← Chapters

အခန်း (၄၃၉)

Vol. 34 Ch. 439

အခန်း (၄၃၉)

Vol. 34 Ch. 439

“သခင်မ သခင်မ၊ ကျွန်မ ကျွန်မက အဲဒီလိုသဘောမဟုတ်ပါဘူး!”

သုကျွမ်းသည် ဟွမ်ဝမ်အာ၏အကြည့်ကြောင့် ကြောက်ရွံ့တုန်လှုပ်သွားကာ တစ်ကိုယ်လုံး တုန်ယင်နေလေသည်။ သူမ၏ သခင်မသည် မည်မျှအထိ ရူးနှမ်းနိုင်ကြောင်း သူမ ကောင်းကောင်းသိသည်။ သခင်မသည် သုကျွမ်းအား သူမ၏ကလေးအပေါ် မကောင်းသည့် အကြံအစည်ရှိနေသည်ဟု အထင်လွဲသွားပါက သုကျွမ်း၏အသက်မှာ အဆုံးသတ်သွားလိမ့်မည်ဖြစ်၏။

သခင်မတွင် သုကျွမ်းကို သတ်ဖြတ်ရန်အတွက် နည်းလမ်းများ မရေမတွက်နိုင်အောင် ရှိလိမ့်မည်။ နှစ်ဦးစလုံး အတူတူသေဆုံးဖို့ကိုပင် ရွေးချယ်နိုင်ကောင်း၏။

အကယ်၍များ သခင်မ၏ ဗိုက်ထဲမှကလေး ပျက်ကျသွားပြီး ၎င်းမှာ သုကျွမ်း၏လက်ချက်ဖြစ်ခဲ့ပါက သခင်မသည် ခေါင်းဆောင်နန်ဆီသို့ တိုက်ရိုက်သွားကာ သူမသည် မကောင်းကြံခံခဲ့ရပါကြောင်း၊ အနှီထူးဆန်းသည့်ယောကျ်ားကို အခန်းထဲ ဝင်စေခဲ့သူမှာ သူ၏အစေခံသုကျွမ်းဖြစ်ပါကြောင်း သွားပြောလိုက်လိမ့်မည်။ သို့ဆိုလျှင် သုကျွမ်းသည် သေချာပေါက် သေပြီးလျှင်သော်မှ မြှုပ်နှံရမည့်နေရာ ရှိလိမ့်မည်မဟုတ်ပေ။

ခေါင်းဆောင်နန်သည် သုကျွမ်းကို ဖြစ်နိုင်သမျှသော အရက်စက်အကြမ်းကြုတ်ဆုံးနည်းလမ်းများဖြင့် ကိုယ်တွယ်ဖြေရှင်းလိမ့်မည်။ လူတစ်ယောက် စိတ်ကူးယဉ်နိုင်သည့် ကြမ်းကြုတ်ရက်စက်သည့် နည်းလမ်းများထက်ပင် ပို၍ဆိုးရွားလိမ့်မည်။

“သခင်မ ကျေးဇူးပြုပြီး အထင်မလွဲလိုက်ပါနဲ့။ ကျွန်မ ကျွန်မက သခင်မကောင်းဖို့အတွက် စဉ်းစားမိလိုက်တာပါ”

ဟွမ်ဝမ်အာမှ ပြောသည်။

“ငါ မင်းရဲ့စိတ််ကောင်းစေတနာကို မလိုအပ်ဘူး! ပြောစမ်း မင်းငါ့ကို ဆေးမခတ်ခဲ့ဘူးမလား ဟုတ်တယ်မလား”

သုကျွမ်းသည် ခေါင်းကို တွင်တွင်ခါရမ်းငြင်းဆန်ရင်း ပြောသည်။

“မလုပ်ခဲ့ပါဘူး။ သခင်မ ကျွန်မ မလုပ်ရဲပါဘူး။ ကျွန်မ မလုပ်ရဲပါဘူး”

ဟွမ်ဝမ်အာသည် သုကျွမ်းကို စေ့စေ့စပ်စပ် အကဲခတ်ကြည့်ရှု၏။ ထို့နောက် ပြောသည်။

“သုကျွမ်း မင်း ငါ့နောက်လိုက်တာ ဘယ်လောက်ကြာပြီလဲ”

သုကျွမ်းမှ ပြောသည်။

“သုံးနှစ်ပါ”

