အပြစ်ဒဏ်
Vol. 48 Ch. 665
ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ၏ ခရီးစဉ် ပြီးဆုံးသွားပြီးသည့်နောက် တိုက်ပွဲရလဒ် အသီးသီးမှာ ရက်အနည်းငယ်မျှသော အချိန်အတွင်းမှာပင် ရှန်ဇူတိုက်ကြီးတစ်ခွင်လုံးသို့ ပျံ့နှံ့သွားလေသည်။ ကန်ရွှမ်းကောင်းကင်ဒေသ၏ လူငယ်မျိုးဆက်တွင် ပါဝင်သော ထူးချွန်ထက်မြက်သည့် ကလန်အသီးသီးမှ တပည့်များအကြောင်းမှာ အဓိက အကြောင်းအရာပင် ဖြစ်သည်။
ရှန်းဟွပုံရိပ်ယောင်ကမ္ဘာကဲ့သို့သော နေရာမျိုးတွင် အောင်ပွဲများစွာ ရှိနေနိုင်ရန်မှာ တိုက်ပွဲစွမ်းရည် အလွန်ထူးချွန်မှသာ ဖြစ်နိုင်လိမ့်မည် ဖြစ်သည်။ ထို့ကြောင့် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း အောင်ပွဲအလီလီ နွှဲလာသူများမှာ ကန်ရွှမ်းကောင်းကင်ဒေသ၌ တမုဟုတ်ချင်း ကျော်ကြာသွားရတော့သည်။
ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်းရှိ တိုက်ပွဲရလဒ်မှာ ကြားသိရသူအပေါင်းအား အံ့အားသင့်စေခဲ့လေသည်။
ဤနှစ်ပေါင်းများစွာအတွင်း ကန်ရွှမ်းကောင်းကင်ဒေသ၌ မြင့်မြတ်သောနန်းတော်မှာ အလွန်ပင် အင်အားကောင်းနေခဲ့ပြီး လူငယ်မျိုးဆက်တွင်လည်း စွမ်းရည်အရာတွင်ရော၊ အရည်အချင်းအရာ၌ပါ အခြားကလန်များထက် များစွာသာလွန်နေခဲ့သည်။
အတိတ်ကာလများ၌ မြင့်မြတ်သောနန်းတော်ကသာ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာတွင် ပထမနေရာရယူလျက် တိုက်ပွဲများ အလီလီနွှဲကာ အောင်ပွဲများ ဆွတ်ခူးထားနိုင်ခဲ့သည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ ရလဒ်များမှာ ခြားနားနေရသည်။ မြင့်မြတ်သောနန်းတော်၏ ဖိနှိပ်ခြင်းအား အစဉ်အမြဲ ခံယူခဲ့ရသော ကန်ရွှမ်းကလန်မှာ အောင်ပန်းများအား ပန်ဆင်လျက် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း အကောင်းမွန်ဆုံး ကောင်းချီးများကို ရယူနိုင်ခဲ့သည်ဟု သိရသည်။
ထိုရလဒ်မှာ ကြားသိရသူအပေါင်းအား အလွန်ပင် အံ့အားသင့်စေသည်။
ထို့ကြောင့် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း ဖြစ်ပျက်ခဲ့သော အကြောင်းအရာ အသေးစိတ်မှာလည်း တိုက်ပွဲရလဒ်များနှင့်အတူ ပျံ့နှံ့ခဲ့ရတော့သည်။
