အင်အားရှိသူကသာ အရာရာကို ဆုံးဖြတ်သည်
Vol. 4 Ch. 36
“နင် ဘာလုပ်ဖို့ ကြံနေတာလဲ"
လင်ယန်ရွှယ် သည် လင်ချွမ်ကို ထိတ်လန့်တကြား ကြည့်လိုက်သည်။
သူမသည် အမျိုးသားများ၏ အတွေးကို ကောင်းကောင်းနားလည်သည်။
ဟယ်ဟွမ်းဂိုဏ်းရှိ ကျွန်ယောက်ျားတိုင်းသည် အမျိုးသမီးများကို တပ်မက်ကြသည်။
သူတို့အားလုံးသည် ယုတ်မာသူများသာ ဖြစ်ကြသည်။
သူမ၏ အလှအပနှင့်ဆိုလျှင် ဆွဲဆောင်မှုအတတ်ကို မသုံးလျှင်ပင် အမျိုးသားပေါင်းများစွာကို ဆွဲဆောင်စေနိုင်သည်။
လင်ချွမ်သည် အသက် ၁၈ နှစ်အရွယ် သွေးကြွနေသော လူငယ်တစ်ဦးသာ ဖြစ်ရာ ဤကဲ့သို့ ရိုင်းစိုင်းသော အတွေးမျိုး ရှိနေမည်မှာ မဆန်းဟု သူမ ထင်နေမိသည်။
သို့သော် သေချာကြည့်လျှင် လင်ချွမ်သည် အတော်ပင် ခန့်ညားလှသည်။
ထက်မြက်သော မျက်ခုံးအစုံနှင့် တောက်ပသော မျက်လုံးများမှာ ဆွဲဆောင်မှုရှိပြီး လျှို့ဝှက်ချက်များ ပြည့်နှက်နေသကဲ့သို့ပင်။
ထို့ပြင် ဤမျှ ငယ်ငယ်ရွယ်ရွယ်နှင့် ပထမအဆင့် ထက်ပင် သာလွန်သော ကျင့်ကြံမှု ရှိနေခြင်းမှာ နှစ်ပေါင်းတစ်ထောင်တွင် တစ်ယောက်ပေါ်ခဲသည့် ပါရမီရှင်ပင် ဖြစ်သည်။
ဤကဲ့သို့သော အမျိုးသားနှင့် အတူတူ ကျင့်ကြံရခြင်းမှာ ကံကောင်းခြင်းတစ်ခုပင် ဖြစ်နိုင်သည်။
“ဟမ်"
“ငါ ဘာတွေ လျှောက်တွေးနေတာလဲ"
“သူက ငါ့တပည့် စုမေ့အာကို ဖမ်းထားတဲ့ ဝူတန်တပည့်လေ။ ငါ့ဂိုဏ်းနဲ့ သူက ရန်သူတွေပဲ"
လင်ယန်ရွှယ်သည် သူမ၏ စိတ်ကူးယဉ်မှုများကို ဖယ်ထုတ်ရန် ခေါင်းကို အပြင်းအထန် ခါလိုက်သည်။
“ဖြောက်!"
