← Chapters

အံ့အားသင့်စေသောရလဒ်

Vol. 48 Ch. 662

အံ့အားသင့်စေသောရလဒ်

Vol. 48 Ch. 662

ပင်လယ်ပြင်ထက်၌ ပြင်းထန်လှသော ချီစွမ်းအင်များကို ထုတ်လွှတ်ကာ လေဟာနယ်အား ဖြစ်ပေါ်စေလျက်ရှိသော ပုံရိပ်အချို့ ရှိနေလေသည်။

ပြင်ပကမ္ဘာ၏ ပတ်ဝန်းကျင်တစ်ခွင်လုံးမှာ လေလှိုင်းများဖြင့် ခက်ထန်ကြမ်းတမ်းနေပါသော်လည်း ပင်လယ်ပြင်မှာမူ အလွန်ပင် ဆိတ်ငြိမ်နေလျက် ရှိသည်။

တောင်ထွတ်ဆရာသခင်မလျို့လျန်းယီမှာ လှေဦးထိပ်တွင် တည်ငြိမ်စွာဖြင့် ထိုင်နေလျက်ရှိသည်။ သူမသည် ရှေ့တွင်မြင်တွေ့နေရသော ကောင်းကင်အား ကြည့်ရှုလျက် လေးနက်စွာ တွေးတောနေမိသည်။

လနှင့်ချီသော တိုက်ခိုက်မှုများစွာ ပြီးဆုံးသွားပြီးသည့်နောက် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ၏ ခရီးစဉ်မှာလည်း အဆုံးသတ်သွားခဲ့ရပြီပင် ဖြစ်သည်။ အခြားကလန်များမှ တပည့်များမှာလည်း တစ်ဦးပြီးတစ်ဦး ရှန်းဟွပုံရိပ်ယောင်ကမ္ဘာမှ ပြန်လည်ထွက်ခွာလာကြပြီ ဖြစ်သည်။

တောင်ထွတ်ဆရာသခင်မလျှို့လျန်းယီ သိရှိလိုသည်မှာ ကန်ရွှမ်းကလန်မှ ရတနာမည်မျှ ရရှိခဲ့ပါသနည်း...... သွေးချောင်းစီးသော တိုက်ပွဲများအတွင်း ဆုံးရှုံးလိုက်ရသော တပည့်အရေအတွက် မည်မျှရှိနေပါသနည်းဟူသော မေးခွန်းပင် ဖြစ်သည်။

ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ ပွင့်ဟလာသော အချိန်တိုင်းတွင် ကန်ရွှမ်းကလန်မှာ ရွေးချယ်ခံအချို့အား လက်လွှတ်ဆုံးရှုံးရလေ့ရှိကြောင်း တောင်ထွတ်ဆရာသခင်မလျှို့လျန်းယီမှ ကောင်းစွာသိရှိထားသည်။ အဆိုးရွားဆုံးသော အချိန်ကာလတစ်ခုတွင် ကန်ရွှမ်းကလန်၏ ရွေးချယ်ခံ တဝက်နီးပါးမျှ အသတ်ခံခဲ့ရဖူးပြီး တပည့်ခေါင်းဆောင်များစွာကိုလည်း ဆုံးရှုံးခဲ့ရဖူးသည်။

မြင့်မြတ်သောနန်းတော်မှ ထိုသို့လုပ်ရပ်များအား ပြုလုပ်ခဲ့ခြင်းပင် ဖြစ်သည်။

တပည့်အရေအတွက်နှင့် တိုက်ပွဲစွမ်းရည်ချင်း နှိုင်းယှဉ်မည်ဆိုပါက မြင့်မြတ်သောနန်းတော်မှာ ကန်ရွှမ်းကလန်ထက် အမြဲတစေပင် သာလွန်နေခဲ့သည်။ ကလန်နှစ်ခုကြား ရှိနေသော ပဋိပက္ခများကြောင့် မည်သည့်နေရာ၌မဆို တွေ့ဆုံကြသည်နှင့်တစ်ပြိုင်နက် ပြင်းထန်သောတိုက်ပွဲများစွာ ဖြစ်ပေါ်ရလေ့ ရှိသည်။ တောင်ထွတ်ဆရာသခင်မလျှို့လျန်းယီ သိရှိလိုသည်မှာ ဤတစ်ကြိမ်တွင်ရော ကန်ရွှမ်းကလန်မှ တပည့်များ မည်မျှပင် ပေးဆပ်လိုက်ရပါသနည်းဟူသော မေးခွန်းပင် ဖြစ်သည်။

"မြင့်မြတ်သောနန်းတော်....တောက်...."

