အဆုံးသတ်
Vol. 48 Ch. 661
ကျောက်စိမ်းပြားများအား ရရှိနိုင်ရန် ယှဉ်ပြိုင်တိုက်ခိုက်နေကြသော တိုက်ပွဲများမှာ နေ့တဝက်ကျော်မျှအထိ ဆက်လက်ဖြစ်ပွားနေလျက် ရှိသည်။
ရောင်စဉ်ရှစ်သွယ် ရတနာရှိသော ဒုတိယမြောက် ကျောက်စိမ်းပြားအား ခန့်မှန်းထားသည့်အတိုင်းပင် မြင့်မြတ်သောနန်းတော်မှ ရရှိသွားလေသည်။
မြင့်မြတ်သောနန်းတော်မှာ ကန်ရွှမ်းကလန်နှင့် တိုက်ပွဲ၌ ကျင်းချန်းဇယ်အား ဆုံးရှုံးကာ ကျန်းထိုက်ချင်မှာ ဆိုးရွားစွာ ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ပါသော်လည်း ကျောင်းထိုက်ရှင်း၏ တည်ရှိမှုကြောင့် ကြောက်မက်ဖွယ်ကောင်းနေဆဲ ဖြစ်သည်။
ကျောင်းထိုက်ရှင်းသည် သူ၏ဒေါသတရားများအား တွေဝေတုံ့ဆိုင်းခြင်းမရှိပဲ ပေါက်ကွဲပစ်ခဲ့သည်။ ကန်ရွှမ်းကောင်းကင်ဒေသ၏ နံပါတ်တစ် ရွေးချယ်ခံဟူသော ဂုဏ်ပုဒ်နှင့်အညီ သူ၏ကြောက်မက်ဖွယ်ရာ တိုက်ပွဲစွမ်းရည်များအား ထုတ်ဖော်ပြခဲ့၏။ ဓားလမ်းစဉ်ကလန်မှ ကျုံးမင်နှင့် မြောက်ပိုင်းနဂါးပင်လယ်ခန်းမမှ ထန်ရှောင်တို့နှစ်ဦး ပူးပေါင်းတိုက်ခိုက်မည်ဆိုလျှင်ပင် ကျောင်းထိုက်ရှင်းအား ရှုံးနိမ့်ရဦးမည် ဖြစ်သည်။
ရှုံးနိမ့်သွားရသော ဓားလမ်းစဉ်ကလန်နှင့် မြောက်ပိုင်းနဂါးပင်လယ်ခန်းမတို့မှာ ကူကယ်ရာမဲ့စွာဖြင့် အခြားသော ကျောက်စိမ်းပြားများကိုသာ ရွေးချယ်ရတော့သည်။ ယခုလက်ရှိ ကျောက်စိမ်းပြားများအား ရယူနိုင်ရန် ယှဉ်ပြိုင်တိုက်ခိုက်နေကြသူများမှာ ကန်ရွှမ်းကောင်းကင်ဒေသမှ ထိပ်သီးကလန်နှင့်ဂိုဏ်းများသာ ဖြစ်ပါသော်လည်း ကျုံးမင်နှင့် ထန်ရှောင်တို့အား မယှဉ်ပြိုင်နိုင်ကြသောကြောင့် ခါးသီးရှည်လျားသော တိုက်ပွဲများအပြီး၌ ဓားလမ်းစဉ်ကလန်နှင့် မြောက်ပိုင်းနဂါးပင်လယ်ခန်းမတို့ထံ ကျောက်စိမ်းပြားများ ပေးအပ်လိုက်ကြရသည်။
တစ်ဖက်တွင်မူ ရောင်စဉ်ရှစ်သွယ် ရတနာရှိသည့် တတိယမြောက် ကျောက်စိမ်းပြားမှာ ကန်ရွှမ်းကလန်၏ အကူအညီပေးမှုကြောင့် အလှပန်းတစ်ရာနန်းတော်မှ ရရှိသွားလေသည်။
အလှပန်းတစ်ရာနန်းတော်နှင့် ကောင်းကင်တစ္ဆေကလန်တို့၏ အင်အားချင်းမှာ အတူတူပင် ဖြစ်သည်။ ထို့ကြောင့် သွေးချောင်းစီးသောတိုက်ပွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေခဲ့ရပြီး နှစ်ဦးနှစ်ဖက်စလုံး အထိနာနေခဲ့ရသည်။ သို့သော် ကန်ရွှမ်းကလန်မှ ပါဝင်ကူညီလိုက်သည့်အချိန်တွင် အခြေအနေအားလုံးမှာ သိသိသာသာပြောင်းလဲသွားရ၏။
