အခန်း (၁၁-၁၅)
Vol. 1 Ch. 11-15
လူသားဧကရာဇ်
ဘာသာပြန်သူ - XoXay
Chapter 11.
ဝမ်ချောင် သူ၏ဖခင်အား ဖျောင်းဖျခြင်း
သို့သော်လည်း ဝမ်ချောင် အခြေအနေများအား အတိအကျ မရှင်းပြနိုင်ပေ။
" သား ဘယ်လိုပဲ ပြောပြော အဖေယုံမှာမဟုတ်ဘူးဆိုတာ သားသိပါတယ်... ဒါပေမဲ့ အဖေ သိကိုသိထားသင့်တဲ့ အချက်တွေရှိသေးလို့ပါ... ပထမဆုံး အဖေ ကြိုးကြာပျံဝဲစံအိမ်ကနေ ထွက်ထွက်ချင်း စုန့်ဘုရင်က အဖေ့ကို သေချာပေါက် ဆင့်ခေါ်လိမ့်မယ်.. သူခေါ်ခိုင်းလိုက်တဲ့သူတောင် ခဏနေ ရောက်လာတော့မှာ.. ဒုတိယက အဖေ စုန့်ဘုရင် တွေ့ပြီးပြီးချင်း မကြာခင်ပဲ စစ်တပ်ပြန်လည်နေရာချထားရေးဌာနက အဖေ့ကို နယ်စပ် စစ်မြေပြင်ကို သွားဖို့ အမိန့်ထုတ်ပြန်လိမ့်မယ်.. "
" အဲ့ဒီအချိန်ကျရင် သားပြောတာ မှန်တယ်ဆိုတာ အဖေသိရပါလိမ့်မယ်... မဟုတ်ရင်လဲ ကလေးတစ်ယောက်ပြောတဲ့ အဓိပ္ပါယ်မရှိတဲ့စကားလို့ပဲ သတ်မှတ်လိုက်ပါ.. "
ဝမ်ချောင် ယတိပြတ် ပြောချလိုက်သည်။
သူ၏ယခင်ဘဝတွင် သူ၏ဖခင်နှင့်ယောင်ကွမ်းရီတို့၏ တွေ့ဆုံမှုအပြီး ကြိုးကြာပျံဝဲစံအိမ်မှ ခြေတစ်လှမ်းထွက်ခွာလိုက်သည်တွင် စုန့်ဘုရင်၏ ဆင့်ခေါ်ခြင်းက ချက်ချင်းပင် ရောက်လာလေသည်။ အားလုံးကို ချုံကြည့်လျှင် ယောင်ကွမ်းရီသည် ဤတွေ့ဆုံမှုအား စုန့်ဘုရင်ထံ သတင်းပေးရန် ရည်ရွယ်ချက်ရှိရှိ ကြံရွယ်ထားပြီး ဖြစ်လေသည်။
ယောင်ကွမ်းရီ၏အကြံအစည်များသည် ဘက်ပေါင်းစုံမှပြည့်စုံနေပြီး တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေသည်။
သူ၏ဖခင် စဥ်းစားဆင်ခြင်ရန် အချိန်အနည်းသာ ရှိလေသည်။
ထို့နောက် ယောင်ကွမ်းရီနှင့်ချီဘုရင်တို့သည် သူတို့၏
လွှမ်းမိုးမှုအား အသုံးပြုလျက် သူ၏ဖခင်အား နယ်စပ်သို့ပြောင်းရွေ့ရန် စစ်တပ်ရွေ့ပြောင်းရေးဌာနအား
လုပ်ဆောင်ခိုင်းထားပြီးဖြစ်သည်။ ထိုအရာကြောင့်ပင်
သူ၏ဖခင်သည် စုန့်ဘုရင်အား အသေအချာရှင်းပြခွင့်
မရရှိတော့ခြင်း ဖြစ်ပေသည်။
ထိုနောက်တွင် ဟူတို့၏ အကြမ်းဖက်မှုကြောင့် စစ်မက်
စတင်ဖြစ်ပွားခဲ့လေသည်။
သို့သော် အရေးကြီးသောအချိန်တွင် ယောင်ကွမ်းရီ ဦးဆောင်သော စစ်တပ်သည် သူ၏ဖခင်အား လာရောက် တပ်ကူပေးလေသည်။ ဟူ များအား အလွယ်တကူပင် ခြေမှုန်းလိုက်နိုင်သည်။ တစ်ချိန်တည်းပင် ထိုအဖြစ်အပျက်က လူအများ၏ အမြင်တွင် ယောင်ကလန်နှင့်ဝမ်ကလန် မဟာမိတ်ဖွဲ့ထားသည်ဟု အထင်အမြင်လွဲမှားစေသည်။
ထိုအဖြစ်အပျက်များကြောင့် စုန့်ဘုရင်သည် ဝမ်ကလန်က သူ့အား ပြတ်ပြတ်သားသားဆန့်ကျင်၍
ချီဘုရင်၏ဘက်တွင် ရပ်တည်ရန် ဆုံးဖြတ်လိုက်သည်ဟု ထင်မြင်စေရာ စုန့်ဘုရင် အမျက်ခြောင်းခြောင်းထွက်လေသည်။
ဝမ်ချောင် အရာအားလုံးအား ရှင်းလင်းစွာ မှတ်မိနေသော်လည်း သူ၏ဖခင်အား အတိအကျ ရှင်းပြ၍မရပေ။
ယခုအချိန်တွင် သူဘာပြောပြော သူ၏ဖခင်က ယုံကြည်မည်မဟုတ်။ ထိုအစား စကားများစွာပြောခြင်းသည် ဆန့်ကျင်ဘက်ရလဒ်အား ဖြစ်ပေါ်စေ၍ သူသည် သူ၏ဖခင်အား လိမ်ညာနေသည်ဟုပင် အထင်ခံရနိုင်သည်။ သို့သော်လည်း သူ့ဖခင်၏ စီရင်ပိုင်ခွင့်ရှိသောစစ်မြေပြင်သို့ ယောင်ကွမ်းရီက သူ၏စစ်တပ်အား ဦးဆောင်၍ ရောက်ရှိလာလျှင် ဝမ်ချောင် ဤအကြောင်းအရာများအား မပြောပြထားလျှင်ပင် ဝမ်ယန်သဘောပေါက်သွားပေလိမ့်မည်။
မြစ်တစ်စင်းအား ရေခဲမြစ်အဖြစ်ပြောင်းလဲလိုလျှင် တစ်ရက်ထဲနှင့် မဖြစ်နိုင်သကဲ့သို့ ယုံကြည်မှုသည်လည်း ဖြည်းဖြည်းနှင့်မှန်မှန် တည်ဆောက်ရပေမည်။
သူ၏စကားများ တစ်ခုပြီးတစ်ခု မှန်ကန်လာချိန်တွင် သူ၏ဖခင်သည်လည်း သူသည် အရည်မရ အဖတ်မရ လျှောက်ပြောနေခြင်းမဟုတ်ကြောင်း တဖြည်းဖြည်း နားလည်လာပေလိမ့်မည်။
သူ၏ဖခင်သည် သူပြောသလို ဟူ များက ကျူးကျော်လာစဥ်တွင် လီငါးဆယ်(၂၅ ကီလိုမီတာခန့်) နောက်ဆုတ်၍ နေသမျှကာလပတ်လုံး ဝမ်ကလန်သည် ကပ်ဘေးအား ရှောင်ဖယ်နိုင်ပေလိမ့်မည်။
ထိုအချိန်တွင်တော့ သူ၏ကြိုးစားမှုများက အရာထင်ပေလိမ့်မည်။
သို့သော် ယခုလက်ရှိတွင် ဝမ်ချောင် မည်သို့ဖြစ်ပျက်မည်ကို အသေးစိတ် ပြောပြ၍ မရပေ။
ဝမ်ချောင်၏ စကားများအား ကြားပြီးနောက် ဝမ်ယန်
ရပ်တန့်သွားသည်။ ဝမ်မိသားစု၏ညီမငယ်ပင် အလွန်အံ့သြနေသည်။ သူမက သူ၏အစ်ကိုပြောသောစကားများအား တစ်လုံးမကျန် နားလည်သော်လည်း
စုပေါင်းလိုက်သောအခါတွင်တော့ ဆိုလိုရင်းအား
သဘောမပေါက်နိုင်ပေ။
ဝမ်ချောင် ပြောသည့်စကားများ စိတ်ကူးယဥ်ဆန်ကာ ရိုးရှင်းလေသည်။
" မင်း ဘာအဓိပ္ပါယ်မရှိတဲ့အကြောင်းအရာတွေ လျှောက်ပြောနေတာလဲ "
နောက်ဆုံးတွင် သူ၏သားအား ပြစ်တင်ကြိမ်းမောင်းရန် ပြင်လိုက်သည်။ ဝမ်ချောင်၏ မျက်နှာမှ တည်ကြည်ခြင်းနှင့် ပြတ်သားသည့် အမူအရာများအား မြင်သည်တွင် သူ၏သားသည် ပေါက်တက်ကရ ပြောနေသည်ဟု မထင်မိတော့ချေ။
ဘယ်ဖခင်က သူ၏သားအား ကိုယ့်အားကိုယ်ကိုး၍ ရပ်တည်နိုင်သည်ကို မလိုချင်ပဲနေမည်နည်း။ သူသည်
ဝမ်ချောင်အား မည်မျှပင် စိတ်ပျက်နေစေကာမူ သူ၏
နှလုံးသားနက်ရှိုင်းသောနေရာတွင် ဝမ်ချောင်၏
ရွှေရောင်တောက်ပသည့်အနာဂတ်အား မျှော်လင့်နေမိသေးသည်ပင် ဖြစ်သည်။ သူ၏သား အမှန်တကယ် ကြီးပြင်းလာမည်ကို မြင်ချင်သေးသည်။
သို့သော်လည်း ဝမ်ချောင်စကားများအား သုံးသပ်ကြည့်ရာတွင် မည်သို့မျှ လက်ခံနိုင်စရာအကြောင်း မရှိနေပေ။
သူသည် စုန့်ဘုရင်နှင့် တွေ့ဆုံကာ စကားပြောခဲ့ပြီး ဖြစ်သည်။ အချိန်ခဏလေးအတွင်း သူတို့ထပ်တွေ့ဆုံရန် အကြောင်းရင်း မရှိချေ။ ကြိုးကြာပျံဝဲစံအိမ်မှ ထွက်ထွက်ခြင်း လာရောက်ဆင့်ခေါ်မည်ဆိုသည့် အရာမှာ ပြောစရာပင်မလိုအောင် မဖြစ်နိုင်ပေ။ စစ်တပ်ပြန်လည်နေရာချထားရေးဌာန၏ ဆုံးဖြတ်ချက်နှင့် ပက်သက်၍ စစ်သူကြီးဖြစ်သော သူပင် မခန့်မှန်းနိုင်သည်ဖြစ်ရာ ဝမ်ချောင်ကဲ့သို့ ကလေးတစ်ယောက်က မည်သို့ သိနေနိုင်မည်နည်း။
ပြောစရာစကားမရှိလောက်အောင်ပင် ဝမ်ချောင်သည် ထိုကိစ္စနှစ်ခုနှင့် ပက်သက်၍ အချိန်အတိအကျပင် ခန့်မှန်းထားပေသေးသည်။
-------- ကမ္ဘာ့အရယ်ရဆုံး ပျက်လုံး တစ်ခုလိုပင်။
" အဖေ သားကိုမယုံမှန်း သိပါတယ်... ဒါပေမဲ့ သားက ဒီနေရာကို ညီမလေးကို အတူခေါ်လာတာက ကြိုးကြာပျံဝဲစံအိမ်ကို ဖျက်ဆီးချင်လို့မဟုတ်ဘူး... ယောင်ကွမ်းရီက ကလန်ကို ထိခိုက်နစ်နာစေချင်ပြီး ဒီနေရာမှာ အဖေရောက်လာအောင် ထောင်ခြောက်ဆင်ထားလို့ပဲ.. သူက အဖေနဲ့လျှို့ဝှက်တွေ့ဆုံမှာကို စုန့်ဘုရင်သိအောင် သတင်းပေးထားပြီးသား... အဖေ မယုံကြည်ဘူးဆိုရင် သားတစ်ခု အာမခံနိုင်တယ်.... စုန့်ဘုရင်က အဖေ့ကို ဆင့်ခေါ်ပြီး တွေ့တွေ့ချင်း ယောင်ကွမ်းရီနဲ့ တွေ့ဆုံမှုအကြောင်းမေးလိမ့်မယ် "
" တကယ်လို့ သားပြောတာမှားခဲ့ရင် အဲ့ဒီအတွက် အပြစ်ပေးတာကို သားခံယူမယ်... သားက မှန်ခဲ့မယ်ဆိုရင်...အဖေ...ကျေးဇူးပြုပြီး ယောင်ကွမ်းရီက ဆွဲဆောင်ခဲ့ပေမယ့် အဖေက တစ်ခါတည်း ယတိပြတ် ငြင်းလိုက်တယ်လို့ စုန့်ဘုရင်ကို ပြောဖို့ သားတောင်းပန်ပါတယ်... "
" သား.. တောင်းဆိုတာပါ "
သူ၏စကားတစ်ဝက်တွင် ဝမ်ချောင် မြေပေါ်သို့ ဒူးထောက်ချလိုက်ကာ အလေးအနက် ဦးညွတ်ကန်တော့လိုက်သည်။
ဝမ်ကလန်တစ်လုံးတွင် သူတစ်ဦးတည်းသာ ပုန်းကွယ်နေသော အန္တရာယ်များအား သိမြင်သူဖြစ်သည်။
ယခုအချိန်တွင် သူတတ်နိုင်သမျှနည်းလမ်းအားလုံး
အသုံးပြုလျက် ယခင်လမ်းကြောင်းအတိုင်း ကလန်ပျက်ဆီးမသွားစေရန် သူကြိုးစားရပေမည်။
ယခုတွင် ဝမ်ချောင် သူ့စကားများအား သူ၏ဖခင် အမှတ်ရနေစေဖို့ ဆုတောင်းရန်သာ တတ်နိုင်တော့သည်။
" လုံလောက်ပြီ "
တစ်ခဏမျှ ကြည့်အပြီးတွင် ဝမ်ယန် ခက်ထန်စွာ ဆိုလိုက်သည်။
" ဒီအချိန်ထိ မင်းကိုယ့်ကိုယ်ကို ရှက်ရကောင်းမှန်း မသိသေးဘူးလား... သွား အိမ်ကိုပြန်တော့.. မင်း လတ်လျားလတ်လျားနဲ့ အပြင်မှာ ပြဿနာရှာဖို့ ကြိုးစားနေတာ တွေ့ရင် မင်းရဲ့ခြေထောက်ကို ရိုက်ချိုးပစ်မယ် "
" အစ်ကို ထပ်မပြောပါနဲ့တော့ "
ဝမ်ရှောင်းယောင်၏ ခန္ဓာကိုယ်သည် ကြောက်ရွံ့မှုကြောင့် တုန်ယင်နေသည်။ သူမဖခင်၏ အမူအရာသည် ယခုအချိန်တွင် ကြောက်မက်ဖွယ်ကောင်းနေလေသည်။ သူမဖခင် ဤမျှလောက် ဒေါသထွက်နေသည်အား တစ်ခုမျှ မမြင်ဖူးပေ။
" ဟုတ် သားသိပါပြီ "
ဝမ်ချောင် မတ်တပ်ရပ်၍ သူ၏ညီမအား မစိုးရိမ်ရန်နှင့် မကြောက်နေတော့ရန် အကြည့်တစ်ခုဖြင့် နှစ်သိမ့်ပေးလိုက်သည်။ သူ့ဖခင်၏ ဒေါသအား ထပ်မံမဆွရဲတော့ပေ။
သူ အရာများစွာအား လုပ်ဆောင်ပြီးလေပြီ။ ပြတင်းပေါက်မှ အပြင်သို့ လှမ်းကြည့်လိုက်သည်တွင် ရင်းနှီးသောလူရိပ်နှစ်ခုအား ဝိုင်းအုံနေသည့် လူအုပ်ကြားထဲတွင် တွေ့လိုက်ရသည်။
ထိုလူရိပ်နှစ်ခုပင် ရောက်နေပြီဆိုလျှင် စုန့်ဘုရင် လှုပ်ရှားတော့မည့် အချိန်သည်လည်း ရောက်ပေတော့မည်။ သူ၏ဖခင်သည် သူ့စကားမှန်သည်မှားသည်အား ထိုအရာများ ဖြစ်ပျက်လာလျှင် နားလည်သွားပေလိမ့်မည်။
ဝမ်ချောင်၏ နာခံသောအပြုအမူကြောင့်ပင် ဝမ်ယန်၏ အမူအရာ အနည်းငယ် ပျော့ပျောင်းလာသည်။
" အိမ်ကိုပဲပြန်တော့ ပြန်ရောက်မှ အဲ့ဒီအကြောင်း ဆက်ပြောကြမယ် "
ဝမ်ယန် သူ၏အင်္ကျီလက်စအား ခါလိုက်၍ မျက်မှောင်ကြုံ့ကာ လှေကားမှတစ်ဆင့် ကြိုးကြာပျံဝဲစံအိမ်မှ ဆင်းသွားသည်။
သူ၏ဖခင်နောက်မှ စကားတစ်လုံးမျှ မဆိုပဲ ဝမ်ချောင် ကပ်၍ လိုက်ပါသွားသည်။ သူတို့သုံးဦးသား အတူတကွ ကြိုးကြာပျံဝဲစံအိမ်မှ ထွက်ခွာလိုက်သည်။
.......