လင်ချွမ်က လက်ဖျောက်တစ်ချက် တီးလိုက်သည်။ လင်ယန်ရွှယ်သည် သူမ၏ ခန္ဓာကိုယ်မှာ
ရုတ်တရက် အားအင်ကုန်ခမ်းသွားသလို ခံစားလိုက်ရပြီး မြေပြင်သို့ ကျဆင်းသွားတော့သည်။
ကံကောင်းထောက်မစွာဖြင့် သူမသည် ကျင့်ကြံမှု မြင့်မားသူဖြစ်ရာ အတွင်းအားကို ချက်ချင်း ပြန်လည်လှုံ့ဆော်ပြီး လေထဲတွင် ပြန်လည် ထိန်းသိမ်းနိုင်ခဲ့သည်။
“ငါ ထွက်ပြေးသွားမှာကို နင် မကြောက်ဘူးလား?” လင်ယန်ရွှယ်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ကြောက်စရာ လိုလို့လား"
လင်ချွမ်က အသာအယာ ရယ်မောရင်း အေးဆေးစွာ ပြောလိုက်သည်။
“ငါ့ကို ယုံစမ်းပါ၊ မင်း ဘယ်လိုမှ ထွက်မပြေးနိုင်ပါဘူး။ အနည်းဆုံးတော့ အခု မင်းရဲ့ ကျင့်ကြံမှု အဆင့်နဲ့ဆိုရင် လွတ်ဖို့ အခွင့်အရေး မရှိဘူး"
ဒါကတော့ အထွတ်အထိပ်အဆင့်ကို ခြေတစ်ဖက် နင်းထားသူ၏ ယုံကြည်ချက်ပင် ဖြစ်သည်။
လင်ယန်ရွှယ် တံတွေးတစ်ချက် မျိုချလိုက်မိသည်။ သူမသည် လင်ချွမ်း၏ အစွမ်းကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရပြီး ဖြစ်ရာ သံသယမရှိပေ။
လင်ချွမ် မည်မျှအထိ ကြောက်စရာကောင်းသော အဆင့်သို့ ရောက်နေသည်ကို သူမ မသိသော်လည်း၊ ပထမအဆင့် ဖြစ်သော သူမသည်ပင် ခုခံနိုင်စွမ်း မရှိခဲ့ပေ။
"အတိုင်းအဆမရှိ ကျွမ်းကျင်သူ" ဟုသာ လင်ယန်ရွှယ်က လင်ချွမ်းကို အကဲဖြတ်လိုက်သည်။
“ငါနဲ့ လိုက်ခဲ့"
လင်ချွမ်သည် လက်နှစ်ဖက်ကို နောက်ပစ်လျက် လေကိုနင်းကာ ရှောင်းယောက် တောင်ထိပ်ဆီသို့ ပျံသန်းသွားသည်။
လင်ယန်ရွှယ်လည်း မဆိုင်းမတွဘဲ နောက်မှ လိုက်သွားတော့သည်။
သူတို့ ထွက်ခွာသွားပြီးနောက် ဝူတန်တောင်ခြေတွင် ပြန်လည် အေးချမ်းသွားသည်။
ခဏအကြာတွင် ကျောင်းထိုင်ဆရာတော်နှင့် အကြီးအကဲများသည် တပည့်များကို ဦးဆောင်ကာ ရောက်ရှိလာကြသည်။
လေပြင်းများကြောင့် ပျက်စီးနေသော မြက်ခင်းပြင်ကို ကြည့်ကာ အားလုံး သက်ပြင်းချလိုက်ကြသည်။
“ဒီမှာ ဘယ်လိုတိုက်ပွဲမျိုး ဖြစ်ခဲ့တာလဲ"
လင်ရှောင်က ရေရွတ်လိုက်သည်။
“ဒါဟာ ပထမအဆင့် တွေရဲ့ တိုက်ပွဲပဲ ဖြစ်ရမယ်"
ဆရာတော်က လေးနက်သော မျက်နှာဖြင့် ဆိုသည်။
သို့သော် ပထမ အဆင့်နှစ်ဦး ဝူတန်တောင်ခြေတွင် အဘယ်ကြောင့် ရုတ်တရက် ပေါ်လာသနည်း။ သူတို့ကရော ဘယ်သူတွေလဲ။ တိုက်ပွဲအပြီး ဘယ်ကို ရောက်သွားကြသလဲ။ မည်သူမျှ မသိပေ။
