← Chapters

အခန်း (၁၆-၂၀)

Vol. 1 Ch. 16-20

အခန်း (၁၆-၂၀)

Vol. 1 Ch. 16-20

လူသားဧကရာဇ်

ဘာသာပြန်သူ - Xoxay

Chapter 16.

ကစဥ့်ကလျားဖြစ်စဥ်

ကျူးချွယ်လမ်းသည် လူအများအပြားရှိနေပြီး ရှေ့တိုးသူကတိုး ပြန်ထွက်သူထွက်နှင့် စည်ကားလျက်ရှိသည်။ မြင်းလှည်းပေါ်တွင် ထိုင်နေရင်းပင် ဝမ်ချောင် ခန်းဆီးစအား ပင့်မလိုက်ပြီး အပြင်သို့ လှမ်းကြည့်လိုက်သည်။ ဤနေရာတွင် အပြာရောင်မျက်လုံး

နီကျင်ကျင်မုတ်ဆိတ်တို့ဖြင့် ဟူ(နိုင်ငံခြားသား)များက လူစုလူဝေးထဲတွင် များပြားစွာရှိနေကြသည်။

တစ်ချက်ဝေ့ကြည့်လိုက်လျှင် ဝမ်ချောင်သည် သိမ်းငှက်မျက်လုံးကဲ့သို့သော တူရကီလူမျိုးများ၊

လူကောင်သေးသော်လည်း သန်မာပုံရသည့် တိဗက်များ၊ သျှီလာမှလူများနှင့် ဂိုဂူလျောမှလူများ(ကိုရီးယား)၊ ထူထဲသော အနီရောင်၊ အညိုရောင်၊ ရွှေရောင်ဆံပင်နှင့် အနောက်တိုင်းသားများ၊ အဘတ်စစ်စော်ဘွားဒေသမှလူများ၊ ခဲရပ်စပါစီနူ(မားရှန်း/အီရတ်) လူမျိုးများအား တွေ့မြင်ရသည်။

နေရပ်ပေါင်းစုံမှ နိုင်ငံခြားသားများအား မြင်တွေ့နေရသည်တွင် ဝမ်ချောင်စိတ်ထဲ၌ ဖော်ပြမရနိုင်သော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။ သူသည် မတူညီသောကမ္ဘာတွင် ရောက်ရှိနေသည်ဟုဆိုရသော်လည်း မဟာထန်သည် စည်ပင်ထွန်းကား၍ စွမ်းအားကြီးသော မဟာထန်အင်ပါယာ ဖြစ်နေဆဲပင် ဖြစ်သည်။

အခြားနိုင်ငံများနှင့် တိုက်ပွဲများဖြစ်နေသော်လည်း ဤနိုင်ငံရှိ ဟူ များအား နှင်ထုတ်ခြင်းမရှိပေ။ တစ်ကမ္ဘာလုံးအား ဝင်ထွက်သွားလာခွင့် ပေးထားလေသည်။

ဤအပြိုင်ကမ္ဘာတွင် ကမ္ဘာ၏အလယ်၌ ရှိသော နိုင်ငံ ဖြစ်နေခြင်းမှာ သနားဖွယ်ရာပင်။

ဝမ်ချောင် သူ၏နှလုံးသားမှ တဆစ်ဆစ်နာကျင်နေပြီး မကြာမှီပင် သူ၏အသိစိတ်အား ပြန်လည်စုစည်းလိုက်သည်။

ကျူးချွယ်လမ်းသည် နိုင်ငံခြားသား အများဆုံး စုဆုံရာနေရာဖြစ်သောကြောင့် ဤနေရာသည် အနောက်တိုင်းမှလာသော ဟိန္ဒူဘုန်းကြီးနှစ်ပါးအား

ရှာဖွေရန် အသင့်တော်ဆုံးနေရာပင် ဖြစ်လေသည်။

သို့သော် ဝမ်ချောင် ဤနေရာတွင် ကံစမ်းရန် လာရောက်ခြင်းမဟုတ်ပေ။ ကံကြမ္မာဟူသည် စိတ်မချရသောအရာပင် ဖြစ်ကာ ဝမ်ချောင် လူတစ်ယောက်အားရှာရန် ရောက်လာခြင်းသာဖြစ်သည်။

မြို့တော်၏အရှေ့ပိုင်းတစ်ခုလုံးနှင့် ကျူးချွယ်တစ်လမ်းလုံးတွင်ပင် ထိုသူလောက် နိုင်ငံခြားသားများအား သိရှိသည့်လူ မရှိနိုင်ပေ။

သူ၏အရင်ဘဝတွင် မဟာထန်အင်ပါယာသည် စိတ်ကြီးဝင်၍ အဖိုးတန်သည့်အခွင့်အရေးဖြစ်သော ' ဝုစ်သံမဏိ ' အား လက်လွှတ်ခဲ့သည်။ ထို့ကြောင့် မဟာထန်မှ ရရှိသော ဝုစ်သံမဏိအရေအတွက်သည် အလွန်နည်းပါးလေသည်။

ထိုအရာသည် မဟာထန်အင်ပါယာ၏ခွန်အားကို အနည်းငယ်သာ မြှင့်တင်ပေးနိုင်ခဲ့လေသည်။

ဝမ်ချောင် ထိုအမှားအား တည့်မတ်ရန် ယခုနေရာသို့ ရောက်ရှိနေရခြင်း ဖြစ်ပေသည်။

' တစ်ခြားသူရဲ့စွမ်းအားကို လေ့လာပြီး သူတို့ကို ပြန်တိုက်ရမယ် ' ထိုစကားကို ပြောခဲ့သူမှာ သူ၏အရင်ကမ္ဘာမှ ဝေယွမ်ဟု ခေါ်တွင်သည့်သူ ဖြစ်သည်။ လူသားများအား မျိုးနွယ်စုများဖြင့် ခွဲခြားနိုင်သည်။

သို့သော် နည်းပညာ ပိုင်ဆိုင်မှုများတွင် မတူညီပေ။ အထူးသဖြင့် ဝုစ်သံမဏိဖြစ်သည်။

သူ၏ယခင်ဘဝမှ ထိုအဖြစ်ဆိုးအား လွတ်မြောက်စေနိုင်သရွေ့ သူ၏ခွန်အားများအား မည်သည့်နေရာမှပင် ရရှိစေကာမူ သူတတ်နိုင်သမျှ ကြိုးစားပေမည်။

ကျား......

မြင်းလှည်းမှာ တစ်ဖက်သို့လှည့်လိုက်ပြီး ချောင်ကျသောလမ်းကြားလေးအတွင်းမှ ဆိုင်တစ်ဆိုင်သို့ ဝမ်ချောင်တို့အား ခေါ်ဆောင်သွားသည်။

" ရို့.... ဒါက ချောင်သခင်လေးမဟုတ်လား "

ဝမ်ချောင် သူ၏ညီမအား လက်ဆွဲ၍ ဝင်သွားသည်တွင် ကောင်တာနောက်မှ ဝဝဖောင်းဖောင်းအပြုံးမျက်နှာတစ်ခုက ခေါင်းထောင်လာသည်ကို မြင်ရသည်။ ထိုလူဝကြီးသည် သူ၏ရွှေသွားများအား ဖော်ပြလျက် ညစ်ကျယ်ကျယ် ပြုံး၍ ကြည့်နေသည်။

ဤဆိုင်သည် သာမန်အပေါင်ဆိုင်တစ်ခုသာဖြစ်သည်။

အလုပ်မဖြစ်ပုံရသော ဆိုင်ထဲတွင် လူဝကြီးမှာ ဆိုင်ထဲတွင်ရှိသော တစ်ဦးတည်းသောသူပင် ဖြစ်လေသည်။

သို့သော် ဝမ်ချောင် ဤဆိုင်ရှင်မှာ အလွန်ချမ်းသာသည်ကို သိရှိထားလေသည်။

' သုံးနှစ်တာကောင်းစားနေရဖို့ သုံးနှစ်အလုပ်ပိုကြိုးစားလိုက်ပါ ' ထိုစကားစုသည် ဤကဲ့သို့သောလူအား ရည်ညွှန်းခြင်းဖြစ်သည်။ သူသည် နိုင်ငံခြားသားများ မြို့တော်ရှိသခင်လေးများနှင့် ကုန်သွယ်ရာတွင် အထူးကျွမ်းကျင်လေသည်။

ငွေပြတ်လပ်နေသူ အထူးသဖြင့် နိုင်ငံခြားသားတစ်ဦးသည် သူ၏ကိုယ်ပိုင် ဥစ္စာပစ္စည်းအား ဤဆိုင်တွင် လာရောက် ပေါင်နှံနိုင်ပေသည်။ နိုင်ငံရပ်ခြားတွင် သူတို့ငွေပြတ်လပ်သောအခါ အကူညီရရန် အလွန်ခဲယဥ်းပေသည်။ ထို့ကြောင့် သူတို့၏ပစ္စည်းများအား ပေါင်နှံခြင်းမှလွဲ၍ အခြားနည်းလမ်းမရှိပေ။

ထို့ကြောင့် လူဝကြီး နာမည်ပြောင် ' ရွှေသွားကြီး ' သည် မြို့တော်တွင် နိုင်ငံခြားသားများနှင့်ပက်သက်၍

သတင်းအစုံလင်ဆုံးသူပင် ဖြစ်သည်။

ဝမ်ချောင် မြို့တော်တွင် လတ်လျားလတ်လျားလုပ်နေပြီး မာကျောက်နှင့်အခြားသူများနှင့် အပေါင်းအဖော်လုပ်နေသော်လည်း ထိုအရာသည် လုံးဝအသုံးမဝင်ခြင်းတော့မဟုတ်ပေ။

' ရွှေသွားကြီး ' သည် သူမိတ်ဖွဲ့ထားသူများထဲတွင် အသုံးအဝင်ဆုံးသူဖြစ်သည်။

ဝမ်ချောင် မကျေမနပ်ဖြင့် အံကြိတ်ကာ ငွေတစ်ပြားအား စားပွဲပေါ်သို့တင်လိုက်သည်။ ' ရွှေသွားကြီး '၏ ဝန်ဆောင်မှုသည် အလကားမရပေ။ ဝမ်ချောင် ထိုသူ၏အကူအညီအား လိုအပ်သည့်အခါတိုင်း

' သူ၏အသားစများအား ' ပေးနေရသည်ဟုပင် ထင်မိသည်။

" ငါ သတင်း လာဝယ်တာပဲ... မြို့တော်ကို ဟိန္ဒူဘုန်းကြီးတစ်ချို့ ရောက်နေတယ်လို့ကြားတယ်..

ခေါင်းတုံးပြောင်နဲ့ ဝတ်ရုံရှည်ကြီးတွေ ဝတ်ဆင်ထားပြီး သူတို့က မှတ်မိရလွယ်ပါတယ်.. ငါ သူတို့ ဘယ်မှာရှိနေကြလဲ သိချင်တယ် "

ဝမ်ချောင် ပြောလိုက်သည်။

" ဟားဟား... ချောင်သခင်လေးက တည့်တိုးဆန်ပြီး ရိုးဖြောင့်တဲ့သူပဲ ကျိုးအမတ်ကြီးရဲ့မြေးလို့ မပြောရဘူး.. အမ်... ဟိန္ဒူဘုန်းကြီးတွေဟုတ်လား ချောင်သခင်လေးက ဘာလို့ သူတို့ကို ရှာနေတာလဲ.. သူတို့က ထူးထူးဆန်းဆန်းလေသံဝဲဝဲနဲ့ အခွင့်အရေးရတိုင်း တစ်ခြားသူတွေကို တရားဟောဖို့ ချောင်းနေတဲ့သူတွေလေ... ကျုပ်အထင်အရ ချောင်သခင်လေးက သူတို့ကို ဝေးဝေးကရှောင်သင့်တယ်... "

" အဲ့ဒါထက် ချောင်သခင်လေး သူတို့ကိုလာရှာတာက နောက်တောင်ကျနေပြီ... လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက သူတို့ အိန္ဒိယကို ပြန်သွားတာ ကြာလှပြီလေ.. "

ရွှေသွားကြီးသည် ခေါင်းငုံ့၍ ငွေချောင်းအား ယုယစွာပွတ်သပ်ပေးနေပြီး ပြောလိုက်သည်။

" ဘာ...... "

ထိုစကားအားကြားသည်တွင် ဝမ်ချောင် ဆောက်တည်ရာမရ ဖြစ်သွားကာ...

" သူတို့ပြန်သွားပြီ ဟုတ်လား "

ထိုသူ၏စကားသည် သူ့နှလုံးသား၌ ကြီးစွာသော လှိုင်းတံပိုးများ ဖြစ်ပေါ်စေသည်။ ဝမ်ချောင် ထိုဘုန်းကြီးနှစ်ပါးအား မဟာထန်သို့ရောက်ရှိနေမည်ကို ခန့်မှန်းမိသော်လည်း ပြန်သွားပြီးဖြစ်သည်ကိုတော့ မထင်ထားမိချေ။

" ဟုတ်ပါတယ်... သူတို့က မြို့တော်ရဲ့ ဖြူနက်သင်္ဘောကျောက်မျက်ရတနာအရောင်းဆိုင်က ကုန်သည်မြင်းလှည်းနဲ့အတူ ထွက်သွားကြတာ... တကယ်လို့ ချောင်သခင်လေးက အရေးတကြီးတွေ့ချင်တယ်ဆိုရင်တော့ မြို့တော်အနောက်ဘက်ကနေထွက်ပြီး လမ်းမကြီးအတိုင်းလိုက်သွားမယ်ဆိုရင် မှီကောင်းမှီနိုင်ပါလိမ့်မယ် "

ရွှေသွားကြီး ပြောလိုက်သည်။

ဝမ်ချောင် ခေါင်းသာခါလိုက်သည်။ မြို့တော်မှထွက်ပြီး အနောက်ဘက်သို့ဆက်သွားလျှင် မဆုံးနိုင်သောတောင်တန်းနှင့်ကန္တာရသာ ဝန်းရံနေပေလိမ့်မည်။ ထိုသူတို့က ယူမန်တောင်ကြားလမ်းအား ကျော်ဖြတ်ရန် သုံးရက်ပင် လိုမည်မဟုတ်ပေ။

ကမ္ဘာကြီးသည် ကျယ်ပြောလှသည်။ ဟိန္ဒူဘုန်းကြီးနှစ်ပါးအား တင်ဆောင်ထားသော မြင်းလှည်း(ရထားလုံး)၏ နေရာအကျအား မည်သို့ ရှာဖွေနိုင်မည်နည်း။

ရွှေသွားကြီး၏ စကားသည် သူ့အား နှစ်သိမ့်ရုံသက်သက်ပင်။

" ကျေးဇူးပဲ "

ဝမ်ချောင် အပေါင်ဆိုင်မှ စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာခဲ့လိုက်သည်။ ကြည့်ရသည်မှာ သူသည် ဝုစ်သံမဏိဖြင့် ကံစပ်သည့်ပုံ မပေါ်ပေ။

" သွားကြစို့... ငါတို့အိမ်ပြန်ကြမယ် "

မောင်နှမနှစ်ယောက်သား မြင်းလှည်းပေါ်သို့ ခုန်တက်၍ အိမ်သို့ ပြန်လည် ဦးတည်လိုက်သည်။

........

ဝမ်ကလန်ခြံဝင်းသို့ သူတို့ ပြန်ရောက်ချိန်တွင် ကောင်းကင်ပင် အမှောင်ကျနေလေပြီ။ ခြံဝင်းတစ်ခုလုံးအား မီးအိမ်များဖြင့် တောက်ပစွာ အလင်းပေးထားသော်လည်း ထိုအရာသည် အထီးကျန်ခြင်းကိုသာ ခံစားမိစေသည်။

" ဒီမှာပဲ ရပ်လိုက်တော့ "

အဝင်ဂိတ်ပေါက်အား ဖြေးညှင်းစွာ ဖွင့်၍ သူတို့မောင်နှမ သက်ဆိုင်ရာအခန်းသို့ ပြန်မည်ပြုစဥ်တွင်

အဓိကခန်းမမှ အော်ဟစ်သံ ပဲ့တင်လာသည်ကို ကြားလိုက်ရသည်။

" ချာတူးလန်နှစ်ယောက် "

မောင်နှမနှစ်ယောက်လုံး တောင့်တင်းသွားသည်။ ဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်သည်တွင် ခန်းမအတွင်း၌ ဖယောင်တိုင်နှစ်ချောင်း ထွန်းထားသည်ကို

မြင်ရသည်။ လင်းထိန်နေသောအလင်းရောင် အောက်တွင် ရေခဲမျက်နှာတစ်ခုအား မြင်နေရပြီး သူတို့နှစ်ယောက်အား အေးစက်စက်ကြည့်နေသည်ကို တွေ့လိုက်ကြရသည်။

" အ... အမေ..... "

ဝမ်ရှောင်းယောင်၏ကိုယ်သည် တုန်ခါနေပြီး သူမကိုယ်ကို အနည်းငယ် ပြင်ဆင်လိုက်ကာ လှည့်လိုက်သည်။

" အမေ "

ဝမ်ချောင်၏ မျက်နှာပေါ်တွင် မသက်မသာဖြစ်နေသည့်အကြည့်အား မြင်နိုင်သည်။ သူ အပြင်ဘက်၌ ရွှေသွားကြီး၏ အပေါင်ဆိုင်အား သွားရောက်ရန် အားထုတ်ရခြင်းမှာ သူ၏မိခင်နှင့် မျက်နှာချင်း မဆိုင်လို၍ ဖြစ်ပေသည်။ သူ မထင်ထားသည်မှာ ထိုသို့လုပ်ခဲ့သော်လည်း သူမ၏လက်အတွင်း သက်ဆင်းရသည်ကို ဖြစ်သည်။

သူ့မိခင်၏ ရေခဲမျက်နှာအား မြင်တွေ့ရသည်တွင် သူမသည် သူတို့နှစ်ယောက်ပြန်လာသည်အား အချိန်အတော်ကြာ စောင့်နေခဲ့ပုံပေါ်သည်။ ကြိုးကြာပျံဝဲစံအိမ်မှ သတင်းများအား သူမ ကြားသိထားပြီးဖြစ်ကြောင်း သိသာပေသည်။

" မင်းတို့အသုံးမကျတဲ့နှစ်ယောက်.. ဒီနေ့ ဘယ်သွားခဲ့ကြတာလဲ ပြောစမ်း "

ဝမ်အမေ၏မျက်နှာသည် အေးစက်နေပြီး ကြည့်မိလျှင်ပင် ကြောက်ရွံစေသည်။

မောင်နှမနှစ်ယောက်လုံး ကြက်သီးများပင် ထလာကြသည်။ ဝမ်မိသားစုအတွင်းတွင် ဝမ်အဖေသည် မျက်နှာထားတင်းသော်လည်း သူသည် စစ်မြေပြင်တွင် ရှိနေသည်ကများပြီး အိမ်မှအရေးကိစ္စများအား ဝင်ရောက်ပါဝင်သည်မှာ ရှားပါးသည်။

ဤမိသားစုတွင် အမှန်တကယ်ဩဇာအာဏာ သက်ရောက်သည်မှာ သူတို့၏မိခင် ကျောက်ရှုဟွာပင်ဖြစ်သည်။

အခြားမိသားစုများတွင် မိခင်များသည် နူးညံ့ကြပြီး ဖခင်များက မျက်နှာထားတင်းကြသည်။

ဝမ်ကလန်တွင်တော့ ထိုသို့မဟုတ်ပေ။ သူတို့၏မိခင်နှင့် နှိုင်းယှဥ်လျှင် သူတို့၏ဖခင်ပင် ချစ်ခင်အလိုလိုက်သည်ဟု ပြောနိုင်သည်။

" သ... သမီးတို့ ကြိုးကြာပျံဝဲစံအိမ်ကို သွားခဲ့တာပါ "

ဝမ်ချောင် အသက်ရှုပင် အနည်းငယ် ရပ်တန့်သွားသည်။ သူသည် ထိုအရာအား ရှောင်လွဲမရနိုင်သည်ကို သိသော်လည်း မရှင်းပြချင်သေးပေ။

" ကြိုးကြာပျံဝဲစံအိမ်ကိုသွားတယ် ဟုတ်လား... ကြိုးကြာပျံဝဲစံအိမ်ကို သွားရုံသက်သက်ပဲလား "

ဝမ်အမေ စားပွဲခုံအား ကြမ်းတမ်းစွာ ရိုက်လိုက်ပြီး သူမ၏အသံ မာကျောနေသည်။

' ဘန်း.... '

သူမနှင့် ငြင်းခုန်နေတော့ပဲ ဝမ်ချောင် ဒူးထောက်ချလိုက်သည်။

" သားမှားပါတယ် အမေ... ဒီကိစ္စမှာ သားအမှားကြီး လုပ်ခဲ့မိပါတယ် "

ဝမ်ချောင် သူ၏မိခင် အလွန်စိတ်ဆိုးဒေါသထွက်နေသည်ကို သိလေသည်။ ယခုဘဝတွင်သာမက ယခင်ဘဝတွင်ပင် ဝမ်ချောင် မခံစားနိုင်သည်မှာ

သူ့မိခင်၏ စိတ်ပျက်မှုနှင့် ဝမ်းနည်းမှုပင် ဖြစ်သည်။

သူမသည် ခက်ထန်သည်မှန်သော်လည်း သူ၏ယခင်ဘဝတွင် သူမသည် အခြားမိခင်များနှင့်မခြား သူမ၏မိသားစုအား အလွန်ချစ်မြတ်နိုးသည်ကို ဝမ်ချောင်သိလေသည်။

ဝမ်ချောင် သူမအား အလွန်ချစ်ခင်မြတ်နိုးရသည်မှာ သူသည် အရာအားလုံးအား တစ်ခါ ဆုံးရှုံးထားဖူးသောကြောင့် ဖြစ်သည်။

ယခင်ဘဝတွင် သူ၏မိခင်သည် ပိန်လှီနေပြီး အားနည်းသောခန္ဓာကိုယ်မှာ သူ့ရှေ့တွင်ပင် ပြိုလဲသွားခဲ့သည်ဖြစ်ရာ သူ၏နှလုံးသား တစ်စစီပဲ့ကြွေခဲ့ရသည်။ ထို့ကြောင့် သူ၏မိခင်အား ဒေါသထွက်အောင်မလုပ်မိရန်နှင့် သူမအား မျက်ရည်ကျအောင် ထပ်မံမလုပ်မိစေရန် လေးနက်စွာ ကျိန်ဆိုထားသည်။

" မှားတယ်ဟုတ်လား.... မင်းက အမှားလုပ်ခဲ့တယ်လို့ပဲ ထင်နေတာလား "

