ဒေါသထွက်နေသောချင်းလင်
Vol. 48 Ch. 663
ပင်လယ်ရေမျက်နှာပြင်ထက်၌
ကလန်အသီးသီးမှ အကြီးအကဲများမှာ မြင့်မြတ်သောနန်းတော်၏ ရွေးချယ်ခံများအကြားတွင် ကျင်းချန်းဇယ်၊ လိန်ကြွင်းနှင့် ထျယ်မိုတို့အား မြင်တွေ့ရခြင်း မရှိသည့်အတွက် လီချင်းချန်၏စကားမှာ အမှန်တရားဖြစ်နိုင်ကြောင်း အံ့အားသင့်စွာဖြင့် စတင်လက်ခံလာရသည်။
ကန်ရွှမ်းကလန်သည် နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ၌ မြင့်မြတ်သောနန်းတော်အား ဦးချိုးနိုင်ခဲ့ပြီ ဖြစ်သည်။
သို့သော် မည်သို့ပြုလုပ်နိုင်ခဲ့ပါသနည်း....
မြင့်မြတ်သောနန်းတော်သည် အရည်အချင်းရော၊ အရေအတွက်ရောတွင် ကန်ရွှမ်းကလန်ထက် သာလွန်နေကြောင်း ကလန်အသီးသီးမှ အကြီးအကဲများအားလုံး ကောင်းစွာသိရှိထားကြသည်။ ထို့အပြင် ရှန်ဇူတိုက်ကြီး၏ ရွေးချယ်ခံများ အဆင့်သတ်မှတ်ချက်တွင်လည်း မြင့်မြတ်သောနန်းတော်မှာ ထိပ်သီးငါးဦးနေရာ၌ ကျောင်းထိုက်ရှင်း၏ နံပါတ်တစ်နေရာ အပါအဝင် သုံးနေရာအထိ ရယူထားနိုင်ခြင်း ဖြစ်သည်။
နှိုင်းယှဉ်ရမည်ဆိုပါက ရှန်ဇူတိုက်ကြီး၏ ရွေးချယ်ခံများ အဆင့်သတ်မှတ်ချက်တွင် ထိပ်သီးငါးဦးနေရာ၌ ကန်ရွှမ်းကလန်မှ ချူချင်းတစ်ဦးသာ ပါဝင်လေသည်။
မြင့်မြတ်သောနန်းတော်နှင့် ကန်ရွှမ်းကလန်အကြားရှိ ကွာဟချက်မှာ အတော်ပင် ကြီးမားလှသည်ဟု ယူဆနိုင်သည်။ ထိုသည်ကို အဘယ့်ကြောင့် မြင့်မြတ်သောနန်းတော်မှ ဆိုးရွားစွာ ရှုံးနိမ့်ခဲ့ရပါသနည်း။
ချင်းလင်မှာ အေးစက်ခက်ထန်နေသော မျက်ဝန်းများဖြင့် ကျောင်းထိုက်ရှင်းအားကြည့်ကာ ဒေါသထွက်နေဟန်ဖြင့် မေးလိုက်သည်။ "ကျောင်းထိုက်ရှင်း....ဘာတွေဖြစ်ခဲ့တာလဲ။ ကျင်းချန်းဇယ်က တကယ်ပဲ ကန်ရွှမ်းကလန်ရဲ့လက်ထဲမှာ သတ်ခံလိုက်ရတာလား။"
ကျောင်းထိုက်ရှင်းမှာ မည့်သည့်စကားမှ တုံ့ပြန်ပြောဆိုခြင်းမရှိပဲ ဆိတ်ငြိမ်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ချင်းလင်မှ အံကိုကြိတ်ကာ မေးလိုက်သည်။ "ချူချင်းက သတ်လိုက်တာလား။"
