးလွန်ထားကြသော ပြဿနာများအား ထောက်ချင့်ရလျှင် ပြောစရာပင်မလိုတော့ပေ။ သူမအစ်ကို၏စကားများအား သံသယပင်မရှိပေ။

သူမ၏အစ်ကိုက ရိုက်နှက်ခိုင်းလျှင် သူ့တွင် အကြောင်းရင်းရှိ၍သာ ဖြစ်မည်။

ဘုန်း........ ထိတ်လန့်နေသောခန်းမထဲတွင် ဝမ်ရှောင်းယောင်၏ ထိတ်လန့်ဖွယ်ကောင်းသော လက်သည် မြောက်တက်လာပြီး လက်သီးဆုပ်လျက် အောက်သို့ ထိုးချလိုက်သည်။

" အား..........................."

နာကျင်မှုအပြည့်ဖြင့် အော်ဟစ်သံက လေထဲသို့ ပြန့်လွင့်သွားသည်။

...........

" ဖုန်းအာ........ "

ကြိုးကြာပျံဝဲစံအိမ်၏မြေညီထပ်တွင် သူ၏လူများအား လမ်းပေါ်သို့ ပစ်ထုတ်ခံရသည်ကိုပင် ယောင်ကွမ်းရီ မတုန်လှုပ်ပေ။ ထိုအစား ဝမ်ယန်အား ဆွဲထားရန်သာ ကြိုးစား အားထုတ်နေသည်။ သူပြောသည်က ' ဘာမှမဟုတ်ပါဘူး ... အဲ့အကြောင်းစိတ်ထဲမထားပါနဲ့ ' ဟူ၍သာဖြစ်သည်။

သို့သော် ယောင်ဖုန်း၏အော်သံက စံအိမ်တစ်ခုလုံး ပဲ့တင်လာသောအခါတွင် သူငြိမ်မနေနိုင်တော့ပေ။ သူ အကူညီကင်းမဲ့စွာ ချက်ချင်း မတ်တပ်ရပ်လိုက်သည်။

ယောင်ကွမ်းရီသည် ပထမလူတစ်ယောက် ပြတင်းပေါက်မှ ပစ်ချခံလိုက်ရကတည်းကပင် တတိယထပ်တွင်ဖြစ်နေသော အသံများအား ဂရုတစိုက်နားထောင်နေသည်ဖြစ်သည်။ သို့သော် နောက်ဆုံးတွင် သူ၏သားဖြစ်သူ ယောင်ဖုန်းသည်တိုက်ပွဲတွင်း အဖမ်းခံရလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပေ။

သူသည် ယောင်ဖုန်း၏ကျင့်ကြံခြင်းအဆင့်အား နားအလည်ဆုံးသောသူဖြစ်သည်။ သူ့သားအား ယှဥ်နိုင်သောသူသည် လက်တစ်ဖက်နှင့်ပင် ရေတွက်၍ရနိုင်သည်။ ထို့အပြင် သူသည် မရေမတွက်နိုင်သော ကျွမ်းကျင်သူများအား ကြိုးကြာပျံဝဲစံအိမ်တွင် အထူးပြင်ဆင်ထားလေသည်။ ကျွမ်းကျင်သူများစွာ ဝန်းရံထားသည့်ကြားမှ ယောင်ဖုန်းအား ထိခိုက်ဒဏ်ရာရအောင်လုပ်နိုင်သည်ဆိုလျှင် ထိုသူ၏ကျင့်ကြံခြင်းသည် အလွန်မြင့်ပေလိမ့်မည်။

ယောင်ကလန်တွင် သားတစ်ဦးသာရှိသည်။ ဖုန်းအာပင်ဖြစ်သည်။ သူသည် သူ၏သား ဖုန်းအာအား သူ့နေရာကို အစားထိုးရယူနိုင်ရင် အစွမ်းကုန် ပြင်ဆင်ထားပေးပြီးဖြစ်သည်။ အကယ်၍ဖုန်းအာသာ တစ်ခုခုဖြစ်သွားခဲ့လျှင် ယောင်ကလန်သည် သူ့လက်ထက်၌ မျိုးဆက်ပြတ်သွားပေလိမ့်မည်မဟုတ်လား။

ထိုသို့ဖြစ်လျှင် သူ၏ဘိုးဘေးများအား မည်သို့ မျက်နှာပြနိုင်တော့မည်နည်း။

ထိုသို့သောအချက်များကြောင့် ယောင်ကွမ်းရီသည်

ထပ်မံရပ်ကြည့်နေရန် အကြောင်းမရှိတော့ပေ။

" ဝမ်အစ်ကို ငါ့ရဲ့ ဧည့်ဝတ်မကျေပွန်မှုကို နားလည်ပေးပါ "

ထို့နောက် ယောင်ကွမ်းရီ၏ ဝတ်ရုံသည် လှုပ်ခတ်သွားပြီး သူ၏ခြေထောက်အောက်မှ တောက်ပသော ရွှေရောင်အလင်းများ ပေါ်ထွက်လာသည်။ ဘုန်း......

လျှပ်တပြက်အလင်းရောင်နှင့်အတူ မျက်နှာကျက်တွင်

အပေါက်အကြီးကြီး ဖြစ်ပေါ်လာကာ ယောင်ကွမ်းရီသည် အမှန်တကယ်ပင် မျက်နှာကျက်အား ဖောက်ထွက်ကာ ကြိုးကြာပျံဝဲစံအိမ်၏တတိယထပ်သို့ တိုက်ရိုက်တက်သွားခြင်းဖြစ်လေသည်။

====================

ကောင်းကင်၏သားတော်ဆိုတာ သူတို့က မဟာဧကရာဇ်ကို ကောင်းကင်နတ်ဘုရားအဖြစ်သတ်မှတ်ပြီး သူ့ရဲ့ဆက်ခံသူကို ကောင်းကင်ရဲ့သားတော်လို့ ခေါ်တာဖြစ်ပါတယ်...စာဖတ်သူတွေလဲ သိထားကြမှာပါ..

