အယောင်ပြလောကကိုကြီးစိုးခြင်း
Vol. 48 Ch. 664
ဝုန်း....
မမြင်နိုင်သော လောကသစ်တစ်ခုမှာ တောင်ထွတ်ဆရာသခင်မ လျှို့လျန်းယီထံမှ ထွက်ပေါ်လာသောကြောင့် စောင့်ကြည့်နေကြသော ကလန်အသီးသီးမှ အကြီးအကဲများအားလုံး အံ့အားသင့်သွားကြရသည်။
တပည့်များအနေဖြင့် လောကကိုကြီးစိုးခြင်းအဆင့်သည် မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းနိုင်ကြောင်း မသိရှိနိုင်ပါသော်လည်း ၎င်းတို့အနေဖြင့် ယင်းသို့မသိရှိနိုင်စရာ အကြောင်းမရှိပေ။
တောင်ထွတ်ဆရာသခင်မ လျှို့လျန်းယီ အသုံးပြုနေသည်မှာ လောကကိုကြီးစိုးခြင်းအဆင့်သို့ ရောက်ရှိပြီးသူများသာ ပြုလုပ်နိုင်သည့် လောကသစ်တစ်ခုပင် ဖြစ်သည်။
လောကကိုကြီးစိုးခြင်းအဆင့်သို့ ရောက်ရှိနေသူမှာ ၎င်းတို့ပြုလုပ်ထားသော လောကသစ်၏ ဘုရားသခင်ပင် ဖြစ်သည်။ ထိုလောကအတွင်းသို့ ရောက်ရှိသွားသူမှာ ချီစွမ်းအင်များ ဖိနှိပ်ခံရမည်ဖြစ်ပြီး စွမ်းအင်တဝက်မျှပင် အသုံးပြုနိုင်လိမ့်မည် မဟုတ်ပေ။ ပြင်ပကမ္ဘာတွင် ရှိနေသော ချီစွမ်းအင်များကိုလည်း စုပ်ယူ၍ရနိုင်မည် မဟုတ်ပဲ ပြင်ပကမ္ဘာနှင့် အဆက်သွယ် ဖြတ်တောက်ခံရလိမ့်မည်ပင် ဖြစ်သည်။ ထို့အပြင် တိုက်ပွဲစွမ်းရည်များလည်း များစွာလျှော့ချခံရလိမ့်မည် ဖြစ်သည်။
လောကကိုကြီးစိုးခြင်းအဆင့်သို့ ရောက်ရှိသွားသူအနေဖြင့် ရင်းမြစ်အခြေတည်အဆင့်ရှိသူတစ်ဦးအား သတ်ဖြတ်ရန် လွယ်ကူလွန်းလှပေသည်။
လောကကိုကြီးစိုးခြင်းအဆင့်ရှိသူတစ်ဦးအား အဆင့်ချင်းတူသူ အချင်းချင်းသာ ပြန်လည်တိုက်ခိုက်နိုင်ပေလိမ့်မည်။
လောကကိုကြီးစိုးခြင်းအဆင့်သို့ ရောက်ရှိနေသူမှာ အင်အားကြီးကလန်ကြီး ခြောက်ခုအတွင်း၌ပင် လွန်စွာရှားပါးလှသည်။ ကန်ရွှမ်းကလန်တွင်မူ ကလန်ခေါင်းဆောင် ချင်းယန်တစ်ဦးသည်သာ လောကကိုကြီးစိုးခြင်း အထွတ်အထိပ်အဆင့်သို့ ရောက်ရှိထားသူ ဖြစ်သည်။
တောင်ထွတ်ဆရာသခင်မ လျှို့လျန်းယီသည်လည်း လောကကိုကြီးစိုးခြင်းအဆင့်သို့ ရောက်ရှိသွားပြီလား....