တောင်ထွတ်ဆရာသခင်မလျှို့လျန်းယီမှ အံကိုကြိတ်ကာ နှုတ်ခမ်းအစုံအား ဖိကိုက်လိုက်သည်။

မြင့်မြတ်သောနန်းတော်မှာ အမှန်တကယ်ပင် မုန်းစရာကောင်းလှသည်။

"ဟားဟား...တောင်ထွတ်ဆရာသခင်မလျှို့လျန်းယီ ငါ့ကိုနားကန်းထင်နေတာလား။ မင်းအနေနဲ့ ငါတို့မြင့်မြတ်သောနန်းတော်ကို မကျေမနပ်ဖြစ်စရာများ ရှိလို့လား။" မထီမဲ့မြင်ပြုသော ရယ်မောသံတစ်ခုမှာ ကောင်းကင်ထက်မှ ပျံ့လွင့်လာသည်။

တောင်ထွတ်ဆရာသခင်မလျှို့လျန်းယီမှ ကြည့်ရှုလိုက်သောအခါတွင် ချီစွမ်းအင်များဖြင့် ပြုလုပ်ထားသော တောင်ထွတ်၏ထိပ်ဖျားတွင် ထိုင်နေသည့် မြင့်မြတ်သောနန်းတော်၏ စတုတ္ထမြောက် ခန်းဆောင်သခင် ချင်းလင်အား တွေ့ရှိလိုက်ရသည်။

"ငါကနင့်ကို ကျိန်ဆဲရင်ရော ဘာဖြစ်လို့လဲ။" တောင်ထွတ်ဆရာသခင်မလျှို့လျန်းယီမှ အေးစက်စွာ ပြောလိုက်သည်။

ချင်းလင်မှ ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။ "တောင်ထွတ်ဆရာသခင်မလျှို့လျန်းယီက စကားများတဲ့နေရာမှာတော့ တော်တယ်နော်။ မင်းတို့ကန်ရွှမ်းကလန်က တပည့်တွေ ပြန်ထွက်လာတဲ့ အချိန်ကြရင်လည်း ဒေါသတွေ ပေါက်ကွဲဦးမှာမလား။"

"နင်တို့မြင့်မြတ်သောနန်းတော်မှာလည်း ရွေးချယ်ခံတွေ သိပ်ကျန်မှာမဟုတ်ပါဘူး။" တောင်ထွတ်ဆရာသခင်မလျှို့လျန်းယီမှ အေးစက်ခက်ထန်နေသော မျက်ဝန်းများဖြင့် ချင်းလင်အားကြည့်ကာ ပြောလိုက်သည်။

ချင်းလင်မှာ နှုတ်ခမ်းထောင့်စွန်းများအား တွန့်ကွေးတက်သွားအောင်ပြုံးလျက် စကားဆိုလိုက်သည်။ "မင်းပြောသလို ဖြစ်လာမယ်များ ထင်နေလား။"

တောင်ထွတ်ဆရာသခင်မလျှို့လျန်းယီမှာ မည်သည့်စကားမှ ပြန်လည်ပြောဆိုခြင်း မပြုတော့ပေ။ အဘယ့်ကြောင့်ဆိုသော် သူမပြောလိုက်သောစကားမှာ ဒေါသကြောင့်သာဖြစ်ပြီး လက်တွေ့တွင်မူ ဖြစ်နိုင်ချေအလွန်နည်းပါးကြောင်း သိရှိထားသောကြောင့် ဖြစ်သည်။ မြင့်မြတ်သောနန်းတော်မှ တပည့်များမှာ တိုက်ပွဲစွမ်းရည် အလွန်အားကောင်းကြပြီး ကျောင်းထိုက်ရှင်း၊ ကျန်းထိုက်ချင်နှင့် ကျင်းချန်းဇယ်စသော ထူးချွန်ထက်မြက်သည့် ရွေးချယ်ခံများမှ ဦးဆောင်ထားကြခြင်း ဖြစ်သည်။ ကန်ရွှမ်းကလန်သည် အင်အားကြီးကလန်ကြီးတစ်ခု ဖြစ်ပါသော်လည်း မြင့်မြတ်သောနန်းတော်နှင့် နှိုင်းယှဉ်ပါက အစစအရာရာ ကွာခြားနေသေးသည်။