ဝမ်အမေသည် ဒေါသထွက်လွန်းသောကြောင့် သူမ၏ကိုယ်ပင် တုန်ယင်နေပြီ ဖြစ်သည်။

" မင်းရူးသလို ပေါသလိုလုပ်မနေနဲ့... မင်းရဲ့ညီမကိုလဲ ခေါ်သွားခဲ့သေးတယ်... ယောင်ကလန်ရဲ့သခင်ကြီးက ဒီကိစ္စကို အရှင်မင်းကြီးနဲ့ မင်းရဲ့အဘိုးဆီတင်ပြလိုက်တာ မင်းသိလား... ဒီကိစ္စက မြို့တော်မှာအတော်လေးကို ယမ်းပုံမီးကျဖြစ်နေပြီ "

" နံနက်ခင်းအစည်းအဝေးပြီးပြီးချင်းပဲ မင်းတို့ရဲ့ဦးလေးကြီးက ငါတို့ခြံဝင်းကို ရောက်လာပြီး

ငါတို့ဘာလုပ်နေတာလဲ ဝမ်ကလန်တစ်ခုလုံးကို အသေသတ်ချင်နေတာလားလို့ ဒေါသတကြီးနဲ့ မေးခွန်းထုတ်သွားတယ် "

" ဘယ်လို.. "

ဝမ်ချောင်၏ကိုယ် ဆတ်ခနဲ့ တုန်ခါသွားပြီး ခေါင်းခါလိုက်သည်။ သူထိတ်လန့်နေသည်။ သူ၏ယခင်ဘဝတွင် ဤကိစ္စအား မကြုံဖူးခဲ့လေရာ ယောင်ကလန်၏

ယောင်သခင်ကြီးသည် သူနှင့်သူ၏ညီမအား အရှင်မင်းကြီးထံ အမှန်ပင် အစီရင်ခံလိမ့်မည်ဟု သူ

မမြင်ယောင်ဖူးခဲ့ပေ။ ထို့အပြင် သူ၏ ဦးလေးကြီးသည်ပင် ခြံဝင်းသို့လာ၍ မေးခွန်းထုတ်ခဲ့လေသည်။

" ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ ... "

ဝမ်ချောင် ထိတ်လန့်နေကာ ကယောင်ကတမ်း ရေရွတ်လိုက်မိသည်။ သူတွေးထင်ထားသည်မှာ ယောင်ကွမ်းရီသည် သူ၏ဖခင်အား ရည်ရွယ်ချက်ရှိရှိ ထိုးနှက်ချင်ပြီး သူ၏ဖခင်နှင့်စုန့်ဘုရင်အကြား ဝေးကွာစေချင်သည်ကိုသာဖြစ်ရာ ယခုကိစ္စအား သူမတွေးမိပေ။ အနည်းဆုံး ယခုအနေအထားကိုပင် မတွေးမိပေ။

သိုသော် ဝမ်ချောင် တစ်စုံတစ်ယောက်အား လျှော့တွက်မိပြီ ဖြစ်ကြောင်း သိလိုက်သည်။ ထိုသူမှာ

ယောင်ကလန်၏ ယောင်သခင်ကြီးပင် ဖြစ်ပေသည်။

အကယ်၍ ယောင်ကွမ်းရီသည် ကောက်ကျစ်စဥ်းလဲသောမြေခွေးအိုကြီးဆိုလျှင် ယောင်သခင်ကြီးသည်

ထိုမြေခွေးအိုအား လက်တစ်ဖက်တည်းနှင့်ပင် ထိန်းချုပ်မွေးမြူထားသည့်သူပင် ဖြစ်သည်။

သူသည် တော်ဝင်ရုံးတော်ကိုပင် မုန်တိုင်းထန်အောင် လုပ်နိုင်သည့် အာဏာအား ကိုင်စွဲထားသည်။ ယောင်ကွမ်းရီ ဆယ်ယောက်ပေါင်းလျှင်ပင် ယောင်သခင်ကြီး၏ ချမ်းသာကြွယ်ဝမှုအား မမှီနိုင်ပေ။ ဝမ်ချောင် သူ၏ယခင်ဘဝမှ အကြောင်းအရာတစ်ခုအား ရှင်းလင်းစွာ မှတ်မိလေသည်။ ယောင်သခင်ကြီး၏တူတစ်ယောက်သည် တော်ဝင်ရုံးတော်မှ အရာရှိတစ်ယောက်အား လာဘ်ထိုးခဲ့သည်။ အဆုံးတွင် ဝေအမည်ရသော အရာရှိတစ်ယောက်သည် သူ့တူ၏လုပ်ရပ်အား အင်ပါယာထံ တင်ပြခဲ့လေသည်။

ပုံမှန်အားဖြင့် ရုံးတော်အရာရှိတစ်ယောက်တွင် ထိုကဲ့သို့သော ကိစ္စရပ် ဖြစ်ပွားခဲ့လျှင် ထိုသူ၏ ရာထူးအား ရုတ်သိမ်းကာ နိုင်ငံရေးလောကမှ နှင်ထုတ်ပစ်မည်ဖြစ်သည်။

ယောင်သခင်ကြီး၏ မယုံနိုင်ဖွယ်ရာချမ်းသာကြွယ်ဝမှုအောက်တွင်တော့ ထိုအရာရှိ မှန်ကန်နေသော်လည်း ရာထူးမှ သူကိုယ်တိုင်ပင် နှုတ်ထွက်သွားရသည်သာမက သူ၏တူအား အပြစ်ကင်းစင်သည်ဟု ကြေငြာကာ လွတ်မြောက်စေလေသည်။ ထိုဖြစ်ရပ်သည် ဤကဲ့သို့သာ အဆုံးသတ်ခဲ့သည်။

ဝမ်ချောင် ဤဖြစ်ရပ်အား အလေးအနက်ထားလေသည်။ သူ၏ယခင်ဘဝတွင်သာမက ယခုဘဝတွင်ပင် ထိုကိစ္စအား သူ၏ဖခင်၊ အစ်ကိုကြီးနှင့် ဒုတိယအစ်ကိုတို့ ကြိမ်ဖန်များစွာ ပြောဆိုဖူးသည်ကို သူကြားဖူးလေသည်။ သူ ယောင်သခင်ကြီးနှင့် မတွေ့ဖူးသော်လည်း သူ့အား ကြောက်ရွံမိလေသည်။

သူ၏ ပြဿနာများအား ဖြေရှင်းသောနည်းလမ်းမှာ

အလွန်သိမ်မွေ့ပြီး နားလည်ရခက်ခဲသည်။ ထိုအရာသည် သာမန်ကြွယ်ဝမှုနှင့် တိုင်းတာ၍ မရပေ။

ဝမ်ချောင် သူ၏အာရုံစိုက်မှုတွင် ယောင်ကွမ်းရီသာရှိနေပြီး ထို့နောက်တွင်ပုန်းကွယ်နေသော ယောင်သခင်ကြီးအား ပစ်ပယ်ထားမိသည်ကို သိရှိလိုက်သည်။

ယောင်သခင်ကြီးနှင့်သူ၏အဘိုးသည် လွယ်ကူသော ပစ်မှတ်များမဟုတ်ပေ ထိုသူနှစ်ယောက်လုံးသည်

နိုင်ငံရေးပြိုင်ဘက်များပင် ဖြစ်သည်။ သူတို့၏ ထိုသို့သော ဆက်ဆံရေးမှာ လွန်ခဲ့သောမင်းဆက် ကတည်းကပင် ဖြစ်လေသည်။

ထို့အပြင် ယောင်သခင်ကြီးသည် ယောင်ဖုန်းအား အလွန်ချစ်မြတ်နိုးသည်။ သူ၏ယခင်ဘဝတွင်ပင် ယောင်သခင်ကြီးသည် အင်ပါယာမင်းကြီးထံ သူ့မြေးအတွက် အရာရှိရာထူးတစ်ခု ပေးအပ်ရန် ကိုယ်တိုင် တောင်းဆိုဖူးလေသည်။ ထို့ကြောင့် ယခုကိစ္စရပ်အား တင်ပြသည်မှာလည်း အံ့သြစရာမဟုတ်တော့ပေ။

ထိုအချက်အား ထောက်ရှု၍ ယောင်သခင်ကြီးမှ သူ့အဘိုး၏ ထင်ပေါ်ကျော်ကြားမှုအား ကိုင်လှုပ်ရန် နည်းလမ်းရသည်နှင့် ပြုလုပ်သည်ဟု တွေးကြည့်လျှင်

အံ့သြစရာမဟုတ်တော့ပေ။

သို့သော် သူ့အား ထိတ်လန့်စေသည်မှာ သူ၏ဦးလေးကြီးပင် ဖြစ်သည်။

သူ၏ဦးလေးကြီးနှင့် သူ၏ဖခင်တို့သည် ဆက်ဆံရေးကောင်းမွန်သူများ မဟုတ်ကြပေ။ သူ၏ဖခင်နှင့်မတူညီစွာ သူ၏ဦးလေးသည် စစ်သူကြီးတစ်ယောက်မဟုတ်ပဲ တော်ဝင်ရုံးတော်မှ အဆင့်မြင့်သောရာထူးအား ရရှိထားသူ အရာရှိတစ်ယောက်ဖြစ်ပေသည်။ သူသည် ဝမ်ချောင်အဘိုး၏လွှမ်းမိုးမှုဖြင့် တော်ဝင်ရုံးတော်တွင် သူ၏အဆက်အသွယ်များစွာ တည်ဆောက်ထားသည် ဖြစ်သည်။

ထို့ကြောင့် သူ့ဖခင်၏ ရပ်တည်မှုသည် သူနှင့် မနှိုင်းယှဥ်နိုင်ပေ။ ဝမ်ကလန်မှ အခြားသူများသည်လည်း ထို့အတူပင် ဖြစ်သည်။ သူသည် အစဥ်အမြဲ မာနထောင်လွှားပြီး အခြားသူများအား အထင်သေး နှိမ့်ချ ဆက်ဆံတတ်လေသည်။

ဝမ်ချောင်၏ အခြားဦးလေးနှင့်အဒေါ်များသည် သူ၏မာနထောင်လွှားမှုအား သည်းခံ၍သာ နေကြရလေသည်။ သို့သော် ဝမ်ချောင်၏အဖေ ဝမ်ယန်သည်

သမားရိုးကျစစ်သားသာဖြစ်ပြီး ပွင်းလင်းရိုးသားကာ သူ့အား အမြဲပြန်လှန်ပြောလေရာ သူတို့အကြားတွင်

မကြာခန ပဋိပက္ခ ဖြစ်ပွားလေသည်။

ထို့ကြောင့် သူ၏ဖခင်နှင့်ဦးလေးကြီး အကြားရှိ ဆက်ဆံရေးသည် အမြဲရန်လိုနေသည် ။ သူ၏ယခင်ဘဝ၌ ဝမ်ချောင်သည် သူ့အပေါ်အမြင်မကြည်မှု အနည်းငယ်သာရှိခဲ့သည်။ ထို့ကြောင့် သူ၏ခြံဝင်းသို့လာ၍ မေးခွန်းထုတ်သည်အထိ ဖြစ်လိမ့်မည်ကို သူမထင်ထားပေ။

" မင်းက ဘယ်လိုဖြစ်နိုင်မှာလဲလို့ ပြောရဲသေးတယ်လား "

ဝမ်အမေ၏နားသည် ဝမ်ချောင်၏ တီးတိုးသံအား ကြားရလောက်အောင် နားပါးလေသည်။ သူ၏တီးတိုးသံအားကြားလျှင် ဝမ်အမေ ဒေါသပေါက်ကွဲလေတော့သည်။

" မင်းအဖေနဲ့ဦးလေးကြားက အကြောင်းကို မင်းမသိတာလဲမဟုတ်ဘူး.. သူကမင်းအဖေကို ဘယ်တုန်းကမှ သဘောမကျခဲ့ဘူး ပြီးတော့ မင်းအဘိုးရဲ့ နှစ်ခုနစ်ဆယ်ပြည့်မွေးနေ့က ရောက်တော့မယ်.. မင်းအဖေကို

မင်းဦးလေးတွေအဒေါ်တွေရှေ့ မင်းအဘိုးရဲ့မိတ်ဆွေဟောင်းတွေရှေ့မှာ အရှက်ရစေချင်တာလား "

အဆုံးတွင် ဝမ်အမေ ထိန်းမရတော့ပဲ သူမ၏ မျက်လုံးများပင် နီရဲလာကာ မျက်ရည်များ ကျတော့မလိုပင် ဖြစ်လာသည်။

သူမသည် မနေ့က ကိစ္စနှင့်ပက်သက်၍ သူမ၏သားသည် ပြောင်းလဲသွားပြီဟု ထင်ခဲ့သည်။ သို့သော်

ကြိုးကြာပျံဝဲစံအိမ်သို့ သူ၏ညီမအား ခေါ်သွားကာ ယောင်သခင်လေးကိုပင် ရိုက်နှက်ခဲ့သေးသည်။

ထိုအရာသည် ယောင်ကလန်နှင့်ဝမ်ကလန်အကြား ဖြစ်နေကျပင် ဖြစ်ကာ အရေးပါသောကိစ္စမဟုတ်ပေ။ သို့သော် ယောင်သခင်ကြီးသည် သူ၏အဘိုးအား နှိပ်ကွပ်ချင်၍ အင်ပါယာထံသို့ တင်ပြခဲ့လေသည်။

ဝမ်ချောင်၏ မိခင်အနေဖြင့် သူမသည် ဤဖြစ်ရပ်တွင် အပြည့်အဝ တာဝန်ရှိပေသည်။

================================

ဟူ ဆိုတာ နိုငိငံခြားသားတွေကို ဆိုလိုတာပါ..

အရင်အခန်းတွေမှာ သိပ်မရှင်းလို့ မပြောပြခဲ့မိတာပါ..

' တစ်ခြားသူရဲ့စွမ်းအားကို လေ့လာပြီး သူတို့ကို ပြန်တိုက်ရမယ် ' ဆိုတဲ့ကား ချင်မင်းဆက်မှာ ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်.. ဝေယွမ်လို့ခေါ်တဲ့ ပညာရှိက ပြောခဲ့တာပါ.... ချင်မင်းဆက်ဟာ အိုပီနမ်စစ်ပွဲမှာရှုံးနိမ့်ခဲ့ပြီးတဲ့နောက် သူက နယ်စပ်ကို ဖွင့်ပြီး ဗြိတိန်တို့ဆီကနေ နည်းပညာတွေသင်ယူကြဖို့ အဆိုပြုခဲ့တာဖြစ်ပါတယ်.. ဒါဆို တရုတ်ပြည်က ပိုတိုးတက်လာမယ်ပေါ့.. အတိအကျပြောရရင် ' အနောက်နိုင်ငံသားတွေရဲ့စွမ်းအားကို လေ့လာပြီး သူတို့ကို ပြန်တိုက်ရမယ် ' ပေါ့...

ခဲရပ်စပါစီနူလူမျိုး ( Charax Spasinu )

ခဲရပ်စင်းနိုင်ငံ ( Characene )

ဥဖရတ်နဲ့တိုက်ဂရစ် မြစ်နှစ်စင်းကြားမှာ တည်ရှိပါတယ်...ရှေးဟောင်းအီဂျစ်မျိုးနွယ် အခုခေတ်အခေါ်အရ အီရတ်ပေါ့

ယူမန်တောင်ကြားဆိုတာက မဟာထန်အင်ပါယာနယ်စပ်ရဲ့ ပိုးလမ်းမကြီးအနီးမှာ တည်ရှိပါတယ်...

လူသားဧကရာဇ်

ဘာသာပြန်သူ - Xoxay

Chapter 17.

ဝမ်ချောင်၏ ရှာဖွေတွေ့ရှိမှု

ဝမ်ချောင်အပေါ် သူမ မြင့်မားစွာမျှော်မှန်းထားမိသည့်အတွက် အလွန်စိတ်ပျက်မိခြင်းလည်း ဖြစ်ပေသည်။

ထိုခံစားချက်သည် ဝမ်ချောင်နှင့် မသက်ဆိုင်ပဲ သူမကြောင့်သာ ဖြစ်လေသည်။

သားတစ်ယောက် လမ်းမှားရောက်ခြင်းသည် မိခင်နှင့်သာ သက်ဆိုင်ရာ သူမသာ ဝမ်ချောင်အား ယခုလောက် အလိုမလိုက်ခဲ့လျှင် ဤအခြေအနေထိ ဖြစ်လာမည်လား။

" အမေ.. သားမှားသွားတယ်ဆိုတာ သားသိပါတယ် "

ဝမ်ချောင် ခေါင်းငုံ့ကာ ဒူးထောက်ချလိုက်သည်။ သူသည် မိမိကိုယ်ကိုသာ ပြင်းထန်စွာ အပြစ်တင်မိသည်။ သူ၏လုပ်ရပ်များသည် ဝမ်ကလန်နှင့်သူ၏ဖခင်အတွက်သာ ဖြစ်ပြီး သူ မမှားသည်ကို သူသိသော်လည်း သူ၏မိခင်သည် ထိုကိစ္စများအား

နားလည်မည် မဟုတ်ပေ။

ဝမ်ချောင် သူ၏မိခင်အား ရှင်းပြနိုင်မည့်နည်းလမ်းအား ရှာမတွေ့ပေ။ သူ၏ဖခင်သည် ယောင်ကွမ်းရီ၏ စစ်တပ်နှင့်တွေ့ဆုံရန် လဝက်ခန့်မျှ လိုအပ်သေးရာ

သူ၏မိခင်သည်လည်း ထိုအခါမှပင် သူလုပ်ခဲ့သည်များအား နားလည်နိုင်ပေလိမ့်မည်။

" အမေ.. ဒီကိစ္စမှာ အစ်ကို့ဖက်က မှားတာမဟုတ်ဘူး "

ရုတ်တရက်ပင် ဆည်းလည်းသံကဲ့သို့သော ချိုလွင်သော အသံလေးသည် သူ၏နံဘေးမှ ပေါ်ထွက်လာသည်။ သူမ၏အစ်ကိုသည် သူ၏အပြစ်ဟုသာ အကြိမ်ကြိမ်ဝန်ခံနေရာ သူမအား မကျေမနပ်ဖြစ်စေပြီး ဘေးတွင်ရပ်၍ မကြည့်နေနိုင်တော့ပဲ မတ်တပ်ရပ်ကာ ဝင်ရောက်ပြောဆိုလိုက်သည်။

သူမ၏မိခင်အား သူမ ကြောက်ရွံသော်လည်း ဝမ်ရှောင်းယောင်သည် သူမ၏အစ်ကို ထိုကဲ့သို့ ကြီးစွာမတရားခံနေရသည်ကို မြင်ရသော် မခံမရပ်နိုင် ဖြစ်လာသည်။

" အစ်ကိုကမှ မမှားတာ.. အမေကဘာလို့ အစ်ကို့အမှားလို့ပဲ ပြောနေရတာလဲ "

ဝမ်ရှောင်းယောင် သူမ၏မိခင်အား ကြည့်ကာ ကာကွယ်ပြောဆိုလိုက်သည်။

" နင်ဘာပြောလိုက်တယ်..... "

ဝမ်အမေ အလွန်အံ့အားသင့်သွားသည်။ သူမမျက်လုံး

ကျယ်လာပြီး ဒေါသကြောင့် ခန္ဓာကိုယ်သည် တုန်ယင်နေသည်။

" နင်ကငါ့စကားကို ပြန်ချေပရဲသေးတယ်လား "

" ညီမလေး ဆက်မပြောနဲ့တော့ "

ဝမ်ချောင်သည်လည်း အံ့သြနေမိသည်ပင်။ သူ့ညီမငယ်၏လက်အား လျင်မြန်စွာ လှမ်းဆွဲလိုက်သော်လည်း သူမက ပုတ်ချပစ်သည်။

" ဟမ့်... ငါက ဘာလို့မပြောရမှာလဲ "

ဝမ်မိသားစုညီမငယ်၏ ခေါင်းမာသော အကျင့်က တစ်ဖန်ပေါ်ပေါက်လာပြန်သည်။ ယခုတစ်ခါတွင်တော့

ဝမ်ချောင်၏စကားအား အလုံးစုံမျက်ကွယ်ပြုလျက်..