ချင်းလင်မှာ လျှို့လျန်းယီထံမှ ထွက်ပေါ်လာသော လောကသစ်အား မြင်တွေ့လိုက်ရသောအခါ၌ မျက်ဝန်းများ ကျဉ်းမြောင်းသွားရသည်။ ချင်းလင်မှာ လောကသစ်၏ ဖိနှိပ်ခြင်းအား ခံလိုက်ရပြီးနောက် ချီစွမ်းအင်များအား စိတ်ရှိသလို အသုံးပြု၍ မရနိုင်တော့ပေ။
ချင်းလင်မှာ အလျင်အမြန် သဘောပေါက်သွားပြီးနောက် လက်အားခါယမ်းကာ ခန္ဓာကိုယ်ထံမှ အလင်းတန်းများ ထွက်ပေါ်စေလျက် သလင်းကျောက်ကဲ့သို့ ကြည်လင်သောအသွင်အဖြစ် ပြောင်းလဲလိုက်သည်။
ထို့နောက် ချီစွမ်းအင်များအား ထွက်ပေါ်စေကာ မြင့်မြတ်သောနန်းတော်မှ တပည့်များအား သူနှင့်အတူ ရစ်ပတ်လွှမ်းခြုံစေလျက် လောကသစ်၏ ဖိနှိပ်ခံရခြင်းမှ လွတ်ကင်းသောနေရာသို့ ပို့ဆောင်ပေးလိုက်သည်။
"အဟက်...တောင်ထွတ်ဆရာသခင်မ လျှို့လျန်းယီ မင်းရဲ့ အယောင်ပြ လောကကိုကြီးစိုးခြင်းနဲ့ ဘာလုပ်လို့ရမယ် ထင်နေတာလဲ။"
ပထမ၌ ချင်းလင်သည် တောင်ထွတ်ဆရာသခင်မ လျှို့လျန်းယီအား လောကကိုကြီးစိုးခြင်းအဆင့်သို့ အမှန်တကယ် ရောက်ရှိနေပြီဟု ထင်မှတ်မှားခဲ့သည်။ ထိုသည်သာ အမှန်ဖြစ်ခဲ့ပါက အခြေအနေမှာ အလွန်ပင် အန္တရာယ်များပေသည်။ သို့သော် အသေအချာ သုံးသပ်ကြည့်မည်ဆိုပါက တောင်ထွတ်ဆရာသခင်မ လျှို့လျန်းယီ၏ လောကငယ်မှာ အစစ်အမှန် လောကကိုကြီးစိုးခြင်းအဆင့်ရှိသူ၏ လောကလောက် စွမ်းအင်မပြင်းထန်သည်ကို တွေ့ရှိရလိမ့်မည် ဖြစ်သည်။
ချင်းလင်မှာ တောင်ထွတ်ဆရာသခင်မ လျှို့လျန်းယီသည် ၎င်းတို့အား လှည့်စားနေခြင်းဖြစ်ကြောင်း အလျင်အမြန် သိရှိသွားခဲ့သည်။
ကလန်အသီးသီးမှ အကြီးအကဲများမှာလည်း ချင်းလင်၏စကားကြောင့် အံ့အားသင့်သွားရပြီးနောက် နဖူးထက်မှ ချွေးစေးများအား သုတ်ပစ်လိုက်ကြသည်။ တောင်ထွတ်ဆရာသခင်မ လျှို့လျန်းယီသာ လောကကိုကြီးစိုးခြင်းအဆင့်သို့ အမှန်တကယ် ရောက်ရှိနေပြီဆိုပါက ကန်ရွှမ်းကလန်၏ အင်အားမှာလည်း တမုဟုတ်ချင်းကြီးမားလာလိမ့်မည်ပင် ဖြစ်သည်။
