ဝင်္ကပါ
Vol. 1 Ch. 348
ကျန်းရီ၏ အကောင်းမြင်ဝါဒသည် ဟဲလောင်၏ စိုးရိမ်မှုများအား လျော့ကျသွားစေသည်။ ဟဲလောင်သည် တစ်ခဏ စဉ်းစားလိုက်ပြီးနောက် စိတ်အေးသွားခဲ့သည်။ သူတို့နှစ်ယောက် ဤအထိရောက်လာသည်ကပင် ချီးကျူးစရာကောင်းနေပြီဖြစ်သည်။ သူသည်လည်း အသက်ဘေးမှ သီသီလေး လွတ်လာရုံပင် ရှိသေးသည်။ သူတို့ နောက်ထပ် မည်မျှ သွားနိုင်မည်က အရေးမကြီး၊ သူတို့ မသေခင်တွင် ယွင်လုအား သတ်သွားနိုင်ဖို့ကသာ အရေးကြီးသည်။
တားမြစ်နယ်မြေအတွင်းရှိ အစီအရင်များ အားလုံးကို ယွင်လုထိန်းချုပ်နိုင်သည်မှာ လုံးဝမဖြစ်နိုင်ချေ။ မဟုတ်ပါက သူတို့ ဤအထိတောင် ရောက်လာမည်မဟုတ်။ ယွင်လုသည် အစီအရင်အချို့ကိုသာ ထိန်းချုပ်နိုင်ခြင်းဖြစ်ရာ ခြိမ်းခြောက်မှုတစ်ခု မဟုတ်ပေ။ သူတို့နှစ်ယောက်သာ သူ့အနီး ကပ်နိုင်သရွေ့ သူ့အား အသာလေး သတ်ပစ်နိုင်သည်။
ဟဲလောင်သည် ဒဏ်ကြေးဆေးအချို့ ထုတ်ယူပြီး သောက်လိုက်သည်။ သူသည် ယွင်လုပြန်လာ၍ သူတို့အား တိုက်ခိုက်မည်ကို စိုးရိမ်သောကြောင့် တရားမထိုင်ရဲချေ။ သူသည် ဒဏ်ရာများကို စည်းနှောင်လိုက်ပြီး နံရံထောင့်တစ်နေရာတွင် မှီ၍ ကျန်းရီ အားပြန်ပြည့်မည့်အချိန်ကို စောင့်နေလိုက်သည်။
ကျန်းရီသည် ဒဏ်ရာများ ရထားခြင်းမဟုတ်ဘဲ အင်အားများ ကုန်ခန်းသွားခြင်းသာ ဖြစ်သည်။ သူသည် တစ်နာရီခန့် ကြာပြီးနောက် မျက်လုံးများ ပြန်ဖွင့်လာခဲ့သည်။ ကျန်းရီသည် ဟဲလောင် သတိအနေအထား ဖြစ်နေဆဲဖြစ်ကြောင်း တွေ့သောအခါ ဒဏ်ရာများ ပြင်းထန်သည့် အတွက် မြန်မြန်ကုစားရန် မျက်ရိပ်ပြလိုက်သည်။
ကျန်းရီသည် ထောင့်နေရာသို့ လျှောက်သွား၍ မှီထိုင်လိုက်သည်။ ထို့နောက် မျက်လုံးမှိတ်ကာ သူလောလောလတ်လတ် ဉာဏ်အလင်းရထားသည့် တာအိုတည်ဆောက်ပုံကို ပြန်တွေးရန် ကြိုးစားလိုက်သည်။
အလယ်အလတ်အဆင့် တာအို...