ဟွမ်ဝမ်အာမှ ပြောသည်။

“ဟုတ်တယ် သုံးနှစ်။ အဲဒီတုန်းက မင်းက မှိုတက်နေတဲ့ ပေါက်စီတွေကိုပဲ စားခွင့်ရတဲ့အခြေအနေအထိ အနိုင်ကျင့်ခံနေရတဲ့ အစေခံလေးတစ်ယောက်ပဲ။ မင်းကို လိုင်ထိုဝူရဲ့သတို့သမီးအဖြစ် ဆက်သလိုက်ဖို့ အကြံပေးနေတဲ့သူတွေတောင် ရှိိတယ်။ မင်း ငါ့ဆီမှာ လာငိုပြီးတော့ မင်းရဲ့ကံကြမ္မာကို ပြောင်းလဲချင်တယ်၊ ငါ့ကို တစ်သက်လုံး ခစားချင်ပါတယ်လို့ ပြောခဲ့တယ်။ ငါပြောခဲ့တယ် မလိုဘူးလို့။ ငါမင်းကို ၅နှစ်ကြာပြီးနောက်မှာ လွတ်လပ်ခွင့်ပေးမယ်လို့ ပြောခဲ့တယ်”

“အခု သုံးနှစ်ကုန်သွားပြီ။ ဟားဟား… နှစ်နှစ်ပဲ ကျန်တော့တယ်။ ငါ ကတိမဖျက်ချင်ဘူး။ မင်းလည်း ငါ့ကို သစ္စာဖောက်တဲ့နည်းလမ်းနဲ့ ကတိမဖျက််လိုက်ဖို့ မျှော်လင့်တယ်!”

ဟွမ်ဝမ်အာသည် သုကျွမ်းကို ကြည့်နေသည်။

ထိုအခါ သုကျွမ်းသည် အလျင်စလို ဒူးထောက်ချလိုက်ပြီး ပြောသည်။

“သခင်မက ကျွန်မကို သေရေးရှင်ရေးကြားကနေ ကယ်တင်ပေးခဲ့တာပါ။ အဲဒါကြောင့် ကျွန်မ သခင်မကို အမှန်အတိုင်းပဲ ပြောသင့်ပါတယ်!”

“သခင်မ ဒီကလေးကို ထားလို့မရဘူး။ အကယ်၍ ခေါင်းဆောင်နန် သိသွားခဲ့ရင် သ‌ခင်မ သေချာပေါက် သေရလိမ့်မယ်။ ခန်းမအရှင်သခင်ချန် ခန်းမအရှင်သခင်ချန်ကိုလည်း ငြိစွန်းလိမ့်မယ်။ ဒီကလေးလည်း အသက်ရှင်နိုင်မှာ မဟုတ်ဘူး။ အဲဒါကြောင့် သခင်မ ကျေးဇူးပြုပြီး ပြန်စဉ်းစားပါဦး!”

သုကျွမ်းမှ ဟွမ်ဝမ်အာကို ပြောသည်။

ဟွမ်ဝမ်အာသည် သုကျွမ်းကို ကြည့်နေသည်။ ထို့နောက် ပြောသည်။

“သုကျွမ်း မင်းထွက်သွားလို့ရပြီ”

“အမ်?”

သုကျွမ်း ဟွမ်ဝမ်အာကို ကြည့်လိုက်သည်။ ဟွမ်ဝမ်အာမှ ပြောသည်။

“ငါမင်းကို လွတ်လပ်ခွင့်ပေးလိုက်ပြီ။ ဟိုနားက သေတ္တာထဲမှာ ငွေတုံးနှစ်ထောင်ရှိတယ်။ အဲဒီပိုက်ဆံကိုယူပြီး မျန့်ရွှေမြို့ကနေ ထွက်သွား။ ဘယ်သူမှ မင်းကို ရှာမတွေ့နိုင်မယ့်နေရာကို ရှာပြီး ကောင်းမွန်တဲ့ဘဝမှာ ရှင်သန်ပါ”

“အာ သခင်မ ကျေးဇူးပြုပြီး ကျွန်မကို နှင်မထုတ်ပါနဲ့။ ကျွန်မ သခင်မနဲ့ပဲ နေချင်ပါတယ်!”

ဟွမ်ဝမ်အာမှ ပြောသည်။

“မင်းပြောတာ မှန်တယ်။ ဒီကလေးက သေခြင်းတရားကို ယူဆောင်လာလိမ့်မယ်။ ဒါပေမဲ့ ငါ သူမရှိလို့ မဖြစ်ဘူး။ ပြီးတော့ မင်းကြောက်တာကို ငါနားလည်တယ်။ အဲဒါကြောင့် ထွက်သွားလိုက်တော့၊ ဒီပြဿနာတွင်းထဲကနေ ထွက်သွားလိုက်ပါ။ မင်းက လွတ်လပ်မှုကို လိုချင်နေတဲ့သူပဲ။ ငါမင်းကို အဲဒီလွတ်လပ်ခွင့်ကို ပေးလိုက်မယ်!”