သို့သော် တောင်ထွတ်ဆရာသခင်မ လျှို့လျန်းယီမှာ အယောင်ပြ လောကကိုကြီးစိုးခြင်းအား ထုတ်ပြနိုင်ပြီဖြစ်သောကြောင့် ရင်းမြစ်အခြေတည်အဆင့်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိနိုင်သည်။ ပြောရမည်ဆိုလျှင် တောင်ထွတ်ဆရာသခင်မ လျှို့လျန်းယီမှာ လောကကိုကြီးစိုးခြင်းအဆင့်အား စတင်၍ နားလည်စပြုနေပြီပင် ဖြစ်သည်။ ကန်ရွှမ်းကလန်တွင်ရှိသော ရင်းမြစ်အခြေတည်အဆင့်သို့ ရောက်ရှိနေသူများအကြားတွင် တောင်ထွတ်ဆရာသခင်မ လျှို့လျန်းယီမှာ အထူးချွန်ဆုံးပင် ဖြစ်နိုင်သည်။
ဇူယွမ်နှင့် အခြားတပည့်များမှာလည်း တောင်ထွတ်ဆရာသခင်မ လျှို့လျန်းယီအားကြည့်ကာ အလွန်အံ့အားသင့်နေမိကြသည်။ လောကကိုကြီးစိုးခြင်း အဆင့်ရှိသူတစ်ဦး၏ စွမ်းအင်မှာ အလွန်ပင် ကြောက်မက်ဖွယ်ရာကောင်းလှပေသည်။
တောင်ထွတ်ဆရာသခင်မ လျှို့လျန်းယီမှာ အတွေးတစ်ချက်ဖြင့်ပင် ၎င်းတို့အကုန်လုံးအား ပေါက်ကွဲသေဆုံးသွားအောင် လုပ်နိုင်သည်။
"ဒါကလောကကိုကြီးစိုးခြင်းလား။" ဇူယွမ်မှာ အံ့သြထိတ်လန့်စွာဖြင့် ရေရွတ်လိုက်သည်။ တောင်ထွတ်ဆရာသခင်မ လျှို့လျန်းယီထံမှ ထွက်ပေါ်နေသော စွမ်းအင်ဖိအားများမှာ ခန့်မှန်းထားသည်ထက်ပင် ကြောက်မက်ဖွယ်ကောင်းနေသည်။
"တောင်ထွတ်ဆရာသခင်မ လျှို့လျန်းယီက အစစ်အမှန် လောကကိုကြီးစိုးခြင်းအဆင့်ကို မရောက်သေးဘူး။ ကောင်းကင်ဘုံနေမင်းအဆင့်ရှိတဲ့ သူတွေကိုတော့ သူမလောကနဲ့ စိတ်ရှိသလို ဖိနှိပ်လို့ရလိမ့်မယ်။ ဒါပေမယ့် ရင်းမြစ်အခြေတည်အဆင့်ရှိသူတွေကတော့ သူမရဲ့ဖိနှိပ်မှုကနေ လွတ်မြောက်နိုင်မှာပဲ။" လီချင်းချန်မှာ အခြေအနေများအား သေချာစွာ လေ့လာသုံးသပ်နေလျက် ရှိသည်။
"အယောင်ပြ လောကကိုကြီးစိုးခြင်းအဆင့်ဆိုရင်တောင် တော်တော်အစွမ်းထက်နေပြီ။ ရင်းမြစ်အခြေတည်အဆင့်က အယောင်ပြ လောကကိုကြီးစိုးခြင်းအဆင့်ရဲ့ ဖိနှိပ်ခြင်းကနေ ရုန်းထွက်လွတ်မြောက်နိုင်တယ်ဆိုပေမယ့် ငါတို့တောင်ထွတ်ဆရာသခင်မကို တိုက်ခိုက်ရဲမှာတော့ မဟုတ်ဘူး။ မဟုတ်ရင် သူတို့သေသွားနိုင်တယ်။"
ဇူယွမ်မှ လီချင်းချန်အား ခေါင်းညိတ်ပြလိုက်သည်။ ထို့ကြောင့် ချင်းလင်မှာ လောကသစ်အားမြင်တွေ့လိုက်ရသည်နှင့်တစ်ပြိုင်နက် အလျင်အမြန် ပျံသန်းထွက်ပြေးသွားခြင်း ဖြစ်ပေလိမ့်မည်။
စောင့်ကြည့်နေသော အကြည့်များစွာ၏အောက်၌ပင် တောင်ထွတ်ဆရာသခင်မ လျှို့လျန်းယီမှာ ချင်းလင်အားကြည့်ကာ ပြောလိုက်သည်။ "ငါ့ရဲ့တပည့်ကို မဖမ်းတော့ဘူးလား။ ဘာလို့ထွက်ပြေးနေရတာလဲ။"