“လင်ချွမ်ရော ဘယ်မှာလဲ"
တစ်ဦးက အော်မေးလိုက်သည်။
ထိုအခါမှ လူတိုင်းက နွားကျောင်းသားလေး လင်ချွမ် ရှိနေသည်ကို သတိရသွားကြသည်။
ဆရာတော်၏ အမိန့်အရ တပည့်များ လိုက်ရှာကြသောအခါ နွားကျောင်းသား မရှိတော့ဘဲ ရေကျွဲကြီးများကိုသာ ပြန်တွေ့ကြရသည်။
“ဟူး..လင်ချွမ်ရဲ့ ဘဝက တကယ်ကို သနားစရာ ကောင်းပါတယ်။ သိုင်းအခြေခံမရှိလို့ ပညာလည်း မသင်ခဲ့ရဘူး။ သူ့ရဲ့ တစ်ဦးတည်းသော သူငယ်ချင်းကလည်း သစ္စာဖောက်ပြီး သေသွားတယ်။ အခုလည်း ဒီဘေးဒုက္ခကြောင့် သေသွားရှာပြီ"
ဆရာတော်က သက်ပြင်းချရင်း မြေကြီးတစ်ဆုပ်ကို ကောက်ယူကာ တပည့်ဖြစ်သူကို ပေးလိုက်သည်။
“သူ့ရဲ့ အလောင်းကို ရှာမတွေ့တော့တာမို့ ဒီမြေကြီးနဲ့ပဲ အထိမ်းအမှတ် ဂူလေးတစ်ခု လုပ်ပေးလိုက်ပါ။ နောက်ဘဝမှာတော့ မိသားစုကောင်းမှာ လူပြန်ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ကြစို့"
ရှောင်းယောက် တောင်ထိပ်တွင်။
ဂူကျောင်းဆောင်ကို စောင့်ကြပ်နေသော ယင်ဟွိုက်ယွီသည် ကောင်းကင်ကို ကြည့်နေစဉ် ပုံရိပ်နှစ်ခု ပျံသန်းလာသည်ကို တွေ့လိုက်ရသဖြင့် ဝမ်းသာအားရ ကြိုဆိုလိုက်သည်။
“အကြီးအကဲ"
ယင်ဟွိုက်ယွီက ရှေ့သို့တိုးကာ နှုတ်ဆက်လိုက်သည်။
ထိုအခါမှ လင်ချွမ်နောက်မှ လှပသော အမျိုးသမီးကို သူသတိပြုမိသည်။
စုမေ့အာနှင့် ကျန့်ခွေတို့ ပြောနေသော ဟယ်ဟွမ်းဂိုဏ်းချုပ် ဖြစ်မည်ဟု သူ ချက်ချင်း ကောက်ချက် ချလိုက်သည်။
“မိစ္ဆာမ"
ယင်ဟွိုက်ယွီ သတိရှိရှိဖြင့် အော်လိုက်သည်။
“ရပါတယ်"
လင်ချွမ်းက လက်ဝှေ့ယမ်းကာ ပြောသည်။
"သူမက ထပ်ပြီးတော့ ပြဿနာရှာရဲမှာ မဟုတ်ဘူး"
၎င်းကို ကြားသောအခါ လင်ယန်ရွှယ်က မကျေမနပ် နှာခေါင်းရှုံ့လိုက်သည်။
သို့သော် ယင်ဟွိုက်ယွီကမူ သတိနှင့် သူ့အား အကဲခတ်နေသည်။
လင်ယန်ရွှယ်သည် ပထမအဆင့် သိုင်းပညာရှင်အဖြစ် နတ်ဆိုးဂိုဏ်းများ ကြားတွင် ကျော်ကြားသူ မဟုတ်ပါလား။
“သခင်မ"
ဂူအတွင်းမှ စုမေ့အာ၏ တုန်ရင်နေသော အသံ ထွက်ပေါ်လာသည်။
သူမသည် သူ့သခင်မ၏ အသံကို ကြားသည်နှင့် ချက်ချင်း အော်ခေါ်လိုက်ခြင်း ဖြစ်သည်။
လင်ယန်ရွှယ်လည်း စိုးရိမ်တကြီးဖြင့် ပြန်ထူးလိုက်သည်။
သူမသည် စုမေ့အာအတွက် စိတ်ပူနေသော်လည်း စိတ်လိုက်မာန်ပါ မလုပ်ဘဲ လင်ချွမ်ကို ကြည့်လိုက်သည်။ လင်ချွမ်က ခေါင်းငြိမ့်ြပမှသာ ဂူထဲ ပြေးဝင်သွားသည်။