ဟဲလောင်၏ စကားများကို ပြန်ကြားယောင်သောအခါ ကျန်းရီသည် မျက်လုံးများ အလန့်တကြား ပြန်ပွင့်လာခဲ့သည်။ သူ၏ တာအိုတိုက်ကွက်သည် ဟဲလောင်၏တိုက်ကွက်နှင့် ဆင်တူသော်လည်း အင်အားမှာ အလွန်ကွာခြားလှသည်။ ၎င်းသည် ဟဲလောင်၏ တာအိုမှ ဆင့်ကဲပြောင်းလဲသွား၍ အလယ်အလတ်အဆင့် တာအို ဖြစ်သွားသည်လော။
တာအိုက စိတ်နဲ့ပဲ ခံစားလို့ရပြီး နှုတ်နဲ့ သင်ပေးလို့မရဘူး။ ငါ ဟဲလောင်ရဲ့တာအိုကို ဆင်ခြင်ရင်း နားလည်သွားခဲ့တာ...ဒါပေမယ့် ငါနားလည်တာက အလယ်အလတ်အဆင့် တာအိုတစ်ခုဖြစ်နေတယ်။ ငါနားလည်တာ လမ်းလွဲသွားခဲ့ရင် ဒီလမ်းအမှားကြီးက ငါတစ်သက်လုံး ပြန်ထွက်လို့ရမှာ မဟုတ်တော့ဘူး...
ကျန်းရီ သက်ပြင်းချလိုက်သည်။ သူသည် တာအိုများအကြောင်း ဘာမှနားမလည်ပေ။ သူ အရာရာကို မသိနားမလည်သေးသည့် အချိန်တွင် နတ်ဆိုးဧကရီက အကြောင်းအရာအချို့ကိုသာ အတိုချုပ် ပြောပြခဲ့သည်။ သူသည် တွေးတောနေရင်းဖြင့် ဘာကိုမှ ဆက်လက်မစဉ်းစားချင်တော့ပေ။ ကျန်းရီသည် စိတ်အေးလက်အေး အနားယူနေခဲ့သည်။
တစ်ရက်ကြာသော် ကျန်းရီနှင့် ဟဲလောင် နှစ်ယောက်လုံး ပြန်ကောင်းသွားကြသည်။ သို့သော် သူတို့သည် နေရာရွှေ့ပြောင်း အစီအရင်အတွင်းသို့ အလျင်စလို ဝင်ရောက်မသွားဘဲ ဆက်လက်အနားယူကြသည်။ ထိုအချိန်ကျမှပင် ကျန်းရီမှာ ဟဲလောင်အား မေးမြန်းရန် အချိန်ရတော့သည်။
"ဟဲလောင်...ငါနားလည်သွားတာက အလယ်အလတ်အဆင့်တာအိုဆိုတာ သေချာလား။ ဒါဆို ငါ့မှာသာ အတွင်းအား အလုံအလောက်သာရှိရင် ဗာဂျရာအဆင့် လူတစ်ယောက်နဲ့ ယှဉ်လို့ရနေပြီပေါ့"
ဟဲလောင်သည် ကျန်းရီအား မနာလိုအားကျသည့် မျက်နှာဖြင့်ကြည့်ကာ ပြောလိုက်သည်။
"သခင်လေးရီ....သခင်လေးရဲ့ တာအိုတိုက်ကွက်က အလယ်အလတ်အဆင့်ဆိုတာ ကျွန်တော် ရှစ်ဆယ်ရာခိုင်နှုန်း သေချာတယ်။ အဲ့ဒါက အလယ်အလတ်အဆင့် တာအို တကယ်ဟုတ်ရင် သခင်လေး အတွင်းအားကို စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် ထိပ်ဆုံးအဆင့် ရောက်အောင် ကျင့်ကြံပြီးသွားရင် သခင်လေးရဲ့ ခရမ်းရောင်နန်းတော် အသွင်ပြောင်းသွားလိမ့်မယ်။ ဒါဆို သခင်လေး ဗာဂျရာအဆင့်ကို ရောက်ပြီ"
"ခရမ်းရောင်နန်းတော် အသွင်ပြောင်းသွားမယ်"