ချင်းလင်၏ အမူအရာမှာ ပြောင်းလဲသွားရပြီးနောက် အေးစက်စွာ စကားဆိုလိုက်သည်။ "တောင်ထွတ်ဆရာသခင်မ လျှို့လျန်းယီ ငါမင်းရဲ့ အယောင်ပြ လောကကိုကြီးစိုးခြင်းကို ကြောက်မယ်မထင်နဲ့။ ငါတို့သာ တကယ်တိုက်မယ်ဆိုရင် မင်းရဲ့ အယောင်ပြ လောကကိုကြီးစိုးခြင်းက ဘယ်လောက်မှ ခံမှာမဟုတ်ဘူး။"
"အဲ့ဒါဆို ဘာလို့ငါ့ကို လာမတိုက်ခိုက်တာလဲ။" တောင်ထွတ်ဆရာသခင်မ လျှို့လျန်းယီမှ ပြုံးကာမေးလိုက်သည်။
ချင်းလင်မှာ အမူအရာ ပျက်ယွင်းသွားရသည်။ သူသည် တောင်ထွတ်ဆရာသခင်မ လျှို့လျန်းယီအား ကြောက်လန့်ခြင်း မရှိပါသော်လည်း အယောင်ပြ လောကကိုကြီးစိုးခြင်းအား ဖန်တီးနိုင်သည်အထိ စွမ်းအားကြီးနေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ ၎င်းတို့သာ အမှန်တကယ် တိုက်ခိုက်ခဲ့ပါက တောင်ထွတ်ဆရာသခင်မ လျှို့လျန်းယီမှာ အသာစီးရသွားလိမ့်မည်ပင် ဖြစ်သည်။
"တောင်ထွတ်ဆရာသခင်မ လျှို့လျန်းယီ မင်းတို့ကန်ရွှမ်းကလန်က ဘာမဟုတ်တဲ့ တပည့်ခေါင်းဆောင်လေးတစ်ယောက်အတွက် ငါတို့မြင့်မြတ်သောနန်းတော်ရဲ့ ရန်သူအဖြစ်ခံတော့မလို့လား။" ချင်းလင်မှ မျက်မှောင်ကျုံ့ကာ ပြောလိုက်သည်။
"ကန်ရွှမ်းကလန်နဲ့ မြင့်မြတ်သောနန်းတော်ရဲ့ ဆက်ဆံရေးက အရင်ကတည်းက ဆိုးရွားနေတာ မဟုတ်ဘူးလား။ ချင်းလင်....ငါ့ရဲ့အချိန်တွေကို လာဖြုန်းမနေနဲ့တော့။ ငါ့စိတ်ထဲမှာ ကန်ရွှမ်းကလန်ရဲ့ တပည့်တွေအားလုံးက ငါ့ရဲ့သားသမီးတွေပဲ။ ငါ့ရဲ့သားတပည့်တစ်ယောက်ချင်းစီက နင်တို့မြင့်မြတ်သောနန်းတော်က နန်းဆောင်သခင်ထက်တောင် ငါ့အတွက် အရေးကြီးတယ်။"
"နင်ကမြင့်မြတ်သောနန်းတော်ကိုယ်စား တိုက်ခိုက်ချင်တယ်ဆိုရင်လည်း ကန်ရွှမ်းကလန်ရဲ့ကိုယ်စား ငါကတာဝန်ယူပြီး တိုက်ခိုက်မယ်။ ကန်ရွှမ်းကလန်မှာ တစ်ယောက်ပဲ ကျန်တော့မယ်ဆိုရင်တောင် အဲ့လူက မြင့်မြတ်သောနန်းတော်ကို အဆုံးထိ တိုက်ခိုက်နေမှာပဲ။"
တောင်ထွတ်ဆရာသခင်မ လျှို့လျန်းယီ၏ မျက်ဝန်းများမှာ စူးရှနေလျက်ရှိပြီး သူမ၏အကြည့်များမှာ ကြက်သီးမွှေးညှင်းများပင် ထရလောက်အောင် ကြောက်မက်ဖွယ်ကောင်းနေသည်။
