ဒုတိယမြောက်ရွေးချယ်ခံ
Vol. 48 Ch. 667
ကန်ရွှမ်းကလန်သို့ ပြန်လည်ရောက်ရှိလာပြီး တတိယမြောက်နေ့တွင် ကလန်ခေါင်းဆောင်ချင်းယန်သည် မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင် ဇူယွမ်အား ဒုတိယမြောက် ရွေးချယ်ခံအဖြစ် သတ်မှတ်လိုက်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်သည်။
ထိုကြေညာချက်အား ကြိုတင်ခန့်မှန်းထားကြသောကြောင့် ကန်ရွှမ်းကလန်အတွင်း ရုတ်ရုတ်သဲသဲ ဖြစ်ပေါ်သွားခြင်း မရှိပါချေ။ တပည့်အများစုမှာ တပည့်ခေါင်းဆောင်နေရာမှ ဒုတိယမြောက် ရွေးချယ်ခံအဖြစ် သတ်မှတ်ခြင်းခံလိုက်ရသည့် ဇူယွမ်အား အလွန်လေးစားအားကျနေမိကြသည်။ ထိုကဲ့သို့သော ဖြစ်ရပ်မျိုးသည် ကန်ရွှမ်းကလန်အတွင်း လွန်စွာရှားပါးလှသည်။
ဂူနန်း၌.....
ဇူယွမ်မှာ ကြေညာချက်စာလိပ်အား ကြည့်ရှုနေရင်းဖြင့် စိတ်ခံစားချက်အား မထိန်းချုပ်နိုင် ဖြစ်နေရသည်။ ကလန်သို့ စတင်ရောက်ရှိစဉ်အချိန်၌ ဇူယွမ်မှာ ရွေးချယ်ခံများအား မှတ်တမ်းတင်ထားသည့် ကျောက်ပြားကိုတွေ့ရှိခဲ့ရပြီး တစ်နေ့တွင် ရွေးချယ်ခံတစ်ဦးဖြစ်ရမည်ဟု ရည်မှန်းထားခဲ့သည်။
ထိုအချိန်၌ ရွေးချယ်ခံတစ်ဦးဖြစ်လာရန် အလွန်ခက်ခဲပင်ပန်းစွာ ကြိုးစားရလိမ့်မည်ဟု တွေးတောထားခဲ့၏။
ယခုအချိန်တွင်မူ ဇူယွမ်မှာ ရွေးချယ်ခံတစ်ဦး ဖြစ်လာရုံသာမက အဆင့်သတ်မှတ်ချက်တွင်လည်း ဒုတိယမြောက်နေရာအား ရရှိနိုင်ခဲ့ပြီပင် ဖြစ်သည်။
"ရွေးချယ်ခံတစ်ယောက် ဖြစ်လာမယ်လို့တောင် မထင်ထားခဲ့မိဘူး။" ဇူယွမ်မှာ ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။ ထို့နောက် ကြေညာချက်စာလိပ်အား သိမ်းဆည်းထားလိုက်၏။ ရွေးချယ်ခံနေရာသည် ဂုဏ်ယူစရာတစ်ခုသာဖြစ်ပြီး အရေးအကြီးဆုံးမှာ သူ၏တိုက်ပွဲစွမ်းရည်နှင့် ခွန်အားသာ ဖြစ်သည်။
ရွေးချယ်ခံတစ်ဦး ဖြစ်ရုံမျှဖြင့် ဝူဘုရင်နှင့် ဝူအင်ပါယာအား ဖျက်စီး၍ရနိုင်မည် မဟုတ်ပေ။
"ဟူး...."