ကျန်းရီသည် နှာခေါင်းအား ရှက်ရွံ့စွာ ပွတ်လိုက်သည်။ သူ့တွင် ခရမ်းရောင်နန်းတော်တောင် မရှိပေ၊ မည်သို့မည်ပုံ အသွင်ပြောင်းပါဦးမည်နည်း။ သူ၏ ကြယ်သုံးလုံး ပုံစံပြောင်းသွားလျှင် သူ့အတွင်းအားသည် ဗာဂျရာအဆင့်များနှင့် အဆင့်တူ ဖြစ်သွားလိမ့်မည်ဟု နတ်ဆိုးဧကရီက ပြောခဲ့သည်။ ထိုအကြောင်းအား တွေးမိသောအခါသည် သူကြိတ်၍ စိတ်လှုပ်ရှားသွားခဲ့သည်။ သူသာ ဤနေရာမှ အောင်အောင်မြင်မြင် လွတ်မြောက်နိုင်လျှင် ကောင်းကင်သတ္ထုကြောကို တူးဖော်ရန် နည်းလမ်းတစ်ခု ရှာပြီး ဒန်တျန်းအတွင်းရှိ ကြယ်စက်လုံးများ အသွင်ပြောင်းအောင် အရင်လုပ်ရမည်။ ထိုနည်းဖြင့် ဗာဂျရာအဆင့်သို့ သူ မြန်မြန် ရောက်နိုင်လိမ့်မည်။
နယ်မြေတွင် ဗာဂျရာအဆင့် လူနည်းနည်းသာ ရှိသည်။ ဗာဂျရာအဆင့် လူတစ်ဦး ပေါ်ထွက်လာတိုင်း နယ်မြေတွင် ရုတ်ရုတ်သဲသဲ ဖြစ်လေ့ရှိသည်။
ဗာဂျရာအဆင့်သို့ ရောက်ရှိရန် အခက်ခဲဆုံး အပိုင်းမှာ တာအိုများကို ပိုမိုနားလည်ရန်ဖြစ်ပြီး အတွင်းအားမှာ ဒုတိယ အရေးကြီးဆုံး အပိုင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ လူတစ်ယောက်တွင် အရည်အချင်းသာ ရှိသရွေ့ နှစ်အချို့ ကျင့်ကြံပြီးသည်နှင့် ဗာဂျရာအဆင့်သို့ ရောက်နိုင်သည်။
တစ်ခုခုတော့ မဟုတ်သေးဘူး။
ဗာဂျရာအဆင့်များ နည်းပါးနေရသည့် အကြောင်းအရင်းမှာ တာအိုတည်ဆောက်ပုံများသည် နားလည်ရန် အလွန်ခက်ခဲလှသောကြောင့် ဖြစ်သည်။ ဟဲလောင်သည် ရာစုနှစ်ပေါင်းများစွာ ကြိုးစားခဲ့သော်လည်း ယခုတိုင် ဒုတိယမြောက် တာအိုတစ်ခုကို နားမလည်နိုင်ခဲ့သေးပေ။ သူ့တွင် မည်သည့်အရာရှိနေ၍ အလယ်အလတ်အဆင့် တာအိုတစ်ခုကို ချက်ချင်းကြီး နားလည်သွားရပါသနည်း။
သူသည် ကောင်းကင်မှလာသည့် မသေမျိုး ဖြစ်နေသည်လော။ သူ့တွင် နတ်ဘုရားခန္ဓာကိုယ် ရှိနေသည်လော။
နယ်မြေတွင် အံ့အားသင့်လောက်စရာ အရည်အချင်းများနှင့် ပါရမီရှင် အမြောက်အများရှိသည်။ အဘယ့်ကြောင့် သူ့အတွက် တာအိုတည်ဆောက်ပုံများကို နားလည်ရန် အလွန်လွယ်ကူနေရပါသနည်း။ သူနားလည်လိုက်သည်မှာ အလယ်အလတ်အဆင့် တာအိုမဟုတ်ဟုပင် သူသံသယဝင်လာရသည်။