တောင်ထွတ်ဆရာသခင်မလျှို့လျန်းယီမှ တုံ့ပြန်စကား ပြန်လည်ပြောဆိုခြင်း မရှိသောကြောင့် ချင်းလင်မှာ အားရကျေနပ်စွာဖြင့် လှောင်ပြုံးပြုံးလိုက်သည်။ အရှုံးသမားတစ်ဦး၏ ဒေါသတရားသည် လှောင်ပြောင်ရယ်မောစရာတစ်ခုထက် မပိုနေခဲ့ပေ။ ရလဒ်များအား သိရှိရမည့်အချိန်တွင် တောင်ထွတ်ဆရာသခင်မလျှို့လျန်းယီမှာ ယခုထက်ပို၍ ဒေါသထွက်ပေါက်ကွဲရဦးမည်ပင် ဖြစ်သည်။

ဤနှစ်ပေါင်းများစွာအတွင်း ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ၏ခရီးစဉ် အဆုံးသတ်သွားသည့် အချိန်တိုင်းတွင် မြင့်မြတ်သောနန်းတော်၏ ခန်းဆောင်သခင်များမှာ ကန်ရွှမ်းကလန်မှ တောင်ထွတ်ဆရာသခင်များ၏ ဝမ်းနည်းဒေါသထွက်နေသော အမူအရာများအား မြိန်ရေယှက်ရေဖြင့် အရသာခံ ကြည့်ရှုခဲ့ကြသည်ချည်းပင် ဖြစ်သည်။

အခြားသော ကလန်နှင့် ဂိုဏ်းများမှ အကြီးအကဲများမှာလည်း ခေါင်းကိုခါယမ်းကာ သနားကြင်နာသော မျက်ဝန်းများဖြင့် တောင်ထွတ်ဆရာသခင်မလျှို့လျန်းယီအား ကြည့်ရှုနေကြသည်။ နှစ်ပေါင်းများစွာအတွင်း ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ ပွင့်ဟလာသော အချိန်တိုင်းတွင် ကန်ရွှမ်းကလန်မှာ မြင့်မြတ်သောနန်းတော်၏ ဖိနှိပ်ခြင်းအား ခံယူရစမြဲပင် ဖြစ်သည်။ ထို့ကြောင့် ဤတစ်ကြိမ်သည်လည်း ယခင်အကြိမ်များကဲ့သို့ပင် ဖြစ်လာလိမ့်မည် ဖြစ်သည်။

ရက်စက်လှသော အမှန်တရားသည် အမှန်တကယ်ပင် ဝမ်းနည်းစရာကောင်းလှသည်။ အတိတ်ကာလများ၌ ကန်ရွှမ်းကောင်းကင်ဒေသ၏ နံပါတ်တစ်ဖြစ်ခဲ့သော ကန်ရွှမ်းကလန်မှာ ယခုအခါတွင် မြင့်မြတ်သောနန်းတော်၏ ဖိနှိပ်ခြင်းအား အမြဲတစေ ခံယူနေရပြီပင် ဖြစ်သည်။

ဝုန်း...

