← Chapters

အခန်း (၂၁-၂၅)

Vol. 1 Ch. 21-25

အခန်း (၂၁-၂၅)

Vol. 1 Ch. 21-25

ဒင်္ဂါးပြားတွေက အဝိုင်းပုံစံနဲ့ အလယ်မှာ လေးထောင့်အပေါက်ရှိတာတွေကို ပြောတာပါ..

ဟိုက်ဒရာဘတ်သတ္ထုရိုင်းတွေက ဘယ်လောက် စျေးကြီးလဲဆိုတော့.. သာမန်သခင်လေးတစ်ယောက်က တစ်လနေလို့ ရွှေ ၁ တေးမရပါဘူး..

တော်ဝင်မိသားစုလို ချမ်းသာတဲ့မိသားစုလိုမျိုးက သခင်လေးတွေကပဲ တစ်လကို ရွှေတေး ဒါဇင်နဲ့ သုံးနိုင်တာပါ... ဒါက နောက်အပိုင်းတွေမှာ သိလာမှာဆိုပေမဲ့ အရေးလဲသိပ်မကြီးတာကြောင့် ကြိုပြောပြတာက ပိုအဆင်ပြေမယ် ထင်လို့ပါ...

လူသားဧကရာဇ်

ဘာသာပြန်သူ - Xoxay

Chapter 21.

အံ့အားသင့််ဖွယ် ပမာဏ ရွှေ ၉၀,၀၀၀ တေး

နှစ်ဘဝရှင်သန်ခဲ့ပြီးနောက် အနာဂတ်တွင် ဟိုက်ဒရာဘတ်သတ္ထုရိုင်းများ၏ အသုံးဝင်မှုအား သူ့ထက် မည်သူမျှ ပိုသိနိုင်မည် မဟုတ်ပေ။ ၁၀၀,၀၀၀ (တစ်သိန်း) တေးသည်ပင် တစ်ဂျန်အတွက် အမြင့်ဆုံးစျေး မဟုတ်သေးပေ။ ထိုအခြင်းအရာမှာ အကန့်အသတ်နှင့်သာ ရှိသော အရင်းအမြစ်များအား အပြိုင်အဆိုင် ရယူလိုကြခြင်းကြောင့် ဖြစ်ပေသည်။

အရှေ့တိုင်းဖြစ်စေ၊ အနောက်တိုင်းဖြစ်စေ၊ အိန္ဒိယ၏ အနီးတွင်ရှိသော အဘတ်စစ်စော်ဘွားများပင် ဖြစ်စေ

ဟိုက်ဒရာဘတ်သတ္ထုရိုင်းများအတွက် ယှဥ်ပြိုင်မှုသည် ဩချရလောက်အောင်ပင် ဖြစ်လာလိမ့်မည်။

ထိုနေရာများမှ စျေးနှုန်းသည်လည်း မဟာထန်မှ စျေးနှုန်းထက် များစွာ နှိမ့်ကျမည် မဟုတ်ပေ။

ထို့ကြောင့်ပင် ဝုစ်သံမဏိဓားတစ်ချောင်းအား ရွှေတေး သိန်းဆယ်ချီပေး၍ ဝယ်ကြခြင်း ဖြစ်ပေသည်။

သို့သော် မဟာထန်သည် ဟိုက်ဒရာဘတ်သတ္ထုရိုင်းများအား လက်ဝယ် ပိုင်ဆိုင်နိုင်ခဲ့ခြင်းမရှိပေ။

အဘယ်ကြောင့်ဆိုသော် အနောက်တိုင်းတွင် အဘတ်စစ်စော်ဘွားများရောင်းချသည့် သတ္ထုရိုင်း၏ စျေးနှုန်းသည် မဟာထန်၏ စျေးနှုန်းထက် အလွန်များနေသောကြောင့် ဖြစ်ပေသည်။

ဟိုက်ဒရာဘတ်သတ္ထုရိုင်းများသည် အကန့်အသတ်ရှိပေသည်။ ထိုအရာအား လူအများ နားလည်သွားသည့်အချိန်တွင် ဟိုက်ဒရာဘတ်သတ္ထုရိုင်း၏ တန်ဖိုးသည်

ဆယ်ဆမက မြင့်တက်သွားပြန်သည်။

သို့သော် ယခုစျေးကွက်မှာ စဦးချိန်သာ ရှိနေသေးသည်။ ရောင်းချရန် တာဝန်ယူထားသော ဟိန္ဒူဘုန်းကြီးများပင် ထိုအရာသည် လက်နက်များ သွန်းလုပ်ရာတွင် အလွန်ကောင်းသော သတ္ထုဟူ၍သာ သိထားကြလေသည်။

တစ်ဂျန်လျှင် ရွှေ ၃၀၀ တေးဆိုသည်မှာ မဟာထန်အတွက် အလွန်ရှားပါးသော အခွင့်အရေးဖြစ်ရာ

မည်သို့ပင်ဆိုစေ ဤအပေးအယူမှ မဟာထန်အတွက် အမြင့်ဆုံးအကျိုးကျေးဇူး ဖြစ်ထွန်းနိုင်ရန် ဝမ်ချောင် ဆုံးဖြတ်ထားပြီးဖြစ်သည်။

ဖြန့်ဖြူးသူအဖြစ် လုပ်ကိုင်ခြင်းသာ အမြင့်ဆုံးသော အကျိုးကျေးဇူးအား ရရှိနိုင်ပေမည်။

" ဖြန့်ဖြူးခွင့်... အဲ့ဒါ ဘာကြီးလဲ "

ဟိန္ဒူဘုန်းကြီးနှစ်ပါးသည် စိတ်ရှုပ်ထွေးစွာဖြင့် အချင်းချင်းကြည့်လိုက်မိသည်။ သူတို့က နေရာပေါင်းများစွာအား လှည့်လည်သွားလာခဲ့ပြီး အကြောင်းအရာမျိုးစုံအား ကြုံတွေ့ခဲ့ကြဖူးပြီးဖြစ်သည်။

မဟာထန်တွင်လည်း အချိန်တစ်ခုကြာအောင် နေထိုင်ခဲ့သည် ဖြစ်ပြီး ' ဖြန့်ဖြူးခွင့် ' ဟူသော စကားလုံးအား ကြားဖူးသည်မှာ ယခုသည် ပထမဆုံးအကြိမ်ပင် ဖြစ်သည်။

" ဖြန့်ဖြူးခွင့်ဆိုတာက အလယ်ပိုင်းလွင်ပြင်အပါအဝင် အရှေ့တိုင်းတစ်ခုလုံးအတွက် ဟိုက်ဒရာဘတ်သတ္ထုရောင်းချပိုင်ခွင့်ကို ကျုပ်ဝယ်ယူလိုက်မယ်လို့ ဆိုလိုတာပဲ.. တစ်ဖက်မှာလည်း ဒီအတွက် ကျုပ်က တိကျတဲ့ အခကြေးငွေ ပြန်ပေးဦးမှာပါ.. သတ္ထုရိုင်းတစ်ခုမှ မရောင်းချရရင်တောင်မှ သင်တို့က နှစ်တိုင်း ကျုပ်ဆီကနေ ပုံမှန်ဝင်ငွေတစ်ခု ရနေမယ်.. နှစ်တိုင်းနော်.. "

" ဒါပေါ့ သင်တို့က ဒီလုပ်ပိုင်ခွင့်ကို ကျုပ်ဆီရောင်းလိုက်တာနဲ့ သင်တို့က ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ သတ္ထုရိုင်း ရောင်းချခွင့်မရှိတော့ဘူး.. သင်တို့ကိုယ်တော်နှစ်ပါးလဲ အပါအဝင်ပဲ.. ဒီကနေစပြီး သတ္ထုရိုင်း ရောင်းချဖို့ ဘယ်သူ့ကိုမှ စေလွှတ်ပိုင်ခွင့်မရှိတော့ဘူး "

" တစ်ခြားဖက်က ကြည့်ရင် အဲ့ဒီလုပ်ပိုင်ခွင့်ရဲ့ စျေးနှုန်းအတွက် ကျုပ်တို့က ဟိုက်ဒရာဘတ်သတ္ထုရိုင်းတွေကို တိကျတဲ့ပမာဏတစ်ခု နှစ်တိုင်း ဝယ်ယူနေမယ်လို့ အာမခံတယ်.. ပြီးတော့ ဒါက သင်တို့ရဲ့ နှစ်ချုပ်အကျိုးအမြတ်အတွက်လည်း အာမခံချက်ဖြစ်တယ် "

ဝမ်ချောင် ပြုံးနေကာ ဟိန္ဒူဘုန်းကြီးနှစ်ပါး၏ အကြည့်မှ စိတ်ဝင်စားနေမှုနှင့် သိချင်စိတ်ပြင်းပြနေမှုအား အာရုံခံမိနေသည်။ သိသာထင်ရှားစွာပင် သူတို့သည် ဤကဲ့သို့သော ကုန်သွယ်မှုအား မကြုံတွေ့ခဲ့ဖူးပေ။

" ဒါဆိုရင်... ကျုပ်တို့လူတွေက သတ္ထုရိုင်း ရောင်းချခွင့်ကို ဆုံးရှုံးသွားပေမဲ့ တစ်ချိန်တည်းမှာပဲ ကျုပ်တို့က ဝင်ငွေပိုပြီးရမယ် ဟုတ်တယ်မလား.. အဲ့လို အဓိပ္ပါယ်ကောက်လို့ ရတယ်မဟုတ်လား "

ဘုန်းကြီးနှစ်ပါး အတည်ပြုရန် ကြိုးပမ်းလိုက်သည်။

" ဒါပေါ့ "

ဝမ်ချောင်ရယ်နေသည်။ အမှန်ပင်.. ဉာဏ်ကောင်းသူများနှင့် အလုပ်လုပ်ရခြင်းသည် အဆင်ပြေလှသည်။

" ကျုပ် နားလည်ပြီ "

နောက်ဆုံးတွင်တော့ ထိုကိုယ်တော်နှစ်ပါးသည် ဝမ်ချောင်၏ အတွေးအား ဖမ်းဆုပ်မိသွားပြီ ဖြစ်သည်။ သို့သော် သူတို့၏ ခေါင်းထဲတွင် သံသယများစွာကလည်း ပေါက်ဖွားလာသည်။

" ဒါပေမဲ့ သင့်ကိုယ်သင် ဒီလိုမျိုး အရှုံးခံမဲ့အခြေအနေမျိုးကို ရောက်စေမှာတော့ မဟုတ်ဘူးမလား "

" အရှုံးခံမယ် ဟုတ်လား "

ထိုသူနှစ်ပါး၏ စကားအား ကြားပြီးနောက် ဝမ်ချောင် အတောမသတ် ရယ်လေတော့သည်။ ဤဘုန်းနှစ်ပါးမှာ အလွန်ပင် နှစ်လိုဖွယ်ကောင်းလေသည်။ အရှုံးခံခြင်းဟုတ်လား... သူ့အတွက် အရှုံးသာဖြစ်မည့်

ကုန်သွယ်မှုအား သူပြုလုပ်မည်လော။

မည်ကဲ့သို့ဖြစ်နိုင်မည်နည်း။

သို့သော်လည်း ထိုသူတို့အား အပြစ်တင်၍ မရပါချေ။

သူကူးပြောင်းလာသည့်ကမ္ဘာတွင် ဖြန့်ဖြူးခွင့်မှာ ကုန်သည်အများအပြား ယှဥ်ပြိုင်လုယူကြသည့်အရာ ဖြစ်ပေသည်။

ကုန်ပစ္စည်းတစ်ခုအား ဖြန့်ဖြုးခွင့်ရရန် မရေမတွက်နိုင်သော ချမ်းသာသည့်စီးပွားရေး လုပ်ငန်းရှင်များသည်

လေလံစျေးအား တင်နိုင်သည်ထက် တင်ကြသောကြောင့် စျေးနှုန်းအား အလွန်မြင့်တက်စေသည်။

' ဟိုက်ဒရာဘတ်သတ္ထုရိုင်း '၏ ဖြန့်ဖြူးခွင့်အား သူ၏ယခင်ကမ္ဘာတွင် ရောင်းချမည်ဆိုလျှင် စျေးနှုန်းသည် မိုးထိုးနေပေလိမ့်မည်။

သို့သော် ဤကမ္ဘာတွင်မူ ဖြန့်ဖြူးခွင့်ဟူသည် ဆန်းသစ်သော အယူအဆတစ်ခုဖြစ်နေဆဲပင်။ ထိုဘုန်းကြီးနှစ်ပါးမှာ ဤအရာ၏ အရေးပါပုံအား မသိရှိသည်မှာ သဘာဝကျပေသည်။ ထို့အပြင် သူကပင် ဆုံးရှုံးလိမ့်မည်ဟု တွေးထင်နေပေသေးသည်။

" ကျုပ်အတွက် ဆုံးရှုံးစရာ တစ်ခုမှ မရှိပါဘူး.. တကယ်လို့ သင်တို့က စိုးရိမ်နေသေးတယ်ဆိုရင် ကျုပ်တို့ စာချုပ် ချုပ်ကြမယ်လေ.. ကျုပ်တို့က မြို့တော်ရဲ့ တရားရေးဆိုင်ရာစစ်ဆေးခြင်း တရားသူကြီးကို စာချုပ် ပြင်ဆင်ခိုင်းပြီး သဘောတူညီချက်အနေနဲ့ လက်ဗွေနှိပ် ထားကြမယ်.. ဒီလိုဆိုရင် ကျုပ်က ရှောင်ပြေးချင်ရင်တောင် ပြေးလို့မရတော့ဘူး.. သင်တို့ ဘယ်လိုသဘောရလဲ "

ဝမ်ချောင် ရယ်နေလိုက်သည်။

ဘုန်းကြီးနှစ်ပါး တိတ်ဆိတ်နေသည်။ အလယ်ပိုင်းလွင်ပြင်သည် အိန္ဒိယနှင့် လီပေါင်းများစွာ ဝေးသည်။

ဤနေရာရှိ လူတစ်ဦးတစ်ယောက်ကိုမှ သူတို့မသိရှိထားသကဲ့သို့ ဘာသာစကားသည်လည်း အတားအဆီးတစ်ခုသဖွယ်ဖြစ်နေရာ ဤနေရာတွင် ဟိုက်ဒရာဘတ်သတ္ထုရိုင်း ရောင်းချခြင်းမှာ သူတို့အတွက် ပြဿနာများဖြင့် ပြည့်နှက်နေသည်။

အကယ်၍ တစ်စုံတစ်ဦးက သူတို့အစား အလယ်ပိုင်းလွင်ပြင်တွင် ဟိုက်ဒရာဘတ်သတ္ထုများအား ရောင်းချပေးမည်ဆိုလျှင် အလယ်ပိုင်းလွင်ပြင်တွင် ဖြန့်ဖြူးခွင့်အား ထိုသူထံ ရောင်းချခြင်းက ပြဿနာကြီးတစ်ခု မဟုတ်တော့ပေ။ ထို့အပြင် သူတို့က အခြားဝင်ငွေအရင်းအမြစ်တစ်ခုအား ဤနည်းလမ်းဖြင့် ရရှိနိုင်ဦးမည် ဖြစ်သည်။

သို့သော် ဟိုက်ဒရာဘတ်သတ္ထုရိုင်း ရောင်းချခြင်းသည် အိန္ဒိယမှ လူပေါင်းများစွာ၏ ဆာလောင်မှုအား အကျိုးသက်ရောက်နိုင်သည်။ သူတို့၏ပုခုံးတွင် လေးလံသောတာဝန်များ ထမ်းယူထားရပြီး ဤကိစ္စနှင့်ပက်သက်၍ သူတို့အလွန် အလေးထားလေသည်။

ဘုရားရှင်အားတိုင်တည်၍ ကတိသစ္စာပြုလိုက်သည်။

အိန္ဒိယတွင် သစ္စာစကားသည် လိုက်နာရမည့်အရာဖြစ်သည်။ စာချုပ်မလုပ်ထားလျှင်ပင် နှစ်ဖက်လူသည် ရွေးချယ်စရာမရှိ ကိစ္စရပ်များအပေါ် စကားတည်ရပေလိမ့်မည်။

" အလယ်ပိုင်းလွင်ပြင်မှာ ဟိုက်ဒရာဘတ်သတ္ထုရိုင်း ဖြန့်ဖြူးခွင့်ကို သင့်ကိုရောင်းပေးလို့ရပါတယ်.. ဒါပေမဲ့ သင်က ကျုပ်တို့ရဲ့ တောင်းဆိုချက်တစ်ခုကို လုပ်ပေးမှရလိမ့်မယ် "

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီး ဘုန်းကြီးနှစ်ပါးမှ ရုတ်တရက် စကားဆိုလိုက်သည်။

" ဘယ်လို တောင်းဆိုချက်မျိုးလဲ "

ဝမ်ချောင် အပျော်လွန်သွားသည်။ အစတွင် သူသည် ဖြန့်ဖြူးခွင့်အား ရရှိရန် အကြိမ်ပေါင်းများစွာ ဆွေးနွေးရလိမ့်မည်ဟု ထင်ထားသည်။ ထိုဘုန်းကြီးနှစ်ပါးမှာ ဤမျှလောက် ရိုးဖြောင့်လိမ့်မည်ဟု မထင်မှတ်ထားချေ။

အခြေအနေများက ယခုကဲ့သို့ ပြောင်းလဲသွားလိမ့်မည်ဟု သူမတွေးထားပေ။

သူသည် ဖြန့်ဖြူးခွင့်အား ရရှိနိင်ရန် အခက်အခဲများစွာရှိလိမ့်မည်ဟုထင်ထားရာ သူ၏အတွေးနှင့်ဆန့်ကျင်ဘက်ပင် ထိုသို့သော တုံ့ပြန်စကားအား ရရှိခဲ့သည်။ အမှန်တကယ်တွင် ဘုန်းကြီးနှစ်ပါးသည် သူ့အား ဖြန့်ဖြူးခွင့် ရောင်းချရန် အခွင့်အာဏာမရှိပေ။

" ကျုပ်တို့ရဲ့ တောင်းဆိုချက်ကို သင်လုပ်နိင်ခဲ့မယ်ဆိုရင် သင့်အတွက် ဖြန့်ဖြူးခွင့်ကို အဆင့်မြင့်သူတော်စင်ဆီမှာ အသနားခံပေးနိုင်မယ့် ကျုပ်တို့ရဲ့ ယုံကြည်ချက်လည်း မြင့်တက်လာမှာပဲ "

ဘုန်းကြီးနှစ်ပါးက ရှေ့ပြေးနမိတ်ပုံစံဖြင့် ပြောလိုက်သည်။

" ဘယ်လို တောင်းဆိုမှုကို သင်တို့က ပြုလုပ်ချင်တာပါလဲ "

" ဒီခရီးစဥ်မှာ ကျုပ်တို့နဲ့အတူ သတ္ထုရိုင်းစုစုပေါင်း ၃၀၀ ဂျန် သယ်ဆောင်လာခဲ့တယ်.. ဒီဟိုက်ဒရာဘတ်သတ္ထုရိုင်းအားလုံးကို တစ်လအတွင်းရောင်းချပြီး သင့်ရဲ့ လုပ်နိုင်စွမ်းကို သက်သေပြနိုင်မယ်ဆိုရင်

အလယ်ပိုင်းလွင်ပြင်ဖြန့်ဖြူးခွင့်ကို သင့်အတွက် ရယူပေးမယ်.. အရှေ့တိုင်းဒေသ တစ်ခုလုံးအတွက်တောင်ဖြစ်ရင်ဖြစ်နိုင်တယ် "

ဘုန်းကြီးတစ်ပါးမှ လေးနက်စွာပြောလိုက်သည်။

ရှီး.....