သူ့ရင်ထဲမှ သံသယများကို ထုတ်ပြောလိုက်သော် ဟဲလောင်မှာ မေးခွန်းများအကြား ချောင်ပိတ်မိသွားခဲ့သည်။ ဟဲလောင်သည် အချိန်တော်တော်ကြာအောင် စဉ်းစားပြီးမှ ပြန်ဖြေလိုက်သည်။
"သခင်လေးရီ...ကျွန်တော့်ခန့်မှန်းချက်အရဆိုရင် သခင်လေးရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံက သာမန်လူတွေနဲ့ ကွာခြားနေလောက်တယ်။ မိန်းကလေးဖျောင်ဖျောင်ကလည်း သေချာပေါက် သာမန်လူ မဟုတ်ဘူး။ သခင်လေးရီက သူမရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံကို ဆက်ခံထားတာ ဖြစ်ရမယ်။ ကျွန်တော်လည်း အတိအကျတော့ မသိဘူး။ ကျွန်တော်တို့ ဒီကနေ ထွက်သွားရင် မိန်းကလေး ရွှေယို့လန်ကိုဖြစ်ဖြစ် နတ်ဆိုးဧကရီကိုဖြစ်ဖြစ် သခင်လေး မေးကြည့်ပေါ့။ သူတို့ သိကြလောက်တယ်"
"ဒီက ထွက်သွားရင်..."
ကျန်းရီသည် တိတ်ဆိတ်သွားခဲ့သည်။ ယခုလောလောဆယ် ထိုအကြောင်းအရာများကို တွေးနေ၍ အသုံးမဝင်ပေ။ သူဤနေရာမှ ထွက်မသွားနိုင်လျှင် ဒဏ္ဍာရီလာ အမြင့်မြတ်ဆုံး တာအိုကြီးကိုပဲ နားလည်သွားပါစေ အသုံးမဝင်ချေ။ သူသည် ထိုအကြောင်းအား ဆက်မတွေးတော့ပေ။ သူ့စိတ်ထဲတွင် မိန်းမလှတစ်ဦး၏ မျက်နှာ ပေါ်ထွက်လာခဲ့သည်။ သူသည် သက်ပြင်းချရင်း ရေရွတ်လိုက်သည်။
"အမေ...အမေအသက်ရှင်နေသေးလား။ မသေသေးဘူးဆိုရင် အခု ဘယ်မှာများလဲ"
ရီဖျောင်ဖျောင်၏ ဂူသင်္ချိုင်းသည် အလွတ်ကြီးဖြစ်နေသည်။ ကျန်းရီသည် အချိန်ရရင် ရွှေယို့လန်အား သွားရှာ၍ မေးချင်ပါသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာနေခဲ့သည်။ ယခင်တစ်ခေါက်က ရှားယွိမြို့ပြင်သို့ ရွှေယို့လန် ရောက်လာခဲ့သော်လည်း ထိုအချိန်သည် သေရေးရှင်ရေး အခြေအနေ ဖြစ်နေသည်။ သူ့တွင် သူမအား မေးရန် အချိန်မရခဲ့ပေ။
"တော်ပြီ...ဆက်မတွေးတော့ဘူး။ ငါဒီတားမြဟ်နယ်မြေကနေ ထွက်သွားဖို့ ငါလုပ်နိုင်တာမှန်သမျှ အကုန်လုပ်မယ်။ ငါပြန်ရောက်ဖို့ကို လောရွှယ်နဲ့ ရှောင်နူ စောင့်နေကြတုန်းပဲ"
ကျန်းရီသည် တီးတိုးရေရွတ်၍ ခါးသီးစွာ ပြုံးလိုက်ပြီး အိပ်စက်ရန် မျက်လုံးများ မှိတ်လိုက်သည်။
နှစ်ရက်ကြာ အနားယူပြီးနောက် ဟဲလောင်၏ ဒဏ်ရာများမှာ ရှစ်ဆယ်ရာခိုင်နှုန်းခန့် ပျောက်ကင်းနေပြီဖြစ်သည်။ ကျန်းရီသည် လုံးဝပြန်ကောင်းသွားခဲ့သည်။ နှစ်ရက်ကြာ ကျင့်ကြံပြီးနောက် သူ့မှာ အသက်ဓာတ်ပြည့်ပြည့်ဝဝနှင့် လန်းလန်းဆန်းဆန်း ရှိနေခဲ့သည်။ သူသည် ဟဲလောင်၏ အခြေအနေအား အရင်မေးမြန်းပြီးနောက် နှစ်ယောက်သား စတင်ထွက်ခွာလာကြသည်။