ကလန်အသီးသီးမှ အကြီးအကဲများမှာလည်း တောင်ထွတ်ဆရာသခင်မ လျှို့လျန်းယီ၏ ပြတ်သားလှသော စကားများကြောင့် အံ့အားသင့်သွားကြရသည်။ တောင်ထွတ်ဆရာသခင်မ လျှို့လျန်းယီမှာ အဆုံးထိ တိုက်ခိုက်သွားရန်ပင် ဆန္ဒပြင်းပြနေပုံ ရသည်။
ချင်းလင်၏ နှုတ်ခမ်းအစုံမှာ ရှုံ့မဲ့သွားရသည်။ မြင့်မြတ်သောနန်းတော်အနေဖြင့် ကန်ရွှမ်းကလန်အား အဆုံးသတ်ထိတိုက်ခိုက်ရန် အဆင်သင့် ဖြစ်မနေသေးပေ။
အစောပိုင်း၌ ချင်းလင် ပေါက်ကွဲခဲ့ရသည်မှာ ဤတစ်ကြိမ်တွင် မြင့်မြတ်သောနန်းတော်၏ ဆုံးရှုံးမှုသည် အလွန်ကြီးမားနေသောကြောင့် ဖြစ်သည်။ သူသည် တောင်ထွတ်ဆရာသခင်မ လျှို့လျန်းယီအား ခြောက်လှန့်ကာ မြင့်မြတ်သောနန်းတော်၏ ဂုဏ်သိက္ခာအား ပြန်လည်အဖတ်ဆယ်လိုခြင်း ဖြစ်၏။
သို့သော် တောင်ထွတ်ဆရာသခင်မ လျှို့လျန်းယီမှာ အလွန်ပင် စိတ်ဓာတ်ပြတ်သားခိုင်မာသော အမျိုးသမီးတစ်ဦး ဖြစ်နေလိမ့်မည်ဟု ချင်းလင်မှ ထင်မှတ်မထားခဲ့ပေ။
တောင်ထွတ်ဆရာသခင်မ လျှို့လျန်းယီ၏ စိတ်ဓာတ်မှာ သူ့ထက်ပင်ပို၍ အဆပေါင်းများစွာသန်မာနေသေးသည်။
"ခန်းဆောင်သခင် ချင်းလင်...ရှန်းဟွပုံရိပ်ယောင်ကမ္ဘာထဲမှာ သေဆုံးမှုတွေရှိတက်တာက ပုံမှန်ပါပဲ။ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းဆိုတာ တံခါးတစ်ချပ်ပဲခြားတာပါ။ ခင်ဗျားက မြင့်မြတ်သောနန်းတော်က တပည့်တွေ သေသွားရတယ်ဆိုပြီး တစ်ဖက်လူကို အပြစ်ပုံချချင်နေတာလား။ ဒီလိုဆုံးရှုံးရမှာကြောက်ရင် အစထဲက ရှန်းဟွပုံရိပ်ယောင်ကမ္ဘာထဲကို မလွှတ်လိုက်သင့်တာ။ အခုခင်ဗျားပုံစံက မဟုတ်သေးဘူး။" ရယ်ချင်ပက်ကျိဖြစ်နေသော စကားသံတစ်ခု ထွက်ပေါ်လာသည်။
ထိုစကားအား ဆိုလိုက်သူမှာ ဓားလမ်းစဉ်ကလန်မှ မြစ်ဝှမ်းအရှင်သခင် ယင်ရှောင်းပင် ဖြစ်သည်။
ချင်းလင်မှာ ယင်ရှောင်းအား မျက်မှောင်ကျုံ့ကာ ကြည့်ရှုလိုက်သည်။ တောင်ထွတ်ဆရာသခင်မ လျှို့လျန်းယီနှင့် ရင်ဆိုင်နေရသည်ပင် သူ့အတွက် ဒုက္ခများလွန်းလှပြီ ဖြစ်သည်။ ယင်ရှောင်းပါ ပါဝင်လာပါက အတော်စိတ်ရှုပ်စရာကောင်းရလိမ့်မည် ဖြစ်သည်။