သူ၏နှလုံးခုန်နှုန်း ရပ်သွားပြီး စိတ်ထဲမှ သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။

သမိုင်းစာမျက်နှာအား ရေးထိုးခြင်းသည် လွယ်ကူသည့်အရာ မဟုတ်မှန်း သူသိလေသည်။ ဟိန္ဒူဘုန်းကြီးများအား ဟိုက်ဒရာဘတ်သတ္ထုရိုင်း ရောင်းချခြင်းအတွက် ထူးဆန်းသော စကားလုံးအနည်းငယ်ဖြင့်သာ ဆွဲဆောင်၍ မရနိုင်ပေ။ သို့သော် ယခုကိစ္စမှာ ဤမျှလောက်ထိ ခက်ခဲလိမ့်မည်ဟု သူမမျှော်မှန်းထားပေ။

" သတ္ထုရိုင်း ၃၀၀ ဂျန်.. ဒါက ရွှေတေးပေါင်း ၉၀,၀၀၀ နဲ့ညီမျှတယ်လေ.. ပြီးတော့ တစ်လအတွင်း... "

ဝမ်ချောင်၏ မျက်လုံးထဲတွင် လေးနက်သောအမူအရာများ ပေါ်ထွက်လာသည်။

ဤကိစ္စသည် သူအစက တွေးထင်ထားသည်ကဲ့သို့

မရိုးရှင်းမှန်း သူသဘောပေါက်လာပြီ ဖြစ်သည်။

ယခုအခြေအနေအရ ရွှေ ၉၀,၀၀၀ တေးသည် သူတတ်နိုင်သည့် အနေအထားမဟုတ်ပေ။ ဝမ်ကလန်၏

ရတနာခန်းမအား အပြောင်ရှင်းလိုက်လျှင်ပင် ထိုမျှ များပြားသော ပမာဏအား ဖြည့်တင်းနိုင်မည် မဟုတ်ပေ။

ထိုအရာသည် မဖြစ်နိုင်သလောက်နီးပါး ဖြစ်ကြောင်း

ဝမ်ချောင် နားလည်လိုက်သည်။

ရွှေ ၉၀,၀၀၀ တေးဖြင့် ကုန်သွယ်ခြင်းသည် အလယ်ပိုင်းလွင်ပြင်မှ စီးပွားရေးလုပ်ငန်းရှင်များနှင့် ကုန်သည်များ ၉၉%ခန့်က လုပ်ကိုင်ရဲသည့်အရာ မဟုတ်ပေ။

အချိန်တစ်လသည်လည်း အလွန်နည်းပေသည်။

ဉာဏ်ကြီးရှင်သာလျှင် စွမ်းဆောင်နိုင်ပေလိမ့်မည်။

( ဟိုက်ဒရာဘတ်သတ္ထုရိုင်း ၃၀၀ ဂျန်ဆိုတာ နည်းတဲ့ပမာဏတော့မဟုတ်ဘူး.. သူတို့က ဘာကြောင့် ဒီလောက်များတဲ့ သတ္ထုရိုင်းတွေကို သယ်ဆောင်လာရတာလဲ.. ဒါ့အပြင် အလယ်ပိုင်းလွင်ပြင်နဲ့ အိန္ဒိယကလဲ အဝေးကြီးပဲ.. သူတို့ ဘယ်လိုများ သယ်ယူခဲ့ပါလိမ့် )

ဝမ်ချောင်၏ နဖူးကြောများပင် ကျုံ့လာသည်။

ထိုပမာဏသည် သူ ယခင်တွေးထားသည်ထက် အလွန်များပြားနေသည်။ ဝမ်ချောင်က သူတို့တွင် ၅၀ ဂျန်ခန့်သာ ပါရှိလိမ့်မည်ဟု မျှော်မှန်းထားရာ ယခုတွင်တော့ ဂျန် ၃၀၀ ဖြစ်နေပေသည်။

ပမာဏမှာ အလွန်များလွန်းနေသည်။

( ဒါက အိန္ဒိယမှာ ဖြစ်နေတဲ့ ငတ်မွတ်ဘေးနဲ့များ သက်ဆိုင်နေမလား )

ဝမ်ချောင် တွေးမိသည်။

ဘုန်းကြီးနှစ်ပါးသည် ဝေးကွာလှသော အလယ်ပိုင်းလွင်ပြင်သို့ ခရီးရှည်ထွက်လာရာတွင် အဖိုးတန်သတ္ထု

ဂျန် ၃၀၀ သယ်ဆောင်လာသည်။ ဤသည်မှာ ပုံမှန်မဟုတ်တော့ပေ။

သိသာစွာပင် အိန္ဒိယမှ ငတ်မွတ်ခေါင်းပါးခြင်း ပြဿနာကြောင့် သူတို့က အလွန်များပြားသော စားသောက်ကုန်များ အရေးတကြီး လိုအပ်နေခြင်းသာ ဖြစ်ရပေမည်။

ထိုအရာမှလွဲ၍ ဘုန်းကြီးနှစ်ပါးသည် မဖြစ်နိုင်လုနီးပါး ခက်ခဲသည့် ထူးဆန်းသော တောင်းဆိုမှုအား ပြုလုပ်လိမ့်မည်မဟုတ်ပေ။ ထိုအချိန်တစ်လသည် သူတို့အတွက် အကြောင်းအရာများစွာအား ကောင်းစွာ စီစဥ်ရန် လုံလောက်ပေလိမ့်မည်။

" မကောင်းတော့ဘူး.. "

ဝမ်ချောင် ပြဿနာတက်လေပြီ။

အကယ်၍ အိန္ဒိယမှ ပြဿနာသည် အရေးကြီးနေလျှင်

ထိုဘုန်းကြီးနှစ်ပါးသည် ဤကိစ္စအား တင်းကျပ်ထားပေလိမ့်မည်။ ထိုအချက်ကြောင့် သူတွင် ရွေးချယ်စရာ များများစားစား မရှိပေ။

အစတွင် ဝမ်ချောင်သည် သူတို့အား ပမာဏလျော့ပေးရန် တောင်းဆိုမည်ဟု စဥ်းစားထားသော်လည်း ယခုအခြေအနေအား ကြည့်ရလျှင် ဆွေးနွေး၍ ရနိုင်မည် မဟုတ်တော့ပေ။

" သခင်လေးက လုပ်နိုင်မယ်လို့ ထင်လား "

ထိုနှစ်ပါးက လေးနက်စွာ မေးခွန်းထုတ်သည်။

သူတို့ စိတ်အေးချမ်းသာနေသည်ဟု ထင်ရသော်လည်း

သူတို့၏ စိတ်ထဲတွင် ဝမ်ချောင်ထက်ပင် အပြင်းအထန် စိတ်လှုပ်ရှားနေလေသည်။ အိန္ဒိယမှ အခြေအနေများက သူတို့ထင်ထားသည်ထက်ပင် ပိုမို ဆိုးရွားနေလေသည်။ လွန်ခဲ့သော ရက်အနည်းငယ်ခန့်ကပင် အလျင်အမြန်လုပ်ဆောင်ရန် အဆင့်မြင့်သူတော်စင်ထံမှ စာပေါင်းများစွာအား လက်ခံရရှိခဲ့ပြီးဖြစ်သည်။

ဤအချက်ကြောင့် ဝမ်ချောင် မလုပ်နိုင်ခဲ့လျှင် အလယ်ပိုင်းလွင်ပြင်မှ သူတို့၏ ခရီးစဥ်အား အရှုံးဖြင့်သာ နှုတ်ဆက်ရပေမည်။

" ကောင်းပြီ "

ဝမ်ချောင် သူ၏ခေါင်းအား လေးတွဲ့စွာမညိမ့်လိုက်ခင် အတန်ကြာ တုန့်ဆိုင်းနေသေးသည်။

ရွှေတေးပေါင်း ၉၀,၀၀၀ သည် သေးငယ်သော ပမာဏမဟုတ်သော်လည်း သူသာ အပြင်းအထန် ကြိုးစားလျှင် မဖြစ်နိုင်သောအရာတစ်ခု မဟုတ်ပေ။

ထို့အပြင် လူတစ်ယောက်သည် ကျားဂူထဲသို့ မဝင်လျှင် ကျားပေါက်လေးအား မည်ကဲ့သို့ ရရှိနိုင်မည်နည်း။

သူ၏ယခင်ဘဝတွင် မဟာထန်သည် ဟိုက်ဒရာဘတ်သတ္ထုနှင့် လွှဲချော်ခဲ့ပြီးဖြစ်ရာ ဤဘဝတွင် မဟာထန်သည် ထိုအရာအား ရရှိရန် အလွန်နီးကပ်နေပြီဖြစ်သည်။ စျေးနှုန်းအား အသာထား၍ ဝမ်ချောင်သည် သူကိုယ်တိုင်နှင့်မဟာထန်အား ဤအခွင့်အရေးမှ လွဲချော်ခွင့် မပြုနိုင်တော့ပေ။

" တကယ်လို့ ဆရာသခင်နှစ်ယောက်က ဒီကိစ္စနဲ့ပက်သက်ပြီး ပြဿနာမရှိတော့ဘူးဆိုရင် တရားစီရင်စစ်ဆေးရေးရုံးတော်က တရာသူကြီးတစ်ယောက်စီမှာ စာချုပ်ပြင်ဆင် လက်မှတ်ထိုးဖို့ သွားလိုက်ကြရအောင်.. ပြီးတော့ သင်တို့က ဟိုက်ဒရာဘတ်သတ္ထုရိုင်းနဲ့ပက်သက်ပြီး တစ်ခြား ဘယ်သူနဲ့မှ သဘောတူညီချက် မလုပ်တော့ဘူးလို့ ယုံကြည်ပါတယ် "

ဝမ်ချောင် ပြောလိုက်သည်။

" ဒါပေါ့ ကျုပ်တို့ထိန်းသိမ်းရမဲ့ တစ်ခုတည်းသော အရာပဲလေ "

ဘုန်းကြီးနှစ်ပါး အလွန်ပျော်ရွှင်နေသည်။ သူတို့သည် ဝမ်ချောင်အား အလွန်ခက်ခဲသည့် တောင်းဆိုချက်ပြုခဲ့သဖြင့် သူ သဘောတူမည်မဟုတ်ဟု ထင်မှတ်ထားကြသည်။ သူတို့၏ ထင်မြင်ချက်နှင့် ဆန့်ကျင်စွာပင် အဆုံးတွင် ဝမ်ချောင်က လက်ခံခဲ့သည်။

" ကြည့်ရတာ ကျုပ်တို့က သခင်လေးကို အထင်လွဲခဲ့မိပြီနဲ့တူတယ်.. သင့်ရဲ့နောက်ကွယ်က ကလန်က ဒီလောက်ထိ စွမ်းအားကြီးမယ်လို့ ကျုပ်တို့ တကယ်မထင်ထားဘူး "

" သခင်လေး တကယ်လို့ သင့်ရဲ့ကလန်ကသာ ဒီကိစ္စကို ဖြေရှင်းပေးနိုင်ရင် ကျုပ်တို့က စစ်မှန်တဲ့ လုပ်ငန်းဖော်တွေဖြစ်လာပြီး အိန္ဒိယက လူအားလုံးရဲ့ လေးစားခြင်းကိုလဲ သင်ရရှိပါလိမ့်မယ် "

တိုင်းတစ်ပါးဘုန်းကြီးနှစ်ပါး စိတ်သက်သာနေလေသည်။

" ဟား..ဟား.. ဆရာသခင်နှစ်ယောက်က အရမ်းယဥ်ကျေးလွန်းနေပြီ "

ဝမ်ချောင် ရယ်မောနေသည်။

အကယ်၍ ဤဘုန်းကြီးနှစ်ပါးသာ အဖြစ်မှန်အား သိလျှင် ထိုကဲ့သို့ တွေးမည် မဟုတ်ပေ။ ယခုတွင် ဝမ်ချောင်သည် လက်ဗလာနှင့် ငါးဖမ်းရန် ကြံနေခြင်းဖြစ်သည်။ သူ့တွင် ဘာမျှမရှိသောကြောင့် ဆုံးရှုံးစရာလဲ မရှိနေချေ။

" ချောင်သခင်လေး.. ကြည့်ရတာ တစ်ယောက်ယောက်က ကျုပ်တို့ကို နောက်ယောင်ခံလိုက်နေတယ်ထင်တယ် "

ဝမ်ချောင် ဤကိစ္စအား အလျင်အမြန်ဖြတ်၍ ထိုဘုန်းကြီးနှစ်ပါးကို တရားစီရင်စစ်ဆေးရေးရုံးတော်သို့ ခေါ်ဆောင်သွားရန် ပြင်ဆင်နေချိန်တွင် ရှန်းဟိုင်နှင့်မုန့်လုံထံမှ တီးတိုးသံအား သူ၏နားတွင် ကြားလိုက်ရသည်။

" အိုး..... "

ဝမ်ချောင် အသိစိတ်တွင် တုန်ခါသွားကာ ထိုသူတို့၏စကား မဆုံးခင်မှာပင် မထင်မှတ်မထားပဲ ဝမ်ချောင် သူ၏ပုခုံးအား ဘေးသို့အသာလေးစောင်းကာ ရှန်းဟိုင်နှင့်မုန့်လုံ ညွှန်ပြရာဘက်သို့ မသိမသာ လှမ်းကြည့်လိုက်သည်။

ရှန်းဟိုင်နှင့်မုန့်လုံသည် သူ၏လှုပ်ရှားမှုကြောင့် ထိန်းမရနိုင်အောင် အံ့ဩတုန်လှုပ်သွားသည်။

သူတို့၏သခင်လေးသည် ဤကဲ့သို့သော မယုံနိုင်စရာ လှုပ်ရှားမှုအား မည်သည့်နေရာမှ သင်ယူခဲ့သနည်း။

ထိုအရာသည် ဆယ့်ငါးနှစ်အရွယ်ကလေးတစ်ယောက် လုပ်နိုင်သည့် အရာမဟုတ်ပေ။ တစ်ချိန်တည်းပင် သူတို့၏စိတ်ထဲတွင် သိထားသည့် ဝမ်ချောင်နှင့် ယခု မြင်နေရသည့် ချောင်သခင်လေးအား မခန့်မှန်းနိုင်တော့ပေ။

ဝမ်ချောင် ထိုနှစ်ယောက်၏ အတွေးတို့အား မသိရှိနေပေ။ သူ၏ မျက်လုံးထောင့်စွန်းမှ မြင်ကွင်းတွင် လမ်းတစ်ဖက်မှနေ၍ သူတို့အား ချောင်းကြည့်နေသည့် ပုံရိပ်နှစ်ခုအား တွေ့နေရသည်။

" သူတို့က ယောင်ခြံဝင်းကပဲ "

ရုတ်တရက် ဝမ်ချောင်၏မျက်ခုံး မြှင့်တက်သွားသည်။

ရှန်းဟိုင်နှင့်မုန့်လုံပင် မည်သူမည်ဝါ မခွဲခြားနိုင်ခင်

ဝမ်ချောင်က ထိုသူနှစ်ယောက်မှာ ယောင်ခြံဝင်းမှဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောပြလိုက်သည်။

ပြန်တွေးကြည့်လျှင် ကြိုးကြာပျံဝဲစံအိမ်မှာ ယောင်ခြံဝင်းမှ အစောင့်များဖြင့် ပြည့်နှက်နေသည်။ ယောင်ဖုန်း စုဝေးထားသည့် ထိုကြီးမားသော လူအုပ်ကြီးထဲတွင် ထိုသူနှစ်ယောက်သည်လည်း အပါအဝင်ဖြစ်ပေသည်။

ထိုသူနှစ်ယောက် ရန်ပွဲထဲသို့ ပါဝင်ရန် ပြုချိန်၌

ရန်ပွဲမှာ ပြီးဆုံးနေပြီ ဖြစ်ကာ သူ၏ညီမငယ်သည် ယောင်ဖုန်းအား ဖမ်းချုပ်ထားပြီးဖြစ်လေသည်။ ကြိုးကြာပျံဝဲစံအိမ်တွင် ရုန်းရင်းဆန်ခတ်အခြေအနေများ အဆုံးသတ်သွားသောကြောင့် ထိုသူနှစ်ယောက်အား သူ သတိမထားမိဟု ထင်မှတ်၍ ယောင်ဖုန်းမှ သူ့နောက်သို့ နောက်ယောင်ခံရန် စေလွှတ်လိုက်ခြင်း ဖြစ်ပေလိမ့်မည်။

လူသားဧကရာဇ်

ဘာသာပြန်သူ - Xoxay

Chapter 22.

ဝမ်းကွဲအစ်မ ကျူးယန်

" ဒီကောင်တွေ အတော်လျင်တာပဲ "

ဝမ်ချောင် မျက်မှောင်ကြုတ်လိုက်သည်။

ယောင်ခြံဝင်းမှ တုန့်ပြန်မှုသည် သူထင်ထားသည်ထက် မြန်ဆန်နေသည်။

" ဒီနှစ်ယောက်က ကျွန်တော်တို့ အိမ်ကထွက်လာကတည်းက နောက်ယောင်ခံလိုက်လာတာပဲ.. အဲ့ဒီတုန်းက မသေချာသေးပေမဲ့ အခုတော့ ကျွန်တော်တို့နောက်ကို လိုက်နေတယ်ဆိုတာ သေချာပါတယ် "

မုန့်လုံ အနားတိုးကပ်လာကာ လေသံတိုးဖြင့် အတည်ပြုပြောဆိုလိုက်သည်။

ဝမ်ချောင် စကားတစ်ခွန်းမှ မဆိုသော်လည်း သူ၏စိတ်ထဲတွင် မုန်တိုင်းထန်နေပြီ ဖြစ်သည်။

ကြိုးကြာပျံဝဲစံအိမ်တွင် သူနှင့်သူ၏ညီမသည် ယောင်ကွမ်းရီ၏ အကြံအစည်အား ဖျက်လိုဖျက်ဆီးလုပ်ခဲ့လေသည်။ ဝမ်ချောင် အခြားသူများ၏ သံသယ အဝင်မခံလို၍ အတတ်နိုင်ဆုံး ဖုံးဖုံးဖိဖိသာ လုပ်ခဲ့သည်။

သို့သော် ယောင်ကွမ်းရီသည် စဥ်းလဲသောမြေခွေးအိုကြီးဖြစ်ပြီး အရာအားလုံးအား အသေးစိတ် ဂရုစိုက်သည့်သူ ဖြစ်နေသည်။ ကြိုးကြာပျံဝဲစံအိမ်တွင် သူ၏ အပြုအမူများသည် တစ်ဖက်လူအား သံသယဝင်စေသည်လား။ ထို့ကြောင့် ယောင်ဖုန်းအား အမိန့်ပေး၍ သူ့အား စောင့်ကြည့်စေသည် ဖြစ်နိုင်မည်လား။

အကယ်၍ ထိုအရာသာ မှန်နေမည်ဆိုလျှင် ကောင်းသော လက္ခဏာမဟုတ်ပေ။

ဝမ်ချောင် ထိုသူတို့၏ အာရုံစိုက်မှုအား စောစောစီးစီး

မခံယူလိုပေ။

" ဆရာသခင် သင်တို့ ကျမ်းစာတွေကို ရွတ်ဖတ်နိုင်ပါသလား "

အတွေးတစ်ခုက ဝမ်ချောင်၏ခေါင်းထဲတွင် ရုတ်တရက်ပေါ်လာကာ နောက်သို့ အလျင်အမြန်

လှည့်၍ ဟိန္ဒူဘုန်းကြီးနှစ်ပါးအား မေးလိုက်သည်။

" ကျမ်းစာဟုတ်လား "

ဝမ်ချောင်၏ မေးခွန်းအား ဘုန်းကြီးနှစ်ပါး အံ့အားသင့်သွားသော်လည်း ထိုမေးခွန်းအား ရိုးသားစွာပင် ပြန်ဖြေကြသည်။

" ကျုပ်တို့က နည်းနည်းတော့သိပါတယ် "

အဘယ်သို့သော ဟာသမျိုးနည်း။ ဟိန္ဒူဘုန်းကြီးများသာ ဗုဒ္ဓကျမ်းစာများအား မသိဟုဆိုလျှင် ဤကမ္ဘာတွင် ကျမ်းစာများအား သိရှိသည့်ဘုန်းကြီးဟူ၍ ရှိမည်မဟုတ်တော့ပေ။ ဝမ်ချောင်၏ မေးခွန်းမှာ ကြက်မသည် ဥ ဥနိုင်သလောဟု မေးသည်နှင့် တူနေသည်။

" ကောင်းလိုက်တာ.. ဒါဆို ဆရာသခင်နှစ်ယောက်ကို ကျမ်းပိုဒ်အနည်းငယ် ရွတ်ဖတ်ပေးဖို့ အပူကပ်ရတော့မှာပဲ "

ဝမ်ချောင် သူ၏လက်နှစ်ဖက်ဖြင့် လက်အုပ်ချီလျက် ပြုံးဖြီးဖြီးလုပ်နေလေသည်။

ဘုန်းကြီးနှစ်ပါးမှာ ဝမ်ချောင်၏ သဘာဝမကျသော အမူအရာများအား မြင်သော်လည်း ဝမ်ချောင် အပြုအမူ၏ နောက်ကွယ်မှ အရေးကြီးပုံကို သဘောမပေါက်ကြပေ။ သို့သော်လည်း ဟိုက်ဒရာဘတ်သတ္ထုရိုင်း သဘောတူညီချက်အား အတည်ပြုရန် လိုသေးသဖြင့် သူတို့၏ စိတ်ထဲတွင် တာဝန်များ ပြည့်နှက်နေသည်ဟု တွေးမိလိုက်ကြရာ ဝမ်ချောင်အတွက် ကျမ်းစာ ရွတ်ဖတ်ခြင်းမှာ ကိစ္စငယ်လေးတစ်ခုသာ ဖြစ်ပေသည်။

" ဒါပေါ့ လုပ်နိုင်တာပေါ့ "

ကိုယ်တော်နှစ်ပါးမှ ပွင့်ပွင့်လင်းလင်းပင် ပြန်ဖြေပြီး ရုတ်တရက်ပင် ဟိန္ဒူကျမ်းစာဖြင့် ဝမ်ချောင်တစ်ဦးတည်းအတွက် ရွတ်ဖတ်လေတော့သည်။

......

" အဲ့ကလေး ဘာလုပ်နေတာလဲ "

" ဟာသလုပ်နေတာလားဟ.. မနက်အစောကြီးကတည်းက အိမ်ကထွက်လာတာ ဒီဘုန်းကြီးနှစ်ပါးကို ရှာပြီး တရားအဆုံးအမ ခံယူဖို့လား "

နောက်ဖေးလမ်းကြားမှနေ၍ လမ်းမပေါ်၌ ဟိန္ဒူကျမ်းစာ ရွတ်ဖတ်သံအား ကြားလိုက်ရချိန်တွင် ယောင်ခြံဝင်းမှ အစောင့်နှစ်ယောက် တစ်ဦးကိုတစ်ဦး ကြည့်ကာ အံ့သြနေကြသည်။ သူတို့ ဆော့ကစားခံနေရသည်ဟု ခံစားလိုက်ရသည်။

ဝမ်ချောင် အိမ်မှ လျှို့ဝှက်စွာ ထွက်ခွာခဲ့သောကြောင့် သူတို့နှစ်ဦးသည် အရေးကြီးသော အကြောင်းအရာတစ်ချို့အား သိရမည်ဟုသာ ထင်မှတ်ထားရာ ယခုမြင်နေရသည်မှာ ဘုန်းကြီးနှစ်ပါးမှ သူ့အတွက် ကျမ်းစာရွတ်ဖတ်ပေးနေခြင်းသာ ဖြစ်နေသည်။

ဤအရာမှာ ဟာသဆန်လွန်းလှသည်။

ထိုချမ်းသာသောသခင်လေး၏ အတွေးများနှင့်အလုပ်လုပ်ပုံအား ထိုသူနှစ်ယောက် နားမလည်နိုင်တော့ချေ။

" သခင်လေးက သူ့ကို အလကားသက်သက် အထင်ကြီးနေတာပဲ.. ဒီကလေးက ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ဘူးလို့ ငါပြောခဲ့တယ်လေ.. အခု ငါပြောတာ မှန်တယ်ဆိုတာ မင်းမြင်ပြီမလား.. ဒီကလေးက ငါတို့ရဲ့ အာရုံစိုက်မှုနဲ့ ထိုက်တန်ရဲ့လားဆိုတာ မင်းကိုယ်တိုင်ပဲ စဥ်းစားကြည့်တော့.. ငါတို့ရဲ့ တစ်မနက်ခင်းလုံး သူ့ကြောင့် အလဟဿ ဖြစ်ခဲ့ရပြီ "

မျက်နှာတွင် အမာရွတ်များဖြင့် ပြည့်နေသည့် ယောင်ခြံဝင်းမှ အစောင့်တစ်ယောက်က မကျေမချမ်း ရေရွတ်နေသည်။ အဝေးမှနေ၍ ဝမ်ချောင် ရယ်မောပျော်ရွှင်နေသည်ကို ကြည့်နေရင်းပင် သူ၏စိတ်ထဲမှ ဒေါသများ အလိပ်လိုက် တက်လာသည်။

" ဒါ ငါတို့နဲ့မဆိုင်ဘူး.. သခင်နဲ့ သခင်လေးတို့မှာ

တစ်ခြားရည်ရွယ်ချက်တွေ ရှိလိမ့်မယ် "

အခြားအစောင့်မှ ခွတီးခွကျ ပြောဆိုလိုက်သည်။

" ရည်ရွယ်ချက်ဟုတ်လား.. ဟမ့် မင်းက ဒါကို ပြောချင်နေတာလား.. သခင်နဲ့ သခင်လေးတို့က သံသယဝင်တာကလွဲပြီး ဘာမှမလုပ်တတ်ကြဘူး.. သူက ကလေးတစ်ယောက်ပဲ ရှိသေးတယ်.. ဘယ်လိုပြဿနာမျိုး သူရှာနိုင်မှာ မို့လို့လဲ "

အမာရွတ်နှင့်အစောင့် လှောင်လိုက်သည်။

" ဒါ့ထက် ငါတို့က သူ့ရဲ့ညီမကိုပဲ နောက်ယောင်ခံလိုက်သင့်တာ.. မင်းလဲ ကြိုးကြာပျံဝဲစံအိမ်မှာ ရှိနေတာပဲမဟုတ်လား.. တကယ် အံ့သြဖို့ကောင်းတာက သူမပဲ.. ငါတို့ သူမကိုပဲ နောက်ယောင်ခံလိုက်သင့်တယ်.. ဒီကောင်က အရန်သာသာပဲ ရှိတာပါ "

အခြားအစောင့်က ထိုသူ၏စကားအား ဆန့်ကျင်ရန် ပြင်လိုက်သော်လည်း သူကိုယ်တိုင်ပင် ထိုအရာအား လက်ခံမိသည်ကို ရိပ်စားကာ မပြောဖြစ်တော့ပေ။

" ခဏလောက် ဆက်ပြီး စောင့်ကြည့်ရအောင်.. ငါတို့ သူနဲ့ပက်သက်ပြီး တစ်ခုခု ရှာတွေ့ရင် တွေ့မှာပေါ့ "

" ရှာတွေ့မယ်ဟုတ်လား.. ဘာကို ရှာတွေ့မှာလဲ.. သူ့ကြောင့် တစ်မနက်ခင်းလုံး အချိန်ကုန်ခဲ့ရတာ လုံလောက်နေပြီ.. ဒီနေ့လည်ခင်းကိုပါ အလကား အဖြစ်ခံဦးမလို့လား.. မင်းစောင့်ချင်ရင် စောင့်လေ..