လမ်းမပေါ်တွင် လူများ ပြည့်ကျပ်နေသည်။ ကြိုးကြာပျံဝဲစံအိမ်သည် မြို့တော်တွင် အလွန်ကျော်ကြားသည်အားလျော်စွာ အဆင့်မြင့်မားသည့်စားသောက်ဆိုင်လည်းဖြစ်လေသည်။ ဤအမှုအခင်းသည် လူပေါင်းများစွာအား စိတ်ဝင်စားစေလေသည်။
" ဟမ်.... ဝမ်အစ်ကို ခင်ဗျား ဒီမှ ဘာလုပ်နေတာလဲ "
သူတို့သုံးယောက် အပြင်သို့ လျှောက်လာသည်တွင်
လူအုပ်ထဲမှ နှုတ်ဆက်လိုက်သည့် အသံအား ကြားလိုက်ရသည်။ ဝမ်ယန်လှည့်ကြည့်လိုက်သည်တွင် သူ့အား စိုက်ကြည့်နေသော ပုံရိပ်နှစ်ခုအား တွေ့လိုက်သည်။
" ပေါင်းသခင်ကြီး နဲ့ လူသခင်ကြီး "
ဝမ်ယန် နှလုံး ပြင်းထန်စွာခုန်သွားသည်။ သူ ရုတ်တရက် တုံ့ပြန်လိုက်ပြီး ထိုသူနှစ်ယောက်ဆီသို့ လျှောက်သွားလိုက်သည်။ ထို ' ပေါင်းရွှမ် ' နှင့် ' လူထင် ' တို့သည် တော်ဝင်ရုံးတော်၏ အကြံပေးအရာရှိ(ပါမောက္ခ)များဖြစ်ကြသည်။
သို့သော်လည်း ထိုသူနှစ်ယောက်တွင် အခြားထင်ရှားသောပုံရိပ်လည်း ရှိပေသည်။ ဝမ်ယန်ကဲ့သို့ သူတို့သည်လည်း စုန့်ဘုရင်၏ ဘက်တော်သားများ ဖြစ်ကြသည်။
" ခင်ဗျားတို့ နှစ်ယောက်က ဘယ်လိုလုပ် ဒီကို ရောက်နေကြတာလဲ "
ဝမ်ယန် လမ်းလျှောက်သွားကာ စကားစလိုက်သည်။
" ဟားဟား..... ဒီနေ့ ပေါင်းအစ်ကိုက ချွင်းချက်အနေနဲ့ ကြိုးကြာပျံဝဲစံအိမ်မှာတွေ့ဆုံကြဖို့ ကျုပ်ကို ဖိတ်ကြားခဲ့တာလေ.. ဒီလို ရှားပါးတဲ့ အခွင့်အရေးမျိုးကို ကျုပ်လက်လွှတ်ခံလို့ ဘယ်ဖြစ်ပါ့မလဲ... ဘယ်လိုပဲဖြစ်ဖြစ် လာကိုလာရမာပေါ့ "
ပြောနေရင်းပင် လူထင် ဝမ်းသာအားရ ရယ်မောနေသည်။
လူထင်နှင့်ပေါင်းရွှမ် နှစ်ယောက်စလုံးသည် ကျောင်းတော်သားဘဝထဲကပင် စုန့်ဘုရင်ဘက်၌ ရပ်တည်ခဲ့ကြသည်။ သူတို့သည် အလုပ်အလွန်ရှုပ်သောကြောင့် နှစ်ယောက်သား ဆုံတွေ့ရန် ခဲယဥ်းလေသည်။ ယခုသည် ပေါင်းရွှမ်မှ လူထင်အား ဖိတ်ခေါ်သော ပထမဆုံးအကြိမ်ပင်ဖြစ်သည်။ ထို့ကြောင့် မြို့တော်ရှိ နာမည်ကြီးစားသောက်ဆိုင်ဖြစ်သော ဤကြိုးကြာပျံဝဲစံအိမ်သို့ လာရောက်ကြခြင်း ဖြစ်လေသည်။
ဝမ်ချောင် သူ့ဖခင်၏နောက်တွင် ရပ်နေရင်း စကားတစ်ခွန်းမှမဆိုပေ။
ဝမ်ချောင်သည် ပေါင်းရွှမ်နှင့်လူထင်အား ဤနေရာတွင် တွေ့ရသည်အား အနည်းငယ်မျှပင် အံ့အားသင့်ပုံမရပေ။ နောက်ကြောင်းပြန်ရလျှင် သူ၏ယခင်ဘဝတွင် ထိုနှစ်ယောက်သည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လေသည်။
ယခင်ဘဝ၌ ထိုသူနှစ်ယောက်သည် သူ့ဖခင်နှင့်ယောင်ကွမ်းရီတို့ လျို့ဝှက်တွေ့ဆုံမှု၏ မျက်မြင်သက်သေများပင် ဖြစ်လေသည်။ ကြိုးကြာပျံဝဲစံအိမ်သည် စားသုံးသူများအား ဝင်ရောက်ခွင့်ပိတ်ပင်ထားသော်လည်း တောင်ဝင်ရုံးတော်၏ ကျောင်းတော်မှအကြံပေးပုဂ္ဂိုလ်နှစ်ဦးသည် လာရောက်နေကြသေးသည်ကိုကြည့်လျှင် တစ်စုံတစ်ခုအား သဘောပေါက်နိုင်လေသည်။ စံအိမ်သည် ချီဘုရင်၏ဘက်တော်သားများမှလွဲ၍ မည်သူ့ကိုမျှ ဝင်ခွင့်ပြုမထားပေ။
ဤနေရာတွင် ဝမ်ယန်က ယောင်ကွမ်းရီအား ကိုယ့်ဆန္ဒနှင့််ကိုယ် တွေ့ဆုံရန် ရောက်ရှိနေချိန် ဖြစ်လေသည်။
ထိုစကားများ စုန့်ဘုရင်ထံသို့ ရောက်ရှိသွားလျှင် အဖြေအား ရှင်းလင်းစွာ သိမြင်နိုင်သည်။
ပြီးနောက် မြို့တော်တွင် ဤကိစ္စသည် သတင်းကြီးတစ်ရပ်ပင် ဖြစ်သွားပေမည်။ သို့သော် ဝမ်ချောင်က ထိုဖြစ်ရပ်၏ နောက်ကွယ်မှု အကြောင်းရင်းအား သိရှိထားလေသည်။ ဤဖြစ်ရပ် ပြီးဆုံးသွားပြီး အသုံးမဝင်သည့်အချိန်တွင်မှ သူ အမှတ်မထင် ရှာဖွေသိရှိခဲ့သော အကြောင်းအရာပင်ဖြစ်သည်။
ထိုဖြစ်ရပ်၏နောက်ကွယ်တွင် မည်သူမျှမသိသော အဖြစ်မှန်တစ်ခု ရှိလေသည်။
လူထင်သည် အသုံးခံရခြင်းသက်သက်သာ ဖြစ်သည်။
အမှန်စစ်စစ် ချယ်လှယ်သူမှာ သူ၏ဘေးတွင်ရပ်နေသည့် တိတ်ဆိတ်နေသော ပေါင်းရွှမ်သာဖြစ်လေသည်။ သူသည် ရည်ရွယ်ချက်ရှိရှိ ကြိုးကြာပျံဝဲစံအိမ်သို့ လူထင်အား ဖိတ်ခေါ်ကာ သူ၏ဖခင်နှင့်ယောင်ကွမ်းရီတွေ့ဆုံမှု၏ အနီးကပ် သက်သေဖြစ်စေရန် ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။
သူ့အား ယောင်ကွမ်းရီနှင့်ချီဘုရင်၏ဘက်တော်သား ဖြစ်လိမ့်မည်ဟု မည်သူမျှ ထင်မှတ်ထားမည် မဟုတ်ပေ။
ယောင်ကွမ်းရီ၏ အကြံအစည်အရ ပေါင်းရွှမ်သည်
လူထင်အား ဖိတ်ခေါ်ခြင်းမပြုမှီကပင် ဝမ်ယန်တို့၏
လျို့ဝှက်တွေ့ဆုံမှုအား စုန့်ဘုရင်ထံ ဖွင့်ချပြောပြထားပြီးဖြစ်သည်။ လူထင်သည် အမှန်တရား၏ ဘက်တော်သား ဖြစ်ပြီး သူ၏ရိုးသားမှုကြောင့် ကျော်ကြားသူ ဖြစ်သည်။ ထိုအချက်ကြောင့် ပေါင်းရွှမ်သည် လူထင်အား အသုံးချရန် ကြံစည်ခဲ့ခြင်းဖြစ်လေသည်။
သိသာထင်ရှားစွာပင် လူထင်၏စကားများကြောင့်သာ စုန့်ဘုရင်သည် သူ၏ဖခင်အား နှစ်ပေါင်းများစွာတိုင်အောင် နက်နက်ရှိုင်းရှိုင်း သံသယဝင်ခဲ့ခြင်း ဖြစ်လေသည်။
ပေါင်းရွှမ်၏ ခံစားချက်မကောင်းနေသည်ကို ဝမ်ချောင် ပြောနိုင်သည်။ အစတွင် သူသည် လူထင်အား ဝမ်ယန် သစ္စာဖောက်မှု၏ မျက်မြင်သက်သေဖြစ်စေရန် ဖိတ်ခေါ်ထားခြင်းဖြစ်သော်လည်း ဝမ်ချောင်၏
မထင်ထားသော ပြောင်းလဲလိုက်သည့် အခြေအနေကြောင့် ဝမ်ယန်က ယောင်ကွမ်းရီအား ဆုံးမလိုက်သည့် မြင်ကွင်း၏ မျက်မြင်သက်သေ ဖြစ်သွားလေသည်။
" ပေါင်းရွှမ်က ဒီမှာရောက်နေပြီဆိုတော့ စုန့်ဘုရင်ရဲ့အိမ်တော်ထိန်းအိုကြီးကလဲ မကြာခင်ရောက်သင့်ပြီ "
ဝမ်ချောင် တွေးတောနေသည်။
အရာအားလုံးသည် အစီအစဥ်အတိုင်း ကောင်းမွန်စွာ လည်ပတ်နေသည်။ ပေါင်းရွှမ် ရောက်နေပြီဖြစ်သောကြောင့် စု့န်ဘုရင်၏စံအိမ်မှ အိမ်တော်ထိန်းလူအိုကြီးသည်လဲ မကြာခင် ပေါ်လာတော့ပေမည်။
" ဝမ်စစ်သူကြီး.. "
ဝမ်ချောင်၏ အတွေးထဲမှ အသံကို တုန့်ပြန်လိုက်သကဲ့သို့ မြေကြီးပင်တုန်ခါသွားသော ကြောက်မက်ဖွယ်အားအင်ပြည့်ဝသည့်အသံသည် တန်ဖိုးကြီးမြင်းလှည်းထဲမှ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။ လှည်းဘီးပေါ်တွင် တော်ဝင်မျိုးနွယ်များအား ကိုယ်စားပြုသော နဂါးရုပ်ပုံထွင်းထားသည်။
မြင်းလှည်း၏လိုက်ကာစအား ဆွဲဖယ်လိုက်သည်တွင် အသက်ကြီးပုံရကာ တည်ငြိမ်သည့်မျက်နှာထားအား တွေ့လိုက်ရသည်။ ထို လူအိုကြီးသည် သူ၏လက်နှစ်ဖက်လုံးအား လက်မောင်းအိုးအတွင်းတွင် ထည့်ထားကာ မျက်နှာတွင်မူ ခံစားချက်ကင်းမဲ့နေသည်။ စွမ်းအားကြီးသောအငွေ့အသက်များသည် ထိုသူထံမှ ထွက်ပေါ်နေပြီး သူ၏စွမ်းအားသည် အလွန်နက်ရှိုင်းပြီး အန်မတုနိုင်ဟူသော ခံစားချက်အား ဖြစ်စေသည်။
" စုန့်ဘုရင်က သင့်ကိုခေါ်ဖို့ စေလွှတ်လိုက်တာပါ... ကျေးဇူးပြုပြီး ကျုပ်နောက်လိုက်ခဲ့ပေးပါ "
တစ်ချိန်တည်းတွင် ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်သွားသည်။
( အိမ်တော်ထိန်း လူအိုကြီး )
ဝမ်ယန်၏ စိတ်နှလုံး သိမ့်ခနဲတုန်ခါသွားသည်။ သူပင်မသိလိုက်ပဲ သူ၏တတိယသားဝမ်ချောင်အား လှည့်ကြည့်လိုက်မိသည်။ သူ၏မျက်လုံးမှ အံအားထိတ်လန့်နေမှုအား အထင်းသား မြင်နေရသည်။
ဝမ်ချောင် ပြောထားသည့်အရာများက အမှန်တကယ်ပင် ဖြစ်လာသည်။ ကြိုးကြာပျံဝဲစံအိမ်မှ ထွက်ထွက်ချင်း စုန့်ဘုရင်မှ သူ့အား ခေါ်ဆောင်ရန် လူလွှတ်လိုက်လေသည်။ ထို့ထက်ပို၍ အိမ်တော်ထိန်းအိုကြီးသည်
စုန့်ဘုရင်၏အနီးကပ်ဆုံး အလေးထားအခံရဆုံးသူပင် ဖြစ်သည်။
စုန့်ဘုရင်၏ ဘက်တော်သားဖြစ်ခဲ့သည်မှာ နှစ်ဒါဇင်ချီ၍ပင် ရှိပြီ ဖြစ်သောကြောင့် စုန့်ဘုရင်ခြံဝင်း၌ အိမ်တော်ထိန်းအိုကြီး၏ အရေးပါမှုအား ဝမ်ယန် ကောင်းစွာ သဘောပေါက်ထားပေသည်။ စုန့်ဘုရင်သည် လူအိုကြီး၏ လက်ထဲတွင် ကြီးပြင်းခဲ့သည် ဖြစ်သောကြောင့် သူ့အား အလွန်ပင် ယုံကြည်အားထားလေသည်။
ဤအရာသည် သာမန်ကိစ္စသာဖြစ်ပါက လူအိုကြီးကိုယ်တိုင် ခရီးထွက်လာမည် မဟုတ်ပေ။
သို့သော်လည်း ဝမ်ယန်အား ထို့ထက်ပို၍ အံ့သြစေသည်မှာ ဝမ်ချောင်သည် အရာအားလုံးအား ကြိုတင်ခန့်မှန်းထားပြီး ဖြစ်သောကြောင့် ဖြစ်သည်။
ဤအရာသည် စုန့်ဘုရင်က သူ၏အယုံကြည်ရဆုံး လူယုံတော်အား စေလွှတ်၍ သူ့အားခေါ်ခိုင်းသည်ထက် ပို၍ အံ့အားသင့်ရပေသည်။
" ဒါကတိုက်ဆိုင်မှု ဖြစ်နိုင်လား "
ဝမ်ယန် စိတ်လှုပ်ရှားနေသည်။ စုန့်ဘုရင် သူ့အား ဆင့်ခေါ်မည့်ကိစ္စရပ်အား ဝမ်ချောင် ခန့်မှန်းနိုင်ခြင်းမှာ မထူးဆန်းပေ။ သူသည် စုန့်ဘုရင်၏ ဘက်တော်သားဖြစ်သောကြောင့် အချိန်မရွေး ဆင့်ခေါ်ခံရနိုင်ပေသည်။ အဓိကအကြောင်းအရာမှာ အချိန်ပင် ဖြစ်သည်။
အမှတ်တကယ်အံသြစရာကောင်းသည်မှာ ဝမ်ချောင်သည် ဆင့်ခေါ်မည့်အချိန်အား အတိအကျ ခန့်မှန်းထားသောကြောင့် ဖြစ်လေသည်။
ထိုတစ်ခဏတွင် ဝမ်ယန်၏ခေါင်းထဲ၌ အတွေးပေါင်းများစွာ ဖြစ်ပေါ်နေသည်။
ဤကိစ္စအပေါ် နားလည်ရန် ခက်ခဲနေသည်ဖြစ်ရာ ဤအသုံးမကျသောသား၏ စိတ်ကူးအား မမှန်းဆနိုင်တော့ပေ။ မကောင်းသောအပေါင်းအသင်းများနှင့်သာ သောက်စားပျော်ပါးနေသည့် သူ့သားက
ဤကဲ့သို့သော ကိစ္စရပ်အား အဘယ်ကြောင့် ကြိုတင်သိရှိ ခန့်မှန်းနေနိုင်သနည်း ။
" သားတို့နှစ်ယောက် အိမ်ပြန်လိုက်တော့... ပြန်ရောက်မှ ဒီကိစ္စကိုသေချာဆွေးနွေးမယ် "
ဝမ်ယန်တွင် ထိုကိစ္စအား ချင့်ချိန်စဥ်းစားနေရန် အချိန်မရှိပေ။ လူအိုကြီးက သူ့အား စောင့်နေသည်ဖြစ်သည်။ ဝမ်ယန်သည် မြင်းလှည်းထဲသို့ဝင်လိုက်ချိန်တွင် မြင်းလှည်းသည် မြင်ကွင်းမှ ရုတ်ချည်း ပျောက်ကွယ်သွားလောက်သော အမြန်နှုန်းဖြင့် စုန့်ခြံဝင်းသို့ ဦးတည်သွားနေသည်။
မြင်းလှည်းပျောက်ကွယ်သွားသည့် အရပ်သို့ကြည့်နေရင်း ဝမ်ချောင်၏မျက်နှာတွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ သူ၏ဖခင်ထွက်ခွာမသွားမှီ ဖြစ်ပေါ်နေသော အံ့အားသင့်နေသည့် မျက်နှာအမူအရာအား
ဝမ်ချောင် တွေ့လိုက်ပေသည်။ သံသယရှိစရာမလိုအောင်ပင် သူ၏အကြံအစည် အောင်မြင်သွားပြီ ဖြစ်သည်။
သူ၏ဖခင် ဇဝေဇဝါ ဖြစ်သွားပေပြီ။
သို့သော် ထိုအရာသည် ယခုမှ စတင်သည်ဖြစ်ကြောင်း ဝမ်ချောင် နားလည်ထားသည်။ သူ၏အသုံးမကျသော ပြဿနာအမြဲရှာသော အရှက်ရစေသောသားသည် အမှားများစွာ ကျူးလွန်ထားသော်လည်း ဤကိစ္စတွင် ဝမ်ချောင်သည် သူ့ကို မလိမ်ထားကြောင်း စုန့်ဘုရင်အား တွေ့ချိန်တွင် သူ၏ဖခင် နားလည်သွားပေလိမ့်မည်။
" အစ်ကို ငါတို့ ဘယ်လိုလုပ်ကြမလဲ.. အဖေပြန်လာရင် ငါတို့သေပြီ.... "
ဝမ်အဖေ ထွက်သွားသည်နှင့် ဝမ်ရှောင်းယောင် တုန်လှုပ်စွာဖြင့် သူ၏အစ်ကိုအား ဖက်ထားလေသည်။
ထိုအခိုက်အတန့်တွင် သူမသည် မီးအပူပေးထားသော သံပြားပေါ်တွင် ကခုန်နေရသကဲ့သို့ အငြိမ်မနေနိုင်ပေ။
ယခုအချိန်အထိ သူမဖခင်၏ ပြန်ရောက်မှ ဆက်ပြောမည်ဟူသောစကားက သူမနားထဲတွင် ပဲ့တင်ထပ်နေတုန်းပင် ဖြစ်သည်။
သူမ၏ဖခင်မှလွဲ၍ သူမ ကြောက်သောသူဟူ၍ မရှိပေ။ ဝမ်ချောင်နှင့် မတူညီစွာပင် သူမသည် ယခုထက် အဆတစ်ရာမက သတ္တိရှိလျှင်ပင် သူမ၏ဖခင်အား ဖီဆန်ရဲမည် မဟုတ်ပေ။
ကြောက်လန့်နေသော သူ၏ညီမငယ်လေး၏ မျက်နှာအားမြင်နေရလျှင် ဝမ်ချောင် ရယ်ချင်လာသည်။
ရိုးသားအပြစ်ကင်းသော သူ၏ညီမလေးအား ကြည့်၍ အားပေးသောအကြည့်ဖြင့် ကြည့်လိုက်ကာ...
" မပူပါနဲ့.. အဖေကပြန်လာဦးမှာ မဟုတ်ဘူး.. အစ်ကိုတို့လဲ ပြဿနာတက်မှာ မဟုတ်ဘူး "
ဝမ်ချောင် ပြောလိုက်သည်။
" အာ..... "
ဝမ်မိသားစု၏ညီမငယ်သည် ခေါင်းအားမော့လိုက်ကာ သူမအစ်ကို၏ မျက်နှာအား နားမလည်နိုင်သော
အကြည့်ဖြင့် တွေဝေစိုက်ကြည့်နေမိသည်။
" ဒီအကြောင်း ဆက်တွေးမနေနဲ့တော့ .. အစ်ကို့ကိုပဲ ဆက်ယုံကြည်ထား.. "
ထုံအအ အမူအရာအား သူ၏ညီမမျက်နှာတွင် မြင်နေရ၍ ဝမ်ချောင် ရယ်မောလိုက်ကာ သူမ၏ ပါးပြင်အား ဆိတ်လိုက်သည်။
ဖခင်ဖြစ်သူက စုန့်ဘုရင်၏ခြံဝင်းမှ ပြန်ရောက်လျှင် ဖြေရှင်းမည်ဟု ပြောထားသော်လည်း ထိုမတိုင်မှီပင်
စစ်တပ်ပြန်လည်နေရာချထားရေးဌာနမှ အမိန့်စာ ထွက်လာမည်ကို ဝမ်ချောင် သိထားလေသည်။
သူသည် ထိုကိစ္စအား သေချာနားလည်ထားလေသည်။
သူ၏ သွင်ပြင်အား အနည်းငယ်ပြင်ဆင်လိုက်ကာ
ပေါင်းရွှမ်နှင့်လူထင်ထံသို့ လျှောက်သွားလိုက်သည်။
===============================
ပါမောက္ခဆိုတာက စာပေပညာရှင် ဂီတပညာရှင် အနုပညာရှင် သမိုင်းပညာရှင် စစ်ရေးဗျူဟာပညာရှင်တွေကို ပြောတာပါ...ထန်မင်းဆက်မှာ အဲ့ဒီအတွက် ရာထူးတွေရှိပါတယ်... ထန်မင်းဆက်ဆိုတာက သမိုင်းမှာ နာမည်ကြီးတဲ့ ပညာရှင်တွေ အများအပြားပေါ်ထွန်းခဲ့တဲ့ မင်းဆက်ပါ... Li Bai တို့
Du Fu( ကဗျာသူတော်စင် ) တို့လိုမျိုး ပညာရှင်တွေ ပေါ်ထွက်ခဲ့တဲ့ ခေတ်ကာလပါ... နာမည်ကြီးတဲ့ ပန်းချီ ပညာရှင်တွေလဲ အများကြီး ပေါ်ထွက်ခဲ့ပါတယ်
အပိုဆောင်း ဗဟုသုတအနေနဲ့
ထန်မင်းဆက်က AD 617 ကနေ AD 907 အထိ အုပ်စိုးခဲ့ပါတယ်...
အကြံပေးအရာရှိဆိုတာက ထူးခြားတဲ့သီးသန့် ရာထူးတစ်မျိုးပါပဲ... ဟန်မင်းဆက်နဲ့ ထန်မင်းဆက်မှာ အသုံးများခဲ့တဲ့ ရာထူးတစ်ခုပါ... မင်မင်းဆက်မှာ
တည်ထောင်သူ ကျူးရန်ကျန်းက သူ့ရဲ့အကြံပေး ဝန်ကြီးချုပ်တစ်ဦး ပုန်ကန်ထကြွခဲ့လို့ ကွပ်မျက်ခဲ့ပြီး သူကိုယ်တိုင်ပဲ အကြံပေးတဲ့ရာထူးရော ဧကရာဇ်နေရာပါ ယူခဲ့လိုက်တဲ့နောက်ပိုင်းမှာ အကြံပေးအရာရှိတွေ ဝန်ကြီးချုပ်တွေနေရာက မှေးမှိန်သွားခဲ့တာပါ...
မင်မင်းဆက်က AD 1368 ကနေ AD 1644 အထိ အုပ်စိုးခဲ့ပါတယ်....
လူသားဧကရာဇ်
ဘာသာပြန်သူ - Xoxay
Chapter 12.
စတင်ဖော်ပြခြင်း
" လူသခင် "
ဝမ်ချောင် လူထင်အား ဦးညွှတ်လိုက်၍ ဘေးတွင်ရှိနေသော ပေါင်းရွှမ်ကိုတော့ လျစ်လျူရှူထားသည်။
" တတိယသခင်လေး "
လူထင် ဝမ်ချောင်အား ပြုံးပြလိုက်သည်။ ကြိုးကြာပျံဝဲစံအိမ်တွင် ဖြစ်ပွားခဲ့သော အဖြစ်အပျက်နှင့်ပက်သက်၍ သူက အကြမ်းဖျင်းတွက်ချက်မိပြီး ဖြစ်သည်။
ယောင်ကွမ်းရီသည် ချီဘုရင်၏ လက်အောက်ငယ်သားဖြစ်၍ ဝမ်ယန်မှာမူ စုန့်ဘုရင်၏လက်အောက်ငယ်သားဖြစ်လေသည်။သူတို့နှစ်ယောက်သည် မတူညီသည့်ဘက်မှလူများ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့ပဠိပက္ခဖြစ်သည်မှာ ပုံမှန်ပင်ဖြစ်သည်။ အကယ်၍ ဝမ်ကလန်၏ ဆယ့်ငါးနှစ်အရွယ် ကလေးတစ်ယောက်မှ ယောင်ကလန်၏ ယောင်ဖုန်းအား သင်ခန်းစာပေးလိုက်သည်ကို စုန့်ဘုရင် သိရှိခဲ့လျှင် ဤကလေးအား အပြစ်မတင်ယုံမျှမက ဝမ်ကလန်ကို အပြစ်မပေးရန်ပင် စုန့်ဘုရင် ဝင်ရောက်ပြောဆိုပေးပေလိမ့်မည်။
" တတိယသခင်လေး မင်းစိုးရိမ်နေစရာမလိုပါဘူး မင်းလုပ်ခဲ့သမျှအားလုံးက ယောင်ကလန်ရဲ့ သခင်လေးကို ဒဏ်ရာရစေရုံပဲ.... ပြန်ရောက်ခဲ့ရင် စုန့်ဘုရင်ကို ငါသတင်းပေးလိုက်မယ်... မင်းတို့မောင်နှမနှစ်ယောက် အဆင်ပြေသွားပါလိမ့်မယ် "
လူထင် ရယ်မောကာ ပြောလိုက်သည်။
" တကယ်လား "
ဝမ်ကလန်၏ညီမငယ် နှုတ်မှ ထိုစကား ရုတ်တရက် ထွက်သွားပြီး သူမ၏မျက်ခုံး မြှင့်တက်သွားသည်။ ဤကလေးမ၏ တုန့်ပြန်မှုကြောင့် လူထင် မအောင့်နိုင်ပဲ အပြင်းအထန် ရယ်မောလေတော့သည်။
ဝမ်ချောင်၏စိတ်ထဲ နွေးထွေးသွားလေသည်။ ဤလူထင်သည် သူ၏ဖခင်အား တစ်ချိန်က ဆန့်ကျင်ခဲ့သော်လည်း သူသည် အသုံးချခံရခြင်းကြောင့်သာ ဖြစ်သည်။ သူလုပ်ခဲ့သည်မှာ သူမြင်တွေ့သမျှအရာအားလုံးအား ပြောပြခဲ့ခြင်းသာဖြစ်၍ သူတစ်ပါးအား
ထိခိုက်နစ်နာလိုစိတ်ဖြင့် ပြုမူခဲ့ခြင်းမဟုတ်ပေ။
" လူသခင်က လေးစားထိုက်တဲ့ ဖြောင့်မှန်တဲ့သူတစ်ယောက်ပဲ ကျနော် တကယ်လေးစားမိပါတယ်... ကျနော် ပြောချင်တာ တစ်ခုတော့ရှိတယ်... တစ်စုံတစ်ယောက်က ထိခိုက်အောင်မလုပ်ဘူးဆိုရင်တောင် ကြိုတင်ကာကွယ်ထားတာက မမှားပါဘူး.. လူသခင်ကြီးက စက်ဆုပ်ဖွယ်ကောင်းတဲ့ငါးချိတ်ကြောင့် အသုံးချမခံရစေဖို့ သတိထားစေချင်တယ်.. တစ်ချို့တွေက အပြင်ပန်းမှာ မှန်ကန်ဖြောင့်မတ်ပြီး သစ္စာရှိတယ်ထင်ရပေမဲ့ တကယ်က ချီဘုရင်ရဲ့လက်အောက်ငယ်သား ဖြစ်ချင်နေတဲ့သူတွေရှိတယ်..