" အဲ့ဒီယောင်ဖုန်းက မာကျောက်ကို အသုံးချပြီး အစ်ကိုက မိန်းမပျိုတစ်ယောက်ကို မုဒိန်းကျင့်ပါတယ်ဆိုပြီး အကွက်ချခဲ့တာ... ဒါကြောင့် အစ်ကိုနဲ့သမီးက သင်ခန်းစာပြန်ပေးဖို့ သွားခဲ့တာပဲလေ.. ဒီလိုလုပ်တာ သမီးတို့မှားလား "

" ဘယ်လို... ယောင်ကလန်က ယောင်ဖုန်းက မာကျောက်ကိုအသုံးချပြီး နင့်အစ်ကိုကို အကွက်ဆင်တယ်ဟုတ်လား "

ဝမ်အမေ အမှန်ပင် မှင်သက်နေသည်။ သူမသည် ဒူးထောက်နေသော ဝမ်ချောင်နှင့် ခေါင်းမာသောဝမ်ရှောင်းယောင်အား စိုက်ကြည့်နေမိသည်။ သူမသည် ဤဖြစ်ရပ်အား အထင်လွဲနေပြီ ဖြစ်ကြောင်း သိလိုက်သည်။

" ဒါပေါ့.. အဲ့ဒီမကောင်းတဲ့ကောင် မာကျောက်ကိုယ်တိုင် ဝန်ခံတာ သမီးကိုယ်တိုင်တွေ့ခဲ့တာ "

ဝမ်ရှောင်းယောင် ရဲရင့်စွာ ဆိုလိုက်သည်။

ဆယ်နှစ်သား သမီးငယ်၏ အတွေးသည် အလွန်အပြစ်ကင်းပေသည်။ ထိုအချက်ကြောင့်ပင် ဝမ်ချောင်

သူမအား ကြိုးကြာပျံဝဲစံအိမ်သို့ ခေါ်သွားသည်မှာ

လက်စားချေရန်ပင် ဖြစ်သည်ဟု သူမတွေးထင်နေပုံရသည် ဖြစ်ပေသည်။

လူတစ်ယောက်သည် ကျေးဇူးကြွေးအား ပြန်ဆပ်ရမည်ကဲ့သို့ပင် ရန်ငြိုးအားလဲ တုံပြန်ရပေမည်။ သူမအစ်ကို၏လုပ်ရပ်အား သူမ အကြည့်အဝ ထောက်ခံပေသည်။

ဝမ်အမေသည် ဒေါကန်နေသော်လည်း ယခုအချိန်တွင် သူမ၏ ဒေါသများ အနည်းငယ် လျော့ပါးလာပြီဖြစ်သည်။ ထိုမောင်နှမနှစ်ယောက်အား သူမ ဆွံအစွာ ကြောင်ကြည့်နေမိသည်။ အစကတည်းကပင် ဝမ်ချောင်သည် မိန်းမပျိုတစ်ယောက်အား အဓမ္မကျင့်သည် ဆိုသည်ကို သူမ ယုံကြည်ခဲ့သည် မဟုတ်ပေ။

သူမ၏သားသည် ခေါင်းမာသည်၊ နာခံမှုမရှိ၊ ပျင်းရိပြီး မကောင်းသော အပေါင်းအပါများနှင့်သာ ဆက်ဆံသည်ဖြစ်သော်လည်း ဝမ်ချောင်၏ဂုဏ်သတင်းသည် မည်မျှ နိမ့်ကျနေစေကာမူ ဝမ်အမေက သူ့သားသည် ထိုမျှလောက် ယုတ်ညံ့သောအမှုအား ပြုလုပ်သည်အထိ နိမ့်ကျမည်ဟု မယုံကြည်ပေ။

ဝမ်ချောင် ထိုအရာအား မပြုလုပ်သော်လည်း သူမ အပြစ်ပေးရခြင်းမှာ ထိုသတင်းသာ အပြင်သို့ ပေါက်ကြားသွားလျှင် ဝမ်ချောင်၏ဂုဏ်သတင်း၊ ဝမ်ကလန်၏ဂုဏ်သတင်းသည် ထိုဖြစ်ရပ်ကြောင့် အဖတ်ဆယ်၍ပင် ရမည် မဟုတ်တော့ပေ။

အပြင်လူများသည် အမှန်တရားအား မသိရှိကြပေ။ သူတို့သည် ထိုအရာအား ပြုလုပ်သူမှာ ဝမ်ချောင်သာဖြစ်ပြီး ဝမ်ချောင်သည် ကျိုးအမတ်ချုပ်ကြီး၏မျိုးဆက်ဖြစ်သည်ဟုသာ သိထားကြလေသည်။

" ဒါ အမှန်ပဲလား "

ဝမ်အမေ မေးလိုက်သော်လည်း သူမ၏အကြည့်သည် ဝမ်ရှောင်းယောင်ထံတွင် မရှိပဲ ဒူးထောက်နေသည့် ဝမ်ချောင်ထံ ရောက်ရှိနေသည်။

"... အင်း... "

ဝမ်ချောင် သူ၏ခေါင်းအား မငြိမ့်ခင် အနည်းငယ် တွန့်ဆုတ်နေသည်။ ကြိုးကြာပျံဝဲစံအိမ်သို့ သူသွားခဲ့သည်မှာ လက်စားချေရန် တစ်ခုတည်းအား ရည်ရွယ်ထားသည်မဟုတ်သောကြောင့် သူ့ညီမ၏ စကားသည်လည်း မှားနေသည်ဟု ပြော၍မရပေ။

" ဟင်း....... "

ဝမ်အမေ သက်ပြင်းရှည်ချလိုက်သည်။ ထိုအချိန်တွင်

သူမ၌ ပြောစရာ စကားမရှိတော့ပေ။ ထိုမောင်နှမနှစ်ယောက်သည် ပြဿနာကြိီး ဖြစ်ပေါ်စေခဲ့သည်။ ယောင်ကလန်နှင့်််ဝမ်ကလန်ပါ ထိုအထဲတွင် ပါဝင်စေခဲ့ပြီး အင်ပါယာအရှင်ပင်လျှင် သတိထားမိစေသည်အထိ ဖြစ်ပျက်သွားခဲ့သည်။ အချက်ကျကျပြောရလျှင် သူမသည် သူတို့အား ပြင်းထန်စွာ သင်ခန်းစာပေးရန်မှလွဲ၍ ရွေးချယ်စရာမရှိပေ။

သို့သော် ယောင်ဖုန်းသည် မာကျောက်အား အသုံးပြု၍ အကွက်ဆင်ကာ မြို့တော်တွင် ဝမ်ချောင်၏ ဂုဏ်သတင်းအား ကုန်းကောက်စရာပင် မကျန်အောင် ဖျက်ဆီးခဲ့သည်။ ဝမ်ချောင် ဒေါသတကြီးဖြင့် ကြိုးကြာပျံဝဲစံအိမ်သို့ သူ၏ညီမအား ဦးဆောင်ကာ သွားရောက်သင်ခန်းစာပေးခဲ့သည်မှာ နားလည်ပေးနိုင်သောအရာ ဖြစ်ပေသည်။

ဝမ်အမေသည် ဝမ်ချောင်နှင့်ဝမ်ရှောင်းယောင်တို့

ပြဿနာရှာခဲ့သည်အား မကြိုက်သော်လည်း မည်သို့ပင်ဖြစ်စေ သူမ၏လင်ယောက်ျားသည် နယ်စပ်အားစောင့်ရှောက်နေသည့် စစ်သားဖြစ်သောကြောင့် သူမ၏သားသမီးများသည် အရာအားလုံးအား ကြောက်ရွံမနေစေရန်ကို ဝမ်အမေ မျှော်လင့်ပေသည်။

ထိုအချက်ကြောင့်ပင် ဝမ်အမေသည် ဤဝမ်မောင်နှမ အမှားကျူးလွန်ခဲ့သည်ဟု မထင်တော့ပေ။

" ထတော့ "

ဝမ်အမေ သက်ပြင်းချလိုက်ပြန်သည်။

" အမေ ဒီကိစ္စကို မင်းတို့ရဲ့ဦးလေးကြီးကို သေချာရှင်းပြလိုက်မယ်.. ဒီဖြစ်ရပ်မှာ သားတို့မမှားခဲ့ရင်တောင်မှ မင်းတို့အဘိုးက ဒီအကြောင်း မေးလာခဲ့ရင် အမေတို့က ဒီဖြစ်စဥ်ကို သေချာပေါက် ပြောပြရမှာပဲ "

" ကျေးဇူးတင်ပါတယ် အမေ.. "

ဝမ်ချောင် သက်ပြင်းတိုးလေးချကာ မတ်တပ်ရပ်လိုက်သည်။ သူ၏ညီမငယ်အား လှည့်ကြည့်လိုက်ပြီး စိတ်ထဲတွင် ကျေးဇူးတင်သည့်ခံစားချက် ဖြစ်ပေါ်လာသည်။

ထိုအခါမှပင် ဤစစ်ဆင်ရေးတွင် သူ့ညီမအား သူခေါ်သွားမိခြင်းအပေါ် ကျေးဇူးတင်စရာ ကိစ္စတစ်ခု ဖြစ်ပေါ်စေခဲ့ပြန်သည်။ သို့မဟုတ်လျှင် ယခုဖြစ်ရပ်သည် ဤကဲ့သို့ အဆုံးသတ်မည်မဟုတ်ပေ။

" ဟီးဟီး... ငါကောင်းကောင်းလုပ်ခဲ့တာပဲ ဟုတ်တယ်မလား "

သူမအား ကြည့်နေသည့် အစ်ကိုဖြစ်သူ၏ အကြည့်ကို မြင်သည်တွင် သူမခေါင်းသေးသေးလေးအား မြောက်ကာ အောင်ပွဲခံလိုက်သည်။ ဝမ်ချောင် ပြုံးဖြဲဖြဲလုပ်ပြီး

သူမအား လျှို့ဝှက်စွာ လက်မထောင်ပြလိုက်ကာ သူမ၏ ဂုဏ်ယူမှုအား မြှင့်တင်ပေးလိုက်သည်။

အနည်းဆုံးသူမသည် သူ့ဘက်တွင် ရပ်တည်ပေးခဲ့သည်မဟုတ်လား။ သူသည် သူမအား တုန်နေအောင်ချစ်သည်မှာ ပြောစရာပင်မလိုပေ။

" ဒါပေမဲ့.. ဒီကိစ္စက ယောင်ဖုန်းရဲ့အမှားဆိုပေမယ့် မင်းတို့လုပ်တာကလည်း အရမ်းလွန်တယ် "

ထိုအချိန်တွင် သူတို့၏မိခင် ကျောက်ရှုဟွာ၏ အသံသည် နားထဲသို့ ဝင်လာပြန်သည်။ သူမ၏စကားအား ကြားသော် မောင်နှမနှစ်ယောက် တုန်လှုပ်သွားသည်။

" အဓိကက နင်ပဲ.. မိန်းကလေးဖြစ်ပြီးတော့ ယောက်ျားတွေလိုမျိုး တစ်ခြားသူတွေနဲ့ ရန်သွားဖြစ်စရာလား.. နင်ကိုယ်နင်လဲ ပြန်ကြည့်ဦး "

ဝမ်အမေ၏ အာရုံစိုက်မှုက သူမ၏စကားအား ချေပခဲ့သော ဝမ်ရှောင်းယောင်အပေါ် မြှားဦးလှည့်သွားပြန်သည်။

" ဟုတ်... ယောင်အာ သမီးရဲ့အမှားကို ဝန်ခံပါတယ် "

ဝမ်မိသားစုညီမငယ်၏မျက်နှာပေါ်မှ ကသိကအောက်နိုင်သောအမူအရာသည် ' ဒီလိုပဲ အဆုံးသတ်မှာ ငါသိသားပဲ ' ဟူသော အဓိပ္ပါယ်ပေါ်နေသည်။ ခေါင်းငုံ့ထားပြီး ဘာမျှမရှိသောလေထုအား အကြောင်းမဲ့ကန်နေလေသည်။ သူမမိခင်၏စကားများက ဘယ်ဘက်နားမှဝင်၍ ညာဖက်နားမှ ပြန်ထွက်သွားသည်။

" ဒီလိုဖြစ်ရပ်မျိုး ထပ်ဖြစ်ခဲ့ရင် နင့်အစ်ကိုကို မလိုက်နိုင်ဘူးလို့ ပြောရမယ်... တကယ်လို့ သူသာ နောက်တစ်ခွန်း ထပ်ခေါ်ရဲမယ်ဆိုရင် အမေသူ့ခြေထောက်ကို ရိုက်ချိုးပစ်မယ် "

ဝမ်အမေသည် သူတို့အား ' ပညာပေး ' ရန် အခွင့်အရေးကို လက်လွှတ်မခံပဲ တပူပူတညံညံလုပ်လေတော့သည်။

ဝမ်မိသားစုညီမငယ်၏ မျက်လုံးသည် အငြိမ်မနေပေ။

သိသာစွာပင် ထိုစကားများအား စိတ်မဝင်စားပဲ သူမထွက်ပြေးချင်နေမိသည်။

ထိုမြင်ကွင်းအား ကြည့်၍ ဝမ်ချောင် ထိန်းမနိုင်ပဲ ရယ်လိုက်မိသည်။ သူမ၏စိတ်ထဲမှ အကြံအစည်များအား ဝမ်ချောင် မြင်နေရလေသည်။

" အမေ... သမီး ဗိုက်ဆာနေပြီ... ထမင်း အရင်စားလို့ရမလား "

ဝမ်ရှောင်းယောင်သည် သူမ၏လက်သေးသေးလေးဖြင့် အစာအိမ်အား ဖိနှိပ်နေပြီး သနားစရာမျက်နှာပေး လုပ်ပြနေသည်။ တစ်ချိန်ထဲပင် သူမ၏ အစာအိမ်အတွင်းမှအသံတစ်ခု ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

ဝမ်အမေ၏မျက်နှာသည် ပျော့ပျောင်းသွားပြီး ခဏအတွင်းပင် ပြန်လည် တင်းမာသွားကာ...

" စားပြီးမှဆက်ပြောကြမယ်.. ဒါပေမဲ့ အနာဂတ်မှာ နင်ဘယ်သူ့နဲ့မှ မတိုက်ခိုက်ရတော့ဘူး "

" ဟမ်.... ကြည့်ပါဦး... ဘယ်သူကြီးလဲ "

ရုတ်တရက် ဝမ်ရှောင်းယောင် ခေါင်းမော့လိုက်ကာ ဝိုင်းစက်နေသာမျက်ဝန်းဖြင့် ကျယ်လောင်စွာ အော်လိုက်သည်။ သူမ၏မိခင် ပဟေဠိဖြစ်ကာ နောက်လှည့်သွားသည်နှင့် တစ်ပြိုင်နက် ဝမ်ရှောင်းယောင် သူမအစ်ကို၏လက်အား ဖမ်းကိုင်ကာ ထွက်ပြေးလေတော့သည်။

" အစ်ကို.. ပြေး "

ဝမ်ချောင် ခွက်ထိုးခွက်လန် ရယ်လေတော့သည်။ သူတို့သည် အကြိမ်ပေါင်းများစွာ ဇာတ်တိုက်ထားသကဲ့သို့ သူ၏ညီမနှင့်အတူ ပြေးထွက်သွားကြသည်။

သူတို့၏နောက်တွင် ဝမ်အမေ၏ ဒေါသတကြီး အော်ဟစ်သံအား ကြားလိုက်ရသည်။

" ဝမ်ရှောင်းယောင်...... နင်ပြေးရဲပြေးကြည့်စမ်း...

ငါနင့်ကို သုံးရက် အကျဥ်းချပစ်မယ် "

.........

ဝမ်ချောင် ကြိုးကြာပျံဝဲစံအိမ်တွင် ပြုမူခဲ့သော လုပ်ရပ်များကြောင့် အပြစ်ပေးခံရမည်အား ရှောင်ပြေးနိုင်ခဲ့ပြီ ဖြစ်သည်။

ယနေ့တွင် သူသိရှိခဲ့ရသော ဘုန်းကြီးနှစ်ပါး၏ သတင်းများအား စိစစ်ရပေဦးမည်။

အခြားတစ်ဖက်တွင် ဝမ်ရှောင်းယောင်သည် သုံးရက် အခန်းတွင်းအကျယ်ချုပ် ကျလေတော့သည်။ ဝမ်ချောင်လည်ပတ်ရန် သူမ၏အခန်းသို့ သွားခဲ့သော်လည်း ဝင်ခွင့်မရခဲ့ပေ။

ထို့အပြင် သူ၏ဖခင်သည် သူပြန်လာမည့် ညအချိန်၌ ဝမ်ချောင်လုပ်ခဲ့သည်များကို သူ့အား ရှင်းပြရလိမ့်မည်ဟု ပြောခဲ့သော်ငြား ညနက်သည်အထိ သူ၏ဖခင်ပြန်ရောက်မည့်ပုံ မပေါ်ပေ။

သူ၏ဖခင်သည် သူယခင်ဘဝတွင် ဖြစ်ပျက်ခဲ့သည်ကဲ့သို့ နယ်စပ်သို့ ပြန်လည်ပို့ဆောင်ခံရသည်က ဖြစ်နိုင်ချေများပေသည်။

ဝမ်ချောင် ခေါင်းနောက်တွင် လက်ထား၍ အိပ်ယာပေါ်တွင် လှဲနေသည်။ တစ်နည်းအားဖြင့် သူအိပ်မပျော် ဖြစ်နေသည်။

ယနေ့ဖြစ်ပျက်ခဲ့သော အကြောင်းအရာများအားလုံး သူ့ရှေ့တွင် အစီအရီ ပြန်ပေါ်လာသည်။ ဝမ်ချောင်က

ဟိန္ဒူဘုန်းတော်ကြီးနှစ်ပါးသည် သူတို့၏ မွေးရပ်မြေသို့ ပြန်သွားခဲ့ပြီး ဖြစ်သည်ကို မည်သည့်အခါကမှ စိတ်ပင် မကူးခဲ့ဖူးချေ။

" ဒါမဖြစ်သင့်ဘူး.. မဟာထန်ကပဲ ဝုစ်သံမဏိနဲ့ ကံ

မစပ်တာလား "

ဝမ်ချောင် ဤအဖြစ်အပျက်အား လက်ခံရန် ခဲယဥ်းကြောင်း သဘောပေါက်မိသည်။

ယခုအခြေအနေအရဆိုလျှင် ဝုစ်သံမဏိသည်သာ မြို့တော်တွင် အလွန်ချမ်းသာစေရန် အခွင့်အလမ်းတစ်ခု ဖြစ်သည်။ သူ ကြီးပွားရန် အခြားသောနည်းလမ်း မရှိ၍မဟုတ်။ အခြားလုပ်ငန်းများသည် ဝုစ်သံမဏိနှင့် မနှိုင်းယှဥ်နိုင်သောကြောင့်ဖြစ်သည်။ ထိုသို့ မဟုတ်လျှင် သူသည် ဝုစ်သံမဏိအား ပထမဦးစားပေးအဖြစ် စဥ်းစားခဲ့မည်မဟုတ်ပေ။

သူ ဝုစ်သံမဏိအား အရယူရန်ဆုံးဖြတ်ထားခြင်းမှာ

အခြားအကြောင်းပြချက်တစ်ခု ရှိပေသေးသည်။

ယခင်ဘဝတွင် မဟာထန်သည် ဤအခွင့်အရေးနှင့်လွဲချော်ခဲ့လေသည်။ မဟာထန်၏ ရန်သူများသည် ဝုစ်သဲမဏိအား အသုံးပြုခဲ့သောကြောင့် ထောင်သောင်းမကသော မဟာထန်၏စစ်သည်များသည် ဝုစ်သံမဏိလက်နက်၏ လက်ချက်အောက်တွင် အသက်ပျောက်ခဲ့ကြရသည်။

ထိုရိုက်ချက်သည် မဟာထန်အား အပြင်းအထန်ထိုးနှက်ခဲ့သည်။

ဝမ်ချောင် ဤဖြစ်ရပ်အား အလေးအနက်ထားသည်။

ထို့ကြောင့်ပင် ဝမ်ချောင် ထိုသတ္ထုအား အမိအရလိုချင်နေပြီး အကြောင်းအရာများအား ပြောင်းပြန်လှန်ပစ်ချင်သည်ဖြစ်သည်။

ဤဘဝတွင် ဝုစ်သံမဏိသည် စထွက်ပေါ်ပေါ်ခြင်းသာ ရှိသေး၍ သူ၏နာမည်သည် လူသိများခြင်းမရှိသေးပေ။ ဤအချက်သည် ဝမ်ချောင်အား အကြီးအကျယ်ချမ်းသာစေနိုင်သော လမ်းကြောင်းဖြစ်သကဲ့သို့ အလယ်ပိုင်းလွင်ပြင်ကိုလဲ အကျိုးအမြတ်များစွာ ဆောင်ယူပေးနိုင်လေသည်။ သူ၏အစီအစဥ်များက ဝုစ်သံမဏိအား လက်ဝယ်မပိုင်ဆိုင်ခဲ့လျှင် ဟာသတစ်ပုဒ်သာ ဖြစ်နေတော့မည်။

" ဘာတွေဖြစ်သွားတာလဲ.. ငါရဲ့ ပြန်လည်မွေးဖွားလာမှုကြောင့်လား.. မဟာထန်က ဝုစ်သံမဏိ နည်းနည်းပဲရမယ်ဆိုရင် အရင်အတိုင်းပဲ လမ်းဆုံးဦးမှာပဲ "

ကုတင်ပေါ်တွင် လှဲနေရင်း ဝမ်ချောင် တစ်စုံတစ်ခု မှားယွင်းနေသည်အား ခံစားမိနေသည်။ အရေးကြီးသော အကြောင်းအရာများအား သူလျစ်လျူရှုထားမိသည်လား။

' ကျောက်စိမ်းကို အရောင်တင်ဖို့ တစ်ခြားတောင်က ကျောက်တုံးကို အသုံးပြုရမယ် ' ဝမ်ချောင်က

အခြားသူ၏ခွန်အားကို အသုံးပြုခြင်းသည် မှားယွင်းကြောင်း တစ်ခါမှ မစဥ်းစားခဲ့ပေ။ ဝမ်ချောင် ဝုစ်သံမဏိနှင့်ပက်သက်သည်မှလွဲ၍ အခြားအကြောင်းအရာ အလုံးစုံအား သေးသေးမွှားမွှားမကျန် ပြန်တွေးတောနေသည်။

ကလန်တစ်ခုသည် ဟိန္ဒူဘုန်းကြီးနှစ်ပါးနှင့် ဆက်သွယ်၍ ဝုစ်သံမဏိအနည်းငယ်အား စျေးကြီးကြီးဖြင့် ဝယ်ယူခဲ့သည်ကို ဝမ်ချောင် ကောင်းစွာ မှတ်မိလေသည်။ အကယ်၍ ဘုန်းကြီးနှစ်ပါးသာ ယခုကဲ့သို့ ထွက်ခွာသွားခဲ့သည်ဆိုလျှင် ထိုကလန်သည် ဝုစ်သံမဏိများအား ဝယ်ယူနိုင်ခဲ့ခြင်းမရှိပဲ အရာအားလုံး ဖြစ်ပျက်ခဲ့ခြင်းမရှိဟု ဆိုလိုသည် မဟုတ်ပါလား။

ဝမ်ချောင် ဦးနှောက်ခြောက်နေသည်။

" တစ်ခုခုတော့ မှားနေပြီ "

အချိန်တစ်ချို့အကြာတွင် ဝမ်ချောင်း တစ်ခုခုအား သတိမထားမိပဲ ကျော်မိခဲ့သည်ကို စဥ်းစားမိကာ အိပ်ယာပေါ်မှ ထထိုင်မိသည်။

" ဟိန္ဒူဘုန်းကြီးနှစ်ယောက်က ဟိန္ဒူစကား ( Sanskrit )ပဲ ပြောတတ်တာမလား... သူတို့က အလယ်ပိုင်းလွင်ပြင်ရဲ့ စကားကို လုံးဝမသိဘူးလေ..