ဘာပဲလုပ်လုပ် ငါတော့ ဝင်ပါမှာ မဟုတ်ဘူး "

အမာရွတ်နှင့်အစောင့်မှ စိတ်မရှည်စွာ မြည်တွန်တောက်တီးနေလေသည်။

အခြားအစောင့်မှာ သူ၏နှုတ်အား ဖွင့်လိုက်သော်လည်း နောက်တစ်ကြိမ် ပိတ်လိုက်ရပြန်သည်။ သူ အဝေးသို့ ပြန်လှမ်းကြည့်လိုက်ရာ ဘုန်းကြီးနှစ်ပါး၏ ရွတ်ဖတ်သရဇ္စျာယ်ခြင်းမှာ ပြီးဆုံးသွားပြီဖြစ်သည်။ ဝမ်ချောင် ဦးညွှတ်လိုက်ပြီး ဘုန်းကြီးနှစ်ပါးအား သူ၏ မြင်းလှည်းသို့ ပင့်ဖိတ်လိုက်ကာ ဝမ်မိသားစု၏ခြံဝင်းသို့ ဦးတည်၍ ထွက်ခွာသွားသည်။

ကြည့်ရသည်မှာ ဘုန်းကြီးများအား သူ၏နေအိမ်သို့ ပင့်ဆောင်၍ ကျမ်းစာရွတ်ဖတ် သရဇ္စျာယ်စေရန် သေချာပြင်ဆင်နေပုံရသည်။

" ရှီး..... "

အခြားအစောင့်မှ သက်ပြင်းချလိုက်ကာ လက်မြောက်အရှုံးပေးလေတော့သည်။

" မေ့လိုက်တော့.. ငါတို့ကို သခင်လေးက မြန်နိုင်သမျှ အမြန်ဆုံး သူ့ဆီ သတင်းပို့ဖို့ ပြောထားတယ်.. ဒါကြောင့် ခြံဝင်းကိုပဲ အရင်ပြန်ပြီး ဒီကိစ္စကို သူ့ဆီ အရင် အစီရင်ခံလိုက်ကြရအောင် "

အပြန်အလှန်ပြောပြီးနောက် တိတ်တဆိတ်ပင် နောက်လှည့်ကာ ထွက်ခွာသွားကြသည်။

" သခင်လေး သူတို့ ထွက်သွားပြီ "

မြင်းလှည်းပြတင်းပေါက်၏နောက်တွင် ပုန်းကွယ်နေသည့် မုန့်လုံ သက်ပြင်းချလိုက်ကာ ဝမ်ချောင်ဖက်သို့ လှည့်၍ စကားဆိုလိုက်သည်။ သူသည် ပတ်ဝန်းကျင်အား အနည်းငယ်အချိန်ယူကာ စစ်ဆေးလိုက်ပြီး ထိုသူနှစ်ယောက် လိုက်မလာတော့မှန်း အတည်ပြုလိုက်သည်။

" ကောင်းတယ်.. အခု တရားရေးရာရုံးတော်ကို မောင်းတော့ "

ထိုအရာအား ကြိုတင်တွက်ဆထားပြီးဖြစ်၍ ဝမ်ချောင် ပြုံးလိုက်ကာ..

ရှီး...ဟူး..ဟူး

မြင်းလှည်းအား ဂငယ်ပုံသဏ္ဌာန်လှည့်လိုက်ကာ လမ်းအား ကန့်လန့်ဖြတ်လျက် အခြားတစ်လမ်းသို့ ကူးပြောင်းလိုက်သည်။ ထိုလမ်းမှာ အလယ်ပိုင်းလွင်ပြင်၏ တရားရေးရာရုံးတော်သို့ ဦးတည်သည့်လမ်း ဖြစ်ပေသည်။

......

တရားရေးရာရုံးတော်သည် မှုခင်းရေးရာနှင့်ပက်သက်၍ စီရင်သကဲ့သို့ စာချုပ်စာတမ်းဆိုင်ရာ အငြင်းပွားမှုများကိုလည်း ကိုင်တွယ်သည်။

သို့သော် ဤနေရာအား အသုံးပြုရခြင်း၏ အရေးအကြီးဆုံးအချက်မှာ စာချုပ်များတွင် သက်သေခံပေးခြင်းကြောင့် ဖြစ်သည်။ ဤနေရာတွင် ချုပ်ဆိုသော စာချုပ်အားလုံးသည် အလွန်ခိုင်မြဲကာ မဟာထန်တစ်ခုလုံးဖြင့် စာချုပ် ချုပ်ဆိုသည်နှင့် ညီမျှသည်။

ထို့ကြောင့် စာချုပ်အား မဖောက်ဖျက်ရဲကြပေ။

တစ်ဦးနှင့်တစ်ဦး ရင်းနှီးခြင်းမရှိသည့် စီးပွားရေး လုပ်ငန်းရှင် အများစုအတွက် ဤရုံးတော်သည် သူတို့၏စာချုပ်များအား ချုပ်ဆိုသင့်သည့် အကောင်းဆုံးသော နေရာ ဖြစ်ပေသည်။ ဆိုရလျှင် အဘတ်စစ်စော်ဘွားဒေသ၊ အနောက်တိုင်း၊ တားဂစ်ကာဂါနိတ်၊ တိဗက်၊ သျှီလာ နှင့် အခြားသော တိုင်းပြည်များမှ ကုန်သည်အများစု မြို့တော်သို့ လာရောက်ကြခြင်းမှာ

သူတို့၏ စာရွက်စာတမ်းများအား တရားရေးရာရုံးတော်သို့ ဦးတိုက်လျောက်ထားရန်အတွက် ဖြစ်လေသည်။

မြို့တော်တွင် ချမ်းသာသည့်ကုန်သည် အလွန်များပြားကာ ထိုသူများ ရောက်လာလျှင် သူတို့၏ကိစ္စများ နှောင့်နှေးကြန့်ကြာမည် စိုးသောကြောင့် သူသည် ဘုန်းကြီးနှစ်ပါးအား တရားရေးရာရုံးတော်သို့ စာချုပ်ချုပ်ဆိုရန် အလျင်အမြန် ဆွဲခေါ်သွားလိုက်သည်။

ဟိန္ဒူဘုန်းကြီးနှစ်ပါးအတွက်မူ တရားရေးရာရုံးတော်မှ သက်သေပြုပေးခြင်းသည် သူတို့အတွက် လုံခြုံစိတ်ချရခြင်း၏ အပိုဆုပင် ဖြစ်လေသည်။

........

" ဟူး.... နောက်ဆုံးတော့ ငါအောင်မြင်ခဲ့ပြီ "

သူ၏လက်တွင် စာချုပ်အား ဆုပ်ကိုင်ထားကာ တရားရေးရာရုံးတော်မှ ထွက်လာခဲ့လိုက်သည်။ သူ၏စိတ်ထဲတွင် ယခင်ကထက် ပေါ့ပါးနေသည်ဟု ခံစားလိုက်ရသည်။

" ဆရာသခင်တို့.. ကျေးဇူးတင်ပါတယ်.. တစ်လအတွင်း သတ္ထုရိုင်း ၃၀၀ ဂျန် အတွက် ငွေချေပေးပါ့မယ်.. ပြီးတော့ သင်တို့နှစ်ပါးကလဲ သင်တို့ရဲ့ကတိကို

စောင့်ထိန်းမယ်လို့ ယုံကြည်ပါတယ် "

ဝမ်ချောင် နောက်လှည့်ကာ သူတို့အား ကြည့်လိုက်သည်။

" ဒါပေါ့.. ကောင်းကင်ကဘုရားကို တိုင်တည်ပြီး ပြောရဲတယ်.. ဟိန္ဒူတွေက သူတို့ရဲ့ ကတိကို ဘယ်တော့မှ မဖောက်ဖျက်ဘူး "

လမ်းမပေါ်ရှိ ကြီးမားသော စကားဝါပင်အောက်တွင် ဟိန္ဒူဘုန်းကြီးနှစ်ပါးသည် လေးနက်သော မျက်နှာထားဖြင့် ဆိုလိုက်သည်။

သူတို့ ပထမဆုံး တွေ့ဆုံစဥ်တွင် ဤသခင်လေးအား များစွာ မျှော်မှန်းထားခြင်း မရှိချေ။ အလယ်ပိုင်းလွင်ပြင်မှ သူတို့နှင့် သင့်တော်မည့် စီးပွားဖက်သည် ဤသူငယ်ဖြစ်နေလိမ့်မည်ဟု ထင်မှတ်မထားပေ။

သို့သော် သူနှင့် စကားများ ပြောဆိုပြီးသည့်နောက် ဝမ်ချောင် အပေါ် သူတို့၏အမြင်သည်လည်း ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

ထိုလူငယ်၏အတွေးများသည် သာမန်လူတို့နှင့် နှိုင်းယှဥ်၍မရပေ။ ' ဖြန့်ဖြူးခွင့် 'နှင့် ပက်သက်၍ စဥ်းစားလျှင်ပင် ထိုသို့သော ကုန်သွယ်မှု အကြောင်းအရာအား သူတို့ သေချာနားလည်သဘောပေါက်ခြင်းပင် မရှိသေးချေ။

ထို့အပြင် သူ၏ အစစ်အမှန်ပုံရိပ်သည် သူတို့ထင်ထားသည်ထက် ပိုမြင့်မြတ်ပေလိမ့်မည်။ ထိုအခြေအနေအား တရားစီရင်ရေးဆိုင်ရာရုံးတော်မှ ပြန်ထွက်အလာတွင် သူတို့ ခံစားမိခဲ့ခြင်း ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ထိုအရာသည် သူတို့၏ မဟာထန်တွင် ဟိုက်ဒရာဘတ်သတ္ထုရိုင်း ရောင်းချရာ၌ အပြုသဘောဆောင်သည့် အကြောင်းအရာပင်ဖြစ်သည် မဟုတ်ပါလား။

" ဆရာသခင်တို့ ဒီနေရာမှာပဲ လမ်းခွဲကြရအောင်.. တကယ်လို့ တစ်ခုခု လိုအပ်ခဲ့မယ်ဆိုရင် ကျုပ်ဆက်သွယ်လိုက်ပါ့မယ် "

ထိုကိုယ်တော်နှစ်ပါးအား ဝမ်ချောင် ပြောလိုက်သည်။

" အင်း.. "

ဘုန်းကြီးနှစ်ပါးက ဖြေးညှင်းစွာခေါင်းညိမ့်လိုက်ပြီး ခြေလှမ်းကျယ်ကြီးများဖြင့် ထွက်ခွာသွားကြသည်။

ထိုကိုယ်တော်နှစ်ပါး လမ်းထောင့်သို့ ဝင်သွားသည့် အချိန်မှသာ ဝမ်ချောင် သူ၏အကြည့်အား ရုပ်သိမ်းလိုက်သည်။

" အခု.... ရွှေတေးပေါင်း ၉၀,၀၀၀ ရအောင် ငါရှာရတော့မယ် "

ဝမ်ချောင် ညည်းညူလိုက်သည်။

ဟိန္ဒူဘုန်းကြီးများထံမှ ဖြန့်ဖြူးခွင့်အား သူပိုင်ဆိုင်လိုက်ရသော်လည်း အဓိကပြဿနာ ကျန်ရှိနေသေးသည်။ ခြုံပြောရလျှင် ရွှေတေးပေါင်း ၉၀,၀၀၀ ဟူသည် သေးငယ်သော ပမာဏ မဟုတ်ပေ။

ဝမ်ချောင် လစဥ် ငွေတေး အနည်းငယ်သာ ရရှိသည်။ သူ၏လစဥ်ခွဲတမ်းဖြင့်သာဆိုလျှင် သူ အခေါင်းထဲတွင် လဲလျောင်းရသည့်အချိန် ရောက်လျှင်ပင် ပြည့်မှီဦးမည် မဟုတ်ပေ။

" ခေါင်းတောင်ကိုက်လာပြီကွာ.. အိမ်ပြန်ရောက်မှပဲ ဆက်စဥ်းစားတော့မယ် "

သူ၏ခေါင်းအား အနည်းငယ်ပုတ်လိုက်ကာ အိမ်ပြန်ရန် မြင်းလှည်းဆီသို့ ခြေဦးလှည့်လိုက်သည်။

ကလွပ်..ကလွပ်..ကလွပ်

မြင်းလှည်းတစ်စီး၏ ဘီးလှိမ့်သံ ထွက်ပေါ်လာသည်။

ဝမ်ချောင် ခြေလှမ်းနေရင်း မသိမသာ လှမ်းကြည့်လိုက်ရာ ကြေးနီရောင်မြင်းလှည်းတစ်စီးက သူနှင့် သူ၏မြင်းလှည်း အကြားတွင် ပိတ်ဆို့ထားသည်ကို တွေ့လိုက်ရသည်။

ဝမ်ချောင် နောက်တွန့်သွားသည်။ သူ၏ အသိစိတ်အား ပြန်လည်စုစည်းလျက် ခေါင်းမော့ ကြည့်လိုက်ရာ

ကြေးနီဖြင့် ပုံဖော်ထားသည့် ရင်းနှီးနေသည့် ပန်းပွင့်ပုံစံအား မြင်တွေ့လိုက်ရသည်တွင် ဝမ်ချောင် သူ၏ပါးအား တစ်စုံတစ်ယောက်မှ ဖြတ်ရိုက်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။

" မကောင်းတော့ဘူး "

ဝမ်ချောင် မျက်နှာပျက်ယွင်းသွားပြီး ချက်ချင်းပင် နောက်လှည့် ထွက်ပြေးရန် ပြင်လိုက်သော်လည်း နောက်ကျသွားခဲ့လေပြီ။ ပန်းပွင့်၏ရနံ့များ ထုတ်ပေးနေသည့် ဖြူလွှလွှချောမွတ်၍ ကျောက်စိမ်းကဲ့သို့သောလက်စ်ဖက်သည် မြွေတစ်ကောင်ကဲ့သို့ မြင်းလှည်းမှ ထွက်ပေါ်လာသည်။

ထိုလက်၏ လှုပ်ရှားမှုသည် လျင်မြန်ခြင်း အလျဥ်းမရှိသော်လည်း ဝမ်ချောင်၏ အစွမ်းအစဖြင့် ရှောင်တိမ်းနိုင်စွမ်းမရှိသေးပေ။ တစ်ချိန်တည်းပင် သူ၏နားရွက်မှ နာကျင်မှုအား ခံစားလိုက်ရသည်။

" နင်အကျင့်မကောင်းတဲ့ကောင်လေး.. နင့်ရဲ့ အစ်မကြီးကို မြင်တာတောင်မှ ထွက်ပြေးရဲသေးတယ်လား "

လှပသောမြင်းလှည်းအတွင်းမှ မောက်မာသည့် မိန်းမပျိုတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။ သူမ၏အသံအား နားထောင်ရသည်မှာ ဝမ်ချောင်၏ နားရွက်အား အချက်ကျကျ ဖမ်းဆွဲနိုင်သဖြင့် ပျော်ရွှင်နေပုံရသည်။

" ချစ်လှစွာသော အစ်မဝမ်းကွဲရေ.. လွှတ်ပေးပါ.. လွှတ်ပေးပါ.. ငါမပြေးတော့ဘူး.. ထွက်မပြေးတော့ဘူး "

ဝမ်ချောင်း နားရွက်သည် ထိုကျောက်စိမ်းနှင့်တူသောလက်၏ လိမ်ဆွဲခြင်းခံနေရသည်။ သူ၏နားရွက်တစ်ခုလုံး မီးဖြင့်တို့ခံလိုက်ရသကဲ့သို့ တောင်ပသောအနီရောင်အဖြစ်သို့ ပြောင်းလဲနေပြီး နာကျင်မှုကြောင့် သူ ညည်းညူနေမိသည်။

" နင်ငါ့ကို ဘယ်လိုခေါ်လိုက်တယ် "

မြင်းလှည်းအတွင်းမှ မိန်းမပျိုသည် မောက်မာစွာဖြင့် မကျေမနပ် ဖြစ်နေပြီး မြင်းလှည်းပေါ်တွင် လှုပ်ရှားမှုများ ရှိနေသောကြောင့် တစ်ယောက်ထက်ပို၍ ရှိနေကြောင်း သိသာသည်။

" ငါမှားသွားပါတယ် အစ်မနှစ် "

အခြေအနေများက သူ့အလိုကျ မဖြစ်နိုင်တော့မှန်း သိလိုက်ချိန်တွင် ဝမ်ချောင် ရုတ်တရက် သူ၏စကားလုံးများအား ပြောင်းလဲ လိုက်သည်။ သူ၏ညီမငယ်ကိုယ်တိုင် စောင့်ရှောက်ပေးသည်မဟုတ်ပဲ

ရှန်းဟိုင်နှင့်မုန့်လုံဖြင့်သာဆိုလျှင် ဤ ' အစ်မနှစ် '၏ ပြိုင်ဖက် ဖြစ်နိုင်မည်မဟုတ်ပေ။

အမှန်ဆိုရလျှင် သူ၏ညီမငယ် ဤနေရာ၌ ရှိနေမည်ဆိုလျှင်ပင် သူမ၏လက်အား ဤ ' အစ်မနှစ် ' ထံသို့ ချိန်ရွယ်ရဲမည်မဟုတ်ပေ။ အလွန်ဆုံးဖြစ်နိုင်သည် သူမကသာ ' အစ်မနှစ် 'အား လေးစားသောအကြည့်ဖြင့် ငေးကြည့်နေမည်ဖြစ်ပြီး စကားတစ်ခွန်းပင် ဆိုနိုင်မည် မဟုတ်ပေ။

" ဒီလိုပဲ ဖြစ်ရမှာပေါ့ "

မြင်းလှည်းထဲမှ မိန်းမပျို ခေါင်းညိမ့်လိုက်သည်။ သူမ၏လက်ချောင်းအား မြှောက်လိုက်ရာ မြင်းလှည်း၏ တံခါးပွင့်သွားပြီး ဝမ်ချောင်အား စွန်တစ်ကောင်ကဲ့သို့ မြင်းလှည်းအတွင်း ဆွဲသွင်းလိုက်လေသည်။

ကမ္ဘာသစ်တစ်ခုသို့ ဆွဲသွင်းခံလိုက်ရသည်ဟုပင် ထင်လောက်ရအောင် ဝမ်ချောင် မြင်နေသမျှမှာ အနီရောင်သာ ဖြစ်နေသည်။

" မင်းတို့နှစ်ယောက် ထပ်စောင့်စရာမလိုတော့ဘူး ပြန်လို့ရပြီ.. ဒီကောင်ဆိုးလေး ဝမ်ချောင်ကို ငါကိုယ်တိုင်

ပြန်ခေါ်လာခဲ့မယ် "

မြင်းလှည်း မထွက်ခွာမှီ မျက်တောင်တစ်ခတ်အတွင်းပင် သူ၏ဘေးတွင်ရှိသော မိန်းမပျိုမှ ရှန်းဟိုင်နှင့်မုန့်လုံအား မောက်မာစွာ အမိန့်ပေးလိုက်သည်။

စိတ်လျှော့လိုက်ပြီး တစ်ချက်မျှ စူးစမ်းကြည့်လိုက်ရာ အခန်းသည် ကျယ်ဝန်းကာ အနီရောင်၊ အပန်းရောင်များဖြင့် အဓိက ပြင်ဆင်ခြယ်သထားသည်ကို ဝမ်ချောင် တွေ့လိုက်ရသည်။ ဤမြင်းလှည်းသည် မိန်းကလေးများ စီးနှင်းရန် ပြုလုပ်ထားသည်မှာ ထင်ရှားသည်။

ဝမ်ချောင်၏ရှေ့၌ နှစ်ဆယ့်လေး နှစ်ဆယ့်ငါးနှစ်ခန့်ရှိသော လှပသောမိန်းမပျိုသည် စွဲမက်ဖွယ် အမို့အမောက်များနှင့် ပြည့်စုံနေပြီး တစ်ချိန်တည်းတွင် သူမဆီမှ အိန္ဒြေရှိသောအငွေ့အစက်များ ထွက်ပေါ်နေကာ သူမ၏ ကတ္တီပါရောင်လက်သည်းများအား သုတ်သင်ရန် ခေါင်းငုံ့နေသည်။

