← Chapters

အံ့ဖွယ်ဖြစ်ရပ်

Vol. 1 Ch. 349

အံ့ဖွယ်ဖြစ်ရပ်

Vol. 1 Ch. 349

ကျန်းရီနှင့် ဟဲလောင်သည် ဝင်္ကပါထဲတွင် ဦးတည်ရာမဲ့စွာ လျှောက်သွားနေကြသည်။ ကျန်းရီသည် အခန်းတစ်ခုထဲ ရောက်သွားတိုင်း မီးဝိဉာဉ်ပုလဲထဲမှ သစ်သားပိုင်း တစ်ခုစီကို ထုတ်၍ ထောင့်တစ်ခုတွင် ပစ်ချထားခဲ့သည်။ ထို့ပြင် သစ်သားပိုင်းများသည် အလျားမတူကြ၍ ဦးတည်ရာအား အကြမ်းဖျင်း ခန့်မှန်းနိုင်ရန် အကူအညီရလေသည်။

အခန်းအတော်များများအား သူတို့ဖြတ်သွားခဲ့သော်လည်း ဝင်ဖူးသည့် အခန်းထဲသို့ ပြန်မဝင်မိကြသေးပေ။ ဤဝင်္ကပါထဲတွင် မရေမတွက်နိုင်သည့် အခန်းများရှိနေမှန်း ထင်ရှားနေသည်။

"အမ်"

တစ်ခုသော အခန်းအတွင်း သူတို့ ဝင်လိုက်မိသောအခါ ကျန်းရီနှင့် ဟဲလောင်၏ မျက်လုံးများ တောက်ပသွားကြသည်။ ထိုအခန်းထဲတွင် အရိုးစုတစ်ခု ရှိနေပြီး အရိုးစုမှာ ပျက်စီးစပြုနေပြီ ဖြစ်သည်။ အရိုးများတွင် အပေါက်လေးများစွာ ရှိနေပြီး အရိုးစုပိုင်ရှင် သေဆုံးသွားသည်မှာ နှစ်ပေါင်းများစွာ ရှိနေပြီမှန်း သက်သေပြနေလေသည်။

"တစ်ယောက်ယောက် ဒီကိုလာသွားသေးတယ်။ ယွင်လုပဲ ဖြစ်ရမယ်"

ခြေထောက်ရိုး တစ်ချောင်းသည် လိုအပ်သည့် အကွာအဝေးထက် ပို၍ဝေးနေပြီး အရိုးစု၏ ဘေးတွင် မည်သည့်လက်နက်မှ မရှိသည်ကို ကျန်းရီ သတိထားမိလိုက်သည်။ ရှေးဟောင်းနတ်ဘုရား လက်စွပ်လည်း ရှိမနေပေ။ အရိုးစုပိုင်ရှင်၏ ပစ္စည်းများအား တစ်ယောက်ယောက် ယူသွားခြင်းသာ ဖြစ်နိုင်သည်။

"အင်း...လိုက်ကြစို့"

ဟဲလောင်သည် တက်တက်ကြွကြွ ဖြစ်သွားခဲ့ပြီး နှစ်ယောက်သားသည် ဘယ်ဘက်ခြမ်းရှိ တံခါးထံ ပြေးသွားလိုက်ကြသည်။ အခန်းတွင်း ဝင်ရောက်မိသည့် ခဏတွင် ဟဲလောင်နှင့် ကျန်းရီနှစ်ယောက်လုံးသည် အလွန်ပြင်းထန်သည့် အန္တရာယ် အငွေ့အသက်ကို ခံစားမိလိုက်ကြသည်။ သူတို့၏ မျက်လုံးများ အလိုလို ကျဉ်းမြောင်းသွားကြသည်။