"စတုတ္ထထပ်က အရမ်းဆိုးဆိုးဝါးဝါးကြီး မဟုတ်ဖို့ဘဲ မျှော်လင့်ရမယ်"
ကျန်းရီနှင့် ဟဲလောင်သည် ပြိုင်တူဆုတောင်းလိုက်ကြသည်။ တတိယထပ်သည် အတော်အခြေအနေဆိုးနေရာ စတုတ္ထထပ်မှာ ပိုဆိုးဖို့သာ ရှိတော့သည်။ သူတို့နှစ်ယောက်လုံး အချိန်မရွေး သေဆုံးသွားနိုင်သည့်အချက်မှာ ထည့်ပြောနေစရာပင် မလိုချေ။
နေရာရွှေ့ပြောင်းအစီအရင်သည် စတင်လင်းလက်လာခဲ့သည်။ သူတို့ရောက်သည်နှင့် ကျန်းရီသည် သတ်ဖြတ်ခြင်းအင်အားကို ထုတ်လွှတ်လိုက်သည်။ သူ့လက်ထဲမှ မီးနဂါးဓားမှာ အချိန်မရွေး တိုက်ခိုက်နိုင်ရန် အလင်းရောင်များ လင်းလက်နေခဲ့သည်။
"အမ်"
ပတ်ဝန်းကျင်သည် တိတ်ဆိတ်နေခဲ့သည်။ မည်သည့်အန္တရာယ်မှလည်း မရှိသည့်အတွက် နှစ်ယောက်သားမှာ ထူးဆန်းသည်ဟု ခံစားနေရသည်။ သူတို့နှစ်ယောက်သည် ထူးထူးဆန်းဆန်း မြေအနေအထားရှိသည့် မြေပြင်တစ်ခုတွင် ရောက်နေခဲ့ခြင်းလည်း မဟုတ်ပေ။ ထိုအစား နန်းခန်းမ တစ်ခုထဲတွင် သူတို့ ပေါ်ထွက်လာကြခြင်းဖြစ်သည်။ ခန်းမသည် အချင်းဝက် မီတာသုံးရာခန့် ကျယ်ဝန်းပြီး ဘက်ပေါင်းစုံတွင် တံခါးကြီးများ ရှိနေသည်။ ထိုအရာများ အားလုံးမှတစ်ပါး အခြားဘာဆိုဘာမှ မရှိပါချေ။
"အိုး...မဟုတ်သေးဘူး"
ကျန်းရီနှင့် ဟဲလောင်တို့မှာ ရင်တဒိန်းဒိန်း ဖြစ်နေခဲ့သည်။ စတုတ္ထထပ်သည် အန္တရာယ် မရှိဟု ထင်ရသော်ငြား အန္တရာယ် အများဆုံးသော နေရာဟု သူတို့ခံစားနေရသည်။ ဤနေရာမှာ ဝင်္ကပါတစ်ခုနှင့် ဆင်တူသည်။
စုန်းနတ်ဘုရားသည် ဝင်္ကပါတစ်ခု တည်ဆောက်ထားခဲ့သည်။ အထဲတွင် နတ်ဆိုးသားရဲများ၊ မကောင်းဆိုးဝါးကောင်များ ရှိမရှိကို ဖယ်လိုက်လျှင်တောင် ဝင်္ကပါ ကိုယ်တိုင်ကပင် ကြောက်စရာ ကောင်းနေပြီးသားဖြစ်သည်။ သူတို့နှစ်ယောက်သည် ဤဝင်္ကပါထဲတွင် ကျန်းရီ၏ မီးဝိဉာဉ်ပုလဲထဲမှ ရိက္ခာခြောက်များနှင့် ရေများအားလုံး မကုန်ဆုံးသွားခင်အထိ လျှောက်သွားနေရသည်လည်း ဖြစ်သွားနိုင်သည်။ ထို့နောက်တွင်တော့ ဤနေရာတွင်သာ ပိတ်မိကာ သေဆုံးသွားလိမ့်မည်။
ဗုန်း...