သူမ၏ဘေးတွင် အနီရောင်ဝတ်ရုံအား ဝတ်ဆင်ထားပြီး ကိုယ်လုံးကိုယ်ပေါက်လှသည့် မိန်းမပျိုသည် သူ့အား စိုက်ကြည့်နေကာ သူမ၏လက်နှင့်ဖုံးကွယ်၍ ရယ်နေသည်။

ထိုအနီရောင်မိန်းမပျိုအား သူ မသိရှိသော်လည်း ထိုကဲ့သို့ သူ့အားကြည့်၍ ရယ်နေရာ ထူးဆန်းသော ခံစားချက်အား ခံစားမိသည်။

" အစ်မနှစ် နင် ငါ့ကို လာရှာတာလား "

ဝမ်ချောင်က လက်သည်းပြုပြင်နေသည့် လှပသောမိန်းမပျိုအား ကြည့်လိုက်၍ အားတင်းကာ မေးလိုက်သည်။

သူမမှာ သူ၏ ဝမ်းကွဲဖြစ်သည်။

သူ၏ဝမ်းကွဲမှာ အစ်မကြီးတစ်ယောက်ကဲ့သို့သော ပုံံစံမျိုးဖြစ်ပြီး နွေးထွေးပုံရသည်။ အကြောင်းမသိလျှင် တစ်စုံတစ်ယောက်သည် သူမနှင့် ရင်းနှီးကျွမ်းဝင်ချင်ပေလိမ့်မည်။

သို့သော် ဝမ်ချောင်မှာ ချွင်းချက်ဖြစ်သည်။

အခြားသူများနှင့် မတူညီစွာ ဝမ်ချောင် သူ၏ အစ်မနှစ်အား ရှုမြင်ရာတွင် အကြောက်တရားအား ခံစားရကာ ထွက်ပြေးရန် တိုက်တွန်းမှုကသာ သူ့အား လွှမ်းခြုံနေသည်။

ဝမ်ချောင်အား ကြောက်ရွံစေနိုင်သည့် အမျိူးသမီးဟူ၍ များများစားစား မရှိချေ။

သို့သော် ဤဝမ်းကွဲသည် ထိုသူများထဲမှ တစ်ယောက်ဖြစ်သည်။

ဝမ်ချောင် ပုန်ကန်တတ်စ အရွယ်တွင် ဤဝမ်းကွဲနှင့် သူ မတွေ့ခင်အချိန်အထိ သူ၏မိခင်ပင် သူ့အား ထိန်းချုပ်နိုင်စွမ်းမရှိပေ။ သူ့ကိုယ်သူ စင်္ကြာမုနိဗုဒ္ဓ၏ လက်ဝါးအတွင်းမှ မလွတ်မြောက်နိုင်သည့် စွန်းဝူခုန်းကဲ့သို့ တွေးထင်မိသည်။

အလယ်ပိုင်းလွင်ပြင်တွင် မတူညီသောမိသားစုများမှ အခွင့်အာဏာများ ပိတ်ဆို့ခံရချိန်တွင် သူတို့သည် မျိုးသစ်များအား မွေးထုတ်ရန် ကြံဆောင်ခဲ့ကြသည်။ ဝမ်ကလန်သည်လည်း အပါအဝင်ဖြစ်သည်။ သူ့ကိုယ်ပိုင်မိသားစုဖြစ်စေ သူ့ဦးလေးနှင့်အဒေါ်တို့၏မိသားစုများဖြစ်စေ သူတို့၏အိမ်ခြံဝန်းတွင် မျိုးဆက်များစွာရှိကြသည်။

ဤဝမ်းကွဲအစ်မသည် သူ့ဦးလေးကြီး၏ ဒုတိယသမီးပင် ဖြစ်ပေသည်။

လူသားဧကရာဇ်

ဘာသာပြန်သူ - XoXay

Chapter 23.

၀မ်းကွဲ၏ ပြဇာတ်တစ်ပုဒ်

မိန်းကလေးတစ်ဦးသာ ဖြစ်သော်လည်း သူမသည် ‘ ရဲစွမ်းသတ္တိနှင့်ပြည့်စုံသော ‘ အငွေ့အသက်ရှိသည်။ သူမ၏ သိုင်းပညာအပေါ် ကျွမ်းကျင်မှုမှာ လွန်ကဲလွန်းလှပြီး ၀မ်ချောင် သူမ၏ လက်သီးသုံးချက်ထက် ပို၍ မခံနိုင်လောက်ပေ။

သူမအား အနိုင်မတိုက်နိုင်သောကြောင့် သူ ထွက်ပြေးရန်သာတတ်နိုင်ပေမည်။ သို့သော် ထိုသူ၏၀မ်းကွဲမှာ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်လှပြီး အဆက်အသွယ်များစွာ ရှိလေသည်။ သူမတွင် ရင်းနှီးသောမိတ်ဆွေများစွာရှိပြီး ထိုသူများက မြို့တော် တစ်ခုလုံးတွင် ပျံ့နှံ့နေသည်။

၀မ်ချောင် မည်သို့ထွက်ပြေးသည်ဖြစ်စေ သူမ၏ မိတ်ဆွေများ မျက်စိအောက်မှ မလွတ်မြောက်နိုင်ပေ။ လမ်းထဲရှိ ကုန်စိမ်းရောင်းနေသည့် အမျိုးသမီးပင် သူ့၀မ်းကွဲ၏ ရင်းနှီးသော မိတ်ဆွေ ဟုတ်၏မဟုတ်၏ကို ၀မ်ချောင် အတပ်မပြောနိုင်ပါ။

အခြားသူများ၏ အရေးကိစ္စများအား ကြား၀င်တတ်သော သူ၏ ၀မ်းကွဲထက် မည်သူကများ ပို၍ဆိုးနိုင်မည်နည်း။ အထူးသဖြင့် သူ့အပေါ်တွင်ဖြစ်သည်။

သူမ၏စကားအရ မောင်ငယ်လေးတစ်ယောက် အသေအလဲ လိုချင်သော်လည်း ၀မ်ချောင်၏ ဦးကြီးနှင့်သူ့ဇနီးမှာ သူတို့ချစ်သမီး၏ ဆန္ဒအား ဖြည့်ဆီးမပေးနိင်ကြပေ။

ထို့ကြောင့် ၀မ်ချောင်အား သူမ၏ မောင်ငယ်လေးအဖြစ် ရှုမြင်လေတော့သည်။ မည်သို့ပင်ဖြစ်စေ သူတို့နှစ်ဦးစလုံးမှာ ၀မ်ကလန်မှဖြစ်ပြီး အဘိုးတစ်ဦးတည်းမှ လာသည်မဟုတ်လော။ ထို့အပြင် သူမသည် ၀မ်ချောင်က သူမအား ၀မ်းကွဲအစ်မဟု ခေါ်သည်ကို မနှစ်သက်ပေ။ တစ်၀မ်းထဲမှ ဆင်းသက် လာသည်ကဲ့သို့ ‘ အစ်မနှစ် ’ဟု ခေါ်ရန်သာ တိုက်တွန်းလေသည်။

သူမအား မြင်တွေ့သည့်အခါတိုင်း ၀မ်ချောင် ခေါင်းကိုက်ရလေသည်။

၀မ်ချောင် ပုန်ကန်တတ်စအရွယ် မကောင်းသည့်အပေါင်းအသင်းများနှင့် ပေါင်းသင်းနေသည့် အချိန်ကတည်းကပင် သူ၏ အရေးကိစ္စများကို သူမ နှောင့်ယှက်လေ့ရှိပြီး သူမက မျောက်တစ်ကောင်အား ဆွဲခေါ်သည်ကဲ့သို့ လမ်းပေါ်သို့ ဆွဲခေါ်သွားတတ်သည်။ အကယ်၍သူ့၌ ဂုဏ်သိက္ခာရှိလျှင် သူမကြောင့် ပျက်ဆီးပြီးသားပင်။

“ ဘာလို့လဲ.. နင်နဲ့တွေ့ဖို့ အကြောင်းရှိမှ ရမှာလား ”

၀မ်ကျူးယန် ခေါင်းမော့လိုက်ပြီး သူမ၏ မျက်နှာပေါ်တွင် မကျေနပ်နေမှုအား အရှင်းသား မြင်နိုင်သည်။ ထိုပြဿနာအား မြင်သည်တွင် ၀မ်ချောင် နှလုံးခုန်နှုန်း တစ်ချက်ရပ်သွားပြီး သူ၏လက်အား အလျင်အမြန် ဝှေ့ယမ်းလိုက်သည်။

“ မဟုတ်ဘူး မလိုပါဘူး.. ဘယ်လိုဖြစ်နိုင်မှာလဲ “

သို့သော် အစ်မနှစ်မှ အကြောင်းရင်း တစ်စုံတစ်ရာ မရှိပဲ အလည်လာမည် မဟုတ်ကြောင်း ၀မ်ချောင် သိလေသည်။ တရားရေးရာရုံးတော်၏ အပြင်ဘက်တွင် သူ့အား သူမစောင့်နေရလောက်သည့် အကြောင်းရင်းတစ်ခု ရှိရပေမည်။

ကျေနပ်အားရမှုဖြင့် သူမခေါင်းညိမ့်လိုက်ပြီး အောင်ငုံ့ကြည့်ကာ သူမ၏ လက်သည်းများအား ဆက်လက်ပြုပြင်နေလိုက်သည်။ ၀မ်ချောင် စကားတစ်ခွန်းပင် မဟရဲပေ။ ထို့ကြောင့် သူမ ရောက်လာရသည့်အကြောင်းရင်းအား သူမကိုယ်တိုင် ပြောပြရန်သာ တိတ်ဆိတ်စွာ ထိုင်စောင့်နေလိုက်သည်။

“ ဒီနှစ်ရက်အတွင်း ငါကြားထားတာအရ နင် အတော်လေး နာမည်ကြီးနေတယ်နော်.. ကြိုးကြာပျံဝဲစံအိမ်မှာ နင် ယောင်ဖုန်းကို ရိုက်လိုက်သေးတယ်ဆို ”

၀မ်ချောင်း ပြန်လည်မဖြေရှင်းမှီ အကြည့်တစ်ခုက ၀မ်ချောင်အပေါ် ကျရောက်လာကာ ထိုသူမှာ ၀မ်ကျူးယန်၏ ဘေးတွင် ထိုင်နေသော အနီရောင်မိန်းမပျိုပင် ဖြစ်သည်။ သူမ၏ မျက်နှာက သရဲတစ္ဆေတစ်ကောင်အား မြင်နေရသည်ကဲ့သို့ အံ့သြနေသည်။

“ အစ်မနှစ်.. နင်ဘာကိုပြောနေတာလဲ ယောင်ဖုန်းက ငါတို့ အစ်ကိုကြီးနဲ့ အစ်ကိုနှစ်ကြောင့် နာကျင်ရတာကို မကျေနပ်လို့၊ သူတို့ကို မနိုင်တာနဲ့ မာကျောက်လို့ ခေါ်တဲ့ ရာဇ၀တ်ကောင်ကို ငါနဲ့ ရင်ဆိုင်ပြီး အပြစ်ပုံချခိုင်းတာ ဒါကြောင့် ငါ ဒေါသထွက်ပြီး ကြိုးကြာပျံဝဲစံအိမ်ကို တစ်ချက်သွားကြည့်တာပါ ပြီးတော့ ငါတို့ နည်းနည်း ကတောက်ကဆ ဖြစ်ခဲ့တယ် ဒါက ပြဿနာကြီးတော့ မဟုတ်ဘူးမလား ”

၀မ်ချောင် ပြောလိုက်သည်။

သူ၏ စိတ်နှလုံးပင် ထုံကျင်နေသည်။ ယမန်နေ့က အဖြစ်အပျက်သည် လွယ်လွယ်နှင့် ပြီးဆုံးမည် မဟုတ်ကြောင်း သူသိလေသည်။ ကြိုးကြာပျံဝဲစံအိမ်တွင် ဖြစ်ပွားခဲ့သော ကိစ္စမှာ လူငယ်များအကြား သို့လောသို့လော ဖြစ်စေပြီး ယောင်ကလန်နှင့် ၀မ်ကလန်၏ ဆက်ဆံရေးသည်လည်း ချိန်ခွင်လျှာပေါ် ရောက်နေပြီ ဖြစ်လေသည်။

ပြောစရာပင်မလို ယောင်ကလန်၏ အဘိုးကြီးမှာ ဤကိစ္စအား အလွန်အလေးထားပြီး တော်၀င်ရုံးတော်သို့ နည်းလမ်းပေါင်းစုံဖြင့် လျှောက်တင်ကာ ထိုဖြစ်ရပ်အား အင်ပါယာအရှင်ထံသို့ ရောက်ရှိစေသည်။

မဟာထန်အင်ပါယာတွင် ယောင်ကလန်နှင့်၀မ်ကလန်သည် သစ်ပင်ကြီးနှစ်ပင် ဖြစ်သည်။ သူတို့၏ မိတ်ဆွေများနှင့် တပည့်များက အင်ပါယာအနှံ့တွင် ရှိနေသည်။

မရေမတွက်နိုင်သော မိသားစုများနှင့် ကလန်များက ဤကိစ္စတွင် ပါ၀င်နေကြပြီး မျက်စိဒေါက်ထောက် ကြည့်နေကြလေသည်။ ထို့ကြောင့် မြို့တော်တစ်ခွင်တွင် ကြီးမားသော အကြောင်းရာကြီးတစ်ခု ဖြစ်နေရခြင်းပင်ဖြစ်သည်။

ထို့ကြောင့်သာမဟုတ်လျှင် သူ၏ဦးကြီးက သူ့အိမ်သို့လာ၍ သူ့မိသားစုအား ဒေါသတကြီး မေးခွန်းထုတ်မည် မဟုတ်ပေ။ သို့သော်လည်း ထိုအရာမှာ အစသာရှိသေးကြောင်း ၀မ်ချောင် သိလေသည်။

သူ့၀မ်ကွဲ ၀မ်ကျူးယန်ပင် လူချင်းလာတွေ့၍ ‘ သက်သေခံချက် ’ယူပြီး သူ့အား ပြဿနာ ဆက်မရှာရန် တားဆီးနေသည်။ သို့သော်လည်း ထိုအရာမှာ မုန်တိုင်းမတိုက်ခင် လေပြေသွေးနေခြင်းသာဖြစ်ကြောင်း ၀မ်ချောင်သိလေသည်။ သူမအပြင် သူ့အား ရှာဖွေနေသူများစွာ ရှိလိမ့်ဦးမည်။

“ ဟမ့် .. ကတောက်ကဆ နည်းနည်းဖြစ်တယ်ဟုတ်လား နင်တစ်ခုခုကို ဘယ်လို ရှင်းပြရမယ်ဆိုတာ နားမလည်ဘူးလား ”

၀မ်ကျူးယန် သူမ၏ခေါင်းအား မော့လိုက်ကာ ၀မ်ချောင်အား အေးစက်စက် ကြည့်လိုက်သည်။

“ ယောင်ဖုန်းက နင့်ကြောင့် ယောင်ကိုင်းနေအောင် ထိုးခံလိုက်ရတာလေ.. ယောင်ကလန်ရဲ့ သခင်ကြီးကိုယ်တိုင် အင်ပါယာအရှင်မင်းကြီးဆီ ငါတို့ကလန်အကြောင်း တင်ပြလိုက်တာတောင် နင်က နည်းနည်းလေး ကတောက်ကဆ ဖြစ်တာပါလို့ ပြောရဲသေးတယ်လား.. ဒါက ကတောက်ကဆ နည်းနည်းလေးဖြစ်တာနဲ့ တူနေလို့လား ”

“ အစ်မနှစ် ငါမှားတယ်လို့ နင်ထင်နေတာလား ”

၀မ်ချောင် မခံမရပ်နိုင် ပြန်ပြောလိုက်လေသည်။

“ နင် တွေးကြည့်ပါဦး.. ယောင်ဖုန်းအသက်က ဘယ်လောက်လဲ ငါကကော ဘယ်လောက်လဲ ငါက သိုင်းပညာ နည်းနည်းတတ်တယ်ပဲထားပါတော့ ငါသူ့ကို ဘယ်လို ရိုက်နိုင်မှာလဲ.. ဟာသပဲ.. တကယ်လို့ ငါသာ အဲ့လိုမျိုး လုပ်နိုင်နေရင် အစ်မနှစ်ရဲ့ လက်တစ်ဖက်နဲ့ ဖမ်းပြီး မြင်းလှည်းထဲ ဆွဲခေါ်ခံရပါ့မလား ”

သူမဘေးရှိ အနီရောင်မိန်းမပျိုပင် ခေါင်းတညိမ့်ညိမ့် လုပ်နေသည်။ ၀မ်ချောင် သိုင်းပညာတွင် လောက်လောက်လားလား တတ်မြောက်ထားခြင်းမရှိကြောင်း သူမ ပြောနိုင်လေသည်။ ယောင်ဖုန်းကို အသာထား ယောင်ခြံ၀င်း၏ အစောင့်များကိုပင် ယှဉ်နိုင်မည် မဟုတ်ပေ။

“ ပြီးတော့ ယောင်ကွမ်းရီ ကိုယ်တိုင် အဲ့မှာရှိတယ်.. ကြိုးကြာပျံဝဲစံအိမ်တစ်ခုလုံးကလဲ သူ့အစောင့်တွေနဲ့ အပြည့်ပဲ.. အထဲမှာ ဖြစ်ပျက်သမျှကို ပြန်ပြောပြတာကလဲ သူ့ခြေသူ့လက်ချည်းပဲ.. သူဘာပြောပြော အမှန် ဖြစ်နေမှာပဲလေ ”

ဆက်ပြောနေရင်း ၀မ်ချောင်၏ မျက်နှာတွင် မကျေနပ်နေမှုအား အတိုင်းသား မြင်နေရသည်။

“ ယောင်ကလန်ရဲ့ အဘိုးကြီး ဘယ်လောက်ထိ ဥာဏ်များတယ်ဆိုတာ လူတိုင်းသိတာပဲ .. ငါ့အမြင်အရ သူတို့က ငါလာမှာကို သိနေပြီး ရည်ရွယ်ချက်ရှိရှိ ထောင်ခြောက် ဆင်ထားလိမ့်မယ်.. ငါကလဲ ဒေါသကြောင့် ဘာကိုမှ မမြင်ပဲ ဖြစ်နေတော့ ယောင်ဖုန်းရဲ့ စုဝေးပွဲကို ဖျက်ဆီးမိတာပဲ.. ဒီလိုဆိုရင် သူတို့က ငါ ယောင်ဖုန်းကို ရိုက်ပါတယ်လို့ အခိုင်အမာ ပြောလို့ရပြီလေ.. အဲ့ဒီမှာ လိမ်လည်ထားတာ အများကြီး ရှိမယ်လို့ နင်မထင်မိဘူးလား ”

“ နင် ပြောတာအမှန်တွေပဲဆိုတာ သေချာလား ”

နောက်ဆုံးတွင် ၀မ်ကျူးယန် ခေါင်းမော့ကာ ၀မ်ချောင်အား ကြည့်လိုက်သည်။ ၀မ်ချောင်၏ စကားများက ဖြစ်နိုင်ကြောင်း သူမ တွေ့ရှိလိုက်သည်။

“ သေချာတာပေါ့ အစ်မနှစ်ကလဲ.. တစ်ခြားသူတွေသာ ငါ့အကြောင်း မသိရင်မသိမယ် နင်ကတော့ ငါဘာလုပ်နိုင်လဲ အသိဆုံးမဟုတ်လား.. ငါ့အချိန် အများစုကို ငှက်တွေကို ကျွေးမွေးစောင့်ရှောက်လိုက် ခွေးတွေနဲ့ ဆော့လိုက်နဲ့ လုပ်နေတာလေ ဘယ်မှာ လေ့ကျင့်ချိန်ရှိမှာလဲ အဲ့ဒါဆိုရင် သိုင်းပညာမှာ ပါရမီထူးချွန်တဲ့ ယောင်ဖုန်းကို ငါက ဘယ်လိုလုပ် ထိုးနိုင်မှာတုန်း ..”

၀မ်ချောင်ပြောလိုက်သည်။ အချက်ကျကျ ပြောရမည်ဆိုလျှင် သူလိမ်နေခြင်း မဟုတ်ပေ။ ယောင်ဖုန်းအား အမှန်တကယ် ရိုက်နှက်လိုက်သူမှာ ၀မ်ကလန်၏ညီမငယ် ဖြစ်ကာ ၀မ်ချောင် လုပ်စရာပင် မလိုချေ။

“ ကောင်းပြီလေ.. လောလောဆယ် ငါနင့်စကားကို အမှန်လို့ပဲ မှတ်ထားလိုက်မယ် ယောင်ဖုန်းကလဲ အမြဲတမ်း သူ့ပုံရ်ိပ်ကိုသူ တည်ဆောက်နေတဲ့သူပဲဟာ ပြောရရင် နင့်ရဲ့အစွမ်းအစနဲ့ နင်လုပ်ခဲ့တာနဲ့က ဘယ်လိုမှ လမိုင်းမကပ်ဘူး နင် ယောင်ဖုန်းကို ရိုက်နိုင်ဖို့က မဖြစ်နိုင်ဘူး ”

၀မ်ကျူးယန် သေချာစဉ်းစားနေပြီးနောက် ၀မ်ချောင်၏စကားများကာ နားလည်သွားသည်တွင် ခေါင်းညိမ့်လိုက်ကာ..