ကန်ရွှမ်းကလန်နှင့် အလှပန်းတစ်ရာနန်းတော်တို့၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် ကောင်းကင်တစ္ဆေကလန်မှာ ဆိုးရွားစွာ ရှုံးနိမ့်သွားရသည်။
ကောင်းကင်တစ္ဆေကလန်မှ နံပါတ်တစ် ရွေးချယ်ခံဖြစ်သူ၏အမည်မှာ ကျောက်ယူဟုခေါ်ပြီး ရွေးချယ်ခံများ အဆင့်သတ်မှတ်ချက်တွင် နံပါတ်ခြောက်နေရာအား ရရှိထားသူ ဖြစ်သည်။ သူသည် ကန်ရွှမ်းကလန်မှ အလှပန်းတစ်ရာနန်းတော်အား အကူအညီပေးလာခြင်းအပေါ် အလွန်ပင် ဒေါသထွက်မိပါသော်လည်း ထိုသို့ဖြစ်လာရသည့် အကြောင်းအရင်းအား ကောင်းစွာသိရှိနေ၏။
ကန်ရွှမ်းကလန်မှ ယခုကဲ့သို့ အလှပန်းတစ်ရာနန်းတော်အား အကူအညီပေးလာရခြင်းမှာ ကောင်းကင်တစ္ဆေကလန်သည် မြင့်မြတ်သောနန်းတော်နှင့် ပူးပေါင်းခဲ့ခြင်းကြောင့်သာ ဖြစ်ပေလိမ့်မည်။ ကျောက်ယူမှာ အလွန်ပင် ဒေါသထွက်နေရပါသော်လည်း ကူကယ်ရာမဲ့စွာဖြင့်သာ စိတ်ခံစားချက်များကို ချိုးနှိမ်ထားရသည်။
သို့သော် စိတ်ထဲတွင်မူ မြင့်မြတ်သောနန်းတော်နှင့် ကျောင်းထိုက်ရှင်းတို့အား အကြိမ်ပေါင်းထောင်သောင်းမက ကျိန်ဆဲနေမိသည်။ ကျောက်ယူအနေဖြင့် မြင့်မြတ်သောနန်းတော်နှင့် ပူးပေါင်းခဲ့ရသည့် အကြောင်းအရင်းမှာ ကောင်းကင်တစ္ဆေကလန်အတွက် ကောင်းကျိုးများစွာ ရရှိလာလိမ့်မည်ဟု ထင်မှတ်ခဲ့သောကြောင့် ဖြစ်သည်။
သို့သော် မြင့်မြတ်သောနန်းတော်မှာ ကန်ရွှမ်းကလန်အား ရှုံးနိမ့်ခဲ့ရလေသည်။ မိမိကိုယ်ကိုပင် မကာကွယ်နိုင်သည့် မြင့်မြတ်သောနန်းတော်မှာ ကောင်းကင်တစ္ဆေကလန်အား မည်သည့်အကူအညီမှ ပေးနိုင်လိမ့်မည် မဟုတ်ပေ။
အဆုံးသတ်တွင် ကျောက်ယူမှာ မည်သို့မျှ တောင့်ခံထားနိုင်ခြင်း မရှိတော့ပဲ အလှပန်းတစ်ရာနန်းတော်အား အရှုံးပေးကာ အခြားသော ကျောက်စိမ်းပြား တစ်ခုဆီသို့သာ ဦးတည်သွားလိုက်ရသည်။
ဤသို့ဖြင့် ကျောက်စိမ်းပြားခြောက်ခုမှာ အင်အားကြီးကလန်ကြီး ခြောက်ခုလက်ထဲသို့ ရောက်ရှိသွားခဲ့ပြီး ကျန်ရှိနေသော တစ်ခုအား အခြားသော ကလန်များမှ ရယူနိုင်ရန် တိုက်ခိုက်နေလျက် ရှိကြသည်။ ကျောက်စိမ်းပြားများအား ရရှိနိုင်ရန် တိုက်ခိုက်ခဲ့ကြသော တိုက်ပွဲများမှာ သွေးချောင်းစီးမှုများဖြင့် ပြည့်နှက်နေခဲ့ရပြီး ရွေးချယ်ခံပေါင်းများစွာ အသက်သေဆုံးသွားခဲ့ရသည်။
ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ၏ ရက်စက်ကြမ်းတမ်းသော အမှန်တရားမှာ အမှန်တကယ်ပင် ခါးသက်စရာ ကောင်းလွန်းလှသည်။ မက်မောလောက်စရာ ရတနာများနှင့် နှိုင်းယှဉ်လာပါက ရွေးချယ်ခံများ၏ အသက်သည်ပင် တန်ဖိုးမရှိတော့ပေ။
ကျန်ရှိနေသော တောင်ထွတ်တစ်ခုပေါ်တွင် ဆက်လက်ဖြစ်ပွားနေလျက်ရှိသည့်တိုက်ပွဲအား ကန်ရွှမ်းကလန် အပါအဝင် မည်သည့်အင်အားကြီးကလန်ကမှ ဝင်ရောက်ကူညီခြင်း မပြုကြပေ။ ထိုသို့ဝင်ပါလိုက်မည်ဆိုပါက တိုက်ပွဲမှာ ပိုမိုရှုပ်ထွေးသွားမည် ဖြစ်သည့်အပြင် ထိုမျှရရှိလာမည့် အကျိုးအမြတ်နှင့် ဆုံးရှုံးမှုမှာ မမျှတသောကြောင့် ဖြစ်သည်။
ဤသို့ဖြင့် အချိန်များစွာ ကုန်ဆုံးသွားပြီးနောက် သတ်ဖြတ်မှုများ ရပ်တန့်သွားကာ တိုက်ပွဲရလဒ်လည်း ထွက်ပေါ်လာခဲ့သည်။ အနိုင်ရရှိသွားသည်မှာ ခရမ်းပြာရောင်နေမင်းနန်းတော်ဟု ခေါ်တွင်သော ထိပ်သီးကလန်တစ်ခု ဖြစ်သည်။ ယင်းကလန်သည် အင်အားကြီးကလန်ကြီး ခြောက်ခုနှင့် နှိုင်းယှဉ်မရပါသော်လည်း ကန်ရွှမ်းကောင်းကင်ဒေသအတွင်း ကျော်ကြားသော ကလန်တစ်ခုပင် ဖြစ်သည်။
ခရမ်းပြာရောင်နေမင်းနန်းတော်မှ ကျန်ရှိနေသော ကျောက်စိမ်းပြားအတွင်းရှိ ရတနာများအား ရယူသိမ်းဆည်းပြီးသွားသည်နှင့်အတူ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်းရှိ သွေးချောင်းစီးသော တိုက်ပွဲများမှာလည်း ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
သွေးနံ့များမှာ ပတ်ဝန်းကျင်တစ်ခွင် ပျံ့နှံ့နေဆဲပင်ဖြစ်ပြီး အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေလျက် ရှိသည်။ မြေခွေးများ၏ တိုက်ပွဲအဆုံးသတ်သွားပြီးသည့်နောက် ရရှိလာသော ဒဏ်ရာများအား လျှာဖြင့်လျက်နေသည့်အလား ပတ်ဝန်းကျင်မှာ တိတ်ဆိတ်မှုများဖြင့် ကြီးစိုးနေလေသည်။
တောင်ထွတ်ပေါ်တွင် ရှိနေသော ဇူယွမ်မှာ တည်ငြိမ်သောအမူအရာဖြင့် ပျက်စီးနေသော တောင်ထွတ်များအား ကြည့်ရှုလိုက်သည်။ ကျင့်ကြံခြင်းလောကသည် ခက်ထန်ကြမ်းတမ်းသော တိုက်ပွဲများနှင့် ပြည့်နှက်နေခြင်းဖြစ်ပြီး ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကြားတွင် လျှောက်လှမ်းနေရသော လမ်းစဉ်မျိုးဖြစ်သည်။ နှစ်ပေါင်းများစွာ ကျင့်ကြံခြင်းလမ်းစဉ်အား လျှောက်လှမ်းခဲ့ပြီးသည့်နောက် ဇူယွမ်မှာ ယခင်ကထက် များစွာတည်ငြိမ်နေပြီ ဖြစ်သည်။