ချင်းလင်၏ အမြင်တွင်မူ ကျင်းချန်းဇယ်အား သတ်ဖြတ်နိုင်သည်အထိ အရည်အချင်းရှိသူမှာ ချူချင်းတစ်ဦးသာ ရှိသည်။ ခုန်းရှန်နှင့် လီချင်းချန် နှစ်ဦးစလုံးမှာ ကျင်းချန်းဇယ်ထက်ပို၍ အားနည်းကြသူများသာ ဖြစ်သည်။ အခြားရွေးချယ်ခံများဆိုလျှင် ထည့်၍တွေးနေရန်ပင် မလိုအပ်တော့ပေ။
ကျောင်းထိုက်ရှင်းမှာ အံကိုကြိတ်လိုက်ပြီးနောက် ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ "ဇူယွမ်လို့ခေါ်တဲ့ တပည့်ခေါင်းဆောင်က ကျင်းချန်းဇယ်ကို သတ်သွားတာပါ။ လိန်ကြွင်းနဲ့ ထျယ်မိုတို့ကိုလည်း သူပဲသတ်သွားတာ။"
ကျောင်းထိုက်ရှင်း၏စကားကြောင့် ကလန်အသီးသီးမှ အကြီးအကဲများအားလုံးမှာ အလွန်ပင် အံ့အားသင့်သွားကြရသည်။
"ကျင်းချန်းဇယ်က ရွေးချယ်ခံတစ်ယောက်လေ။ အဲ့ဒါကို ကန်ရွှမ်းကလန်ရဲ့ တပည့်ခေါင်းဆောင်တစ်ယောက်လက်ထဲမှာ သေရတယ်တဲ့လား။ ရယ်ချင်စရာပဲ။"
စောင့်ကြည့်နေသော လူများစွာ၏အမူအရာမှာ အံ့အားသင့်လွန်းလှသဖြင့် ဖြူရော်နေကြရသည်။ ခုန်းရှန် သို့မဟုတ် လီချင်းချန်၏ လက်ချက်ဖြင့် ကျင်းချန်းဇယ် အသက်ဆုံးရှုံးသွားရသည်ဆိုလျှင်ပင် ယခုလောက်ထိ အံ့သြတကြီး ဖြစ်ရလိမ့်မည် မဟုတ်ပေ။ သို့သော် တပည့်ခေါင်းဆောင်တစ်ဦး၏လက်ထဲတွင် အသက်ဆုံးရှုံးသည်အထိ ဖြစ်ခဲ့ရခြင်းက ယုံကြည်နိုင်စရာပင် မရှိပေ။
"ဇူယွမ်ဆိုတာ ဘယ်သူလဲ။ သူကဘာလို့ အဲ့လောက်ထိ အင်အားကြီးနေရတာလဲ။" အခြားကလန်များမှ အကြီးအကဲများမှာ ကန်ရွှမ်းကလန်၏ တပည့်များအား လိုက်လံကြည့်ရှုလိုက်ကြသည်။
တောင်ထွတ်ဆရာသခင်မ လျှို့လျန်းယီ၏ လှပသော မျက်ဝန်းအစုံမှာလည်း မယုံကြည်နိုင်ခြင်းများနှင့် ပြည့်နှက်နေရသည်။
"ဇူယွမ်က ကျင်းချန်းဇယ်ကို သတ်လိုက်တာလား။"
တောင်ထွတ်ဆရာသခင်မ လျှို့လျန်းယီမှာ အံ့အားသင့်စွာဖြင့် တွေးတောနေမိသည်။ သူမ၏အမြင်တွင်မူ ဇူယွမ်မှာ လူငယ်မျိုးဆက်သစ်များအကြားတွင် အလွန်ထူးချွန်ကာ အရည်အချင်းရှိသော တပည့်လေးတစ်ဦးပင် ဖြစ်သည်။ သို့သော် ရွေးချယ်ခံများနှင့် နှိုင်းယှဉ်ရမည်ဆိုပါက အနည်းငယ် လိုအပ်နေသေးသော လူငယ်လေးတစ်ဦးပင် ဖြစ်သည်။ ဇူယွမ်သည် လာမည့်နှစ်အနည်းငယ်အတွင်း၌ ချူချင်းနေရာကိုပင် အစားထိုးနိုင်လိမ့်မည်ဟု တွေးတောထားခဲ့ပါသော်လည်း ယခုလောက် မြန်မြန်ဆန်ဆန် တိုးတက်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