ဇူယွမ်မှာ အသက်ပြင်းပြင်းတစ်ချက်အား ရှူထုတ်လိုက်ပြီးနောက် ဂူနန်းအတွင်းပိုင်းဆီသို့ ဝင်ရောက်သွားသည်။ ထို့နောက် သန့်စင်သော ချီစွမ်းအင်များ ထွက်ပေါ်ရာနေရာတွင် တင်ပုလ္လင်ချိတ်ထိုင်ကာ မျက်ဝန်းများအား မှိတ်လိုက်သည်။
ချီပင်လယ်အတွင်း ချီကြယ်ပွင့်များ လင်းလက်တောက်ပနေလျက်ရှိပြီး ကောင်းကင်ဘုံ၏ဒဏ်ခတ်ခြင်း သူတော်စင်မှော်စာလုံးမှာလည်း အရည်အသွင်ဖြင့် ဆန်းကြယ်စွာ လွင့်မျောနေလျက် ရှိသည်။
ကောင်းကင်ဘုံ၏ဒဏ်ခတ်ခြင်း သူတော်စင်မှော်စာလုံးထံမှ အရောင်အဝါများ ထွက်ပေါ်နေလျက်ရှိပြီး ချီကြယ်ပွင့်များနှင့် ချိတ်ဆက်မိသွားသောအခါတွင် ကြယ်ပွင့်များမှာ သန့်စင်သွားကာ ပိုမိုတောက်ပလာရသည်။
ကောင်းကင်ဘုံ၏ဒဏ်ခတ်ခြင်း သူတော်စင်မှော်စာလုံးမှာ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း နှစ်ပေါင်းများစွာ ရှိနေခဲ့ကာ သန့်စင်လွန်းလှသော ချီစွမ်းအင်များအား စုပ်ယူသိမ်းဆည်းထားခဲ့သည်။ ကောင်းကင်ဘုံ၏ဒဏ်ခတ်ခြင်း သူတော်စင်မှော်စာလုံးအနေဖြင့် ထိုချီစွမ်းအင် အမြောက်အများအား နတ်ဘုံခန်းဝါ ရတနာများ ဖန်တီးရာတွင် အသုံးပြုခဲ့ပါသော်လည်း ယခုအချိန်ထိ ပမာဏများစွာ ကျန်ရှိနေသေး၏။
ထိုသို့များပြားလှသော သန့်စင်သည့်ချီစွမ်းအင်များမှာ ဇူယွမ်အား အလွန်ပင် ပျော်ရွှင်စေလေသည်။
ထိုအချိန်မှာပင် ကောင်းကင်ဘုံ၏ဒဏ်ခတ်ခြင်း သူတော်စင်မှော်စာလုံးမှာ ဇူယွမ်၏ ချီပင်လယ်အတွင်း တုန်ခါလာပြီးနောက် များပြားလှသော မြူခိုးလုံးများအား ထွက်ပေါ်စေလိုက်သည်။
ကောင်းကင်ဘုံ၏ဒဏ်ခတ်ခြင်း သူတော်စင်မှော်စာလုံးထံမှ ပြင်းထန်လှသော ချီစွမ်းအင်များနှင့် မြူခိုးလုံးများ အဆက်မပြတ် ထွက်ပေါ်နေလျက် ရှိသည်။
ဇူယွမ်မှာ စိတ်နှလုံးများ တုန်ခါသွားရပြီးနောက် စိတ်ဝိဉာဉ်စွမ်းအင်အား အသက်သွင်းလိုက်သည်။ ချီပင်လယ်တစ်ခုလုံးမှာ မြူခိုးလုံးများဖြင့် ပြည့်နှက်နေလျက်ရှိ၏။
