အခန်း (၄၄၀)
Vol. 34 Ch. 440
လက်မှုပညာဌာနသည် လက်ရှိတွင် ဘိလပ်မြေနှင့် ဖန် ပစ္စည်းနှစ်မျိုးကို သုတေသနပြုလုပ်နေသည်။
ဘိလပ်မြေသည် ပရောဂျက် စတင်ခါစ အခြေအနေမျှသာ ရှိသေးသည်။ ချန်ကျဲ့သည် လောလောဆယ်တွင် စစ်ပွဲဆင်နွှဲရခြင်းမျိုး မရှိသေးလေရာ ဘိလပ်မြေထုတ်လုပ်ရေးအတွက် အရမ်းကြီး ရင်းနှီးမြှုပ်နှံမထားရသေးပေ။ လိုအပ်လာလျှင် ဘိလပ်မြေသည် မြို့တံတိုင်းများ၊ ခံတပ်များ လျင်မြန်စွာ တည်ဆောက်ရန်အတွက် လျှို့ဝှက်လက်နက် ဖြစ်လာလိိမ့်မည်။ နည်းဗျူဟာပိုင်းအတွက် အရင်းအမြစ်ကြီးတစ်ခု ဖြစ်နိုင်ပေသည်။
ထို့ကြောင့် ဘိလပ်မြေကို သုတေသနအဖြစ်သာ အစပြုထားပြီး အသုံးမပြုရသေးပေ။
တစ်ဖက်ရှိ ဖန်သည်တော့ ချန်ကျဲ့ အချိန်နှင့်စွမ်းအားအလုံးစုံကို ရင်းနှီးမြှုပ်နှံကာ တိုးတက်တီထွင်ချင်သည့် အရာဖြစ်သည်။ ရည်မှန်းချက်သည်တော့ ပိုက်ဆံရှာရန်ဖြစ်၏။
ဤခေတ်တွင် ဖန်သည် လျိုလီဟူသည့် ပစ္စည်းတစ်မျိုးနှင့် ဆင်တူသည်။
ဖန်နှင့် လျိုလီကြားရှိ ဆက်နွယ်မှုသည် သဘာဝစိန်နှင့် လူလုပ်စိန်ကြား ကွာခြားချက်နှင့် ဆင်တူ၏။ ဆိုလိုသည်မှာ ၎င်းနှစ်ခုကို သာမန်မျက်လုံးဖြင့် ခွဲခြားမသိနိုင်ပေ။
သို့သော် ဤခေတ်၏ လျိုလီသည် အလွန်စျေးကြီးသည်။
ကုန်သည်အဖွဲ့ကို ပြန်ပြင်ဖွဲ့စည်းမှုကြောင့် ချန်ကျဲ့သည် ငွေလိုအပ်နေသည်။ လျိုလီသည် သင့်တော်မှန်ကန်သည့် ရတနာတစ်ပါးပင်။ အထူးသဖြင့် ချန်ကျဲ့သည် ဖန်ပြုလုပ်နိုင်သည့် နည်းပညာကို ကျွမ်းကျင်ပြီးနောက်တွင် အရည်အသွေးမြင့်လျိုလီကို ကိုယ်တိုင်ထုတ်လုပ်နိုင်လေပြီ။
ပစ္စည်းတစ်ခုလျှင် မတန်တဆ စျေးဖြင့် ရောင်းချနိုင်သည်။
အကြွင်းမဲ့အင်အားအာဏာကို မရရှိမီ၌ ချန်ကျဲ့သည် ဖန်ပြုလုပ်သည့်နည်းပညာကို ထုတ်ဖော်ရန် ရည်ရွယ်ချက်မရှိပေ။ သို့မဟုတ် ဖန်သားမှန်များကဲ့သို့ ပြည်သူလူထုသုံး ပစ္စည်းများကို ထုတ်လုပ်ရန် အစီအစဉ်မရှိပေ။