သူတို့ရဲ့အကျိူးအမြတ်အတွက် ဆန့်ကျင်ဖို့ ကြိုးစားနေတဲ့သူတွေပေါ့.. အဲ့ဒီလိုလူတွေရဲ့ရန်က ကြိုတင်ကာကွယ်ဖို့ လူသခင် သတိမပြတ်သင့်ဘူး "
ဝမ်ချောင်သည် လူထင်အား ထိုစကား ပြောနေစဥ်အတွင်း သူ၏အကြည့်အား ပေါင်းရွှမ်ဆီသို့ မသိမသာ လွဲလိုက်သည်။ ထိုအခါ သူ၏စကားသည် တစ်ဖက်သား၏ မျက်နှာအား ပျက်ယွင်းသွားစေသည်။
" ကောင်ဆိုးလေး မင်းဘာကိုဆိုလိုတာလဲ "
လူထင်သည်လည်း အရူးမဟုတ်ပေ။ ယုတ်ချည်းပင် မျက်နှာပျက်သွားပြီး ဝမ်ချောင်ကြည့်နေသည့် ပေါင်းရွှမ်အား လိုက်ကြည့်လိုက်သည်။
သူ၏ဖခင်နှင့် မတူညီစွာပင် ဤလူထင်သည် ဉာဏ်ကောင်းသောသူဖြစ်သည်။
များပြားစွာသော စုန့်ဘုရင်၏ လက်အောက်ငယ်သားများသည် ချီဘုရင်လက်အောက် ဝင်လိုကြသည်။
ဝမ်ချောင်၏ဖခင်မှာ ထိုသို့ မဟုတ်သည်ကျိန်းသေကြောင်း လူထင်သဘောပေါက်လေသည်။ ဝမ်ချောင်၏ စကားနောက်ကွယ်မှ အကြောင်းအရာများအား သေချာစဥ်စားကြည့်သည်တွင် ပေါင်းရွှမ် သူ့အား ကြိုးကြာပျံဝဲစံအိမ်သို့ တကူးတက လာရောက်ဖိတ်ခေါ်သည်ကို ပြန်စဥ်းစားမိသွားကာ ထိုမှတစ်ဆင့်
အိမ်တော်ထိန်းအိုကြီး၏ ရုတ်တရက်ပေါ်ထွက်လာမှုအထိ ပြန်မြင်ယောင်လာသည်။ ထိုအခါတွင်တော့ ဤကိစ္စတွင် ပို၍နက်ရှိုင်းသည့် အကြောင်းအရာများ ရှိသေးကြောင်း သဘောပေါက်သွားကာ သူ၏အကြည့်သည်လည်း အေးစက်သွားသည်။
လူထင် အသုံးချခံရခြင်းမှာ တစ်ဖက်လူအား ယုံကြည်၍ ထိုအကြံအစည်အား သတိမထားသောကြောင့်သာ ဖြစ်လေသည်။ ဖြောင့်မတ်သောသူ၏ မျက်စိထဲတွင် လူအားလုံးသည် မှန်ကန်လေသည်။
သူ၏စိတ်အတွင်းထဲမှ ပေါင်းရွှမ်သည် သစ္စာခံရာ ပြောင်းလဲသွားလိမ့်မည်ဟု မတွေးခဲ့ဖူးပေ။
သို့သော်လည်း အကြောင်းအရာ အများအပြားသည်
ကြိုးကြာပျံဝဲစံအိမ်မှ ဟင်းတစ်ပွဲကိုသာ အခြေပြုနေသည်။ လူထင်သည် ဤအရေးကိစ္စအား နက်နက်နဲနဲ နားလည်လာသည်။
" ငိုးမ....ခွေးကောင်လေး မင်း ဘာအဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောနေတာလဲကွ... အစ်ကို.. အစ်ကိုလူ
သူရဲ့ အရည်မရ အဖတ်မရတွေကို နားမထောင်နဲ့ "
ပေါင်းရွှမ် ဝမ်ချောင်၏ လှည့်ကွက်တွင် မိသွားလေပြီ။
အစတွင် ပေါင်းရွှမ် တည်ငြိမ်နေသော်လည်း တဖြည်းဖြည်းနှင့် လူထင်၏အကြည့်အောက်တွင် ဆောက်တည်ရာမရတော့ပေ။
' လူတစ်ယောက်က အပြစ်မလုပ်ထားဘူးဆိုရင်
ညသန်းခေါင်မှာ အကြောက်တရားတစ္ဆေက တံခါးလာခေါက်ရင်တောင် တုန်လှုပ်မှာမဟုတ်ဘူး ' ဤစကားသည် ပေါင်းရွှမ်အတွက် ဖြစ်သည်လားပင် မပြောတတ်။
ပေါင်းရွှမ်သည် ဤမတော်တဆဖြစ်ရပ်တွင် အပြစ်ရှိသည်ဟု ခံစားနေရသူဖြစ်သည်။ထို့အပြင် လူထင်သည် ဖြောင့်မတ်တည်ကြည်သောသူ ဖြစ်သည်။ သူ၏ဝိဉာဥ်အား ဖောက်ထွင်းမြင်နေသကဲ့သို့ အကြည့်အောက်တွင် သူ၏လျှို့ဝှက်ချက်များအား ဝမ်ချောင်က ဖော်ထုတ်လိုက်သောကြောင့် ပေါင်းရွှမ် ချက်ချင်းပင် ပျာယာခတ်သွားသည်။
" ပေါင်းရွှမ်... မင်းကို ဒီလိုမျိုးလူတစ်ယောက် ဖြစ်မယ်လို့ ငါမထင်ထားဘူး "
လူထင်၏အကြည့်သည် တိုင်းဆမရအောင်ပင် အေးစက်နေသည်။
အစပိုင်းတွင် သူသည် ဝမ်ချောင်၏ စကားများအား
သံသယရှိနေသေးသော်လည်း ယခုတွင်တော့ သူသည် အရာအားလုံးအား နားလည်သွားပြီဖြစ်သည်။ ဝမ်ချောင်သည် ကလေးသာဖြစ်သောကြောင့် သူ၏စကားများအား အတည်မှတ်ယူ၍ မရသော်လည်း ပေါင်းရွှမ်၏ သံသယဖြစ်ဖွယ် အမူအရာများက ဝမ်ချောင်၏
စကားကို ခိုင်မာစေသည်။
လူထင်သည် သုံးနှစ်ကလေးမဟုတ်ပေ။ အမှားနှင့်အမှန်အား သူကောင်းစွာ ခွဲခြားနိုင်ပေသည်။
" ဟမ့်.... ပေါင်းသခင်.. ကျုပ် ခင်ဗျားကို အကြံပေးလိုက်မယ် ' အဆုံးသတ်မှာ အနိုင်ရတဲ့သူပဲ ရယ်မောနိုင်မယ် ' စုန့်ဘုရင်နဲ့ချီဘုရင်ကြားမှာ ဘယ်သူက အနိုင်ရမလဲဆိုတာ ပြောဖို့ စောနေပါသေးတယ်.. ခင်ဗျား ကိုယ့်ကိုယ်ကို မှားယွင်းတဲ့ဖက်မှာ မရပ်တည်မိစေဖို့ သတိထားသင့်တယ် "
ဝမ်ချောင် ရှေ့တိုးကာ ညင်ညင်သာသာပြောလိုက်သည်။
တကယ်တမ်းတွင် သူ၏စကားလုံးဖြင့် တိုက်ခိုက်ခြင်းသည် အလွန်လွယ်ကူနေပေသည်။ အစတွင် ဝမ်ချောင် ပေါင်းရွှမ်အား ဝန်ခံစေရန် လုပ်ဆောင်ခြင်းကို အလွန်ခက်ခဲလိမ့်မည်ဟု ထင်ထားသည်။ လူထင်သည် သူထင်ထားသည်ထက်ပင် ကြောက်စရာကောင်းအောင် ဖြောင့်မတ်တည်ကြည်လိမ့်မည်ဟု သူမထင်ထားပေ။
လူထင်၏ သတိပေးချက်တစ်ခုနှင့်ပင် တစ်ဖက်လူမှာ အမှန်တရားအား လှစ်ဟမိသည် အထိပင် ဖြစ်သည်။
" အစ်ကို.. အစ်ကိုလူ သူ့ရဲ့စကားကို နားမယောင်ပါနဲ့..
ချီဘုရင်ကလည်း ဘာများမကောင်းလို့လဲ "
ပေါင်းရွှမ်၏ ကျောတွင် ချွေးများ စိုရွဲနေသည်။ သူ ဆက်ပြောလေလေ သူ့ကိုယ်သူ မထိန်းချုပ်နိုင်လေပင်။ ထို့နောက် တဖြည်းဖြည်း တည်ငြိမ်လာပြီး နောက်လှည့်ကာ လူစုလူဝေးအတွင်းသို့ ပျာယာခတ်စွာ တိုးဝင် ပျောက်ကွယ်သွားသည်။
လူထင်က စိတ်ထဲမထားပဲ နောက်လှည့်လျက် ဝမ်ချောင်အား နောက်တစ်ကြိမ် ပြန်ကြည့်လေသည်။
" ဟားဟား ' အဆုံးသတ်မှာ အနိုင်ရတဲ့သူပဲ ရယ်မောနိုင်လိမ့်မယ် ' ကျိုးအမတ်ကြီးရဲ့မျိုးဆက်လို့ မပြောရဘူး တတိယသခင်လေးရဲ့ စကားက အရမ်းမြင့်မြတ်တာပဲ "
လူထင် ချီးကျူးလိုက်လေသည်။
ဤဆယ့်ငါးနှစ်အရွယ် ကလေးထံမှ ရရှိသောခံစားချက်သည် သူ့အား အလွန်ထူးခြားနေစေသည်။ ဤကလေးသည် သာမန်ကလေးတစ်ယောက် မဖြစ်နိုင်ပေ။
ဝမ်ချောင် ရိုးရှင်းစွာပြုံးလိုက်သည်။ ' အဆုံးသတ်မှာ အနိုင်ရတဲ့သူပဲ ရယ်မောနိုင်လိမ့်မယ် ' ဟူသော စကားသည် သူ၏ ပထမကမ္ဘာတွင် ရိုးရှင်းသော စကားလုံးသာ ဖြစ်လေသည်။ ဤကမ္ဘာတွင်တော့ လူထင်ပင်
ထိုစကားစုအား ကြားဖူးပုံမပေါက်ပေ။ လူထင်၏ အမြင်တွင် သစ်လွင်နေသည်။
" ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ် "
ဝမ်ချောင် ပြန်ပြောရာတွင် အလွန်အမင်းနှိမ့်ချသည့်လေသံမဟုတ်သလို မာနကြီးစိတ်ကြီးဝင်သည့်လေသံလည်း မဟုတ်ပေ။ လူထင် ထိုအချက်အား ထင်ထင်ရှားရှား သတိထားမိလိုက်သည်။
" လူသခင် ကျနော် လုပ်စရာလုပ်လေးတွေရှိသေးလို့ စံအိမ်ကို ပြန်ပါတော့မယ် ခွင့်ပြုပါဦး "
ဝမ်ချောင် သူ၏ခေါင်းအား နိမ့်ချလျက် ဦးညွှတ်လိုက်သည်။
ဤတစ်ကြိမ်သည် သူတို့၏ပထမဆုံး တွေ့ဆုံမှုပင် ဖြစ်သောကြောင့် ဝမ်ချောင် စကားအများကြီး မပြောချင်ပေ။ သူ၏ ကောင်းမွန်သောအမူအရာကိုပြသ၍ လူသခင်ကြီးအား သူသည် အမှန်တကယ်ဆိုးသွမ်းနေသူ မဟုတ်ကြောင်း ပြသနိုင်လျှင် လုံလောက်ပေပြီ။
သူ၏ယခင်ဘဝမှ မှတ်ဉာဏ်များအရ လူသခင်သည် စုန့်ဘုရင်အတွက် ကြီးစွာသောအထောက်အကူ ယုံကြည်ခံရသူပင် ဖြစ်လေသည်။
သူ မြင်သမျှ သူတွေ့သမျှ သူသိသမျှ သူခံစားရသမျှကို စုန့်ဘုရင်အား ပြန်လည် ပြောပြပေလိမ့်မည်။
ယခင်ဘဝတွင် ကိစ္စရပ်တစ်ခု ဖြစ်ပွားခဲ့သည်။ အာဏာရှိသောအရာရှိတစ်ယောက်သည် သူချစ်မြတ်နိုးသော ကိုယ်လုပ်တော်၏မွေးနေ့အား မေ့လျော့နေလေသည်။ သို့သော် ထူးဆန်းစွာပင် စုန့်ဘုရင်ထံမှ မွေးနေ့လက်ဆောင်အား ထိုကိုယ်လုပ်တော် လက်ခံရရှိလေသည်။
ထိုနေ့တွင် သူမရရှိခဲ့သော တစ်ခုတည်းသော လက်ဆောင်လည်း ဖြစ်လေသည်။
ထို့နောက် လူတိုင်း ဇဝေဇဝါဖြစ်သွားလေသည်။ စုန့်ဘုရင်သည် ထိုကိုယ်လုပ်တော်အား တစ်ကြိမ်မျှမတွေ့ဖူးပေ။ အဘယ်ကြောင့် ထိုကိုယ်လုပ်တော်၏ မွေးနေ့အား စုန့်ဘုရင် သိရှိနေသနည်း။
တဖြည်းဖြည်းနှင့် ထိုအရာရှိသည် သူ၏နဖူးအား ပြန်ရိုက်မိကာ မွေးနေ့မတိုင်မှီတွင် ထိုမွေးနေ့ကို လူထင်အား အမှတ်မထင် ပြောပြဖူးသည်ကို ပြန်သတိရလိုက်သည်။
ထိုဖြစ်ရပ်ပြီးနောက်တွင် လူထင်သည် စု့န်ဘုရင်လက်အောက်တွင် သာမန်ထက်လွန်ကဲသောနေရာတစ်ခု ရရှိထားသည်ကို လူတိုင်း သိရှိလိုက်သည်။ သူသည်
သူသိသမျှအရာအားလုံးကို စုန့်ဘုရင်အား ပြောပြပေသည်။
ဝမ်ချောင်သည် ထိုကိစ္စရပ်အပေါ် အထူးအလေးထားမိခဲ့သောကြောင့် ယခုချိန်အထိ မှတ်မိနေခြင်း ဖြစ်လေသည်။
ထိုအရာက အနာဂတ်တွင် စုန့်ဘုရင်အား သူ့အပေါ် အကောင်းမြင်စေရန် ကြိုးပမ်းရာတွင် လွယ်ကူစေပေလိမ့်မည်။ ထို့ကြောင့်ပင် ဝမ်ချောင်သည် လူသခင်ကြီးမတိုင်ခင် သူကအရင်နှုတ်ဆက်ခြင်း ဖြစ်လေသည်။
" လာ.. ညီမလေး သွားစို့ "
ဝမ်ချောင် သူ၏ညီမအား ခေါ်ဆောင်၍ မြင်းလှည်းပေါ်သို့ တက်လိုက်ကာ ဝမ်ကလန်ဆီသို့ ဦးတည်၍ ဖြည်းဖြည်းခြင်း ထွက်ခွာသွားလေတော့သည်။
" စိတ်ဝင်စားစရာပဲ... ဒီကလေးက တကယ် စိတ်ဝင်စားဖို့ကောင်းတာပဲ "
လူထင် ဦးခေါင်းကိုခါယမ်းလိုက်ပြီး သူ၏မျက်လုံးမှ အလင်းရောင်များပင် ပေါ်ထွက်လာသည်။ ထိုမောင်နှမ သူ၏မြင်ကွင်းမှပျောက်ကွယ်သွားမှသာလျှင် သူပြန်လှည့်လိုက်သည်။ တစ်ခဏမျှ သဘောကျနေပြီး မြင်းလှည်းအား ခေါ်လိုက်၍ စုန့်ခြံဝင်းသို့ ဦးတည်လိုက်လေသည်။
.........
ထိုတစ်ချိန်တည်းတွင် ယောင်ကလန်၏ ခြံဝင်းထဲ၌..
" အား...... "
ကျယ်လောင်စွာ အော်လိုက်ပြီး ယောင်ဖုန်း ပြန်လည် သတိရလာသည်။ သူ့ကိုယ်ပေါ်တွင် အရိုးတစ်ချောင်းစီတိုင်းမှ နာကျင်မှုအား သူခံစားနေရသည်။ ထိုမောင်နှမသည် သူတို့၏ထိုးနှက်ချက်များတွင် နည်းနည်းမျှ အကြင်နာတရားမထားရှိပေ။
" မင်း နိုးလာပြီလား "
တိုးညှင်းသောအသံတစ်ခုက သူ၏နားထဲ ဝင်လာသည်။ ယောင်ဖုန်း ဆတ်ခနဲ တုန်တက်သွားသည်။
သူနောက်လှည့်ကြည့်လိုက်သည်တွင် ပြတင်းပေါက်တွင် သူ့အား ကျောပေးထားသော မြင့်မားသည့်ပုံရိပ်အား မြင်လိုက်ရသည်။
" အဖေ "
ယောင်ဖုန်း ခက်ခက်ခဲခဲ မတ်တပ်ရပ်လိုက်ကာ လျှောက်သွားလိုက်သည်။
" ဒီနေ့ ဝမ်ချောင်နဲ့ ဖြစ်ပျက်သမျှ ကိစ္စရပ်ကို ပြန်ပြောပြစမ်း... အရေးမကြီးတဲ့ကိစ္စတွေကအစ ငါသိချင်တယ် "
ယောင်ကွမ်းရီ၏အသံသည် အေးစက်နေပြီး သူ၏အမူအရာအား ခန့်မှန်းမရနိုင်ပေ။
" ဝမ်ချောင်လား "
ယောင်ဖုန်း ကြက်သေသေသွားသည်။ သူနိုးလာလာချင်း သူ၏ဖခင် ပထမဆုံးမေးသည့် အကြောင်းအရာမှာ ဝမ်ချောင်ဖြစ်လိမ့်မည်ဟု မထင်မှတ်ထားပေ။
သူ့ဖခင်၏ အနေအထားနှင့်ဆိုလျှင် အရေးမကြီးသော
ဤကလေးတစ်ယောက်အား ဂရုစိုက်နေရန် မလိုအပ်ပေ။
သို့သော်လည်း သူ့ဖခင်၏ ဒေါသအား သူသိလေသည်။ ထိုသို့ မေးသည်တွင် သူမငြင်းပယ်ရဲပေ။ ကိစ္စရပ်အားလုံးအား သူပြန်လည်ပြောပြလိုက်သည်။ တစ်မိနစ် တစ်စက္ကန့်ပင် မကျန်ခဲ့ပေ။
ထို့နောက် ယောင်ကွမ်းရီ၏ မျက်နှာ အချိန်အတော်ကြာ မဲမှောင်ကာ တိတ်ဆိတ်နေသည်။
" မင်းပြောတာအရဆို မာကျောက်ကြောင့် အဲ့ဒီမောင်နှမ နှစ်ယောက် ပြဿနာလာရှာတာပေါ့ "
ယောင်ကွမ်းရီ မေးလိုက်သည်။
" ဟုတ်ပါတယ် "
ယောင်ဖုန်း ပြန်ဖြေအပြီးတွင် ဖြန်း....... ယောင်ဖုန်း၏
မျက်နှာပေါ်သို့ ပြင်းထန်သည့် လက်ဝါးချက် ကျဆင်းလာသည်။ ယောင်ဖုန်း၏မျက်မှာ ချက်ချင်းပင် ယောင်ကိုင်းလာလေသည်။
" အဖေ......... "
သူ၏ဘယ်ဘက်ပါးပြင်အား လက်နှင့်အုပ်ရင်း သူ၏ဖခင်အား မယုံကြည်နိုင်စွာ ငေးကြည့်နေသည်။
ဤသည်မှာ ပထမဆုံးအကြိမ် သူ၏ဖခင် သူ့အား ရိုက်ဖူးသည် ဖြစ်သည်။
"ခွေးကောင်.. မင်းဒီနေ့ ငါ့ရဲ့အကြံအစည်ကို ဖျက်ဆီးလိုက်တာ မင်းသိလား... ငါဒီနေ့ဖြစ်ရပ်ကို ဘယ်လောက်ထိ အားစိုက်ထားရတယ်ဆိုတာကိုရော မင်းသိလား "
ယောင်ကွမ်း၏မျက်နှာတွင် အလွန်အမင်း ဒေါသထွက်နေသည်မှာ သိသာနေသည်။ အမှန်အကန် ဒေါကန်နေပေသည်။ အစောကအချိန်တွင် ကြိုးကြာပျံဝဲစဲအိမ်၌ လူပေါင်းများစွာ ရှိသောကြောင့် သူ၏ဒေါသအား လူရှေ့တွင် မထုတ်ဖော်မိစေရန် ထိန်းချုပ်ထားလေသည်။
သို့သော် ယခုတွင် အနီးနား၌ မည်သူမျှ မရှိပေ။ ယောင်ကွမ်းရီ ပေါက်ကွဲနေပြီ ဖြစ်သည်။
ဘုန်း......
ယောင်ဖုန်း၏မျက်နှာ ပြောင်းလဲသွားပြီး ချက်ချင်းပင် ကြမ်းပြင်ပေါ်သို့ ဒူးထောက်ချလိုက်သည်။ သူ၏ဖခင် ဤမျှလောက် ဒေါသူပုန်ထနေသည်ကို သူမမြင်ဖူးခဲ့ပေ။
သို့သော်လည်း ယောင်ကွမ်းရီ အမျက်မပြေသေးပေ။
သူ ပိုစဥ်းစားလေ ဝမ်ချောင်နှင့် ဝမ်ရှောင်းယောင်တို့ကြောင့်ဖြစ်ပေါ်လာသော အမှားများအား သိမြင်လာလေပင်။
ယောင်ကွမ်းရီသည် သူ၏အကြံအစည်အား အသေးစိတ်မှအစ ပြင်ဆင်ထားလေရာ မြို့တော်၏
အမှိုက်ကောင်ကြောင့် သူ၏ ပြီးပြည့်သောအစီအစဥ်ဖျက်ဆီးခံလိုက်ရမည်ကို သူမထင်ထားပေ။
မာကျောက်ဟုတ်လား...
ဘာလဲကွာ...
ထိုသူကဲ့သို့သော လူများမှာ သူ့အတွက် ပုရွက်ဆိတ်ကဲ့သို့ပင် တန်ဖိုးမရှိပေ။ တော်ဝင်မိသားစု၏အနွယ်တော်များဖြစ်သော စုန့်ဘုရင်နှင့်ချီဘုရင်တို့၏ တော်ဝင်ရုံးတော်တွင် အားပြိုင်နေသော လွှမ်းမိုးမှုအား ဤအရေးမပါသော အမှိုက်တစ်စကြောင့် သက်ရောက်မှု ဖြစ်လာရလေသည်။
အကယ်၍ စကားများ ပျံ့နှံ့သွားလျှင် သူသည် လှောင်ရယ်စရာ ဖြစ်သွားပေမည်။
" ငါတို့ ယောင်ကလန်က အမြင့်ကိုတက်တော့မဲ့ အချိန်မှာ မင်းနဲ့အဲ့ဒီ အမှိုက်ကောင်မာကျောက်တို့ကြောင့်
ငါကြံစည်ထားသမျှအားလုံး ပျက်ဆီးသွားရပြီ.. ဒီလို ဆုံးရှုံးမှုက ငါတို့ကလန်ကို ဘယ်လိုသက်ရောက်မလဲဆိုတာ မင်းသိလား.. ချီဘုရင်က ဒီကိစ္စကို ဘယ်လောက် အလေးထားလဲဆိုတာ မင်းသိလား..
ငါက ဘာမှ အမှားမဖြစ်စေရဘူးလို့ ကတိခံထားရတာကွ "
အစပိုင်းတွင် ယောင်ဖုန်းသည် ပါးရိုက်ခံရသည်အား မကျေမနပ် ဖြစ်နေသေးသော်လည်း ထိုစကားများကြားချိန်တွင်တော့ သူ၏မျက်နှာ ဖြူသထက် ဖြူလျော်လာသည်။ မကြာမှီပင် သူ၏တစ်ကိုယ်လုံး တုန်လှုပ်နေပြီး ချွေးများ ရွဲစိုသွားသည်။
" အဖေ သားအမှားပါ... သား အဲ့ဒီအကြောင်းတွေ
မသိခဲ့ဘူး "
ယောင်ဖုန်း ထိတ်လန့်နေမိသည်။
ချီဘုရင်သည် စုန့်ဘုရင်အား ပြိုင်ဆိုင်နေသည်ကို သူသိလေသည်။ စုန့်ဘုရင်အား ထိုးနှက်ရန်အကောင်းဆုံးမှာ စုန့်ဘုရင်နှင့်ဝမ်ကလန်အား သွေးခွဲရန်ပင်ဖြစ်သည်။
စုန့်ဘုရင်အား ဝမ်ကလန်နှင့်ကင်းကွာစေရန် သော့ချက်မှာ စုန့်ဘုရင်မှ ဝမ်ကလန်အား အယုံကြည်ကင်းမဲ့စေရန်ပင်ဖြစ်သည်။ ထို့အပြင် ဝမ်ကလန်အား တိုက်ခိုက်ရန်မှာ လွယ်ကူ၍လည်းဖြစ်သည်။
ထိုပြဿနာများနှင့်အကြံအစည်များအား နားလည်ရန် ယောင်ဖုန်းအချိန်အတော်ကြာ ယူလိုက်ရသည်။ သူ၏
လုပ်ဆောင်မှု တစ်ချို့ကြောင့် ထိုအကြံအစည်ပျက်ဆီးသွားမည်ကို သူမသိရှိပေ။
ကြိုးကြာပျံဝဲစံအိမ်တွင် ပြုလုပ်သော သူ၏စားသောက်တွေ့ဆုံပွဲသည် သူ့ဖခင်၏အကြံအစည်အား
မရည်ရွယ်ပဲ ပျက်ဆီးစေသည်ဟု တွေးပင်မတွေးရဲပေ။
" ဒါတွေ အကုန်လုံး မင်းရဲ့အပြစ်လို့လဲ တွေးလိုက်လို့မရပါဘူး.. "
ယောင်ဖုန်း၏ ထိတ်လန့်နေသော အမူအရာအား မြင်လျှင် ယောင်ကွမ်းရီ စိတ်ပျော့သွားသည်။ သူ့တွင် သားတစ်ယောက်ထဲသာရှိပြီး ယခုကိစ္စတွင် သူ၏အမှားလဲ မကင်းပေ။
ဝမ်ယန်နှင့်တွေ့ဆုံရန်အကြောင်းအရာအား သူက သတင်းအမှောင်ချထားသည်ဖြစ်လေသည်။ သူ၏
သားအရင်းကိုပင် မပြောပြထားပေ။ ယုတ်စွအဆုံး
ချီဘုရင်ထံမှ သူခေါ်ဆောင်လာသော ချီဘုရင်၏ ဧည့်သည်တော်များပင် မည်သည့်အရာမျှ မသိရှိထားပါ။
အကျိုးအမြတ်နှင့်အတူ ဆုံးရှုံးလေပြီ။
အကယ်၍ သူသည် ယောင်ဖုန်းအား ထိုကိစ္စအကြောင်း ပြောပြထားပါက ယခုကဲ့သို့ ဖြစ်လာမည်
မဟုတ်ပေ။
ယောင်ဖုန်းအတွက် မလွယ်ကူသည်ကိုမြင်လျှင် ယောင်ကွမ်းရီ စိတ်လျော့လိုက်လေသည်။ သူ၏
အပြုအမူများ အနည်းငယ် လွန်သွားလေသည်။
အကယ်၍ ချီဘုရင်သည် ဤဖြစ်ရပ်အား အပြစ်တင်ပြောဆိုလျှင် သူ တာဝန်ယူနိုင်မည် မဟုတ်ပေ။
" အဖေ ဒါဆို သားတို့အစီအစဥ်က လုံးဝကျရှုံးသွားပြီပေါ့ "
ယောင်ဖုန်း ချီဘုရင်အား စိုးရိမ်နေသည်။
သူ၏ဖခင်သည် ချီဘုရင်အား ယခုကိစ္စတွင် မည်သည့်အမှားမျှ မဖြစ်ပေါ်စေရန် ကတိခံထားလေသည်။
ဤဖြစ်ရပ်များ ဖြစ်အပြီးတွင် ချီဘုရင်အား ရှင်းပြရန်
လွယ်ကူမည် မဟုတ်ပေ။
စုန့်ဘုရင်နှင့်မတူညီပဲ ချီဘုရင်သည် သူ၏လက်အောက်ငယ်သားများအား အညှာတာ ကင်းမဲ့သည်ကို ယောင်ဖုန်းသိထားလေသည်။
" ကျရှုံးတယ်ဟုတ်လား "
ယောင်ဖုန်း၏စကားအား ကြားသည်တွင် ယောင်ကွမ်းရီ အေးစက်စက်လှောင်ပြောင်လိုက်လေသည်။ အမျက်ထွက်ရမည့်အစား ဒေါသပင် ပြေလျော့သွားသေးသည်။
" ယောင်ကွမ်းရီရဲ့အကြံအစည်ဆိုတာ ဒီလောက်လွယ်လွယ်နဲ့ပျက်ရိုးလား .... ဝမ်ယန်ကြောင့် ကြိုးကြာပျံဝဲစံအိမ်ကနေ ငါထွက်လာပြီးကတည်းက ကိုယ့်အရိုးနဲ့
ကိုယ်ပြန်ထိုးဖို့ ငါလုပ်ထားပြီးသား "
" အာ......."