တောင်ထွတ်ဆရာသခင်မ လျှို့လျန်းယီမှာ အလွန်တည်ငြိမ်စွာ ရပ်နေလျက်ရှိသည့် ဇူယွမ်ဟူသည့် တပည့်ခေါင်းဆောင်လေးအား ကြည့်ရှုလိုက်သည်။
"မူလစဦး အဋ္ဌမအဆင့်...ဒီကောင်လေးရဲ့ ချီစွမ်းအင်အခြေခံအုတ်မြစ်က အရမ်းကို ကျစ်လစ်သန်မာနေပါလား။"
တောင်ထွတ်ဆရာသခင်မ လျှို့လျန်းယီမှာ အလွန်ပင် အံ့အားသင့်သွားရသည်။
ချင်းလင်မှာ ကျောင်းထိုက်ရှင်း၏စကားကြောင့် အမူအရာများ ပျက်ယွင်းသွားရသည်။ သူ၏မျက်ဝန်းများမှာလည်း မီးဟုန်းဟုန်းတောက်နေသကဲ့သို့ ဖြစ်သွားရသည်။ ရွေးချယ်ခံ သုံးဦးသည် ကန်ရွှမ်းကလန်မှ တပည့်ခေါင်းဆောင်တစ်ဦး၏လက်ထဲတွင် သေဆုံးသွားရပြီ ဖြစ်သည်။ ထိုသတင်းသာ ပျံ့နှံ့သွားပါက မြင့်မြတ်သောနန်းတော်၏ ဂုဏ်သိက္ခာမှာ အလွန်ပင် ကျဆင်းသွားရလိမ့်မည်ပင် ဖြစ်သည်။
"ဇူယွမ်...ဟုတ်လား။" ချင်းလင်မှာ ထိုအမည်အား ရင်းနှီးသလို ရှိနေသောကြောင့် မျက်ဝန်းများ ကျဉ်းမြောင်းသွားရသည်။
ဟုတ်သည်။ ထိုအမည်အား နန်းဆောင်သခင်ထံမှ ကြားခဲ့ဖူးခြင်းပင် ဖြစ်သည်။ နန်းဆောင်သခင်သည် ကျောင်းထိုက်ရှင်းတို့အား ရှန်းဟွပုံရိပ်ယောင်ကမ္ဘာသို့ သွားသောခရီးစဉ်တွင် ဇူယွမ်ဟူသော လူငယ်လေးအား မြင့်မြတ်သောနန်းတော်ထံ ဖမ်းဆီးလာရမည်ဟု တာဝန်ပေးထားခဲ့ခြင်း ဖြစ်သည်။
သို့သော် ကျောင်းထိုက်ရှင်းမှာ သူ၏တာဝန်အား ပျက်ကွက်ခဲ့ပုံ ရ၏။
ပထမ၌ ချင်းလင်သည် ဇူယွမ်အား ဖမ်းခေါ်လာရမည့် အရေးကိစ္စနှင့် ပက်သတ်၍ စိတ်ဝင်တစား မရှိခဲ့ချေ။ သူ၏အနေအထားဖြင့်ဆိုလျှင် တပည့်ခေါင်းဆောင်ဟူသောအဆင့်မှာ ပုရွက်ဆိတ်တစ်ကောင်သာသာမျှသာ ရှိသောကြောင့် ဖြစ်သည်။
ယခုတွင်မူ ဇူယွမ်ဟူသည့် အမည်မှာ သူ၏နှလုံးသားထဲတွင် တံဆိပ်ခတ်နှိပ်ထားသကဲ့သို့ ထင်ကျန်ခဲ့ရပြီ ဖြစ်သည်။