နံရံနှစ်ဖက်သည် ရုတ်တရက် လင်းလက်လာခဲ့ပြီး သူတို့ထံသို့ အဖြူရောင်အလင်းတန်း ငါးခုအား ပစ်လွှတ်လာခဲ့သည်။ ထိုအလင်းတန်းများသည် စုဂိုဏ်း၏ ခရမ်းရောင်ကောင်းကင်အလင်းတန်း ကဲ့သို့ပင် အဖျက်အဆီးစွမ်းအားများ ပြည့်ဝနေခဲ့သည်။ သူတို့ကိုယ်များသာ အလင်းတန်းနှင့် ထိတွေ့သွားပါက အမှုန့်ဖြစ်သွားမည်မှန်း နှစ်ယောက်လုံး သံသယမဝင်မိကြပေ။

"စိတ်ဝိဉာဉ်လောင်ကျွမ်း နေရာရွှေ့ပြောင်းကျင့်စဉ်"

ကျန်းရီသည် နေရာရွှေ့ပြောင်းရန် ချက်ချင်းဆုံးဖြတ်လိုက်သည်။ သူသည် ဝင်္ကပါထဲမှ ထွက်သွားရန် ကြိုးစားလိုက်သည်။ သူ့ကိုယ်မှာ အတားအဆီးမရှိ နေရာရွှေ့ပြောင်း၍ ရသွားခဲ့သည်။

ဝှစ်...

ကျန်းရီသည် နေရာရွှေ့ပြောင်း၍ အဖြူရောင်အလင်းများကို အလွယ်တကူ ရှောင်တိမ်းလိုက်သည်။ သူသည် ဆန့်ကျင်ဘက်အရပ်ရှိ တံခါးအနီး နေရာရွှေ့ပြောင်းလိုက်ခြင်း ဖြစ်သည်။ သူနေရာရွှေ့ပြောင်းလိုက်သော ခဏတွင် သူ့ခြေထောက်အောက်မှ အဖြူရောင်အလင်းတစ်ခု လင်းလက်လာခဲ့ပြီး အေးစိမ့်သော အရှိန်အဝါများနှင့် လှံများ ထွက်ပေါ်လာကြသည်။

"သောက်ခွေး"

လှံများ၏ အရှိန်သည် အလွန်မြန်ဆန်လွန်း၍ လှံတစ်ချောင်းသည် ကျန်းရီ၏ ခြေဖဝါးအတွင်း ထိုးဖောက်ဝင်ရောက်လာခဲ့သည်။ သူသည် ချက်ချင်းပျံသန်း၍ အလျင်အမြန် ရှောင်ရှားလိုက်ခြင်းသာ မရှိပါက သူ့ခြေထောက်တစ်ဆုံး လှံစိုက်ခံလိုက်ရပြီး ခြေထောက်များ သွေးများရွှဲနေလောက်နေပြီ ဖြစ်သည်။

ဘန်း...

ကျန်းရီသည် ကြမ်းပြင်အား လက်တစ်ဖက်ထောက်လိုက်၍ ခုန်လိုက်သည်။ ထို့နောက် ကိုယ်ကိုလှည့်၍ တံခါးထံ အတင်းပြေးဝင်သွားလိုက်သည်။

"ကျွတ်စ်"

အခန်းတစ်ခုထဲ ရောက်သွားပြီးနောက် ကျန်းရီသည် အန္တရာယ် ရှိမရှိ သေချာစစ်ဆေးလိုက်သည်။ ထို့နောက် တစ်ဆစ်ဆစ် နာကျင်နေသည့် သွေးများ ရွှဲနေသော ခြေထောက်ကို ဆုပ်ကိုင်၍  ကြမ်းပြင်ပေါ် လူးလှိမ့်နေခဲ့သည်။

ဝှစ်...

ဟဲလောင်သည်လည်း အလျင်အမြန် ရောက်လာခဲ့သည်။ သူသည် စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် ထိပ်ဆုံးအဆင့် ဖြစ်၍ သူ၏လှုပ်ရှားမှုများ၊ တုံ့ပြန်နိုင်စွမ်းတို့မှာ ကျန်းရီထက် ပိုမြန်လေသည်။ ထို့ကြောင့် သူသည် မည်သည့်ဒဏ်ရာမှ မရခဲ့ပေ။