ယောင်ဖုန်းသည် အရူးမဟုတ်ပါ။ ထို့ကြောင့် သူ၏ဖခင်ပြောသော ကိုယ့်အရိုးနှင့်ကိုယ် ပြန်ထိုးသည်အား ကြားရသော် သွေးခုန်နှုန်းပင် ရပ်သွားသည်။ သူ၏ဖခင်အား လိုက်မှီရန် မလွယ်ပေ။
=============================
သုံးဆယ့်ခြောက်မျိုးစစ်ဗျူဟာကျမ်းမှာ သုံးဆယ့်လေးချက်မြောက်က ရန်သူရဲ့ယုံကြည်မှုကိုရဖို့ ကိုယ့်ဟာကိုယ် နစ်နာအောင်လုပ်တာလို့ဆိုလိုပါတယ်...
ကိုယ့်အရိုးနဲ့ကိုယ်ပြန်ထိုးတယ်ဆိုတာ အဲ့ဒီဟာကို
ဆိုလိုတာပါ..
သုံးဆယ့်ခြောက်မျိုးစစ်ဗျူဟာကျမ်းက ဆွန်ဇူးရေးသားခဲ့တာဖြစ်ပါတယ် ကျူးကယ်လျန့်လို့လဲ ခေါ်ပါတယ်..သမိုင်းမှတ်တမ်းတွေမှာတော့ သူ့ကို မူရင်းရေးသားသူမဟူတ်ဘူးလို့လဲ ဆိုကြပါတယ်...
ဘာပဲဖြစ်ဖြစ်ပါ Red Clif ဆိုတဲ့ ဇာတ်ကားကြည့်ဖူးရင် ကျူးကယ်လျန့်ကိုတော့ သိပါလိမ့်မယ်.. အဲ့ဒီဇာတ်ကားကလဲ တကယ်ကို ကောင်းပါတယ်...
လူသားဧကရာဇ်
ဘာသာပြန်သူ - Xoxay
Chapter 13.
ယောင်ကွမ်းရီ၏ သံသယ
" သား... အသုံးမကျခဲ့ဘူး "
ယောင်ဖုန်း၏ အမူအရာအားမြင်သည်တွင် ယောင်ကွမ်းရီ ကျေနပ်သော ခံစားချက် ဖြစ်ပေါ်လာသည်။ ဤသားသည် အရည်အချင်းရှိသော်လည်း စီစဥ်အကွက်ချမှုနှင့် ဘဝနှင့်ဆိုင်သော အသိဉာဏ်ရင့်သန်မှုများတွင်တော့ အမြင်မကျယ်သေးပေ။ သူသည် ယောင်ကလန်အား ဦးဆောင်ရန်အတွက် လိုအပ်ချက်များစွာ ကျန်ရှိနေသေးသည်။
ယောင်ဖုန်းသည် သူ၏ဖခင် လူအိုကြီး၏ စွမ်းရည်များအား ဆယ်ရာခိုင်နှုန်းပင် ဆက်ခံရရှိခြင်းမရှိသေးပေ။ ထိုအရာကပင် ယောင်ဖုန်းအား ကလန်၏ သြဇာအာဏာများ မအပ်နှင်းရသေးသည့် အကြောင်းရင်းပင်ဖြစ်သည်။
" ငါ့သား ' အမှန်တရားကို ဖုံးကွယ်ဖို့ အဲ့အရာကို ပိုပြီးထုတ်ပြရမယ် ' ဆိုတဲ့စကားကို ကြားဖူးလား "
" အာ.... "
ကြမ်းပြင်ပေါ်တွင် ဒူးထောက်လျက်ပင် ယောင်ဖုန်း ရုတ်ချည်း နားလည်သွားသည်။ စိတ်လှုပ်ရှားမှုကြောင့် သူ၏ခန္ဓာကိုယ်ပင် တုန်ယင်နေသည်။
ယောင်ကွမ်းရီသည် စိတ်ကျေနပ်မှုဖြင့် ခေါင်းတငြိမ့်ငြိမ့်လုပ်နေပြီး...
" အဖေတို့က ဝမ်ယန်နဲ့ ခေါင်းချင်းဆိုင်ပြီး တစ်ဖက်နဲ့တစ်ဖက် ပြိုင်ဆိုင်နေတယ်လို့ လူတိုင်းက ထင်ထားပေမဲ့.. အဖေတို့ဖက်ကနေ အာရုံစိုက်ခံရအောင် တစ်ခုခုလုပ်လို့ ရသေးတယ်... စုန့်ဘုရင်ရဲ့သစ္စာတော်ခံအများကြီးကို အဖေတို့ဘက် ရောက်အောင် ဆွဲဆောင်နိုင်ခဲ့တာကြောင့် စုန့်ဘုရင်က သူ့ဘေးမှာရှိတဲ့ လူတိုင်းကို သံသယဝင်ပြီးနေပြီ... အရင်အကြံအစည်အတိုင်း အဖေတို့က သံသယမီးပိုတောက်လာအောင် ဘေးကနေ ယပ်ခပ်ပေးနေယုံပဲ.. အေးဆေးပါ အဖေတို့က နယ်စပ်မှာ တိုက်ခိုက်ကြပြီးတာနဲ့ ဝမ်ယန်က သစ္စာဖောက်ဆိုတာကို စုန့်ဘုရင် ယုံကြည်သွားလိမ့်မယ် "
" သစ္စာဖောက်တယ်ဆိုတာက လက်သင့်ခံလို့ရပါတယ်.. ဒါက လူ့သဘောသဘာဝပဲလေ .. ဒါပေမဲ့ စုန့်ဘုရင်လိုလူကတော့ သူ့ကိုထင်ယောင်ထင်မှားဖြစ်အောင်လုပ်ပြီး အရူးလုပ်ခံရတယ်လို့သာ ထင်သွားရင်
ဘယ်လိုဆက်ဖြစ်မယ်ထင်လဲ "
ရက်စက်ယုတ်မာသည့်အငွေ့အသက်များက ယောင်ကွမ်းရီအား လွမ်းခြုံနေသည်။ သူ၏စကား ဆုံးသွားသည်တွင် ယောင်ဖုန်းပင် တမင်လုပ်ယူခြင်းမဟုတ်ပဲ
တုန်ရီသွားသည်။
' အသိစိတ်ကို တိုက်ခိုက်တာက ခံတပ်ကို တိုက်တာထက် ပိုပြီး ထိရောက်တယ် ' အကြံအစည်အကွက်ချမှုနှင့် လူများ၏သဘောသဘာဝအား နားလည်မှုတွင် သူသည် သူ့ဖခင်၏သိမြင်နိုင်စွမ်းနှင့် အလွန်အလှမ်းကွာနေသေးသည်။ ဤကဲ့သို့သော အခြေအနေတွင် ယောင်ဖုန်း ကြမ်းပြင်တွင် ဆက်လက်ဒူးထောက်၍ သူ့ဖခင်၏
စကားများအား နားထောင်နေရန်သာ တတ်နိုင်သည်။
" ဝမ်ယန်က လူဖြောင့်လူမှန်တစ်ယောက်ဖြစ်ပြီး မယိုင်လဲတဲ့ စိတ်ဓာတ်ရှိတယ်.. ဒီတစ်ခေါက် စုန့်ဘုရင်သူ့ကို ဆင့်ခေါ်တာမှာ သူသာ မှားယွင်းပြီး ဖြေကြားမိခဲ့ရင် အဖေတို့ဘက်က ဘာမှတောင် လုပ်စရာမလိုပဲ သူ့အလိုလိုပြီးဆုံးသွားလိမ့်မယ် "
ယောင်ကွမ်းရီ အဝေးသို့ မျှော်ကြည့်နေသည်။ သူ၏ယောင်ကလန် အဆင့်အတန်းမြင့်လာမည်ကို တွေးတောနေသည်။ သို့ရာတွင် သူ၏အသိစိတ်အား ပြန်လည်ထိန်းချုပ်လိုက်ပြီး ယောင်ဖုန်းအား ပြန်ထစေရန် ကူညီပေးလိုက်သည်။
" ထတော့ ငါ့သား ဒီကိစ္စကို စိတ်ပူနေစရာမလိုဘူး... အဖေက သားကို အလေးထား လုပ်စေချင်တာရှိနေတယ် "
" ဘာများလဲ အဖေ "
ယောင်ဖုန်း ကြောင်အနေသည်။ စုန့်ဘုရင်၊ ချီဘုရင်နှင့် သူ့ဖခင်၏အစီအစဥ်များထက် ဘယ်အရာကများ
အရေးကြီးသနည်း။
" ဝမ်ကလန်ရဲ့မောင်နှမ နှစ်ယောက်နဲ့ ပက်သက်ပြီး တစ်ခုခုတော့ မူမမှန်နေဘူးလို့ အဖေခံစားနေရတယ်..
ဒီနေ့ဖြစ်ရပ်က တိုက်ဆိုင်မှုပဲဆိုရင်တော့ ကိစ္စမရှိဘူး..
အဲ့ဒီလိုမဟုတ်မှာကိုပဲ အဖေစိုးရိမ်နေတာ "
ယောင်ကွမ်းရီ၏ မျက်ခုံးနှစ်ခုသည် နဖူးအလယ်တွင် စုနေပြီး ဘေးကျပ်နံကျပ်ဖြစ်နေပုံပေါ်သည်။
" သူတို့ကလား "
ယောင်ဖုန်းပင် အူကြောင်ကြောင်နှင့် အသံပြုမိသည်။
သူ၏ဖခင်ပြောသော အလေးထားရမည့်အရာမှာ
ထိုသူနှစ်ယောက်ဖြစ်နေမည်ဟူ သူမစဥ်းစားမိချေ။
" အဲ့ဒီ ကလေးသာသာ မောင်နှမက အဖေ့ရဲ့အစီအစည်တွေကို ဖောက်မြင်နိုင်တယ်လို့ အဖေထင်နေတာလား "
ယောင်ဖုန်း မယုံကြည်နိုင်ဖြစ်နေဆဲပင်။ သူ့ဖခင်၏
ဉာဏ်ပညာကြီးမှုနှင့်ပင်လျှင် ဤကလေးနှစ်ယောက်အား ကြောက်လန့်နေရလိမ့်မည်ဟု သူလက်မခံနိုင်ပေ။
" သူတို့ ကလေးနှစ်ကောင်ကပဲ ကြိုးကြာပျံဝဲစံအိမ်မှာ ငါ့သားကို မေ့သွားအောက် ရိုက်ခဲ့တာပဲ မဟုတ်လား "
ယောင်ကွမ်းရီ မျက်နှာမဲကြီးနှင့် ပြောလိုက်သည်။
" ဒါပေမဲ့ ဒါကမတူညီတဲ့ကိစ္စရပ်ပဲ "
ယောင်ဖုန်း ဝမ်ကလန်မှမိန်းမငယ်လေး၏ ကြောက်မက်ဖွယ်စွမ်းအားကို မယှဥ်နိုင်ကြောင်း ဝန်ခံသည်။ သို့သော်လည်း သူတို့၏ဖခင်ဖြစ်သော ဝမ်ယန်ပင် သူ့ဖခင်၏ အကြံအစည်နှင့်အချက်အခြာအား မသိမြင်နိုင်ခဲ့သည်ဖြစ်ရာ ထိုကလေးနှစ်ယောက်မှ မည်သို့ သိရှိ၍ အတိုက်အခံ ပြုခဲ့လေသနည်း။ သူ မယုံကြည်နိုင်ပေ။
" အဲ့ကိစ္စနဲ့ ပက်သက်ပြီး ထူးထူးခြားခြားတော့မရှိဘူး.. အဖေပြောတဲ့အတိုင်း သားကလိုက်လုပ်ရင်ရပြီ "
ယောင်ကွမ်းရီ အေးစက်စက်သာပြောလိုက်သည်။
" ကောင်းပါပြီ အဖေ "
ယောင်ဖုန်း ငြင်းပယ်ချင်သော်လည်း အနည်းငယ် ချိန်ဆပြီးနောက်တွင် ရုတ်တရက် လက်ခံလိုက်သည်။
သူသည် ဝမ်ကလန်၏ သားကြီးနှင့်ဒုတိယသားအား မယှဥ်နိုင်ပေ။ ထို့ကြောင့် သူတို့နှင့် ရင်ဆိုင်ရာတွင် သူသာ ထိခိုက်ခဲ့ရသည်က များလေသည်။ ယခုတွင် တတိယနှင့်စတုတ္ထကလေးများပင် သူ့ခေါင်းပေါ် ချီးတက်ပါနေပြီဖြစ်သည်။
ကြိုးကြာပျံဝဲစံအိမ်၌ လူအများရှေ့တွင် သူအရှက်ရခဲ့ရသည်။ ဤကိစ္စရပ်အား သူလွယ်လွယ်နှင့် သင်ပုန်းချေပစ်မည် မဟုတ်ပေ။ သူ၏ဖခင် အမိန့်မပေးလျှင်ပင် ထိုမောင်နှမတို့အား တစ်နည်းနည်းဖြင့် ရှင်းပစ်ရန် သူကြံစည်မည် ဖြစ်ပေသည်။
" အဖေ အတွေးလွန်သွားတာပဲ ဖြစ်မယ်ထင်ပါတယ် "
ယောင်ဖုန်း၏ဆုံးဖြတ်ချက် ပြောင်းလဲသွားသည်ကို မြင်လျှင် ယောင်ကွမ်းရီ အနည်းငယ် စိတ်သက်သာရာရသွားသည်။ ကြိုးကြာပျံဝဲစံအိမ်ရှိ သူ၏ အကြံအစည် ပျက်စီးသွားသော်လည်း နယ်စပ်တွင် ထိုကိစ္စအား ပြန်လည်အကောင်အထည်ဖော်နိုင်ပေသေးသည်။
ထိုမောင်နှမနှစ်ယောက် ဉာဏ်ကောင်း၍ ကြိုးကြာပျံဝဲစံအိမ်ရှိသူ၏အစီအစဥ်အား သူတို့နည်းသူတို့ဟန်ဖြင့်နှောင့်ယှက်နိုင်လိုက်သော်လည်း နယ်စပ်တွင် ပြုလုပ်မည့်ဖြစ်ရပ်ကိုတော့ ထိုမောင်နှမ အရိပ်အမြွက်မျှပင် မှန်းဆနိုင်မည်မဟုတ်ဟု ယောင်ကွမ်းရီထင်လေသည်။
ထိုအရာက ချီဘုရင်အား တောင်းပန်ခြင်းထက် ပိုထိရောက်ပေမည်။ ကြိုးကြာပျံဝဲစံအိမ်မှ အဖြစ်အပျက်ပြီးနောက်တွင် ယောင်ကွမ်းရီသည် သူ၏အကြံအစည်အား ဂရုစိုက်ကာ ပိုမို သတိထားလေသည်။
" ဒါကိုမှတ်ထား... ဘာပဲဖြစ်ဖြစ် သူတို့ကို မျက်ခြေမပြတ် စောင့်ကြည့်နေ.. တစ်ခုခုထူးခြားတာနဲ့ အဖေ့ကို
ချက်ချင်းသတင်းပို့ပါ "
" ဟုတ်ကဲ့ "
ယောင်ဖုန်း ခေါင်းညိမ့်လိုက်သည်။
............
ကြီးမားသည့် မြင်းလှည်းထဲတွင် ဝမ်ယန် မျက်နှာသေနှင့် တည့်မတ်စွာထိုင်ကာ စုန့်ဘုရင်၏ခြံဝင်းသို့ ဦးတည်သွားနေသည်။ သို့သော် သူ၏စိတ်ထဲတွင်တော့ ဗြောင်းဆန်နေသည်။
ကြိုးကြာပျံဝဲစံအိမ်တွင် ဝမ်ချောင် ပြောခဲ့သော စကားများက သူ၏အတွေးထဲတွင် ပြည့်နှက်နေသည်။
အစတွင် ဝမ်ချောင်ပြောသော အကြောင်းအရာနှစ်ခုအား သူမယုံကြည်သော်လည်း အမှန်တကယ် သူ့ရှေ့တွင် ဖြစ်ပျက်သွားသောအခါ ယုံကြည်ရန်မှလွဲ၍ သူ့တွင် ရွေးချယ်စရာမရှိပေ။
စုန့်ဘုရင်နှင့် တွေ့ဆုံခဲ့သည်မှာ မကြာသေးသော်လည်း လူလွှတ်၍ သူ့အား ဆင့်ခေါ်ပြန်သည်။ ထို့အပြင် သူ့သားပြောသည်ကဲ့သို့ ကြိုးကြာပျံဝဲစံအိမ်မှ ထွက်ထွက်ခြင်းတွင် လာခေါ်လိမ့်မည်ဆိုသည်မှာ မှန်ကန်နေသည်။
----- ဝမ်ယန် တစ်စုံတစ်ခုအား ခန့်မှန်းမိသွားသည်။
ဝမ်ချောင် ဤကိစ္စရပ်အားလုံးအား မည်သို့ နားလည်သိရှိနေသည်ကို ဝမ်ယန်မသိရှိသော်လည်း ထိုအရာသည် အရေးမကြီးပေ။ ဝမ်ယန်စိတ်ထဲတွင် အခြားအကြောင်းအရာတစ်ခုအား ပူပင်နေမိသည်။
" စုန့်ဘုရင်က ယောင်ကွမ်းရီနဲ့ပက်သက်ပြီး ငါ့ကိုခေါ်တွေ့တာလားဆိုတာ ငါတကယ်သိချင်မိတယ် "
သူသည် တည့်မတ်စွာထိုင်၍ သူ၏အသွင်အပြင်အား ပြင်ဆင်လိုက်သည်။ သူ မလုပ်ခဲ့သည်ဖြစ်စေကာမူ သူ၏စိတ်အား ရှင်းလင်းထားလိုက်ကာ သူတစ်ပါး၏
အတင်းအဖျင်းများအား သူ မကြောက်ရွံ့ပါ။ သူနှင့်
ယောင်ကွမ်းရီ၏တွေ့ဆုံမှူသည် သာမန်မျှသာဖြစ်၍
မည်သည့်အရေးကြီးကိစ္စမှ ပြောဆိုခဲ့ခြင်း မရှိပေ။
စုန့်ဘုရင်ခြံဝင်းနှင့်ဝမ်ကလန်တို့သည် မျိုးဆက်များစွာတိုင်အောင် ရင်းနှီးခဲ့ကြသည်ဖြစ်ကာ စုန့်ဘုရင်သည် ဤမျှသေးငယ်သောကိစ္စရပ်ကြောင့် သူ့အား တွေ့ဆုံရန် ဆင့်ခေါ်မည်မဟုတ်ဟု သူထင်နေသည်။
" ဘာပဲဖြစ်ဖြစ်လေ မှန်လား မှားလားဆိုတာ ခဏနေ သိရတော့မှာပဲ "
ဝမ်ယန် အသက်ပြင်းပြင်းရှူလိုက်ကာ လိုက်ကအား မ တင်လိုက်ပြီး ရထားလုံးပေါ်မှ ဆင်းလိုက်သည်။
မနီးမဝေးတွင် ကြီးမားသော နန်းဆောင်တစ်ခုအား မြင်နေရသည်။ ကြီးမားသည့်တံခါးအပေါ်တွင်
' စုန့်ဘုရင် ခြံဝင်း ' ဟူသော ရွှေရောင်စာလုံးအား ရေးထိုးထားသည်။ ထိုအရာက သူမတူ ထူးကဲစွာ ပေါ်လွင်နေသည်။
အိမ်တော်ထိန်းအိုကြီးနောက်မှ ဝမ်ယန် တည်ငြိမ်စွာ လိုက်သွားသည်။ များပြားလှသော ပန်းခြံများနှင့်
စင်္ကြံများအား ဖြတ်ကျော်၍ စုန့်ဘုရင်ခြံဝင်း၏ ခန်းမဆောင်သို့ သွားနေသည်။
စုန့်ဘုရင်ခြံဝင်း၏ အဓိကခန်းမဆောင်သည် ရှင်းလင်းနေသည်။ ဝမ်ယန် လမ်းလျှောက်ဝင်လာသည်တွင် တိတ်ဆိတ်သောခန်းမအလည်တွင် တောင်တစ်လုံးကဲ့သို့ ကြီးမားသည့်ပုံရိပ်က ထိုင်လျက်ရှိသည်ကို မြင်တွေ့လိုက်ရသည်။ ထိုသူသည် သဘာဝကျကျမြင့်မြတ်သည့်ဟန်ပန်အား ဖော်ထုတ်ထား၍ ရည်မွန်ဟန်ရပေသည်။ ထိုသူမှာ မဟာထန်အင်ပါယာ၏ လွှမ်းမိုးနိုင်စွမ်းကြီးမားသော စုန့်ဘုရင်ပင် ဖြစ်လေသည်။
" နှိမ့်ကျတဲ့လက်အောက်ငယ်သား ဝမ်ယန်မှ စုန့်ဘုရင်အား ဂါဝရပြုပါတယ် "
ဝမ်ယန်ရှေ့တိုးကာ ဒူးတစ်ဖက်ထောက်လိုက်သည်။
သူ၏ကြည်လင်သောအသံက ခန်းမတစ်ခုလုံးအား
ပြန့်နှံ့သွားသည်။
ခန်းမတစ်ခုလုံး ရှင်းလင်းနေသည်။ စုန့်ဘုရင်မှ လွဲ၍ အခြားသူတစ်ယောက်မျှ မရှိနေပေ။
စုန့်ဘုရင်သည်ဝမ်ယန်ရှေ့ရှိ ခန်းမ၏ထိပ် မှောင်ရိပ်ကျသောနေရာတွင် ထိုင်နေကာ တစ်ချက်မှ မရွေ့ပေ။ သူထိုနေရာတွင် ထိုင်နေသည်မှာ မည်မျှကြာပြီဖြစ်ကြောင်း မည်သူမျှ မပြောနိုင်ပေ။
အချိန်အတော်ကြာအောင် စုန့်ဘုရင်ထံမှ တုန့်ပြန်စကားအား ဝမ်ယန် မကြားရပေ။ ထိုအခါ သူပင် မသိလိုက်ပဲ သူ၏ခေါင်းအား အသာအယာမော့ကြည့်လိုက်မိသည်။ အကြောင်းပြချက်တစ်ချို့ကြောင့် စုန့်ဘုရင်နှင့်ပက်သက်၍ တစ်ခုခု မူမမှန်နေကြောင်း သူသတိထားမိသည်။
" အိုး...ဝမ်ယန် မင်းရောက်ပြီလား "
အချိန်အနည်းငယ်အကြာတွင် စုန့်ဘုရင် သတိပြန်ဝင်လာပြီး ဝမ်ယန်၏ ရောက်ရှိနေမှုအား သတိထားမိသွားသည်။
ဝမ်ယန်မသိမသာ အေးခဲသွားသည်။ ကြည့်ရသည်မှာ
ဤရက်ပိုင်းထဲတွင် စုန့်ဘုရင်၏ စိတ်ထဲ၌ အကြောင်းအရာ အများအပြား ရှိနေပုံရသည်။
" ဟုတ်ပါတယ် အရှင်.. ကျနော့်ကိုဘာကြောင့် ဆင့်ခေါ်ရတာပါလဲ "
ဝမ်ယန် မေးလိုက်သည်။
ခန်းမထဲတွင် တိတ်ဆိတ်မှုက လွမ်းခြုံသွားပြန်သည်။
စုန့်ဘုရင် ဘာမျှမပြော၍ ဝမ်ယန်လည်း တိတ်တဆိတ်သာ စောင့်နေလိုက်သည်။ ဝန်ခံရလျှင် ဝမ်ယန်သည်
မည်သည့်အရေးတကြီးကိစ္စရပ်ကြောင့် စုန့်ဘုရင်သည် သူ၏အိမ်တော်ထိန်းအိုကိုပင် စေလွှတ်၍ သူ့အား ဆင့်ခေါ်ရသည်ကို ယခုအထိ နားမလည်သေးပေ။
ပြောစရာမလိုအောင်ပင် စိုးရိမ်မိနေသည်။
" ငါကြားလိုက်ပါတယ်.... ယောင်ကွမ်းရီက ကြိုးကြာပျံဝဲစံအိမ်မှာ မင်းကို ညစာစားဖို့ ဖိတ်ခေါ်တယ်ဆို ဟုတ်သလား "
စုန့်ဘုရင်သည် မမေးခင် အနည်းငယ် တွန့်ဆုတ်နေသည်။ သူသည် ထိုစကားအား ပြောရန် တောင်တစ်လုံးအား ထိမ်းထားရသည်ကဲ့သို့ ဖြစ်နေပြီး သူ၏အသံသည် လေးပင်နေသည်။
ဘုန်း.........