တရုတ်ပြည်မှာရှိတဲ့ ကလန်တွေအကြောင်း နည်းနည်းပြောပြချင်ပါတယ်...ကလန်တစ်ခုကို နှစ်ပိုင်းခွဲပြီးဖွဲ့စည်းထားတာ ဖြစ်ပါတယ်...တစ်ခုက အဓိကမိသားစုဖြစ်ပြီး နောက်တစ်ခုက မျိုးနွယ်စုခွဲတွေဖြစ်ပါတယ်..အဓိကမိသားစုကတော့ ယခုလက်ရှိဦးဆောင်နေတဲ့ မိသားစုနဲ့သူ့မျိုးဆက်တွေဖြစ်ပြီး မျိုးနွယ်ခွဲတွေကတော့ ဆက်နွယ်တဲ့အမျိုးတွေ ပါဝင်ပါတယ်...

အများစုအားဖြင့် သူတို့ရဲ့ကလန်အကြောင်းကိုပြောရင် ဒါကအဓိကမိသားစုကိုပဲဆိုလိုတာဖြစ်ပါတယ်.. အဓိကမျိုးနွယ်စုမှာ အောင်မြင်ကျော်ကြားတဲ့သူမရှိမှသာ မျိုးနွယ်စုခွဲကသူကို ခေါ်သုံးတာဖြစ်ပါတယ်... ဒါက ဧကရာဇ်တွေမှာ ဆက်ခံမဲ့သားမရှိတော့ရင် အရည်အချင်းပြည့်မှီတဲ့သူကို သူ့နေရာဆက်ခံစေတယ် ဒီသဘောပါပဲ...

ဒါကိုရှင်းပြရတာက ယောင်ဖုန်းကို ယောင်ကလန်ရဲ့တစ်ဦးတည်းသောသားလို့ပြောထားလို့ပါ... သူ့အဖေယောင်ကွမ်းရီက အဓိကမိသားစုကဖြစ်ပြီး ကလန်ရဲ့ခေါင်းဆောင်ပါ..သူ့သားကိုပြောတာပါ ယောင်ကွမ်းရီက သားတစ်ယောက်ပဲမွေးထားလို့ပါ....မျိုးနွယ်ခွဲတွေမှာလဲ မျိုးဆက်သစ်တွေရှိပါတယ် ယောင်ဖုန်းမရှိရင် မျိုးနွယ်စုထဲက ထူးချွန်သူကို ဆက်ခံခိုင်းမာပါ...

အကြီးအကဲတွေအနေနဲ့လဲ အတူတူပါပဲ

တစ်ခြားရှန်းရှစာစဥ်တွေလိုပဲ အကြီးအကဲဟာ အဓိကမိသားစုကလဲ ဖြစ်နိုင်သလို မျိုးနွယ်စုထဲကလဲ ဖြစ်နိုင်ပါတယ်...အကြီးအကဲတွေက ကလန်ခေါင်းဆောင်အောက်တစ်ဆင့်ပဲနိမ့်ပါတယ် ....များသောအားဖြင့်တော့ လေးစားသမှုနဲ့ ကလန်ကို အကျိုးပြုနိုင်တဲ့သူတွေကို အကြီးအကဲရာထူးပေးတာပဲဖြစ်ပါတယ်...

အပြင်မှာ သြဇာအာဏာကြီးပြီး လွှမ်းမိုးနိုင်စွမ်းရှိတဲ့သူတွေကလဲ အကြီးအကဲတွေပါပဲ.....သဘောပေါက်ပြီ ထင်ပါတယ် 😁😁

လူသားဧကရာဇ်

ဘာသာပြန်သူ - Xoxay

Chapter 10.

ယောင်ဖုန်းအား သင်ခန်းစာပေးခြင်း

" ယောင်ဖုန်း မင်းက မာကျောက်ကိုအသုံးချပြီး ငါ့ကိုပြဿနာထဲဆွဲသွင်းခဲ့တယ်.. ဒီနေ့က မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး ပြန်ယူရမဲ့အချိန်ပဲ "

ဝမ်ချောင်သည် ဝမ်ရှောင်းယောင်၏အကူအညီဖြင့် ယောင်ဖုန်း၏နောက်တွင် နေရာယူလိုက်သည်။ ခွန်အားများအားလုံးကို သူ၏လက်သီးနှစ်လုံးထဲသို့ ပို့လွှတ်လိုက်ပြီး ယောင်ဖုန်း၏မျက်နှာအား အဆက်မပြတ် ထိုးလိုက်သည်။ ယောင်ဖုန်း၏မျက်နှာ အညိုအမဲပင် စွဲထင်လာသည်။

ဝမ်ချောင်က ခါးသီးသောခံစားချက်များဖြင့် ပြည့်နှက်နေသည်။ ယောင်မိသားစု၏ခေါင်းဆောင်က သူ၏ဖခင်အား စံအိမ်၏မြေညီထပ်တွင် တွေ့ဆုံကာ ထောင်ခြောက်ဆင်နေပြီး ဤအငယ်ကောင်က မာကျောက်အား သူ့ထံပို့လွှတ်ပြီး ပြဿနာရှာစေသည်။

သူတို့ထဲတွင် တစ်ယောက်မျှ ကောင်းသည်ဟူ၍ မရှိပေ။

သူသာ ဤနေရာတွင် မပေါ်လာလျှင် ဝမ်ကလန်၏ရှေ့ရေးသည် သူတို့၏လက်ထဲတွင် ဖျက်ဆီးခံလိုက်ရပေမည်။

" ဒီလက်သီးက ငါ့အစ်ကိုကြီးအတွက်.. "

" ဒီလက်သီးက ငါ့အတွက် "

.....