ရွှေသွားကြီးကလည်း အိန္ဒိယစကား မတတ်ဘူးလို့ ယူဆလိုက်မယ်ဆိုရင်.. ရွှေသွားကြီးက သူတို့နဲ့ ဘယ်လိုလုပ် စကားပြောခဲ့ကြတာလဲ.. သူတို့က စကားအရမ်းဝဲတယ်လို့တောင် ပြောလိုက်သေးတယ် "

နောက်ဆုံးတွင် ဝမ်ချောင် လမ်းလွဲနေသည့်အရာအား သိရှိလိုက်ပြီ ဖြစ်သည်။ ဟိန္ဒူများသည် အလွန်ဝေးကွာသော အနောက်အရပ်မှ လာခဲ့ကြသည် ဖြစ်ပြီး ထိုအရပ်မှ ဘုန်းတော်ကြီးများသည် အလယ်ပိုင်းလွင်ပြင်သို့ လာရောက်ခဲကြလေသည်။

လာရောက်ကြသော ဟိန္ဒူများအများစုသည် အလယ်ပိုင်းလွင်ပြင်၏ ဘာသာစကားအား အနည်းငယ်တတ်ကျွမ်းကြပြီး သူတို့အတွက် ရောင်းဝယ်ဖောက် ကားရန် အခက်အခဲမရှိပေ။ သို့သော် ဤဟိန္ဒူဘုန်းကြီးနှစ်ပါးသည် ကွဲပြားကာ သူတို့သည် အိန္ဒိယစကားတစ်ခုထဲသာ ပြောတတ်ကြလေသည်။ အနောက်တိုင်းမှလာသော နိုင်ငံခြားသားများ ( ဟူ )

များပင် သူတို့စကားများအား နားမလည်ကြပေ။

ထိုအချက်သည် ထိုဘုန်းကြီးများ ဤနေရာတွင် ရှိနေသည်ကို မည်သူမျှ မသိရှိကြခြင်း အကြောင်းရင်းပင် ဖြစ်လေသည်။ သူတို့က ဝုစ်သံမဏိအား ရောင်းချလိုသည်ကို မည်သူမျှ မသိရှိပေ။

ထို့ကြောင့် သူ၏ယခင်ဘဝ၌ ဝုစ်သဲမဏိနှင့် ပက်သက်သည့်ကိစ္စ ပေါ်ပေါက်လာသည်တွင် အကြီးအကျယ် ဆူပူအုံကြွခဲ့လေသည်။ အကယ်၍ မဟာထန်သာ အိန္ဒိယစကားအား နားလည်သည့်လူ မနည်းပါးခဲ့လျှင်၊ အကယ်၍ တစ်စုံတစ်ယောက်သာ ထိုဘုန်းကြီးနှစ်ပါးအား မေးမြန်းနိုင်ခဲ့လျှင်၊ အကယ်၍ ဟိုက်ဒရာဘတ် ဝုစ်သံမဏိမိုင်းတွင်းအား မဟာထန်အသုံးပြုရန် ဝယ်ယူနိုင်ခဲ့လျှင် မဟယထန်အင်ပါယာ၏ စစ်မက်အင်အားသည် ယခင်ရှိသည်ထက် ပိုမိုခုန်လွှား မြင့်မားသွားလိမ့်မည်ဟုပင် တစ်စုံတစ်ယောက်က ပြောခဲ့ဖူးလေသည်။

ရွှေသွားကြီးက သူတို့သည် လေသံအရမ်းဝဲသည်ဟု ပြောခဲ့သည်။ အကယ်၍ သူသာ ဆုံတွေ့ခဲ့သည်ဆိုလျှင် မည်သည့်ဘာသာစကားဖြင့် ပြောဆိုခဲ့ကြသနည်း။

" တစ်ခုခုမှားနေပြီ.. ရွှေသွားကြီးက ဟိန္ဓူဘုန်းကြီးတွေကို တစ်ခါမှ မတွေ့ခဲ့ဘူး.. သူတွေခဲ့တာက တိုခဲရီးယန်းဘုန်းကြီးတွေဖြစ်ရမယ် " ( အင်ဒို-ဥရောပလူမျိုး)

ထိုကိစ္စအား နောက်တစ်ကြိမ် စီစစ်လိုက်သည်တွင်

သူသည် ယခင်ဘဝမှ နာမည်ကျော်စာဆိုတစ်ခုအား သတိရမိလိုက်ကာ ချက်ချင်းပင် ဤအခြေအနေအား နားလည်သွားလေတော့သည်။ ( ပြောလိုက်ရင် သူ့လို

ဉာဏ်ကောင်းကုန်ကြမှာစိုးလို့ ဒီတစ်ခါ မပြောပြတော့ဘူး )။ တိုခဲရီးယန်းနှင့် ဟိန္ဒူတို့သည် အိမ်နီးချင်းများ ဖြစ်ကြပြီး နှစ်နိုင်ငံလုံး ဗုဒ္ဓဘာသာကို ကိုးကွယ်ကြသည်။ သူတို့၏နယ်မြေအတွင်းတွင် များပြားစွာသော ဗုဒ္ဓရုပ်ပွားတော်များ တည်ထားကိုးကွယ်ကြပြီး

ကြည်ညိုသပ္ပယ်သောအမြင်အား ဖြစ်ပေါ်စေသည်။

တိုခဲရီးယန်းဘုန်းတော်ကြီးများစွာသည် သူတို့၏ အဆုံးအမများအား ပျံ့နှံ့စေရန် အလယ်ပိုင်းလွင်ပြင်သို့ မကြာခန လာလေ့ရှိကြသည်။

မဟာထန်သည် အနောက်တိုင်းနှင့် ပက်သက်လျှင် အသိအမြင်နည်းပါးသောကြောင့် ဤနေရာရှိလူများသည် တိုခဲရီးယန်းဘုန်းကြီးနှင့်ဟိန္ဒူဘုန်းကြီးများအား မခွဲခြားတတ်ကြပေ။ ထို့ကြောင့်ပင် အချို့သူများသည် တိုခဲရီးယန်းဘုန်းတော်ကြီးများနှင့် ဟိန္ဒူဘုန်းတော်ကြီးများအား မျိုးနွယ်တူဟုပင် ထင်မှတ်ကြလေသည်။

ရွှေသွားကြီးက ထိုသူများသည် လေသံအရမ်းဝဲသည်ဟုပြောသောကြောင့် သေချာပေါက်ပင် တိုခဲရီးယန်းဘုန်းကြီးများပင် ဖြစ်ပေလိမ့်မည်။

ထိုအခိုက်တွင် ဝမ်ချောင်၏ စိတ်ထဲတွင် ကြည်နူးမှုများ လှိုက်တက်လာသည်။ သူ၏စိတ်ထဲတွင် တင်းကျပ်နေသော ခံစားချက်များက နေထွက်လာချိန်မှ မြူနှင်းများကဲ့သို့ ခြေရာခံမရအောင်ပင် ရှင်းလင်းသွားလေသည်။ အကယ်၍ ရွှေသွားကြီးတွေ့ခဲ့သည်မှာ ဟိန္ဒူဘုန်းတော်ကြီးများမဟုတ်လျှင် ထိုဘုန်းကြီးများသည် မဟာထန်တွင် ရှိနေပေဦးမည်။ ပြောရမည်ဆိုလျှင် သူ့တွင် ထိုဘုန်းကြီးနှင့်တွေ့ဆုံရန် အခွင့်အရေး ရှိနေသေးသည် ဟူ၍ပင်ဖြစ်သည်။

ထိုအချိန်မှ သူ၏ခန္ဓာကိုယ်အတွင်းရှိ သွေးကြောတစ်ခုချင်းစီမှ ဖိအားများ သက်သာသွားသည်ဟု ခံစားလိုက်ရသည်။

ရွှေသွားကြီးသည် သူ့အား တိကျသည့် အချက်အလက်များ မပေးနိုင်ခဲ့သော်လည်း ဝမ်ချောင် ထိုအချက်အလက်များမှ သတင်းအချို့အား ရရှိလိုက်ပြီဖြစ်လေသည်။

" ဖြူနက်သင်္ဘော လက်ဝတ်ရတနာအရောင်းဆိုင် "

ဝမ်ချောင် ရွှေသွားကြီးပြောခဲ့သော နေရာတစ်ခုအား

အမှတ်ရလိုက်သည်။

တိုခဲရီးယန်းတို့၏မွေးရပ်မြေ ထရင်မ်ဘေစင်

( Trim Basin) နိုင်ငံသည် အလယ်ပိုင်းလွင်ပြင်ဒေသနှင့် အလွန်ဝေးကွာလှသည်။ ထိုဘုန်းကြီးများသည် မဟာ ထန်သို့ဦးတည်သည့် ကုန်သည်မြင်းလှည်းများဖြင့် လိုက်ပါလာတတ်ကြသည်။ ယခင်ဘဝကတည်းကပင် မြင်းလှည်းအများစုသည် နေရာလွတ်မကျန်ရှိကြပေ။ အထူးမြင်းလှည်းများအချို့ကို ပိုင်ဆိုင်ထားသော စီးပွားရေးသမားများကသာ ထိုဘုန်းကြီးများအား တင်ဆောင်ပေလိမ့်မည်။

ဟိန္ဒူများသည် တိုခဲရီးယန်းတို့နှင့် အိမ်နီးချင်းဖြစ်ပြီး

မဟာထန်သို့လာရာလမ်းကြောင်းသည်လည်း တစ်ခုသာရှိလေသည်။ အကယ်၍သူသည် ဖြူနက်သင်္ဘောလက်ဝတ်ရတနာဆိုင်မှ တိုခဲရီးယန်းဘုန်းကြီးများ

မည်သည့်နေရာတွင် တည်းခိုသည်ကို မေးမြန်းနိုင်ခဲ့လျှင် ဟိန္ဒူဘုန်းကြီးများ တည်းခိုသည့်နေရာကိုလည်း

သိရှိနိုင်မည် မဟုတ်ပါလား။

ထိုအခါ ဝမ်ချောင် ထိုင်မနေနိုင်တော့ပေ။

လူသားဧကရာဇ်

ဘာသာပြန်သူ - Xoxay

Chapter 18.

တိုင်းတစ်ပါး ဟိန္ဒူဘုန်းကြီးများ

ရောင်နီထွက်လာပြီ။ ဝမ်မိသားစုခြံဝင်းအတွင်းမှ လူများမှာမူ အိပ်ကောင်းနေဆဲပင်ရှိသေးသည်။ ဝမ်ချောင် တံခါးအား အသာလေးဟလိုက်ကာ အခန်းမှ ခိုးထွက်ရန် ပြင်လိုက်သည်။

" အဲ့ဒီနေရာမှာပဲ ရပ်နေပါ "

သူ ခြေတစ်လှမ်းလှမ်းမိသည်နှင့် ခက်ထန်သောအသံနှင့်အတူ သူ့ရှေ့တွင် ကာဆီးထားကြသည်။

" ချောင်သခင်လေး... သခင်မကြီးက ရက်အနည်းငယ်အတွင်း သင့်ကို ထွက်ခွာခွင့် မပေးဖို့ အမိန်ပေးထားပါတယ်.. "

" သခင်ကြီး ပြန်မရောက်မချင်း သင့်ရဲ့အခန်းထဲမှာပဲ နေတာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်.. ကျေးဇူးပြုပြီး ကျုပ်တို့ကို ခက်ခဲအောင်မလုပ်ပါနဲ့ "

တဲခါးအပြင်ဘက်တွင် နေအလင်းရောင် ပေါ်ထွက်လာသည်နှင့်အတူ အစောင့်ပုံရိပ်နှစ်ခုသည်လည်း

သူအား ပိတ်ဆို့ထားလေသည်။ သူခေါင်းမော့လိုက်သည်တွင် တံခါးအားပိတ်လျက်ရပ်နေပြီး အေးစက်စက်အကြည့်နှင့် ရင်းနှီးသည့်ပုံရိပ်နှစ်ခုအား တွေ့လိုက်ရသည်။

အကြည့်တစ်ချက်နှင့်ပင် ထိုသူနှစ်ယောက်သည် ဖြောင့်မတ်ကာ သစ္စာရှိသည့်လူများဖြစ်မှန်း အတပ်သိနိုင်သည်။ သူ့အား အခွင့်အရေးပေးရန် အခြေအနေအား မြူတစ်မှုန်ပင် မမြင်မိပေ။

" အစောင့်ရှန်း... အစောင့်မုန့် "

ဝမ်ချောင် သူတို့၏နာမည်အား ခေါ်လိုက်သည်။

တံခါးစောင့်ကြပ်နေသည့်သူ နှစ်ယောက်မှာ ရှန်းဟိုင်

နှင့် မုန့်လုံသာ ဖြစ်နေသည်။ သူတို့မောင်နှမနှစ်ယောက်သား အပြင်တွင် ပြဿနာရှာခဲ့ပြီး အိမ်ရောက်သည့်အခါ ညီမဖြစ်သူသည် အခန်းတွင်း သုံးရက်အကျယ်ချုပ် ကျခံနေသည်။ တစ်ဖက်တွင် ရှန်းဟိုင်နှင့်မုန့်လုံသည် ဝမ်ချောင်၏ တံခါးအား စောင့်ကြပ်နေသည်။

ဝမ်ချောင် မနေ့ညကတည်းကပင် ဤအခြင်းအရာအား သိရှိပြီး ဖြစ်လေသည်။

" ချောင်သခင်လေး ခက်ခဲအောင် မလုပ်ပါနဲ့ သခင်လေး ရှင်းပြနေစရာလဲမလိုပါဘူး.. ဒါက သခင်မကြီးရဲ့အမိန့်အရပဲ.. ကျုပ်တို့ရဲ့အလုပ်ကို ခက်ခဲအောင်

မလုပ်ပါနဲ့ "

ထိုနှစ်ယောက်သည် စကားကို အေးစက်စက်သာပြောနေပြီး သူ၏အကြောင်းပြချက်ပေးမည့် လမ်းကြောင်းများအားလုံးအား ကြိုတင်ပိတ်ဆို့ထားကြသည်။

ထို့အပြင် သူတို့သည် စကားပြောရာတွင် ဝမ်ချောင်အား စေ့စေ့ပင် မကြည့်ကြပေ။

ဝမ်မိသားစုတွင် အစောင့်အနေဖြင့် ရှန်းဟိုင်နှင့်မုန့်လုံတို့သာ ရှိသည်မဟုတ်သော်လည်း ထိုသူနှစ်ယောက်သည် မိသားစုတွင် မြင့်မားသောအဆင့်အတန်းရာထူးတစ်ခု ရရှိထားသည်ကို ဝမ်ချောင် သိပေသည်။ သူတို့နှစ်ယောက်သည် ဝမ်ကလန်ကိုသာ သစ္စာရှိပြီး ဝမ်အဖေနှင့်ဝမ်အမေမှလွဲ၍ မည်သူမျှ သူတို့အား အမိန့်ပေး၍ မရပေ။

အကယ်၍ အခြားအချိန်တစ်ခု၌ဆိုလျှင် ဝမ်ချောင်

သူ၏ဖခင်ပြန်မရောက်မချင်း အိမ်တွင် အေးအေးလူလူနေရန် ဆန္ဒရှိပေမည်။ သို့သော် အချိန်သည် လူကိုမစောင့်သကဲ့သို့ပင် ဟိန္ဒူဘုန်းကြီးများသည်လည်း အလွန်ဆုံးဆယ့်ငါးရက်ခန့်သာ မြို့တော်တွင် ရှိပေလိမ့်မည်။

ထိုအချိန်အတွင်း၌ သူတို့အားရှာမတွေ့ပဲ ဝုစ်သံမဏိအား သူတို့ထံမှ မဝယ်ယူနိုင်ခဲ့လျှင် မဟာထန်သည် ဆက်လက်ရပ်တည်နိုင်တော့မည် မဟုတ်ပဲ ထိုသို့သော ရတနာအား လက်လွှတ်ရပေလိမ့်မည်။

"ဟားဟား.. အစောင့်ရှန်း... အစောင့်မုန့် "

ဝမ်ချောင် ရယ်လျက် သူတို့နာမည်အား ခေါ်လိုက်သည်။ သူ၏မိခင်ပို့ထားသော အစောင့်နှစ်ယောက်သည် ကိုင်တွယ်ရမလွယ်သော်လည်း သူတို့အား စည်းရုံးသိမ်းသွင်းရန် ဝမ်ချောင် ယုံကြည်ချက်ရှိပေသည်။

" ခင်ဗျားတို့က သစ္စာရှိတာကို ကျုပ်သိပါတယ် ဒါကြောင့် ကျုပ်က ခက်ခဲအောင်လုပ်မှာမဟုတ်ဘူး.. ခင်ဗျားတို့က ကျုပ်ကို ထွက်မသွားစေချင်ရင် ကျုပ်လည်း ထွက်သွားမှာမဟုတ်ဘူး.. ဒါပေမဲ့ အမေက ကျုပ်ကို ခဏပဲ ထိန်းထားလို့ရမယ်ဆိုပြီးတော့ ခင်ဗျားတို့တွေးဖူးလား.. အမေက ကျုပ်ကို တစ်သက်လုံး စောင့်ကြည့်နေနိုင်မှာ မဟုတ်ဘူး "

" စောတာပဲဖြစ်ဖြစ် နောက်ကျတာပဲဖြစ်ဖြစ် အပြင်ထွက်ခွင့်ရမှာပဲ.. အဲ့အချိန်မှ ကျုပ်ကပြဿနာရှာမယ်ဆိုရင်ရော ဒီကိစ္စက ခင်ဗျားတို့နှစ်ယောက်နဲ့ လုံးဝမဆိုင်ဘူးလို့ ပြောနိုင်မလား "

" အာ.... "

ဝမ်ချောင် နှုတ်မှထွက်လာမည့် အကြောင်းပြချက်များအားလုံးအား ငြင်းဆန်မည်ဟု ကြံရွယ်ထားသော်လည်း ဝမ်ချောင်၏ စကားများကို ကြားလိုက်ရသည်တွင် သူတို့နှစ်ယောက်လုံး မှင်သက်သွားသည်။

နှစ်ယောက်စလုံး ဝမ်ချောင်အား ကြောင်ကြည့်နေပြီး ပါးစပ်ဖွင့်လိုက် ပိတ်လိုက် ဖြစ်နေသည်။ သို့သော် စကားတစ်ခွန်းပင် ထွက်မလာချေ။

သူတို့နှစ်ယောက်ကို ချောင်သခင်လေးအား ခြံဝင်းမှ ထွက်ခွာမသွားစေရန် သခင်မကြီးက အမိန့်ပေးထားသည် ဖြစ်သည်။ သူတို့နှစ်ယောက်အမြင်တွင် အမိန့်ပေးထားသည့်အတိုင်း လုပ်ဆောင်နေသမျှကာလပတ်လုံး လုံလောက်ပြီဟု ထင်နေသော်လည်း ဝမ်ချောင်၏ စကားများအား ကြားရသည်တွင် သူတို့၏အတွေးမှာ အလွန်ရိုးရှင်းနေသည်ကို သဘောပေါက်သွားသည်။

အကယ်၍ ချောင်သခင်လေးသည် သခင်ကြီးပြန်လာပြီးနောက် ပြဿနာရှာခဲ့လျှင် သူတို့အပြစ်ကင်းသည်ဟု ဆိုလိုပါသလော။ သို့ဆိုလျှင် သူတို့သည် တာဝန်မယူသောသူများ ဖြစ်သွားလိမ့်မည် မဟုတ်လော။

အခြားသူများဆိုလျှင် ဝမ်ချောင်၏စကားအား စိတ်ဝင်စားမည်မဟုတ်သော်လည်း ရှန်းဟိုင်နှင့်မုန့်လုံသည် ဝမ်မိသားစုအပေါ် အလွန်သစ္စာရှိသည်။ ထိုအချက်ကြောင့်ပင် ဝမ်ချောင်၏စကားများက သူတို့အား အပြစ်မကင်းဟု ခံစားစေရခြင်း ဖြစ်လေသည်။

သူတို့ ပိုစဥ်းစားလေလေ ဝမ်ချောင်ပြောသည်ကို အမှန်ဟု မှတ်ယူမိလေလေပင်။ သူတို့၏နှလုံးခုန်နှုန်းပင် မြန်ဆန်လာသည်။

" တောင်းပန်ပါတယ် "

ထိုသူတို့၏မျက်နှာ ပြောင်းလဲနေပြီး နီမြန်းလာသည်ကို မြင်လျှင် ဝမ်ချောင် သူ၏စိတ်ရင်းထဲမှ တောင်းပန်စကားဆိုလိုက်သည်။ ထိုနှစ်ဦးသည် ဝမ်မိသားစုတွင် သစ္စာအရှိဆုံးနှစ်ယောက် ဖြစ်သောကြောင့် ဖြစ်နိုင်လျှင် သူသည် ဤအခြေအနေမျိုးနှင့် မကြုံချင်ပေ။

သို့သော် မဟာထန်၏ ဝုစ်သံမဏိအား ရရှိရန် တိုက်ခိုက်နိုင်မည့်အခွင့်အရေးဖြင့် ယှဥ်လျှင် သူ့၌ ရွေးချယ်စရာမရှိပေ။

" မင်းတို့နှစ်ယောက် စိုးရိမ်စရာမလိုပါဘူး ကျုပ်က ဒီအတိုင်းလေးပဲ ပြောလိုက်တာပါ.. ဝမ်ကလန်ရဲ့မျိုးဆက်ဖြစ်တဲ့အတွက် ဝမ်ကလန်က ကျုပ်ရဲ့အိမ်ပဲလေ.. ဘယ်လိုလုပ် ကလန်ကိုထိခိုက်စေမဲ့အလုပ်မျိုး ကျုပ်လုပ်နိုင်မှာလဲ ဟုတ်တယ်မလား "

ဝမ်ချောင်၏ စကားသံသည် လူကြီးဆန်နေပြီး သူ့စကားကြောင့် စိုးရိမ်နေသောသူနှစ်ယောက်၏ စိုးရိမ်စိတ်အား ဖယ်ရှားလိုက်သည်။ ရှန်းဟိုင်နှင့်မုန့်လုံ လေးပင်စွာ သက်ပြင်းချမိသည်။ ဝမ်ချောင် အပိုဆောင်းပြောလိုက်သော စကားအနည်းငယ်ကပင် ထိုနှစ်ယောက်၏အမြင်အား ပြောင်းလဲစေသည်မှာ သိသာသည်။

အစတွင် သူတို့သည် ဝမ်ချောင်၏ စကားများအား အပြီးတိုင် ပိတ်ဆို့ရန် တိုင်ပင်ထားကြသည်။ သူတို့မသိလိုက်ခင်မှာပင် ဝမ်ချောင်၏ ကျော့ကွင်းအတွင်း သက်ဆင်းမိနေပြီဖြစ်သည်။

( ဟုတ်သားပဲ.. ချောင်သခင်လေးက ဝမ်ကလန်ရဲ့မျိုးဆက်ပဲ သူ့ကလန်ကိုသူ ထိခိုက်အောင် ဘာလို့လုပ်မှာလဲ )

သူတို့နှစ်ယောက် စကားတစ်ခွန်းမှမပြောသော်လည်း သူတို့၏စိတ်ထဲတွင် ဝမ်ချောင်၏စကားအား လက်ခံနေပြီဖြစ်လေသည်။

" မနေ့ကလုပ်ခဲ့တဲ့ ပြဿနာကြောင့် အမေက ကျုပ်ကို စောင့်ကြည့်ထားဖို့ မင်းတို့နှစ်ယောက်ကို လွှတ်လိုက်တာ သိပါတယ်.. ဒါပေမဲ့ မင်းတို့သိတဲ့အတိုင်းပဲ မနေ့က အမှားက ကျုပ်ကြောင့်မှမဟုတ်တာ.. ယောင်ဖုန်းက ကျုပ်ကိုဆွဲချချင်လို့ မာကျောက်ကို အသုံးချပြီး

ကျုပ်အပေါ်အကွက်ဆင်ခဲ့လို့ ကျုပ်ကပဲ မုဒိန်းကောင်ကြီး ဖြစ်လိုက်ရသေးတယ်.. ကျုပ်မိဘတွေက ကျုပ်ကို အပြစ်ပေးရင်တောင် ဒီဖြစ်ရပ်က ဝမ်ကလန်ရဲ့ ဂုဏ်သတင်းကို စွန်းထင်းစေခဲ့ပြီးပြီ.. ကျုပ်က ဒီကိစ္စကို သည်းခံနေလိမ့်မယ်လို့ ခင်ဗျားတို့ထင်နေတာလား.. ဝမ်ကလန်ရဲ့မျိုးဆက်က သူတို့ကို ကြောက်နေလိမ့်မယ်လို့ ခင်ဗျားတို့ ထင်နေတာလား "

ဝမ်ချောင် စိတ်လွတ်ကိုယ်လွတ် ပြောချလိုက်သည်။

" ချောင်သခင်လေး မှန်ပါတယ်.. သခင်မကြီးရဲ့အမိန့်ကြောင့်သာမဟုတ်ရင် ကျုပ်တို့ကိုယ်တိုင် ဦးဆောင်ပြီးတေ့ကို သင်ခန်းစာ သွားပေးဦးမှာ "

" ယောင်ကလန်က ဒီတစ်ခါမှာတော့ အရမ်းလွန်သွားပြီ သခင်လေးက ပျော်ပါးတတ်တယ်ဆိုတာသိပေမဲ့.. ဒီလောက်ထိတော့ နိမ့်ကျမှာမဟုတ်ဘူးဆိုတာ ကျုပ်သိတယ် "

..........