ချင်းလင်မှာ အေးစက်ခက်ထန်နေသော မျက်ဝန်းများဖြင့် ကျောင်းထိုက်ရှင်းအားကြည့်ကာ ပြောလိုက်သည်။ "အသုံးကိုမကျဘူး။ မြင့်မြတ်သောနန်းတော်ကို ပြန်ရောက်မှ မင်းနဲ့စာရင်းရှင်းမယ်။"
ထို့နောက် ချင်းလင်မှာ လျှို့လျန်းယီအားကြည့်ကာ ပြောလိုက်သည်။ "မင်းတို့ကန်ရွှမ်းကလန်က ငါတို့မြင့်မြတ်သောနန်းတော်က ရွေးချယ်ခံ သုံးယောက်ကို သတ်ရလောက်အောင်ထိ သတ္တိရှိနေတယ်ပေါ့။"
"ကန်ရွှမ်းကလန်အနေနဲ့ ဒီကိစ္စကို မဖြေရှင်းပေးဘူးဆိုရင် ငါတို့မြင့်မြတ်သောနန်းတော်က ဒီတိုင်းထားလိုက်မယ် မထင်နဲ့။"
ချင်းလင်ထံမှ ပြင်းထန်လှသော ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာသည်။
ခက်ထန်ကြမ်းတမ်းလွန်းလှသော စွမ်းအင်ဖိအားများကြောင့် ချူချင်း၊ လီချင်းချန်နှင့် အခြားသော တပည့်များ၏ အမူအရာမှာ ပြောင်းလဲသွားရသည်။ ထိုမျှပြင်းထန်သော စွမ်းအင်ဖိအားများအား ၎င်းတို့အနေဖြင့် ခံနိုင်ရည်စွမ်း မရှိပေ။ ချင်းလင်မှာ အတွေးတစ်ချက်ဖြင့်ပင် ၎င်းတို့အား ဖိနှိပ်လိုက်နိုင်ပေသည်။
ဇူယွမ်မှာလည်း ပြင်းထန်လှသော စွမ်းအင်ဖိအားများအား ခံစားလိုက်ရပြီးနောက် ယောင်ယောင်အား ဖိအားများထံမှ ကာကွယ်ပေးနိုင်ရန် ကြိုးစားလိုက်သည်။
"ချင်းလင်....နင်တော်တော်ရဲနေတယ်ပေါ့။"
တောင်ထွတ်ဆရာသခင်မ လျှို့လျန်းယီမှာလည်း ချက်ချင်းဆိုသလိုပင် ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်သည်။
ဝုန်း....
တောင်ထွတ်ဆရာသခင်မ လျှို့လျန်းယီ၏ လက်ဝါးထက်၌ ချီစွမ်းအင်များ စုဝေးဖြစ်ပေါ်လာပြီးနောက် လှပလွန်းလှသော ပွင့်လွှာချပ်တစ်ခုအသွင်သို့ ပြောင်းလဲသွားသည်။
ထိုပွင့်လွှာချပ်သည် ပြင်းထန်လွန်းလှသော ချီစွမ်းအင်များ ပါဝင်နေခြင်းဖြစ်ပြီး လှပလွန်းပါသော်လည်း အလွန်အန္တရာယ်ရှိ၏။
တောင်ထွတ်ဆရာသခင်မ လျှို့လျန်းယီ၏အနီးတွင် ရှိနေသော ဇူယွမ်တို့မှာ ပွင့်ချပ်လွှာအတွင်း ပါဝင်နေသော ချီစွမ်းအင်များထံမှ ထွက်ပေါ်နေသည့် ပြင်းထန်လှသော စွမ်းအင်ဖိအားများအား ခံစားနေရသည်။
ရင်းမြစ်အခြေတည်အဆင့်မှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလွန်းလှပေသည်။
ဖြောက်....