ဝမ်ချောင်၏လက်သီးများက မိုးသီးမိုးပေါက်များပမာ ကျဆင်းနေသည်။ လက်သီးတစ်လုံးချင်းစီ၏ နောက်တွင် ခွန်အားအကုန် သုံးထားလေသည်။ ယောင်ဖုန်း၏ကျင့်ကြံခြင်းနယ်ပယ်သည် ဝမ်ချောင်ထက်မြင့်သည်မှန်သော်လည်း ယောင်ဖုန်းသည်လည်း အသွေးနှင့်အသားနှင့်လူပင်ဖြစ်သည်။

ထိုသို့ဆိုရသော် ဝမ်ချောင် ယခင်ဘဝတွင် သူသည်

အဆင့်မြင့်အကြီးအကဲအရာရှိပင်ဖြစ်သည်။ စစ်တပ်တွင် နှိပ်စက်နည်းပေါင်းစုံအား လေ့လာဖူးသောကြောင့် လူ့ခန္ဓာကိုယ်၏ မည်သည့်အစိတ်အပိုင်းသည် ကြွပ်ဆတ်ပြီး မည်သည့်အစိတ်အပိုင်းကမူ အနာကျင်ဆုံးဖြစ်ကြောင်း သူသိလေသည်။

အစပိုင်းတွင် ယောင်ဖုန်းက တိတ်တဆိတ်သာ ကျိတ်မှိတ်နေသည်။ သူ၏ဂုဏ်သိက္ခာများအား ဤမောင်နှမလက်ထဲတွင် ပျက်ဆီးမခံနိုင်ပေ။ သူ၏သွားအား တင်းတင်းစေ့ထားပြီး အသံတစ်စက်မျှ မထွက်အောင် တင်းခံထားသည်။ ထိုးနှက်ချက်များ များပြားလာသည်တွင် ဝမ်ချောင်သည် သူ၏ညီမထက် ခွန်အားအရာတွင် နှိမ့်ကျသော်လည်း သူ၏ထိုးချက်များက သူ့ညီမ၏ခွန်အားထက်ပင် အဆပေါင်းများစွာ နာကျင်ခံစားရကြောင်း ယောင်ဖုန်းသတိထားမိလိုက်သည်။ အဆုံးတွင်တော့ သူ၏အော်သံအား ထိန်းချုပ်မထားနိုင်တော့ပေ။

" မင်း ခွေးမသား မင်းလုပ်ရဲလား "

ဘုန်း...... မြေကြီးပင် တုန်ခါသွားပြီး ယောင်ကွမ်းရီက အောက်မှ ထွက်ပေါ်လာသည်။ ယောင်ကွမ်းရီမှာ သူ၏အမူအရာနှင့် ဒေါသအားထိန်းချုပ်ရာတွင် ကျွမ်းကျင်သည်မှန်သော်လည်း တစ်ချက်ကြည့်လိုက်ရာ ယောင်ဖုန်း၏ နှိပ်စက်ခံနေရသောမြင်ကွင်းသည် သူဒေါသအား မထိန်းချုပ်နိုင် ဖြစ်သွားစေသည်။

ယောင်ဖုန်း ဤအဖြစ်ဆိုးမျိုး ဖြစ်နေလိမ့်မည်ဟု ယောင်ကွမ်းရီ ယောင်၍ပင် မစဥ်းစားဖူးပေ။

" မင်းတို့ခွေးမသားနှစ်ယောက် မင်းတို့အပြစ်အတွက် အသက်ကိုထားခဲ့စမ်း "

လငပုပ်ဖမ်းနေသောမျက်နှာဖြင့် ယောင်ကွမ်းရီသည် ဝမ်ချောင်နှင့်ဝမ်ရှောင်းယောင်ထံသို့ တဟုန်ထိုးပြေးဝင်သွားသည်။ တောက်ပသောမီးတောက်အား သူ၏လက်ပေါ်သို့ ဆွဲယူလိုက်ပြီး လက်ထဲတွင် နေအသေးလေးတစ်လုံးအား ဖြစ်ပေါ်စေသည်။ ထိုအရာသည် ဝမ်ချောင်နှင့် ဝမ်ရှောင်းယောင်အား ကြီးစွာသောဖိအားကို ဖြစ်ပေါ်နေစေသည်။

ဝမ်မိသားစု၏ညီမငယ်သည် ခွန်အားအရာတွင် ပြိုင်ဖက်မရှိဟု ကျော်ကြားသော်လည်း သိပ်သည်းစွာစုစည်းထားသော တောက်ပသည့်မီးတောက်နှင့် ယှဥ်ရာတွင် သူမ၏ အရောင်အဝါများက မှေးမှိန်သွားရသည်။

" အစ်ကို.. "

ဝမ်ရှောင်းယောင်၏ ခံစားချက်များတင်းကျပ်သွားပြီး ကြောက်စိတ်ဝင်လာသည်။ သူမသည် ရဲရင့်ခြင်းနှင့်အတူမွေးဖွားခဲ့သည်ဖြစ်ပြီး မည်သူ့ကိုမှမကြောက်ရွံ့ပေ။ သို့သော် သူမနှင့်သက်တူရွယ်တူများတွင်သာ ယှဥ်ပြိုင်၍ရပေမည်။ စစ်မြေပြင်တွင် နာမည်တစ်လုံးရအောင် စွမ်းဆောင်ခဲ့သော ယောင်ကွမ်းရီနှင့် ဖက်ပြိုင်နိုင်ရန်အတွက်တော့ သူမ မသန်မာသေးပေ။

" ရပ်လိုက်စမ်း... တစ်ယောက်ယောက်က လှုပ်ရှားရဲရင် ဒီမျိုးမစစ်ကို ငါသတ်ပစ်လိုက်မယ် "

ထိုတောက်ပသောအလင်းရောင်၏ အောက်တွင် ဝမ်ချောင်သည် ခန်းမအား ရှင်းလင်းစွာ မြင်ရခြင်းမရှိတော့ပေ။ အချက်ကျကျပြောရလျှင် ယခုချိန်တွင် သူ့အားကိုယ်ထိလက်ရောက်ပြုမူခံရလျှင်ပင် မည်သူမှန်း သူခွဲခြားနိုင်မည် မဟုတ်ပေ။ သို့သော် ထိုအရာက ဝမ်ချောင်၏ သူ၏ရန်သူအားခြောက်လှန့်အပေါ်တွင်တော့ သက်ရောက်မှု မရှိပေရာ။

ချွင်.... သူ အသင့်ပြင်ထားသောဓားတိုဖြင့် ယောင်ဖုန်း၏ လည်ပင်းထား ဖိထောက်ထားလိုက်သည်။ ဓားတိုပေါ်တွင် သွေးအနည်းငယ် စို့တက်လာသည်။ ဝမ်ချောင် အားအနည်းငယ်သုံး၍ ဖိချလိုက်လျှင်ပင်