ကျန်းရီ ဒဏ်ရာရသွားသည့်အတွက် သူတို့သည် သွားနေခြင်းကို ရပ်တန့်လိုက်ကြပြီး ကျန်းရီပြန်ကောင်းသည်အထိ စောင့်နေလိုက်ကြသည်။ ကျန်းရီသည် အတော်အသင့် မြန်သောကြောင့် အရိုးများအား ထိခိုက်မသွားသည်မှာ ကံကောင်းသည်။ မဟုတ်ပါက နှစ်ရက်၊ သုံးရက်လောက်အထိ သူလှုပ်ရှားနိုင်မည် မဟုတ်ပေ။

"ဒီစုန်းနတ်ဘုရားက တကယ် ရက်စက်တဲ့လူပဲ။ စတုတ္ထထပ်က ဘယ်လိုလုပ် ရိုးရှင်းပါ့မလဲ တွေးနေတာ"

ဟဲလောင်သည် အငြိုးတကြီး ပြောရင်း တံခါးလေးခုအား ထိတ်လန့်စိတ်ဖြင့် ကြည့်လိုက်သည်။ နောင်တွင် တံခါးတစ်ခုအတွင်း ဝင်ရောက်တိုင်း သူတို့ သတိထားရတော့မည်ဖြစ်သည်။ အခန်းများထဲမှ အချို့သည် သေခြင်းနယ်မြေဖြစ်၍ သူတို့ ဝင်ရောက်လိုက်သည်နှင့် အစီအရင်များ အသက်ဝင်လာလိမ့်မည်။

နေ့ဝက်ခန့် ဒဏ်ရာကို ကုစားပြီးနောက် ကျန်းရီ၏ ခြေထောက်မှ ဒဏ်ရာသည် ပျောက်ကင်းသွားခဲ့ပြီး လမ်းလျှောက်ရာတွင် ပြဿနာ မရှိတော့ပေ။ ထို့ကြောင့် သူတို့သည် ဆက်လက်၍ ခရီးဆက်ကြသည်။ အခန်းတော်တော်များများ ဖြတ်သန်းပြီးသွားသည်အထိ မည်သည့်အန္တရာယ်မှ မကြုံတွေ့သေးသောအခါ နှစ်ယောက်သားသည် စိတ်သက်သာရာ ရစွာ သက်ပြင်းကိုယ်စီ ချမိကြသည်။

ဝှစ်...

သူတို့နှစ်ယောက် နောက်တစ်ခန်းသို့ ဝင်ရောက်ချိန်တွင် အန္တရာယ်မှာ ဆိုက်ဆိုက်မြိုက်မြိုက် ဆီးကြိုနေခဲ့သည်။ အခန်း၏ မျက်နှာကျက်သည် အဖြူရောင်အလင်း တစ်ချက်လက်သွားခဲ့ပြီး ငွေရောင်နဂါးများအလင်း မိုးကြိုးငါးခု ကျဆင်းလာခဲ့သည်။

"သေစမ်းကွာ"

ကျန်းရီနှင့် ဟဲလောင်မှာ တစ်ပြိုင်တည်း ကျိန်ဆဲလိုက်ကြသည်။ သူတို့သည် အလျင်အမြန် နောက်ဆုတ်လိုက်ကြပြီး သူတို့ဝင်လာခဲ့သော တံခါးအတွင်း အမြန်ပြန်ဝင်လိုက်ကြသည်။ သူတို့သာ အနည်းငယ် နောက်ကျသွားပါက နှစ်ယောက်လုံး မိုးကြိုးစာမိသွားမည် ဖြစ်သည်။ ယခင်အခန်းထဲ ပြန်ရောက်သည်နှင့် နှစ်ယောက်သားမှာ ခြေပစ်လက်ပစ် လှဲချလိုက်ကြသည် သူတို့ကိုယ်များမှာ တဆတ်ဆတ် တုန်ယင်နေကြပြီး ဆံပင်များမှာ ထောင်ထနေကြသည်။ သူတို့၏ အဝတ်အစားများ၊ ဆံပင်များမှ မီးခိုးငွေ့များ တထောင်းထောင်း ထွက်နေပြီး ညှော်နံ့များအား သူတို့နှစ်ယောက်လုံး အနံ့ခံမိလိုက်ကြသည်။