“ ကောင်းပြီလေ.. နင် ငါ့ကိုတော့ ကျော်ဖြတ်နိုင်သွားပြီ နင်အရင်က ငါ့ကို ပေးခဲ့တဲ့ လက်သည်းတိုက်တဲ့ တံစဉ်းလေးက မဆိုးဘူးပဲ.. နင့်ဆီမှာ အဲ့လိုမျိုး ကောင်းတာလေးတွေ မရှိတော့ဘူးလား ”

၀မ်ချောင် ၀မ်ကျူးယန်၏ လက်သည်းအား လှမ်းကြည့်လိုက်ရာ သူပေးထားသော တံစဉ်းကြောင့် ချောမွတ်နေကာ သူမအား စိတ်ကျေနပ်စေကြောင်းတွေ့လိုက်ရသည်။ မျက်လုံးပင့်လိုက်ကာ ဤ၀မ်းကွဲမှာ သူ့အား အိတ်ကပ်ရှိသော ကြောင်စက်ရုပ်ကဲ့သို့ တစ်ချက်ပြောလိုက်သည်နှင့် ပစ္စည်း ပစ္စယများ ထုတ်လုပ်နိုင်သည်ဟု ထင်နေလားပင် မပြောတတ်။(Doramon ပြောတာနေမှာပါ)

သူမအား လက်သည်းတိုက်သည့်တံစဉ်း သူပေးထားသည်မှာ မကြာသေးရာ သူမ လောဘကြီးမနေဘူးလား။

“ ဘယ်လို.... ခဏနေပါဦး ကျူးယန်.. မြို့တော်တစ်ခုလုံးမှာတောင် တစ်ခုပဲရှိတဲ့ ဒီလက်သည်းတိုက်တဲ့တံစဉ်းက နင့်၀မ်းကွဲမောင်လေး လုပ်ပေးထားတာ ဟုတ်လား ”

၀မ်ချောင် ပြန်မဖြေခင်မှာပင် ကျူးယန်ဘေးတွင် ထိုင်နေသော အနီရောင်မိန်းမပျိုမှ သူမ၏ သိလိုစိတ်အား မထိန်းချုပ်နိုင်တော့ပဲ ၀မ်ချောင်အား ခြေဆုံးခေါင်းဆုံး ကြည့်၍ မေးလိုက်သည်။

“ ဟုတ်တယ်လေ ဘာလို့လဲ.. အဘွားကြီး နင်က ငါ့မောင်လေးလို ငယ်ငယ်ရွယ်ရွယ် ကောင်လေးကို စိတ်၀င်စားသေးတာလား ”

၀မ်ကျူးယန် စလိုက်သည်။

“ နင်ဟာလေ.. နင့်ပါးစပ်ကနေ ဘယ်တော့မှ စကားအကောင်းမထွက်ဘူး.. ငါ့အသက် ဘယ်လောက်ရှိသေးလို့လဲ ”

အနီရောင်မိန်းမပျိုကလည်း ခွန်းတုံ့ပြန်သည်။

“ လိမ်မနေနဲ့.. နင်ငါ့ရဲ့ လက်သည်းတိုက်တဲ့တံစဉ်းကို မျက်စိကျနေတာ ငါ သတိမထားမိဘူးလို့ နင်ထင်နေတာလား.. နင် မနာလိုဖြစ်နေတာပါဟယ်.. ထားလိုက်ပါ နင်လိုချင်တယ်ဆိုမှတော့ ငါကလဲ ပေးပါတယ်..---- ယူလိုက် ”

၀မ်ကျူးယန် လှည့်ကြည့်လိုက်ကာ တံစဉ်းသေးသေးလေးအား သူမ၏ ၀တ်ရုံထဲမှ

အနီရောင်မိန်းမပျိုထံသို့ တိုက်ရိုက် ပစ်ပေးလိုက်သည်။

“ ဟီး..ဟီး.. အစ်မကျူးယန်ရဲ့ ပေးကမ်းခြင်းကို ကျေးဇူးတင်ပါတယ် ”

ထိုမိန်းမပျိုက ပျော်ရွှင်စွာ ရယ်မောနေကာ သူမကို ခနဲ့သည်များအား စိတ်မရှိပေ။ သူမ၏ ကျောက်စိမ်းကဲ့သို့သော လက်လေးအား ညှင်သာစွာ ဝှေ့ယမ်းလိုက်ပြီး တံစဉ်းလေးအား အလွန်တန်ဖိုးကြီးသော ရတနာတစ်ခုကဲ့သို့ ဖမ်းယူလိုက်သည်။

ထိုလက်သည်းတိုက်တံစဥ်းမှာ ရှားပါးရတနာပစ္စည်းမဟုတ်သလို မယုံနိုင်လောက်သည့် သိုင်းကျင့်စဥ်လဲမဟုတ်ပေ။ ယောက်ျားလေးများအတွက် အသုံးမဝင်သော ထိုပစ္စည်းအား သူ၏အစ်မဖြစ်သူက အလွန်နှစ်သက်ကာ သူမအတွက်သာ အသုံးပြုလေသည်။

ထိုအချင်းအရာအား ထောက်ချင့်၍ အနီရောင်မိန်းမပျိုအား သူမ လက်ဆောင်ပေးရသည့် အကြောင်းရင်း ရှိပေမည်။

အနီရောင်မိန်းမပျိုမှ ထိုတံစဥ်းလေးအား တယုတယကိုင်ထားပြီး မျက်နှာတွင် ရွှင်လန်းနေသည့် အပြုံးဖြင့် တန်ဆာဆင်ထားသည်။

" ဒီကအစ်မကြီးက ဒီရတနာလေးကို နင့်ကို လက်ဆောင်ပေးပြီးပြီလေ.. နင် မြင်းလှည်းထဲကနေ ထွက်သွားသင့်ပြီ မဟုတ်ဘူးလား.. ဒါမဟုတ် ငါ့ရဲ့ ဝမ်ကွဲမောင်လေးကိုပါ ပေးကမ်းဖို့ စောင့်နေတာတော့ မဟုတ်ပါဘူးနော်.. "

ဝမ်ကျူးယန် စိတ်မရှည်စွာ ပြောလိုက်ရာ..

" ဒါဆို ပိုကောင်းတာပေါ့.. ငါအရမ်းပျော်သွားမှာ သိလား "

အနီရောင်မိန်းမပျိုက ရယ်သွမ်းသွေးလျက် ဝမ်ချောင်အား ဆွဲဆောင်သည့်အကြည့်ဖြင့် ကြည့်နေသည်။ သို့သော်လည်း သူမ မြင်းလှည်းတံခါးအား ဖွင့်ကာ ထွက်ခွာဟန် ပြင်လိုက်သည်။

သူမ၏ ရည်မှန်းချက် ပြည့်စုံသွားပြီ ဖြစ်ရာ ဝမ်ကျူးယန်ကလည်း ခန်းစီးစအား ပင့်တင်ပေးလိုက်သည်။

" အစ်မနှစ်.. သူကဘယ်သူလဲ "

ဝမ်ချောင် အနီရောင်မိန်းမပျို ဦးတည်ထွက်ခွာသွားသည့်ဘက်သို့ ကြည့်နေရင်း သူ၏နှလုံးခုန်နှုန်းပင်

ရပ်တန့်နေသည်ဟု ခံသားနေရသည်။ သူ့အစ်မနှစ်၏

ရင်းနှီးသည့် ထိုမိတ်ဆွေမှာ အလွန်ပွင့်လင်းပြီး အခြားသူများနှင့် မတူညီပေ။

အနီရောင်မိန်းမပျို ထွက်ခွာသွားသော်လည်း သူမ၏ ဝမ်ချောင်ထံ၌ ရစ်ဝဲနေသော မျက်ဝန်းထဲတွင် ရမ္မက်ခိုးဝေနေကာ ဖြစ်နိုင်လျှင် သူမ ဝမ်ချောင်အား တစစီ ဆွဲဖြဲချင်နေပုံပေါ်သည်။

" ယွဲ့အမတ်ကြီးရဲ့သမီးလေ.. ဘာလဲ.. နင်သူ့ကို စိတ်ဝင်စားနေတာလား "

ဝမ်ကျူးယန် စနောက်လိုက်သည်။

" ဘယ်လိုဖြစ်နိုင်မှာလဲ.. ဟီး..ဟီး.. အစ်မနှစ်.. ငါ ပြဇာတ်တစ်ခု ကောင်းကောင်းတင်ဆက်ခဲ့တယ် မဟုတ်လား.. "

ဝမ်ချောင် ရယ်နေသည်။

ဝမ်ကျူးယန် ဘာမှ ပြန်မပြောပေ။ သူမ ဝမ်ချောင်းအား အတန်ကြာ စိုက်ကြည့်နေပြီး တစ်ဖန် သူမ မျက်ဝန်းမှ အေးစက်စက်အငွေ့အသက်များ ပျံ့လွင့်လာပြန်သည်။ ဘန်း.. သူမ မြင်းလှည်းတံခါးအား ဆောင်ပိတ်လိုက်ပြီး ဝမ်ချောင်၏နားရွက်အား ဆွဲလိမ်ပြန်သည်။

ယခင်ကနှင့်ယှဥ်ရလျှင် သူမက အခြားတစ်ယောက်အဖြစ် လုံးဝ ပြောင်းလဲသွားသည် ဖြစ်သည်။

" ကောင်ဆိုးလေး.. နင်ဘယ်လို ပြဿနာထဲမှာ ပါဝင်နေတယ်ဆိုတာ သိရဲ့လား "

" ကြိုးကြာပျံဝဲစံအိမ်ကို နင်ဒီတိုင်းပဲ သွားခဲ့တယ်လို့ ငါ့ကို မပြောနဲ့နော်.. မာကျောက်အတွက်ကြောင့် နင် ယောင်ဖုန်းနဲ့ ခေါင်းချင်းဆိုင်ခဲ့တာပါလို့လဲ မပြောနဲ့.. ငါ ဒီအကြောင်းတွေ မကြားချင်ဘူး.. နင် အရူးထတာသက်သက်နဲ့ ကလန်တစ်ခုလုံးကို ဒီပြဿနာထဲဆွဲသွင်းခဲ့တယ်ဆိုရင် နင့်ခြေထောက်ကို အရင်ဆုံး ရိုက်ချိုးမဲ့သူက ငါပဲ.. "

ဝမ်ချောင်အား ကြည့်နေသည့် သူမ၏ အကြည့်မှာ အေးစက်နေပြီး သူစိမ်းသူရံဆန်နေသည်။ သူမအား အချိန်အတော်ကြာ ခင်မင်ခဲ့သော်လည်း ယခုလောက် သူမ စိတ်ဆိုး ဒေါသထွက်သည်ကို မမြင်ဖူးပေ။

မြင်းလှည်းထဲ၌ သူတို့နှစ်ယောက်မှလွဲ မည်သူမျှ မရှိတော့ပေ။

ဝမ်ချောင် ရှင်းမပြခင် အတန်ငယ် တွေဝေနေသေးသည်။

" အစ်မနှစ် နင်ငါ့ကို ယုံကြည်လား "

ဝမ်ချောင် လေးနက်သည့် မျက်နှာပေးဖြင့် တိုက်ရိုက်မေးလိုက်သည်။

" တကယ်လို့ ငါသာနင့်ကို မယုံဘူးဆိုရင် ယွဲ့အမတ်ကြီးရဲ့သမီးကို ဒီမှာ သက်သေထားပြီး နင့်ရဲ့ ဂုဏ်သတင်းကို သန့်ရှင်းဖို့ ကူညီပေးနေမယ်ထင်လား.. "

ဝမ်ကျူးယန်၏မျက်နှာ တင်းမာနေဆဲပင်။

" ကောင်းပြီလေ.. ဒါဆို ငါပြောပြမယ်.. ကြိုးကြာပျံဝဲစံအိမ်ကို ငါ ရည်ရွယ်ချက်ရှိရှိသွားခဲ့တာ.. ယောင်ဖုန်းကို ရိုက်ဖို့လဲ ငါ့ညီမငယ်လေးကို တမင် ခေါ်ထားတာ..

ပြောရရင် အဖေနဲ့ယောင်ကွမ်းရီရဲ့ တွေ့ဆုံမှုကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးချင်လို့ပဲ.. ဒီအကြံတွေ အားလုံးကို ငါကပဲ လုပ်ဆောင်ခဲ့တာ "

ဝမ်ချောင် လေးနက်သောအမူအရာဖြင့် ပြောလိုက်သည်။

" ဘာလို့လဲ "

ဝမ်ကျူးယန် ဝေခွဲမရဖြစ်နေသည်။ ဝမ်ချောင် ဘာလုပ်ချင်သည်ကို သူမ မမှန်းဆနိုင်ပေ။

" ယောင်ကလန်က ငါတို့ကလန်ကို ရည်ရွယ်ချက်ရှိရှိ သိက္ခာချချင်နေတာလေ.. ငါသူတို့အကြံကို ဖြစ်မြောက်ခွင့် ဘယ်ပေးနိုင်မလဲ.. ဒီကိစ္စကို နင့်ကို အသေးစိတ်ကျကျ ပြောပြဖို့တော့ မလွယ်ဘူး.. ဒါပေမဲ့ ဒီလောက်ဆိုရင်ကို နင်သဘောပေါက်လောက်ပါပြီ "

ဝမ်ချောင် တည်ငြိမ်စွာ ပြောလိုက်ရာ..

" ဘယ်လို....... "

ဝမ်ကျူးယန်၏ အမူအရာ ပြောင်းလဲသွားသည်။

" ဒီကိစ္စက ကျိန်းသေလား.. "

ဝမ်ချောင် အပြင်းအထန် ခေါင်ညိမ့်ထောက်ခံလိုက်သည်။

" ကောင်းပြီ.. ဒီကိစ္စမှာ ငါနင့်ကို ယုံတယ် "

မတူညီသော အမူအရာများက ဝမ်ကျူးယန်၏မျက်နှာတွင် ဖြတ်ပြေးနေကာ သူမ ထိုကိစ္စအား ဆက်မလိုက်တော့ရန် ဆုံးဖြတ်ချက်ချလိုက်သည်။

" နင် ဒီကိစ္စကို ထပ်မမေးတော့ဘူးလား "

ဝမ်ချောင် အံသြနေသည်။

" မလိုအပ်တော့ဘူး.. "

ဝမ်ကျူးယန် ပြုံးနေကာ လက်ယမ်းလိုက်သည်။ ယခင်ကထက်စာလျှင် သူမ၏ အမူအရာများက ပိုကောင်းမွန်နေသည်။

" နင်က စနောက်တတ်တဲ့သူတစ်ယောက် ဖြစ်ချင်ဖြစ်လိမ့်မယ်.. ဒါပေမဲ့ ငါတို့က မိသားစုတစ်ခုထဲလေ.. ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် ကလန်ကို ထိခိုက်နစ်နာအောင် နင်လုပ်မှာ မဟုတ်ဘူးလို့ ငါယုံကြည်တယ် "

" အစ်မနှစ်... "

သူ၏ဝမ်းကွဲ ဝမ်ကျူးယန်အား ကြည့်နေရင်း ဝမ်ချောင်၏ စိတ်ထဲတွင် အတန်ငယ် လှုပ်ခတ်သွားသည်။ သူသည် စနောက်တတ်၍ ပုန်ကန်တတ်ကာ ကလန်အား များစွာသော ပြဿနာများ ကြုံရစေသော်လည်း ကလန်ကို ထိခိုက်စေလိုသည့် စိတ်ရင်း မရှိသည်က အမှန်ပင်။

ထိုအရာအား နားလည်သည့်သူမှာ သူကိုယ်တိုင်နှင့် သူ့ဝမ်းကွဲအစ်မ ဝမ်ကျူးယန်သာ ရှိလေသည်။

ဤဝမ်းကွဲက သူ၏ ပြင်ပကိစ္စရပ်များအား မကြာခဏ နှောင့်ယှက်တတ်သော်လည်း သူမက သူ့နောက်လိုက်ကာ အနည်းငယ်ဆုံးမပြီး ပြန်လွှတ်ပေးသည်ချည်း ဖြစ်သည်။

သို့သော်လည်း ယခုတစ်ကြိမ် ယောင်ဖုန်းနှင့် ကိစ္စရပ်မှာ ယောင်သခင်အိုကြီးကြောင့် အင်ပါယာအရှင့် နားတော်ပါးထိ ရောက်သွားကာ ဝမ်ကလန်၏မိသားစုဝင် အယောက်စီတိုင်းက ပါဝင်ပက်သက်နေပြီ ဖြစ်သည်။

မြို့တော်၌ပင် အုတ်အော်သောင်းနင်း ဖြစ်နေကြသည်။

ထိုသို့ ကြီးမားသောဖြစ်ရပ် ဖြစ်ပွားခဲ့သည်ကိုပင် သူက အနည်းသာရှင်းပြသော်လည်း သူမ နားလည်ပေးခဲ့လေသည်။

ဝမ်ချောင် ပြောစရာစကားများပင် ပျောက်ရှသွားရသည်။

" ဒီရက်ပိုင်းအတွင်း ငါတို့ကလန်က ရုန်းရင်းဆန်ခတ် ဖြစ်နေတယ်.. ငါ့အဖေပဲမဟုတ်ဘူး.. အဒေါ်ကြီးနဲ့သူ့ယောက်ျား၊ ဦးငယ်နဲ့ တစ်ခြား ဝမ်းကွဲတွေ အကုန်လုံးက နင့်ကို ဒေါသထွက်နေကြတယ်.. ငါက အရင်လှုပ်ရှားလိုက်တာပဲ.. ငါသာ ပေါ်မလာရင် သူတို့က နင့်ကိုရှာတာ ရပ်မှာ မဟုတ်ဘူး.. "

ဝမ်ကျူးယန် စိတ်ရှုပ်နေသည့် အမူအရာဖြင့် ပြောလိုက်ကာ..

" ယွဲ့အမတ်ကြီးရဲ့သမီးက ပေါင်းသင်းဆက်ဆံရေးကောင်းတယ် သူ လှုပ်ရှားလိုက်တာနဲ့ နင့်ကိစ္စ ဖြေရှင်းဖို့က မခက်တော့ဘူး.. သူ့ကို ဒီမှာ ခေါ်ထားရတဲ့ အကြောင်းကလဲ အဲ့ဒါကြောင့်ပဲ.. ငါတို့ရဲ့ ဒေါ်ကြီးနဲ့သူ့ယောက်ျားအတွက်တော့ နင်ပြောသမျှကို ငါ ပြန်သက်သေခံပေးမယ်.. နင်နဲ့ယောင်ဖုန်းရဲ့ ကိစ္စက

နှစ်ကိုယ်ကြား ပြဿနာသက်သက် မဟုတ်နေသမျှ

ကာလပတ်လုံး သူတို့ကိုထိန်းထားဖို့နည်းလမ်း ရှာကူပါ့မယ် "

" အစ်မနှစ်.. ကျေးဇူးပါ "

ဝမ်ချောင် သူမအား ကျေးဇူးတင်စကား ပြောလိုက်သည်။ သူတို့၏ ဒေါ်ကြီးနှင့်သူ့ယောက်ျားက ဝမ်ကျူးယန်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိလေသည်။ ဒေါ်ကြီးက သူမ၏ကိုယ်ပိုင်အမြင်အား

လက်ခံသည် လက်မခံသည်ထက် သူမ၏စကားများအား နားထောင်ပေးမည် အမှန်ပင်။

သူမသာ လုပ်ဆောင်ပေးလျှင် ဤက်ိစ္စမှာ သူတို့၏ အဒေါ်အကြီးဆုံးနှင့် ရင်ဆိုင်ရာတွင် အခက်ခဲရှိမည် မဟုတ်တော့ပေ။

========================

ဝမ်ကလန်ရဲ့မိသားစုစာရင်းက..

ဝန်ကလန်ရဲ့ ထိပ်ဆုံးမှာ ဝမ်အဘိုးရှိမယ်..

ဒေါ်ကြီး(အဒေါ်အကြီးဆုံး)နဲ့သူ့ယောက်ျား

ဝမ်အဘိုးရဲ့အကြီးဆုံးသားက တော်ဝင်ရုံးတော်မှာ အာဏာရှိတဲ့ အရာရှိတစ်ယောက်..ဦးကြီး

သား- ++

သမီး- ဝမ်ကျူးယန် ++

ဝမ်အဘိုးရဲ့ ဒုတိယသား ( အသက်အရွယ်အရဆို တတိယ) ဝမ်ယန်..

သား- အစ်ကိုကြီး၊ အစ်ကိုနှစ်၊ ဝမ်ချောင်၊

သမီး- ဝမ်ရှောင်းယောင် ++

ဝမ်အဘိုးရဲ့ တတိယသား..

ဝမ်ယန်ရဲ့မျိုးဆက်မှာ မောင်နှမလေးယောက်ရှိပါတယ်..

လူသားဧကရာဇ်

ဘာသာပြန်သူ - XoXay

Chapter 24.