တောင်ထွတ်ဆရာသခင်မ လျှို့လျန်းယီမှာ လက်ဖြောက်တီးလျက် ပွင့်ချပ်လွှာအား အလင်းတန်းတစ်ခုအလား ရွေ့လျားစေလိုက်သည်။
ပွင့်ချပ်လွှာသွားရာလမ်းတလျှောက်ရှိ လေထုမှာ ဆက်တိုက်ဆိုသလို ပေါက်ကွဲပျက်စီးကုန်ရသည်။ ယင်းပွင့်ချပ်လွှာသည် မိုင်တစ်ရာပတ်လည်ရှိ တောင်တန်းများအားလုံးကို ဖျက်စီးပစ်နိုင်လောက်သည့် စွမ်းအင်မျိုး ပါဝင်နေခြင်းပင် ဖြစ်သည်။
ချင်းလင်မှာ ပွင့်ချပ်လွှာအား ကြည့်ရှုလိုက်ပြီးနောက် ခြေထောက်အားဆောင့်နင်းကာ ပြင်းထန်လှသာ ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်သည်။ တောင်တန်းတစ်ခုကဲ့သို့ လေးလံကြမ်းတမ်းလှသော ချီစွမ်းအင်များမှာ ပွင့်ချပ်လွှာနှင့် တွေ့ဆုံသွားကြတော့သည်။
ဝုန်း......
ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များ ထွက်ပေါ်လာကာ ပင်လယ်ရေပြင်တစ်ခုလုံးအား လှိုင်းထန်သွားစေသည်။
ပတ်ဝန်းကျင်ရှိ လေထုသည်လည်း ဆုတ်ပြဲပျက်စီးကုန်ရသည်။
ပင်လယ်ရေပြင်အောက်ရှိ မူလသားရဲ အတော်များများမှာ ပြင်းထန်လွန်းလှသော စွမ်းအင်လှိုင်းဂယက်များ၏ ရိုက်ခတ်မှုကြောင့် သေဆုံးကုန်ရသည်။
ရင်းမြစ်အခြေတည်အဆင့်ရှိသူနှစ်ဦး၏ တိုက်ပွဲနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း ရေကုန်ရေခမ်း တိုက်ခိုက်ခဲ့ကြသော ဇူယွမ်နှင့် အခြားသူများ၏ တိုက်ပွဲမှာ ကလေးကစားပွဲသာသာမျှသာ ရှိသည်။ အနီးတွင်ရှိနေသော ပတ်ဝန်းကျင်မှ လူများကိုသာ သက်ညှာခြင်းအလျင်းမရှိပဲ တိုက်ခိုက်ကြမည်ဆိုပါက ကောင်းကင်နှင့် ရေပြင်သည်ပင် ဇောက်ထိုးမိုးမျှော် ဖြစ်သွားလောက်သည်။
အချိန်အတော်ကြာမြင့်သွားပြီးသည့်နောက်တွင်မှ စွမ်းအင်လှိုင်းဂယက်များမှာ ဖြည်းညင်းစွာဖြင့် ပြန်လည်ပျောက်ကွယ်သွားသည်။ တောင်ထွတ်ဆရာသခင်မ လျှို့လျန်းယီနှင့် ခန်းဆောင်သခင် ချင်းလင်တို့ အကြည့်ချင်း ဆုံသွားကြ၏။
"ချင်းလင်....ငါတို့ကန်ရွှမ်းကလန်ကို လွယ်လွယ်နဲ့ အနိုင်ကျင့်လို့ရမယ်များ မှတ်နေလား။" တောင်ထွတ်ဆရာသခင်မ လျှို့လျန်းယီမှ အေးစက်စွာ စကားဆိုလိုက်သည်။
ချင်းလင်မှ မျက်မှောင်ကျုံ့ကာ ပြောလိုက်သည်။ "တောင်ထွတ်ဆရာသခင်မ လျန်းယီ...မင်းတို့ရဲ့ ကန်ရွှမ်းကလန်ကို အခုအချိန်ထိ အရင်တုန်းကလို အခြေအနေရှိသေးတယ်လို့ ထင်နေသေးတာလား။ ငါ့တပည့်တွေကို သတ်သွားတဲ့ကောင်လေးကို မပေးဘူးဆိုရင် ဒီနေရာကနေ ပြန်ဖို့မစဉ်းစားနဲ့။"