သူတို့ မိုးကြိုးအပစ်ခံလိုက်ရသည်။

အသက်ဆယ်ရှိုက်စာမျှ ကြာပြီးနောက် ကျန်းရီနှင့် ဟဲလောင်၏ကိုယ်များ တုန်ယင်နေခြင်း ရပ်တန့်သွားကြသည်။ သူတို့တွင် မတ်တပ်ရပ်ရန်ပင် အားမရှိဘဲ အသက်လု ရှူနေကြရသည်။ အချိန်အနည်းငယ်ကြာမှသာ သူတို့ အနိုင်နိုင် ထထိုင်ကြရသည်။ သူတို့သည် တစ်ယောက်၏ မည်းတူးနေသည့်မျက်နှာအား တစ်ယောက်ကြည့်ရင်း ခါးသီးစွာ ပြုံးလိုက်မိကြသည်။

မိုးကြိုးအပစ်ခံရသည်မှာ ကောင်းမွန်သည့် ခံစားချက် မဟုတ်ပေ။ သူတို့သာ အနည်းငယ် နောက်ကျသွားပါက မည်သို့ဖြစ်နေမည်မှန်း တွေးတောင်မတွေးရဲကြပေ။

အချိန်အတော်ကြာ အနားယူပြီးနောက် သူတို့နှစ်ယောက်လုံး ပြန်ကောင်းသွားကြသည်။ သူတို့၏ ကိုယ်များမှာ အတော်ကြံ့ခိုင်သည်ဟု ပြောနိုင်သည်။ ထိုသို့ဆိုလျှင်တောင် သူတို့နှစ်ယောက်လုံးမှာ တစ်ကိုယ်လုံး နာကျင်၍ မသက်မသာ ဖြစ်နေကြသည်။ သူတို့၏ အင်္ကျီများမှာ စုတ်ပြတ်နေကြပြီး ခေါင်းထက်မှ ဆံပင်စအချို့သည် ပြာဖြစ်ကာ လွင့်ကျနေခဲ့သည်။

နှစ်နာရီအကြာတွင် သူတို့နှစ်ယောက် ထရပ်ကာ ဆက်လက်၍ လမ်းလျှောက်ကြသည်။ ဤတစ်ကြိမ်တွင် သူတို့သည် ဘယ်ဘက်တံခါးသို့ ပြေးမသွားရဲကြဘဲ အခြားတံခါးတစ်ခုထံသို့သာ ဦးတည်လိုက်ကြသည်။

အချိန်အတော်ကြာ ပြေးလွှားပြီးနောက် အန္တရာယ်အမျိုးမျိုးကို သူတို့ ကြုံတွေ့ပြီးကြပြီ ဖြစ်သည်။ အခန်းတိုင်းသည် တစ်ပုံစံတည်းဖြစ်ပြီး အချို့သည် ဝင်ရောက်သည်နှင့် အစီအရင်များ အသက်ဝင်လာကြသည်။ ၎င်းတို့သည် အဖြူရောင်အလင်းများ၊ မိုးကြိုးများ၊ ကြမ်းပြင်အောက်မှ လှံတံများ၊ မီးတောက်များ၊ လေဓားသွားများ၊ အဆိပ်မြူများအပြင် အမျိုးမျိုးသော ထောင်ချောက်များ ရှိကြသေးသည်။

ကျန်းရီနှင့် ဟဲလောင်မှာ အန္တရာယ်တစ်ကြိမ် ကြုံပြီးတိုင်း စုတ်ပြတ်သတ်၍ သေလုနီးပါး ဖြစ်နေကြသည်။ ဟဲလောင်သည် အားကောင်းလွန်းပြီး ကျန်းရီတွင် နေရာရွှေ့ပြောင်းနိုင်သည့် စွမ်းရည်နှင့် အကာအကွယ်အဖြစ် ကမ္ဘာ့မီးလျှံသာ ရှိမနေပါက သူတို့ သေပြီးသည်မှာ အကြိမ်ကြိမ် ဖြစ်နေလောက်ပြီ ဖြစ်သည်။