နတ်ဘုရားရှစ်ပါးစံအိမ်

“ အပျော်လွန်မနေနဲ့ဦး.. ငါတို့ရဲ့ဦးငယ်က ကောင်းကင်နဂါးတောင်တန်းမှာ ရှိနေတုန်းပဲ.. ဒါပေမဲ့ ငါတို့သူ့ကို မကိုင်တွယ်နိုင်ဘူး.. လောလောဆယ် သူက စစ်တပ်မှာ နည်းပြလုပ်နေရလို့ အမြန်ပြန်လာမှာတော့မဟုတ်ဘူး.. နင်သူ့ကို ရင်ဆိုင်ဖို့ ကြိုတင်ပြင်ဆင်ချိန် ရတာပေါ့ ”

၀မ်ကျူးယန်ပြောလိုက်သည်။

၀မ်ချောင် ခေါင်းကိုက်သွားလေသည်။ ကလန်တစ်ခု အလွန်ကြီးမားခြင်းနှင့်ကြွယ်ဝခြင်း၏ ဆိုးကျိုး တစ်ခုပင်။ တစ်စုံတစ်ခုဖြစ်တိုင်း လူတိုင်းက ဖြေရှင်းချက်ကိုယ်စီ တောင်းကြသောကြောင့် အယောက်စေ့ ရှင်းပြရပေမည်။

“ ငါ့ ဘာသာ နည်းလမ်း ရှာထားလိုက်မယ် ”

၀မ်ချောင် သူ၏ပြဿနာအား ဖြေရှင်းမည်ဟုသာ ညည်းညူနိုင်တော့သည်။

အခြားသူများ၏ အမြင်တွင် သူ၏ပုံရိပ်သည် သုံးဖြုန်းသောက်စား ပျက်ဆီးနေသည်ဟူ၍သာ ရှုမြင်ထားကြသည်ဖြစ်ရာ ၀မ်ချောင် ကလန်အတွက် အရာအားလုံး လုပ်ဆောင်ပေးခဲ့သော်လည်း သူ့ဦးငယ်က သိမည် မဟုတ်ပေ။ သူ့၀မ်ကွဲ ၀မ်ကျူးယန်နှင့် မတူညီစွာ ဦးငယ်မှာ သူ့အား ချွင်းချက်မရှိ ယုံကြည်ထားခြင်း မရှိပေ။

၀မ်ကျူးဟုန် ခေါင်းညိမ့်လိုက်ကာ ဘာမျှဆက်မမေးတော့။

“ ကောင်းပြီ.. နင်ကဘာလို့ တရားရေးရာရုံးတော်ကနေ တိုင်းတစ်ပါး ဘုန်းကြီးတွေနဲ့အတူ ထွက်လာရတာလဲ ”

၀မ်ကျူးဟုန် တစ်စုံတစ်ခုအား သတိရလိုက်ပြီး ၀မ်ချောင်အား စူးစမ်းသည့်အနေဖြင့် ကြည့်လိုက်သည်။

“ နင်အိမ်မှာ နောက်တစ်ခါ ပြဿနာတက်တာတော့ မဟုတ်ဘူးမလား ”

“ ဒါပေါ့.. အဲ့လိုကိစ္စမျိုး မရှိပါဘူး ”

၀မ်ကျူးဟုန်မှ ထိုအကြောင်းအရာအား မေးသည်တွင် ၀မ်ချောင် သူ၏လက်အား ခေါင်းနောက်သို့ လိုက်ကာ မြင်းလှည်းအား ကျောမှီလိုက်ပြီး သူ့တစ်ကိုယ်လုံးရှိ အကြောအချင်များအား ဖြေလျော့လိုက်သည်။ အစတွင် သူက ဤကိစ္စနှင့်ပက်သက်၍ သူမနှင့် တွေ့ဆုံရန် စဉ်းစားထားသည်။ ယခုသူမကိုယ်တိုင် မေးလာသည့်အခါ ရေကန်အသင့် ကြာအသင့် ဖြစ်နေတော့သည်။

“ မဟုတ်ဘူးဆိုရင်.. သူတို့ကို ဘာလို့ တရားရေးရာရုံးတော်ကို ခေါ်လာရတာလဲ ”

၀မ်ကျူးဟုန် မသေချာသော်လည်း တစ်ခုခုတော့ မူမမှန်နေကြောင်းသိသည်။ သူမ၏ လေသံက ပြင်းထန်သည်ထက် ပြင်းထန်လာသည်။

တရားရေးရာရုံးတော်ဆိုသည်မှာ လူအများက သူတို့၏ မှုခင်းရေးရာများအား ရုံးတင်စစ်ဆေးသည့်နေရာ ဖြစ်ပြီး အကျဉ်းသားများအား အကျဉ်းချသည့် နေရာလည်း ဖြစ်သည်။ အဘယ်သူက ဤကဲ့သို့သော နေရာမျိုးအား အကြောင်းရင်းမရှိပဲ လာမည်နည်း။ ဤကောင်ဆိုးလေး၏ အကျင့်ဟောင်းများ ပြန်လည် အသက်၀င်လာသည် ဖြစ်နိုင်မလား။ ယောင်ကလန်နှင့် ဖြစ်ပျက်ခဲ့သည့် ပြဿနာပင် အခြေမကျသေးမှီ သူ့ကိုယ်သူ အခြားပြဿနာ တစ်ခုထဲသို့ဆွဲသွင်းနေပြန်ပြီလား။

ထိုအခါ ၀မ်ကျူးယန်၏ အကြည့်ထဲတွင် ရန်လိုမှုများ ပြည့်လျှံလာပြီး သူမက ကမ္ဘာမကြေရန်သူအား စိုက်ကြည့်နေသည်ဟုပင် ထင်ရသည်။

“ ဒါက.. တကယ်တော့.. ကိစ္စကြီးတော့ မဟုတ်ပါဘူး.. ငါသူတို့ကို အကြွေး အတော်များများ တင်နေယုံလေးတင်ပါ ”

၀မ်ချောင် ရယ်နေသည်။

“ နင်သူတို့ကို အကြွေးအများကြီးတင်နေတယ်ဆိုတာ တကယ်လား.. ”

၀မ်ကျူးဟုန် ထိုစကားအား သံသယ၀င်နေသည်။

“ အမှန်ပါပဲ "

၀မ်ချောင် အလေးအနက်ထား ဖြေလိုက်သည်။

ဟူး........

သူအကြွေးသာ တင်နေသည်ကို ကြားလိုက်ရသောအခါ သူမ သက်ပြင်းရှည်ကြီး ချလိုက်ကာ..

“ နင်သူတို့ကို ဘယ်လောက် ပေးရမှာလဲ.. ဆယ်တေးလား ဒါမှမဟုတ် တေးနှစ်ဆယ်လား ”

သူမစကားပြောနေရင်းပင် အင်္ကျီလက်အိုးအတွင်း နှိုက်လိုက်ကာ ငွေချောင်း အနည်းငယ်အား ဆွဲထုတ်လိုက်သည်။

“ ဒါက.. မလောက်သေးမှာပဲ ငါစိုးရိမ်တယ် ”

၀မ်ချောင် အတန်ငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေသည်။

“ ဘယ်လောက်လဲ.. နင် သူတို့ကို ရွှေတစ်တေး ပေးရမှာတော့ မဟုတ်ပါဘူးနော် ”

၀မ်ကျူးဟုန် အတန်ငယ် တွန့်ဆုတ်သွားသည်။ သို့သော်လည်း သူမ၏ ထိုင်ခုံအား ပင့်မဖွင့်လျက် ရွှေချောင်းတစ်ချောင်းအား ထုတ်ယူလိုက်သည်။ ၀မ်ကျူးယန်၏ အဖေမှာ ၀မ်ကလန်၏ အကြီးဆုံးသားဖြစ်ပြီး ၀မ်ချောင်၏အဖေ ၀မ်ယန်နှင့်ယှဉ်လျှင် သူက အတော်အတန် ချမ်းသာလေသည်။

၀မ်ချောင် ခေါင်းခါလိုက်ပြန်သည်။

“ နင် သူတို့က ပေးရမှာ ဘယ်လောက်တောင်လဲ ရွှေဆယ်တေးလား..”

“ ရွှေတစ်ရာတေးလား ”

“ ၀မ်ချောင် နင်သူတို့ကို ရွှေတေးတစ်ထောင် ပေးရမယ်လို့တော့ မပြောပါဘူးနော် ”

........

ထို့နောက် ၀မ်ကျူးယန် အံကြိတ်နေကာ သူမ၏ အမူအရာများက နေသားမကျတော့ပေ။ ရွှေတေးတစ်ထောင်မှာ ၀မ်ကလန်တစ်ခုလုံးအား ဆင်းရဲမွဲတေသွားအောင် လုပ်နိုင်ပေသည်။ အကယ်၍ ၀မ်ကလန် ပိုင်ဆိုင်သမျှအား ရောင်းချလျှင်ပင် ထိုပမာဏအား ပြည့်မှီဦးမည် မဟုတ်ပေ။

“ အဲ့ဒါလဲမဟုတ်သေးဘူး.. တကယ် ပေးရမှာက ရွှေတေးပေါင်း ၉သောင်းပါပဲ ”

၀မ်ချောင် ခေါင်းမော့လိုက်ကာ သူ့လက်နှစ်အား ဖြန့်ကျက်လျက် ထိုပမာဏမှာ အလွန်ကြီးမားကြောင်း ဖော်ပြလိုက်သည်။

“ ဘယ်လို............ ”

၀မ်ကျူးဟုန် တကိုယ်လုံး တုန်ယင်သွားကာ ပျော့ခွေသွားသည်။ ၀မ်ချောင်ပြောသော ပမာဏအား အံ့သြနေကာ မျက်နှာပင် ဖြူလျော့နေသည်။ ယောင်လူအိုကြီးက အင်ပါယာအရှင်ထံ သံတော်ဦး တင်လိုက်သောကြောင့် ၀မ်ချောင် ဒုက္ခနှင့်လှလှ တွေ့နေသည်ကို သူမ ကြားသိရသည်ပင် အတန်ငယ်သာ စိတ်ပျက်၍ ဒေါသထွက်မိသည်။ သို့သော် ၀မ်ချောင်က အခြားသူတစ်ယောက်အား ရွှေတေးပေါင်း ၉သောင်း ပေးရမည်ဟု ကြားသိရသော် သူမ၏ စိတ်တည်ငြိမ်ခြင်းပင် ပျက်ပြားသွားရသည်။

၀မ်ကလန်ပိုင်ဆိုင်ထားသော အရာအားလုံးအား ရောင်းချလိုက်လျှင် ထိုပမာဏအား ပြည့်မှီနိုင်ပါမည်လား။

ရွှေ တစ်သောင်း တေးပင် ပြည့်မည်မဟုတ်ပေ။

“ ဟားဟား.. အစ်မနှစ်.. ငါနင့်ကို စနေတာပါဟ.. နင့်ပုံစံလဲ ပြန်ကြည့်ဦး ငါက ဘယ်လိုလုပ် သူများကို အဲ့လောက်ထိ အကြွေးတင်မှာလဲ ”

၀မ်ကျူးယန်၏ သွေးအေးသည့်အမူအရာနှင့် သူ့အား ကောင်းကောင်းသမတော့မည့် ပုံစံအား ခံစားမိသည်တွင် ၀မ်ချောင် ရုတ်ချည်း မတ်တပ်ရပ်ကာ ရယ်မောလိုက်သည်။

“ နင်က စနေတာရော ဟုတ်လို့လား ”

၀မ်ကျူးဟုန် အတန်ငယ် တွေဝေသွားသည်။

“ ဒါဆိုရင် နင်ဆိုလိုတာက သူတို့ကို နင်အကြွေးအများကြီး မတင်နေဘူးပေါ့ ”

“ ဒါပေါ့ ”

၀မ်ချောင် သူ့လက်အား ဝှေ့ယမ်းလိုက်ကာ ရယ်နေသည်။

“ နင်အတော်ဆိုးတဲ့ကောင်လေး.. ဘယ်တော့မှ စကားကို အကောင်းမပြောတတ်ဘူး.. နောင်တစ်ခါဆိုရင် နင့်ကို နုတ်နုတ်စဉ်းပစ်မယ် ”

၀မ်ကျူးယန် ဒေါသထွက်စွာဖြင့် သူ့အား ခြိမ်းခြောက်နေသည်။ သို့သော် တစ်ချိန်တည်းတွင် သူမစိတ်ထဲ၌ တင်းခံနေသောအရာမှာလည်း ကျဆင်းသွားပြီ ဖြစ်သည်။

ဤကောင်ဆိုးလေးမှာ သူမအား အသက်ရှင်နေရသည်ကို ကြောက်ရွံအောင် လုပ်ဆောင်နိုင်ပေသည်။ သူက အမှန်ပင် အခြားသူများအား ပမာဏကြီးမားသော အကြွေးတင်နေသည်ဟုပင် သူမ ထင်မှတ်သွားသည်။

“ ဒါပေမဲ့လည်း.. အစ်မနှစ်ကို အကူအညီတောင်းချင်တဲ့ ကိစ္စလည်း ရှိသေးတယ်.. တိုင်းတစ်ပါး ဘုန်းကြီးနှစ်ပါးက သတ္ထုနည်းနည်းလေးကို သန့်စင်ချင်နေတယ်.. ဒါပေမဲ့ သူတို့နိုင်ငံမဟုတ်တော့လဲ အသိမရှိနေဘူးလေ.. ငါကတော့ ဒါက အကျိုးအမြတ်ရမဲ့ လုပ်ငန်းပဲလို့မြင်တယ် ဒါကြောင့် နင့်ကို အကူအညီတောင်းချင်တာ.. အစ်မနှစ် နင်က မြို့တော်မှာ အဆက်အသွယ် အများကြီးရှိတယ်လေ နင်ငါ့ကို ပန်းပဲဆရာတစ်ချို့နဲ့ မိတ်ဆက်ပေးနိုင်မလား ”

၀မ်ချောင် ပြုံးဖြဲဖြဲလုပ်နေသည်။

ပန်းပဲဆရာများသည် ဤကမ္ဘာတွင် ထူးခြားသော ဝိသေသတစ်ခုအား ပိုင်ဆိုင်ထားသူများ ဖြစ်ကြသည်။ သူတို့၏ ကြီးမားသည့်ခွန်အား၊ သာလွန်သည့် အမြန်နှုန်း၊ အားကောင်းသည့် သက်လုံတို့ဖြင့် လက်နက်များအား လှပစွာ ထုလုပ်နိုင်ကြသည်။

ထိုအရာကြောင့်ပင် ပန်းပဲဆရာများသည် လူမှုပတ်၀န်းကျင်တွင် သီးသန့်ရပ်တည်နိုင်ကြလေသည်။ သာမန်လူများမှာ သူတို့၏ ၀န်ဆောင်မှုများရရှိရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ၀မ်ချောင် ထိုတာ၀န်အား သူ့၀မ်ကွဲ၀မ်ကျူးယန်ထံ အပ်နှံရခြင်းဖြစ်ပေသည်။ သို့သော်လည်း သူ့၀မ်ကွဲအား သူရှင်းမပြနိုင်သော အကြောင်းအရာများ ရှိသေးသည်။

“ နင် ဒီကိစ္စကြောင့် တိုင်းတစ်ပါးဘုန်းကြီနှစ်ပါးကို တရားရေးရာရုံးတော်ကို ခေါ်လာတာလား ”

၀မ်ကျူးယန်၏ မျက်လုံး ဝိုင်းစက်နေသည်။

“ တစ်ခြား ဘာဖြစ်နိုင်ဦးမှာလဲ ”

၀မ်ချောင် မေးခွန်းပြန်ထုတ်ရင်း လှည့်ကြည့်လိုက်သည်။

“ တကယ်လို့ ဒါပဲဆိုရင်တော့ ပြဿနာမရှိဘူး.. နင့်အစ်မနှစ်ဆီမှာ ဒီကိစ္စနဲ့ပက်သက်ပြီး အဆက်အသွယ် နည်းနည်းပါးပါးတော့ ရှိပါတယ် ”

၀မ်ကျူးယန် ခဏကြာတိတ်ဆိတ်နေကာ ၀မ်ချောင်အား စိုက်ကြည့်၍..

“ ကောင်ဆိုးလေး နင်အပြင်မှာ တစ်နေကုန် ယောင်ပေပေလုပ်နေတာက ဒီဘုန်းကြီးတွေနဲ့ အပေးအယူလုပ်ဖို့ သက်သက်ပဲပေါ့လေ ”

၀မ်ချောင် စီးပွားရေးလုပ်ချင်သည်အား သူမ မည်သို့မျှ ဆက်စပ်၍ မရနေပေ။ အနည်းဆုံးတော့ ဤလူဆိုးလေး အနည်းငယ် တိုးတက်လာပြီ မဟုတ်ပါလား။

“ ဟီးး..ဟီး.. အစ်မနှစ်.. ငါနင့်ကို ယုံကြည်လိုက်ပြီနော်.. ဒါဆို ငါနင့်ကို ဆက်မနှောင့်ယှက်တော့ဘူး ”

ပြုံးနေလျက် ၀မ်ချောင် တံခါအား ဖွင့်လိုက်ကာ မြင်းလှည်းပေါ်မှ ခုန်ဆင်းလိုက်သည်။

“ ကောင်ဆိုးလေး.. နင်ပြဿနာထပ်မရှာပဲ ဘယ်တော့များမှ လိမ္မာမှာလဲ..”

အဝေးမှသူ့၀မ်ကွဲ ၀မ်ကျူးယန်၏အသံက မြင်းလှည်းအတွင်းမှ ထွက်ပေါ်လာသည်။

“ ငါ သိပါပြီ..”

မြင်းလှည်းအား လှည့်ကြည့်ကာ လက်ဝှေ့ယမ်းလိုက်သည်။

သူ့၀မ်ကွဲ၏ မြင်းလှည်း အဝေးသို့တိုး၀င် ပျောက်ကွယ်သွားသည့် အခါမှ ၀မ်ချောင် သူ့အကြည့်အား ရုပ်သိမ်းလိုက်သည်။ ခလွပ်.. ခလွပ်.. သူ့လည်ပင်းအား လှည့်ချိုးလိုက်ကာ တောက်ပသည့် အလင်းရောင်တစ်ခုက သူ့ မျက်၀န်းထဲတွင် ဖြတ်ပြေးသွားသည်။

“ ကြည့်ရတာ ငါဒီကိစ္စကို သတိထားမှရတော့မယ်ထင်တယ်.. ၀မ်းကွဲ ၀မ်ကျူးယန်တောင်မှ ငါ့အကြွေးကို ကြားတုန်းက စကားတောင် မပြောနိုင်တော့တာ.. တကယ်လို့သာ အဲ့ကိစ္စက အမှန်ပါ.. တရားရေးရာရုံးတော်မှာ စာချုပ်ချုပ်ထားလို့ ငါမပေးလို့ မရဘူးလို့များ ပြောလိုက်ရင် လည်ပင်းထညှစ်မလားမသိဘူး.. ”

၀မ်ချောင် တွေးနေသည်။

ရွှေတေးပေါင်း ၉သောင်း.. ၀မ်ချောင် သူ့၀မ်ကွဲအား ပြောပြရန် ကြံရွယ်ထားသော်လည်း သူ့စကားထဲမှ အကြောင်းအရာတစ်ချို့အား သံသ၀င်သွားလျှင် သူဖြေရှင်းရန် မတတ်နိုင်သေးပေ။

ထို့အပြင် ပြဿနာနောက်တစ်ခုအား မီးထွန်းရှာမိသလိုပင် ဖြစ်နိုင်သေးသည်။

သူ့ခန္ဓာကိုယ်အား အနည်းငယ် ဖြေလျော့ပြီးနောက် ၀မ်ချောင် နောက်လှည့်လိုက်ကာ စကားဝါပင်ကြီးအောက်တွင် ရပ်ထားသော မြင်းလှည်းဆီိသို့ အလျင်အမြန် လျှောက်သွားလိုက်သည်။

“ သခင်လေး...”

မြင်းလှည်း၏တံခါး ပွင့်လာကာ ရင်းနှီးသော မျက်နှာနှစ်ခုအား အထဲတွင် မြင်လိုက်ရသည်။ ထိုသူတို့မှာ ရှန်းဟိုင်နှင့် မုန့်လုံပင် ဖြစ်လေသည်။ ၀မ်ကျူးဟုန်မှ ထိုနှစ်ယောက်အား ခြံ၀င်းသို့ ပြန်နှင့်ရန် ပြောထားသော်လည်း ကြည့်ရသည်မှာ ထိုနှစ်ယောက်က ခြံ၀င်းသို့ စောလျင်စွာ ပြန်သွားပုံ မရပေ။ သူတို့က တိတ်တဆိတ်ပင် မြင်းလှည်းနောက် ကပ်လိုက်လာသေးသည်။

“ အင်း.. ”

၀မ်ချောင် ခေါင်းညိမ့်လိုက်ကာ ထိုသူနှစ်ယောက်ကို မြင်သည်အား အံ့သြပုံမရပေ။

“ နတ်ဘုရားရှစ်ပါးစံအိမ်ကို သွားကြမယ် ”

ထို့နောက် ၀မ်ချောင် မြင်းလှည်းပေါ်တက်လိုက်သည်။ ပြန်စဉ်းစားကြည့်လျှင် သူ့၀မ်ကွဲ၏ မြင်းလှည်းအတွင်း၌ ရုတ်တရက် သူတွန်းအားတစ်ခု ရခဲ့သည် ဖြစ်သည်။

၀မ်ချောင်က ရွှေတေးပေါင်း ၉သောင်းအား မည်သည့်နေရာမှ ရနိင်သည်ကို သူသိလေသည်။

ကျား..........

ကျာပွတ်အမွေ့တွင် မြင်းလှည်းသည်လည်း ဒေါင့်ချိုးတစ်ခုအတွင်း ၀င်ရောက်လိုက်သည်။ ဤလမ်းမှာ ၀မ်ကျူးဟုန် သွားခဲ့သည့်ဘက်နှင့် မတူညီပဲ ထိုလမ်းက နတ်ဘုရားရှစ်ပါးစံအိမ်သို့ ဦးတည်လေသည်။

.....