ယောင်ဖုန်းသည် ဆယ့်ငါးနှစ်အရွယ်ကလေးတစ်ယောက်၏လက်ထဲတွင် ဇီဝိန်ချုပ်သွားပေလိမ့်မည်။

ဝမ်း....... တောက်ပသောအလင်းရောင်က မောင်နှမနှစ်ယောက်နှင့် တစ်ချီ(တစ်ပေ)အကွာတွင် ရပ်တန့်သွားသည်။ ထိုအလင်းရောင်၏နောက်တွင် ယောင်ကွမ်းရီ၏ ခက်ထန်နေသော မျက်နှာအား တွေ့မြင်နိုင်သည်။

" ယောင်ကွမ်းရီ ဟုတ်တယ်မလား "

ယခုတွင် လာရောက်တိုက်ခိုက်သူအားရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်တွင် သူ၏ နှလုံးခုန်နှုန်းအား ထိန်းချုပ်မထားနိုင်တော့ပေ။ သူ၏

ယခင်ဘဝတွင် ယောင်ကွမ်းရီအားအကြိမ်များစွာ မြင်တွေ့ထားဖူးသော်လည်း ယခုဘဝတွင်မူ ပထမဆုံးအကြိမ် ဆုံတွေ့ခြင်း ဖြစ်လေသည်။

ယောင်ကွမ်း၏မျက်လုံးသည် ခန့်မှန်းရခက်လေသည်။

သူ့၌ လျို့ဝှက်ချက်များစွာအား ဖုံးကွယ်ထားခြင်းကြောင့်ဟု ဝမ်ချောင်ထင်မိသည်။ ထို မသမာသောမျက်နှာသည် သူမှတ်မိထားသောမျက်နှာ ဖြစ်ကြောင်း သေချာလေသည်။

" ခွေးကောင် မင်း ဖုန်းအာကို နာကျင်အောင် လုပ်ရဲရင် လုပ်ကြည့်စမ်း..မင်းကို မျက်ရည်မကျနိုင်အောင် နှိပ်စက်ပစ်မယ် "

ယောင်ကွမ်းရီ၏မျက်နှာက အေးစက်မဲမှောင်နေပြီး

ဒေါသအထွက်လွန်နေပြီမှန်း သိသာသည်။ အကယ်၍

အကြည့်နှင့်ပင် လူသတ်၍ရလျှင် ဝမ်ချောင် အကြိမ်ပေါင်းမရေမတွက်နိုင်အောင် သေနေပြီဖြစ်သည်။

" ဟီး..ဟီး..ဟီး.. အက်လိုလား "

ဝမ်ချောင် တိတ်တဆိတ်လှောင်ရယ်လိုက်သည်။

ခြိမ်းခြောက်ခြင်းအား ဝမ်ချောင်မုန်းတီးလေသည်။

ယခု ထိုသို့ပြုလုပ်နေသည်မှာ ယောင်ကွမ်းရီပင် ဖြစ်နေသောကြောင့် ပြောစရာပင်မလိုတော့ချေ။

" တကယ်လို့ ခင်ဗျားက ကျုပ်ကို မျက်ရည်ကျအောင် လုပ်မယ်ဆိုရင် ကျုပ်ကလဲ ခင်ဗျားမျိုးဆက်ကို

ဒီမှာပဲ ပြတ်အောင် ဖြတ်ပေးလိုက်မယ်လေ ဘယ်လိုလဲ.. ခင်ဗျားရဲ့သား ယောင်ဖုန်းရဲ့အရည်ပြားက သတ္တုနဲ့လုပ်ထားတယ်ထင်တယ်... ကျုပ်ရဲ့ဓားအောက်ကနေ သူလွတ်မယ်များ ထင်နေလား "

ထိုအချိန်တွင် ဝမ်ချောင် ဓားအား ခပ်နက်နက်တွန်းလိုက်သည်။ သွေးစီးကြောင်းက ဖြာထွက်လာသည်။

ယောင်ကွမ်းရီနှင့် ယောင်ဖုန်း၏မျက်နှာ ဖြူဖပ်ဖြူလျော်ဖြစ်သွားသည်။

" မလုပ်ပါနဲ့ "

ယောင်ဖုန်း ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

" သခင်လေး "

ဝိုင်းပတ်နေသော လူများသည်လဲ ထိတ်လန့်သွားသည်။ ဝမ်ချောင်နှင့်ဝမ်ရှောင်းယောင်တို့သည် ဝမ်ကလန်မှဖြစ်သည်။ များသောအားဖြင့် ဤကိစ္စသည်

ရန်ပွဲငယ်အဖြစ်နှင့်သာ အဆုံးသတ်သင့်ပေသည်။

သမားရိုးကျပြောရလျှင် သူတို့၏သခင်လေး၏ အသက်ဖြင့် ခြိမ်းခြောက်ခြင်း မပြုသင့်ပေ။ ထိုအခြင်းအရာက မိသားစုနှစ်ခုအကြား ရှုပ်ထွေးခြင်းများ ဖြစ်ပေါ်စေနိုင်သည်။

မည်သို့ဆိုစေ ဝမ်ချောင်၏မျက်နှာမှ အမူအရာအား တွေ့လိုက်သည်တွင် သူသည် သူ၏ညီမလေးထက်ပင်

ရူးသွပ်ကြောင်း သူတို့ သိရှိလိုက်သည်။ ဝမ်ချောင်အား ပုံမှန်စံနှုန်းများဖြင့် တိုင်းတာ၍ မရနိုင်ပေ။

သူ၏ ရူးသွပ်မှုအောက်တွင် ဝမ်ချောင် မလုပ်ရဲသောအရာဟူ၍ မရှိသလောက်ပင်။

" ခွေးကောင် မင်းလုပ်ရဲလုပ်ကြည့်စမ်း "

ယောင်ကွမ်းရီ၏မျက်လုံး ပြူးကျယ်လာကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ဒေါသကြောင့် တုန်ယင်လာသည်။ ဒေါသထွက်လွန်းသောကြောင့် လျှာအား သွားဖြင့် ဖိကိုက်ထားလိုက်သည်။