ထိုအချိန်မှာပင် လေဟာနယ်များမှာ ပို၍ကျယ်ဝန်းလာပြီးနောက် လျှောက်လှမ်းများ ပေါ်ပေါက်လာသည်။

သက်ဆိုင်ရာကလန်အသီးသီးမှ အကြီးအကဲများမှာ အသက်ပင်မရှူပဲ လျှောက်လှမ်းများအား ကြည့်ရှုနေမိကြသည်။ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်းသို့ ဝင်ရောက်သွားကြသော တပည့်များမှာ သက်ဆိုင်ရာကလန်များမှ ကောင်းစွာလေ့ကျင့်ပျိုးထောင်ပေးထားသော တပည့်များ ဖြစ်ကြသည်။ ထို့ကြောင့် တပည့်တစ်ဦးဦးကိုသာ ဆုံးရှုံးသွားခဲ့ရပါက သက်ဆိုင်ရာကလန်များအတွက် ကြီးမားသော ဆုံးရှုံးနစ်နာမှုကြီး ဖြစ်သွားရလိမ့်မည်ပင် ဖြစ်သည်။

စောင့်ကြည့်နေသော အကြည့်များစွာ၏အောက်၌ပင် လေဟာနယ်လျှောက်လှမ်းများထံမှ ပုံရိပ်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကြသည်။

ပင်လယ်မျက်နှာပြင်ထက်ရှိ ပတ်ဝန်းကျင်တစ်ခုလုံးမှာ ဆူညံပွတ်လောရိုက်နေရသည်။

တောင်ထွတ်ဆရာသခင်မလျှို့လျန်းယီမှာ သူမအနီးတွင်ရှိနေသော လေဟာနယ်အား ဂရုတစိုက်ဖြင့် ကြည့်ရှုနေလျက် ရှိသည်။ တပည့်များ၏ ချီစွမ်းအင်များအား သူမစတင်၍ အာရုံခံမိနေပြီ ဖြစ်သည်။

ဝုန်း....

ထိုအချိန်မှာပင် လေဟာနယ်မှာ ပို၍ကျယ်ဝန်းလာပြီးနောက် အလင်းတန်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။

"ချူချင်း၊ ချင်းချန်၊ ခုန်းရှန်၊ ယဲ့ကယ်၊ ဇူယွမ်။"

အလင်းတန်းများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် တောင်ထွတ်ဆရာသခင်မလျို့လျန်းယီမှာ လျင်မြန်စွာပင် သူမ၏တပည့်များအား အတည်ပြုလိုက်သည်။ ချက်ချင်းဆိုသလို သူမ၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှု အရိပ်အယောင်များဖြင့် ပြည့်နှက်သွားရလေသည်။

ရွေးချယ်ခံများနှင့် တပည့်ခေါင်းဆောင်များအားလုံး အသက်ရှင်လျက် ရှိနေကြပြီး ဆိုးရွားစွာ ထိခိုက်ဒဏ်ရာ ရရှိသူ တစ်ဦးတစ်ယောက်မှ မပါဝင်နေသောကြောင့် ဖြစ်သည်။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..." တောင်ထွတ်ဆရာသခင်မလျှို့လျန်းယီ၏ မျက်ဝန်းများ၌ ပျော်ရွှင်ခြင်းနှင့် အံ့အားသင့်ခြင်းများ ရောယှက်နေရသည်။ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း ရွေးချယ်ခံ တစ်ဦးတစ်ယောက်မှ သတ်ဖြတ်ခြင်း မခံရသည်မှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်ပင် ဖြစ်သည်။

တောင်ထွတ်ဆရာသခင်မလျှို့လျန်းယီမှာ သူမကိုယ်သူမ မယုံကြည်နိုင် ဖြစ်နေရသဖြင့် နောက်ထပ်တစ်ကြိမ် ရွေးချယ်ခံများနှင့် တပည့်ခေါင်းဆောင်များအား စစ်ဆေးကြည့်လိုက်သည်။ ယခုမှသာ သူမသည် ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် သက်ပြင်းချနိုင်တော့၏။

"ဟားဟား......မင်းတပည့်တွေက အပြင်ဖက်နေရာတွေမှာပဲပုန်းနေပြီး ရှန်းဟွပုံရိပ်ယောင်ကမ္ဘာရဲ့ အတွင်းပိုင်းနယ်မြေတွေကို မသွားခဲ့လို့များလား။" ခန်းဆောင်သခင် ချင်းလင်မှ ကျယ်လောင်စွာ လှောင်ပြောင်သရော်လိုက်သည်။

ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ ပွင့်ဟလာသည့် အချိန်တိုင်းတွင် မြင့်မြတ်သောနန်းတော်မှ ရွေးချယ်ခံများသည်ပင် သေဆုံးကြရစမြဲ ဖြစ်သည်။ ထို့ကြောင့် ကန်ရွှမ်းကလန်မှ ရွေးချယ်ခံများအားလုံး အသက်ရှင်လျက် ရှိနေသည်မှာ ယုံကြည်နိုင်စရာမကောင်းသော ဟာသပြက်လုံးတစ်ခုပင် ဖြစ်၏။

တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ ကန်ရွှမ်းကလန်မှ ရွေးချယ်ခံများသည် ကြောက်ရွံ့စွာဖြင့် အပြင်ဖက်နယ်မြေများ၌သာ ကျင်လည်ခဲ့သောကြောင့် ယခုကဲ့သို့ ဘေးကင်းလုံခြုံနေခြင်း ဖြစ်ပေလိမ့်မည်။

တောင်ထွတ်ဆရာသခင်မလျှို့လျန်းယီမှာ မျက်ဝန်းများ ကျဉ်းမြောင်းသွားရသည်။

အခြားကလန်များမှ အကြီးအကဲများမှာလည်း သံသယဖြစ်သော မျက်ဝန်းများဖြင့် တောင်ထွတ်ဆရာသခင်မလျှို့လျန်းယီမအား ကြည့်ရှုလိုက်သည်။ ချင်းလင်၏ ပြောစကားသာ အမှန်တကယ်ဆိုပါက ကန်ရွှမ်းကလန်မှာ လူအများ၏ လှောင်ပြောင်သရော်စရာတစ်ခု ဖြစ်လာရလိမ့်မည် ဖြစ်သည်။

လီချင်းချန်မှ တောင်ထွတ်ဆရာသခင်မလျှို့လျန်းယီအား အရိုအသေပြုကာ ပြောလိုက်သည်။ "တောင်ထွတ်ဆရာသခင်မ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာကိုသွားတဲ့ ခရီးစဉ်မှာ ကန်ရွှမ်းကလန်အနေနဲ့ ရောင်စဉ်ရှစ်သွယ် ရတနာသုံးခု၊ ရောင်စဉ်ခုနစ်သွယ် ရတနာဆယ်ချီနဲ့ တခြားအဆင့်ရှိတဲ့ ရတနာတွေ အများကြီး ရလာခဲ့ပါတယ်။"

လီချင်းချန်၏စကားကြောင့် ပတ်ဝန်းကျင်တစ်ခွင်လုံး တိတ်ဆိတ်ငြိမ်သက်သွားရသည်။

လူတိုင်း၏ မျက်ဝန်းများမှာ မယုံကြည်မှုများဖြင့် ပြည့်နှက်ကုန်ရသည်။ အတိတ်ကာလများ၌ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း ရောင်စဉ်ရှစ်သွယ် ရတနာတစ်ခုတလေမျှပင် ပေါ်ထွက်ခဲ့ဖူးခြင်းမရှိချေ။ သို့သော် ယခုအခါတွင် ကန်ရွှမ်းကလန်မှ ရောင်စဉ်ရှစ်သွယ် ရတနာအား သုံးခုမျှပင် ရလာခဲ့သည်ဟု သိရသည်။

မည်သူကမှ ကန်ရွှမ်းကလန်မှ တပည့်များသည် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ၏ အပြင်ဖက်နယ်မြေများ၌သာ ကျင်လည်ခဲ့သည်ဟု သံသယ မဖြစ်ရဲကြတော့ပေ။

ချင်းလင်၏ အမူအရာမှာလည်း ပြောင်းလဲသွားရသည်။ "တော်တော်ရယ်ရတာပဲ။ ရောင်စဉ်ရှစ်သွယ် ရတနာကို လမ်းဘေးက ကောက်လို့ရတဲ့ ခဲလုံးများ ထင်နေတာလား။ သုံးခုရလာတယ်လို့တောင် ပြောနေသေးတယ်...ဟာသပဲ။"