စုန့်ဘုရင်၏ စကားလုံးသည် ဝမ်ယန်၏စိတ်ထဲတွင် ရေအိုင်ထဲသို့ ကျောက်ခဲပစ်ချလိုက်သကဲ့သို့ မရေမတွက်နိုင်သော ဂယက်များ ဖြစ်ပေါ်စေသည်။
ယောင်ကွမ်းရီလား...
ဝမ်ယန်သည် ဝမ်ချောင်၏ စကားများအား မယုံကြည်ခဲ့ပေ။ သို့သော် စုန့်ဘုရင်သည် သူ၏အိမ်တော်ထိန်းအိုအား စေလွှတ်၍ သူ့ကို ဆင့်ခေါ်ရသည့် အကြောင်းအရင်းမှာ ယောင်ကွမ်းရီပင် ဖြစ်နေသည်။
ယောင်ကွမ်းရီနှင့် တွေ့ဆုံမှုသည် သာမန်မျှသာဖြစ်၍
သူတို့အကြားတွင် မည်သည့်ကိစ္စရပ်မျှ မရှိနေပေ။ ထို့အပြင် ဝမ်ကလန်နှင့်စုန့်ဘုရင်ခြံဝင်းသည် မျိုးဆက်များစွာတိုင်အောင် ခင်မင်ရင်းနှီးခဲ့သည်ဖြစ်ရာ စုန့်ဘုရင်သည် သူ၏သစ္စာရှိမှုအား သံသယဝင်လိမ့်မည်ဟု ဝမ်ယန်မထင်ထားချေ။
သိုရာတွင် အမှန်တရားသည် တစ်ဖန်ပေါ်လာပေပြီ။ ဝမ်ချောင်၏ခန့်မှန်းချက် မှန်သွားပြန်ပြီဖြစ်ကာ စုန့်ဘုရင်သည် သူ၏သစ္စာရှိမှုအား သံသယဝင်နေပြီဖြစ်သည်။
ဝမ်ယန် ရင်ထဲ လေးလံသွားသည်။
" ဟုတ်ပါတယ် "
တုန့်ဆိုင်းခြင်းအလျဥ်းမရှိ ဝမ်ယန်ဖြေကြားလိုက်သည်။ ဤအရာအားဖြင့် သူသည် မည်သည့်အပြစ်မှမလုပ်ထားသောကြောင့် ထပ်မံဖုံးကွယ်ထားရန်လဲ အကြောင်းရင်းမရှိတော့ပေ။
" ဒါဆို မင်းနဲ့ ယောင်ကွမ်းရီတို့ ဘာအကြောင်းပြောကြတာလဲ "
စုန့်ဘုရင် တုန့်ဆိုင်းနေပြီးမှ မေးခွန်းထုတ်လိုက်ပြန်သည်။ သူ၏အသံသည် ကို့ရို့ကားယားနေလေသည်။ တစ်စုံတစ်ခုအား မတင်မကျဖြစ်နေသည်ဟု ထင်ရသည်။
စုန့်ဘုရင်၏ စကားအား ကြားသည်တွင် ဝမ်ယန်၏စိတ်ထဲမှ ဝဲဂယက်များ ပိုမိုပြင်းထန်လာသည်။
ဒုတိယအကြောင်းအရာ...
ဤအရာသည် ဝမ်ချောင် ခန့်မှန်းထားသော ဒုတိယအချက်ပင် ဖြစ်လေသည် မဟုတ်လား။ ဝမ်ယန်၏ စိတ်နှလုံးတွင် ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်သွားသည်။
သူသည် ဝမ်ချောင်အား အသုံးမကျသောသား အရှက်ရစေသောသား အဖြစ်သာ ထင်မှတ်ထားသည် မဟုတ်လား။ ထိုသို့ပင် ကြိုးကြာပျံဝဲစံအိမ်တွင် ပြေယခဲ့သော စကားများကိုလည်း အရည်မရ အဖတ်မရဟုသာ သူထင်ထားလေသည်။
သို့ရာတွင် ယခုအချိန်သည် ဝမ်ယန် အတွေးလွန်နေရမည့်အချိန်မဟုတ်ပေ။
" ယောင်ကွမ်းရီက ကျနော်မျိုးကို သူ့ဖက်ပါအောင် ဆွဲဆောင်သိမ်းသွင်းပါတယ်.. ဒါပေမဲ့ ကျနော်က သူ့ရဲ့ တောင်းဆိုမှုကို ငြင်းလိုက်တယ် "
အကယ်၍ သာမန်အခြေအနေသာဆိုလျှင် ဝမ်ယန် ယခုကဲ့သို့ ပြောဆိုမည်မဟုတ်ပေ။ သို့သော် ယောင်ကွမ်းရီနှင့်ပက်သက်၍ စုန့်ဘုရင်သည် သူ၏သစ္စာရှိမှုအား သံသယဝင်နေသည်ဖြစ်ရာ ဝမ်ယန် မပြော၍ မရတော့ပေ။
ဟူး...........
သက်ပြင်းရှည်ကြီးချလိုက်သံအား အတိုင်းသားပင် ကြားရသည်။ ဝမ်ယန်၏စကားများကြောင့် ခန်းမတွင်းရှိလေထုပင် ပြန်လည်တည်ငြိမ်လာသည်။ ဤအခြေအနေသည် တင်းနေအောင်ဆွဲထားသော လေးညှို့အား လွှတ်လိုက်သည်ဟုပင် ထင်ရသည်။
" ဒီလို ဖြစ်ခဲ့တာကိုး "
စုန့်ဘုရင်၏ ပေါ့ပါးသော စကားသံအား ကြားရသည်ြအခါမှပင် သူ၏စိတ်ထဲ တင်းကျပ်နေမှုများ ပြေလျော့သွားလေသည်။
" တကယ်တော့ ဒီကိစ္စကို အရှင့်ဆီ ကြိုတင် သတင်းပို့ထားပြီးပါပြီ "
ဝမ်ယန်၏စိတ်ထဲ တစ်စုံတစ်ခု ဖြတ်ပြေးသွားပြီး ပြောချလိုက်သည်။
" အိုး...... "
အဓိကခန်းမကြီးထဲတွင် စုန့်ဘုရင်၏ ကြီးမားသောတောင်သဏ္ဍန်ပုံရိပ်သည် တည့်မတ်သွားသည်။ ပထမဆုံးအကြိမ်ပင် အံ့သြမိခြင်းဖြစ်လေသည်။
" မင်းငါ့ကို သတင်းပို့ထားပြီးသား ဟုတ်လား "
" ကျနော်က အရှင့်ကို တိုက်ရိုက် သတင်းပို့ခဲ့တာတော့မဟုတ်ပါဘူး..စာတစ်စောင်ရေးခဲ့တာပါ... ယေဘုယျကျကျပြောရရင် အဲ့ဒီစာက စုန့်ဘုရင်ခြံဝင်းကို မနေ့ကတည်းက ရောက်နေသင့်တာပါ.. အရှင်က စာကို မဖတ်ရသေးဘူးလား "
ဝမ်ယန်သည် စုန့်ဘုရင်ထက်ပင် ပို၍ အံ့အားသင့်နေသည်။ ထိုမတိုင်ခင်တွင် ဝမ်ချောင်သည် သူ့အား စုန့်ဘုရင်ကို ကြိုတင်အကြောင်းကြားသင့်ကြောင်း ပြောဆိုခဲ့ပေသည်။ သူသည် ထိုအရာအား မလိုအပ်ဟု တွေးထားသော်လည်း စာတစ်စောင်တော့ ရေးပို့လိုက်သည်။
သို့သော်လည်း ထိုစာအား စုန့်ဘုရင် လက်ခံရရှိခြင်းမရှိဟု သူမထင်ထားချေ။
" ကျန်းအိမ်တော်ထိန်း တစ်ချက် စစ်ဆေးပေးပါဦး "
စုန့်ဘုရင် အေးခဲနေသည်။ ဤကိစ္စနှင့်ပက်သက်၍ သူ
သတိမထားမိသည့် အချက်များရှိနေသေးကြောင်း သတိထားမိသွားသည်။
စွမ်းအားကြီးသည့် အငွေ့အသက်နှင့် အိမ်တော်ထိန်းသည် လျင်မြန်စွာ ထွက်ခွာသွားသည်။ အချိန် တစ်ချို့အကြာတွင် အိမ်တော်ထိန်းသည် စာတစ်စောင်နှင့်အတူ ပြန်ရောက်လာကာ စုန့်ဘုရင်၏ နားသို့ကပ်၍ တီးတိုးပြောဆိုလျက်ရှိသည်။
ဝမ်ယန် သူတို့တီးတိုးပြောဆိုနေသည်ကို မကြားသိရသော်လည်း စုန့်ဘုရင်၏မျက်နှာသည် ပို၍တည်ငြိမ်လာကာ စိတ်ကျေနပ်သည့်အမူအရာအား မြင်ရသည့်အချိန်မှ ဝမ်ယန် စိတ်သက်သာရာ ရသွားသည်။ သူသည် ဝမ်ချောင်၏ စကားအား နားယောင်၍ စာတစ်စောင် ရေးသားခဲ့သည့်အပေါ် ကျေနပ်သွားသည်။
သို့သော်လည်း ဤအခြင်းအရာအား သူသဘောပေါက်ရန် လိုအပ်နေပေသေးသည်။
" အကြောင်းကိစ္စတစ်ချို့ကြောင့် ငါအလုပ်များနေတာနဲ့ စာကိုမဖတ်လိုက်မိဘူး.. ဒါက ငါ့ဖက်က ပေါ့ဆမှုကြောင့်ပါပဲ "
စုန့်ဘုရင် ပြုံးနေသည်။
" ဟားဟား... ထားလိုက်ပါ စစ်သူကြီးက မြို့တော်ကို ရောက်ခဲတယ် ... ငါတို့ သေချာမတွေ့ဖြစ်တာလဲ ကြာပြီမဟုတ်လား.. ဒါကြောင့် အိမ်တော်ထိန်းကို အခေါ်လွှတ်လိုက်ရတာပဲ... စခန်းမှာရော ဘယ်လိုအခြေအနေရှိလဲ "
ပေါ့ပါးသည့်လေသံဖြင့် စုန့်ဘုရင်သည် စစ်တပ်စခန်းနေရာချထားခြင်းအကြောင်းအား စကားစလိုက်သည်။
သူပြောလိုက်ပြီးသည်နှင့် ထိုင်နေရာမှထကာ ဆင်းလာသည်။ သက်လတ်ပိုင်းအရွယ် သူ့ထံမှ တော်ဝင်မင်းမျိုးမင်းနွယ်အငွေ့အသက်များ လျှံကျလာသည်။
ကြင်နာ၍ဖော်ရွေသောအမူအရာက သူ၏မျက်နှာတွင် ပြန်လည်ပေါ်ထွက်လာသည်။ မည်သည့် ဆိုးဝါးသည့်အရာမျှ မဖြစ်ပျက်ခဲ့သလိုပင်။
" အရှင့်ရဲ့ ဂရုစိုက်မှုကို ကျေးဇူးတင်ပါတယ်.. အရာအားလုံးက ကောင်းမွန်နေပါတယ် "
ဝမ်ယန်သည် စစ်သားတစ်ဦးပင်ဖြစ်သောကြောင့် စစ်တပ်နှင့်ပက်သက်၍ မေးမြန်းလာသည်တွင် အခြေအနေ အလုံးစုံအား မချွင်းမချန်ပဲ တရစပ် ပြောပြလိုက်လေသည်။ ထိုအခါမှပင် ခန်းမအတွင်းရှိအခြေအနေသည် တည်ငြိမ်သွားလေသည်။
စုန့်ဘုရင်၏ခြံဝင်းနှင့် ဝမ်ကလန်တို့အကြား ဆက်ဆံရေးများအား ပြောဆိုကြပြီး အရေးကြီးသည့် အကြောင်းအရာများအား ဆက်လက်ပြောဆိုကြကာထို့နောက်တွင် သူတို့၏ ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ရယ်မောလိုက်ကြသည်။
လူသားဧကရာဇ်
ဘယသာပြန်သူ - Xoxay
Chapter 14.
လူထင်၏ စကားလုံးများ
ဝမ်ယန် စုန့်ဘုရင်ခြံဝင်းမှ ထွက်ရန်ပြင်လိုက်သည်တွင်
အေးစိမ့်နေသောလေက တိုက်ခတ်လာသည်။ ထိုလေနှင့်မတူညီစွာ သူ၏စိတ်ထဲတွင် အေးချမ်းမနေပေ။
ဝမ်ချောင်၏ စကားများက သူ၏ခေါင်းထဲတွင် မုန်တိုင်းထန်နေသည်။
ဝမ်ယန် သူ၏သားဝမ်ချောင်အား အထင်မြင်လွဲမှားခဲ့ကြောင်း ဝန်ခံရပေမည်။ ' လူ့သဘောသဘာဝထက်
မင်းဆက်များ ပြောင်းလဲခြင်းက ပိုမိုမြန်ဆန်သည် '
ဝမ်ယန်က သူ၏အသုံးမကျသောသားသည် မည်သည့်အခါမျှ ပြောင်းလဲလိမ့်မည်မဟုတ်ဟု ထင်ထားရာ ယခုအခြေအနေအား သူနားလည်ရန် ပြဿနာရှိနေသည်။
သို့ရာတွင် ဝမ်ချောင်၏ သတိပေးခြင်းသာမရှိပါက စုန့်ဘုရင်သည် သူနှင့်ယောင်ကွမ်းရီတို့ တွေ့ဆုံခြင်းအပေါ် မကျေမနပ်ဖြစ်နေသည်ကို သူသိလိမ့်မည်မဟုတ်ပေ။
ဝမ်ယန်သည် ထုံးစံအတိုင်းပင် စစ်မှုရေးရာသာသိသော စစ်သည်တစ်ဦးသာဖြစ်သော်လည်း သူ ဘာကိုမှ နားမလည်ဟု ဆိုလိုခြင်းမဟုတ်ပေ။ လက်အောက်ငယ်သားတစ်ယောက်အနေဖြင့် သူ၏အထက်လူကြီးရှေ့တွင် စကားမှား၍ မရကြောင်း
သူသိလေသည်။
သူပြောလိုက်သည့် စကားတစ်ခွန်းကြောင့်ပင် စုန့်ဘုရင်ခြံဝန်းနှင့် ဝမ်ကလန်တို့ နှစ်ပေါင်းများစွာ ရင်းနှီးခဲ့သည်အား ဖျက်ဆီးလိုက်မိလျှင် နောင်တရမဆုံး ဖြစ်ပေတော့မည်။
သို့သော်လည်း ဝမ်ချောင်စကားများအား ယုံကြည်ရန် ဝမ်ယန်အတွက် ခက်ခဲနေဆဲပင်ဖြစ်သည်။
" ဘယ်လိုဖြစ်နိုင်မှာလဲ... ယောင်ကွမ်းရိီက ငါ့ကို တကယ် အကွက်ဆင်လိုက်တာလား "
ဝမ်ယန် သက်ပြင်းချ၍ ကောင်းကင်အား မော့ကြည့်လိုက်သည်။ ဝမ်ချောင်သည် ယောင်ကွမ်းရီ၏ တိုက်ခိုက်မှုအား သတိပေးခဲ့သည်မှန်သော်လည်း
သူ့သား၏စကားများအား လက်ခံရန် ဝမ်ယန် ခဲယဥ်းနေသေးသည်။
သူနှင့်ယောင်ကွမ်းရီတို့သည် ပုံမှန်အရက်သောက်ရန်သာ တွေ့ဆုံခဲ့သည်ဖြစ်ပြီး ထိုသို့တွေ့ဆုံချိန်တွင် မည်သည့်အကြောင်းအရာမျှ မပြောခဲ့ကြချေ။
ထို့ကြောင့် ယောင်ကွမ်းရီ သူ့အား အဘယ်သို့ ထိခိုက်စေမည်နည်း။
တစ်ယောက်နှင့်တစ်ယောက် တွေ့ဆုံ၍ အရက်သောက်ကြခြင်းကပင်လျှင် ယောင်ကွမ်းရီ၏ တိုက်ခိုက်သည့် နည်းလမ်းပင်လား။
----- ထိုသို့ဆိုလျှင် အလွန်လွယ်ကူကာ ရယ်စရာ ဖြစ်နေမည်မဟုတ်လား။
ဝမ်ယန် စိတ်ရှုပ်နေကာ ခေါင်းခါလိုက်မိသည်။ သူသည် ထိုအကြောင်းအရာအား စဥ်းစားနေစဥ်တွင်ပင်
ခွပ်....ခွပ်...ခွပ် မြင်းတစ်ကောင်၏ခွာသံပြင်းပြင်းအား ကြားလိုက်ရသည်။
ဝမ်ယန် ကြည့်လိုက်သည်တွင် ထူးကဲသော အနက်ရောင်စစ်မြင်းတစ်ကောင်သည် သူ့ထံသို့ ဦးတည်၍ ပြေးလာနေသည်။
" စစ်သူကြီးဝမ်ယန် ဟုတ်ပါရဲ့လား "
စစ်မြင်း၏ကျောပေါ်တွင် အလံကိုကျော၌လွယ်ထားသော စစ်သူကြီးတစ်ယောက်သည် အဝေးမှနေ၍ လှမ်းအော်လိုက်သည်။
" သေချာတာပေါ့... မှားစရာရှိသေးလို့လား "
ဝမ်ယန် သူ၏မျက်လုံးအား မှေးကျဥ်းလိုက်ပြီး စည်းကမ်းတင်းကျပ် လိုက်နာသောမျက်နှာထားက သူ့မျက်နှာတွင် ဖြစ်ပေါ်လာသည်။
" စစ်သူကြီးအတွက် နယ်စပ် စစ်စခန်းဆီကို အခုချက်ချင်း ထွက်ခွာဖို့ စစ်တပ်ပြန်လည်နေရာချထားရေးဌာနကနေ အမိန့်ထုတ်ပြန်လိုက်ပါတယ် "
အနက်ရောင်မုတ်ဆိတ်မွှေးနှင့်စစ်သူကြီးသည်
မပြောင်းလဲသောမျက်နှာထားနှင့် ပြောဆိုလိုက်သည်။ သူ၏လက်မောင်းအိုးအား အနည်းငယ်လှုပ်ခတ်လိုက်ပြီး နီရဲနေသောတံဆိပ်ပြားတစ်ခုအား ဝမ်ယန်ထံသို့ ပစ်ပေးလိုက်သည်။ ထို့နောက် စကားတစ်ခွန်းပင် ထပ်မံမဆိုတော့ပဲ သူ၏မြင်းအား လှည့်လိုက်ပြီး အဝေးသို့ ကဆုန်ပေါက်မောင်းနှင်သွားသည်။ မြင်းခွာပေါက်သံသည် တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားသည်။
ဝမ်ယန် မြားပုံသဏ္ဍန် နီရဲနေသော တံဆိပ်ပြားအား ဖမ်းဆီးလိုက်ကာ ထိုအပေါ်မှ ' မီးတောက် ' ဟူသော စာလုံးအား မြင်သည်တွင် သူ၏မျက်နှာ ပြာနှမ်းသွားသည်။
စစ်တပ်အမိန့်များသည် ဆန့်ကျင်၍ မရပေ။ အမိန့်ပေးတံဆိပ်ပြားပေါ်မှ ' မီးတောက် ' ဟူသော စကားလုံးသည် စစ်တပ်မကြီးအား ကိုယ်စားပြုပြီး အလွန်အရေးကြီးသည်ဟု ဆိုလိုပေသည်။ ထိုတံဆိပ်ပြားအား လက်ခံရရှိသည်နှင့် လက်လုပ်စ အလုပ်များအား ရပ်နားကာ စစ်စခန်းသို့ ချက်ချင်းပြန်ရမည် ဖြစ်ပေသည်။
" တတိယ အကြောင်းအရာ "
ဝမ်ယန် တံဆိပ်ပြားအား ကြည့်နေရင်း သူ၏ခေါင်းထဲတွင် မုန်တိုင်းထန်နေသည်။
သူသည် စုန့်ဘုရင်နှင့်တွေ့ဆုံစကားပြောပီး စုန့်ဘုရင်၏ခြံဝင်းအတွင်းမှ ထွက်ထွက်ခြင်းပင်
စစ်တပ်ဦးစီးဌာန(စစ်တပ်ပြန်လည်နေရာချထားရေး)မှလူက အမှန်တကယ် ရောက်ရှိလာပေသည်။ ဝမ်ချောင်ပြောခဲ့သော အချိန်အတိအကျပင် ဖြစ်သည်။
ဤအရာသည် အမှန်ပင် စိတ်ကူး၍ မရနိုင်တော့ပေ။
ဝမ်ချောင် မည်ကဲ့သို့ သိရှိနေကြောင်း ဝမ်ယန် စဥ်းစားမရပေ။
ဝမ်ယန်၏ စိတ်ထဲမှ သံသယများ ပိုမိုပြင်းထန်လာသည်။ ယောင်ကွမ်းရီနှင့်ဝမ်ချောင် ထိုနှစ်ယောက်သည် ဤဖြစ်ရပ်၍ အလွန်ထူးဆန်းနေကြသည်။
" ဒါဆိုရင်.. အကြောင်းအရာတစ်ခုပဲ ကျန်တော့တယ် "
ဝမ်ယန်က ဝမ်ချောင်ပြောခဲ့သော ' လီငါးဆယ် ဆုတ်ခွာခြင်း ' အား ပြန်လည်တွေးတောလိုက်သည်။
နယ်စပ်အား သူနှစ်ပေါင်းများစွာ စောင့်ကြပ်ခဲ့သော်လည်း ဟူ တို့သည် တစ်ခါမျှပင် လာရောက်တိုက်ခိုက်ခြင်း မရှိခဲ့ပေ။
ဝမ်ယန်သည် ဟူတို့ လာရောက်တိုက်ခိုက်သည်နှင့်
နောက်သို့ လီငါးဆယ် ဆုတ်ခွာရန် ဝမ်ချောင် တိုက်တွန်းခဲ့ခြင်းအပေါ် သူနားလည်သဘောပေါက်နိုင်ခြင်း မရှိသေးချေ။
သူ နားမလည်သော်လည်း ကိစ္စမရှိပေ။ အကယ်၍ အတိတ်ကာလတွင်သာဆိုလျှင် ဝမ်ယန် အရေးလုပ်မည် မဟုတ်ပါ။ သို့သော် ယခုအခါတွင်တော့ ကိစ္စရပ်များအား သူနားလည်ခြင်းမရှိသော်လည်း သူ့တွင် ရွေးချယ်စရာမရှိပေ။
" ဘာပဲဖြစ်ဖြစ် နယ်စပ်ကို ငါရောက်ရင် အဖြေ ပေါ်လာမှာပဲ "
တံဆိပ်ပြားအား ဝမ်ယန် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားကာ စုန့်ဘုရင်ခြံဝင်း၏ စင်္ကြံမှ ထွက်ခွာလိုက်သည်။ ဝမ်ကလန်ခြံဝင်းသို့ ပြန်ရမည့်အစား
စစ်စခန်းသို့သာ တိုက်ရိုက် ဦးတည်လိုက်သည်။
...............