" မင်း အသုံးမကျလိုက်တဲ့သား မင်းလုပ်နေတာကို အခုရပ်လိုက်စမ်း "

မိုးခြိမ်းသကဲ့သို့သောအသံသည် ခန်းမအတွင်း ဟိန်းထွက်သွားသည်။ ယောင်ကွမ်းရီ၏နောက်တွင်

ဂုဏ်သိက္ခာရှိသော ရင်းနှီးသည့်ပုံရိပ်က မတ်တပ်ရပ်နေသည်။ ထိုသူ၏ တည်ရှိမှုက ခန်းမတစ်ခုလုံးအား တောင်တစ်လုံးနှင့်ဖိထားသကဲ့သို့ ထင်ရစေသည်။

" အဖေ "

" အဖေ "

.......

နှလုံးသားမှလာသော ပျော်ရွှင်မှုများ၏အသံဖြင့်

သူ၏ညီမ ဝမ်ရှောင်းယောင်နှင့်အတူ ခေါ်လိုက်မိသည်။

" မင်း အသုံးမကျတဲ့သား မင်းဘာလုပ်နေတာလဲဆိုတာ ကိုယ့်ကိုယ်ကို ပြန်စမ်းစစ်ကြည့်စမ်း "

ထိုအချိန်တွင် ဝမ်ယန်၏မျက်နှာသည် ယောင်ကွမ်းရီထက်ပင် အံ့သြနေသည်။ သူက မကြာသေးခင်ကပင်

အောက်ထပ်တွင် ယောင်ကွမ်းရီနှင့် သောက်စားနေရင်း ဥပဒေကို အလေးမထားသူများအား မုန်းတီးသည်ဟု အာပေါင်အာရင်းသန်သန် ပြောရင်း မြို့တော်သည် ထိုကဲ့သို့သော ဥပဒေအားမလေးစားသူများရှိသင့်သည့်နေရာမဟုတ်ကြောင်း ပြောဆိုနေခဲ့သည်မဟုတ်လော။

ကြိုးကြာပျံဝဲစံအိမ်အား ဖျက်ဆီးပြီး လူမြင်ကွင်းတွင် ရန်ဖြစ်နေကြသူများမှာ သူ၏ သားနှင့်သမီးများ ဖြစ်နေလိမ့်မည်ဟု မထင်ထားမိပါ။

ဝမ်ချောင်က ထိုကိစ္စအား သိပ်မတွေးထားပေ။ သူ၏ဖခင်အား မြင်လိုက်ရသည်တွင် ဝမ်းသာသွားသည်။ သူ၏ဖခင်အား ဤနေရာမှဆွဲထုတ်နိုင်ပြီး

သူ၏ဖခင်နှင့်ယောင်ကွမ်းရီ၏ တွေ့ဆုံမှုအား နှောင့်ယှက်လိုက်နိုင်သရွေ့ မည်သို့ပင်ဖြစ်လာစေကာမူ ထိုက်တန်ပေသည်။

" အဖေ အခြေအနေတွေက အဖေထင်ထားသလိုမဟုတ်ဘူး "

" ဒါက ယောင်အစ်ကိုနဲ့ယောင်ခြံဝင်းက အရင် ရန်လာစတာ "

" တိတ်စမ်း "

ဝမ်ယန်က ဒေါသခက်ထန်နေသည့်အမူအရာနှင့် ဟောက်လိုက်သည်။

" မင်းက ငါ့ကိုတကယ်စိတ်ပျက်စေတာပဲ.. မင်းအမေနဲ့ငါက မင်းတကယ်ပြောင်းလဲသွားပြီး အသစ်တစ်ဖန်ပြန်စတင်မယ်လို့ ထင်ထားကြတာ... မင်းကအခုထိ အမြင်မှန်မရသေးပဲ ပြဿနာရှာနေတုန်းပဲ.... မင်းငါ့ကို တကယ်စိတ်ပျက်စေတယ် "

ခန်းမတစ်ခုလုံးတိတ်ဆိတ်သွားသည်။ ဝမ်ယန်၏ ကျော်ကြားမှုသည် ရိုက်ခတ်မှု ပြင်းထန်ပေသည်။

ဝမ်ယန် ဖော်ထုတ်ထားသော ဖိအားပေးမှုအောက်တွင် ကြိုးကြာပျံဝဲစံအိမ်တွင်းမှ တစ်ဦးမျှ စကားမစရဲပေ။

ဝမ်ရှောင်းယောင်၏မျက်နှာသည်လည်း ဖြူလျော်နေပြီး ကြောက်လန့်မှုများကြောင့် သူမ၏တစ်ကိုယ်လုံး

အေးစက်နေသည်။

သူမ၏ဖခင် အမျက်ဒေါသထွက်နေသည်အား မြင်ဖူးသည့် ပထမဆုံးအကြိမ်ပင်ဖြစ်လေသည်။ ဝမ်ရှောင်းယောင်သည် ပြဿနာအကြီးကြီးတစ်ခုထဲ ပါဝင်မိပြီဖြစ်ကြောင်း ဝိုးတဝါး နားလည်လိုက်သည်။

ဝမ်ချောင် သူ၏ညီမငယ်၏ ခံစားချက်အား နားလည်ပေသည်။ သူ၏နှလုံးသားထဲမှနေ၍ သူ့ဖခင်၏ စကားအား နာခံလိုက်ပြီး တစ်ချိန်တည်းတွင် ဝမ်ရှောင်းယောင်၏ လက်အား ဖမ်းဆုပ်ထားလိုက်သည်။

ခုဏက ဖြစ်ပေါ်ခဲ့သော ပျော်ရွှင်မှုသည် ယခုအချိန်တွင်တော့ မြူတစ်မှုန်မကျန် ပျောက်ကွယ်သွားပြီ

ဖြစ်သည်။

သူ၏မိသားစုအတွက် ဤမျှ ခက်ခဲသောအရာများစွာ ပြုလုပ်နေသော်လည်း သူ့ဖခင်၏ အမြင်တွင် သူသည်