တောင်ထွတ်ဆရာသခင်မလျှို့လျန်းယီ၏ မျက်ဝန်းများမှာလည်း သံသယများဖြင့် ပြည့်နှက်နေရသည်။ ရောင်စဉ်ခုနစ်သွယ် ရတနာသုံးခုအား ရရှိခဲ့သည်ဆိုလျှင်ပင် ယုံကြည်ချင်စရာ ကောင်းသေးသည်။ သို့သော် ရောင်စဉ်ရှစ်သွယ် ရတနာသုံးခုမှာ မည်သို့မျှ ယုံကြည်ချင်စရာ မရှိပေ။

လီချင်းချန်မှ တည်ငြိမ်သောအမူအရာဖြင့် စကားဆိုလိုက်သည်။ "ရန်သူတွေကိုတော့ ကျွန်မတို့ ကန်ရွှမ်းကလန်အနေနဲ့ မြင့်မြတ်သောနန်းတော်က ကျင်းချန်းဇယ်၊ လိန်ကြွင်းနဲ့ ထျယ်မိုတို့ကို သတ်နိုင်ခဲ့ပြီး ကျန်းထိုက်ချင်ကို ဆိုးဆိုးရွားရွား ဒဏ်ရာရအောင် လုပ်နိုင်ခဲ့ပါတယ်။"

လီချင်းချန်၏စကားကြောင့် ကလန်အသီးသီးမှ အကြီးအကဲများမှာ အလွန်ပင် အံ့အားသင့်သွားကြရသည်။

လိန်ကြွင်းနှင့် ထျယ်မိုတို့မှာ မြင့်မြတ်သောနန်းတော်မှ ထူးချွန်ထက်မြက်သော ရွေးချယ်ခံများ ဖြစ်ကြသည်။ သို့သော် အံ့အားသင့်စရာ အကောင်းဆုံးအချက်မှာ မြင့်မြတ်သောနန်းတော်မှ ထိပ်သီးရွေးချယ်ခံများဖြစ်ကြသော ကျန်းထိုက်ချင်နှင့် ကျင်းချန်းဇယ်တို့၏အကြောင်းပင် ဖြစ်သည်။

ကျင်းချန်းဇယ်မှာ သေဆုံးပြီး ကျန်းထိုက်ချင်မှာ ဒဏ်ရာရရှိသွားသည်ဟု သိရသည်။

"အဓိပ္ပါယ်မရှိတာ...." ချင်းလင်မှ လီချင်းချန်အားကြည့်ကာ ပြောလိုက်သည်။ "ကောင်မလေး....မင်းပြောတာက တော်တော်ရယ်ရတာပဲ။ ငါတို့မြင့်မြတ်သောနန်းတော်က ရွေးချယ်ခံ အရေအတွက်က မင်းတို့ကန်ရွှမ်းကလန်ထက်များတယ်ဆိုတာ သိရဲ့လား။ ပြီးတော့ သူတို့တွေက မင်းတို့ထက် သန်မာကြတဲ့သူတွေချည်းပဲ။ မင်းတို့ကန်ရွှမ်းကလန်က ရွေးချယ်ခံတွေအားလုံး အသက်ရှင်ပြီးတော့ ငါတို့မြင့်မြတ်သောနန်းတော်က ကျင်းချန်းဇယ် သတ်ခံရတယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ပြီးတော့ ကျန်းထိုက်ချင်က ဆိုးဆိုးရွားရွား ဒဏ်ရာရသွားတယ် ဟုတ်လား...အဟက်။"

"ဘာလဲ မင်းပါးစပ်က ပေါက်ကရတွေ လျှောက်ပြောနေရုံနဲ့ ကျင်းချန်းဇယ်က တကယ်သေသွားမှာတဲ့လား။"

ချင်းလင်မှ တောင်ထွတ်ဆရာသခင်မလျှို့လျန်းယီအား အေးစက်ခက်ထန်သော မျက်ဝန်းများဖြင့်ကြည့်ကာ ပြောလိုက်သည်။ " မင်းတို့ ကန်ရွှမ်းကလန်က တပည့်တွေကို ဘယ်လိုသင်ကြားပေးထားတာလဲ။ ပြောသမျှကလည်း အလိမ်အညာတွေချည်းပဲ။"