"ကလန်ကို ပြန်ရောက်တဲ့အခါကြရင် ကောင်းကင်ဘုံရဲ့ဒဏ်ခတ်ခြင်း သူတော်စင်မှော်စာလုံးထဲက သန့်စင်တဲ့ချီစွမ်းအင်တွေကို စုပ်ယူပြီးတော့ နဝမမြောက်အဆင့်ကိုတက်ပြီး မူလစဦးအဆင့်ရဲ့ အထွတ်အထိပ်ကိုရောက်အောင် လုပ်ရမယ်။"
ဇူယွမ်မှာ အသက်ပြင်းပြင်းတစ်ချက်အား ရှူထုတ်လိုက်သည်။ ယခုဆိုလျှင် ကန်ရွှမ်းကလန်သို့ ရောက်ရှိခဲ့သည်မှာ နှစ်နှစ်နီးပါးမျှပင် ကြာမြင့်နေပြီ ဖြစ်သည်။ ကန်ရွှမ်းကလန်သို့ စတင်ရောက်ရှိစဉ်က ဇူယွမ်မှာ မူလစဦး၏ ကနဦးအဆင့်မျှသာ ရှိခဲ့သည်။
သို့သော် ယခုတွင်မူ ဇူယွမ်မှာ နဝမမြောက်အဆင့်သို့ တက်ရောက်နိုင်တော့မည်ပင်ဖြစ်ပြီး မကြာမီအချိန်အတွင်း နတ်ဘုံခန်းဝါအဆင့်သို့ တက်လှမ်းနိုင်လိမ့်မည်ဟု မျှော်လင့်ရပေသည်။
ကန်းမင်တိုက်ကြီးထံမှ ထွက်ခွာကာ ရှန်ဇူတိုက်ကြီးသို့ စတင်ရောက်ရှိခဲ့စဉ်အချိန်၌ ဇူယွမ်၏ ရည်မှန်းချက်မှာ ဝူဘုရင်၏ စွမ်းအင်မျိုး အလျင်မြန်ဆုံး ရရှိနိုင်ရန်ပင် ဖြစ်သည်။
ထိုအချိန်ကာလများအတွင်း ဇူယွမ်မှာ မရေမတွက်နိုင်သော တိုက်ပွဲပေါင်းများစွာနှင့် ရင်ဆိုင်ခဲ့ရပြီး အခက်အခဲများစွာကို ကြုံတွေ့ခဲ့ရသည်။ ယခုတွင်မူ သူသည် ပန်းတိုင်နှင့် နီးစပ်နေပြီပင် ဖြစ်သည်။
ဝူဘုရင်နှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်သောအဆင့်သို့ ရောက်ရှိလာပြီဆိုပါက ဇူယွမ်မှာ ကြီးမြတ်သောဇူအင်ပါယာ၏ ရန်ကြွေးများအား ဆပ်ပေးနိုင်တော့မည် ဖြစ်သည်။
"ဝူဘူရင်...မင်းကငါ့အဖေရဲ့လက်ကို ဖြတ်တယ်။ ငါ့အမေကို ဒုက္ခရောက်အောင် လုပ်တယ်။ ငါတို့ဇူအင်ပါယာရဲ့ နယ်မြေတွေကိုသိမ်းပြီး ငါ့ရဲ့မြင့်မြတ်တဲ့နဂါးကောင်းချီးကို ယူသွားခဲ့တယ်။"
ဇူယွမ်မှာ အဝေးသို့ ငေးကြည့်လျက် အတိတ်မှပုံရိပ်များအား ပြန်လည်မြင်ယောင်နေမိသည်။
ဇူယွမ်၏ ပထမဆုံး မှတ်ဉာဏ်များတွင်ပင် ကြီးမြတ်သောဇူအင်ပါယာမှာ ဝူအင်ပါယာ၏ လက်အောက်သို့ ရောက်ရှိနေရပြီ ဖြစ်သည်။ တစ်ချိန်က ကြီးကျယ်ခမ်းနားခြင်းများဖြင့် ပြည့်နှက်နေသော သူ၏ဖခင်ဖြစ်သူမှာလည်း သိမ်ငယ်စိတ်များဖြင့် ရှင်သန်နေထိုင်နေခဲ့ရသည်။
အလွန်အင်အားကြီးသည့် ရန်သူနှင့် ရင်ဆိုင်ကာ အရာအားလုံးကို ဆုံးရှုံးခဲ့ရပြီးနောက် သူ၏ဖခင်ဖြစ်သာမှာ မျှော်လင့်ချက်များအားလုံးကို တစ်ဦးတည်းသော သားတော်အပေါ်တွင်သာ ပုံအပ်ထားခဲ့ရသည်။
ဇူယွမ်၏ မျက်ဝန်းများမှာ အေးစက်ခက်ထန်မှုများဖြင့် ပြည့်နှက်သွားရသည်။
အဖေ....စိတ်မပူပါနဲ့..... အဖေ မယူနိုင်ခဲ့တဲ့ရန်ကြွေးကို သားကိုယ်တိုင် ပြန်ယူပေးမှာပါ....