အသုံးမကျ ရမ်းကားသော သားအဖြစ်သာ ရှိနေပေသေးသည်။

ဝမ်ချောင် ခါးသီးခြင်းအား ပြင်းထန်စွာ ခံစားလိုက်ရသည်။

" ဟုတ် အဖေမှန်ပါတယ် သားအမှားကို ဝန်ခံပါတယ် "

ဝမ်ချောင် ခေါင်းငုံ့လိုက်သည်။

" အမှားဟုတ်လား ဘာအမှားလဲ သူတို့ကမှ သမီးတို့ကို အရင်စတိုက်တဲ့ သူတွေလေ "

ဝမ်မိသားစု၏သမီးငယ် မကျေနပ်ဖြစ်ကာ ပြန်ပြောလိုက်သည်။ သူမ ဘယ်အရာကိုမျှမကြောက်သော်လည်း သူမ၏ဖခင်သည် ချွင်းချက်ဖြစ်သည်။

သူမ၏ဖခင် ထွက်ပေါ်လာသော အချိန်တွင် သူမ၏မျက်နှာ ဖြူရော်သွားပြီး ကြောက်လန့်ခြင်းများကြောင့် ထိန်းမနိုင် သိမ်းမရ တုန်လှုပ်နေမိသည်။ သို့သော် သူမအစ်ကို၏အသံအပေါ် မကျေနပ်မှုများအား ခံစားမိ၍ သူမဖခင်၏ ဆုံးဖြတ်ချက်အား ကလန်ကဆန် ပြန်ပြောမိခြင်းဖြစ်ကာ သူမ၏အစ်ကိုဖက်မှနေ၍ ကာကွယ်ပြောဆိုမ်ခြင်း ဖြစ်လေသည်။

သူမသည် သူမ၏ဖခင်အား ကြောက်သည်မှန်သော်လည်း သူမအစ်ကိုက မှားယွင်းသည်ဟုလဲ

အထင်မခံလိုပေ။ သူမ၏အစ်ကိုက ဘယ်ကိစ္စကိုမျှ မလုပ်ပါပဲနှင့် အဘယ်ကြောင့် သူ့အမှားဟု ဝန်ခံရမည်နည်း။

ထိုသူတို့က အုပ်စုဖွဲ့၍ သူမတို့အား လာတိုက်သည်ဖြစ်သော်လည်း သူမတို့၏ အမှားဖြစ်နေသည်လား။ ဝမ်ချောင်သည် အဘယ်ကြောင့် ဤအုပ်စုနှင့် ပြဿနာဖြစ်ချင်သည်ကို မသိသောကြောင့် သူမသည် ဝမ်ချောင်အား နက်ရှိုင်းစွာယုံကြည့်ထား၍ ဝမ်ချောင်တွင် အကြောင်းပြချက်တစ်ခုတော့ ရှိနေပေလိမ့်မည်။

" တိတ်စမ်း "

ဝမ်ယန် ဒေါသဖြင့် ဟိန်းဟောက်လိုက်ပြန်သည်။

" ညီမလေး ဘာမှထပ်မပြောနဲ့တော့ "

ဝမ်ချောင် သူ့ညီမ၏လက်အားဆွဲလျက် တားဆီးလိုက်သည်။ သူ့ဖခင်၏အထင်လွဲမှုအားခံရ၍ သူခံပြင်းသော်လည်း သူ၏အကြံအစည်အောင်မြင်သရွေ့ ကျန်အရာများက အရေးမပါတော့ပေ။

ယောင်ဖုန်းသည် သူနှင့်သူ၏ညီမအား သေသည်အထိရိုက်နှက်လျှင်ပင် ကိစ္စမရှိပေ။ ယောင်ကွမ်းရီ ယခုကိစ္စအား အလေးအနက်ထားလျှင်လည်း ကိစ္စမရှိပေ။

သူ၏ဖခင်အား ဤကိစ္စနှင့်ပက်သက်နေသည်ဟုတော့ လုံးဝအထင်လွဲခံ၍ မဖြစ်ချေ။

အရူးပင်လျှင် ယနေ့ဖြစ်ပျက်သွားသော အကြောင်းအရာများအား အလွယ်တကူခန့်မှန်းနိုင်ပေသည်။ သူ၏ဖခင်ဝမ်ယန်သည် ယောင်ကွမ်းရီနှင့်ချီဘုရင်အား ဆန့်ကျင်နေသည်ဟု အထင်လွဲမခံနိုင်ပေ။

ယောင်ကွမ်းရီသည်လဲ ထိုကိစ္စအား သတိထားမိပေလိမ့်မည်။ ထို့ကြောင့် ဝမ်ချောင်က ဤမျှလောက်လအရေးတကြီး အပြစ်ခံယူပြောဆိုနေခြင်း ဖြစ်သည်။

သူ၏ဖခင်ဖြစ်သော ဝမ်ယန်အနေဖြင့်....

တစ်နေ့တွင် သူ၏လုပ်ဆောင်များအား နားလည်သွားပေလိမ့်မည်။

ထိုမြင်ကွင်းများအား ဘေးမှရပ်၍ကြည့်နေသော ယောင်ကွမ်းရီသည် နောက်ဆုံးတွင် သူ၏ ဒေါသအား မထိန်ချုပ်နိင်တော့ပေ။ အရာအားလုံး၏ နောက်တွင်

ဤသားအဖနှစ်ယောက်၏ လက်ဝါးချင်းရိုက်အကြံသာ ဖြစ်ရမည်ဟု တစ်ထစ်ချ မှတ်ယူလိုက်သည်။

" ခွေးကောင် ငါ့ရဲ့ဖုန်းအာကို လွတ်လိုက်စမ်း "

" ယောင်ကွမ်းရီ မင်းပါးစပ်ကို ပိတ်ထား "