"တောင်ထွတ်ဆရာသခင်မ လျှို့လျန်းယီ ဒီကိစ္စကို ငါတို့မြင့်မြတ်သောနန်းတော်က လုံးဝမေ့သွားမှာမဟုတ်ဘူး။" ချင်းလင်မှ အေးစက်စွာ ပြောလိုက်သည်။ ထို့နောက် မြင့်မြတ်သောနန်းတော်မှ တပည့်များအားခေါ်ဆောင်ကာ ထိုနေရာမှ ထွက်ခွာသွားတော့၏။
တောင်ထွတ်ဆရာသခင်မ လျှို့လျန်းယီမှာ ထွက်ခွာသွားသော ချင်းလင်နှင့် မြင့်မြတ်သောနန်းတော်မှ တပည့်များအား အေးစက်စွာ ကြည့်ရှုလိုက်သည်။ ထို့နောက် ဓားလမ်းစဉ်ကလန်မှ မြစ်ဝှမ်းအရှင်သခင် ယင်ရှောင်းအား တစ်ချက်မျှ လျင်မြန်စွာ ကြည့်ရှုလိုက်ပြီးနောက် သူမ၏အကြည့်များအား ရုတ်သိမ်းလိုက်သည်။
တောင်ထွတ်ဆရာသခင်မ လျှို့လျန်းယီမှာ ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ "ကောင်လေး....နင့်ကိုကြည့်ရတာ ကြောက်နေသလိုပဲ။ ဘာလဲ...နင်က ငါ့ကိုမယုံလို့လား။"
ဇူယွမ်မှာ အနည်းငယ် ရှက်ရွံ့သွားသလို ခံစားလိုက်ရသည်။ တပည့်ခေါင်းဆောင် တစ်ဦးမျှသောအဆင့်ဖြင့် ကလန်နှစ်ခုကြားရှိ ပဋိပက္ခများအား ပိုမိုကြီးထွားစေခဲ့သည့်အတွက် အားတုံ့အားနာလည်း ဖြစ်နေမိသည်။
တောင်ထွတ်ဆရာသခင်မ လျှို့လျန်းယီမှ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ "အရမ်းတွေ တွေးမနေနဲ့တော့။ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာထဲကို နင်တို့က ကန်ရွှမ်းကလန်ရဲ့ ကိုယ်စားပြုအနေနဲ့သွားတာ။ အဲ့ဒါကြောင့် ကန်ရွှမ်းကလန်ရဲ့ ဂုဏ်သိက္ခာကို ကာကွယ်တဲ့အနေနဲ့ နင်တို့တိုက်ခဲ့ရတဲ့ တိုက်ပွဲတွေရှိမှာပဲ။ အဲ့ဒါဘာမှမထူးဆန်းဘူး။ အဲ့လောက်နဲ့ နင်တို့ကို မကာကွယ်ပေးတော့ဘူးဆိုရင် ငါတို့ကန်ရွှမ်းကလန်က တပည့်တွေက ဘယ်လိုလုပ် ငါတို့အပေါ် ယုံကြည်တော့မလဲ။"
"ချင်းလင်မပြောနဲ့ သူတို့မြင့်မြတ်သောနန်းတော်ရဲ့ နန်းဆောင်သခင်ကိုယ်တိုင် လာမယ်ဆိုရင်တောင် ငါကနင့်တို့ကိုကာကွယ်ပေးမှာပဲ။"
"မြင့်မြတ်သောနန်းတော်နဲ့ ကန်ရွှမ်းကလန် တိုက်ခိုက်ရမယ်ဆိုရင်တောင် ဘာမှမဖြစ်ဘူး။ ငါတို့ကန်ရွှမ်းကလန် ထိခိုက်နစ်နာရမယ်ဆိုရင် သူတို့မြင့်မြတ်သောနန်းတော်လည်း လောင်ကျွမ်းပြာကျစေရမယ်။"
ဇူယွမ်မှာ တောင်ထွတ်ဆရာသခင်မ လျှို့လျန်းယီ၏စကားများကြောင့် စိတ်နှလုံးများ နွေးထွေးသွားသလို ခံစားလိုက်ရသည်။