" ကျန့်ယွမ်က သစ္စာတော်ခံ ပြောင်းသွားပြီ ဟုတ်လား "
ဝမ်ယန် ထွက်ခွာသွားသည့်အချိန်လောက်တွင် စု့န်ဘုရင်ခြံဝင်းထဲ၌ စုန့်ဘုရင်၏ မျက်နှာပျက်ယွင်းနေကာ ဒေါသထွက်နေသည်။ စုန့်ဘုရင်သည် ဝမ်ယန်အား အတိအလင်းမယုံကြည်သေးပေ။ စုန့်ဘုရင်ခြံဝင်းမှ ဝမ်ယန်၏စာအား မရရှိသောကြောင့် ဖြစ်သည်။
ထိုသို့ဆိုသော်လည်း စာသည် စုန့်ဘုရင်ခြံဝင်းအား
အသေအချာပေးပို့ထားသည်ဖြစ်ပေရာ...
" ချီဘုရင်ဘက်ကို ပြောင်းချင်တဲ့သူ တစ်ခြားတစ်ယောက်ရှိနေသေးတာလား "
အိမ်တော်ထိန်းလူအိုကြီးသည်လည်း ထူးမခြားနားပင် အံ့သြနေမိသည်။ စုန့်ဘုရင်ခြံဝင်းသို့ ဝမ်ယန်၏စာရောက်ရှိသည်တွင် စုန့်ဘုရင်၏ ငယ်သားဖြစ်သော
ကျန့်ယွမ်မှ ယူထားလိုက်ခြင်းဖြစ်သည်။ ယခုအချိန်တွင် ချီဘုရင်ကြောင့် စုန့်ဘုရင်အား ဆန့်ကျင်သူ အများအပြားရှိနေသည်မှာ ထင်ရှားပေသည်။
သံသယဖြစ်စရာမလိုအောင်ပင် ကျန့်ယွမ်သည် ထိုသူများထဲမှ တစ်ယောက်ဖြစ်လေသည်။
" ဒီလူတွေကွာ.. ငါသူတို့ကို ကောင်းကောင်း စောင့်ရှောက်ပေးခဲ့တာတောင်မှ ဒီလိုမျိုး ကျေးဇူးကန်းကြတယ်လား "
စုန့်ဘုရင် သူ၏လက်သီးအား တင်းတင်းကျပ်ကျပ်ဆုပ်ထားကာ ဒေါသက သူ၏မျက်နှာတွင် ပေါ်လွင်နေသည်။ သူသည် သံသယစိတ်ကြီးမားသောသူ မဟုတ်ပေ။ သို့သော် ချီဘုရင်သည် သူ၏ဘေးမှလူများအား ဖျားယောင်းကာ သူ့အား ဆန့်ကျင်စေသည်။
ချီဘုရင်ထံမှ အကျိုးအမြတ်များအား မြင်သည်တွင် သူ၏အနားမှလူများသည် မဟာမိတ်ပြောင်းကြလေသည်။ ထိုကဲ့သို့သော အခြေအနေအောက်တွင် စုန့်ဘုရင်သည်လည်း မနေသာတော့ပဲ သူ၏ဘေးမှလူများနှင့် သစ္စာတော်ခံများအား သံသယဝင်လာလေတော့သည်။
" ဒါတောင်မှ ဝမ်ယန် ငါ့အပေါ် သစ္စာရှိမရှိဆိုတဲ့ ကိစ္စအပေါ် သံသယဝင်မိသေးတယ် ငါတော်တော်သနားဖို့ ဖို့ကောင်းတာပဲ "
စုန့်ဘုရင် အပြစ်ရှိသည်ဟု ခံစားနေရသည်။
" အရှင်... ကိုယ့်ကိုယ်ကို အပြစ်တင်နေစရာမလိုပါဘူး.. ယောင်ကွမ်းရီက ချီဘုရင်ရဲ့လူယုံတော်လေ..
ဒါကို ဝမ်ယန်က သူ့သဘောနဲ့သူ ကြိုးကြာပျံဝဲစံအိမ်မှာ လျှို့ဝှက်တွေ့ဆုံတယ်ဆိုတော့ သေချာပေါက် ထူးခြားနေတာပဲမဟုတ်လား.. အရှင် ဝမ်ယန်ကိုသံယဝင်မိတာ ပုံမှန်ပါပဲ.. ဒါပေမဲ့လည်း ဝမ်ကလန်က အပြစ်ကင်းလား မကင်းဘူးလားဆိုတာကို ဆုံးဖြတ်ဖို့တော့ စောနေပါသေးတယ်..ဝမ်ကလန်နဲ့ယောင်ကလန်ရဲ့ ကလေးတွေ တိုက်ခိုက်ကြတယ်ဆိုတာကလဲ သူတို့ရဲ့မဟာမိတ်ဖွဲ့မှုကို ဖုံးကွယ်ချင်လို့လဲ ဖြစ်နေနိုင်တယ်.. တကယ်တမ်းတော့ အရင်ကဖြစ်ခဲ့တဲ့ ကျိုးချန်နဲ့ ကိစ္စကို အရှင်မမေ့သေးဘူးမဟုတ်လား "
အိမ်တော်ထိန်းအိုကြီးက စိတ်ထဲတွင် ပြန်အမှတ်ရစေရန် အစဖော်လိုက်သည်။
ဝမ်း...........
ထိုစကားကြားသည်တွင် စုန့်ဘုရင်၏မျက်နှာ မဲမှောင်သွားသည်။ ကျိုးချန်နှင့်ဖြစ်ရပ်သည် အရင်အင်ပါယာအရှင်မင်းကြီး လက်ထက်တွင် ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။ ထိုဖြစ်ရပ်နှင့်ပက်သက်၍ တော်ဝင်ရုံးတော်၏ အရာရှိအတော်များများအား ရာထူးချခဲ့လေသည်။ စုန့်ဘုရင်၏ဖခင်ဖြစ်သူပင် ပါဝင်ခဲ့ပြီး တော်ဝင်အကျဥ်းထောင်တွင် နှစ်သုံးဆယ် အကျဥ်းကျခဲ့ရလေသည်။ တစ်သက်တာလုံးနီးပါးပင် ထိုနေရာတွင် ကုန်ဆုံးခဲ့ရလေသည်။
စုန့်ဘုရင်ပင်လျှင် သူ၏တော်ဝင်မျိုးနွယ်အားပင် စွန့်ပယ်ရလုနီးနီး ဖြစ်ပျက်ခဲ့သည်။
" မင်းပြောချင်တာက...... "
စုန့်ဘုရင်၏မျက်နှာပြောင်းလဲသွားကာ တည်ငြိမ်သွားပြီး သူ၏အတွေးတွင် နစ်မြောသွားသည်။
" အရှင့်ရဲ့ နိမ့်ကျတဲ့အစေခံက ဘာကိုမှ အရိပ်အမြွက်ပေးတာမဟုတ်ပါဘူး.. အရှင်က သဘောထားကြီးတဲ့သူ တစ်ယောက်ပါ... ဝမ်ကလန်က တကယ်သစ္စာရှိတယ်ဆိုရင် သူတို့အတွက်အကောင်းဆုံးပေါ့... ပြောရရင် လူတွေရဲ့နှလုံးသားက ပုံသေမရှိပါဘူး.. တကယ်လို့ ဝမ်ကလန်က ဒီလိုမျိုး ကြိုတင်ကြံစည်ထားတယ်ဆိုရင် အရှင့်ဖက်က ကြိုတင်ပြင်ဆင်ထားတာမမှားဘူး... ဒါပေမဲ့ ဒီကိစ္စမှာ အလျင်စလို ကောက်ချက်ချစရာမလိုပါဘူး "
အိမ်တော်ထိန်းအိုကြီးက ဆက်လက်၍ ရှင်းလင်းစွာ ထောက်ပြလိုက်ပြန်သည်။
စုန့်ဘုရင်သည် သဘောထားကြီးသော်လည်း.. အိမ်တော်ထိန်းအိုကြီးသည် စုန့်ခြံဝင်း၏ မျိုးဆက် အဆက်ဆက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်ဖြစ်ရာ
တော်ဝင်ရုံးတော်၏ အကွက်ချခြင်းများအား အလွတ်ပင်ရနေပြီ ဖြစ်သည်။
မိတ်ဆွေသည် ထာဝရမတည်မြဲပေ။ အကျိုးအမြတ်သာ တည်မြဲသည်။ စုန့်ဘုရင်ခြံဝင်း၏ အိမ်တော်ထိန်းအနေဖြင့် သူသည် စုန့်ဘုရင်ခြံဝင်း၏ အကျိုးအမြတ်ကိုသာ သစ္စာရှိလေသည်။
" ဟားဟား.. တကယ်က အမှန်တရားကို ဖော်ထုတ်ဖို့က မခက်ခဲပါဘူး "
အတန်ကြာ တိတ်ဆိတ်နေကာ စုန့်ဘုရင် ရယ်ချလိုက်သည်။
" အရှင်က ပါမောက္ခလူ(အကြံပေးလူ)ကို ဆိုလိုတာလား "
အိမ်တော်ထိန်းအိုကြီးသည် သူ၏အတွေးအား ဖမ်းဆုပ်မိပုံရသည်။
" အာ....... ပါမောက္ခလူက ပေါင်းရွှမ်နဲ့အတူ ကြိုးကြာပျံဝဲစံအိမ်ကို အတူတူသွားခဲ့တာမလား... သူ့ကိုမေးလိုက်ရင် အဖြေသိရမှာပဲ "
စုန့်ဘုရင် အသာလေး ခေါင်းညိမ့်လိုက်ပြီး လေးစားသောအကြည့်က သူ့မျက်နှာတွင်ပေါ်လာသည်။ သူသည် လူထင် အပြင်ဘက်တွင် ရောက်ရှိနေပြီ ဖြစ်ကြောင်း သတင်းရထားပြီးဖြစ်သည်။
" စုန့်ဘုရင်ကို အရိုအသေပေးပါတယ် "
ခဏအကြာတွင် ပုံရိပ်တစ်ခုက ခန်းမထဲဝင်လာသည်။
လူထင်သည် ကျောင်းတော်ဝတ်စုံ အဖြူသန့်သန့်ကိုသာ ဝတ်ဆင်ထားကာ ခန်းမ၏ထိပ်တွင် ထိုင်နေသော စုန့်ဘုရင်အား အလေးအမြတ် အရိုအသေပြုလိုက်သည်။
" ပါမောက္ခလူ ကျုပ်ကြားခဲ့တာ ခင်ဗျားလည်း ကြိုးကြာပျံဝဲစံအိမ်ကို သွားခဲ့တယ်ဆို "
စုန့်ဘုရင်မေးလိုက်သည်။ တော်ဝင်ရုံးတော်တွင် သူသံသယမဖြစ်သောသူ တစ်ယောက်သာရှိရာ ထိုသူမှာ
လူထင်ပင်ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် လူထင်သည် ရိုးသား ဖြောင့်မတ်ကာ သူ့အား သစ္စာဖောက်မည် မဟုတ်ပေ။
ထို့ထက်ပို၍ လူထင်သည် သူ၏အသက်အား ကယ်ဆယ် ဖူးလေသည်။
ယခင်က စုန့်ဘုရင်သည် ယခုရရှိထားသောရာထူးအား မရရှိသေးပေ။ ထိုအခါက သူသည် ဖြစ်ရပ်တစ်ခုကြောင့် ပုန်ကန်မှုအား စတင်သူဟု သံသယဝင်ခံရလေသည်။
ထိုအခါက ကျိုးအမတ်ကြီးသည် တားဂစ်ဂါကာနိတ်တို့၏ရန်အား ကာကွယ်ရန် နယ်စပ်သို့ ရောက်ရှိနေချိန်ဖြစ်ပြီး စစ်မီး တောက်လောင်နေသည်ဖြစ်ရာ အခြားသောကိစ္စများအား အာရုံမစိုက်နိုင်ပေ။ တစ်ဖက်တွင်လည်း တော်ဝင်ရုံးတော်တွင် သူ့ဖက်မှနေ၍ သက်သေခံပြောဆိုပေးမည့်သူ မရှိ ဖြစ်နေသည်။
လူထင်သည် ပါမောက္ခဖြစ်သည်မှာ မကြာသေးသော်လည်း အင်ပါယာအရှင်မင်းကြီးအသစ်နှင့် အတိုက်အခံလုပ်၍ ပုန်ကန်မှုဖြစ်သည့် အကြောင်းအရာအား အခြေခံကျကျ ရှင်းပြရန် ကြိုးစားခဲ့လေသည်။
လူထင်သည် ကြိုးစားပမ်းစားနှင့် သူ၏အသက်အား
လောင်းကြေးထပ်၍ ကြိုးပမ်းခဲ့သည်မှာ သိသာသည်။
ထို့အရာအား အင်ပါယာအရှင်မင်းကြီးသည် သတိထားမိ၍ ထပ်မံခုံရုံးတင်စေခဲ့သည်။ထို့ကြောင့်ပင် စုန့်ဘုရင်၏စွဲချက်များအား ပယ်ဖျက်ပစ်လိုက်နိုင်ပြီး သူ၏အသက် ချမ်းသာရာရခဲ့လေသည်။
ထိုဖြစ်ရပ်သည် အနောက်နန်းတော်တွင် ဖြစ်ပွားခဲ့သောကြောင့် လူအများကြီး မသိရှိကြပေ။ ထို့အပြင် လူထင်သည် ထိုကိစ္စနှင့်ပက်သက်၍ ဂုဏ်မဖော်ခဲ့သလို စုန့်ဘုရင်ကိုပင် မပြောပြခဲ့ပေ။ ထိုအရာများ ကျော်လွန်ပြီး အင်ပါယာအရှင်မင်းကြီးမှ ပြောပြသောခါမှသာ ထိုကိစ္စအား စုန့်ဘုရင် သိရှိခဲ့ရခြင်းဖြစ်သည်။
ထို့နောက်တွင် စုန့်ဘုရင်သည် လူထင်အား အလေးအမြတ်ထားပြီး သူ၏အကြံဉာဏ်များအား တောင်းယူလေ့ရှိသည်။
" အမ်... ပေါင်းရွှမ်က ဖိတ်ခေါ်လို့ပါ.. ကျုပ်သာမသွားခဲ့ရင် စိတ်ဝင်စားစရာကောင်းတာကို မျက်မြင်တွေ့ခွင့်ရလိုက်မှာ မဟုတ်ဘူး.. တကယ်လို့ အရှင်သာ ကျုပ်ကို မမေးခဲ့ဘူးဆိုရင်တောင် ကျုပ်က သေချာပေါက် ပြောပြဦးမှာ "
လူထင် ပြုံးလိုက်သည်။
" အိုး... အဲ့အကြောင်းလေး ပြောပြပါဦး "
စုန့်ဘုရင်၏ မျက်လုံးတွင် အလင်းရောင်တစ်ချက်တောက်ပသွားပြီး ထိုအကြောင်းအရာအား အလွန် စိတ်ဝင်စားသွားသည်။
လူထင်ကဲ့သို့ အရည်အချင်းရှိ၍ ဖြောင့်မတ်သောပါမောက္ခပင် စိတ်ဝင်စားသည့် အကြောင်းအရာ ဖြစ်သောကြောင့် ထိုကိစ္စသည် သေချာပေါက် သဘာဝကိုကျော်လွန်နေမည်ကို သူသိနေသည်။
" အရှင့်အနေနဲ့ ဝမ်ကလန်က မောင်နှမနဲ့ ယောင်ကလန်တို့ ကြိုးကြာပျံဝဲစံအိမ်မှာ ခိုက်ရန်ဖြစ်ကြတာကို ကြားထားပြီးသားပဲ မဟုတ်လား "
လူထင်ရယ်နေသည်။
" အမ်.. ကျုပ်ကြားလိုက်ပါတယ်.. ဒါပေမဲ့ ဘယ်လိုဖြစ်သွားတယ်ဆိုတာကိုတော့ သိပ်မရှင်းဘူး.. ပါမောက္ခပြောပြမဲ့အကြောင်းအရာက သူတို့နဲ့များ သက်ဆိုင်နေမလား "
စုန့်ဘုရင် စိတ်ရှုပ်ထွေးသွားသည်။
အစတွင် သူသည် လူထင်အား ခေါ်ယူ၍ ယောင်ကွမ်းရီနှင့်ဝမ်ယန်တို့၏ အရေးကိစ္စအား မေးမြန်းရန် ပြင်ထားသော်လည်း လူထင်မှ ကလန်နှစ်ခု၏ ကလေးများအကြောင်း ပြောဆိုနေသည်တွင် သူရည်ရွယ်ထားသော အကြောင်းအရာအား မေ့လျော့သွားလေသည်။
လူထင်သည် ကြိုးကြာပျံဝဲစံအိမ်အပြင်ဖက်မှနေ၍ သူသိထားသည့် ထိုမောင်နှစ်ယောက်အကြောင်းအား တစ်ခုမျှ မချွင်းမချန် ဖုံးကွယ်မထားပဲ ပြန်ပြောင်း ပြောပြလေတော့သည်။ အထူးသဖြင့် ဝမ်ချောင်နှင့်ပေါင်းရွှမ်တို့ ပြောကြသည့်စကားများအား အဓိကထား ပြောပြကာ စကားလုံးတစ်ခုပင် မချန်ခဲ့ပေ။
တစ်ဖက်တွင်လည်း ဝမ်ယန်နှင့်စုန့်ဘုရင်အကြားရှိ သဘောထားများအားလဲ သင်ပုန်းချေပြီး ဖြစ်သွားသည်။
ပြောပြောချင်းတွင် စုန့်ဘုရင်သည် ထိုကိစ္စရပ်အား အနည်းငယ်သာ စိတ်ဝင်စားပြီး အခြားအကြောင်းအရာများကဲ့သို့သာ မှတ်ယူလေသည်။
သို့သော် တဖြည်းဖြည်းနှင့် လူထင်၏ဇာတ်လမ်းတွင် သူမြောပါသွားသည်။
" ဒါဆိုရင် ပေါင်းရွှမ်ကလဲ ချီဘုရင်ကြောင့် ကျုပ်ကို
သစ္စာဖောက်သွားပြီပေါ့ "
စုန့်ဘုရင်၏ စိတ်ရှုပ်ထွေးမှုများက ပိုမိုဆိုးဝါးလာပြီး မျက်နှာမကြည်တော့ပေ။ သူသည် ဝမ်ယန်အကြောင်း မေးရန် ပြင်ဆင်ထားသော်လည်း ထိုအစား ပေါင်းရွှမ်၏ သစ္စာဖောက်ခြင်းအား ကြားရလိမ့်မည်ဟု မမျှော်လင့်ထားပေ။ ထိုအချက်သည် စုန့်ဘုရင်အတွက် ကြီးမားသည့် ထိုးနှက်ချက် တစ်ခုပင် ဖြစ်သည်။
" ဟားဟား.. တကယ်တော့ အရှင်က ပေါင်းရွှမ်ရဲ့ ကိစ္စနဲ့ပက်သက်ပြီး သောကရောက်စရာမလိုပါဘူး.. သူက အရှင့်ကိုသစ္စာဖောက်တာ ပထမဆုံးမဟုတ်သလို နောက်ဆုံးတစ်ယောက်လဲ မဟုတ်ဘူး.. အရင်ကလည်း ဖြစ်ခဲ့တာပဲကို စိတ်ပူမနေပါနဲ့ "
လူထင် ဆက်လက်ပြုံးနေရာ စုန့်ဘုရင်အား ကသိကအောက်ဖြစ်စေသည်။
" သစ်ပင်ပြိုလဲရင် မျောက်တွေက ထွက်ပြေးမှာပဲ.. သူတို့လုပ်နေကျအတိုင်း ထွက်ပြေးကြတာကို လိုက်တားနေလဲ အချည်းနှီးဖြစ်မှာပဲလေ.. တစ်ဖက်ကနေကြည့်ရင် မထွက်သွားတဲ့မျောက်ကပဲ အဆုံးထိ ကျန်ခဲ့မှာ "
" ချီဘုရင်အတွက် ထွက်သွားချင်တဲ့သူတွေ ကျန်နေရင်တောင် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေလိမ့်မယ်.. ဒါဆို ဘာလို့ ဆွဲထားနေဦးမှာလဲ.. ဝမ်ကလန်ရဲ့တတိယသား ပြောသလိုပဲ ' အဆုံးသတ်မှာ အနိုင်ရတဲ့သူပဲ ရယ်မောနိုင်လိမ့်မယ် '... ဒီတိုက်ပွဲက ဆုံးခန်းတိုင်ဦးမှာမှ မဟုတ်ပဲ စုန့်ဘုရင်က စိတ်မတင်မကျ ဖြစ်နေစရာမလိုပါဘူး ဒါက ကျုပ်ရဲ့ခရီးကနေ စုန့်ဘုရင်ကို ပြန်တင်ပြချင်တဲ့ စကားတွေပဲ "
" အရှင့်ဘက်မှာ သစ္စာတော်ခံတွေ အများကြီးရှိနေရင်တောင်မှ ကျုပ်အမြင်အရဆို အတွေ့အကြုံနဲ့ အမြင်ကျယ်မှုမှာ ဆယ့်ငါးနှစ်သား ဝမ်ချောင်ကို ယှဥ်နိုင်တဲ့သူ တစ်ယောက်မှမရှိဘူး "
လူထင်၏စကားအားကြားသော် စုန့်ဘုရင်သည် မကူနိုင်မကယ်နိုင် ရယ်လိုက်သည်။ အမြဲရုပ်တည်နေသော အိမ်တော်ထိန်းအိုပင် အနည်းငယ် ပြုံးမိသွားသည်။ သို့သော်လည်း သူတို့အား တစ်ချိန်တွင် အကျိုးပြုနိုင်မည့် လူငယ်တစ်ယောက်ဆိုသည်ကိုတော့ အသိအမှတ်ပြုမိကြလေသည်။
" ' အဆုံးသတ်မှာ အနိုင်ရတဲ့သူကပဲ ရယ်မောနိုင်လိမ့်မယ် 'ပြောတာကောင်းတယ်... ပါမောက္ခလူ ခင်ဗျားပြောတာ အမှန်တွေပဲလား.. ပေါင်းရွှမ်နဲ့ တစ်ခြားသူတွေမပြောနဲ့ ...ကျုပ်တောင် သူနဲ့ယှဥ်ရင်တောင် နှိမ့်ကျသွားသလိုထင်ရတယ်... ဝမ်ယန်က သားကောင်းတစ်ယောက် မွေးထားတာပဲ "
စုန့်ဘုရင် ရယ်မောနေသည်။ တစ်နည်းနည်းဖြင့် သူသည် ထိုငယ်ရွယ်ပြီး ဘက်ပေါင်းစုံထူးချွန် သိမြင်သည့် ဆယ့်ငါးနှစ်အရွယ်လူငယ်နှင့် မတွေ့ဆုံရသေးသော်လည်း သူ့အပေါ်တွင် အကောင်းမြင်စိတ်များ ဖြစ်နေပြီဖြစ်သည်။ ယခုကဲ့သို့သော သူ၏အနားမှလူများ သစ္စာဖောက်ကာ စွန့်ခွာသွားချိန်တွင် ဤမရင့်ကျက်သေးသောလူငယ်၏ စကားက သူ့အား စိတ်သက်သာစေလေသည်။
ဘေးမှရပ်ကြည့်နေသော လူထင်ပင်လျှင် စုန့်ဘုရင်၏မျက်နှာတွင် စိတ်ကျေနပ်ကာ သက်သာရာရသည့်ပုံစံအား မြင်တွေ့နေရသည်။
စုန့်ဘုရင်အား နှစ်ပေါင်းများစွာ အမှူထမ်းပြီးနောက်တွင် ယခုကိစ္စများသည် မည်မျှ ရှုပ်ထွေးနက်နဲသည်ကို သူသိမြင်နိုင်သည်။ ဤခက်ခဲသောအချိန်များအား သူတို့ ကောင်းမွန်စွာ ကျော်ဖြတ်နိုင်ရန် မျှော်လင့်မိလေသည်။
" ဟားဟား... လူသခင်ရဲ့စကားကို နားထောင်ရတာ အဲ့ဒီကလေးအပေါ် အတော်လေး နှစ်ခြိုက်သဘေကျနေတယ်ထင်ရတယ် "
စုန့်ဘုရင်သည် လူထင်အားကြည့်ကာ ရယ်မောနေသည်။
" သေချာတာပေါ့ဗျာ "
လူထင် ထိုခေါင်းစဥ်အား မရှောင်လွဲနေတော့ပဲ အမှန်တိုင်းသာ စုန့်ဘုရင်အား ပြောပြလိုက်သည်။
" ဝမ်ချောင်လိုမျိုး အသက်အရွယ်မှာ ဒီလိုမျိူး အတွေ့အကြုံနဲ့စိတ်ဓာတ်က ရှာမှရှားပဲ... သူ့အနာဂတ်က တောက်ပပြီး အဆုံးမရှိမှာသေချာတယ်.. အဲ့ဒါထက် တော်ဝင်ရုံးတော်မှာ စွမ်းအားအာဏာအရှိဆုံးလူတစ်ယောက်တောင် ဖြစ်လာနိုင်တယ်.. ဝမ်ကလန်နဲ့စုန့်ဘုရင်နဲ့ရင်းနှီးမှုကို ထောက်ရှုပြီး ဝမ်ကလန်ရဲ့နောက်တိုးပါရမီရှင်သာ ထပ်ပေါင်းလိုက်ရင် အနာဂတ်မှာ စုန့်ဘုရင်အတွက် နောက်လိုက်ကောင်း တစ်ယောက် ရလာနိုင်တယ်.. ဒါက ဝမ်းမြောက်ဖွယ်ရာ ကိစ္စပဲ မဟုတ်လား "
" လူသခင်က အဲ့ဒီမောင်နှမအပေါ် အတော်လေး တန်ဖိုးထားတယ်နဲ့တူတယ် "
လူထင်၏ အမူအရာအားကြည့်၍ စုန့်ဘုရင် ကြက်သေ သေသွားသည်။
" အရှင် တကယ်လို့ ဝမ်ချောင်က ပေါင်းရွှမ်ရဲ့ ဖုံးကွယ်ထားမှုကို မြင်နိုင်တယ်ဆိုရင် သူကဉာဏ်ကောင်းလို့ပဲ.. အဲ့ဒါတောင် ဒီလိုအရည်အချင်းမျိုးက သာမန်ထဲကပဲ ရှိပါသေးတယ်.. မြို့တော်ထဲမှာ အဲ့လိုလူမျိုးတွေ အများကြီးရှိတယ်.. အသာထားလိုက်ပါ ဒီလိုမဖြစ်လာရင်တောင် ပေါင်းရွှမ်နဲ့ ပက်သက်ပြီး အရှင် သံသယရှိနေပြီးသားပဲ မဟုတ်လား "
လူထင်ပြောလိုက်သည်။
" ဒီနောက်မှာ တစ်ခြားအကြောင်းပြချက် ရှိသေးတာလား "
စုန့်ဘုရင်ပင် နားမလည်နိုင် ဖြစ်နေလေသည်။
" ကြည့်ရတာ ဝမ်ကလန်ကမောင်နှမတွေက မာကျောက်နဲ့ကိစ္စကြောင့် ယောင်ကွမ်းရီနဲ့ဝမ်ယန်ရဲ့ တွေ့ဆုံမှုကို နှောင့်ယှက်မိတာပဲ... ဒါပေမဲ့ အကြောင်းတစ်ခုခုကြောင့် မြင်နေရတာထက်ပိုပြီး နက်နဲတဲ့အဓိပ္ပါယ်တစ်ခု ရှိသေးတယ်လို့ ကျုပ်စိတ်ထဲက ထင်နေမိတယ် "
လူထင် ဆက်မပြောပဲ တွန့်ဆုတ်နေသည်။
" ဘာကျန်သေးတာလဲ "
စုန့်ဘုရင် တုန်လှုပ်သွားသည်။ သူ၏ဘေးမှ အိမ်တော်ထိန်း၏ အထိန်းအကွပ်မဲ့စွာ တုန်လှုပ်မှုပင် သိသာနေသည်။ လူထင်သည် သူ၏စကားအား ရှင်းလင်းစွာ မပြောသော်လည်း ထိုမောင်နှမနှစ်ယောက်၏ ကြိုးကြာပျံဝဲစံအိမ်အား နှောင့်ယှက်ကြခြင်းအပေါ် အနည်းငယ် နားလည်သလို ဖြစ်လာကြသည်။ ထိုသို့သာ အမှန်ဆိုလျှင် ဤကိစ္စရပ် တစ်ခုလုံး၏ အမြင်သည် ပြောင်းလဲသွားပေလိမ့်မည်။
အကယ်၍ ထိုအကြောင်းအရာသာ မှန်ကန်ခဲ့လျှင် လူထင်၏ သူတို့အပေါ် တန်ဖိုးထားမှုမှာ အပိုမဟုတ်တော့ပေ။ ဆိုရလျှင် ထိုကလေးနှစ်ယောက်၏ စွမ်းဆောင်ရည်များအား သူတို့ နားမလည်နိုင်သေးသည်ပင် ဖြစ်နိုင်သေးသည်။
" ပါမောက္ခလူ ဘာကြောင့် ဒီလိုထင်ရတာလဲ "
စုန့်ဘုရင် မတ်တပ်ရပ်လိုက်ပြီး အရေးကြီးသော မျက်နှာထားဖြင့် မေးခွန်းထုတ်လိုက်သည်။ လူထင် ထိုကိစ္စအား ပြောနေစဥ် သူသည် ဤကလေးများအား အထင်အမြင် သေးခဲ့မိကြောင်း သဘောပေါက်မိသည်။ ထိုအခိုက်တွင် ဤဖြစ်ရပ်အပေါ် အမြင်သည်လည်း ပြောင်းလဲသွားပြီဖြစ်သည်။
==========================
လူထင်နဲ့ပေါင်းရွှမ်ကို အကြံပေးလို့ ရေးခဲ့မိပါတယ်..