“မဟုတ်ဘူး မဟုတ်ပါဘူး သခင်မ။ ကျွန်မ လွတ်လပ်မှုကို မလိုချင်ပါဘူး။ သခင်မ အနားမှာပဲ ရှိနေချင်တာပါ ကျွန်မ…”

ဟွမ်ဝမ်အာသည် သုကျွမ်းကို စေ့စေ့ကြည့်၏။

“နားထောင်၊ ငါ့အနားမှာ နေရင် မင်းကိုလည်း ငြိစွန်းလိမ့်မယ်။ အဲဒါကြောင့် မင်းထွက်သွားသင့်တယ်။ ငါ့ရဲ့ကိုယ်ဝန်က နောက်လေးလကြာရင် ဖုံးကွယ်ထားလို့ မရနိုင်တော့ဘူး။ မဟုတ်ဘူး သုံးလလည်း ဖြစ်နိုင်တယ်။ အဲဒီအခါကျ မင်းကို ငြိစွန်းလိမ့်မယ်။ ငါ့ကိုထားခဲ့ပြီး ပျော်ရွှင်ရတဲ့ဘဝကို ဖြတ်သန်းတော့”

ဟွမ်ဝမ်အာမှ သုကျွမ်းကို ဖြည်းနှေးလေးလံစွာ ပြောသည်။ ထို့နောက် သုကျွမ်းမှ ပြန်ပြောသည်။

“သခင်မ ကျွန်မ မသွားဘူး။ ကျွန်မ သခင်မကို ဆက် ခစားပါရစေ။ သခင်မရဲ့ လက်ရှိအခြေအနေနဲ့ အစေခံပြောင်းလိုက်ရင် ခဏလေး‌အတွင်း လူမိသွားမှာပဲ။ ကျွန်မ သခင်မကို ခစားနေမယ်။ အဲ့လိုဆို အနည်းဆုံး နောက်သုံးလတော့ ဘယ်သူမှမသိအောင် ဖုံးကွယ်ထားနိုင်လိမ့်မယ်။ ကျွန်မ အားလုံးစီစဉ်ပေးပါ့မယ်”

ဟွမ်ဝမ်အာသည် တိတ်ဆိတ်နေ၏။ သုကျွမ်းမှ ဆက်ပြောသည်။

“သခင်မ ကျေးဇူးပြုပြီးတော့”

ဟွမ်ဝမ်အာမှ ပြောသည်။

“ဒီလိုက မင်းအသက်ဆုံးရှုံးသွားနိုင်တယ်”

သုကျွမ်းမှ ပြောသည်။

“ကျွန်မ မကြောက်ဘူး!”

ဟွမ်ဝမ်အာသည် သုကျွမ်းကို ကြည့်နေခဲ့ပြီးနောက် ပြောသည်။

“နှစ်လ၊ မင်း ငါ့အနားမှာ အများဆုံး နှစ်လပဲ နေခွင့်ရမယ်။ နှစ်လပြီးရင် မင်း ထွက်သွားရမယ်!”

ထိုသို့ပြောပြီးနောက် ဟွမ်ဝမ်အာသည် ထိုင်ခုံတွင် ပြန်ထိုင်လိုက်ပြီး ဗုဒ္ဓကျမ်းစာတစ်ထပ်ကိုလည်း ယူလိုက်သည်။

ထိုအခါ သုကျွမ်းမှ အရိုအသေပြုလျက် ပြောသည်။

“သခင်မက ကျွန်မကို ထွက်သွားစေချင်ရင် ကျွန်မ နားထောင်မယ်။ ဒါပေမဲ့ သခင်မ၊ ခန်းမအရှင်သခင်ချန်ကိုတော့ ကိုယ်ဝန်အကြောင်း ပြောပြရမယ်”

“သူ့ကို ဘာလို့ပြောပြရမှာလဲ?”

ဟွမ်ဝမ်အာသည် ဗုဒ္ဓကျမ်းစာကိုသာ ကြည့်နေခဲ့ကာ သုကျွမ်းကို မကြည့်ပေ။ သုကျွမ်းမှ ပြောသည်။

“ခန်းမအရှင်သခင်ချန်က ကလေးအဖေလေ!”

ဟွမ်ဝမ်အာမှ ပြောသည်။

“အဲဒါက အရေးမကြီးပါဘူး။ သူက အနာဂတ်မှာ ကလေးအများကြီးရမယ့်သူပဲ။ ဒါပေမဲ့ ဒီကလေးကတော့ ငါ့ကလေးပဲ။ ငါ ဒီကလေးကို ကာကွယ်ရမယ်!”