ထိုမြူခိုးလုံးများ ဖြည်းညင်းစွာ ပျောက်ကွယ်သွားသောအခါတွင် ချီကြယ်ပွင့်အသစ်တစ်လုံးအား တွေ့ရှိလိုက်ရသည်။ ဤသို့ဖြင့် ခေတ္တမျှသော အချိန်လေးအတွင်းမှာပင် ချီကြယ်ပွင့်များစွာ ဖြစ်ပေါ်လာလေသည်။ ဇူယွမ်ကဲ့သို့သော သူမျိုးအတွက်ပင် ယခုချီကြယ်ပွင့်အသစ်များ ဖြစ်ပေါ်လာသည့်နှုန်းသည် အလွန်လျင်မြန်လှသည်ဟု ခံစားနေရသည်။ ဇူယွမ်မှာ စိတ်လှုပ်ရှားလွန်းလှသဖြင့် နှလုံးသားများ ပေါက်ကွဲထွက်မတက်ပင် ဖြစ်နေရ၏။ ထို့အပြင် ယခုဖြစ်ပေါ်လာသော ချီကြယ်ပွင့် အသစ်များမှာ အလွန်သန့်စင်လွန်းလှပြီး ကျစ်လစ်သန်မာမှုလည်း ရှိနေသည်။
ကောင်းကင်ဘုံ၏ဒဏ်ခတ်ခြင်း သူတော်စင်မှော်စာလုံးတွင် ပါဝင်နေလျက်ရှိသည့် စကြာဝဠာချီစွမ်းအင်များမှာ ဇူယွမ်ခန့်မှန်းထားသည်ထက်ပင် အဆပေါင်းများစွာ သန့်စင်နေပုံ ရသည်။
"ကောင်းကင်ဘုံရဲ့ဒဏ်ခတ်ခြင်း သူတော်စင်မှော်စာလုံးထဲမှာရှိတဲ့ ချီစွမ်းအင်တွေအကုန်လုံးကို စုပ်ယူနိုင်မယ်ဆိုရင် ငါ့ရဲ့ချီစွမ်းအင်အခြေခံအုတ်မြစ်က ဘယ်လောက်ထိ ကျစ်လစ်သန်မာသွားမလဲ မသိဘူး။"
"ကျောင်းထိုက်ရှင်းမှာ ချီကြယ်ပွင့် တစ်သိန်းရှိတယ်။ ငါမူလစဦး နဝမအဆင့်ကို ရောက်တဲ့အချိန်ကြရင်တော့ သူ့ကိုကျော်နိုင်လောက်မှာပါ...ဟုတ်တယ်မလား။"
ဇူယွမ်မှာ အတွေးများကြား နစ်မြုပ်နေလျက်ရှိပြီး စိတ်နှလုံးများ ပွက်ပွက်ဆူနေရသည်။
ဇူယွမ်မှာ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း ကျင်းချန်းဇယ်အား သတ်ဖြတ်နိုင်ခဲ့ပါသော်လည်း ချီစွမ်းအင်အခြေခံအုတ်မြစ်သည် အားနည်းနေဆဲပင် ဖြစ်သည်။ သို့သော် မူလစဦး နဝမအဆင့်သို့သာ တက်ရောက်နိုင်ခဲ့ပါက သူသည် ကျောင်းထိုက်ရှင်းနှင့် ချူချင်းတို့အား အမှီလိုက်နိုင်လိမ့်မည်ဟု ခိုင်မာစွာ ယုံကြည်ထားသည်။
ဇူယွမ်မှာ အတွေးစများအား ဖြတ်တောက်ပစ်လိုက်ပြီးနောက် ကောင်းကင်ဘုံ၏ဒဏ်ခတ်ခြင်း သူတော်စင်မှော်စာလုံးထံမှ ထွက်ပေါ်နေသော ချီစွမ်းအင်များကိုသာ အားစိုက်၍ စုပ်ယူနေလိုက်သည်။
ဂူနန်းအတွင်း ဇူယွမ်မှာ ငြိမ်သက်စွာဖြင့် ထိုင်နေလျက်ရှိသည်။ ပတ်ဝန်းကျင်တွင်ရှိနေသော စကြာဝဠာချီစွမ်းအင်များမှာလည်း လေတိုးသံမျှပင် ထွက်ပေါ်နေခြင်း မရှိသဖြင့် ရုတ်တရက် ကြည့်ရှုမည်ဆိုပါက ဇူယွမ်မှာ အိပ်ပျော်နေသကဲ့သို့ပင် ထင်မှတ်ရသည်။