ကန်ရွှမ်းကလန်အား ခေါင်းထောင်နိုင်စေရန် လုပ်ပေးခဲ့သူမှာ ရွေးချယ်ခံတစ်ဦး မဟုတ်ပဲ ဇူယွမ်ဟူသော တပည့်ခေါင်းဆောင်တစ်ယောက်သာဖြစ်ကြောင်း ကလန်အသီးသီးမှ အံ့အားသင့်ဖွယ် သိရှိကုန်ကြရသည်။
ယင်းဇူယွမ်ဟူသည့် တပည့်ခေါင်းဆောင်သည် ကျင်းချန်းဇယ် အပါအဝင် မြင့်မြတ်သောနန်းတော်မှ ရွေးချယ်ခံသုံးဦးအား သတ်ဖြတ်ပစ်ခဲ့သည်ဟု ဆို၏။
ထိုတိုက်ပွဲရလဒ်များမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသော နိုင်ပွဲများပင် ဖြစ်သည်။
ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း အထူးချွန်ဆုံး ဆောင်ရွက်နိုင်ခဲ့သူမှာ ရွေးချယ်ခံများ အဆင့်သတ်မှတ်ချက်တွင် ပထမနှင့် ဒုတိယနေရာအား ရယူထားသော ကျောင်းထိုက်ရှင်းနှင့် ချူချင်းတို့မဟုတ်ပဲ ကန်ရွှမ်းကလန်မှ တပည့်ခေါင်းဆောင်တစ်ဦး ဖြစ်နေလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားကြချေ။
ဤသို့ထူးချွန်စွာ ရွက်ဆောင်နိုင်ခဲ့သည့် ဇူယွမ်သည် ကန်ရွှမ်းကလန်သို့ ပြန်လည်ရောက်ရှိသောအခါတွင် တပည့်ခေါင်းဆောင်တစ်ဦးအဖြစ် ဆက်လက်ရှိနေတော့မည်မဟုတ်ကြောင်း အားလုံးမှ ကောင်းစွာသိရှိနေကြသည်။
ကန်ရွှမ်းကလန်သည် ကန်ရွှမ်းကောင်းကင်ဒေသ၏ နံပါတ်တစ်ဟူသော ဂုဏ်ပုဒ်နှင့် အမှန်တကယ်ပင် ထိုက်တန်လွန်းလှသည်။ ခက်ခဲသော အချိန်ကာလများအား ကျော်ဖြတ်နေခဲ့ရပါသော်လည်း ကန်ရွှမ်းကလန်၏ အခြေခံအုတ်မြစ်မှာ ယခုအချိန်ထိ သန်မာနေဆဲပင် ဖြစ်သည်။
မြင့်မြတ်သောနန်းတော်၌
ခန်းမဆောင်အတွင်း ပတ်ဝန်းကျင် အခြေအနေမှာ တင်းမာနေပြီး လေထုမှာလည်း အေးစက်နေလျက် ရှိသည်။
နန်းဆောင်သခင်ရှန့်ယွမ်မှာ အဖြူရောင် အဝတ်အစားများအား ဆင်မြန်းထားလျက် စိတ်ခံစားချက် ကင်းမဲ့နေသော မျက်ဝန်းများဖြင့် ဒူးထောက်ကာ ထိုင်နေကြသော မြင့်မြတ်သောနန်းတော်၏ တပည့်များအား စူးစိုက်ကြည့်ရှုနေလျက် ရှိသည်။
တပည့်များ၏ ထိပ်ဆုံးနေရာတွင် ကျောင်းထိုက်ရှင်းနှင့် ကျန်းထိုက်ချင်တို့ ရှိနေသည်။