သုကျွမ်းသည် တစ်ခုခုထပ်ပြောလိုသော်ငြား ဟွမ်ဝမ်အာမှ ပြောသည်။

“မင်း ခန်းမအရှင်သခင်ချန်ကို ဒီအကြောင်း ပြောပြရဲရင် ချက်ချင်း ထွက်သွားရမယ်။ မင်း ငါ့ကို ခစားပေးဖို့ မလိုတော့ဘူး”

“သခင်မ ကျွန်မ ကျွန်မ မပြောပါဘူး”

သုကျွမ်း ခေါင်းငုံ့လိုက်သည်။

ဟွမ်ဝမ်အာသည် ဗုဒ္ဓကျမ်းစာကို ဆက်ဖတ်နေသည်။ သူမ၏ လက်ဖဝါးသည် ဗိုက်ကို အုပ်ကိုင်ထား၏။

ကလေး ငါ မင်းကို ကာကွယ်ပေးမယ်။

….

ကျား ကျား ကျား…

ချန်ကျဲ့နှင့် နောက်လိုက်များသည် ကျားဖြူခန်းမသို့ အမြန်ပြန်လာခဲ့ကြသည်။ သူတို့ပြန်ရောက်သည်နှင့်တစ်ပြိုင်နက် ကျိုးချူကို မြင်လိုက်ကြရသည်။

ချန်ကျဲ့ ကျိုးချူကို ကြည့်လိုက်ပြီး ပြောသည်။

“လောင်ကျိုး ဘာကိစ္စရှိလို့လဲ”

ကျိုးချူမှ ပြောသည်။

“ခန်းမအရှင်သခင် ဒီမှာကြည့်”

ချန်ကျဲ့ ကြည့်လိုက်ရာ ကျိုးချူ၏လက်ထဲမှ အရောင်အဆင်းစုံလင်သည့် ဖန်သားကို မြင်တွေ့လိုက်ရသည်။

“ဘာလို့ အရမ်းညစ်ပတ်နေတာလဲ”

ချန်ကျဲ့ ထိုဖန်သားကိုကြည့်ရင်း ကျိုးချူကို မေးလိုက်သည်။ ကမ္ဘာကူးပြောင်းလာသူတစ်ဦးအနေဖြင့် ဆား၊ ဖန်၊ ဆပ်ပြာကဲ့သို့ အရာများကို သူတီထွင်ထုတ်လုပ်သင့်သည် မဟုတ်ပါလော။

ချန်ကျဲ့သည် သန့်စင်မွမ်းမံထားသည့် ဆားကို ထုတ်လုပ်ခဲ့ပြီးဖြစ်ပြီး အကျိုးအမြတ်များသည် သိသာကောင်းမွန်၏။

ဆားအပြင် ဖန်ကိုလည်း ထုတ်လုပ်ထားသည်။ ဖန်ပြုလုပ်ရန် အရိုးရှင်းဆုံးနည်းလမ်းမှာ သဲကို မြင့်မားသည့်အပူချိန်ဖြင့် လောင်ကျွမ်းစေခြင်း ဖြစ်သည်။

၎င်းကို ပို၍ သန့်စင်စေလိုပါက ဆိုဒါမှုန့်နှင့် အခြားအရာများ ထပ်ပေါင်းထည့်ရန် လိုအပ်သည်။

၎င်းလျှို့ဝှက်အလုပ်ခန်းကို တည်ဆောက်နေပြီ ဖြစ်သည်။ ကျားဖြူခန်းမ၏ လက်အောက်တွင်ဖြစ်ပြီး ၆ခုမြောက်ဌာနဟု သတ်မှတ်နိုင်ပါသည်။

ယခင်က ဖော်ပြခဲ့သည့်အတိုင်း ကျားဖြူခန်းမကို ခန်းမ၃ခုနှင့် ဌာန၅ခု ခွဲခြားထားသည်။

ခန်းမသုံးခုမှာ စာရင်းအင်းခန်းမ၊ အတွင်းရေးခန်းမနှင့် အစောင့်ခန်းမတို့ ဖြစ်သည်။

ဌာန၅ခုမှာ စားဖိုဆောင်ဌာန၊ ပန်းဌာန၊ အတွင်းအစေခံဌာန၊ အပြင်အစေခံဌာနနှင့် ရထားလုံးဌာနတို့ ဖြစ်သည်။ ယခုတွင်တော့ ဌာနအသစ်ဖြစ်သည့် လက်မှုပညာဌာနတစ်ခု ထပ်တိုးလာခဲ့သည်။

All Chapters