နတ်ဘုရားရှစ်ပါးစံအိမ်သည် တောက်ပကာ ဆွဲဆောင်မှုရှိကာ သူ၏ကြီးမြတ်မှုက ကြိုးကြာပျံဝဲစံအိမ်ပင် ယှဉ်နိင်သည့်အရာ မဟုတ်ပေ။

သာမန်လူတန်းစားများအတွက် ဤအရာမှာ အိပ်မက်ထဲတွင်သာ ထည့်မက်နိုင်သော အရာ ဖြစ်ပေသည်။

အကြောင်းရင်းမှာ ရိုးရိုးရှင်းရှင်းပင်။ နတ်ဘုရားရှစ်ပါးစံအိမ်သည် လူတိုင်းအတွက် ဖွင့်လှစ်ပေးထားသည် မဟုတ်ပေ။

မဟာထန်၏ အခွင့်ထူးခံမိသားစုမှ သားများသာ ၀င်ရောက်နိုင်ပေသည်။ ဤနေရာမှာ မြို့တော်မှ အခွင့်ထူးခံ သခင်လေးများ သူတို့ကိုယ်သူတို့ အပျော်ရှာသည့် နေရာ ဖြစ်ပေသည်။

ပြောကြသည်မှာ မင်းသားနှင့် မင်းသမီးပင် ဤနေရာသို့ ရံဖန်ရံခါ လာရောက်တတ်သည် ဟူ၍ပင်။

နတ်ဘုရားရှစ်ပါးစံအိမ်ထဲတွင် မတူညီသောစည်းကမ်းများဖြင့် တင်းကျပ်ထားကာ ရာထူးဂုဏ်သိမ် အဆင့်ဆင့်အား ကွဲပြားစွာ ခွဲထားသည်။ ထိုသူများအားလုံးက ဆယ်ကျော်သက် လူငယ်သခင်လေးများသာ ဖြစ်သော်လည်း သူတို့ မွေးဖွားသော မိသားစုနှင့် ဆက်စပ်၍ မတူညီသော ဆက်ဆံရေးအသိုင်းအဝိုင်းငယ်များ ဖွဲ့စည်းထားကြသည်။

အင်အားကြီးသည့်အသိုင်းအဝိုင်းမှလူက အခြား သေးငယ်သည့်အသိုင်းအဝိုင်းမှလူအား သက်သက်သာသာပင် ခိုင်းစေနိုင်သည်။ ယခင်ကမ္ဘာမှ လွှမ်းမိုးမှုများအရ ၀မ်ချောင် ဤအရာအား မနှစ်သက်ပေ။

ယခင်ဘ၀၌ ဤနေရာသို့ အကြိမ်အနည်းငယ်လာပြီးနောက်ပိုင်း တစ်ခါမျှ မလာတော့သည့် အကြောင်းအရင်းလည်း ဖြစ်ပေသည်။ ထိုသို့သော သူများနှင့် သူ မိတ်မဖွဲ့ချင်ပေ။

၀မ်ချောင်က မာကျောက်နှင့် ဆက်ဆံရေးအား ပြတ်ဆဲလိုခြင်းမှာလည်း ထိုအကြောင်းအရာကြောင့် ဖြစ်ပေသည်။

သို့သော်လည်း ယခုအခါတွင် သူ၏ အခြေအနေများက သက်သေခံနေသည်။ ရွှေ၉သောင်းတေးသည် သေးငယ်သော ပမာဏမဟုတ်သောကြောင့် ၀မ်ချောင် ဟိုက်ဒရာဘတ်သတ္ထုရိုင်း ဖြန့်ဖြူခွင့်အား လက်၀ယ် ပိုင်ဆိုင်ချင်လျှင် ထိုလူငယ်သခင်လေးများနှင့် နတ်ဘုရားရှစ်ပါးစံအိမ်မှ မင်းသမီးတို့အား ပစ်မှတ်ထားခြင်းထက် ပိုကောင်းသည့်အရာ မရှိတော့ပေ။

“ ချောင်သခင်လေး.. ကျုပ်တို့ ရောက်ပါပြီ ”

သူအနည်းငယ် အတွေးလွန်နေသည်တွင် ရှန်းဟိုင်၏အသံအား နားထဲတွင် ကြားလိုက်ရသည်။ ၀မ်ချောင် အတွေးစ ပြတ်သွားပြီး လက်ရှိအခြေအနေသို့ ပြန်လည်ရောက်ရှိလာသည်။ မသိလိုက်ဖာသာပင် မြင်းလှည်း ရပ်တန့်သွားသည်။

“ ငါ့ကို ဒီမှာစောင့်နေ.. ငါ၀င်သွားလိုက်ဦးမယ် ”

၀မ်ချောင်းတံခါးဖွင့်ကာ မြင်းလှည်းပေါ်မှ ဆင်းသွားလိုက်သည်တွင် ကျယ်လောင်သော ရန်ပွဲမှ ဆူညံသံများက ဆူနာမီအလား သူ့နားထဲသို့ ပြေး၀င်လာသည်။

“ နတ်ဘုရားရှစ်ပါးစံအိမ် ”

၀မ်ချောင် ခေါင်းမော့ကြည့်လိုက်ရာ တောင်တစ်လုံးကဲ့သို့ မြင့်မားသော ခရမ်းနီလာရောင် အဆောက်အဦးကြီးအား တွေ့လိုက်ရသည်။ ပြောရလျှင် အဆောက်အဦးဆိုသည်ထက် ကြီးမားသော ခြံ၀င်းအတွင်း၌ ခန်းမဆောင်များ ၀န်းရံထားသည်နှင့်သာ တူနေသည်။

ခြံ၀င်းထဲရှိ ဆင်၀င်များကို လခြမ်းပုံခေါင်မိုးများဖြင့် ဆင်ယင်ထားရာ အလွန်တရာ ရှေးဆန်နေသည်။

ထိုအရာမှာ နတ်ဘုရားရှစ်ပါးစံအိမ်ပင် ဖြစ်ပေသည်။

၀မ်ချောင်၏အကြည့်က ပတ်၀န်းကျင်အား ဝှေ့ကြည့်လိုက်သည်တွင် တန်ဖိုးကြီးသော မြင်းလှည်း ရာပေါင်းများစွာအား နတ်ဘုရားရှစ်ပါးစံအိမ်အပြင်ဘက်တွင် တွေ့လိုက်ရသည်။ ထိုမြင်းလှည်းများမှာ ရှုပ်ထွေးစွာ တန်ဆာဆင်ထားပြီး တစ်စီးနှင့်တစ်စီး တန်းစီကာ သပ်ရပ်စွာ စီတန်းထားကြရာ မြင်ရသူအား မျက်စိပဒါသဖြစ်စေသည်။

မြင်းလှည်းတစ်စီးစီတိုင်းသည် မဟာထန်အင်ပါယာမှ အခွင့်ထူးခံမိသားစုများနှင့် သက်ဆိုင်ကြောင်း ၀မ်ချောင် ကောင်းစွာသိထားသည်။

ဤမြင်းလှည်းများအား မြင်သည်မှာ ပထမဆုံးအကြိမ် မဟုတ်သော်လည်း ယခုတစ်ကြိမ် မြင်နေသည်က မတူညီသော ခံစားချက်အား ပေးစွမ်းနေသည်။

“ ဒါတွေ အကုန်လုံးက ပိုက်ဆံတွေပဲ.. ”

ဝမ်ချောင် သဘောကျစွာ ရယ်လိုက်ပြီး ရှေ့သို့ ဆက်လျှောက်သွားလိုက်သည်။

နတ်ဘုရားရှစ်ပါးစံအိမ်သို့ မဝင်မှီကပင် စံအိမ်အတွင်းမှ ကျယ်လောင်သော အသံများအား သူ ကြားနေရသည်။ အကယ်၍ တစ်စုံတစ်ဦးရ သေချာ နားစိုက်ထောင်လျှင် ထိုအသံများမှ အကြောင်းအရာ အစုံအား သိရနိုင်သည်။ အော်ဟစ်နေသံများ၊ အရက်မှာယူသံများ၊ တိုက်ခိုက်ရန် ဟစ်ကြွေးသံများ၊ ညငှက်သံနှင့် ဆဲဆိုသံများ စသဖြင့် ထိုနေရာတစ်ခုလုံး ဆူညံပွက်လောရိုက်နေသည်။

ဝမ်ချောင် တံဆိပ်ပြားအားပြ၍ ခြံဝင်းထဲက အဆောင်များမှတစ်ဆင့် လှေခါးဆီသို့.. ထိုနေရာမှ တတိယထပ်သို့တိုင် တိုက်ရိုက် ဝင်သွားလိုက်သည်။

ဝမ်ချောင်၏ ခြေလှမ်းက လျင်မြန်လှပြီး အခြားသူများအား သတိထားမိစေခြင်း အလျဥ်းမရှိပေ။

" ငါရောက်ပြီပဲ.. "

ဝမ်ချောင် ရယ်မောနေသည်။ အကြည့်တစ်ချက်၌ သူမြင်နေရသော ဦးခေါင်းအရေအတွက်မှာ အံ့သြဖွယ် ကောင်းလှသည်။ အထူးကောင်းမွန်သော စားပွဲဝိုင်းများက တတိယထပ်တစ်ခုလုံးတွင် ပြန့်ကျဲလျက်ရှိနေပြီး မတူညီသောသူများက စားပွဲတိုင်းတွင် ပြည့်နှက်နေသည်။

ဤနေရာမှာ လူငယ်သခင်လေးများ စကားပြော၊ သောက်စား၊ လောင်းကစားသည့် နေရာပင် ဖြစ်တော့သည်။

လူအများစုက လတ်တလောဖြစ်ပွားခဲ့သော အကြောင်းအရာများအား စားမြုံ့ပြန်နေကြသလို အချို့က မိန်းမပျိုများအကြောင်း မစားရ ဝခမန်း ပြောဆိုနေကြကာ လောကစည်းစိမ်အား ခံစားနေကြသည်။

" ဟိုလူရှုပ်.. ဝေသခင်လေးက ဒီမှာပဲ ရှိရမယ် "

ဝမ်ချောင် ရယ်နေကာ လူအုပ်ကြီးကြည့်နေသည့် တတိယထပ်၏ အရှေ့တောင်ထောင့်သို့ လိုက်ကြည့်လိုက်သည်။ ထိုနေရာတွင် လူငယ်သခင်လေးများစွာ စုရုံးနေကြပြီး ထိုသူတို့၏ ကျယ်လောင်စွာ ဂုဏ်ပြုနေကြသည့်အသံက ကောင်းကင်သို့ပင် ရိုက်ခတ်နေသည်။

တတိယထပ်၏ အရှေ့တောင်ထောင့်သို့ ဝမ်ချောင် တိုးဝှေ့သွား၍ ကြည့်လိုက်ရာ စက်ဝန်းကဲ့သို့ တိုက်ခိုက်ရန် ကာရံထားသော စည်းဝိုင်းအား တွေလိုက်ရသည်။

ယခုအချိန်၌ စည်းဝိုင်းထဲတွင် ပိုးချည်ထည်အား ဝတ်ဆင်ထားသော ဆယ်ကျော်သက် လူငယ်သခင်လေး နှစ်ယောက်က အပြန်အလှန် ထိုးသတ်နေကြသည်။ ထိုထဲမှ လုံးဝိုင်းသောမျက်နှာပေးရှိသည့် သခင်လေးတစ်ဦးမှာ ဝမ်ချောင်နှင့် သက်တူရွယ်တူလောက်သာ ရှိသည်။

အခြားတိုက်ခိုက်သူမှာ အနည်းငယ် အသက်ပိုကြီးဟန်ရကာ ဆယ်ခြောက် ဆယ့်ခုနစ်နှစ်ခန့် ရှိလောက်သည်။ သူ၏ ကျင့်ကြံခြင်းနယ်ပယ်မှာလဲ ပြိုင်ဘက်ထက် သိသိသာသာပင် မြင့်နေသည်။ ထိုသူ လှုပ်ရှားလိုက်တိုင်း သူ့ပြိုင်ဘက်အား လေထဲသို့ လွှင့်ထွက်သွားစေရာ လူအုပ်ကြီးမှ လက်သီးလက်မောင်းတန်း၍ အားပေးနေကြသည်။

အခြားတစ်ဖက်တွင် မျက်နှာဝိုင်းဝိုင်းနှင့် ယှဥ်ပြိုင်သူ လူငယ်သခင်လေးမှာ တိုက်ခိုက်ရေးစွမ်းအားအရ ယှဥ်နိုင်ခြင်းမရှိသော်လည်း အလွန်အကျောမာလှသည်။

တစ်ကြိမ်ပြီးတစ်ကြိမ် လေထဲသို့ ကိုင်ပေါက်ခံနေရသော်လည်း ပြိုင်ဘက်ထံသို့ တိုးဝင်နေဆဲပင်။

" ဒီကောင်က လုံးဝမပြောင်းလဲသေးဘူးပဲ "

ဝမ်ချောင် မျက်နှာဝိုင်းဝိုင်းနှင့် လူငယ်သခင်လေးအား ကြည့်နေကာ စိတ်ထဲမှ ရယ်နေမိသည်။ တစ်ဖက်ရန်သူ၏ ပစ်ပေါက်ခြင်းအား တစ်ကြိမ်ပြီးတစ်ကြိမ် ခံနေရသူ ထိုမျက်နှာဝိုင်းဝိုင်းနှင့် ဖက်တီးသခင်လေးမှာ သူရှာနေသော ဝေဟောင် ဝေကလေးဟု ခေါ်ဆိုသူပင် ဖြစ်လေသည်။

သူ၏နာမည်ရင်းမှာ ဝေဟောင်ဖြစ်၍ ' ကလေး ' မှာ သူ၏ နာမည်ပြောင်ဖြစ်သည်။

( တကယ်လို့ ငါသာ ပေါ်မလာဘူးဆိုရင်.. ခြောက်လလောက် မုန်လာဥဖြူပဲ ဝါးနိုင်တော့မှာ )

ဝေကလေးအား ကြည့်၍ ဝမ်ချောင် စိတ်ထဲမှ သရော်လိုက်သည်။

.............................................

ဟိုက်ဒရာဘတ်က အိန္ဒိယမှာရော ပါကစ္စတန်မှာပါ ရှိပါတယ်... ဒီစာစဥ်မှာက အိန္ဒိယက ဟိုက်ဒရာဘတ်ကို ပြောတာပါ..

လူသားဧကရာဇ်

ဘာသာပြန်သူ - XoXay

Chapter 25.

ဝမ်ချောင်၏ ငယ်ဘဝ ကစားဖော်

ဝေကလေးမှာ ဝေအမတ်ကြီး၏ သားဖြစ်သည်။ ထို့အတူပင် ဝမ်ချောင်၏ ငယ်ဘဝ ကစားဖော်လဲဖြစ်၏။ ဤကောင်ကလေးမှာ ပုံမှန်ပါရမီသာရှိပြီး အခြားသူများက မြင်းထိုင်လက်သီးအား တစ်ချက် ကြည့်ရုံမျှဖြင့် နားလည်သည့်အချိန်၌ ဤကောင်လေးက အချိန်သုံးနှစ်ယူခဲ့၏။

အကယ်၍ အခြားသူများက ထိုမျှ ညံ့ဖျင်းသော ပါရမီအား ပိုင်ဆိုင်ထားရလျှင် သိုင်းပညာကို စွန့်လွှတ်ကာ ပညာရေးကိုသာ ဦးစားပေးမည် ဖြစ်၏။ သို့သော် ဤကောင်ကလေးမှာ မွေးကတည်းကပင် ခေါင်းကျောမာလှသူ ဖြစ်ကာ သူ မလုပ်ဆောင်နိုင်လေ အရူးအမူး ကြိုးစားလေပင်။

ပါရမီတွင်သာ နိမ့်ပါးသည်မဟုတ် သူက အခြားသူများနှင့် ရိုက်နှက်ထိုးပုတ်ရသည်ကိုလည်း နှစ်သက်သေးသည်။ အထူးသဖြင့် ကြိုးဝိုင်းတွင် စိန်ခေါ်ထိုးသတ်၍ သူတို့၏ ကြွယ်ဝမှုများအား လောင်းကြေးထပ်ခြင်းတွင် ဖြစ်၏။

ဝေအမတ်ကြီးက စီမံခန့်ခွဲမှုအပိုင်းတွင် ကျွမ်းကျင်သည်သာမက အလွန်ချမ်းသာ ကြွယ်ဝသူလဲဖြစ်ပေသည်။ ဝေကလေးမှာမူ လစဥ်ရနေသည့် ရွှေတေး အတော်များများအား အသာထား နောက်ဆုံး ဝမ်ချောင်ကဲ့သို့သာ အဆုံးသတ်လေ့ရှိသည်။

သူ့အိတ်ကပ်တွင်း ငွေပြတ်လပ်သွားသည်သာမက အရက်အတူတူသောက်ချိန်၌ပါ ဝမ်ချောင် ရှင်းပေးရသည်ကများ၏။

ဝမ်ချောင် သူ့အား ဂုဏ်ဖော်ပြစရာ စကားပင် မရှိပေ။

အကယ်၍ သူ၏ယခင်ဘဝမှ ယခုအချိန်အား ပြန်စဥ်းစားကြည့်မည်ဆိုလျှင် ဤကောင်လေးသည် အခြားသူ၏ လှည့်ကွက်၌ သူ၏ငွေများအားလုံး လိမ်လည်ခံရလိမ့်မည်။ ဤကောင်မှာ အတိတ်တုန်းကလည်း ရှုံးနိမ့်ခဲ့သည်ဖြစ်ပြီး လွန်လွန်ကျူးကျူး ရှုံးနိမ့်ခြင်းတော့ မဟုတ်ပေ။ သူ ဝတ်ထားသည့် အတွင်းခံဘောင်းဘီကို ချွတ်ပေးရမတတ်ပင်။

ထို့အပြင် ဝေကလေးက ထိုကိစ္စများအား သူ့မိသားစုကို အသိမခံပေ။ သူ့အကြွေးအား ပေးချေရန်အတွက် သူ့ပိုက်ဆံအိတ်အား ကျစ်ကျစ်ပါအောင် ဆုပ်ထားကာ မုန်လာဥဖြူကိုသာ ခြောက်လကြာအောင် စားခဲ့လေသည်။

ဝမ်ချောင် အမှတ်ရနေခြင်းမှာ ဝေကလေးက ထိုဖြစ်ရပ်အား သူ၏ယခင်ဘဝတွင် မကြာခဏ ပြောပြောနေတတ်သောကြောင့် ဖြစ်သည်။ အကြိမ်တိုင်း သူ၏မျက်နှာမှာ အလွန် သနားဖွယ်ကောင်းနေကာ မျက်နှာအား ဆင်နင်းခံထားသလိုပင် ဖြစ်နေတတ်သည်။

အကြမ်းဖျဥ်းတွက်ကြည့်လျှင် ယနေ့သည် ဝေကလေး ငွေဆုံးမည့်နေ့ပင် ဖြစ်၏။

( ဝေကလေး ငါမင်းကို လာမကယ်ဘူးလို့တော့ မပြောနဲ့နော်..)

ဝမ်ချောင် စိတ်ထဲမှ သရော်နေကာ..

ဝမ်ချောင် အလျင်စလို မလှုပ်ရှားပေ။ သို့မဟုတ်လျှင် ဝေကလေး၏ လောင်းကစားလိုသည့်ဉာဥ်အား ကုသပေးနိုင်လိမ့်မည် မဟုတ်ပေ။ ဝေဟောင်က အလွန်စိတ်လှုပ်ရှားကာ အခြားသူ၏ လက်ထဲတွင် ဆော့ကစားခံနေရသော်လည်း သူကိုယ်တိုင်လည်း တစ်စိတ်တစ်ပိုင်း တာဝန်ရှိပေသည်။ သူသာ သဘောမတူခဲ့လျှင် ဘာမျှဖြစ်လာလိမ့်မည် မဟုတ်ပေ။ သူ၏ သင်ခန်းစာအား သူသာ သင်ယူရပေမည်။

ဝမ်ချောင် ကြိုးဝိုင်းအတွင်းသို့ လှမ်းကြည့်လိုက်သည်။ ကြိုးဝိုင်းထဲတွင် ဆယ့်ခြောက် ဆယ့်ခုနစ်နှစ်ခန့်ရှိသူက ရယ်မောနေသည်။ သူက ဝေကလေးအား ကစားနေသည်မှာ သိသာသည်။ သူ၏ခွန်အားအရ အချိန်အတော်ကြာကတည်းကပင် ဤတိုက်ပွဲအား အဆုံးသတ်နိုင်ပေသည်။ ထိုလူအုပ်ကြီးရှေ့တွင် ရည်ရွယ်ချက်ရှိရှိ အရှက်ခွဲချင်သည့်အတွက် ထိုနည်းလမ်းအား အသုံးပြုနေခြင်းပင်။

ဝေကလေး ကြမ်းပြင်ပေါ် လဲကျသည့်အခါတိုင်း လူအုပ်ကြီး၏ အသံကလည်း ကျယ်လောင်လာလေသည်။

( မင်းကိုယ်၌က လိုလိုလားလား ရွေးချယ်လိုက်တာပဲ .. ဘယ်သူ့ကိုမှ အပြစ်မတင်ပါနဲ့ .. မင်းနဲ့ထိုက်တန်တာကို မင်းရမှာပါ .. )

ဝမ်ချောင် ဆယ့်ခြောက် ဆယ့်ခုနစ်နှစ်အရွယ် လူငယ်အား အကဲဖြတ်လိုက်ကာ သူလှုပ်ရှားရမည့်အချိန် ကျရောက်လာလေ၏။

" ဝေကလေး.. မြင်းထိုင်ခြေသိမ်းအကွက် .. လင်းယုန် တစ်ပတ်လည်ကန်ချက်.. "

ဆူညံနေသော လူအုပ်ထဲတွင် ဝမ်ချောင်၏အသံက အလွန်မကျယ်လောင်သလို တိုးလဲမတိုးညှင်းပေ။ သို့သော်လည်း သူ့အသံအား ကြားသည်တွင် ဝေကလေး တသိမ့်သိမ်တုန်သွားသည်။ တမင်တကာ ပြုလုပ်ခြင်းမဟုတ်ပဲ ဝမ်ချောင် နှုတ်မှထွက်လာသည့်

တိုက်ကွက်များအားအတိုင်း လှုပ်ရှားလိုက်မိသည်။ သူငုတ်တုပ်ထိုင်လိုက်ကာ ခြေထောက်အား သိမ်းလိုက်သည်။ တစ်ဖက်လူငယ်မှ သူ့အား တိမ်တိုက်လက်ဟန်ဖြင့် ဖမ်းဆီးရန် ဝင်လာသည်တွင် ရုတ်တရက် ဝေကလေးက လင်းယုန်တစ်ကောင်ကဲ့သို့ တစ်ပတ်လည်လိုက်ကာ ထိုလူငယ်၏မျက်နှာအား နောက်ပြန်ကန်လိုက်သည်။

ဘန်း........

ထိုကန်ချက်အား ခံရအပြီးတွင် လူငယ်မှာ ခြောက်ကျန်း ခုနစ်ကျန်းခန့် လွင့်ထွက်သွားကာ ကြမ်းပြင်ပေါ်သို့ ခြေကားယား လက်ကားယား ကျသွားသည်။

၁ ကျန်း = ၃.၃ပေ

ဝှမ်း.........

နတ်ဘုရားရှစ်ပါးစံအိမ်၏ လေထုမှာ ရုတ်ချည်းပင် စုပ်ယူခံလိုက်ရပုံ ပေါ်သည်။ အားပေးနေသည့် လူအုပ်ကြီးမှာ ရုတ်တရက် တိတ်ဆိတ်သွားသည်။ အရပ်မြင့်မြင့်လူငယ်မှာ ကန်ချက် တစ်ချက်ထဲဖြင့် လေထဲဝဲသွားသည်ကို မြင်လျှင် တစ်ယောက်ချင်းစီတိုင်းက မျက်လုံးရော ပါးစပ်ပါ ပြူးကျယ်နေကြသည်။

" ဘယ်သူလဲကွ.. ဘယ်သူက လျှာအရိုးမရှိ လျှောက်ပြောနေတာလဲ "

ကြမ်းပြင်တွင် ဝမ်းလျားမှောက်နေသည့် လူငယ်မှာ ဒေါသအထွက် လွန်နေ၏။ သူသည် ပတ်ပတ်လည်မှ လူအုပ်ကြီးအား ဒေါသတကြီး လိုက်ကြည့်နေသည်။

ပတ်ဝန်းကျင်မှာ လုံးဝဥဿုံတိတ်ဆိတ်နေသည်။ တစ်ယောက်မှ အသံမထွက်ကြပေ။

" ဟား..ဟား... ကောင်းဖေး မင်းဘာပြောနေတာလဲ.. မင်း ဆက်ချနိုင်သေးရင် ထစမ်း.. မဟုတ်ရင်လဲ မင်းရဲ့အရှုံးကို ဝန်ခံလိုက်ပြီး ငါ့ကို ကန်တော့ပေါ့ကွာ.. "

တစ်ဖက်တွင် ဝမ်ကလေး အပျော်လွန်နေသည်။ ထိုအသံပိုင်ရှင်မှာ မည်သူဖြစ်သည်ကို သူမသိရှိသော်လည်း ထိုသူပြောသည်အတိုင်း သူထုတ်ဖော်လိုက်သည်နှင့် တိုက်ပွဲပင် ပြီးမလို ဖြစ်သွားသည်။ ထိုမျှလောက် သက်ရောက်မှု ရှိလိမ့်မည်ဟုပင် သူ ထင်မထားပေ။

အရိပ်ထဲမှနေ၍ သူ့အား အကြံပေးနေသော ထိုခွေးကောင်အား သူချစ်မိသွားသည်ဟုဆိုလျှင် မှားမည်မထင်။

" ဟမ့်.. ပျော်မနေနဲ့ဦး.. ငါ ဂရုမစိုက်မိလို့သာ မဟုတ်ရင် မင်းရဲ့ အပျော်တမ်း သိုင်းပညာရှင်အဆင့်နဲ့ ငါ့ကို အနိုင်တိုက်နိုင်မယ် ထင်နေတာလား "

ကောင်းဖေးဟုခေါ်သော လူငယ်သခင်လေးမှာ ဒေါသမီးလောင်မြိုက်နေပေပြီ။ ကြမ်းပြင်အား အားယူ၍ သူ့ကိုယ်သူ တွန်းလိုက်ပြီး ဝေဟောင်ထံသို့ ပြေးဝင်သွားသည်။

ဘုန်း......