ပါမောက္ခဆိုတာက ပိုသင့်တော်မယ်ထင်လို့ ပြောင်းထားပါတယ်..
လူသားဧကရာဇ်
ဘာသာပြန် - Xoxay
Chapter 15.
ချမ်းသာရန်နည်းလမ်း ကြံဆခြင်း
" ကျုပ်လဲ သေချာရှင်းမပြတတ်ဘူး... အလိုလို ခံစားနေမိတာ.. ဒီကိုမလာခင် ကျုပ် ဝမ်ကလန်က မောင်နှမနှစ်ယောက်အကြောင်း သေချာလေ့လာစုံစမ်းခဲ့သေးတယ်.. အကြီးတစ်ယောက်က မြို့တော်မှာ သတင်းကောင်းနဲ့ ကျော်ကြားတာမျိုးတော့မဟုတ်ဘူး.. မြို့တော်ရဲ့အသုံးအဖြုန်းကြီး ပျက်စီးတဲ့သခင်လေးတွေ စာရင်းထဲမှာ ပါတယ်လို့တောင် ပြောလို့ရတယ်.. အကျင့်စာရိတ္တမကောင်းပဲ လက်ခံလို့မရနိုင်တဲ့အမူအကျင့်တွေလဲ ရှိတယ်.. သူက မိန်းကလေးတစ်ယောက်ကိုတောင် အဓမ္မကျင့်ခဲ့သေးတယ်လို့တောင် ပြောနေကြသေးတယ်.. အဲ့ဒါတွေသာ တကယ်ဆိုရင်တော့ ဒီဟာက ကိစ္စကြီးတော့မဟုတ်ဘူး.. ဒါပေမဲ့ ကျုပ်အနေနဲ့ ဝမ်ချောင်နဲ့ စကားပြောဖူးတာအရတော့ သူက အဲ့လိုလူမျိုး မဟုတ်ဘူးလို့ပဲ ထင်တယ် "
" ဝမ်ယန်က လူရိုးလူဖြောင့်တစ်ယောက်ဆိုတာ အရှင်က သူ့အကြောင်းကို ကောင်းကောင်းသိပါတယ်.. သူက စစ်သားတစ်ယောက်သက်သက်ပဲ နိုင်ငံရေးနဲ့ပက်သက်ရင် အသိအမြင်နည်းတယ်လို့ ပြောရမယ်..ဒါက သူ့အကြောင်းကို သိသာစေတာပဲ.. သူသာ ဉာဏ်ကောင်းရင် ဒီလိုအချိန်မျိုးမှာ ယောင်ကွမ်းရီနဲ့ တွေ့ဆုံမှာမဟုတ်ဘူး.. ဒါကိုကြည့်ခြင်းအားဖြင့် အရှင်ရဲ့နိမ့်ကျတဲ့ ဒီနောက်လိုက်က ဝမ်ယန်ဟာ အသုံးချခံလိုက်ရတာသက်သက်ပဲလို့ မြင်ပါတယ် "
" ဝမ်ယန်ရဲ့ ရိုးသားဖြောင့်မတ်တဲ့စိတ်ထားက ဒီလိုမျိုး လှည့်ကွက်တွေကို မမြင်နိုင်အောင် ဖြစ်နေတဲ့အချိန်မှာ
ဝမ်ကလန်ရဲ့မောင်နှမက ဒီကိစ္စကို သေချာနားလည်နေလိမ့်မယ်... ကြိုးကြာပျံဝဲစံအိမ်က ရန်ပွဲက ယောင်ဖုန်းကို ဦးတည်နေတယ်ထင်ရပေမဲ့ ကျုပ်အမြင်မှာတော့ သူတို့က သူတို့အဖေဝမ်ယန်ကို ဦးတည်နေတာပဲ..
ယောင်ကွမ်းရီက နိုင်ငံရေးလှည့်ကွက်တွေမှာ ကျွမ်းကျင်ပိုင်နိုင်တယ်လို့ နာမည်ကြီးတယ်.. သူ့ရဲ့အကြံအစည်တွေကို ဒီကလေးနှစ်ယောက်က ထွင်းဖောက်မြင်နိုင်လိမ့်မယ်လို့ သူတွေးမိမှာတောင် မဟုတ်ဘူး.. ဒါတွေက ကျုပ်ဖက်က ထင်မြင်ယူဆချက်တွေပါ... အတည်ပြုဖို့ကတော့ စောနေပါသေးတယ် "
လူထင်ပြောလိုက်သည်တွင်...
ပင်မဆောင်တစ်ခုလုံးတိတ်ဆိတ်သွားလေသည်။ ပထမဆုံးအကြိမ်ပင် စုန့်ဘုရင် လေးနက်တည်ကြည်သွားသည်။
လူထင်က ထိုအရာများမှာ သူ၏ ထင်မြင်ချက်များသာ ဖြစ်၍ အလိုလိုခံစားမိနေသည်ဟုသာ ပြောသော်လည်း စုန့်ဘုရင်သည် လူထင်အကြောင်း ကောင်းစွာသိနားလည်လေသည်။ သူသာ ယုံကြည်ချက်မရှိလျှင် ဤခြံဝင်းအတွင်း ရောက်ရောက်ချင်း ပထမဆုံးအနေနှင့် သူ့အားပြောဆိုနေမည် မဟုတ်ပေ။
သို့သော် ယောင်ကွမ်းရီသည်လည်း ဖြုံလောက်သောသူပင်ဖြစ်ကာ။
ထိုကလေးနှစ်ယောက်မှ ထိုကောက်ကျစ်သောမြေခွေးအိုကြီး၏ အကြံအစည်များအား ဖောက်မြင်နိုင်သည်မှာ....
မည်သို့ဖြစ်နိုင်မည်နည်း.......
စုန့်ဘုရင်နှင့်အိမ်တော်ထိန်းအိုတို့ အကြည့်ချင်းဖလှယ်လိုက်သည်။ ထိုသခင်နှင့်ကျေးကျွန်တို့၏ မျက်လုံးထဲတွင် မယုံကြည်နိုင်မှုများ ကိုယ်စီတွေ့မြင်နေကြရသည်။ အကယ်၍ ထိုကိစ္စသာ အမှန်ဖြစ်ခဲ့လျှင်
ဝမ်ကလန်မှ မောင်နှမနှစ်ယောက်သည် အစစ်အမှန်မွန်းစတားများပင် ဖြစ်ပေလိမ့်မည်။
" အရှင် ဝမ်ချောင်က ယောင်ကွမ်းရီရဲ့အကြံအစည်ကို မြင်နိုင်တာ မမြင်နိုင်တာ အသာထားဦး..ဒီနိမ့်ကျတဲ့ငယ်သားက သူပြောတဲ့ ' အဆုံးသတ်မှာ အနိုင်ရတဲ့သူပဲ ရယ်မောနိုင်လိမ့်မယ် ' ဆိုတာ အရှင့်ကို တိုက်ရိုက်ရည်ညွှန်းတယ်လို့ထင်မိတယ်... အရွယ်မရောက်သေးတဲ့သူတစ်ယောက်က အမှန်တရားကို သိမြင်နေချိန်မှာ
အရွယ်ရောက်ပီးသားလူတွေအများစုက မမြင်နိုင်သေးဘူး... ဒါကိုကြည့်ရင် သူ့ရဲ့ အသိဉာဏ်၊ အသိအမြင်နဲ့ အတွေ့အကြုံတွေက ဗျူဟာချ အကွက်ဆင်တတ်တဲ့လူကြီးတွေထက်တောင် သာလွန်နေပြီလို့ ပြောလို့ရတယ်... အဲ့ဒါအပြင် သူက ဆယ့်ငါးနှစ်သားပဲ ရှိသေးတာနော် "
လူထင် စိတ်လှုပ်ရှားစွာ ပြောနေသည်။
အဆုံးတွင်တော့ သူသည် အဘယ်ကြောင့် ထိုလူငယ်အား အလွန်မြင့်မားစွာ မျှော်မှန်းထားသည်ကို ပြောပြလိုက်ပြီ ဖြစ်ကာ.. ထိုအရာမှာ ဝမ်ချောင်သည် အလွန်ငယ်ရွယ်သောကြောင့် ဖြစ်လေသည်။
ထိုစကားများ ကြားပြီးနောက် စုန့်ဘုရင် ခေတ္တတိတ်ဆိတ်သွားကာ လူထင်၏ စကားများသည် သူ့အား ထိတ်လန့်တုန်လှုပ်စေသည်ကို ဝန်ခံရပေမည်။ စုန့်မျိုးနွယ်နှင့်ဝမ်မျိုးနွယ်တို့သည် ရင်းနှီးစွာ ချည်နှောင်ထားကြသော်လည်း ဝမ်ယန်သည် ကျိုးအမတ်ကြီး၏ တစ်ဦးတည်းသော မျိုးဆက် မဟုတ်ပေ။
စုန့်ဘုရင်သည် သူ၏တည်ရှိမှုနှင့် ဂုဏ်သတင်းများကြောင့် ဆယ်ကျော်သက် ကလေးတစ်ယောက်အား သတိပြုမိရန် မလွယ်ပေ။ သို့သော် ဤကလေးသည် လူထင်ပြောသကဲ့သို့သာ ဖြစ်နေခဲ့လျှင် စုန့်ဘုရင် မျက်နှာလွှဲသင့်သောသူ မဟုတ်တော့ပေ။
" လူသခင်ကြီးက ကျုပ်ကို ဝမ်ကလန်က ကလေးနဲ့ သွားတွေ့စေချင်တာလား "
အချိန်အတော်ကြာပြီးနောက် စုန့်ဘုရင် ခေါင်းမော့လာသည်။
အစတွင် သူ လူထင်အား ခေါ်ယူတွေ့ဆုံ၍ ဝမ်ယန်၏
သစ္စာရှိမှုအား မေးမြန်းရန်ဖြစ်သော်လည်း ယခုအခါတွင်တော့ အရေးမပါတော့ပေ။ သံသယရှိစရာမလိုအောင်ပင် လူထင်သည် ဝမ်ယန်ဖက်မှ ရပ်တည်၍ ဝမ်ယန်၏ ရိုးသားမှုအား ယုံကြည်သည်ဖြစ်သည်။
" အဲ့လောက်ထိတော့ မလိုအပ်ပါဘူး "
သူ၏ထင်မြင်ချက်နှင့် ဆန့်ကျင်ဘက်ပင် လူထင်သည်
ခေါင်းခါ၍ သူ၏စကားအား ငြင်းဆိုလိုက်သည်။
" အရှင် ကျိုးအမတ်ကြီးရဲ့အသက် ခုနစ်ဆယ်ပြည့်မွေးနေ့က မကြာခင်ရောက်တော့မှာကို မေ့နေတယ်ထင်တယ်.. ဒီအချိန်ကျရင် ဝမ်ကလန်ရဲ့မျိုးဆက်အားလုံးက စုဆုံကြလိမ့်မယ်.. အဲ့ဒီအခါမှ သူ့ကိုတွေ့လဲ နောက်မကျသေးပါဘူး.. အခုကိစ္စအားလုံးက
ကျုပ်ဖက်က ကျုပ်ရဲ့တစ်ဦးတည်း အမြင်သက်သက်ပဲ ရှိသေးတာလေ..အမှန်တရားက ဘာလဲဆိုတာမှ မသိရသေးတာ "
" ဒါဆိုလဲ ကောင်းပြီလေ "
စုန့်ဘုရင်ပြုံးနေလေသည်။
" လူသခင်ကြီးက တစ်ယောက်ယောက်ကို အထင်ကြီးမိဖို့ဆိုတာ တကယ်ရှားပါတယ်... ဒါ့အပြင် သူ့ရဲ့
' အဆုံးသတ်မှာ အနိုင်ရတဲ့သူပဲ ရယ်မောနိုင်လိမ့်မယ် ' ဆိုတဲ့စကားကို ကျုပ် မလေးစားပဲမနေနိုင်ဘူး... အိမ်တော်ထိန်းကျန်း သိုလှောင်ခန်းက ပစ္စည်းတစ်ချို့ပြင်ဆင်ပြီး ဝမ်ယန်ရဲ့ခြံဝင်းကို ပို့လိုက်ပါ "
" ဒီနိမ့်ကျတဲ့အစေခံက အရှင့်ရဲ့အမိန့်လိုက် လိုက်နာဆောင်ရွက် လိုက်ပါ့မယ် "
အိမ်တော်ထိန်းအိုကြီး မတ်တပ်ရပ်လိုက်ပြီး လေးစားစွာ စကားဆိုလိုက်ရာ...
" ခနလေးနေဦး...... "
တစ်ချို့သောအကြောင်းအရင်းများကြောင့် စု့န်ဘုရင် ဆက်မပြောခင် အတန်ကြာ တွေဝေနေသေးသည်။
" နောက်တောင်ကျနေပြီပဲ.. ဒီကိစ္စလေးကို နောက်နည်းနည်းဆုတ်လိုက်.. ပစ္စည်းတွေကို မနက်ဖြန်မှ ပို့တော့ "
စုန့်ဘုရင်၏မျက်လုံးတွင် မသင်္ကာမှုများ တစ်ခဏတာ ဖြတ်ပြေးသွားသည်ကို လူထင် သူ၏မျက်လုံးထောင့်မှ မြင်လိုက်သည်။ စုန့်ဘုရင်သည် ဝမ်ယန်၏ သစ္စာရှိမှုအား အလုံးစုံမယုံကြည်သေးသည်ကို သူရုတ်တရက် သိလိုက်ရသည်။ သို့သော်လည်း လူထင် ဘာမျှ မပြောပေ။
' ခရီးရှည်ထွက်မှသာလျှင် မိမိမြင်း၏ သက်လုံအား သိနိုင်သကဲ့သို့ အချိန်သည်သာလျှင် လူတစ်ဦး၏ နှလုံးသားအား ထင်ဟပ်ပြနိုင်ပေလိမ့်မည် ' ဝမ်ယန်
သူ့အား ဆန့်ကျင်သည် မဆန့်ကျင်သည်၊ ဝမ်ကလန်သည် ချီဘုရင်နှင့် ကြိုးကြာပျံဝဲစံအိမ်တွင် ပူးပေါင်းဆောင်ရွက်သည် ဟုတ်မဟုတ်ကို အချိန်တန်လျှင် သိရမည်ဖြစ်ပေသည်။
" ပေါင်းရွှမ်နဲ့ ကျန့်ယွမ်အတွက်ကတော့ သူတို့က ကျုပ်ရဲ့သဘောထားကြီးမှုကို အခွင့်အရေးယူခဲ့ပြီး...ကျုပ်နဲ့ အချိန်အတော်ကြာအတူ ရှိခဲ့ပေမဲ့ ချီဘုရင်ကြောင့် ကျုပ်ကို နောက်ကျောဓားထိုးပြီး ဆန့်ကျင်ခဲ့တယ်.. ဒီလောက်ယုတ်ညံ့တဲ့အလုပ်ကိုတောင် သူတို့လုပ်ခဲ့မှတော့ ကျုပ်က အပြစ်မပေးဘူးဆိုရင် ကျုပ် စိတ်သက်သာရာရမှာ မဟုတ်တော့ဘူး... ချီဘုရင်ကို ကျုပ် ဘာမှမလုပ်နိုင်ဘူးဆိုပေမဲ့ ပေါင်းရွှမ်နဲ့ကျန့်ယွမ်လောက်ကို ကျုပ်ရင်မဆိုင်နိုင်ဘူးလို့ မဆိုလိုဘူး "
" လင်းနန်နဲ့မော့ပေက ကျောင်းတော်တွေမှာ နေရာလစ်လပ်နေတယ် မဟုတ်လား.. သူတို့ကို အဲ့ဒီနေရာမှာ အရိုးထုတ်ခိုင်းရမယ် "
ထိုစကားများပြောနေချိန်တွင် စုန့်ဘုရင်၏မျက်လုံးထဲတွင် အန္တရာယ်အငွေ့အသက်များ ရောပြွန်းနေသည်။
တော်ဝင်ရုံးတော်သည် အန္တရာယ်နှင့်ပြည့်နှက်နေသော နေရာဖြစ်သည်။ သူတို့သည် ပါးလျှသောရေခဲလွှာပေါ်တွင် လမ်းလျှောက်နေရသူများ ဖြစ်သောကြောင့် သူတို့၏ စကားတစ်ခွန်းသည်ပင် သေခြင်းရှင်ခြင်းအား အဆုံးအဖြတ်ပေးနိုင်ပေသည်။ ကောလာဟလများကဲ့သို့ စုန့်ဘုရင်အား သူ၏ဘက်တော်သားများ စွန့်ခွာသွားခြင်းကြောင့် သူသည် လူတိုင်းတက်နင်း၍ရသော လှေခါးထစ် မဟုတ်သေးပေ။
နှိမ့်ချသောကျားသည် ဖျားနာနေသောကြောင်(ကြောင်နာ)ကဲ့သို့သာ ဆက်ဆံခံရပေမည်။ အတိတ်တွင်သူသည် အလွန်ကြင်နာပြီး သဘောထားကြီးသောကြောင့် လူအများက သူ့အား ဆန့်ကျင်ရဲကြခြင်းဖြစ်လေသည်။
သို့သော် စုန့်ဘုရင်သည် ထပ်မံ၍ သည်းမခံတော့ပေ။
ရွပ်...ရွပ်...ရွပ်... သူ၏စုတ်တံအား ကောက်ယူလိုက်ကာ တိုင်ကြားစာတစ်စောင် ရေးလိုက်သည်။ စုပ်ချက်များအား မည်သူမျှမသိရသော်လည်း သေချာသည်မှာ ထိုစာထဲတွင် ပေါင်းရွှမ်နှင့်ကျန့်ယွမ်တို့၏
ကံကြမ္မာအား စည်းသတ်လိုက်ပြီဖြစ်သည်။
ဤအချိန်တွင် အိမ်တော်ထိန်းအိုကြီးနှင့်လူထင်ပင်လျှင် တစ်ခွန်းမျှ ဝင်မပြောတော့ချေ။ ချီဘုရင်သည် ဤကိစ္စအား ပြန်လည် တုံ့ပြန်လိမ့်မည်မဟုတ်ပေ။ ပေါင်းရွှမ်နှင့်ကျန့်ယွမ်ကဲ့သို့သော သူများကြောင့် သူသည် စုန့်ဘုရင်နှင့် အတိုက်အခံလုပ်မည် မဟုတ်သည်မှာ ထင်ရှားသည်။
ဤသည်မှာ နိုင်ငံရေးလောကပင်ဖြစ်သည်။ သွေးလွှမ်းသောလောကပင်ဖြစ်လေသည်။
..........