ခန်းမဆောင်တွင် ဒူးထောက်ကာ ထိုင်နေလျက်ရှိသော တပည့်များမှာ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာသို့ သွားရောက်ခဲ့ကြသူများပင် ဖြစ်သည်။
"မင်းတို့အားလုံး ငါ့ကိုစိတ်ပျက်အောင် လုပ်ခဲ့တာပဲ။" အချိန်ကြာမြင့်စွာ တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် နန်းဆောင်သခင်ရှန့်ယွမ်မှ စကားဆိုလိုက်သည်။
တပည့်များမှာ တုန်လှုပ်နေလျက်ရှိပြီး ကျောင်းထိုက်ရှင်းနှင့် ကျန်းထိုက်ချင်တို့မှာလည်း ခေါင်းပင်မဖော်ရဲအောင် ဖြစ်နေရသည်။
"ငါ့ရဲ့မြင့်မြတ်သောနန်းတော်က ကန်ရွှမ်းကလန်ကို ကန်ရွှမ်းကောင်းကင်ဒေသရဲ့ နံပါတ်တစ်ဆိုတဲ့နေရာကနေ ကန်ထုတ်ဖို့ အများကြီး စီစဉ်နေခဲ့ရတာ။ မျိုးနွယ်စုခေါင်းဆောင်ကန်ရွှမ်းတောင်မှ ငါ့ရဲ့မြင့်မြတ်သောနန်းတော်လက်ထဲမှာပဲ သေခဲ့ရတာကွ။" နန်းဆောင်သခင်ရှန့်ယွမ်၏ စကားသံမှာ ခန်းမဆောင်အတွင်း ပျံ့လွင့်နေလျက် ရှိသည်။
"ငါ့ရဲ့မြင့်မြတ်သောနန်းတော်က ကန်ရွှမ်းကလန်ကို မရှုံးခဲ့ဖူးဘူး။ အဲ့ဒါအပြင် သူတို့ကို နှစ်ပေါင်းများစွာ ဖိနှိပ်ထားနိုင်ခဲ့တာ။ ဒါပေမယ့် အခုတော့ မင်းတို့က ကန်ရွှမ်းကလန်ကို ရှန်းဟွပုံရိပ်ယောင်ကမ္ဘာထဲမှာ ရှုံးလာခဲ့ပြီပေါ့လေ။" နန်းဆောင်သခင်ရှန့်ယွမ်မှ ဆက်လက်ပြောဆိုလိုက်သည်။ "မင်းတို့ကို မြင့်မြတ်သောနန်းတော်က သက်တောင့်သက်သာ လွှတ်ပေးထားလို့ထင်တယ်...ဟုတ်လား။"
မည်သူကမှ နန်းဆောင်သခင်ရှန့်ယွမ်အား ပြန်လည်ဖြေကြားရဲခြင်း မရှိပေ။
နန်းဆောင်သခင်ရှန့်ယွမ်မှ လက်ကိုဝေ့ယမ်းကာ ပြောလိုက်သည်။ "ရှန်းဟွပုံရိပ်ယောင်ကမ္ဘာထဲကို သွားခဲ့တဲ့ တပည့်တွေအားလုံး အပြစ်ဒဏ်အနေနဲ့ မြင့်မြတ်သောကြာပွတ်နဲ့ အကြိမ်တစ်ရာ ရိုက်ခံရမယ်။"
ခန်းမဆောင်အတွင်း ရှိနေသော မြင့်မြတ်သောနန်းတော်မှ တပည့်များ၏ အမူအရာမှာ ဖြူရော်သွားရသည်။ မြင့်မြတ်သောကြာပွတ်မှာ မြင့်မြတ်သောနန်းတော်မှ အပြစ်ဒဏ်ပေးသောအခါတွင် အသုံးပြုသော ရတနာတစ်မျိုးဖြစ်ပြီး စိတ်ဝိဉာဉ်အား ဒဏ်ရာရစေသည်။ ရိုက်ချက်တိုင်းသည် စိတ်ဝိဉာဉ်တွင် ထင်ဟပ်နေမည်ဖြစ်ပြီး အလွန်လည်း နာကျင်လွန်းလှသည်။