ရှန်းဟိုင်နှင့်မုန့်လုံ နှစ်ယောက်လုံး မကျေမနပ်ဖြစ်နေသည်။

သူတို့နှစ်ယောက်လုံး ဝမ်ချောင်အား အထင်လွဲမိကြပြီဖြစ်သည်။ သူတို့သည် ဝမ်ချောင်က မာကျောက်နှင့်အပေါင်းအပါများဖြင့် ဤပြစ်မှုအား ကျူးလွန်ခဲ့သည်ဟု ထင်မိခဲ့သောကြောင့် အမှန်တရားအား ကြားရချိန်တွင် သူတို့ကိုယ်၌ကပင် ပို၍အပြစ်ရှိသည်ဟု ထင်မိကြသည်။

ဝမ်ချောင် စိတ်လှုပ်ရှား ပျော်ရွှင်နေသည်။ နောက်တစ်လှမ်း လှမ်းလိုက်သည်နှင့် ထိုသူတို့အား သိမ်းသွင်းလိုက်နိုင်မည်ကို သိနေသည်။

( နောက်ဆုံးတွန်းအားလေးပဲ )

ဝမ်ချောင် အသာလေး လက်သီးဆုပ်မိသည်။

" အစောင့်ရှန်းနဲ့ အစောင့်မုန့် ကျုပ်လုပ်မယ်လို့ ဆုံးဖြတ်ပြီးရင် ရအောင်လုပ်မှာပဲ.. ကျုပ် အကျဥ်းချခံရမယ်ဆိုရင်တောင် အခွင့်အရေးရှိရင် လုပ်ဦးမှာပဲ "

" ခင်ဗျားတို့နှစ်ယောက် ဘယ်လိုတွေးနေလဲ ကျုပ်မသိပေမဲ့.. ကျုပ်ကို စောင့်ကြည့်နေပြီး အပြင်ထွက်တာကို တားဆီးနေတာထက် ပိုကောင်းတဲ့နည်းလမ်းတစ်ခုရှိတယ်.. ခင်ဗျားတို့နှစ်ယောက် ကျုပ်နဲ့ လိုက်ခဲ့လို့ရတာပဲ... ကျုပ်တစ်ခုခု လုပ်စရာ ရှိတာနဲ့.. ကျုပ်ဘယ်သွားသွား ခင်ဗျားတို့က ကျုပ်ကို အနီးကပ် စောင့်ကြည့်နေလို့ရတယ်လေ "

" ဒီနည်းလမ်းနဲ့ဆိုရင် ကျုပ်လုပ်မဲ့အရာက ဝမ်ကလန်ကို ထိခိုက်စေမယ်လို့ ခင်ဗျားတို့ထင်ရင် ချက်ချင်းတောင် ဝင်တားလို့ရသေးတယ်.. ဒီဟာက ကျုပ်ရဲ့ လှုပ်ရှားမှုအားလုံးကို လိုက်နှောက်ယှက်နေတာနဲ့စာရင် ပိုမကောင်းဘူးလား "

ရှန်းဟိုင်နှင့်မုန့်လုံ နှစ်ယောက်လုံး ကြက်သေသေသွားသည်။ တစ်ဦးနှင့်တစ်ဦး အကြည့်ဖလှယ်ကာ ပြောစရာစကား မဲ့နေကြသည်။ အစတွင် သူတို့သည် ဝမ်ချောင်အား စောင့်ကြည့်နေကာ အပြင်ထွက်၍ ပြဿနာမရှာရန် တားဆီးရန်သာ တွေးထားကြသည်။

သို့သော် ဝမ်ချောင် ပြောသည်မှာလည်း အဓိပ္ပာယ်ရှိကြောင်း သူတို့ သိရှိလိုက်သည်။ သူတို့က ငြင်းဆန်ရန် စကားလုံးအား ရှာမတွေ့ပေ။

ဝမ်ချောင်ပြောသကဲ့သို့ ' ထိန်းကျောင်းပေးခြင်းသည် နှောင့်ယှက်နေခြင်းထက် ပိုကောင်းသည် ' ဖြစ်ပေသည်။ သခင်မနှင့်သခင်ကြီးတို့သည် ဝမ်ချောင်အား သုံးရက်ကြာ အကျဥ်းချထားနိုင်သော်လည်း အချိန်တန်လျှင် သူထွက်ခွင့်ရမည်ဖြစ်လေသည်။

ထိုအခါ ပြဿနာရှာမည်ဆိုပါက ရှာနိုင်ပြီ ဖြစ်လေသည်။

အခြားအစောင့်များဆိုလျှင် မျက်နှာလွဲခဲပစ် လုပ်မည်သာ ဖြစ်သော်လည်း မုန့်လုံနှင့်ရှန်းဟိုင်သည် မတူညီပေ။ သူတို့သည် ဝမ်ကလန်အား အလွန်သစ္စာရှိပြီး

ထိုကဲ့သို့ ဖြစ်ရပ်များ ဖြစ်လာမည်ကို မည်သို့ ကြည့်နေနိုင်မည်နည်း။

" ချောင်သခင်လေး.. ကျုပ်တို့က သခင်လေး ခြံဝင်းက ထွက်သွားမှာကို မတားတော့ဘူးဆိုပေမဲ့ တစ်ခုတော့ ကြိုပြောထားပါရစေ.. သခင်လေး ဘယ်သွားသွား ကျုပ်တို့နောက်က လိုက်နေမှာနော်.. အိမ်သာတက်မယ်ဆိုရင်တောင် လိုက်နေမှာ "

" ချောင်သခင်လေး ကျုပ်တို့က ပညာတတ်တွေမဟုတ်ပါဘူး.. တကယ်လို့ ချောင်သခင်လေးက အပြင်မှာ ပြဿနာရှာပြီး သခင်မကြီးတို့သာ ပြန်သိသွားခဲ့ရင် ကျုပ်တို့ဘဝက........ အဲ့ဒီအချိန်ကျ သခင်လေးကို ကိုယ်ထိလက်ရောက် ကျူးလွန်မိခဲ့ရင် ကျုပ်တို့ကို အကြင်နာတရားမရှိဘူးလို့ အပြစ်မတင်ပါနဲ့ "

............

အချိန်အတော်ကြာ စဥ်းစားပြီးနောက် သူတို့၏စကားအား အဆုံးသတ်လိုက်သည်။

" အေးဆေးသက်သာနေပါ.. ကျုပ်ရဲ့ကျင့်ကြံခြင်းအဆင့်က ခင်ဗျားတို့ကို မယှဥ်နိုင်ပါဘူး.. တကယ်လို့ အဲ့ဒီလို ဖြစ်ခဲ့ရင် ခင်ဗျားတို့ လုပ်သင့်တာကို လုပ်ပါ "

ဝမ်ချောင် ရယ်နေသည်။

ရှန်းဟိုင်နှင့်မုန့်လုံပင် ဝမ်ချောင်၏ စကားတစ်ခွန်းကြောင့် သူတို့၏သခင်လေးအပေါ်အမြင်မှာ ၁၈၀° ပြောင်းလဲသွားပြီကို သတိမထားမိလိုက်ပေ။ အမှန်ဆိုရလျှင် ဤအခြေအနေထဲတွင် မှားယွင်းချက်တစ်ခုမျှ သူတို့ရှာမတွေ့နေပေ။

သူတို့နှစ်ယောက်သည် ဖြစ်နိုင်ချေများအား စဥ်းစားမိမည် မဟုတ်ပေ။

စွမ်းအားမြင့်သည့်အစောင့်နှစ်ယောက်ဖြစ်သော ရှန်းဟိုင်နှင့်မုန့်လုံ ခြံရံလျက် နေထွက်ချိန်အောက်တွင် မြို့တော်၏ အနောက်ဘက်သို့ ထွက်ခွာလိုက်သည်။

သူတို့သုံးယောက် ထွက်ခွာသွားပြီး မကြာမှီပင် အစောင့်တစ်ယောက်သည် ဝမ်ခြံဝင်းအတွင်းသို့ ဝင်လာပြီး အတွင်းခြံဝင်းသို့ ဦးတည် ပြေးနေသည်။

" သခင်မကြီး ချောင်သခင်လေး ထွက်သွားခဲ့ပါပြီ "

ထိုစကားအားကြားလျှင် ဝမ်အမေ အံ့သြသွားလေသည်။ သူမ၏ခန္ဓာကိုယ်ပင် တုန်ယင်နေပြီး အဆောတလျင် မေးခွန်းထုတ်လိုက်သည်။

" ရှန်းဟိုင်နဲ့မုန့်လုံတို့ကော သူတို့က မတားကြဘူးလား "

အလွန်သစ္စာရှိသော ရှန်းဟိုင်နှင့်မုန့်လုံတို့သည် အမိန့်အားလွန်ဆန်ရန် မဖြစ်နိုင်ပေ။ ထိုအချက်ကြောင့်ပင် ဝမ်ချောင်အား စောင့်ကြည့်ရန် ထိုနှစ်ယောက်အား တာဝန်ချထားခြင်း ဖြစ်လေသည်။ သူတို့နှစ်ယောက်သာ ထိုနေရာတွင် ရှိနေပါက ဝမ်ချောင်ခိုးထွက်မည်ဆိုလျှင်ပင် ဖမ်းဆီးကာ ပြန်လည်ခေါ်ဆောင်လာမည်ဖြစ်သည်။

သို့သော် အစောင့်ပြောသောစကားသည် သူမအား အလွန်ပင် အံ့အားသင့်စေလေသည်။

" သခင်မကြီး သူတို့က ချောင်သခင်လေးနဲ့အတူ ထွက်သွားကြတာပါ "

အစောင့်သည် ရိုးသားစွာ ဖြေကြားလိုက်သည်။

" ဘယ်လို..... "

ထိုသတင်းအားကြားပြီး သူမအလွန်ထိတ်လန့်သွားကာ လက်ထဲမှ လက်ဖက်ရည်ခွက်ပင် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ သူမအတွက် ဤအရာသည် ဝမ်ချာင် ခိုးထွက်သွားသည်ထက်ပင် ထူးဆန်းနေသည်။

" ဘယ်လို ဖြစ်နိုင်မှာလဲ "

..........

ဖြူနက်သင်္ဘော လက်ဝတ်ရတနာဆိုင်သို့ သူတို့ရောက်ရှိရန် အချိန်သိပ်မကြာလိုက်ပေ။ အနောက်တိုင်းမှ ကုန်သည်ကြီးတစ်ယောက်နှင့် စကားပြောအပြီးတွင်

သူသည် ဟိန္ဒူဘုန်းကြီးနှစ်ယောက် တည်းခိုသောနေရာအား ခြေရာခံနိုင်ခဲ့ပြီဖြစ်ရာ ထိုကုန်သည်ပေးသော လိပ်စာသို့ အလျင်အမြန် ခရီးနှင်လေတော့သည်။

ပျားပန်းခတ်မျှလှုပ်ရှားနေသော ရွှမ်းရွှေလမ်းအတွင်းတွင် မြင်းလှည်းများ လူများနှင့် ပြွတ်သိပ်နေသည်။

နောက်ဆုံးတွင် ဝမ်ချောင် ဟိန္ဒူဘုန်းကြီးနှစ်ယောက်အား ရှာတွေ့ပြီဖြစ်သည်။ အညိုရောင်ဝတ်ရုံအား အပေါ်တွင်သာ လွှမ်းခြုံထားပြီး သူတို့၏ ညာဘက်ပုခုံးအား ဖော်ထုတ်ထားကာ သူတို့၏မဲနက်နေသော

ရင်ဘတ်နှင့်လက်မောင်းအားဖော်ပြထားသည်။ ဝမ်ချောင်၏ ထင်မြင်ချက်အား ဆန့်ကျင်စွာ သူတို့သည် ပြောင်ရှင်းနေသော ခေါင်းတုံးများဖြင့် မဟုတ်ကြပေ။ သူတို့၏ ဦးခေါင်းနောက်တွင် ပါးလွှာသော အနက်ရောင်ဆံပင်တစ်စု ရှိနေသည်။

ထိုသူနှစ်ယောက်သည် ဖြေးညှင်းစွာသာရွေ့လျားနေရာ သိပ်သည်းနေသော လူအုပ်ကြီးအကြားတွင် ထိုသူတို့မှာ ထင်ရှားမနေပေ။

" နောက်ဆုံးတော့ ငါရှာတွေ့ခဲ့ပြီ "

ပြတင်းပေါက်မှနေ၍ ထိုဘုန်းကြီးနှစ်ပါးအား ကြည့်နေရင်း ဝမ်ချောင် သက်ပြင်းချလိုက်သည်။ သူ၏စိတ်ထဲတွင် ရတနာများအား ရှာတွေ့သကဲ့သို့ ခံစားနေရသည်။

ယခုခေတ်တွင် ဟိန္ဒူဘုန်းကြီးများအား သိရှိသူ မရှိသေးပေ။

သို့သော် အခြားအချိန်နှင့်စကြာဝဠာတစ်ခုတွင် ထိုသူတို့အား ခေါ်ဆိုသော ပို၍တိကျသည့်နာမည်တစ်ခုရှိကြောင်း ဝမ်ချောင်သိထားသည်။ ထိုသည်မှာ ' အိန္ဒိယလူမျိုးများ ' ဟူ၍ ဖြစ်သည်။

" ချောင်သခင်လေး.. သူတို့က သခင်လေး ရှာနေတဲ့သူတွေလား "

မြင်းလှည်းအတွင်းမှ ရှန်းဟိုင်နှင့်မုန့်လုံသည်လည်း ပြတင်းပေါက်မှတစ်ဆင့် ထိုဘုန်းကြီးနှစ်ပါးအား တွေ့ကြလေသည်။ ဝမ်ချောင် သူ၏မကောင်းသည့်အပေါင်းအသင်းများနှင့် ပြန်လည်တွေ့ဆုံကာ ပြဿနာရှာမည်ကို ဝမ်ခြံဝင်းမှ ထွက်လာသည့်တစ်လျောက်လုံး သူတို့စိုးရိမ်နေခဲ့ကြသည်။

သို့သော် ဝမ်ချောင် မြင်းလှည်းအား လှည့်ပတ်မောင်းနေစေလျက် ရှာဖွေနေသည်မှာ ဟိန္ဒူဘုန်းကြီးနှစ်ပါးသာ ဖြစ်နေသောအခါ သူတို့စိတ်သက်သာရာ ရသွားသည်။နောက်ဆုံးတွင် သူတို့စိတ်ထဲမှ အစိုင်အခဲကြီး ပြုတ်ကျသွားပြီဖြစ်သည်။

သူတို့ စိတ်သက်သာရာရသည့််နေရာတွင် သိလိုစိတ်က တစ်ဖန် ဖြစ်ပေါ်လာသည်။

ဝမ်ချောင်သာ မာကျောက်၊ လီကျောက်၊ ယောင်သခင်လေး၊ လီသခင်လေး အစရှိသူတို့အား ရှာဖွေနေမည်ဆိုလျှင် အထူးအဆန်းဟု ပြော၍မရပေ။ သို့သော်

တိုင်းတစ်ပါးဘုန်းကြီးနစ်ပါး.....။ ဤအရာကတော့ ထူးဆန်းလွန်းနေပေပြီ။

ဤတစ်ကြိမ်သည် သခင်လေး အပြင်ဘက်၌ ပြုလုပ်တတ်သော ကိစ္စရပ်များတွင် ပထမဆုံးအကြိမ် စိတ်ဝင်စားမိကြခြင်းပင် ဖြစ်သည်။

" ဟမ့်... သူတို့ကို အထင်မသေးနဲ့ "

ဝမ်ချောင် ထိုသူနှစ်ယောက်၏အတွေး၏ အတွေးအား

သိရှိနေ၍ ရယ်သွမ်းသွေးလိုက်သည်။ မဟာထန်တွင် ဘုန်းကြီးများသည် မထူးခြားပေ။ သို့သော် ဝမ်ချောင်သည် ဤဘုန်းကြီးများမှာ သာမန်ဘုန်းကြီးများနှင့်မတူကြောင်း သူ သိထားလေသည်။

" သူတို့ရဲ့ အသားအရည်ကိုပဲကြည့်ပြီး ဝေဖန်မစောနဲ့ဦး.. လာမယ့်နှစ်အနည်းငယ်အတွင်းမှာ မရေမတွက်နိုင်တဲ့လူတွေက သူတို့နဲ့ မတွေ့ဆုံလိုက်ရတာကို

နောင်တရမဆုံးဖြစ်ကြလိမ့်မယ် "

" အမ် "

ရှန်းဟိုင်နှင့်မုန့်လုံနှစ်ယောက်သား အချင်းချင်းပြန်ကြည့်၍ စူးစမ်းလိုစိတ်များ သူတို့စိတ်ထဲတွင် တိုးပွားလာသည်။

ဝမ်ချောင် အတောမသတ်ရယ်လိုက်သည်။ ထို့ထက်ပို၍ မရှင်းပြတော့ပေ။ လမ်းပေါ်တွင် ဟိန္ဒူဘုန်းကြီးနှစ်ပါးသည် သူတို့နည်း သူတို့ဟန်ဖြင့် ဝုစ်သံမဏိအား ရောင်းချရန် ကြိုးပမ်းနေကြသည်။

ထိုဘုန်းကြီးနှစ်ဦးသည် သူတို့၏ကုန်ပစ္စည်းများအား ဖြတ်သွားသူများကို ကျပန်းရွေးချယ်ရောင်းချသည်မဟုတ်ပဲ ထို့အစား အလွန်တန်ဖိုးကြီးစွာ ဝတ်ဆင်ထားပြီး ချမ်းသာပုံရသည့်သူများကိုသာ ရွေးချယ်ရောင်းချနေသည်ကို ဝမ်ချောင် တွေ့လိုက်ရသည်။

" သူတို့ရဲ့ကုန်ပစ္စည်းတွေ မရောင်းရတာ မထူးဆန်းပါဘူး "

ဝမ်ချောင် သဘောမကျစွာ ခေါင်းခါလိုက်သည်။

လူသားဧကရာဇ်

ဘာသာပြန်သူ - Xoxay

Chapter 19.

ဟိုက်ဒရာဘတ်သတ္ထုရိုင်း

အကယ်၍ အဘတ်စစ်စော်ဘွားဒေသ၊ ခဲရပ်စပါစီနူ၊

ဒမတ်စကပ် စသည့်နေရာများတွင်ဆိုလျှင် ထိုသို့ ပြုလုပ်ခြင်းမှာ ပြဿနာမရှိပေ။ အဘတ်စစ်ကုန်သည်အများစုသည် ကျောက်မျက်ရတနာ၊ ဆေးပင်၊ ပိုးထည်၊ လက်ဖက်ရွက်၊ မြေအိုး၊ မိုင်းတွင်းများ အစရှိသဖြင့် အကျိုးအမြတ်ရမည့် လုပ်ငန်းအားလုံးကို လုပ်ကိုင်ကြလေသည်။ သူတို့အား အကျိုးဖြစ်ထွန်းစေသ၍ သူတို့မလုပ်ရဲသည့်လုပ်ငန်းဟူ၍ပင် မရှိချေ။ တားမြစ်ထားသည်များကိုပင် လုပ်ကိုင်ရဲကြသည်။

ထိုစော်ဘွားကုန်သည်များသည် ကျွန်များကိုပင် ရောင်းချကြသေးသည်။

သို့သော် မိုင်းတွင်းနှင့် သတ္ထုသန့်စင်ခြင်းများအား မဟာထန်အင်ပါယာမှ လူအများစုက စိတ်မဝင်စားကြပေ။ အစကတည်းကပင် သူတို့ရှာနေသည့် ဖောက်သည် မှားနေပြီ ဖြစ်သည်။

ထို့အပြင် မြို့တော်တွင် အိန္ဒိယစကား ပြောတတ်သည့်သူမှာ လက်ဆယ်ချောင်းမပြည့်ပေ။ သူတို့သည် ဝယ်ယူနိုင်မည့်သူကို ရှာတွေ့လျှင်ပင် ဘာသာစကားတံတိုင်းက ကာဆီးထားပေရာ သူတို့ပြောမည့်အကြောင်းအရာများအား တစ်ဖက်လူ နားလည်မည်မဟုတ်ပေ။

သူတို့၏နည်းလမ်းအတိုင်းသာ ဆက်သွားနေပါက အလုပ်ဖြစ်မည် မဟုတ်သည်မှာ သိသာနေသည်။ သူတို့ အရှုံးခြင်းနှင့်သာ ကြုံရပေမည်။ ထိုကဲ့သို့ပင် မဟာထန်သည်လည်း ဆုံးရှုံးရပေမည်။ သို့မဟုတ် သူတို့သည် ဤမဟာထန်မှ ခရီးစဥ်အား အစကတည်းကပင် မျှော်မှန်းထားခြင်း မရှိသောကြောင့်လည်း ဖြစ်နိုင်ပေသေးသည်။

သူတို့၏စိတ်ထဲမှပင် လက်ဗလာဖြင့်သာ ပြန်ရန် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်လောက်သည်။

ဝမ်ချောင် မျက်လုံးမှ အလင်းရောင်တစ်ချို့ ဖြတ်ပြေးသွားပြီး မြင်းလှည်းထဲမှ ထွက်လိုက်သည်။ ရှန်းဟိုင်နှင့် မုန့်လုံတို့သည်လဲ ချက်ချင်းပင် သူ့နောက်သို့ ပြေးလိုက်လေတော့သည်။

" ဆရာသခင်နှစ်ယောက်.. နှုတ်ခွန်းဆက်သပါတယ် "

ဝမ်ချောင် လျှောက်သွားလိုက်ကာ ရိုသေစွာ ဦးညွှတ်လိုက်သည်။

ဟိန္ဒူဘုန်းကြီးနှစ်ပါးသည် သူတို့၏နောက်တွင် တစ်စုံတစ်ဦးရှိနေသည်ကို အာရုံခံမိ၍ နောက်လှည့်လိုက်သည်။ သို့သော် ဆယ်ကျော်သက်အရွယ် လူငယ်လေးတစ်ယောက်အား မြင်ရချိန်တွင် သူတို့၏မျက်နှာ၌

စိတ်ပျက်သော အမူအရာများ ဖြစ်ပေါ်လာသည်။

" ဘိုလျှို စာဝူဒို.... "

မျက်နှာထားတင်းသည့် ဘုန်းကြီးတစ်ပါးက ဝမ်ချောင်အား ထွက်သွားရန် လက်အား ဝှေ့ရမ်းပြနေသည်။

ငြင်းဆန်လိုက်ခြင်း...