ဟဲလောင်သည် ဓားအလင်းတစ်ခုအား ပစ်လွှတ်လိုက်သည်။ သူတို့ထင်ထားသည့်အတိုင်း ကျောက်နံရံမှာ အလင်းများ ဖြာထွက်လာခဲ့သည်။ နံရံတွင် မည်သည့်ထိခိုက်မှုမှ မရှိပေ။ သူတို့နှစ်ယောက်သည် ကြုံရာတံခါးတစ်ခုကိုဖွင့်၍ ဝင်ရောက်သွားလိုက်သည်။ ၎င်းမှာလည်း ခန်းမငယ်လေးတစ်ခုဖြစ်၍ ယခင်တစ်ခုနှင့် တစ်ပုံစံတည်း တူလေသည်။ နှစ်ယောက်သားသည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်၍ ခါးသီးစွာ ပြုံးလိုက်ကြသည်။
တစ်ခဏ ရပ်တန့်နေပြီးနောက် နောက်တံခါးတစ်ခုအတွင်း သူတို့ ဝင်သွားလိုက်ကြသည်။ ခန်းမအချို့အား ဖြတ်လျှောက်ပြီးနောက် အခန်းအားလုံးမှာ တစ်ပုံစံတည်းဖြစ်ကြောင်း သူတို့ သဘောပေါက်သွားကြသည်။
တကယ့်ကို ဝင်္ကပါ တစ်ခုဖြစ်သည်။ ထို့ပြင် ၎င်းမှာ သူတို့အား ပြောစရာစကား မဲ့စေသည့် ဝင်္ကပါတစ်ခုဖြစ်နေသည်။ လေးဖက်လေးတန်တွင် တံခါးလေးခု ရှိနေပြီး တံခါးတစ်ခုအတွင်း ဝင်ရောက်လိုက်သည်နှင့် ပုံစံတူ အခန်းငယ်တစ်ခုကို တွေ့ရမည်ဖြစ်သည်။ မည်သည့်အရပ်မျက်နှာမှန်း မသိရရာ ထွက်ပေါက်ကို မည်သို့ ရှာနိုင်မည်နည်း။
"သခင်လေးရီ...ကျွန်တော်တို့ ဘာလုပ်ကြမလဲ"
ဟဲလောင်မှာ ကူကယ်ရာမဲ့နေသည်။ စုန်းနတ်ဘုရားသည် စွမ်းအားကြီးသည့်အပြင် တားမြစ်အစီအရင်များတွင်လည်း တစ်ဖက်ကမ်းခပ် တော်လှသည်။ သူတည်ဆောက်ခဲ့သော ဝင်္ကပါထဲမှ အသက်ရှင်လျက် ထွက်သွားနိုင်ရန် ဖြစ်နိုင်ရဲ့လော။
ကျန်းရီသည် တစ်ခဏ စဉ်းစား၍ ဘယ်ဘက်ရှိ တံခါးထံ ပြေးသွားလိုက်ပြီး အော်ပြောလိုက်သည်။
"သွားစို့...ခြေဦးတည့်ရာ သွားပြီး ယွင်လုကို တွေ့နိုင်မလား ကြည့်ကြတာပေါ့။ ငါတို့ သူ့ကိုရှာနိုင်ရင် ဒီဝင်္ကပါထဲကနေ ထွက်သွားဖို့လည်း ဖြစ်နိုင်လောက်တယ်"
***