ဝူဘုရင်....မင်းစောင့်နေလိုက်....
အဲ့ဒီနေ့က အရမ်းကြာတော့မှာ မဟုတ်ပါဘူး.....
တောင်ထွတ်ပေါ်ရှိ လေထုမှာ အနည်းငယ်မျှ တုန်ခါသွားပြီးနောက် လေဟာနယ်တစ်ခု ဖြစ်ပေါ်လာသည်။
"ငါ့ရဲ့ တောင်ထွတ်ဆရာသခင်မနဲ့ အဆက်အသွယ်ရတယ်။ ဒါက သူမက ငါတို့ပြန်ထွက်ဖို့အတွက် လေဟာနယ်လုပ်ပေးထားတာ။" လီချင်းချန်မှ တပည့်များအားကြည့်ကာ ပြောလိုက်သည်။ "တပည့်တွေအားလုံး ပြန်ဖို့ပြင်ဆင်ကြတော့။"
"ဟုတ်ကဲ့.."
လူတိုင်းမှာ စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်ပြလိုက်ကြသည်။ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း ကန်ရွှမ်းကလန်မှာ ရတနာများအား အောင်မြင်စွာ သိမ်းယူနိုင်ခဲ့ရုံသာမက မြင့်မြတ်သောနန်းတော်ကိုပါ ဖိနှိပ်နိုင်ခဲ့သည်။
ဇူယွမ်မှာ ပတ်ဝန်းကျင်အား လေ့လာကြည့်ရှုလိုက်သောအခါတွင် အခြားသော ကလန်အသီးသီးမှာလည်း ပြင်ပတွင်ရှိနေသော ၎င်းတို့၏ သက်ဆိုင်ရာဆရာသခင်များနှင့် ဆက်သွယ်နေကြသည်ကို တွေ့ရှိရသည်။ ၎င်းတို့အနီးရှိ လေထုမှာလည်း လေဟာနယ်များ အသီးသီး ဖြစ်ပေါ်လာလေသည်။
ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ၏ ခရီးစဉ်မှာ အဆုံးသတ်တော့မည်ပင် ဖြစ်သည်။
ဇူယွမ်တို့အနီးတွင် ဖြစ်ပေါ်နေသော လေဟာနယ်မှာ အနည်းငယ်မျှ တုန်ခါလာပြီးနောက် လျှောက်လှမ်းတစ်ခုအသွင် ဖြစ်ပေါ်သွားသည်။
"ကန်ရွှမ်းကလန်က တပည့်တွေ။ အမြန်ထွက်လာခဲ့ကြတော့။" တောင်ထွတ်ဆရာသခင်မလျှို့လျန်းယီ၏အသံအား ကြားလိုက်ကြရသည်။
"သွားရအောင်။"
လီချင်းချန်မှာ စကားဆိုလိုက်ပြီးနောက် ချူချင်းနှင့်အတူ ပထမဆုံး ထွက်ခွာသွားကြသည်။
ဇူယွမ်မှာ ထွက်ခွာခြင်းမပြုမီ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအား တစ်ချက်မျှကြည့်ကာ ခပ်ဖွဖွပြုံးလိုက်သည်။ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း ဖြစ်ပျက်ခဲ့သော အကြောင်းကိစ္စများမှာ ရှန်ဇူတိုက်ကြီတစ်ခုလုံးအား တုန်လှုပ်သွားစေလိမ့်မည် ဖြစ်သည်။
ဇူယွမ်၏ အမည်နာမမှာလည်း အလွန်ပင် ကျော်ကြားသွားတော့မည် ဖြစ်သည်။ ထိုသတင်းများမှာ ကြီးမြတ်သောဇူအင်ပါယာထိ ရောက်ရှိနိုင်မည်လားဟု ဇူယွမ်မှ တွေးတောနေမိသည်။
ဇူယွမ်မှာ အတွေးစများအား ဖြတ်တောက်လိုက်ပြီးနောက် လျှောက်လှမ်းအတွင်းဝင်ရောက်ကာ ပြင်ပကမ္ဘာဆီသို့ ထွက်ခွာသွားလေတော့သတည်း....