ရှန်းဟိုင်နှင့်မုန့်လုံနှစ်ယောက်သား သူတို့၏ ရယ်ချင်စိတ်များအား မြိုသိပ်ထားကြသည်။

ထိုဟိန္ဒူဘုန်းကြီးနှစ်ပါးသည် သူတို့၏အမူအကျင့်နှင့် ပက်သက်၍ သတ်မှတ်ချက်များရှိသည်ကို ပြောနိုင်သည်။ ဘုန်းကြီးနှစ်ပါးသည် ဝယ်ယူမည့်သူအား အချိန်အတန်ကြာ ရှာဖွေနေသောကြောင့် လူအများအပြားသည် စိတ်ဝင်စားကြလေသည်။ သို့သော် ထိုသူများနှင့် စကားအနည်းငယ်ပြောအပြီးတွင် လူအများစုသည် ငြင်းဆန်ကာ ထွက်သွားကြသည်။

ဤသခင်လေးသည်လည်း ထိုငြင်းဆန်မည့်အုပ်စုမှပင် ဖြစ်ရပေမည်ဟု သတ်မှတ်လိုက်သည်။

ထိုအချက်အားကြည့်၍ ဘုန်းကြီးများသည် ဤခရီးစဥ်မှ အတွေ့အကြုံများစွာ ရရှိထားပြီးဖြစ်ပုံပေါ်ကာ ဝမ်ချောင်အား အထင်မြင်လွဲမှားနေလေသည်။ သူတို့၏ရှေ့မှ သခင်လေးသည် အခြားသခင်လေးများနှင့် သက်တူရွယ်တူပင် ဖြစ်နေသည်မဟုတ်လား။

" ကြည့်ရတာ သခင်လေးက တစ်ဖက်လူနဲ့ သဘောတူညီချက် ရမဲ့ပုံ မပေါ်ဘူး "

" သူတို့က သဘောတူညီချက် မရတာတင်မဟုတ်ဘူး.. တစ်ဖက်လူက စကားပြောဖို့ကို ဆန္ဒမရှိနေတာ.. သခင်လေးကတော့ တစ်ဖက်လူရဲ့ ငြင်းဆန်တာ ခံရလိမ့်မယ်လို့ တွေးထားမှာ မဟုတ်ဘူး "

သူတို့နှစ်ယောက် ရယ်မောနေလေသည်။

သို့သော် အခြေအနေက တစ်မျိုးပြောင်းသွားသည်။

" ကတိုက်ကရိုက် မငြင်းပါနဲ့ဦး.. ကျုပ်က ငယ်ရွယ်ပေမဲ့ သင်တို့ရဲ့ ဝုစ်သံမဏိကို ဝယ်ယူဖို့ အကောင်းဆုံး

ကိုယ်စားလှယ်တစ်ယောက်ပဲ "

ဝမ်ချောင်၏လေသံသည် အပြုံးနှင့်အတူ ပြောင်းလဲသွားကာ ထွက်လာသော စကားသံသည် ရှန်းဟိုင်နှင့်မုန့်လုံတို့ တစ်ခါမှ မကြားဖူးသော စကားသံဖြစ်နေသည်။ ဟိန္ဒူဘာသာစကား....။

ရှန်းဟိုင်နှင့်မုန့်လုံ အနည်းငယ် အံ့အားသင့်သွားသည်။

ဝမ်ချောင်၏လေသံသည် ဟိန္ဒူဘုန်းကြီးနှစ်ပါးနှင့် ချွတ်စွပ်တူနေသည်။

သူတို့၏သခင်လေးသည် ဟိန္ဒူဘာသာစကားအား သိနေသည်လား။

အဘယ်သို့ ဖြစ်နိုင်မည်နည်း။

မယုံကြည်နိုင်မှုများက သူတို့၏ မျက်နှာပေါ်တွင် ထွက်ပေါ်လာသည်။ သူတို့နားကိုပင် သူတို့ မယုံနိုင်ဖြစ်နေသည်။ သခင်လေးသည် ဟိန္ဒူစကားအား မထစ်ငေါ့ပဲ ပြောနိုင်သည်သာမဟုတ် ကောင်းမွန်စွာ ပြောဆိုနိုင်လေသည်။

နှစ်ပေါင်းများစွာ သင်ယူလေ့လာထားသည်နှင့်ပင် တူနေသည်။

သို့သော် ပြဿနာမှာ သူတို့၏သခင်လေးသည် မည်သည့်နေရာမှ သင်ယူခဲ့လေသနည်း။

သူတို့ ဝမ်ခြံဝင်းတွင် ရှိနေသည်မှာ နှစ်ဒါဇင်ပေါင်းများစွာ ရှိနေပြီဖြစ်ပြီး ဝမ်ချောင် ဟိန္ဒူဆရာတစ်ယောက်၏ လက်အောက်တွင် သင်ကြားခဲ့သည်အား သူတို့ မမြင်ဖူးပေ။ ဆိုရလျှင် ဟိန္ဒူဆရာတစ်ယောက်က ခြံဝင်းအတွင်းသို့ ဝင်လာသည်ကိုပင် သူတို့ဝမ်ခြံဝင်း၌ ရှိနေစဥ် နှစ်ပေါင်းများစွာ တစ်လျှောက်လုံး မတွေ့ဖူးခဲ့ပေ။

ထိုသို့ဆိုလျှင် သူတို့၏သခင်လေးသည် မည်သည့်ကမ္ဘာတွင် ဟိန္ဒူဘာသာစကားအား သွားရောက် သင်ယူခဲ့သနည်း။

" သင်က ဟိန္ဒူဘာသာစကား ပြောတတ်တယ်လား "

ဟိန္ဒူဘုန်းကြီးနှစ်ပါးမှာမူ ရှန်းဟိုင်နှင့်မုန့်လုံထက်ပင် ပို၍ အံ့သြနေသည်။ ဝမ်ချောင်အား ငြင်းဆန်၍ ပြန်လှည့်ရန်ပြင်နေသည့် ဘုန်းကြီးသည် ပို၍ပင် အံ့သြနေပြီး

သူ၏မျက်နှာတွင် ထူးဆန်းသော အရိပ်အရောင်များ ဖြစ်ပေါ်နေသည်။

သူတို့ အလယ်ပိုင်းလွင်ပြင်သို့ရောက်နေသည်မှာ လပေါင်းများစွာ ကြာနေပြီဖြစ်သော်လည်း မဟာထန်တွင် ဟန်လူမျိုးတစ်ယောက်မှ ဟိန္ဒူစကားအား ကျင်လည်စွာ ပြောဆိုသည်အား ကြားရသည်မှာ ဤတစ်ခါသည် ပထမဆုံးပင် ဖြစ်သည်။ ထိုထက်ပို၍ ပြောဆိုနေသူမှာလည်း ဆယ်ကျော်ကောင်လေးတစ်ယောက် ဖြစ်နေသည်။

တစ်နည်းအားဖြင့် သူတို့သည် ဤကလေးနှင့် ဆွေမျိုးတော်စပ်သည်လားဟုပင် ထင်လိုက်မိသည်။

" ဟမ့်... ကလေးတစ်ယောက်က ဟိန္ဒူစကား ပြောတတ်လို့ မရဘူးလား "

ဝမ်ချောင် မတုန်မလှုပ်ပြောလိုက်သည်။ သူ၏ ဟိန္ဒူဘာသာစကားသည် လွန်ခဲ့သောနှစ်သုံးဆယ် သူ၏ယခင်ဘဝ၌ သင်ယူလေ့လာခဲ့ခြင်းဖြစ်လေသည်။ ထိုကာလတွင် သူကဲ့သို့ပင် လူအများသည် ဟိန္ဒူစကားအား ပြောဆိုတတ်ကြသည်။ သို့သော် ယခုအချိန်တွင်မူ မြို့တော်ရှိ ဟိန္ဒူဘာသာစကား ပြောတတ်သူသည် လက်ချိုးရေ၍ပင် ရနိုင်၍ သူသည်လည်း ထိုအထဲတွင် အပါအဝင်ဖြစ်သည်ကို ကောင်းစွာနားလည်ထားသည်။

" ကျုပ် သင်တို့ကို မဖုံးကွယ်ထားတော့ဘူး.. ကျုပ်က

မဟာထန် ကျိုးအမတ်ကြီးရဲ့မြေးပဲ.. သူက သင်တို့အခေါ်အရဆိုရင် ရှထရီယာ ( Kshatriya) နဲ့ အဆင့်တူတယ်.. အလယ်ပိုင်းလွင်ပြင်မှာ သင်တို့ရဲ့ ' ဝုစ်သံမဏိ ' ကို စိတ်ဝင်စားပြီး ဝယ်ယူနိုင်မဲ့သူက အရမ်းနည်းတယ်.. ကျုပ်က အဲ့ဒီထဲက တစ်ယောက်ပဲ "

သူပြောနေရင်းဖြင့် တံဆိပ်ပြားတစ်ခုအား ထုတ်ပြကာ ချက်ချင်း ပြန်လည်သိမ်းဆည်းလိုက်သည်။

" ကျုပ်နောက်မှာ ရပ်နေတဲ့ လူနှစ်ယောက်ကို သင်တို့မြင်တယ်မဟုတ်လား.. သူတို့က ကျုပ်ရဲ့ခြံဝင်းက အစောင့်နှစ်ယောက်ပဲ.. အခု သင်တို့ ကျုပ်ကို ယုံပြီလား "

ဟိန္ဒူဘုန်းကြီးနှစ်ပါး၏ အံ့သြနေသည့် အကြည့်များက ပို၍ပင် ထင်ရှားလာသည်။ ငယ်ရွယ်သည်အား အသာထား ဤလူငယ်သည် အိန္ဒိယ၏ မျိုးနွယ်စုကြီး

လေးခုထဲမှ ရှထရီယာအကြောင်းကိုပင် သိရှိနေသည်။

သို့သော် မကြာခင်မှာပင် သူတို့၏ အမူအရာများ နက်မှောင်သွားသည်။

" ဝေးလံလှတဲ့ ဒီအလယ်ပိုင်းလွင်ပြင်ကို လာရတာက ကျုပ်တို့ရဲ့ ဟိုက်ဒရာဘတ်သတ္ထုရိုင်းကို ဝယ်နိုင်မဲ့ ချမ်းသာတဲ့ဝယ်သူ ဒါမှမဟုတ် ပူးပေါင်းဆောင်ရွက်လိုသူကို လာရှာတာပဲဖြစ်တယ် "

ထိုနှစ်ပါး ပြောလိုက်သည်။

" အာ........ "

ဝမ်ချောင် ကြောင်အသွားသည်။ သူတို့၏ တုံ့ပြန်စကားမှာ သူထင်ထားသည်နှင့် အတော်ပင် ကွာဟနေသော်လည်း ဝမ်ချောင် အခြားအကြောင်းအရာကိုသာ

သိချင်နေသည်။

" ဟိုက်ဒရာဘတ်သတ္ထုရိုင်းလား.. သင်တို့က ဝုစ်သံမဏိရောင်းမှာမဟုတ်ပဲ ဟိုက်ဒရာဘတ်သတ္ထုရိုင်းကို ရောင်းမှာလား "

" အင်း "

တိုင်းတစ်ပါးဘုန်းကြီးနှစ်ပါးက ခေါင်းညိမ့်ပြလေသည်။

ဝမ်ချောင် ကြက်သေသေသွားသည်။ ထိုဟာသသည်

သူလက်ခံနိုင်သည်ထက် အဆမတန်ကြီးမားနေလေသည်။ တစ်လျောက်လုံးတွင် သူသည် ဤနှစ်ပါးမှာ

သန့်စင်ထားသော ဝုစ်သံမဏိအား ရောင်းချမည်ဟုသာ တွေးထင်ထားရာ သတ္ထုအရိုင်းတုံးကိုပင် ရောင်းချမည်ဟု မတွေးဖူးခဲ့ပေ။

သို့သော် ထိုအရာအား တွေးကြည့်ရာတွင် ဟိုက်ဒရာဘတ်သတ္ထုရိုင်းဟူသော အမည်သည် ခဏသာဖြစ်၍ နှစ်အနည်းငယ်အကြာ၌ သမိုင်းတွင် ဝုစ်သံမဏိဟူသောအမည် တွင်လာပေလိမ့်မည်။

သူပြောနေသည့် ယခုအချိန်တွင် မဟုတ်ပဲ နှစ်အနည်းငယ် အကြာမှပင် ထိုနာမည် ဖြစ်ပေါ်လာမည်ကို သူမေ့နေခဲ့သည်။

" သခင်လေး.. ဝုစ်သံမဏိဆိုတာ အလယ်ပိုင်းလွင်ပြင်မှာ ခေါ်တဲ့ နာမည်နဲ့ မတူဘူး.. ဒီနိမ့်ကျတဲ့ဘုန်းကြီးက နေရာအများကြီးသွားလာခဲ့ပြီး လူအများအပြားနဲ့ တွေ့ဆုံဖူးပေမဲ့ ဒီလို သတ္ထုနာမည်မျိုးကို မကြားခဲ့ဖူးဘူး.. သခင်လေး ဘယ်ကနေ ကြားခဲ့လဲဆိုတာ မေးခွင့်ရှိမလား "

ဘုန်းကြီးတစ်ပါးက အေးခဲနေကာ သံသယဖြင့် မေးလိုက်သည်။

" ဒါက... ကျုပ်က ဟိန္ဒူရဲ့ ဟိုက်ဒရာဘတ်တောင်မှာ ဝုစ်သံမဏိလို့ခေါ်တဲ့ မယုံကြည်နိုင်တဲ့သတ္ထုတစ်မျိုး ထွက်တယ်လို့ သတင်းကြားလို့ပါ.. ဒါကြောင့် သင်တို့က ဝုစ်သံမဏိရောင်းတယ်လို့ ထင်မိတာပဲ "

မှန်ပေသည်.. သူ၏ယခင်ဘဝ၌ သိခဲ့သည်ဟု သူပြော၍မရပေ။ ထို့ကြောင့် သူသည် ကျပန်းအကြောင်းပြချက်တစ်ခုအား ဖန်တီးလိုက်လေသည်။

" အိုး... "

တိုင်းတစ်ပါးဘုန်းကြီးနှစ်ပါး အနည်းငယ် သက်သာရာရသွားလေသည်။ စကားများစွာ ပြောပြီးသည့်နောက်

ဝမ်ချောင်သည် ဟိုက်ဒရာဘတ်သတ္ထုရိုင်းနှင့် ဝုစ်သံမဏိအား အထင်မှားနေသည်ကို သူတို့ သိရှိသွားသည်။

" အိန္ဒိယမှာ ဟိုက်ဒရာဘတ်မိုင်းတွင်းပဲရှိတာပါ.. ဝုစ်သံမဏိလို့ခေါ်တဲ့အရာ မရှိပါဘူး.. သခင်လေးက အထင်မှားနေမှာကို စိုးရိမ်မိပါတယ် "

" ဒါပေမဲ့ ဝုစ်သံမဏိဆိုတဲ့နာမည်က သဘောကျစရာပဲ.. သခင်လေးစိတ်မရှိရင် ကျုပ်တို့က ဒီနာမည်ကို မွေးရပ်မြေကို သယ်သွားပါရစေ.. ပြောလို့ဘယ်ရမလဲ

ဝုစ်သံမဏိက ဟိုက်ဒရာဘတ်မိုင်းတွင်းရဲ့ တရားဝင်နာမည်လည်း ဖြစ်သွားနိုင်တာပဲလေ "

" ရပါတယ် သင့်တော်သလိုသာလုပ်ပါ "

ဝမ်ချောင် သူ၏ယခင်ဘဝတွင် ဝုစ်သံမဏိဟူသောအမည်သည် မည်သို့ဖြစ်ပေါ်လာခဲ့သည်ကို မမှတ်မိပေ။ သို့သော် ယခုအခြေအနေအား ကြည့်ရလျှင် ဝုစ်သံမဏိအား ကင်ပွန်းတပ်ပေးသူမှာ သူပင် ဖြစ်တော့မည်။

သူက သမိုင်းစာမျက်နှာအား ရေးထွင်းလိုက်သည်ကို စဥ်းစားကြည့်လျှင် ဝမ်ချောင်အား ရယ်ချင်သော ခံစားချက်အား ဖြစ်ပေါ်စေသည်။

" ကျုပ်တို့က ကျေးဇူးတင်ပါတယ် "

ဝမ်ချောင်၏ အတည်ပြုသံအား ကြားရသည်တွင် ဘုန်းကြီးနှစ်ပါး ပြုံးလိုက်သည်။ တစ်ချိန်တည်းတွင်

ဟိန္ဒူဘုန်းနှစ်ပါးသည် ဤဆယ်ကျော်သက် ကောင်လေးအပေါ် ခံစားချက်များ ကောင်းမွန်လာပြီ ဖြစ်သည်။

" ဆရာသခင်နှစ်ယောက်.. သင်တို့ စိတ်မရှိဘူးဆိုရင်

ကျုပ်တို့ မဆွေးနွေးခင် သင်တို့လက်ထဲက ဟိုက်ဒရာဘတ်သတ္ထုရိုင်းကို တစ်ချက် ကြည့်လို့ရမလား "

ဝမ်ချောင် ရုတ်ချည်း ပြောလိုက်သည်။

" ဒါပေါ့... "

ဝမ်ချောင်၏ ခွင့်တောင်းသည်ကိုကြားလျှင် တိုင်းတစ်ပါးဘုန်းကြီးနှစ်ပါးသည် တုံ့ဆိုင်း၍ပင် မနေတော့ပဲ သဘောတူလိုက်သည်။ ဝယ်သူသည် မဝယ်ယူခင် ပစ္စည်းအား ကြည့်ရှုရန် ခွင့်တောင်းသည်မှာ နားလည်ပေးနိုင်ပေသည်။

ကြည့်ရဆိုး၍ ကတ္တရာစေးရောင် ညစ်ပေနေသောသေတ္တာအား ဘုန်းကြီးတစ်ပါးမှ သယ်ယူထားရာ ထိုအရာ၏ အပြင်ပန်းသွင်ပြင်သည် ထူးခြားဆန်းကျယ်နေသည်။

" ဒါဆိုရင် ဒီဟာပေါ့ "

ဝမ်ချောင် အံ့သြပျော်ရွှင်နေသည်။ သူတို့၏လက်ထဲမှ ကတ္တရာစေးရောင် ထူးခြားဆန်းကြယ်သောသေတ္တာအား အတန်ကြာကတည်းကပင် ဝမ်ချောင် သတိထားမိပြီးဖြစ်သည်။ အပြင်ပန်းအသွင်အပြင်ကို ကြည့်လျှင်ပင် ထိုအရာသည် အလယ်ပိုင်းလွင်ပြင်မှ မဟုတ်သည်မှာ ထင်ရှားနေသည်။

သို့သော် ဝမ်ချောင်သည် ဟိုက်ဒရာဘတ်သတ္ထုရိုင်းအား ဤထဲတွင် သိုဝှက်ထားလိမ့်မည်ဟု ထင်မှတ်

မထားပေ။

" ကြည့်လိုက်ပါဦး "

ဘုန်းကြီးသည် အမှန်ပင် သူ၏ညာလက်အား သေတ္တာထဲသို့ထည့်၍ နှိုက်လိုက်ပြီး အမဲရောင်အစက်အပြောက်များဖြင့် မညီမညာဖြစ်နေသော ဘဲဥပုံ သတ္တုရိုင်းအား ဝမ်ချောင်ထံသို့ ယူပေးလိုက်လေသည်။

ထိုသတ္ထုရိုင်းအားကြည့်၍ ဝမ်ချောင်၏နှလုံးခုန်သံ ပြင်းထန်လာသည်။ ဟိုက်ဒရာဘတ်သတ္ထုရိုင်း... နောက်ဆုံးတွင် သူသည် ဒဏ္ဍာရီလာသတ္တုရိုင်းအား မျက်မြင် တွေ့ခွင့်ရပြီ ဖြစ်လေသည်။

" နောက်ဆုံးတော့ ငါရှာတွေ့ခဲ့ပြီ "

ဝမ်ချောင်၏နှလုံးသားသည် အပြင်းအထန် ခုန်ပေါက်နေသည်။

သူ၏ယခင်ဘဝမှ ဟိုက်ဒရာဘတ်သတ္ထုနှင့်ယှဥ်လျှင်

ယခုသည် နာမည်မကြီးသေးပေ။

ထိုဟိန္ဒူဘုန်းကြီးနှစ်ပါးပင်လျှင် သူတို့လက်ထဲတွင်ရှိသော ဟိုက်ဒရာဘတ်သတ္ထု၏ အမှန်တကယ် အရေးပါပုံကို မသိရှိထားသည်မှာ သေချာသည်ဟု ဝမ်ချောင် လောင်းရဲသည်။

ရွှမ်းရွှင်လမ်းသည် လူထူထပ်များပြားပြီး ချမ်းသာကြွယ်ဝသောသူ အများအပြား ရှိနေသော်လည်း