လေထုပေါက်ကွဲသွားရာ လက်သီးရိပ်ကြီးတစ်ခုက လေထုအား အပြောင်ရှင်းလိုက်ပြီး ဝေကလေးထံသို့ ပျံသန်းလာသည်။ တစ်ဖက်လူမှ လက်မောင်းအားဖြင့် လက်သီးကွက်အား ထုတ်ဖော်သယ်ဆောင်လာကာ ဝေကလေးအား တိုက်ခိုက်လိုက်သည်။

လူရှေ့သူရှေ့တွင် ဝေကလေး၏ ကန်ချက်တစ်ချက် တည်းဖြင့် လေထံ ပျံဝဲသွားခဲ့ရာ ကောင်းဖေး လွန်စွာ အရှက်ရနေသည်။ ဒေါသကြောင့် သူ၏ခွန်အား အကုန် အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။

" မကောင်းတော့ဘူး.. "

ဝေကလေး၏ မျက်နှာမှာ ဇီးရွက်လောက်သာ ကျန်တော့ကာ အဆုံးတွင် တစ်ကိုယ်လုံးရှိ ကြက်သီးမွေးညှင်းများပင် ထောင်ထလာသည်။ ကောင်းဖေး ထုတ်ဖော်လိုက်သည့် သိုင်းပညာမှာ သူ ယခင်က အသုံးပြုခဲ့သည်ထက်ပင် ရှိန်လောက်သည်။

" သစ်ပင်အိုရဲ့ မြေကျနွယ်ပင် "

" တံတားပေါ် နဂါးအိပ် "

" ကြိုးလွဲ မြစ်ပြင်ဖြတ် "

ဝမ်ချောင်ပြုံးနေသည်။ သူ့ရှေ့ရှိ မြင်ကွင်းအား ကွက်ကွက်ကွင်းကွင်း မြင်နေရကာ ဝေကလေးအား ရုတ်တရက် ထောက်ပြလိုက်သည်။ ထိုလှုပ်ရှားမှု သုံးခုအား ဝေကလေး ထုတ်ဖော်လိုက်သည်တွင်..

ဘုန်း....

ပထမလှုပ်ရှားမှု.. ဝေကလေးက သစ်ပင်အို၏ နွယ်ပင်များ မြေပေါ်သို့ ညွှတ်ကျနေသကဲ့သို့ နောက်ပြန်ကွေးချလိုက်ရာ ပြင်းထန်သည့် လက်သီးက သူ့ဆံပင်ကိုသာ ပွတ်တိုက်မိသွားသည်။

ဝေကလေး အဖျားခတ်လာသည့် လှိုင်းကြောင့်ပင် သူ့အရည်ပြား၌ ထုံကျင်သွားသည်ကိုပင် ခံစားလိုက်ရသည်။

ဘုန်း....

ကောင်းဖေးက နောက်ထပ်တိုက်ကွက်တစ်ခုအား ပြောင်းလဲလိုက်သည်။ သူ၏ ဘယ်ဘက်လက်မှ ပြင်းထန်သည့် ခွန်အားဖြင့် အားယူလိုက်ပြီး ဝေကလေးထံ ခုန်ဝင်လိုက်ပြန်ရာ ဝေကလေး၏ ခန္ဓာကိုယ်က ခေါက်ဆွဲချောင်းကဲ့သို့ ပျော့ပျောင်းသွားပြီး နောက်သို့ ကွေးညွှတ်သွားသည်။ နဂါးစိမ်းက တံတားပေါ်တွင် အိပ်နေကာ ကွေးညွှတ်နေသကဲ့သို့ပင် ထိုလှုပ်ရှားမှုဖြင့် နောက်ထပ် တိုက်ခိုက်မှုအား ရှောင်တိမ်းလိုက်သည်။

" ငါ့အလှည့်ပဲ "

ဝေကလေး၏ မျက်လုံးက တောက်ပနေသည်။ ဝမ်ချောင် ထောက်ပြခြင်း မရှိလျှင်ပင် သူဘာလုပ်ရမည်ကို သိလေသည်။ သူ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ကွေးညွှတ်နေသော ဝါးလုံးကဲ့သို့ ရှေ့သို့ ပြန်ကန်ထွက်သည့် အရှိန်အား အသုံးပြု၍ ကြိုးလွဲ မြစ်ပြင်ဖြတ်ကူးတိုက်ကွက်အား ထုတ်ဖော်လိုက်သည်။

ဘုန်း....

လက်သီးက ကောင်းဖေး၏ ရင်ဘတ်ပေါ်သို့ ပြင်းထန်စွာ ထိုးမိသွားသည်။ ထိုးချက်၏နောက်တွင် ဝေကလေးက သူ၏ ခွန်အားကုန် အသုံးပြုထားသည်။ ကောင်းဖေး၏ အမူအရာက ဖြူလျော့သွားပြီးနောက် နီမြန်းလာသည်။ ဘုန်း.. အမြှောက်ဆံကဲ့သို့ နောက်သို့ လွင့်ထွက်သွားကာ စည်းဝိုင်းအား ဖောက်ထွက်လျက် မြေပြင်သို့ ပြန်မကျမှီ စားပွဲဝိုင်းများစွာအား ဖျက်ဆီးသွားခဲ့သည်။

" ဟားဟာ... ငါနိုင်ပြီကွ.. ငါနိုင်ပြီ.. ဒီတစ်ခါတော့ ငါချမ်းသာပြီ.. ကောင်းဖေး ခွေးကောင်... မင်းတို့ကောင်တွေလဲ အတူတူပါပဲ.. ငါရှုံးမယ့်ဖက်က လောင်းရဲကြတယ်ဟုတ်လား.. မင်းတို့ အတွင်းခံမပါပဲ ဘယ်လိုပြန်ကြမလဲဆိုတာ ငါကြည့်ချင်သေးတယ် "

ဝေကလေး ပျံသန်းသွားသော ကောင်းဖေးအား ကြည့်ကာ ပျော်ရွှင်စွာ အော်ဟစ်နေသည်။

ထိုစကားအနည်းငယ်က နတ်ဘုရားရှစ်ပါးစံအိမ် တစ်ဝက်တိတိအား တိတ်ဆိတ်သွားစေသည်။ မျက်လုံးများ အားလုံးက ကောင်းဖေးအား ခါးခါးသီးသီး စိုက်ကြည့်နေကြသည်။

" ကောင်းဖေး.. အမှိုက်ကောင်.. မင်းက ဝေဟောင်ကိုတောင်မှ အနိုင်မယူနိုင်ဘူးလား "

" ငါ့ကို ငွေအများကြီး ဆုံးရှုံးအောင်လုပ်တဲ့ကောင်.. မင်း အခုကစပြီး နတ်ဘုရားရှစ်ပါးစံအိမ်နဲ့ ဘာမှမဆိုင်တော့ဘူး.. "

" ငါမင်းကို နောက်တစ်ခါတွေ့ခဲ့မယ်ဆိုရင်.. ငါ့လူတွေနဲ့ မင်းကို ရိုက်ခိုင်းမယ် "

" ဖူး.... ဘယ်လောက်တောင် ကံဆိုးလိုက်လဲကွာ.. "

........

ပတ်ပတ်လည်မှ လူငယ်များက ဒေါသတကြီး ကျယ်လောင်စွာ အော်ဟစ်နေကြသည်။ နတ်ဘုရားရှစ်ပါးစံအိမ်၌ ဝေဟောင်မှာ ' ကံနတ်ဘုရား ' ဖြစ်လာသည်။ သူ့ဘက်မှ လောင်းကြေးတင်ထားသည့်သူတိုင်းက အကျိုးအမြတ်များ ရရှိကြမည်ဖြစ်သည်။

ဤတိုက်ပွဲအား လောင်းကြေးဖွင့်ထားသည်မှာ အလွန်ကြီးမားသည်။ အစတွင် သူတို့တွေးထားသည်မှာ ကံကြမ္မာမှ အနည်းငယ် မျက်နှာသာပေးရန်သာ ဖြစ်သည်။ ကောင်းဖေးက ထိုမျှ အသုံးမကျကာ ဝေကလေးအား ရှုံးနိမ့်လိမ့်မည်ဟု သူတို့ မထင်ထားကြပေ။

ယခုအချိန်တွင် အလွန်အမင်း ထိခိုက်ထားသော ကောင်းဖေးအား ဝေကလေး မျက်ကွယ်ပြုထားလိုက်ကာ တစ်ပတ်လှည့်လိုက်ပြီး ဝမ်ချောင်ရှိရာသို့ လက်နှစ်အား ဖြန့်ထားလျက် ပြေးဝင်လာသည်။

" ဟား..ဟား.. ဟား... ငါ့ရဲ့ ညီနောင်ကောင်း.. နောက်ဆုံးတော့ နတ်ဘုရားရှစ်ပါးစံအိမ်ကိုလာပြီး ငါ့ကိုလာကြည့်ပြီပေါ့လေ "

ဝေဟောင် အပျော်လွန်နေသည်။ သူ ဝမ်ချောင်အား တင်းကျပ်စွာ ဖက်ထားကာ ရယ်သွမ်းနေသည်။

" မင်းက ငါရဲ့တကယ့်ညီနောင်ကောင်းပဲ.. တကယ်လို့ မင်းသာ မကူညီဘူးဆိုရင် ဒီတစ်ခါတော့ ငါ ကောင်းကောင်းလေး ဆုံးမခံရတော့မှာ "

" မင်းသိနေတာပဲကို နောက်တစ်ခါ လောင်းကစားကို အများကြီး မလုပ်သင့်တော့ဘူး.. အနည်းဆုံးတော့ ကိုယ်ပြိုင်ဖက်ကို အရင်ကြည့်.. ဒီကောင်ဆိုရင် မင်းထက် အများကြီးသာတယ် "

ဝမ်ချောင် ပြုံးပြုံးလေးနှင့် ဝေဖန်လိုက်သည်။

" ဟားဟား.. မလိုဘူး.. ငါ ငါးနှစ်သားကတည်းက သူများတွေနဲ့ လောင်းကစားလုပ်လာတာ.. ငါ့ပိုက်ဆံကုန်လို့ မုန်လာဥဖြူပဲ ဝါးနေရတော့မှ လောင်းကစားလုပ်တာကို ငါစွန့်လွှတ်နိုင်မယ် "

ဝေဟောင် စပ်ဖြီးဖြီးလုပ်နေသည်။

ဝမ်ချောင် ပြောစရာစကား မရှိတော့ပေ။ သဘောမတူသည့်အနေဖြင့် ခေါင်းရမ်းနေရန်သာ တတ်နိုင်တော့သည်။

" ခဏနေဦး ဝေဟောင်.. ဒီပွဲကို ထည့်မတွက်ဘူး.. "

ရုတ်တရက် ခက်ထန်သည့်အသံက ပဲ့တင်လာသည်။ ကောင်းဖေး ခုန်ထလိုက်ပြီး ဝေဟောင်နှင့် ဝမ်ချောင် ရှိရာဘက်သို့ ဦးတည် အော်ဟစ်လိုက်သည်။

" ယောင်ဖေး ဘယ်လိုလဲ.. မင်းက ကိုယ့်စကားကိုယ် ပြန်ရုပ်သိမ်းမလို့လား "

ဝေဟောင် ထိုအော်ဟစ်သံအား ကြားသည်တွင် မျက်ခုံး မြှင့်တက်သွားကာ သူလှည့်လိုက်ပြီး တစ်ဖက်လူအား မကျေမနပ်ဖြင့် ကြည့်လိုက်သည်။

" ခုဏက မင်းကို ဘယ်သူ ကူညီလိုက်တာလဲ.. မင်းက တစ်စုံတစ်ယောက်ရဲ့ အကူအညီကိုယူပြီး တစ်ယောက်ချင်းတိုက်ပွဲရဲ့ စည်းမျဥ်းကို ချိုးဖောက်ခဲ့တယ်.. ချီးလိုပဲ.. ခုနက စကားပြောတာ ဘယ်သူလဲကွ.. ထွက်ခဲ့စမ်း.. မင်း သတ္တိရှိရင် ရှေ့ထွက်ခဲ့ "

ကောင်းဖေး ဒေါသူပုန်ထစွာ အော်ဟစ်နေသည်။

လူအုပ်ကြီးထဲမှ ထိုခွေးကောင်က ဝေကလေးအား မကူညီခဲ့လျှင် ထို ဝေဟောင်က သူ့အား ယခုကဲ့သို့ တိုက်ခိုက် အနိုင်ယူနိုင်မည်လား။

" မင်း ငါ့ကို ပြောနေတာလား "

ထိုစကားများအား ကြားလျှင် ဝမ်ချောင် ပြုံးလိုက်ကာ လူအုပ်ကြီးကြားမှ ထွက်လာသည်။

ပိုးထည်ဝတ်ထားသည့် လူငယ်သခင်လေးများစွာ ကြားမှ ဝမ်ချောင် ထွက်လာသည်ကိုမြင်လျှင် ကောင်းဖေး မျက်လုံး ကျဥ်းမြောင်းသွားသည်။ လက်စားချေလိုသည့် အကြည့်က သူ့မျက်လုံးတွင် တော်ကပနေသည်။ သို့သော် သူ ဒေါသမထွက်မှီ ဝေဟောင် အားပါးတရ ရယ်လိုက်ကာ ရှေ့ထွက်လာသည်။

" ဟားဟားဟား.. ဂျင်းကောင်.. ဒါမင်းမှန်း ငါသိသားပဲ "

ဝေဟောင် ရှေ့တိုးသွားပြီး ဝမ်ချောင်အား ဖက်လိုက်သည်။

" ကောင်းဖေး.. မင်းပါးစပ်ကနေ ကြိုက်တာ ပြောထွက်နိုင်တယ်.. ဒါပေမဲ့ ပြောမထွက်ခင် ပြန်စဥ်းစားဦး.. မင်းရဲ့ဘယ်မျက်စိနဲ့ ငါက တစ်ဦးချင်းတိုက်ပွဲရဲ့စည်းမျဥ်းကို ချိုးဖောက်ပါတယ်လို့ မြင်တာလဲ.. ငါက တစ်ခြားတစ်ယောက်နဲ့ ပူးပေါင်းပြီး မင်းကို တိုက်ခိုက်ခဲ့သလား.. ဒါမှမဟုတ် ငါ့ညီအစ်ကိုက ကြိုးဝိုင်းထဲ ဝင်ခဲ့သလား.. ကောင်းပြီ ငါမင်းကို ပြောပြမယ်.. သူက တစ်ခြားလူမဟုတ်ဘူး.. ငါ့ညီနောင်ကောင်း ဝမ်ချောင်ပဲ "

ဝေဟောင်က ကောင်းဖေးနှင့်လူအုပ်ကြီးအား တစ်လှည့်စီကြည့်ကာ ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။

" ဝေကလေး.. မင်း ကပ်ဖားလျက်ဖားပဲ လုပ်စားပါလား "

ဝမ်ချောင် ခွက်ထိုးခွက်လန် ရယ်နေသည်။ သူ ဝေဟောင်အား နှိမ့်ချကာ စနှောက်မည်ဟု ကြံစည်နေစဥ် ရုတ်တရက် သူက သူ့ပတ်ဝန်းကျင်မှ အသက်ရှူသံများ

ပြောင်းလဲသွားသည်ကို ကြားလိုက်ရသည်။ ဝမ်ချောင် ခေါင်းမော့လိုက်ရာ သူ့အား ကြည့်နေသည့် လူအုပ်ကြီး၏ အကြည့်များ၌ တစ်ခုခု မူမမှန်တော့ကြောင်း သတိထားမိသွားသည်။ သူ့အား ယခင်က ရှုမြင်ကြသည်နှင့် အတော်လေး ကွာခြားနေသည်။

ဝေဟောင်၏ မျက်လုံး၌ပင် ကြောက်ရွံခြင်းနှင့် လေးစားခြင်းအား မြင်နေရနိုင်ကာ သူ့အား စူးစိုက်ကြာ့်နေလေသည်။

" အမ်....... "

ဝမ်ချောင် ရုတ်တရက် အပြောင်းအလဲများကြောင့် တွေဝေသွားသည်။

" ဟားဟား.. မင်းဘာလို့ အံ့သြနေတာလဲ..မင်းက မြို့တော်မှာ နာမည်ကြီးတစ်ယောက်ပဲလေ "

ဝေဟောင် ဝမ်ချောင်၏နားထဲသို့ တီးတိုး ပြေးလိုက်ရာ..

" အဲ့ဒီ မာနကြီးပြီး တစ်သီးတစ်သန့်နေတတ်တဲ့ ယောင်ဖုန်းဆိုတာ မြို့တော်ရဲ့ လူငယ်မျိုးဆက်

ပါရမီရှစ်ခုထဲက တစ်ယောက်လို့ နာမည်ပြောင်ထားရတာလေ.. ပုံမှန်ဆိုရင် သူက တစ်ခြားသူတွေကို တစ်ချက်တောင် ကြည့်တတ်တဲ့သူမဟုတ်ဘူး.. ငါတို့တောင်မှ သူနဲ့တွေ့ရင် လေးလေးစားစားနဲ့ သူ့နာမည်ကို ယောင်ကုန်းဇီလို့ ဂုဏ်ပုဒ်တပ်ခေါ်ရတာ.. "

" ဘယ်လိုဖြစ်ဖြစ်ကွာ.. အဲ့ဒီလိုမျိုး ဂုဏ်သတင်းကြီးတဲ့ပုံရိပ်နဲ့လူကို မင်းက ယောင်ကိုင်းနေအောင် ထိုးလွှတ်လိုက်တာဆိုတော့ .. ဒါနဲ့ပက်သက်ပြီး ယောင်သခင်အိုကြီးတောင်မှ အရှင်မင်းကြီးဆို ဒီကိစ္စ တင်ပြလိုက်သေးတာ.. ဒီဖြစ်ရပ်က မြို့တော်မှာ ဟိုးလေးတကျော်ဖြစ်နေပြီလေ.. ဘယ်လူငယ်သခင်လေးမဆို မင်းရဲ့ သတင်းကို ကြားပြီး မလေးစားတဲ့သူ မရှိဘူးဟ "

" မင်းက ယောင်ဖုန်းထက် သာနေတာတောင်မှ နှိမ့်ချနေနေတယ်ဆိုပြီး.. လူတိုင်းက မင်းကို အရိပ်ထဲမှာ ပုန်းနေတဲ့ ကျားလို့တောင် ပြောနေကြသေးတာ .. "

ဝေဟောင်မှ ဝမ်ချောင်၏ပုခုံးအား ပုတ်လိုက်ကာ ဂုဏ်ယူစွာ ပြောလိုက်သည်။

ကျားဖြစ်စေ ဘာကောင်ပင်ဖြစ်စေ ဝေကလေးက အကြောင်းအရာများစွာအား မသိရှိပေ။ သူသိထားသည်မှာ ဝမ်ချောင်က သူ့ညီအစ်ကိုဖြစ်ပြီး ယခု ထိုညီအစ်ကိုက နာမည်ကြီးနေပြီ။ ဆိုလိုသည်မှာ သူသည်လည်း နာမည်ကြီးနေပြီ မဟုတ်ပါလား ဟားဟား..။

ဝမ်ချောင် တကယ်ပင် အံသြနေမိသည်။

ထိုမတိုင်မှီက မဟာထန်အင်ပါယာတွင် သူ့နှင့်ပက်သက်သည့် မကောင်းသတင်းများအား ဖယ်ရှားရန် သူ့ဝမ်းကွဲ ဝမ်ကျူးယန်နှင့်အတူ လုပ်ဆောင်မည်ဟု တွေးတောထားသည်။ ထိုဖြစ်ရပ်မှ မခန့်မှန်းနိုင်သော အကျိုးအမြတ်အား ရရှိလိမ့်မည်ဟု သူမထင်မှတ်ထားပေ။

ပတ်ဝန်းကျင်မှ လေးစားသည့်အကြည့်များအား ခံစားကြည့်ရာ ကြည့်ရသည်မှာ ကြိုးကြာပျံဝဲစံအိမ်မှ ဖြစ်ရပ်နှင့်ပက်သက်၍ ရရှိသည့် ဆုလာဘ်မှာ သူ့ကလန်တစ်ခုတည်းသာ မဟုတ်တော့ပေ။

မဟာထန်အင်ပါယာတွင် လူငယ်သခင်လေးများစွာရှိပြီး အယောက်စီတိုင်းက အလွန်မောက်မာ ထောင်လွှားကြသည်။ သူတို့က အခြားသူများထံ အလွယ်တကူ နှိမ့်ချခံမည် မဟုတ်ပေ။

အကယ်၍ ဤအသိုင်းအဝိုင်းတွင် သူ့ကိုယ်ပိုင်နာမည်အား သူတည်ဆောက်နိုင်ခဲ့လျှင် သူ၏ အနာဂတ်အကြံအစည်များ၌ အသုံးဝင်လာနိုင်ပေသည်။

All Chapters