"အခုရှန်းဟွပုံရိပ်ယောင်ကမ္ဘာကိုလာတဲ့ ခရီးစဉ်ကလည်း ပြီးဆုံးသွားပြီဆိုတော့ ငါတို့အရင်ဆုံး ကလန်ကို ပြန်ကြတာပေါ့။"
တောင်ထွတ်ဆရာသခင်မ လျှို့လျန်းယီမှာ အခြားကလန်များမှ အကြီးအကဲများအား မျက်စိဒေါက်ထောက် ကြည့်ရှုနေလိုက်သည်။ ဤတစ်ကြိမ်တွင် ကန်ရွှမ်းကလန်အနေဖြင့် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်းမှ ရရှိခဲ့သော ရတနာများမှာ အလွန်ပင် များပြားလွန်းလှသည်။ သူမသာ စောင့်ကြည့်နေခြင်း မရှိပါက အခြားကလန်များမှ အကြီးအကဲများမှာ တပည့်များအား တစ်စုံတစ်ခု ပြုလုပ်သွားနိုင်ပေသည်။
တပည့်များမှာ တောင်ထွတ်ဆရာသခင်မ လျှို့လျန်းယီအား ခေါင်းညိတ်ပြလိုက်ပြီးနောက် လှေပေါ်တွင် နေရာယူလိုက်ကြသည်။
တောင်ထွတ်ဆရာသခင်မ လျှို့လျန်းယီမှာ တပည့်များ လှေပေါ်တွင် နေရာယူပြီးသည့်နောက် ဓားလမ်းစဉ်ကလန်မှ မြစ်ဝှမ်းအရှင်သခင် ယင်ရှောင်းအား တစ်ချက်မျှ ခေါင်းညိတ်ပြလိုက်သည်။
ဇူယွမ်မှာ ကျိုးချူးချင်ယု၊ လုလျို၊ လီချွမ်းကျင်၊ နင်ကျန်းနှင့် ကျိန်းရွှီးတို့အား အလျင်အမြန်ကြည့်ရှုနှုတ်ဆက်ကာ တွေးတောလိုက်သည်။
" ကလန်ကိုပြန်ရောက်လို့ ဝေစုတွေ ခွဲတဲ့အခါကြရင် ရောင်စဉ်ခုနစ်သွယ် ရတနာတွေကို ငါထပ်ရလောက်တယ်။ အဲ့အခါကြရင် သူတို့ကို တစ်ယောက်တစ်ခုစီ ပေးဦးမှပဲ။"
ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း ယောင်ယောင် ထောင်ချောက်မိစဉ်အချိန်၌ ကျိုးချူးချင်ယုတို့အားလုံးမှာ လျစ်လျူရှုမနေပဲ ကူညီရန် ရောက်ရှိလာခဲ့ကြသည်။ ဇူယွမ်မှာ ၎င်းတို့အားလုံး၏ ကြင်နာမှုများအား အမှတ်ရနေမည်ပင် ဖြစ်သည်။
"ဟူး....."
ဇူယွမ်မှာ အသက်ပြင်းပြင်းတစ်ချက်အား ရှူထုတ်လိုက်ပြီးနောက် အတွေးစများအား ဖြတ်တောက်ကာ အဝေးသို့ ငေးမောကြည့်ရှုလိုက်သည်။
ကလန်သို့ ပြန်လည်ရောက်ရှိသည်နှင့်တစ်ပြိုင်နက် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာမှ ရရှိလာသော ရတနာများအား ခွဲဝေရန် ပထမဦးစွာ လုပ်ဆောင်ရလိမ့်မည် ဖြစ်သည်။ ထို့နောက် ကလန်မှထွက်ခွာကာ ကန်းမင်တိုက်ကြီးသို့ ပြန်လာလျက် လုပ်ဆောင်ရန်ရှိနေသော ရန်ကြွေးကိစ္စများအား ကိုင်တွယ်ဖြေရှင်းရဦးမည်ပင် ဖြစ်ပေတော့သတည်း......