အကြိမ်ရေတစ်ရာသာ ရိုက်နှက်ခံရမည်ဆိုပါက စိတ်ဝိဉာဉ်စွမ်းအင် အားနည်းသူများမှာ စိတ်ဝိဉာဉ်ပင် ပြိုကွဲပျက်စီးသွားနိုင်လောက်သည်။ အပြစ်ဒဏ်မှာ အလွန်ပင် ပြင်းထန်လွန်းလှပေသည်။
"ကျောင်းထိုက်ရှင်းနဲ့ ကျန်းထိုက်ချင် မင်းတို့တွေက ခေါင်းဆောင်တွေဆိုတော့ တာဝန်ယူမှု ရှိသင့်တယ်။ အဲ့ဒါကြောင့် မင်းတို့နှစ်ယောက်လုံး အကြိမ်ရေငါးရားစီ ရိုက်ခံရမယ်။" နန်းဆောင်သခင်ရှန့်ယွမ်မှ ဒူးထောက်နေသော ကျောင်းထိုက်ရှင်းနှင့် ကျန်းထိုက်ချင်အားကြည့်ကာ မေးလိုက်သည်။ "မင်းတို့မှာ ငြင်းပယ်စရာ ရှိသေးလား။"
ကျောင်းထိုက်ရှင်းနှင့် ကျန်းထိုက်ချင်မှာ မည်သည့်စကားမှ ပြန်လည်တုံ့ပြန်ခြင်းမရှိပဲ အသက်ပြင်းပြင်းသာ ရှူထုတ်လိုက်ကြသည်။ ရှုံးနိမ့်လာပြီးသည့်နောက်တွင် ပေးအပ်လာသော မည်သည့်အပြစ်ဒဏ်ကိုမဆို ငြင်းပယ်ခြင်းမရှိပဲ လက်ခံရမည်သာဖြစ်ကြောင်း ၎င်းတို့နှစ်ယောက်လုံး ကောင်းစွာနားလည်ထားကြသည်။ ယခုအပြစ်ဒဏ်ကိုသာ လက်မခံပဲ ငြင်းပယ်ခဲ့ပါက ပို၍ဆိုးသော အပြစ်ဒဏ်များကို ခံယူရလိမ့်မည်ပင် ဖြစ်သည်။
နန်းဆောင်သခင်ရှန့်ယွမ်မှာ တည်ငြိမ်နေသည်ဟု ထင်မှတ်ရပါသော်လည်း စင်စစ်အားဖြင့် အလွန်တရာပင် ဒေါသထွက်နေခြင်း ဖြစ်သည်။
နန်းဆောင်သခင်ရှန့်ယွမ်မှာ မည်သည့်စကားမှ ပြန်လည်တုံ့ပြန်ခြင်းမရှိသော တပည့်များအား ကြည့်ရှုလိုက်ပြီးနောက် စကားဆိုလိုက်သည်။ "ကျောင်းထိုက်ရှင်း....အပြစ်ဒဏ်ကို လက်ခံပြီးတဲ့ အချိန်ကြရင် မင်းတစ်လအနားယူရမယ်။ တစ်လပြီးသွားရင် မင်းကိုစိန်ခေါ်မယ့်သူတစ်ယောက် ရှိလာလိမ့်မယ်။ အဲ့လူကို ရှုံးခဲ့မယ်ဆိုရင် မင်းရဲ့နံပါတ်တစ် ရွေးချယ်ခံဆိုတဲ့နေရာကို စွန့်လွှတ်ရလိမ့်မယ်။"
ကျောင်းထိုက်ရှင်းမှာ အနည်းငယ်မျှ အံ့အားသင့်သွားရသည်။ မြင့်မြတ်သောနန်းတော်တွင်ရှိသော တပည့်များအကြားတွင် ကျန်းထိုက်ချင် အပါအဝင် သူ့အားအနိုင်ယူနိုင်မည့်သူ မရှိပေ။
နန်းဆောင်သခင်ရှန့်ယွမ်က အကြီးအကဲ ဒါမှမဟုတ် အစောင့်အရှောက် တစ်ယောက်ယောက်ကို ငါနဲ့တိုက်စေချင်တာများလား.....အဲ့ဒါက အဓိပ္ပါယ်မှမရှိတာ...