ထိုအခြင်းအရာအောက်တွင် ကောင်းကင်သည်ပင်

ထိတ်လန့်သွားနိုင်သည်။ ဝမ်ယန်သည် ထို့ထက်ပို၍ သည်းမခံနိုင်တော့ပေ။

မည်သည့်ကိစ္စပင်ဖြစ်စေကာမူ ဝမ်ချောင်သည် သူ၏သားပင်ဖြစ်သည်။ ယောင်ကွမ်းရီ သူ့သားအား ခွေးကောင်ဟု အဆက်မပြတ်ခေါ်နေသည်ဖြစ်ရာ သူမည်သို့ ဆက်၍ သည်းခံရမည်နည်း။

ယောင်ကွမ်းရီသည် သူ၏ နောက်ဆုံးစည်းအား ကျော်လွန်သွားပေပြီ။

သူတို့သည် အဆင့်အတန်းတူသော်လည်း ဝမ်ယန်မှ ယောင်ကွမ်းရီအား ယဥ်ကျေးနေရန် အကြောင်းမရှိပေ။ သူ၏သားသမီးများအား သင်ခန်းစာပေးရန် ဖခင်ဖြစ်သော သူ့တွင်သာ တာဝန်ရှိပေသည်။ အပြင်လူဖြစ်သော ယောင်ကွမ်းရီမှ ဝင်ရောက်ပြောဆိုရန် နေရာမရှိချေ။

ဝမ်း.......

ယောင်ကွမ်းရီ၏မျက်နှာ မဲမှောင်သွားသည်။ သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသည်။ အခန်းထဲရှိလေထုသည် မဟာထန်အင်ပါယာစစ်သူကြီး နှစ်ယောက်၏ စကားများကြောင့် တင်းမာနေသည်။

တော်ဝင်ရုံးတော်၏စစ်သူကြီးများ ဒေါသထွက်နေသည်တွင် ခန်းမထဲရှိ သူများအားလုံး လွတ်ရာကျွတ်ရာသို့ ဆုတ်ခွာသွားကြသည်။ သူတို့အနီးနားပင် ကပ်မနေရဲကြတော့ပါ။

ယောင်ခြံဝင်း၏ အစောင့်အရှောက်များအားလုံး ကြောက်ရွံ့နေသည့် အမူအရာများအား မဖုံးကွယ်ထားနိုင်တော့ပေ။

ထိုမြင်ကွင်းအား မြင်သည်တွင် ဝမ်ချောင် စိတ်ကျေနပ် နှစ်သိမ့်သွားသည်။ သူ၏ဖခင်သည် သူ့ဖက်တွင်သာ ရပ်တည်ပေးသည်။ သို့သော် ဝမ်ချောင်သည်

သူ၏ဖခင်နှင့် ယောင်ကွမ်းရီအကြား ရှုပ်ထွေးသွားမည်ကိုတော့ မလိုချင်ပေ။

" ယောင်ကွမ်းရီ ခင်ဗျားရဲ့သားကို အရမ်းပြန်လိုချင်နေတယ်ဆိုတော့လဲ ပြန်ပေးရမာပေါ့ "

ယခုအချိန်သည် ကလန်နှစ်ခု ကတောက်ကဆ ဖြစ်ရမည့်အချိန်မဟုတ်ပါ။ ဝမ်ချောင်သည် အနာဂတ်တွင်ဖြစ်လာမည့် ကိစ္စရပ်များအား ကောင်းစွာသိမြင်ထားလေသည်။ ယောင်ကွမ်းရီသည် ကောင်းသည့်အရာတစ်ခုမျှ မရှိသော်လည်း မိသားစုနှစ်ခု တိုက်ခိုက်ရမည့်အချိန်မရောက်သေးပါ။

ဘန်း...... ဝမ်ချောင် ယောင်ဖုန်းအား တွန်းထုတ်လိုက်သည်နှင့် တစ်ချိန်တည်းတွင် သူ၏အထူးနည်းစနစ်တစ်ခုအား ထုတ်သုံးလျက် ယောင်ဖုန်း၏နောက်ကျော သွေးကြောဆုံချက်နေရာအား ထိုးလွှတ်လိုက်ကာ သတိမေ့သွားစေသည်။

ကျွေးသောလက်ကို ပြန်ကိုက်သည် ဟူသောစကားအတိုင်းပင် ဝမ်ချောင်က အဖြစ်ခံမည်မဟုတ်ပါ။သိသာစွာပင် ယောင်ဖုန်းသည် သူ့ထက်ခွန်အားကြီးသည် ဖြစ်သောကြောင့်် သူ့အား ဘာမျှမလုပ်ပဲ လွှတ်လိုက်လျင် နောင်တွင် ပြဿနာများစွာဖြစ်အောင်

ယောင်ဖုန်း ပြုလုပ်ပေလိမိ့မည်။

ယောင်ကွမ်းရီ အလျင်အမြန်ပြေးလာပြီး သူသားအား ဖမ်းယူလိုက်သည်။

" ဝမ်ယန် မင်းရဲ့သားကို မင်းဘယ်လို သွန်သင်ထားလဲ ကြည့်စမ်းပါဦး "

ဝမ်မောင်နှမ၏ ထိုးနှက်ခြင်းများ ခံထားရသောကြောင့် သူ့သား ယောင်ဖုန်း၏မျက်နှာအား မှတ်မိရန်ပင် ခဲယဥ်းနေရာ ယောင်ကွမ်းရီ နှလုံးမှ သွေးများစီးကျလာသည်။ သူသည် ယနေ့အကြံအစည်အား ဖြစ်မြောက်ရန် အားကုန်ထုတ်သုံး ထားခဲ့ပေသည်။ သူသည် ဖြစ်စဥ်အား စိတ်ချရစေရန် ချီဘုရင်၏ဘက်တော်များကိုပင် ဖိတ်ခေါ်ထားလေသည်။ သူ၏အကြံအစည်များအားလုံးက ဤကလေးနှစ်ယောက်၏ လက်ချက်ဖြင့် ပျက်ဆီးသွားရလိမ့်မည်ဟု သူထင်မှတ်မထားချေ။

ဤအဖေနှင့်သားက ပူးပေါင်းကြံစည်၍ သူ့အား ပြပွဲတစ်ခု ဖျော်ဖြေတင်ဆက်သွားသည်ကို သူသေချာပေါက်အတည်မပြုနိုင်သော်လည်း မည်သို့ပင်ဖြစ်စေ