၎င်းသည် အကျိုးအမြတ်များလိိမ့်မည်ဖြစ်ရာ မလိုလားအပ်သည့် အာရုံစိုက်မှုများကို အလွယ်တကူ ဆွဲဆောင််နိုင်သည်။ ထို့ပြင် ချန်ကျဲ့သည် အင်အားအာဏာ၏ ဖြိုလှဲမှုကို ခံနိုင်ရည်မရှိသေးပါချေ။
သို့ဖြင့် ချန်ကျဲ့သည် လက်ဆောင်ပေးခြင်းဖြစ်စေ၊ စျေးနှုန်းမြင့်မြင့်ဖြင့် ရောင်းချခြင်းဖြစ်စေ သင့်တော်သော ရှားပါးဖန်ပစ္စည်းလေးများကို ပမာဏအနည်းငယ် ထုတ်လုပ်ရန် စီစဉ်ခဲ့သည်။
ထို့ပြင် ဖန်သည် စစ်တပ်ပိုင်းတွင်လည်း သိသာထင်ရှားသည့် တန်ကြေးရှိသည်။
ဥပမာ အဝေးကြည့်မှန်ပြောင်းဖြစ်သည်။
ဤခေတ်၌ ‘မိုင်ထောင်ချီမျက်လုံး’ဟု အမည်ရသည့် အဝေးကြည့်မှန်ပြောင်းကို မုလန်လူမျိုးတော်ဝင်မိသားစုသာလျှင် ပိုင်ဆိုင်သည်ဟု ဆိုကြသည်။ သူတို့သည် ထျန်းခယ့်ဟန် အုပ်စိုးခဲ့သည့် တိုင်းပြည်ငယ်လေးထံမှ လက်ဆောင်ပဏ္ဏာရရှိခဲ့သည့် အဝေးကြည့်မှန်ပြောင်းနှစ်ခုကို ပိုင်ဆိုင်ထားသည်ဟု သိရသည်။
အဝေးကြည့်မှန်ပြောင်းများသည် အလွန်တရာ တန်ဖိုးကြီးမားပါ၏။
ထိုသို့ရတနာများသည် စစ်တပ်တွင် အလွန်အရေးပါသည့် အခန််းကဏ္ဍတွင် ပါဝင်သည်။
ခြုံငုံလိုက်ပါလျှင် စွမ်းအင်ပြောင်းလဲခြင်းအဆင့် သိုင်းပညာရှင်များပင်လျှင် ကီလိုမီတာဝေးကွာသည့် အကွာအဝေးကို သာမန်မျက်လုံးဖြင့် မမြင်နိုင်ပေ။ သို့သော် အဝေးကြည့်မှန်ပြောင်းသည်တော့ မြင်တွေ့စေနိုင်သည်။
သို့ဖြစ်ရာ ဆန့်ကျင်ဘက် နှစ်ဖက်စလုံး၌ စွမ်းအင်ပြောင်းလဲခြင်းအဆင့်ရှိ အင်အားစုများ ရှိနေခဲ့လျှင်သော်မှ တစ်ဖက်တွင် အဝေးကြည့်မှန်ပြောင်းရှိနေလျှင် တစ်ဖက်ရန်သူများ၏ တည်နေရာကို ကြိုတင်ရှာတွေ့ထားနိုင်သည်။ ဤသည်မှာ အဝေးကြည့်မှန်ပြောင်းရှိခြင်း၏ အကျိုးကျေးဇူးဖြစ်သည်။
သို့သော် ကျိုးချူ ယူလာသည့် ဖန်သားသည် အဘယ်ကြောင့် ညစ်ထေးကာ အရောင်စုံနေရသနည်း။
ချန်ကျဲ့ ကျိုးချူကို မေးလိုက်သည်။
“ဒါက လက်မှုပညာဌာနက သန့်စင်ပေးလိုက်တဲ့ ပစ္စည်းလား? ဘာလို့ အရောင်စုံနေရတာလဲ? ဖောက်ထွင်းမြင်ရတာမျိုး မရခဲ့ဘူးလား?”
“ဖောက်ထွင်းမြင်ရတယ်? အလင်းဖြတ်သွားနိုင်တာမျိုးကို ပြောတာလား?”