"အဲ့ဒါနင်နဲ့ဆိုင်လား။" တောင်ထွတ်ဆရာသခင်မလျှို့လျန်းယီမှ အေးစက်ခက်ထန်စွာဖြင့် ပြောလိုက်သည်။

ထို့နောက် လျှို့လျန်းယီမှ လီချင်းချန်အားကြည့်ကာ မေးလိုက်သည်။ "ချင်းချန်....သမီးခုန ပြောသွားတာတွေအားလုံး အမှန်တွေလား။"

လီချင်းချန်မှ ဇူယွမ်အားကြည့်ကာ ပြုံးလိုက်သည်။ ဇူယွမ်မှာလည်း ခပ်ဖွဖွ ပြုံးလိုက်ပြီးနောက် သိုလှောင်အိတ်အတွင်းမှ နတ်ဘုံခန်းဝါ ရတနာများအား ထုတ်ဖော်ပြသလိုက်သည်။ လေထုထဲတွင် နတ်ဘုံခန်းဝါ ရတနာများစွာ လင်းလက်တောက်ပနေလျက်ရှိပြီး ထိုအထဲတွင် ရောင်စဉ်ရှစ်သွယ် ဖြာထွက်လင်းလက်နေသော ရတနာနှစ်ခု ပါဝင်နေလျက် ရှိသည်။

ပတ်ဝန်းကျင်တစ်ခွင်လုံးမှာ တိတ်ဆိတ်ငြိမ်သက်သွားရသကဲ့သို့ ချင်းလင်မှာလည်း မျက်ဝန်းများ ပြူးကျယ်သွားရသည်။

"ဒီတစ်ခေါက် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာထဲမှာ ရောင်စဉ်ရှစ်သွယ် ရတနာတွေ တောင်ပုံရာပုံ ရှိနေပုံရတယ်။ အဟက်...ကျောင်းထိုက်ရှင်း ပြန်ထွက်လာတာနဲ့ မင်းတို့အလိမ်မှန်သမျှ ပေါ်မှာပဲ။" ချင်းလင်မှ အံကိုကြိတ်ကာ ပြောလိုက်သည်။

ဝုန်း....

ထိုအချိန်မှာပင် ချင်းလင်အနီးတွင်ရှိနေသော လေဟာနယ်တစ်ခုမှာ ပိုမိုပြန့်ကားလာပြီးနောက် မြင့်မြတ်သောနန်းတော်မှ တပည့်များ ထွက်ပေါ်လာကြသည်။

ကလန်အသီးသီးမှ အကြီးအကဲများမှာ လီချင်းချန်၏ပြောစကား မှန်မမှန် သိရှိလိုကြသောကြောင့် ထွက်လာကြသော မြင့်မြတ်သောနန်းတော်၏ ရွေးချယ်ခံများအား ဂရုတစိုက် လိုက်လံကြည့်ရှုနေကြသည်။

ချင်းလင်မှာ ထွက်လာကြသော တပည့်များအား အလျင်အမြန် စစ်ဆေးလိုက်သည်။ မြင့်မြတ်သောနန်းတော်မှ တပည့်များအား ကြည့်ရှုရသည်မှာ အလွန်ပင် စိတ်ဓာတ်ကျနေပုံ ရသည်။

မြင့်မြတ်သောနန်းတော်မှ ရွေးချယ်ခံများအကြားတွင် ကျင်းချန်းဇယ်၊ လိန်ကြွင်းနှင့် ထျယ်မိုတို့အား မြင်တွေ့ရခြင်း မရှိသည့်အတွက် ချင်းလင်၏ အမူအရာမှာ ပြောင်းလဲသွားရ၏။

စောင့်ကြည့်နေကြသော ကလန်အသီးသီးမှ အကြီးအကဲများမှာလည်း မျက်ဝန်းများ ပြူးကျယ်သွားရသည်။

လီချင်းချန်၏ပြောစကားမှာ အမှန်ဖြစ်ပုံရလေသည်။

ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း ကန်ရွှမ်းကလန်မှာ မြင့်မြတ်သောနန်းတော်အား ဖိနှိပ်နိုင်ခဲ့ပြီပင် ဖြစ်လေတော့သတည်း......

All Chapters