သူ၏အကြံအစည်သည်တော့ ပျက်ဆီးသွားပြီ ဖြစ်သည်။

ထို့အပြင် သူသည် ချီဘုရင်အား သူ၏အကြံအစည်

အထမြောက်မည်ဟု အကြိမ်ကြိမ်အခါခါ အာမခံထားလေသည်။ ချီဘုရင် ဤကိစ္စအား ကြားသိသွားလျှင်

သူ့အား စိတ်ပျက်သွားရုံသာမက သူသည် ကိစ္စကြီးများအား စွမ်းဆောင်နိုင်ခြင်း စွမ်းရည်မရှိသူဟု သံသယဝင်သွားပေလိမ့်မည်။

ထိုအချက်ကြောင့် ယောင်ကွမ်းရီ၏ နှလုံးတွင် နောင်တရခြင်းများက ပိတ်လှောင်လာသည်။

" ဝမ်ယန်... ငါ ဒီဖြစ်ရပ်ကို ဒီအတိုင်းပဲ ထားလိုက်မှာမဟုတ်ဘူး... ဒီကိစ္စကို ဝမ်ကလန်က သူနဲ့ဆိုင်တဲ့ တာဝန်ခံမှု ပေးဖို့ ငါတို့သခင်ကြီးဆီကို တင်ပြမယ် "

ယောင်ကွမ်းရီ ဝမ်ချောင်အား မုန်းတီးစွာ ကြည့်လိုက်သည်။ သူ၏အကြံအစည် ပျက်ဆီးသွားသည့်နောက် သူကဆက်လက်၍ လူကြီးလူကောင်းဆန်ဆန် ယဥ်ကျေးစွာ ဟန်ဆောင်ပြောဆိုနေရန် မလိုတော့ပေ။ သူ၏သားအား သယ်ဆောင်ကာ ယောင်ခြံဝင်း၏ ကျွမ်းကျင်သူများအား ဦးဆောင်လျက် နောက်ပင် တစ်ချက်လှည့်မကြည့်ပဲ ထွက်သွားလေသည်။

ယောင်ကွမ်းရီထွက်သွားသည်နှင့် တစ်ပြိုင်နက် ဝမ်ယန်၏မျက်နှာ မဲမှောင်သွားကာ....

" မင်း အသုံးမကျတဲ့သား.. ဒီမှာ ဘာလုပ်ဖို့ ဆက်ပြီး ရပ်နေတာလဲ .. မင်းငါ့ကိုအရှက်ခွဲတာ မလုံလောက်သေးဘူးလို့ ထင်နေတာလား "

ဝမ်ချောင်အား အေးစက်စွာစိုက်ကြည့်နေလျက် ပြောလိုက်သည်။ ထို့နောက် သူ၏ အကြည့်ကို ဝမ်ရှောင်းယောင်ထံသို့ ရွေ့လိုက်ကာ ..

" ယောင်အာ သမီး အဖေ့ကို အရမ်းစိတ်ပျက်စေတယ်.. သမီးရဲ့တတိယအစ်ကိုနဲ့ ဝေးဝေးမှာနေပါ... မဟုတ်ရင် သူက သမီးကို လမ်းလွဲကို ဦးဆောင်ခေါ်သွားလိမ့်မယ်...အိမ်ပြန်ရောက်တာနဲ့ ကိုယ့်အခန်းထဲမှာကိုယ် သုံးရက်အကျဥ်းချခံရမယ် အပြင်ကို ခြေတစ်လှမ်းမှ မထွက်ရဘူး "

" ဖေဖေ "

ဝမ်ရှောင်းယောင် မကျေမနပ် အတွန့်တက်လိုက်သည် သူမအား ခြံဝင်းထဲတွင် အကျဥ်းချသည်က တော်ပေသေးသည်။ သို့သော် သူမ၏အခန်းထဲတွင် အကျယ်ချုပ်မိသည် ဆိုရာ သူမအား အသေသတ်သည်နှင့်ပင် တူနေသေးသည်။

" ဒီကိစ္စကို ညှိနှိုင်းဖို့မကြိုးစားနဲ့ "

ဝမ်ယန်၏အသံက အေးစက်နေသည်။

ဝမ်ချောင် စိတ်ပျက်အားလျော့နေမိသည်။ သုံးပေနက်သော မြစ်တစ်စင်းအား တစ်ရက်ထဲနှင့် ရေခဲစေချင်၍မရပေ။ သူ့အား သိက္ခာကျဆင်းစေသည့် မာကျောက်က မိန်းမပျိုအားအဓမ္မကျင့်သည့်ကိစ္စမှာ ပြီးပြတ်သွားသော်လည်း ထိုကိစ္စပြီးပြီးချင်းတွင် သူသည် ကြိုးကြာပျံဝဲစံအိမ်သို့လာ၍ ယောင်ဖုန်းအား ထိုးနှက်ခဲ့ပြန်သည်။ ထိုအချက်နှင့်ပင် သူ့အပေါ်ထားရှိသော သူ့ဖခင်၏အမြင်အား ပြောင်းလဲရန် ပို၍ပင် ခက်ခဲသွားပေပြီ။

သို့သော်လည်း သူ၏ဖခင် ယုံကြည်သည်ဖြစ်စေ မယုံကြည်သည်ဖြစ်စေ ဝမ်ချောင် အသိပေးရမည့်ကိစ္စ ရှိနေသေးသည်။

" အဖေ... အခုချိန် သားပြောမှာတွေကို အဖေမယုံဘူးဆိုတာ သားသိပါတယ်... ဒါပေမဲ့ အဖေ သိထားသင့်တာ တစ်ခုရှိသေးတယ်.. အဖေ နယ်စပ် စစ်တပ်ကို ပြန်ရောက်တဲ့အခါ ဟူ(နိုင်ငံခြားသား)တွေက နယ်စပ်ကို ကျူးကျော်လာတာကို အဖေ သတိထားမိရင် ကျေးဇူးပြုပြီးတော့ နောက်ကို လီငါးဆယ်ဆုတ်ဖို့ သတိရပေးပါ.. အဖေ.. ဒါကို မမေ့ပါနဲ့ "

All Chapters