ကျိုးချူ၏ အမေးစကားကို ချန်ကျဲ့ ပြန်ဖြေလိုက်သည်။
“ဟုတ်တယ်”
ကျိုးချူသည် အချိန်ခဏမျှ စဉ်းစားလိုက်ပြီးနောက် သူ၏အိတ်ကပ်ထဲကို မွှေနှောက်လိုက်ရင်း ပြောသည်။
“ငါ့မှာ အပိုင်းအစလေးတစ်ခုရှိတယ်။ ကြည့်ကြည့်”
ကျိုးချူ ချန်ကျဲ့ကို ကမ်းပေးလိုက်သည်။ ၎င်းမှာ အဝါရောင်သန်းသည့် ဖောက်ထွင်းမြင်နိုင်သော ဖန်သားအပိုင်းလေးတစ်ခု ဖြစ်သည်။ သို့သော် ၎င်းသည်လည်း အလွန် အဝါရောင်သန်းနေပြီး ညစ်ထေးနေဆဲပင်။
ကျိုးချူမှ ပြောသည်။
“ဒီလိုအဝါရောင်မျိုးက ရောင်စုံလျိုလီလိုမျိုးပဲ။ ဒါပေမဲ့ အဲဒီလောက် လှမနေဘူး။ လက်မှုပညာဌာနက အကြံပေးတာတော့ အနာဂတ်မှာ ဒီလိုရောင်စုံဖန်တွေကို ပိုထုတ်လုပ်သင့်တယ်တဲ့။ ရောင်စုံဖန်သားတွေက လှပတဲ့ လက်ဝတ်ရတနာတွေအဖြစ်လည်း သွန်းလုပ်လို့ရတာမို့လို့ စျေးကြီးကြီးနဲ့ ရောင်းနိုင်တယ်တဲ့”
ထိုအခါ ချန်ကျဲ့ ကျိုးချူကို ကြည့်လိုက်ပြီး မေးသည်။
“ဒီအဝါရောင်ဖန်ကို ဘယ်က ရလာတာလဲ”
ကျိုးချူမှ ပြန်ပြောသည်။
“ဒါက အသစ်ခန့်ထားတဲ့ အလုပ်သင် လက်မှုပညာရှင်လေး လုပ်ထားတာ”
“အလုပ်သင်?”
ချန်ကျဲ့ ကျိုးချူကို ကြည့်လိုက်သည်။ ကျိုးချူမှ ပြောသည်။
“လက်တလောမှာ မြစ်ဝါမြစ်ရေကြီးတာကြောင့် ရှန်းရှီးစီရင်စုဘက်မှာ ကပ်ဆိုက်နေတာ။ ကျိုးပြည်နယ်တွေ အတော်လေး ထိခိုက်သွားတယ်။ တော်ဝင်တရားရုံးတော်က သဘာဝဘေးအန္တရာယ် ကူညီထောက်ပံ့မှုတွေ လုပ်မပေးဘူး။ အဲဒါကြောင့် အဲဒီက လူတွေအများကြီး ထွက်ပြေးလာကြတယ်”
ချန်ကျဲ့မှ ပြောသည်။
“ဒီအဝါရောင်ဖန််ကို လုပ်ခဲ့တဲ့ အလုပ်သင်ကို ရှာလိုက်ပါ။ ငါ သူနဲ့ စကားပြောချင်တယ်”
ချန်ကျဲ့သည် သိချင်စိတ်ပြင်းပြနေခဲ့သည်။ လက်မှုပညာရှင်များစွာ အလွန်တရာ ကြိုးစားလုပ်ဆောင်နေကြသည့်တိုင် ပြုလုပ်ရရှိခဲ့သည့် ဖန်အားလုံးသည် ညစ်ထေးမှုနှုန်းမြင့်မားသည့် ရောင်စုံဖန်များ ဖြစ်ခဲ့သည်။ သို့သော် ဤလက်မှုပညာရှင်သည် အဝါရောင် ဖောက်ထွင်းမြင်နိုင်သည့်ဖန်ကို ထုတ်လုပ်နိုင်ခဲ့သည်။
ချန်ကျဲ့ ထိုလက်မှုပညာသည်ကို တွေ့ကြည့်ချင်သည်။
ခဏအကြာ၌ ကျိုးချူသည် လက်မှုပညာသည်တစ်ဦးကို ခေါ်ပြီး ပြန်ရောက်လာသည်။
“ခန်းမအရှင်သခင်ကို ဂါရဝပြုပါတယ်”
ကျားဖြူခန်းမ လက်မှုပညာရှင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အသက်နှစ်ဆယ်ဝန်းကျင်ရှိ လူငယ်လေးတစ်ဦး ဝင်ရောက်လာသည်။ လူငယ်လေးသည် ဆံပင်ကို ‘နွားနှလုံးသဏ္ဍာန်’ထုံးဖွဲ့ထား၏။ ၎င်းမှာ တာ့အိုကျင့်သုံးသူတစ်ယောက်၏ ဆင်ယင်ထုံးဖွဲ့ဟန် ဖြစ်ပေသည်။