မြင့်မြတ်သောနန်းတော်မှာ ဂုဏ်သိက္ခာများစွာ ကျဆင်းခဲ့ရပြီး ဖြစ်သည်။ ထို့ကြောင့် ချင်းလင်သည် မည်သည့်နည်းလမ်းကိုပင် အသုံးပြုရပါစေ ဇူယွမ်ဟူသောကောင်လေးအား မြင့်မြတ်သောနန်းတော်ထံ အပါခေါ်သွားရတော့မည်ပင် ဖြစ်သည်။
"တောင်ထွတ်ဆရာသခင်မ လျန်းယီ.....ဒီကိစ္စကို သေချာစဉ်းစားစေချင်တယ်။ တပည့်ခေါင်းဆောင် တစ်ယောက်ကြောင့်နဲ့ ကန်ရွှမ်းကလန်နဲ့ မြင့်မြတ်သောနန်းတော်ကြားမှာရှိတဲ့ ဆက်ဆံရေးကို မဖျက်စီးပစ်သင့်ဘူး။ အဲ့ဒါက မင်းတို့ကန်ရွှမ်းကလန်အတွက် ဘာကောင်းကျိုးမှ ရှိစေမှာမဟုတ်ဘူး။" ချင်းလင်မှ ခြိမ်းခြောက်စကားပြောဆိုလိုက်သည်။
ဇူယွမ်မှ မည်သည့်စကားမှ မပြောရသေးခင်မှာပင် နူးညံ့အေးစက်သော လက်ဝါးတစ်ဖက်မှ သူ၏လက်အား ဆုပ်ကိုင်လာလေသည်။
ဇူယွမ်မှ လှည့်ကြည့်လိုက်သောအခါတွင် တည်ငြိမ်သောအမူအရာဖြင့် ကြည့်ရှုနေသော ယောင်ယောင်အား တွေ့ရှိလိုက်ရသည်။ ယောင်ယောင်မှာ ဇူယွမ်နားသို့ကပ်ကာ တိုးညင်းစွာ ပြောလိုက်သည်။ "စိတ်မပူနဲ့နော်။ နင့်ကိုဘယ်သူမှ ခေါ်သွားလို့ မရစေရဘူး။"
ဇူယွမ်မှာ အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်ပြီးနောက် မည်သည့်စကားမှမဆိုပဲ ယောင်ယောင်၏လက်ကိုသာ တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။
ငါကတကယ် လုံလောက်အောင် မသန်မာသေးဘူးပဲ......ငါသာလုံလောက်အောင် သန်မာရင် ချင်းလင်ကို တစ်ခါတည်း သတ်ပစ်လိုက်လို့ရမှာ.....အဲ့လိုသာဆို မြင့်မြတ်သောနန်းတော်ကလည်း ဘာမှပြောနိုင်တော့မှာ မဟုတ်ဘူး.....
တောင်ထွတ်ဆရာသခင်မ လျှို့လျန်းယီမှာ ချင်းလင်အား အေးစက်စွာ ကြည့်ရှုလိုက်ပြီးနောက် သူမ၏ မျက်ခုံးနှစ်ခုအကြားမှ လင်းလက်နေသော မှော်စာလုံးတစ်ခု ထွက်ပေါ်လာသည်။
လူတိုင်းမှာ တောင်ထွတ်ဆရာသခင်မ လျှို့လျန်းယီ၏ ခန္ဓာကိုယ်ထံမှ မမြင်နိုင်သော လောကသစ်တစ်ခု ထွက်ပေါ်လာသကဲ့သို့ ခံစားလိုက်ရသည်။
"လောကကိုကြီးစိုးခြင်းလား...."
ကလန်အသီးသီးမှ အကြီးအကဲများအားလုံးမှာ အံ့အားသင့်သွားကြရသည်။
တောင်ထွတ်ဆရာသခင်မ လျှို့လျန်းယီမှာ အေးစက်ခက်ထန်သော မျက်ဝန်းများဖြင့် ချင်းလင်အားကြည့်ကာ ပြောလိုက်သည်။ "နင်က ငါ့ရဲ့တပည့်ကို လိုချင်တယ်ပေါ့လေ ဟုတ်လား။"
"ချင်းလင်....နင်တို့မြင့်မြတ်သောနန်းတော်က အရမ်းတိုက်ခိုက်ချင်တယ်ဆိုမှတော့ ငါတို့တိုက်ခိုက်ကြတာပေါ့။"