တစ်ယောက်တစ်လေမှပင် စိတ်မဝင်စားကြပေ။

ဝမ်ချာင်သည် ဤဟိန္ဒူဘုန်းကြီးနှစ်ပါး၏ ပုံပန်းသွင်ပြင်ကြောင့်သာ မဟုတ်လျှင် မဟာထန်သည် တန်ဖိုးကြီးသောဟိုက်ဒရာဘတ်မိုင်းတွင်းအား လက်လွှတ်မည် ရလိမ့်မည် မဟုတ်သည်ကို ဝမ်ချောင် ကောင်းစွာ သဘောပေါက်လိုက်သည်။

" ဟူး... "

ဝမ်ချောင် သူ၏လက်အား ဆန့်ထုတ်၍ တည်ငြိမ်သောသွင်ပြင်ဖြင့် ဟိန္ဒူဘုန်းကြီး၏လက်မှ ဟိုက်ဒရာဘတ်သတ္ထုရိုင်းအား ယူလိုက်သည်။

" လေးလိုက်တာ "

ဤအရာက ဝမ်ချောင်၏ ပထမဆုံးမှတ်ချက်ပင်ဖြစ်သည်။ ဟိုက်ဒရာဘတ်သတ္ထုရိုင်းသည် အမြင်ထက်ပင် ပို၍လေးပေသည်။ ဝမ်ချောင်သည် အကြမ်းဖျင်း ချိန်ဆကြည့်ရာ လေးဆယ်မှ ငါးဆယ်ဂျင်အကြားတွင် ရှိပေသည်။

၁ ဂျင် ~ ၀.၅ ကီလိုဂရမ်

ဝမ်ချောင်၏ လက်ရှိအင်အားဖြင့်ဆိုလျှင် သူ့အတွက် သယ်ဆောင်ရန် အလွန်ပင်ပန်းလေသည်။

" ဒီဘုန်းကြီးနှစ်ပါးက တော်တော်စွမ်းအားကြီးတာပဲ "

ဝမ်ချောင်သည် ထိုတိုင်းတစ်ပါးဘုန်းကြီးနှစ်ပါးအား

သတိကင်းမဲ့စွာ ကြည့်လိုက်မိသည်။ ထိုမတိုင်ခင်တွင်

ဘုန်းကြီးနှစ်ပါး သယ်ယူထားသည်မှာ အင်အားစိုက်ထုတ်ထားဟန်ပင် မပေါ်ချေ။

ဟိုက်ဒရာဘတ်သတ္ထုရိုင်းအား အလေးချိန်မရှိသကဲ့သို့

သယ်ယူထားနိုင်သောကြောင့် သူတို့၏ ခွန်အားကို အသိအမှတ်ပြုမိလေသည်။

ဝမ်ချောင် သူတို့အား အချိန်ကြာကြာ မစူးစမ်းတော့ပေ။ သူ၏လက်ထဲမှ သတ္ထုရိုင်းကိုသာ အာရုံစိုက်လိုက်သည်။ မကြာခင်တွင် ကမ္ဘာအား လှုပ်ခတ်စေမည့် ဟိုက်ဒရာဘတ်သတ္ထုရိုင်းသည် နက်မှောင်သည့်အစက်အပြောက်များကြောင့် မှတ်မိလွယ်လေသည်။

အတိအကျဆိုရလျှင် ထိုအရာအား ကြည့်ရဆိုးသည်ဟု ပြောကြသည်မှာ မမှားချေ။

အပြင်ပန်းသွင်ပြင်ကိုသာ ကြည့်လျှင် အခြားသော သတ္ထုရိုင်းများနှင့် ကွားခြားသည်ဟု ဝမ်ချောင်လည်း မပြောနိုင်ပေ။

ထိုအရာ၏ လက္ခဏာသွင်ပြင်အရ ဟိုက်ဒရာဘတ်သတ္ထုရိုင်း၏ တန်ဖိုးအား မခန့်မှန်းနိုင်ကြသည်မှာ အံ့သြစရာ မဟုတ်ပေ။ မဟာထန်၏ ပညာရှိများနှင့်ပညာရှင်များပင်လျှင် ထိုအရာ၏ အစစ်အမှန်တန်ဖိုးအား တန်ဖိုးဖြတ်နိုင်မည့်သူ တစ်ယောက်မျှ ရှိမည် မဟုတ်ပေ။

သို့သော် ဝမ်ချောင်က အခြားသတ္ထုများ၏ အသုံးဝင်မှုသည် ဤအရာနှင့် နှိုင်းယှဥ်မရသည်ကို သိရှိထားပေသည်။

" ဟိုက်ဒရာဘတ်သတ္ထုက တစ်ခြားသတ္ထုတွေထက် သုံးဆ လေးဆ လေးတယ်ဆိုတာ ကျုပ်တို့တောင် မကြာခင်ကမှ သိထားတာ.. ဒီတစ်ခုနဲ့တင် တစ်ခြားသတ္ထုတွေထက် အများကြီးသာတယ်ဆိုတာ သိသာပါတယ် "

ဟိန္ဒူဘုန်းကြီးနှစ်ပါး၏ စီးပွားရေးဆန်သော စကားသံက သူ့နားထဲ တိုးဝင်လာသည်။

" ဒါက သတ္ထုရိုင်းပဲရှိသေးသေးတာတောင် သတ္ထုပါဝင်မှုက အရမ်းများတယ်.. ဒါကြောင့် သူ့ကို ဖြတ်တောက်ဖို့ ရှုပ်ထွေးတဲ့နည်းလမ်းတွေ မလိုအပ်ဘူး..

တကယ်လို့ သင်က အဆင့်မြင့်အရည်အသွေးရှိတဲ့ သတ္ထုကို ရှာနေတယ်ဆိုရင်တော့ ဟိုက်ဒရာဘတ်သတ္ထုရိုင်းက သင့်ရဲ့ စိတ်ကူးကို အကောင်အထည်ဖော်ပေးနိုင်မဲ့ အရာပဲ "

" ဒီသတ္ထုရိုင်းက ပထမဆုံးအသုတ်ပဲ.. စျေးအမြင့်ဆုံး

ပေးနိုင်ပြီး အများဆုံး ဝယ်ယူနိုင်တဲ့သူကို ကျုပ်တို့က ဦးစားပေးမယ်.. အဲ့လိုမျိုးလူကပဲ ကျုပ်တို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်တော်ဆုံးသူ ဖြစ်တယ် "

......

ဟိန္ဒူဘုန်းကြီးနှစ်ပါးက ရှင်းပြသည်။

သူတို့၏ ရှင်းပြချက်များအား ကြားရသည်တွင် ဝမ်ချောင် မသက်မသာ သက်ပြင်းချလိုက်သည်။ ထိုကိုယ်တော်နှစ်ပါး၏ တည့်တိုးဆန်သော စကားများအရ အလယ်ပိုင်းလွင်ပြင်သည် ဟိုက်ဒရာဘတ်စီးပွားရေးလုပ်ငန်းအား လက်လွှတ်ကာ သူတို့သည်လည်း လက်ဗလာနှင့်သာ ပြန်သွားရသည်မှာ

အံ့သြစရာမဟုတ်တော့ပေ။

နှိုင်းယှဥ်ကြည့်လျှင် သူ၏ယခင်ဘဝ၌ ဝုစ်သံမဏိ၏ ဖော်ပြချက်များမှာ ကျစ်လစ်သည်။ လှပသည်။ ပေါ်လွင်ထင်ရှားသည်။

စစ်မြေပြင်အား အိပ်မက်ဆိုးမက်စေနိုင်သော ကမ္ဘာ့အလှပဆုံးနှင့်အထက်မြက်ဆုံး လက်နက်များ ဖြစ်ပေသည်။

=======================

ဟန်လူမျိုးဆိုတာက တရုတ်လူမျိူးအားလုံးကို ဆိုလိုတာဖြစ်ပါတယ်..

ချင်စီဟောင်က တရုတ်ပြည်တစ်ခုလုံးကို သိမ်းပိုက်အပြီး ချင်မင်းဆက်ကို ထူထောင်ခဲ့တယ်..

ဒါပေမဲ့ လျိုပန်းနဲ့ ရှန့်ယူတို့ စပြီး ပုန်ကန်တာ အချိန်သိပ်မကြာလိုက်ဘူး.. လျိုပန်းက တရုတ်ပြည်ရဲ့ အင်ပါယာအသစ်ဖြစ်လာတယ်.. သူ့ရဲ့မင်းဆက်ကို ဟန်မင်းဆက်လို့ခေါ်တွင်စေတယ်.. နှစ်တွေကြာလာတော့ တိုင်းပြည်က ကြွယ်ဝချမ်းသာလာပြီး တိုင်းသူပြည်သားတွေက သူတို့ကိုယ်သူတို့ ဟန်လူမျိုးလို့ စခေါ်ခဲ့ကြတယ်.. အခုအချိန်ထိ ဟန်လူမျိုးဆိုတာ

တရုတ်လူမျိုးအားလုံးကို ကိုယ်စားပြုနေတုန်းပါပဲ..

အိန္ဒိယလူမျိူးတွေရဲ့ ဇာတ်နိမ့်ဇာတ်မြင့်ပိုင်းခြင်းအရ

ဘရာမင် ( Brahmin )က ရှထရီယာ ( Kshtriya) ထက်ပိုမြင့်ပါတယ်..

ရှထရီယာ ( Kshatriya )က ဗက်ရှီယာ ( Vashya ) ထက်ပိုမြင့်ပါတယ်..

ဗက်ရှီယာ ( Vashya )က ဆူဒရာ ( Shudra ) ထက်ပိုမြင့်ပါတယ်

သူတို့ထက်နိမ့်တာကတော့ ဒါလစ် ( Dalit ) ပဲဖြစ်တယ်.. ဒီ ဇာတ်နိမ့်ဇာတ်မြင့်ခွဲတာက အိန္ဒိယမှာ

အရမ်းအရေးပါ ပါတယ်...

လူသား၏ကရာဇ်

ဘာသာပြန်သူ - Xoxay

Chapter 20.

ပုံမှန်မဟုတ်သော အခွင့်အရေးဖြင့် ညှိနှိုင်းခြင်း

" သင်တို့အားလုံးက သတ္ထုရိုင်းတွေကို ဘယ်လိုရောင်းချမယ်လို့ ရည်ရွယ်ထားလဲ "

ဝမ်ချောင် ခေါင်းမော့ကာ မေးလိုက်သည်။

" ကျုပ်တို့က သတ္ထုရိုင်းတွေကို တိုက်ရိုက် ရောင်းဖို့ရည်ရွယ်ချက် မရှိဘူး.. ပထမအနေနဲ့ ကျုပ်တို့က ဝူကျူးဒင်္ဂါး၊ ကြေးဒင်္ဂါး၊ ငွေဒင်္ဂါးတွေ လက်မခံဘူး..

အလယ်ပိုင်းလွင်ပြင်မှာသုံးတဲ့ ငွေကြေးတွေက အိန္ဒိယမှာ အသုံးမဝင်ဘူး.. ဒါပေမဲ့ ကျုပ်တို့က ရွှေနဲ့ လက်ဝတ်လက်စားတွေကိုတော့ လက်ခံတယ် "

ဘုန်းကြီးနှစ်ပါးက ပြောလိုက်သည်။

ဝမ်ချောင် ခေါင်းညိမ့်လိုက်ကာ ဤအရာမှာ အနောက်တိုင်းမှ ကုန်သည်များနှင့် အတူတူပင်ဖြစ်သောကြောင့် ထိုအရာအား သူ စောဒကမတက်ပေ။

" အဲ့ဒါထက် ကျုပ်တို့က အသုတ်လိုက်ရောင်းမှာ..

တကယ်လို့ သခင်လေးက ပစ္စည်းရဲ့ ရှားပါးမှုကြောင့်

အနည်းငယ်ပဲ ဝယ်ယူမယ်ဆိုရင်တော့ ကြိုတင်တောင်းပန်ပါရစေ ကျုပ်တို့ သခင်လေးကို မရောင်းနိုင်ပါဘူး.. မတတ်နိုင်ဘူးဆိုရင် ထွက်သွားတာက ပိုကောင်းပါလိမ့်မယ် "

ထိုဘုန်းကြီးနှစ်ပါး၏မျက်နှာသည် တဖြည်းဖြည်းနှင့် တင်းမာလာကာ ပြောလိုက်သည်။ သူတို့သည် ဤမျှ ဝေးကွာသော နေရာအထိ လာခဲ့ကြခြင်းမှာ ငွေအနည်းငယ်အတွက် မဟုတ်ပေ။ သူတို့၏ ကုန်ပစ္စည်းများအတွက် ချမ်းသာကြွယ်ဝသော ဝယ်သူအား လာရောက် ရှာဖွေခြင်းသာ ဖြစ်ပေသည်။

ဤအရာသည် သူတို့အား တာဝန်ပေးထားသော အရာဖြစ်သည်။

" နောက်ဆုံး အပေးအယူက ခက်ခဲတယ်.. အနည်းဆုံးတော့ ပေးရမဲ့တစ်ဝက်ကို စားနပ်ရိက္ခာနဲ့ ပေးချေရမယ်.. ဒါက အရေးအကြီးဆုံးတစ်ချက်ဖြစ်ပြီးတော့ ဒီကုန်သွယ်ရေးရဲ့ အဓိကလိုအပ်ချက်တစ်ခုလဲ ဖြစ်တယ်.. တကယ်လို့ ပေးနိုင်မဲ့သူရှိရင် ကျုပ်တို့က အဲ့ဒီလူနဲ့ ပူးပေါင်းမှာပဲ.. "

" ဒါ့အပြင် သင်နဲ့သင့်မိသားစုက အိန္ဒိယရဲ့ လေးစားမှုနဲ့ ကျေးဇူးတင်ခြင်းကိုလဲ ရရှိလိမ့်မယ်.. ကျုပ်တို့ကလည်း ဟိုက်ဒရာဘတ်ကနေပြီး သင်တို့ကို သတ္ထုရိုင်းတွေ စဥ်ဆက်မပြတ် တင်ပို့ပေးမယ် "

..........

ထိုဟိန္ဒူနှစ်ယောက်က အလေးအနက်ထား၍ ပြောဆိုနေသည်။

" အာ....... "

ဝမ်ချောင် အာမေဋိတ်သံပြုမိသည်။ ထိုသူတို့၏ လိုအပ်ချက်များသည် သူ့အား မှင်သက်စေသည်။

ဝူကျူးဒင်္ဂါး၊ ကြေးနှင့် ငွေဒင်္ဂါးများအား လက်မခံခြင်းအပေါ် ဝမ်ချောင် နားလည်ပေးနိုင်လေသည်။ သို့သော် ရိက္ခာများဖြင့် တစ်ဝက်ပေးချေပေးရန် တောင်းဆိုသည်က ဝမ်ချောင်တွေးထားသည်ထက်ပင် ကျော်လွန်နေသည်။

အဘယ်သူက စားနပ်ရိက္ခာများအား ငွေပေးချေမှုအတွက် အသုံးပြုကြသနည်း။

အစတွင် ထိုဘုန်းကြီးနှစ်ပါးသည် ဟာသလုပ်သည်ဟု

ဝမ်ချောင် ထင်မိသော်လည်း သူတို့မျက်နှာပေါ်မှ အလေးအနက်ထားသော အမူအရာအား မြင်လျှင်

သူတို့ အတည်ပေါက်ပြောသည်ဖြစ်ကြောင်း ဝမ်ချောင် သိလိုက်သည်။

" ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲ "

ဝမ်ချောင် ဝေခွဲမရဖြစ်နေသည်။ ဤအရာသည် သူကြားဖူးထားသမျှထဲတွင် အထူးဆန်းဆုံးသော ကုန်သွယ်မှုပင်ဖြစ်သည်။ သို့သော် ထိုသူနှစ်ယောက်အား စိုက်ကြည့်နေရင်း သူမေ့လျော့နေသော သူ၏ယခင်ဘဝမှ မှတ်ဉာဏ်များ သူ့ခေါင်းထဲတွင် ပြန်ပေါ်လာသည်။

အိန္ဒိယနှင့်အလယ်ပိုင်းလွင်ပြင်သည် လုံးဝ မတူညီသော တိုင်းပြည်များဖြစ်သည်။

ဝမ်ချောင် သိထားသည်များအရ အိန္ဒိယသည် ငတ်မွတ်ခြင်း၊စစ်ပွဲ၊ အမှောင်ထုနှင့် ပျက်စီးခြင်းများဖြင့် အစဥ်အမြဲ သောကရောက်နေရသည်။ ထို့ကြောင့် သူတို့သည် ဟိုက်ဒရာဘတ်မိုင်းတွင်းအား ရှာတွေ့ခဲ့သော်လည်း သတ္ထုရိုင်းများအား သူတို့အကျိုးအတွက်

အသုံးချမည့်အစား ကမ္ဘာတစ်လွှားသွားလာ၍ ဝယ်ယူသူ ရှာဖွေရခြင်း ဖြစ်ပေသည်။

သူတို့သည် တစ်ဝက်အား ရိက္ခာဖြင့် ပေးချေရန် ပြောနေသော်လည်း ဖြစ်နိုင်လျှင် ပေးချေမှုအားလုံးအား

ရိက္ခာဖြင့်သာ ပေးချေ၍ အိန္ဒိယသို့ ပြန်သယ်သွားရန် မျှော်လင့်ထားကြလေသည်။

အခြေအနေများက ဝမ်ချောင်၏ ခေါင်းထဲတွင် ပို၍ ပို၍ ရှင်းလင်းလာသည်။

သူ၏မှတ်ဉာဏ်များအရ အိန္ဒိယ၌ ငတ်မွတ်ခေါင်းမှုသည် သေရေးရှင်ရေးသဖွယ်ဖြစ်နေပြီး ဤဘုန်းကြီးနှစ်ပါးသည် အလွန်ကြီးမားသော တာဝန်ကြီးအား ပုခုံးထမ်း တာဝန်ယူထားရလေသည်။

သူတို့သည် သေးငယ်သော ကုန်သွယ်မှုများအား စိတ်မဝင်စားသည်မှာ မထူးဆန်းတော့ပေ။

" ဒါပေမဲ့ ဒီကုန်သွယ်မှုက အပေးအယူလုပ်ဖို့ ပိုခဲယဥ်းသွားပြီပဲ "

ဝမ်ချောင် ရပ်တန့်နေပြီး အလျင်အမြန် စဥ်းစားနေသည်။

သီအိုရီများအရ လူတစ်ယောက်သည် လုံလောက်အောင် ချမ်းသာလျှင် မဟာထန်၌ ဝယ်ချင်သမျှအား

ဝယ်ယူနိုင်လေသည်။ သို့သော် ပြဿနာတစ်ခုမှာ

မဟာထန်သည် စားနပ်ရိက္ခာစီးဆင်းမှုနှင့် ပက်သက်လျှင် အလွန်အလေးထားလေသည်။ အခြားနိုင်ငံအား ဆန်တစ်စေ့ ဂျုံတစ်စေ့ ရောင်းချရန်ပင် အလွန်ခက်ခဲလှပေသည်။

' ဆာလောင်မှုကြောင့် တိုင်းပြည်ပြိုကွဲနိုင်တယ် ' အမှန်တွင် မဟာထန်တစ်ခုတည်းသာ ထိုဗျူဟာအား ကျင့်သုံးနေသည် မဟုတ်ပေ။ အခြားသောခေတ်ကာလများအား ပြန်သုံးသပ်ကြည့်လျှင်ပင် အစာရေစာသည် အရေးကြီးသော လိုအပ်ချက်ဖြစ်ကာ အလွန်တင်းကျပ်ခဲ့ကြလေသည်။

ထိုဘုန်းကြီးနှစ်ပါးက ပေးချေမှုတစ်ဝက်အား ရိက္ခာဖြင့် ရယူလိုခြင်းသည် ဝမ်ချောင်အတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေသည်။ အခြားနိုင်ငံသို့ အစားအစာများ ရောင်းချသူသည် သေခြင်းဖြင့်သာ အဆုံးသတ်သွားရမည် ဖြစ်ပေသည်။

ထိုသူတို့၏ တောင်းဆိုချက်များအရ မဟာထန်မှ မည်သူကမျှ သူတို့နှင့် စီးပွားရေးလုပ်ရန် မဖြစ်နိုင်တော့ပေ။

ဝမ်ချောင် သဘောပေါက်လာသည်။ ဝုစ်သံမဏိအား လက်လွှတ်ခဲ့ရခြင်းမှာ မဟာထန်၏ စည်းမျဥ်းများကြောင့်သာ ဖြစ်ပြီး ထိုတိုင်းတစ်ပါးဘုန်းကြီးနှစ်ပါး၏

တောင်းဆိုချက်အား မည်သူမျှ ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသောကြောင့် ဖြစ်လေသည်။

ဤအခြေအနေ အရပ်ရပ်သည် အလွန် လုပ်ရကိုင်ရခက်ခဲသည်ဟု ဝမ်ချောင် ထင်နေမိသည်။

သို့သော် သူသည် ဝုစ်သံမဏိအား ဤကဲ့သို့ လက်မလွတ်လိုက်နိုင်ပေ။

" ငါက ဒီအပေးအယူကို အဘတ်စစ်စော်ဘွားတွေထက် အရင် ဒီလိုပဲ လက်လျှော့လိုက်ရတော့မှာလား "

ဝမ်ချောင်၏ အတွင်းစိတ်ထဲမှ ကြောက်ရွံ့လာသည်။

အဘတ်စစ်စော်ဘွားများသည် မဟာထန်၏ ရန်သူတော်ကြီး ဖြစ်လာလိမ့်မည်ကို ဝမ်ချောင် သိထားလေသည်။ အကယ်၍ ထိုသူများသာ ဟိုက်ဒရာဘတ်သတ္ထုရိုင်း အများအပြားအား လက်ဝါးကြီးအုပ်နိုင်ခဲ့လျှင် သူတို့၏ စစ်တပ်အင်အားသည် အဆမတန် မြှင့်တက်သွားပေလိမ့်မည်။

ထို့ထက်ပို၍ ဤအရာသည် ဝမ်ချောင်၏ အတွေးသက်သက်သာမဟုတ်ပဲ ယခင်ဘဝတွင် အမှန်တကယ်

ဖြစ်ပျက်ခဲ့ခြင်း ဖြစ်ပေသည်။

အကယ်၍ သူသည် ဟိုက်ဒရာဘတ်သတ္ထုရိုင်း အများအပြားအား ရယူထားနိုင်ခဲ့လျှင် သူသာလျှင် အကျိုးအမြတ် ဖြစ်ထွန်းမည် မဟုတ်ပဲ မဟာထန်၏ ရန်သူအင်အားစုများအား စွမ်းအားကျဆင်းစေမည်ဖြစ်သည်။