ဤသို့ဖြင့် နှစ်ယောက်သားသည် ရောက်တတ်ရာရာ လျှောက်သွား၍ ထွက်ပေါက်ရှာရင်း ယွင်လုအား ရှာဖွေနေကြသည်။ ငါးရက်ကြာ သွားလာပြီးနောက် သူတို့သည် သေခြင်းမှ အကြိမ်ကြိမ် လွတ်မြောက်ခဲ့သလို အရိုးစုအမြောက်အများလည်း ထပ်မံရှာဖွေ တွေ့ရှိခဲ့သည်။ သူတို့သည် ဆက်လက်လျှောက်သွားနေခဲ့သော်လည်း ထွက်ပေါက်ရော၊ ယွင်လုကိုပါ အရိပ်တောင် မတွေ့ခဲ့ပေ။

သူတို့သည် အနားယူလိုက် သည်းကြီးမည်းကြီး ရှာဖွေလိုက်နှင့် အလုပ်ရှုပ်နေကြသည်။ သူတို့သည် စိတ်ဆင်းရဲစရာတစ်ခုကို မကြာခင် တွေ့ရှိသွားခဲ့သည်။ သူတို့သည် ယခင်က ဝင်ခဲ့ဖူးသည့် အခန်းများအတွင်း မကြာခဏဆိုသလို ပြန်ရောက်သွားတတ်ပြီး ကျန်းရီထားခဲ့သည့် သစ်သားပိုင်းများကို တွေ့တွေ့နေရသောကြောင့် ဖြစ်လေသည်။

ငါတို့ မထွက်နိုင်တော့ဘူး...

ကျန်းရီနှင့် ဟဲလောင်မှာ ထုတ်မပြောကြသော်လည်း သူတို့၏ စိတ်ထဲတွင် ထိုအတွေးကသာ တဝဲလည်လည် ဖြစ်တည်နေခဲ့သည်။ ဤအထပ်သို့ ရောက်လာကြသူတိုင်းသည် အနည်းဆုံး စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် ထိပ်ဆုံးအဆင့် သို့မဟုတ် အလွန်အားကောင်းသည့် စွမ်းရည်အချို့ ပိုင်ဆိုင်ထားကြသူများသာ ဖြစ်ရမည်။ သို့သော် ဤနေရာတွင် အရိုးစု အမြောက်အများ ရှိနေရာ သူတို့၏ အင်အားနှင့် ဤဝင်္ကပါထဲမှ ထွက်မသွားနိုင်ဟု ဖော်ပြနေလေသည်။

"ယွင်လု...ဒီဝင်္ကပါထဲက ထွက်သွားလောက်ပြီ"

နောက်သုံးလေးရက်ခန့် ဆက်ရှာပြီးနောက် ကျန်းရီနှင့် ဟဲလောင်တို့ ရပ်တန့်လိုက်ကြသည်။ သူတို့သည် အနည်းဆုံး အခန်း တစ်သိန်းလောက်အထိ ဝင်ရောက်ပြီးကြပြီဖြစ်သည်။ သို့သော် ယွင်လု၏ အရိပ်တောင် ရှာမရခဲ့ပေ။ ယွင်လုသည် ဤနေရာမှ အစီအရင်များကို ထိန်းချုပ်နိုင်၍ ဝင်္ကပါထဲမှ ထွက်သွားခဲ့ခြင်းသာ ဖြစ်ရမည်။

သူတို့သည် ကြမ်းပြင်ပေါ်တွင် ထိုင်၍ ရိက္ခာခြောက်များ စား၍ ရေသောက်နေကြသည်။ သို့သော် သူတို့မှာ အရသာမရှိသည့် ဖယောင်းသားများ စားနေရသည့်ပမာ ခံစားနေရသည်။ ဟဲလောင်၏ မျက်နှာမှာ သုန်မှုန်နေခဲ့သည်။ သူတို့ နည်းလမ်းပေါင်းစုံ ကြိုးစားပြီးပြီ ဖြစ်သည်။ ဤဝင်္ကပါသည် သူတို့၏ သချုႋင်းဟု ကံတရားက သတ်မှတ်ပေးထားသည့်နှယ်။