ကျောင်းထိုက်ရှင်းမှာ အတွေးများကြား နစ်မြုပ်နေစဉ်မှာပင် ခန်းမဆောင်အတွင်းသို့ အနက်ရောင် အဝတ်အစားများ ဆင်မြန်းထားသော ပုံရိပ်တစ်ခု ဝင်ရောက်လာသည်။ ထိုပုံရိပ်ထံမှ အလွန်ပင် ပြင်းထန်သော သွေးနံ့တစ်ခု ပေါ်ထွက်နေလျက် ရှိ၏။
ကျောင်းထိုက်ရှင်းမှာ ထိုပုံရိပ်ထံမှ အန္တရာယ်ရှိသော အငွေ့အသက်အား ခံစားမိသဖြင့် မျက်ဝန်းများ ကျဉ်းမြောင်းသွားရသည်။
မြင့်မြတ်သောနန်းတော်မှ တပည့်များမှာ ထိုလူငယ်လေးနှင့် ရင်းနှီးကျွမ်းဝင်ခြင်း မရှိသောကြောင့် အထူးအဆန်းသဖွယ် ကြည့်ရှုနေကြသည်။
"သူ့နာမည်က ဝူဟောင်တဲ့။ ငါကိုယ်တိုင် လက်ခံထားနဲ့ တပည့်ပဲ။" နန်းဆောင်သခင်ရှန့်ယွမ်မှ မိတ်ဆက်ပေးလိုက်သည်။
တပည့်များမှာ ထိုနာမည်အား ကြားလိုက်ရသောအခါ၌ စိတ်နှလုံးများ တုန်လှုပ်သွားရသည်။ ဝူဟောင်သည် နန်းဆောင်သခင်ရှန့်ယွမ်ကိုယ်တိုင် လက်ခံကြိုဆိုခဲ့သော တပည့်တစ်ဦးပင် ဖြစ်သည်။ ကျောင်းထိုက်ရှင်းသည်ပင် ထိုကဲ့သို့ အခွင့်အရေးမျိုး ရရှိခဲ့ခြင်း မရှိပေ။
"ကျွန်တော်ဝူဟောင်က စီနီယာအကိုတော်၊ အမတော်အားလုံးကို အရိုအသေပြုပါတယ်။" အနက်ရောင် အဝတ်အစားများ ဆင်မြန်းထားသော လူငယ်လေးမှာ ခန်းမဆောင်အတွင်း ရှိနေသော တပည့်များအား အရိုအသေပြုနှုတ်ဆက်လိုက်သည်။
နန်းဆောင်သခင်ရှန့်ယွမ်မှ ကျောင်းထိုက်ရှင်းအားကြည့်ကာ ပြောလိုက်သည်။ "တစ်လနေရင် ဝူဟောင်က မင်းကိုစိန်ခေါ်လိမ့်မယ်။ မင်းလက်ခံမှာလား။"
ကျောင်းထိုက်ရှင်းမှ ဝူဟောင်အား တစ်ချက်မျှကြည့်ကာ ပြောလိုက်သည်။ "နန်းဆောင်သခင်ရဲ့ အမိန့်ကို ကျွန်တော်က ဘယ်လိုလုပ် မနာခံပဲ နေရဲပါ့မလဲ။ တစ်လနေရင် ဝူဟောင်ရဲ့ စိန်ခေါ်မှုကို လက်ခံပါ့မယ်။"
ရှန်ဇူတိုက်ကြီး၏ နံပါတ်တစ် ရွေးချယ်ခံ တစ်ဦးအနေဖြင့် ကျောင်းထိုက်ရှင်းမှာ အလွန်ပင် ဂုဏ်မောက်သူတစ်ဦး ဖြစ်သည်။ လူငယ်မျိုးဆက်အတွင်း ချူချင်းသည်ပင် သူ၏ပြိုင်ဖက်တစ်ဦးမဟုတ်ဟု ခံယူထားသူလည်း ဖြစ်သည်။
ထို့ကြောင့် ဝူဟောင်နှင့်သာ တိုက်ခိုက်ကြမည်ဆိုပါက တစ်ပွဲတည်းဖြင့်ပင် သတ်ပစ်နိုင်လိမ့်မည်ဟုလည်း ယုံကြည်ထားလေသည်။