" ခနလေး.. တစ်ခုခုမှားနေသေးတယ်.. အဘတ်စစ်စော်ဘွားဒေကက ဆန်မှမစားတာ "

ဝမ်ချောင်၏ ခေါင်းတွင် အလင်းရောင်တစ်ချို့ ဖြတ်ပြေးသွားပြီး တစ်စုံတစ်ခုအား အမှတ်ရလိုက်သည်။

အာရပ်လူမျိုးများသည် ဆန်မစားကြပေ။ သူတို့စားသုံးကြသည်မှာ စွန်ပလွန်ပင်များကဲ့သို့သော အမျိုးအစားများ ဖြစ်ကြသည်။ ထို့အပြင် မြောက်ဘက်မှဆက်သွား၍ တာခ့်ကို ကျော်လွန်သွားလျှင် မည်သည့် သီးပင်စားပင်မှ မဖြစ်ထွန်းတော့ပေ။

သူ၏ ယခင်ဘဝတွင်လည်း ဟိုက်ဒရာဘတ်ဘုန်းကြီးများသည် ထိုနိုင်ငံများသို့ သတ္ထုရိုင်းများ ရောင်းချခဲ့သည်ဖြစ်ရာ။

ထင်ရှားစွာပင် ထိုသူတို့ပြောသည့် စားနပ်ရိက္ခာဆိုသည်မှာ အလယ်လွင်ပြင်မှ အစားအစာများနှင့် သိသာစွာ ကွဲပြားနေပေလိမ့်သည်။ အိန္ဒိယသည် ယခုအချိန်တွင် ငတ်မွတ်ခေါင်းပါးနေသည်ကိုလည်း ထည့်တွက်ကြည့်လျှင် စားနပ်ရိက္ခာသည် စား၍ ရနေသရွေ့ ထိုသူတို့ လက်ခံမည် ဖြစ်ပေသည်။

လူတစ်ယောက်သည် ဤအကြောင်းအရာအား စေ့စေ့ပေါက်ပေါက် မတွေးကြည့်မိလျှင် မဟာထန်တွင် ရိက္ခာများဖြင့် ကုန်သွယ်မည့်အကြောင်းအရာသည်

မဖြစ်နိုင်ပေ။

ထိုအချိန်၌ ဝမ်ချောင် အလွန် စိတ်လှုပ်ရှားနေလေသည်။

" ဆရာသခင် သင်တို့က ပန်းသီးနဲ့ ပုလဲတွေကို လက်ခံပါသလား "

ဝမ်ချောင် ကတိုက်ကရိုက် မေးလိုက်သည်။

တိုင်းတစ်ပါးဘုန်းကြီးနှစ်ပါးမှာ အံ့သြနေကာ မသိမသာ ခေါင်းညိမ့်လိုက်သည်။ သူတို့သည် အလယ်ပိုင်းလွင်ပြင်ဒေသမှသူများ စားသုံးသည့် ဆန်သည် အိန္ဒိယလူမျိုးနှင့်လည်း အလွန်သင့်တော်သည်ကို စူးစမ်းထားပြီးဖြစ်သည်။ ထိုသို့သော

စားနပ်ရိက္ခာ အများအပြားအား အိန္ဒိယသို့ တင်ဆောင်သွားနိုင်လျှင် အကောင်းဆုံးပင် ဖြစ်ပေသည်။

သို့သော် ထိုသို့သောရိက္ခာအား မရရှိနိုင်လျှင် အခြားသော အစားအစာများကိုလည်း လက်ခံနိုင်ပေသည်။

" ဒါဆိုရင် ငှက်ပျောသီး၊ ပြောင်းနဲ့ နှံစားပြောင်းဆိုရင်ရော.. "

ဝမ်ချောင် ထပ်ဆင့်မေးလိုက်သည်။ စိတ်လှုပ်ရှားမှုက သူ၏မျက်နှာတွင် အတိုင်းသား မြင်နေရသည်။

" အဲ့ဒါတွေလဲ လက်ခံပါတယ် "

တိုင်းတစ်ပါးဘုန်းကြီးနှစ်ပါး အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကာ ခေါင်းညိမ့်လိုက်သည်။

" ဟားဟား... ဆိတ်နဲ့ကုလားအုတ်တွေ ဆိုရင်ရော.. "

ဝမ်ချောင် အားရပါးရ ရယ်မောကာ ထပ်မံ မေးလိုက်သည်။

မဟာထန်သည် ပုံမှန် စားသောက်ကုန်များအား တင်းကျပ်ထားသော်လည်း မြက်ခင်းလွင်ပြင်မှ ဆိတ်နှင့်ကုလားအုတ်များမှာ ထိုအထဲတွင် မပါဝင်ပေ။ တာ့ခ်လွင်ပြင်ဒေသတွင် ထိုသက်ရှိရိက္ခာများဖြင့် ပြည့်နှက်နေသည်။

အကယ်၍ ထိုသူများက အစားအသောက် အများအပြားအား ရယူလိုလျှင် သူသည် မဟာထန်အင်ပါယာ၏ ဥပဒေဖြင့် တာခ့်များနှင့် ကုန်သွယ်ရန် တောင်းဆိုနိုင်ပေသည်။

ထိုအရာက ဤကိစ္စရပ်အား ဖြေရှင်းရန် ကောင်းမွန်သော နည်းလမ်းတစ်ခုပင် ဖြစ်လေသည်။

" စားနပ်ရိက္ခာက ဆိတ်နဲ့ ကုလားအုတ်တွေဆိုရင် ပိုတောင်ကောင်းသေးတယ် "

ထိုတိုင်းတစ်ပါးဘုန်းကြီးနှစ်ပါးက ပြန်လည်ဖြေကြားသည်။

ပုလဲနှင့် ပန်းသီးများထက်စာလျှင် သစ်သီးများသည်

အချိန်အတော်ကြာ သိမ်းဆည်းထား၍ မရပေ။ ဆိတ်နှင့်ကုလားအုတ်ကဲ့သို့သော ရိက္ခာများက ပိုမို ကောင်းမွန်ပေသည်။ အိန္ဒိယ၏ ငတ်မွတ်ခေါင်းပါးမှုအား ဖြေရှင်းနိုင်သရွေ့ မည်သည့်အစားအစာ ဖြစ်သည်ကို သူတို့ တွက်ကပ်နေမည် မဟုတ်ပေ။

" တကယ်လို့ သခင်လေးနဲ့သခင်လေးရဲ့ကလန်က ဒါကို လက်ခံမယ်ဆိုရင် ကျုပ်တို့ ဆက်ဆွေးနွေးလို့ရပါပြီ "

ထိုဘုန်းကြီးနှစ်ပါးသည် ဝမ်ချောင်နှင့် ပြောဆိုဆက်ဆံရသည်အား ယခင်ထက်ပို၍ စိတ်ဝင်စားနေပြီ ဖြစ်သည်မှာ သိသာနေသည်။

" စျေးနှုန်းက ဘယ်လိုလဲ "

ဝမ်ချောင် ပြုံးနေသည်။

သူတို့အကြားမှ အပေးအယူသည် အဆင်ပြေသွားသည့်နောက် သူတို့နှစ်ဦးနှစ်ဖက်အကြားရှိ အခြေအနေများသည်လည်း ပို၍ ပြေလည်လာပြီ ဖြစ်သည်။

" အလယ်ပိုင်းလွင်ပြင်ရဲ့ စျေးနှုန်းအတိုင်းဆိုရင်

ကျုပ်တို့ရဲ့ ဟိုက်ဒရာဘတ်သတ္ထုရိုင်းက တစ်ဂျန်ကို

ရွှေ ၃၀၀ တေး တန်ကြေးရှိတယ် "

၁ ဂျန် = ၂၅-၂၆ဂျင် = ၁၂.၅-၁၃ကီလိုဂရမ်

ထိုနှစ်ပါးက မေးခွန်းမေးသည့်ပုံစံဖြင့် ပြန်ဖြေသည်။

" ရွှေ ၃၀၀ တေး ဟုတ်လား "

ဝမ်ချောင် အနည်းငယ်အံ့သြသွားသည်။

" ဘာဖြစ်လို့လဲ.. သင်က စျေးကြီးတယ်လို့ ထင်လို့လား "

ဝမ်ချောင်၏ အမူအရာအားမြင်သည်တွင် ဘုန်းကြီးနှစ်ပါး၏ မျက်နှာ မဲမှောင်သွားသည်။

" ရွှေ ၃၀၀ တေးက ကျုပ်တို့ရဲ့ အနိမ့်ဆုံးစျေးပဲ.. ဒီ့ထက်ပိုပြီး လျော့ပေးနိုင်မှာ မဟုတ်ဘူး "

" ကျုပ်တို့သဘောတူညီချက်ရပြီလို့ထင်ထားတာ.. ဒီစျေးနှုန်းကို သင်လက်မခံနိုင်ရင် ကျုပ်တို့ လက်တွဲအလုပ်လုပ်စရာ အကြောင်းမရှိတော့ဘူး.. ကြည့်ရတာ

သင်နဲ့သင့်ကလန်က ကျုပ်တို့ရှာနေတဲ့ ပူးပေါင်းမဲ့သူတွေ မဟုတ်ဘူးနဲ့တူတယ် "

......

ထိုဘုန်းကြီးနှစ်ပါး၏ အပြုအမူများသည် ချက်ချင်းပင် ၁၈၀°ပြောင်းလဲသွားသည်။ တစ်ဂျန်လျှင် ရွှေ ၃၀၀ တေးသည် သူတို့အားလုံး ဆုံးဖြတ်ထားသည့် အကြောင်းအရာပင်ဖြစ်ရာ နယ်မြေနှင့်တိုင်းပြည် အများအပြားသို့ ဤစျေးနှုန်းအား ပေးနိုင်မည့်သူကို လှည့်လည်ရှာဖွေနေခြင်း ဖြစ်ပေသည်။

အဆင့်မြင့်သူတော်စင်ကိုယ်တိုင် ထိုစျေးနှုန်းထက် လျော့နည်းနေလျှင် ဆွေးနွေးခြင်းမပြုလုပ်တော့ရန်

ရှင်းလင်းစွာ မှာကြားထားသည်ဖြစ်ပေသည်။

ဟိုက်ဒရာဘတ်သတ္ထုရိုင်းသည် အခြားသတ္ထုများနှင့် ကွာခြားသောကြောင့် သာမန်သတ္ထုများ၏ စျေးနှုန်းဖြင့် သူတို့ မရောင်းချနိုင်ပေ။ အလယ်ပိုင်းလွင်ပြင်သို့ မလာခင်တွင် သူတို့သည် နေရာအစုံသွားရောက်ခဲ့ပြီး

လူပေါင်းများစွာနှင့် တွေ့ဆုံခဲ့ပြီး ဖြစ်လေသည်။

ထိုအထဲတွင် ဟိန္ဒူဘာသာစကားအား ကျွမ်းကျင်စွာ

ပြောတတ်သည့်သူ အနည်းငယ်သာ ရှိပေသည်။ စျေးနှုန်းအား ကြားရချိန်တွင် သူတို့၏ အမူအရာများသည်လည်း ဝမ်ချောင်ကဲ့သို့ ဖြစ်သွားခဲ့သည်ပင်။

အကယ်၍ ထိုသူများသည် ဟိုက်ဒရာဘတ်သတ္ထုရိုင်း၏ နောက်ကွယ်မှ အစစ်အမှန်စျေးနှုန်းအား

မပေးချေနိုင်လျှင် ထိုသူများနှင့် အရောင်းအဝယ် ပြုလုပ်ရန် အကြောင်းရင်း မရှိတော့ပေ။

" ကြည့်ရတာ အလယ်ပိုင်းလွင်ပြင်က ဟိုက်ဒရာဘတ်သတ္ထုရိုင်း ရောင်းချဖို့ နေရာကောင်းမဟုတ်ဘူး ထင်ပါတယ် "

ထွက်ခွာရန် နောက်မလှည့်ခင် ထိုစကားအား ပြောလိုက်သည်။

လပေါင်းများစွာ မဟာထန်တွင် ကုန်ဆုံးခဲ့ပြီးနောက်

ဟိုက်ဒရာဘတ်သတ္ထုရိုင်းများရောင်းချရန် သင့်တော်သည့် သူအား ရှာမတွေ့နိုင်တော့ကြောင်း သူတို့ တိုင်ပင်ထားပြီး ဖြစ်ကာ ရက်အနည်းအတွင်း၌ပင် အိန္ဒိယသို့ပြန်ရန် ပြင်ဆင်ထားပြီး ဖြစ်လေသည်။

သူတို့က ဝမ်ချောင်နှင့်တွေ့သည့်အချိန်တွင် သူတို့၏ အတွေးများ ပြောင်းလဲသွားပြီး မျှော်လင့်ချက်များ ဖြစ်တည်လာခဲ့သည်။ သို့သော် ဝမ်ချောင်၏ အမူအရာအားကြည့်ရသည်မှာ မှန်းချက်နှင့် နှမ်းထွက်မကိုက်သည်ကို သိလိုက်ရသည်။

ဝမ်ချောင်၏ အမူအရာသည် သူတို့၏ အစပိုင်းတွင် တွေးထင်ထားသော အရာများအားလုံးအား ပယ်ဖျက်သွားသည်။

----အလယ်ပိုင်းလွင်ပြင်သည် ဟိုက်ဒရာဘတ်သတ္ထုရိုင်း ရောင်းချရန် သင့်တော်သည့်နေရာ မဟုတ်ပေ။

" ခဏလေး.. ဆရာသခင်နှစ်ယောက်က အထင်မှားနေပြီ "

ဟိန္ဒူဘုန်းကြီးနှစ်ပါး လှည့်ပြန်မည့်ဟန် ပြုနေသည်ကို မြင်ရလျှင် ဝမ်ချောင် ဝေခွဲမရပဲ ငိုရမည်လား ရယ်ရမည်လားမသိ ဖြစ်သွားကာ သူ၏လက်အား ဝှေ့ယမ်းကာ အလျင်အမြန် တားဆီးလိုက်သည်။

မှန်ပေသည်။ ဟိုက်ဒရာဘတ်သတ္ထုရိုင်းသည် စျေးကြီးသည်သာမဟုတ်။ အလွန်စျေးကြီးပေသည်။

ရွှေ ၃၀၀ တေးသည် အခြားသော သတ္ထုရိုင်းများ လှည်းအစီးတိုက်ရာချီ ဝယ်ယူ၍ ရနိုင်ပေသည်။ ထိုစျေးဖြင့် သတ္ထုရိုင်းဝယ်ယူရန်မှာ အလွန်အသုံးအဖြုန်းကြီးမှ ဖြစ်နိုင်ပေမည်။

သို့သော် သူ၏ယခင်ဘဝမှတ်ဉာဏ်ထဲတွင် ဟိုက်ဒရာဘတ်သတ္ထုရိုင်း၏ စျေးနှုန်းသည် သောင်းချီတန်ကြေးရှိကာ ရွှေတစ်သိန်းတေး အထိပင် ရောက်ခဲ့လေသည်။

ထို့အပြင် ပိုက်ဆံရှိတိုင်း ဝယ်ယူနိုင်သည့် ပစ္စည်းလည်း မဟုတ်ပေ။

ဟိန္ဒူဘုန်းကြီးနှစ်ပါး မသိရှိသည်မှာ ဝမ်ချောင်က စျေးနှုန်း မြင့်မားလွန်းသည်ဟု တွေးထင်၍ အံ့ဩနေခြင်းမဟုတ်ပဲ ဤမျှလောက် စျေးပေါရသလားဟု အံ့ဩနေရခြင်းသာ ဖြစ်ပေသည်။

ယခင်ဘဝမှ မိုးထိမြင့်သော စျေးနှုန်းနှင့် နှိုင်းယှဥ်လျှင် ယခုစျေးနှုန်းသည် ရိုးရှင်းစွာပင် အလွန်စျေးသက်သာလေသည်။

ဝမ်ချောင် ထိုမျှလောက် စျေးသက်သာလိမ့်မည်ဟု

အစကတည်းက မတွေးထားခဲ့ချေ။

မှန်ပေသည်။ ဝမ်ချောင် ထိုအချက်အား ထုတ်ပြောပြမည်မဟုတ်ပေ။

" ဆရာသခင်.. တစ်ဂျန်ကို ရွှေ ၃၀၀ တေးက ကျုပ်အတွက် အဆင်ပြေပါတယ် "

ဝမ်ချောင် ပြောလိုက်သည်။

ထိုစကားအား ကြာရသည်တွင် ထိုဘုန်းကြီးနှစ်ပါး၏

အမူအရာများ ပြောင်းလဲသွားပြီး ပြန်လှည့်လာသည်။

" တစ်ဂျန်ကို ရွှေ ၃၀၀ တေးဆိုတာက သိပ်တော့ စျေးမပေါပါဘူး.. ကျုပ်တို့ အိန္ဒိယက ဂျန်က အလယ်ပိုင်းလွင်ပြင်ရဲ့ ဂျန်နဲ့ မတူဘူး.. သင်တို့ တစ်ဂျန်မှာက သုံးဆယ်ဂျင် ပဲရှိတယ်.. ဒါပေမဲ့ ကျုပ်တို့ အိန္ဒိယဂျန်က ဂျန်အကြီး.. ဂျင် ၅၀တိတိ ရှိတယ်.. ဒါက သင်တို့ရဲ့ အလယ်ပိုင်းလွင်ပြင်ထက် ပိုများတယ်.. အခု သင်ကိုင်ထားတာက ဟိုက်ဒရာဘတ်မိုင်းတွင်းရဲ့

တစ်ဂျန်ပဲ "

၁ဂျန်အကြီး= ၅၀ဂျင်= ၂၅ကီလိုဂရမ်

( ဂျန်အကြီးသည် တရားဝင်သတ်မှတ်ချက် မဟုတ်ပါ )

ဘုန်းကြီးတစ်ပါးမှ သူ့အား နားလည်စေရန် ရှင်းပြနေသည့်ပုံ ပေါ်သည်။

ဝမ်ချောင် ရယ်လိုက်သည်။ မှန်ပေသည် သူသည်

အိန္ဒိယနှင့်အလယ်ပိုင်းလွင်ပြင် အကြား ကွာခြားမှုများ

ရှိသည်ကို သူသိထားလေသည်။ သို့ရာတွင် ထိုဘုန်းကြီးများမှာ အကြောင်းအရာတစ်ခုတွင် မှားယွင်းနေသေးသည်။ အလယ်ပိုင်းလွင်ပြင်၏ တစ်ဂျန်သည်

၃၀ ဂျင် မပြည့်ပဲ အများဆုံး ၂၅ မှ ၂၆ ဂျင်သာ ရှိလေသည်။

ထိုအချက်ကြောင့် ဟိန္ဒူဘုန်းကြီးများက ရိုးသားသည်ကို တွေ့နိုင်ပေသည်။

ထို့ထက်ပို၍ ၅၀ဂျင် အတွက် ရွှေ ၃၀၀ တေးဟုဆိုလျှင် အကြမ်းဖျင်းအားဖြင့် တစ်ဂျင်လျှင် ရွှေ ၆ တေးသာ ကျသင့်ပေမည်။ ရိုးသားစွာ ဝန်ခံရလျှင် ထိုအရာသည် သောက်ရမ်းစျေးပေါလေသည်။

သူသည် ဟိုက်ဒရာဘတ်သတ္ထုရိုင်း ရင်းနှီးမြှပ်နှံမှုတွင် ပါဝင်ခွင့်ရမည့် အခွင့်အရေးအား ပြုလုပ်နိုင်ခဲ့လေပြီ။

" စျေးနှုန်းက ပြဿနာမဟုတ်ပါဘူး... အချက်အလက် အတိအကျ စကားပြောကြရအောင် "

ဝမ်ချောင်ပြောလိုက်သည်။ ဟိန္ဒူဘုန်းတော်ကြီးများ၏ လိုအပ်ချက်များအား သူသိရပြီးနောက် ယခုတွင် သူ့အလှည့်ဖြစ်ပေသည်။

" သင်က ကျုပ်တို့ရဲ့ ကမ်းလှမ်းချက်ကို လက်ခံသရွေ့ ကျန်တာတွေက အသေးအမွှားလေးတွေပါ.. သတ္ထုရိုင်း ဘယ်နှစ်ဂျန် လိုချင်သလဲ "

ဟိန္ဒူဘုန်းကြီးနှစ်ပါးက မေးလိုက်သည်။

" မဟုတ်သေးဘူး ဆရာသခင်တို့... သင်တို့ ကျုပ်ရဲ့ရည်ရွယ်ချက်ကို အထင်မှားနေပြီ "

ဝမ်ချောင် သူ၏လက်ညှိုးအား ထောင်၍ ခါပြလိုက်သည်။ ထို့နောက် ပြုံးလျက် ပြောလိုက်သည်မှာ...

" ကျုပ်ဖက်ကနေ သင်တို့နဲ့ အပွင့်လင်းဆုံး ဆွေးနွေးချင်ပေမဲ့ သင်တို့ တစ်ခု အထင်မှားနေသေးတယ်..

ကျုပ်လိုချင်တာက သတ္ထုရိုင်း ပမာဏတစ်ခုမဟုတ်ဘူး.. ကျုပ်ဝယ်ချင်တာက အလယ်ပိုင်းလွင်ပြင်နဲ့ အရှေ့တိုင်းတစ်ခုလုံးကို ဟိုက်ဒရာဘတ်သတ္ထုရိုင်း

ဖြန့်ဖြူးနိုင်ခွင့်ပဲ "

ဝမ်ချောင် သူ့ဖက်မှလိုချင်သည့် အခြေအနေအား ပြောပြလိုက်သည်။

ရောင်းဝယ်မှုတစ်ခုအား မည်သို့တွက်ချက်သနည်း။

အကယ်၍ သူသည် တစ်ဂျန်၊ နှစ်ဂျန်၊ ဂျန်တစ်ရာ မှစ၍ ဂျန်ထောင်ချီသည်အထိ ဝယ်ယူနေနိုင်လျှင်....။

ဟိုက်ဒရာဘတ်သတ္ထုရိုင်းတစ်တုံးသည် စစ်တပ်တစ်ခုအား လက်နက်တပ်ဆင်ပေးရန် မလုံလောက်ချေ။ မဟာထန်တစ်ခုလုံးအား ထောက်ကန်ပေးထားသော

စစ်သည်အင်အားအတွက်ဆိုလျှင် ပြောနေစရာမလိုတော့ပေ။

ဝမ်ချောင် ထို့ထက်ပို၍ ရည်မှန်းချက် ကြီးလေသည်။

==========================

All Chapters