မြင်းလှည်းသည် တလှိမ့်လှိမ့်သွားနေသည်။
ဝမ်ချောင်သည် စုန့်ဘုရင်ခြံဝင်းတွင် ဖြစ်ပျက်နေသည်များအား မသိရှိသကဲ့သို့ ထိုအကြောင်းအရာသည် သူ့အား စိတ်အနှောင့်အယှက်ပင် မဖြစ်ပေ။ မြင်းလှည်းပေါ်တွင် ထိုင်လျက် အိမ်ပြန်နေသော သူ၏ စိတ်ထဲတွင် အခြားအကြောင်းအရာတစ်ခုသာ ကြီးစိုးနေလေသည်။
သူ့ဖခင်၏ ကိစ္စနှင့်ပက်သက်၍ သူတတ်စွမ်းသရွေ့ လုပ်ဆောင်ခဲ့ပြီး ဖြစ်လေသည်။ မကြာခင်တွင် သူ့ဖခင်၏ တရားစီရင်ပိုင်ခွင့်ရထားသော စစ်တပ်နားတွင် ယောင်ကွမ်းရီသည် သူ၏စစ်တပ်အား ဦးဆောင်၍ ထွက်ပေါ်လာမည်ဖြစ်သည်။ ထိုအခါတွင် သူ၏ဖခင်သည် အခြေအနေများအား သဘောပေါက်သွားပေလိမ့်မည်။
ယခုတွင် သူလုပ်စရာရှိသည်မှာ သူ့အစီအစဥ်၏ ဒုတိယခြေလှမ်းအား စတင်ရန်ဖြစ်သည်။
' တရားမျှတမှုသည် များစွာသောအထောက်အပံ့အား လိုအပ်သော်လည်း မတရားမှုသည် လုံလောက်သော အထောက်အပံ့အား ရှာဖွေရန်ပင် မလိုပေ ' ကြိုးကြာပျံဝဲစံအိမ်မှဖြစ်ရပ်သည် ဤအရာအား မီးမောင်းထိုးပြနေလေသည်။ သူ၏ညီမတွင် အလွန်ကြီးမားသောခွန်အားရှိသော်လည်း ယောင်ခြံဝင်း၏ ကျွမ်းကျင်သူများစွာ ကြားတွင် ပြာယာခတ်နေပေသေးသည်။
သူ၏အရင်ဘဝမှ အတွေ့အကြုံများက ဤအရာအား
ရှင်းလင်းစွာ သိမြင်စေသည်။ သူ၏ မလုံလောက်သော စစ်သည်အင်အားကြောင့်သာ မဟုတ်လျှင် သူသည် ထိုကဲ့သို့ အရှက်တကွဲဖြစ်လိမ့်မည် မဟုတ်ပေ။
အကယ်၍ သူ၏ဆန္ဒအားသိမြင်၍ မဟာထန်နှင့်ဝမ်ကလန်၏ ကံကြမ္မာအား ပြောင်းလဲလိုလျှင် သူသည် ယောင်ဖုန်းကဲ့သို့ ဖြစ်ရပေမည်။ သူ၏ကိုယ်ပိုင်လွှမ်းမိုးမှုဖြင့် နောက်လိုက်များစွာ စုဆောင်းရပေမည်။
စွမ်းအားကြီးသောခွန်အားနှင့်နောက်လိုက်အများအပြားကသာ အန္တရာယ်အများအပြားဝန်းရံလျက်ရှိသော အင်ပါယာအား ပြောင်းလဲပေးနိုင်ပေလိမ့်မည်။
သို့သော် ထိုအရာများအားလုံးအား ရရှိလိုလျှင် သူသည် ဦးစွာ တိုင်းပြည်တစ်ခု၏ချမ်းသာခြင်းကဲ့သို့ အံမခန်းများပြားသောဘဏ္ဍာရေး ရှိထားရပေလိမ့်မည်။
' ငွေကြေးသည် ကမ္ဘာကြီးအား လည်ပတ်စေသည် ' တတ်နိုင်စွမ်းရှိသောသူသည်သာ ပို၍ မာနကြီးနိုင်ပေမည်။ လုံလောက်သော အကျိုးအမြတ်မရှိလျှင် မည်သူက အခြားတစ်ယောက်တွက် တာဝန်ထမ်းဆောင် ပေးလိမ့်မည်နည်း။
ပြောနေစရာပင်မလို သူသည် ဆယ့်ငါးနှစ်သာ ရှိသေးလေသည်။
ထိုကဲ့သို့သော ချမ်းသာကြွယ်ဝမှုအား သူ၏ လက်ထဲတွင် မည်ကဲ့သို့ ဆုပ်ကိုင်ထားနိုင်မည်နည်း။
မြင်းလှည်းထဲတွင် ထိုင်လျက်ပင် ဝမ်ချောင် အတွေးနက်နေသည်။
ဝမ်ကလန်သည် ချမ်းသာသောမိသားစုတစ်ခု မဟုတ်ရာ ထိုကဲ့သို့ မှန်းဆမရနိုင်သည့်ချမ်းသာမှုအား ဆောင်ကျဥ်းပေးနိုင်မည့် စီးပွားရေးလုပ်ငန်း မရှိပေ။ ထိုအချက်ကြောင့် သူသည် သူ၏မိသားစုအား မှီခို၍ မဖြစ်နိုင်ပေ။
ဝမ်ချောင် သူကိုယ်တိုင်သာ အဖြေထုတ်ရန် တတ်နိုင်ပေတော့မည်။
" နည်းလမ်းတစ်ခုတော့ ရှိရမယ်... နည်းလမ်းတစ်ခုတော့ရှိရမယ်... "
ဝမ်ချောင်သည် ရထားလုံး၏ပြတင်းပေါက်အား လက်ဖြင့် တစ်တောက်တောက် ခေါက်နေလျက် သူ၏အတိတ်အား ပြန်လည်စဥ်းစားနေသည်။ သူ၏ယခင်ဘဝတွင် ဖြစ်ပျက်ခဲ့သော အကြောင်းအရာများအား လှန်လှောရှာဖွေနေလိုက်သည်။
သူ့ယခင်ဘဝ၏မှတ်ဉာဏ်များအား ပိုင်ဆိုင်ထားခြင်းသည် သူ၏ကံကောင်းမှုပင်ဖြစ်သည်။ ထိုအချက်ကြောင့်ပင် သူသည် အခြားသူများထက် သာလွန်နေခြင်းဖြစ်ပေသည်။
" ငါသိပြီ "
ရုတ်တရက် ဝမ်ချောင်၏မျက်ခုံးမြှင့်တက်သွားပြီး တစ်စုံတစ်ခုအား သူသတိရလိုက်သည်။
" ဝုစ်သံမဏိ.... ဟုတ်တယ်... ဝုစ်သံမဏိပဲ "
သူ၏ စိတ်ဓာတ်ကျနေမှုများအား မျှော်လင့်ချက်ရောင်ခြည်များက အစားထိုးသွားသည်။
' ဝုစ်သံမဏိ ' ဟူသည်မှာ လမ်းကြောင်းပုံစံများပါရှိသည့် အဖိုးတန်သတ္ထုပင်ဖြစ်သည်။ ထိုသတ္ထုဖြင့် ဓားတစ်လက်အား သွန်းလုပ်ပြီးလျှင် ဓား၏မျက်နှာပြင်တွင်ရေစီးကြောင်းကဲ့သို့ ပုံစံပေါ်လာမည်ဖြစ်ပြီး သိမ်မွေ့လှပသောအမြင်အား ရရှိစေမည်ဖြစ်သည်။ ထို့နည်းတူစွာ သတ္ထုများအားလုံးထဲတွင် ဝုစ်သံမဏိသည် သံသယဖြစ်စရာမလိုအောင်ပင် လက်နက်များ သွန်းလုပ်ရာတွင် အကောင်းဆုံးသော သတ္ထုပင်ဖြစ်လေသည်။ မည်သည့်သတ္ထုမျှ သူနှင့် ယှဥ်နိုင်မည် မဟုတ်ပေ။
ဝမ်ချောင် လာခဲ့သော အပြိုင်ကမ္ဘာတွင် ထိုသံမဏိအား ' ဒမတ်စကပ်သံမဏိ ' ဟု ခေါ်ဆိုလေသည်။
မျက်မှောက်ခေတ်တွင်ပင်လျှင် ထိုသံမဏိဖြင့် သွန်းလုပ်ထားသော ဓားသည် မဟာဓားသုံးလက် စာရင်းဝင်လေသည်။
ထို့ထက်ပိုအရေးကြီးသည်မှာ ဝုစ်သံမဏိသိုက်သည် အရေအတွက်အလွန်နည်းလေသည်။ တူးယူပြီးနောက် ချက်ချင်း အသုံးပြုကြလေသည်။
အနာဂတ်တွင် အစစ်အမှန် ' ဒမတ်စကပ်ဓား ' သည် အမေရိကန်ဒေါ်လာ သန်းဆယ်နှင့်ချီ၍ တန်ဖိုးရှိလေသည်။ ထိုအရာသည် ရောင်းချသည်ဟူ၍ပင် ရှားပါးလေရာ ပိုက်ဆံရှိရုံနှင့်ပင် ဝယ်ယူနိုင်သည့်အရာ မဟုတ်ပေ။
ဤကမ္ဘာတွင်လည်း ဝုစ်သံမဏိသည် ထို့အတူပင်ဖြစ်လေသည်။
ဝမ်ချောင် ထိုသတ္ထုအား မှတ်မိရခြင်းမှာ သူ၏ အဖိုးတန်မှုတစ်ခုတည်းကြောင့်မဟုတ်ပေ။ ထက်မြမှုကြောင့်ဖြစ်သည်။ ဝုစ်သံမဏိဖြင့် ပြုလုပ်ထားသော လက်နက်များသည် နှိုင်းယှဥ်မရနိုင်လောက်အောင် ထက်ပြီး အခြားနာမည်ကြီးအဖိုးတန်ဓားများကိုပင် ဖြတ်တောက်နိုင်ပေသည်။
ထက်မြမှုတွင် ဝုစ်သံမဏိဖြင့်ပြုလုပ်ထားသော လက်နက်များသည် ပြိုင်ဖက်ကင်းလေသည်။
ဝမ်ချောင်လာခဲ့သော အပြိုင်ကမ္ဘာတွင် သိပ္ပံပညာရှင်တစ်ယောက်သည် ဝုစ်သံမဏိအား စမ်းသပ်မှုများ ပြုလုပ်ခဲ့ရာ ဝုစ်သံမဏိသည် မရေမတွက်နိုင်သော
နာနိုလွှသွားလေးများရှိကြောင်း သိရှိခဲ့ရပြီး သာမန်မျက်စိဖြင့် မတွေ့နိုင်ပေ။ ဂန္တဝင်တွင်သောဝုစ်သံမဏိ၏ ထက်မြမှုသည် ထိုရေတွက်မရသော အလွန်သေးငယ်သည့် လွှသွားလေးများမှ ဖြစ်ပေါ်လာခြင်း ဖြစ်ပေသည်။
ဝုစ်သံမဏိဖြင့် လက်နက်တပ်ဆင်ထားသော မြင်းစီးစစ်သည်များသည် ရန်သူ၏ ချပ်ဝတ်တန်ဆာအား ဖြတ်တောက်နိုင်ကာ မြင်မကောင်းအောင်ပင် အလွယ်တကူ သတ်ဖြတ်နိုင်ပေသည်။
ထို့အပြင် ဝုစ်သံမဏိ၏သေးငယ်သောလွှသွားများသည် ရန်သူအားအလွယ်တကူ ဒဏ်ရာရစေနိုင်၍ အချိန်တိုအတွင်းမှာပင် သွေးအလွန်အကျွံထွက်စေနိုင်သေးသည်။ ထို့ထက်ပို၍ ထိုဒဏ်ရာဖြစ်နေသောနေရာအား သွေးတိတ်အောင်လုပ်ဆောင်ရန်လည်း မလွယ်ကူပေ။
များပြားစွာသော လွှသွားများ၏ ဖြတ်တောက်မှုသည် ထိုကဲ့သို့သောနာကျင်မှုအား ဖြစ်စေနိုင်သည်။
ထိုအချက်များအားလုံး စုပေါင်းလိုက်လျှင် ဝုစ်သံမဏိဖြင့် လက်နက်တပ်ဆင်ထားသော စစ်တပ်သည် ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေးတပ်ကြီး ဖြစ်နေပေလိမ့်မည်။ အခြားသူများသာသိလျှင် အသိစိတ်ကင်းမဲ့လောက်အောင် ထိတ်လန့်တုန်လှုပ်ကြပေမည်။
သူတို့၏ရန်သူများအား ကြီးမားစွာထိခိုက်ဒဏ်ရာရရှိစေမည့် စစ်တပ်များအား မည်သူက မလိုချင်ပဲ နေနိုင်မည်နည်း။
ဝုစ်သံမဏိသည် ထိုမျှတန်ဖိုးကြီးသောပစ္စည်းဖြစ်သော်လည်း ယခုအချိန်ကာလတွင်တော့ တန်ဖိုးမရှိသေးမှန်း ဝမ်ချောင်သိထားလေသည်။ သူအထင်မမှားလျှင် မိုင်းတွင်းမှ ပထမဆုံးတူးဖော်ထားသော သတ္ထုရိုင်းများသည် ဟိုက်ဒရာဘတ်တောင်၌ပင် ရှိနေဦးမည် ဖြစ်သည်။
ဟိုက်ဒရာဘတ်မှ ပထမဆုံးသောသတ္ထုရိုင်းများအား
ဟိန္ဒူဘုန်းတော်ကြီးများမှ ကမ္ဘာအနှံ့ ( အဘတ်စစ်စော်ဘွားဒေသ၊ အနောက်တိုင်းဒေသ၊ မဟာထန်၊
တားဂစ်ဂါကာနိတ်၊ သျှီလာအင်ပါယာ) သို့ ပို့ဆောင်ပေလိမ့်မည်။
တစ်နှစ်အတွင်းပင် ဝုစ်သံမဏိသည် နာမည်ကြီးလာပြီး ဆယ်နှစ်အကြာတွင် တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့သွားပေမည်။ နှစ်နှစ်ဆယ်အကြာတွင် ဝုစ်သံမဏိအား ပြည့်စုံစွာ သွန်းလုပ်နိုင်သည့် နည်းပညာဖြစ်သော တန်နီလပ်ခမ်နည်းပညာ ပေါ်ပေါက်လာခဲ့သည်။
သို့သော်လည်း နှစ်သုံးဆယ်အကြာတွင်တော့ ဟိုက်ဒရာဘတ်တောင်ပေါ်ရှိ ဝုစ်သံမဏိသိုက်ကြီး၏ လက်ကျန် သတ္ထုအိုးကြီးအား အဆုံးသတ်တူးဖော်ခဲ့ကာ ကုန်ဆုံးသွားလေသည်။
ထိုအရာသည် ဟိုက်ဒရာဘတ်တောင်ပေါ်ရှိ နောက်ဆုံး
ဝုစ်သံမဏိသိုက် ဖြစ်သကဲ့သို့ ကမ္ဘာပေါ်ရှိ နောက်ဆုံးသိုက်လဲ ဖြစ်လေသည်။
ထိုအရာသည် ဝုစ်သံမဏိ၏ အခြေအနေများပင် ဖြစ်သည်။
ထိုကဲ့သို့သော သတ္ထုသိုက်ကြီးများသည် အကန့်အသတ်မဲ့မဟုတ်ပေ။ ထိုအရာများသည် ရှားပါးကာ အရေအတွက်နည်းလေသည်။ ယခုအချိန်တွင်တော့
ထိုအချက်များအား သိရှိထားသူ တစ်ယောက်မျှ မရှိသေးပေ။
ဝမ်ချောင်၏မှတ်ဉာဏ်များအရ ထိုဘုန်းကြီးနှစ်ပါးသည် ယခုအချိန်တွင် မဟာထန်၌ပင် ရှိနေဦးမည် ဖြစ်ကာ မဟာထန်မှ လူများသည် အနောက်ပိုင်းမှလူများနှင့် အဆက်အဆံနည်းပါးလေသည်။ ထိုအချက်ကြောင့်ပင် မည်သူမျှ ထူးဆန်းသော ဟိန္ဒူဘုန်းတော်ကြီးနှစ်ပါးအား သတိမထားကြပေ။ ထို့ကြောင့် သူတို့ သယ်ဆောင်လာသော ဝုစ်သံမဏိအကြောင်းဆိုလျှင် ပို၍ပင် သတိမထားမိကြပေ။
အကယ်၍ ယခုအချိန်တွင် ထိုသူတို့အား ရှာဖွေနိုင်လျှင် သူသည် ထင်မှတ်မထားသော အကျိုးအမြတ်များအား ရရှိနိုင်ပေလိမ့်မည်။
ထိုအခိုက်တွင် ဝမ်ချောင်၏ နှလုံးသားသည် ထိန်းမနိုင်သိမ်းမရ ထခုန်လေတော့သည်။
အချိန်နှင့်နေရာ မတူညီသော်ငြားလည်း ဝမ်ချောင်သည် ဝုစ်သံမဏိဖြင့် သွန်းလုပ်သည့် လက်နက်များအား မရေမတွက်နိုင်သောအင်ပါယာများ၏ အရာရှိများ၊ စစ်သူကြီးများက အပူတပြင်း ရှာဖွေနေသည်ကို သူသိရှိထားလေသည်။ သိုင်းပညာကျွမ်းကျင်သူများပင် ပါဝင်ပေသည်။
ဝုစ်သံမဏိ၏ ကြည့်ကောင်းသော ပုံပန်းသွင်ပြင်သည်
စွမ်းအားကြီးသောအရာရှိများ၏ အထိမ်းအမှတ်၊ ရပ်တည်မှုနှင့် လိုက်ဖက်လေသည်။ တစ်ခြားတစ်ဖက်တွင် သိုင်းပညာရှင်များ အနေဖြင့်လည်း ဝုစ်သံမဏိသည် သူတို့၏ တိုက်ခိုက်ရေးစွမ်းအားများကို မြင့်တက်စေနိုင်လေသည်။
ထိုအဖိုးတန်သော ဝုစ်သံမဏိအတွက်ဆိုလျှင် ထိုသူတို့သည် ဒေဝါလီခံရမည်ဆိုလျှင်ပင် ရှိသမျှအား ပုံအောပေးပေလိမ့်မည်။
အကယ်၍ သူသာ ထိုဟိန္ဒူဘုန်းတော်ကြီးနှစ်ပါးထံမှ ဝုစ်စံမဏိအားလုံးအား သိမ်းယူလိုက်နိုင်လျှင် သူရရှိလာမည့် အနာဂတ်အကျိုးအမြတ်များမှာ ပြောစရာပင် မလိုတော့ချေ။ ထိုအချိန်တွင် ဝမ်ချောင် သူ၏စိတ်လှုပ်ရှားမှုများအား မထိန်းချုပ်နိုင်တော့ပေ။
" ညီမလေး ငါနဲ့အတူ လမ်းလျှောက်ထွက်ပြီး လူတစ်ချို့နဲ့တွေ့ဖို့ စိတ်ဝင်စားလား "
ရုတ်တရက် ဝမ်ချောင် နောက်လှည့်လိုက်ပြီး သူ့နောက်တွင်ထိုင်နေသော ညီမငယ်အား လှမ်းကြည့်လိုက်သည်။
" နင်က လမ်းလျှောက်ထွက်ချင်သေးတာလား "
ဝမ်ရှောင်ယောင်၏ မျက်လုံး ဝိုင်းစက်သွားကာ ထိတ်လန့်သွားသည်။ သူမ၏ဖခင်သည် လမ်းပေါ်သို့ ထွက်လည်နေသည်ကို ထပ်မြင်လျှင် ခြေထောက်အား ရိုက်ချိုးပစ်မည်ဟူသော ခြိမ်းခြောက်စကားအား မမေ့သေးပေ။
" ဘာလို့လဲ.. ကြောက်နေတာမလား "
ဝမ်ချောင် ရန်စလိုက်သည်။
" ဟမ့်... ငါကဘာလို့ ကြောက်ရမှာလဲ "
ရန်စလိုက်ခြင်းသည် ဖိတ်ခေါ်ခြင်းထက် ပို၍ထိရောက်လေသည်။ သူထင်ထားသည့်အတိုင်းပင် ဝမ်မိသားစု၏ညီမငယ်သည် သူ၏အကွက်ထဲ ဝင်ရောက်လာသည်။ ဝမ်ချောင်ရယ်မောလျက် အနောက်ပိုင်းဒေသမှ နိုင်ငံခြားသားများ စုဝေးရာသို့ သူ၏ ' အလကားရသောကိုယ်ရံတော် ' ညီမငယ်အား ခေါ်ဆောင်သွားလေသည်။
" ကျေးဇူးပြုပြီး ငါတို့ကို ကျူးချွယ်လမ်းကို ခေါ်သွားပေးပါ "
=============================
လင်းနန်က နန်လင်းတောင်တန်းနားမှာတည်ရှိပါတယ်...တောင်ဘက်တောင်တန်း၊ တောင်ငါးလုံးလို့လဲ ခေါ်ပါတယ်... မော့ပေက ဂိုဘီကန္တာရနားမှာ ရှိပါတယ်.. အဲ့ဒီနေရာတွေက အရမ်းကြမ်းတမ်းခက်ခဲပြီး
အလုပ်ကို ဒီနေရာမှာ ပြောင်းရွေ့ခံရတယ်ဆိုတာ သူတို့ကို အသေသတ်လိုက်တာနဲ့ အတူတူပါပဲ...
(မဲဇာမြိုင်ကိုသိတယ်မလား အဲ့သလိုပါပဲ)
မဟာဓားသုံးမျိုးက ကျနော်ရှာတွေ့သလောက်တော့..
၁. ဒမတ်စကပ်ဓား
အိန္ဒိယက အစ္စလာမ်၊ အီရတ်(အရင်ကပါရှန်းလို့ခေါ်ပါတယ်)၊ အာဖဂန်နစ္စတန်နဲ့ ဘတ်ဟာရာတွေသုံးခဲ့တဲ့ဓား၊
၂. ခရစ်ဓား
စင်္ကာပူ၊ မလက္ကာ၊ ဖိလစ်ပိုင် နဲ့အနီးနားနိုင်ငံတွေသုံးတဲ့ဓား၊
၃. ဂျပန်ရဲ့ နီဟွန်တိုဓားတို့ပဲ ဖြစ်ပါတယ်...
......
တရုတ်လူမျိုးတွေက အိန္ဒိယတွေကို ဟန်မင်းဆက်ရဲ့ ဝူဘုရင်လျှူချဲ လက်ထက်မှာ စင်ဒူးလို့ခေါ်ဆိုကြတာပါ.... ထန်မင်းဆက် အစောပိုင်းမှာတော့ ထျန်ကျူးလို့ ခေါ်ပြန်ပါတယ်... ပါရှန်းတွေက စင်ဒူး သို့ ဟိန္ဒူလို့ခေါ်ပြီး ဂရိလူမျိုးတွေက ဟိန္ဒူ သို့ အင်ဒူလို့ခေါ်ပါတယ်...
ညဏ်အလင်းပွင့်တဲ့ ထန်မင်းဆက်က ဘုန်းကြီးတစ်ပါး ကအနောက်ဘက်ကိုသွားပြီး ကျမ်းစာသွားသယ်တဲ့အခါမှာ အင်ဒူကနေ ယင်ဒူဆိုပြီး ထပ်ပြောင်းပြန်ပါတယ်....
အပေါ်မှာ အများကြီး ရေးထားပေမဲ့လဲ....
ဟုတ်ကဲ့ ဟိန္ဒူဘုန်းကြီး နှစ်ပါးပါ ခင်ဗျ.........ဟီး....