နန်းဆောင်သခင်ရှန့်ယွမ်မှ ခေါင်းညိတ်ပြကာ ပြောလိုက်သည်။ "မင်းတို့အားလုံး အပြစ်ဒဏ်ခံယူဖို့ ပြန်လို့ရပြီ။"
တပည့်များမှာ ဖြူရော်နေသော အမူအရာများဖြင့် ခန်းမဆောင်အတွင်းမှ အလျှိုအလျှို ထွက်ခွာသွားကြသည်။
"ကျောင်းထိုက်ရှင်းသာ ရှုံးသွားမယ်ဆိုရင် သူကလုံလောက်အောင် မသန်မာသေးဘူးဆိုတဲ့ သဘောပဲ။ မြင့်မြတ်သောနန်းတော်က တစ်ယောက်ယောက်သာ သူ့ထက်သာသွားမယ်ဆိုရင် ငါ့ရဲ့မြင့်မြတ်သောနန်းတော်ရဲ့ အခြေခံအုတ်မြစ်က ကြောက်စရာပဲလို့ လူတွေပြောကြလိမ့်မယ်။" နန်းဆောင်သခင်ရှန့်ယွမ်မှ တည်ငြိမ်စွာ ပြောလိုက်သည်။
ထို့နောက် ဝူဟောင်အားကြည့်ကာ စကားဆိုလိုက်သည်။ "တစ်လနေရင် မင်းကျောင်းထိုက်ရှင်းကို အနိုင်ယူလိုက်။ ပြီးရင် မင်းတို့ဝူအင်ပါယာအနေနဲ့ ဇူအင်ပါယာကို တိုက်ခိုက်လို့ရပြီ။"
ဝူဟောင်မှာ အသက်ပြင်းပြင်းတစ်ချက်အား ရှူထုတ်လိုက်ပြီးနောက် အရိုအသေပြုကာ ပြောလိုက်သည်။ "တပည့် နားလည်ပါပြီ။"
"ငါစိတ်မပျက်ရအောင် အကောင်းဆုံးကြိုးစားပါ။" နန်းဆောင်သခင်ရှန့်ယွမ်မှာ ထိုစကားအား ဆိုလိုက်ပြီးနောက် ချက်ချင်းဆိုသလိုပင် ခန်းမဆောင်အတွင်းမှ ပျောက်ကွယ်သွားသည်။
ဝူဟောင်မှာ အဝေးသို့ လှမ်းမျှော်ကြည့်ရှုကာ တွေးတောလိုက်၏။
ဇူယွမ် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာထဲကမင်းရဲ့လုပ်ဆောင်ချက်တွေက အရမ်းကို ထူးချွန်နေပြီ ထင်နေလား...
မင်းက အားအနည်းဆုံး ကျင်းချန်းဇယ်ကိုပဲ သတ်ပစ်နိုင်တာပါ....
ကျောင်းထိုက်ရှင်းကိုသာ တိုက်ခိုက်ဖို့ ရွေးချယ်ခဲ့မယ်ဆိုရင် အခုချိန် မင်းသေတောင်သေနေလောက်ပြီ....
မြင့်မြတ်သောနန်းတော်ထဲမှာ ငါတိတ်တဆိတ်နေလာတာ အချိန်တွေကြာခဲ့ပြီ....အခုက ကမ္ဘာကြီးကို ဝူဟောင်ဆိုတာဘာလဲ ပြရတော့မယ့်အချိန်ပဲ.....
အဲ့ဒါကြောင့် မင်းတိုက်ခိုက်ဖို့ မဝံ့ရဲတဲ့ ကျောင်းထိုက်ရှင်းကို ငါတိုက်ခိုက်ပြမယ်....
ရှန်ဇူတိုက်ကြီးရဲ့ နံပါတ်တစ် ရွေးချယ်ခံက ဝူဟောင်ဆိုတဲ့ ငါဖြစ်စေရမယ်....
အဲ့အချိန်ကြရင် မင်းဘယ်လောက်တောင် အံ့သြသွားမလဲဆိုတာ သိချင်နေပြီ....အဟက်...