“အကြီးအကဲ၊ လင်ယန်ရွှယ်က သူ့တပည့်ကို ခေါ်ပြီး ထွက်ပြေးသွားမှာကို မစိုးရိမ်ဘူးလား"
ယင်ဟွိုက်ယွီက မေးလိုက်သော်။
လင်ချွမ်းက အေးဆေးစွာ ပြုံးလျက်-
"ငါက ဒီကို ခေါ်လာရဲမှတော့ မကြောက်လို့ပေါ့"
ဟု ဆိုကာ ဂူထဲသို့ ဝင်သွားသည်။
ဂူအတွင်း၌ စုမေ့အာနှင့် ကျန့်ခွေတို့မှာ ကုလားထိုင်တွင် ခိုင်မြဲစွာ ချည်နှောင်ခံထားရသည်။
ထို့ပြင် လင်ချွမ်က သူတို့၏ အတွင်းအားများကိုလည်း ပိတ်ဆို့ထားသဖြင့် သာမန်လူနှင့် မခြား ဖြစ်နေသည်။
သူတို့တွင် ဒဏ်ရာအချို့လည်း ရှိနေသော်လည်း အသက်အန္တရာယ်တော့ မရှိပေ။
“မေ့အာကို ငါပြန်ခေါ်သွားမယ်။ နင့်ရဲ့ အပေးအယူကို ပြော"
လင်ယန်ရွှယ်က တိုက်ရိုက်ပြောလိုက်သည်။
သူမသည် လင်ချွမ်ကို မယှဉ်နိုင်သဖြင့် အကျိုးအမြတ်တစ်ခု ပေးကာ လူပြန်ရွေးရန် ကြိုးစားခြင်း ဖြစ်သည်။
ကျန့်ခွေ၏ အသက်ကိုမူ သူမ ဂရုမစိုက်ပေ။
“ဟား" လင်ချွမ်းက ခေါင်းခါလိုက်ပြီး-
“အဲဒီလောက် လွယ်မယ် ထင်နေတာလား၊ ငါ မင်းကို ဒီခေါ်လာတာက လူပြန်ရွေးဖို့ မဟုတ်ဘူး။
"ငါ့ကို ကတိတစ်ခုပဲ ပေးရမယ်။ ပြီးတော့ စုမေ့အာက ဝူတန်တောင်မှာပဲ ဆက်နေရမယ်"
ဤစကားကြောင့် အားလုံး အံ့အားသင့်သွားကြသည်။
ယင်ဟွိုက်ယွီပင်လျှင် လင်ချွမ် ဤမျှ ရက်စက်လိမ့်မည်ဟု မထင်ခဲ့ပေ။ လူကိုလည်း ထားခဲ့ရမည်၊ အပေးအယူလည်း လုပ်ရမည်။ ဒါဟာ အရာအားလုံးကို လိုချင်သည့် သဘောပင်။
“ဘာအကြောင်းပြချက်နဲ့လဲ"
လင်ယန်ရွှယ်က သွားကြိတ်ကာ မေးလိုက်သည်။
“ဒီအကြောင်းပြချက်နဲ့ပေါ့" လင်ချွမ်က သူ၏ လက်သီးကို မြှောက်ပြလိုက်သည်။
လင်ယန်ရွှယ် နားလည်သွားသည်။
သူမကို ဤနေရာသို့ ခေါ်လာကတည်းက ဓားစာခံမှာ စုမေ့အာတို့နှစ်ယောက်တည်း မဟုတ်တော့ဘဲ သူမပါ အပါအဝင် သုံးယောက် ဖြစ်သွားပြီဖြစ်သည်။
လင်ချွမ်သည် သူမကို အချိန်မရွေး ပိတ်လှောင်ထားနိုင်သည်။
သိုင်းလောကတွင်ငွေကြေးထက် လက်သီးကသာ အရာရာကို ဆုံးဖြတ်သည်။
(TN note - အင်အားကြီးသူကသာလျှင်
အဆုံးအဖြတ် လုပ်နိုင်တယ်လို့ ဆိုလိုချင်တာပါ။
လင်ချွမ်က သူတို့ထက် ကျင့်ကြံရေး အဆင့်မြင့်မားတာကြောင့် သူ့သဘောအတိုင်း အကုန် လိုက်လုပ်ပေးရတာပါ)
“နင် နိုင်ပါတယ်"
လင်ယန်ရွှယ် ဒေါသတကြီး တုန်ရင်နေသော်လည်း ဘာမှမတတ်နိုင်ပေ။
“ပြော... နင် တကယ် ဘာလိုချင်တာလဲ"