အပြင်ဖက်၌ လွန်စွာအေးချမ်းတည်ငြိမ်နေပါသော်လည်း ဇူယွမ်၏ ချီပင်လယ်အတွင်းတွင်မူ ပြောင်းလဲမှုများစွာ ဖြစ်ပေါ်နေလျက် ရှိသည်။ ချီကြယ်ပွင့်များလည်း တစ်လုံးပြီးတစ်လုံး ဖြစ်ပေါ်နေလျက် ရှိ၏။
ဇူယွမ်၏ ချီစွမ်းအင်အခြေခံအုတ်မြစ်မှာ မယုံကြည်နိုင်စရာကောင်းသောအရှိန်ဖြင့် လျင်မြန်စွာ တိုးတက်နေလေသည်။
ဤသို့ဖြင့် ဇူယွမ်ကျင့်ကြံနေသည်နှင့်အတူ အချိန်များလည်း ဖြည်းညင်းစွာ ကုန်ဆုံးလာရသည်။
ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ၏ ခရီးစဉ် ပြီးဆုံးသွားသည့် အချိန်မှစ၍ ကန်ရွှမ်းကလန်မှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားကြောင်း တပည့်များအားလုံး သတိထားမိကြသည်။
ပုံမှန်အားဖြင့် ပင်ပန်းနွမ်းနယ်ခဲ့ရသော ခရီးစဉ်ကြီး ပြီးဆုံးသွားပြီးသည့်နောက် ကောင်းမွန်စွာ အနားယူရမည် ဖြစ်ပါသော်လည်း ရွေးချယ်ခံများအားလုံးမှာ သီးသန့်ကျင့်ကြံခြင်းများ ပြုလုပ်နေခဲ့ကြသည်။ အထူးသဖြင့် ဇူယွမ်မှ ဒုတိယမြောက် ရွေးချယ်ခံနေရာအား ရရှိသွားပြီးသည့်နောက် ခုန်းရှန်ကဲ့သို့သော ရွေးချယ်ခံများမှာ စိတ်ဖိစီးမှုများ ဖြစ်ပေါ်လာရပြီး အနည်းငယ်မျှပင် အနားယူရဲခြင်း မရှိကြတော့ပေ။
အခြားသော တပည့်များမှာလည်း ရွေးချယ်ခံများ၏ လမ်းစဉ်အားလိုက်ကာ ကျင့်ကြံအားထုတ်ခြင်းများအား တိုးမြှင့်ကြိုးစားကြတော့သည်။ ဤသို့ဖြင့် ကန်ရွှမ်းကလန်အတွင်း တပည့်များ၏ ကြိုးစားအားထုတ်ခြင်းများမှာ တမုဟုတ်ချင်း တိုးတက်လာခဲ့၏။
ငြိမ်းချမ်းတိတ်ဆိတ်နေသော ကန်ရွှမ်းကလန်နှင့်မတူပဲ ဝေးလံခေါင်ဖျားသော ကန်းမင်တိုက်ကြီးတွင်မူ အခြေအနေတစ်မျိုး ဖြစ်ပေါ်နေလျက် ရှိသည်။
အချိန်ကြာမြင့်စွာ ငြိမ်သက်နေခဲ့သော ဝူအင်ပါယာထံမှ ကြေညာချက်တစ်ခု ထွက်ပေါ်လာခြင်း ဖြစ်သည်။ သားကောင်အား စောင့်ကြည့်နေလျက်ရှိသော ကျားသားရဲနှင့်တူသည့် ဝူဘုရင်သည် အရှေ့ဖက်အရပ်သို့ ဦးတည်ထွက်ခွာနေပြီပင် ဖြစ်သည်။
ထိုအရှေ့ဖက်အရပ်သည် ကြီးမြတ်သောဇူအင်ပါယာ တည်ရှိနေသည့်အရပ်ပင် ဖြစ်လေတော့သတည်း....