နှစ်ပေါင်းများစွာ ကြာပြီးနောက် တစ်စုံတစ်ယောက် ဤနေရာသို့ ရောက်လာခဲ့ပါက သူတို့၏ အရိုးစုများကို တွေ့လျှင်လည်း တွေ့ကြလောက်သည်။

"ငါလုပ်မှ ဖြစ်မယ်"

ကျန်းရီသည် လက်ကျန် အသားခြောက်စကို ပါးစပ်ထဲ ထိုးထည့်လိုက်ပြီးနောက် ဆတ်ခနဲ ထရပ်လိုက်သည်။ သူသည် အပေါ်မှ မျက်နှာကြက်ကို ကြည့်လိုက်သည်။ သူ့တွင် နောက်ဆုံးနည်းလမ်းတစ်ခုသာ ရှိတော့မှန်း သူသိသည်။ ထို့နောက် သူမထွက်နိုင်သေးလျှင် မသေမချင်း ဤနေရာတွင်သာ သူတို့ ပိတ်မိနေတော့မည် ဖြစ်သည်။

"ဟဲလောင်...နောက်ဆုတ်နေ"

ဟဲလောင်သည် ကျန်းရီ၏ ရုတ်တရက် အော်သံကြောင့် ကျန်းရီအား နားမလည်နိုင်စွာ ကြည့်လိုက်သည်။

"သခင်လေးရီ...ဘာလုပ်တော့မလို့လဲ"

"ငါ ဒီကျောက်တုံး မျက်နှာကျက်ကို ဖျက်ဆီးတော့မလို့"

ကျန်းရီသည် အံကြိတ်၍ ရှင်းပြလိုက်သည်။

"ငါ့မှာ မီးဝိဉာဉ်ကျောက်တုံး နှစ်ခုပဲ ကျန်တော့တာ...ငါဒီကျောက်တုံးမျက်နှာကျက်ကို မဖျက်ဆီးနိုင်လို့ ဒီကနေ မထွက်နိုင်ရင် ငါ့မှာ တခြားနည်းလမ်း မရှိတော့ဘူး"

ဟဲလောင်၏ မျက်ဝန်းများမှာ မျှော်လင့်ချက်များဖြင့် တောက်ပလာခဲ့သည်။ သူသည် ချက်ချင်းတစ်ဖက်သို့ ကပ်နေလိုက်ပြီး မျက်နှာကျက်အား ထိတ်လန့်စွာ ကြည့်နေလိုက်သည်။ ဤသည်မှာ သူတို့၏ နောက်ဆုံးမျှော်လင့်ချက် ဖြစ်သည်။

"ဟိုင်းယား"

မီးဝိဉာဉ်ပုလဲထဲမှ အနီရောင်ကျောက်တုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထို့နောက် ကျန်းရီသည် အားယူရန် ပြေးလိုက်ပြီး ကျောက်နံရံအား ခြေထောက်၍ ပြေးတက်သွားကာ လက်ထဲမှ မီးဝိဉာဉ်ကျောက်တုံးအား ပစ်တင်လိုက်သည်။

မီးဝိဉာဉ်ကျောက်တုံးသည် မျက်နှာကျက်နှင့် ထိတွေ့သွားခဲ့ပြီး ၎င်းမှ အစိမ်းရောင်အခိုးအငွေ့များ ထွက်ပေါ်လာခဲ့သည်။ မျက်နှာကျက်သည် အဖြူရောင်အလင်းများ ဖြာထွက်နေခဲ့ပြီး အကြည်ရောင် အလွှာတစ်ခုမှာ စတင်လောင်ကျွမ်းလာခဲ့သည်။ ကျန်းရီနှင့် ဟဲလောင်မှာ မျက်တောင်မခတ်တမ်း စောင့်ကြည့်နေကြပြီး အံ့ဖွယ်တစ်ခု ဖြစ်ပွားလာရန် ဆုတောင်းနေကြသည်။

***

All Chapters