ချန်ကျဲ့သည် လူငယ်လေးကို ကြည့်လျက် မေးသည်။
“ဒီဖောက်ထွင်းမြင်ရတဲ့ အဝါရောင်လျိုလီကို မင်းလုပ်ခဲ့တာလား”
လူငယ်လေးမှ ပြန််ပြောသည်။
“ဟုတ်ပါတယ်။ ကျွန်တော်လုပ်ခဲ့တာပါ”
ချန်ကျဲ့မှ ဆက်မေးသည်။
“တခြားသူတွေအားလုံးက ရောင်စုံလျိုလီတွေကို လုပ်နေကြတာကို မင်းက ဘာလို့ အရောင်တစ်မျိုးတည်းရှိတဲ့ ဖောက်ထွင်းမြင်နိုင်တဲ့လျိုလီကို လုပ်ခဲ့တာလဲ”
ထိုအခါ လူငယ်လေးမှ ပြောသည်။
“ခန်းမအရှင်သခင် လျိုလီက သဘာဝပစ္စည်းတစ်ခုပါ။ ဒါပေမဲ့ ခန်းမအရှင်သခင်က အဲဒါကို ကျွန်တော်တို့ မကြားသိဖူးတဲ့ လူလုပ်ပစ္စည်းအဖြစ် ဖန်တီးချင်နေတာ– တစ်နည်းပြောရရင် ဂန္တဝင်မြောက်လက်ရာတစ်ခု ဖန်တီးချင်နေတာမျိုးပဲ။ ကျွန်တော် အဲဒါကို နားလည်ခဲ့တယ်”
“ဒါပေမဲ့ ဒီလိုသဘာဝလွန်တဲ့အရာကို လက်ဝတ်တန်ဆာတွေ ပြုလုပ်ဖို့ပဲ သုံးမယ်ဆိုရင် တကယ့်ကိုပဲ လုပ်အားတွေကို ဖြုန်းတီးတာပါပဲ”
“ဒီပစ္စည်းကို ဖန်တီးထုတ်လုပ်ရတဲ့ အကြီးမားဆုံးရည်ရွယ်ချက်က စစ်တပ်နဲ့ ပတ်သက်နေမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”
“အို?”
ချန်ကျဲ့သည် လျိုလီအား စစ်တပ်တွင် အသုံးပြုနိုင်မည်ဟု တွေးတောသည့် ဤကမ္ဘာသားကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။
ချန်ကျဲ့ လူငယ်လေးကို မေးလိုက်သည်။
“ဘာကြောင့် အဲဒီလိုပြောရတာလဲ”
လူငယ်လေးမှ ပြန်ပြောသည်။
“ခန်းမအရှင်သခင်၊ တစ်ချိန်တုန်းက အနောက်တိုင်းသားတွေက သာ့ချန်တိုင်းပြည်ကို ၁၀မိုင်အကွာအဝေးကို ရှင်းရှင်းလင်းလင်းမြင်နိုင်တဲ့ မိုင်ထောင်ချီမျက်လုံးကို ကမ်းလှမ်းခဲ့ဖူးတဲ့အကြောင်းကို သိပါသလား။ စစ်ပွဲအတွင်းမှာ ရန်သူရဲ့လှုပ်ရှားမှုတွေကို ၁၀မိုင်အကွာကနေ မြင်တွေ့နိုင်တယ်လို့ စိတ်ကူးကြည့်လိုက်ပါ။ အဲဒါက ဘယ််လောက်တောင်မှ အကျိုးများလိုက်မလဲ”
“စွင်းကျုက ပြောခဲ့ဖူးတယ် ‘ကိုယ့်ရဲ့ရန်သူကို သိမြင်နိုင်ပြီး မိမိကိုယ်ကိုယ် သိမြင်ရင် တိုက်ပွဲတစ်ရာ တိုက်ရရင်တောင်မှ ကြောက်ရွံ့ပူပန်ဖို့ မလိုအပ်ဘူး’တဲ့။ ရန်သူကို ကြိုသိမြင်နိုင်ခဲ့ရင် ဘယ်လိုလုပ်ပြီး မအောင်မြင်နိုင်ဘဲ ရှိပါတော့မလဲ”
ဤလူငယ်လေးမှာ အတော်လေး စိတ်ဝင်စားဖို့ကောင်းသည်ဟု ချန်ကျဲ့ ရုတ်ချည်း တွေးမိလိုက်သည်။
သူ့ရဲ့အတွေးအမြင်တွေက ဒီခေတ်လူတွေထက် အများကြီး ပိုပြီး သာလွန်နေတယ်။
ထိုသို့အတွေးဖြင့် ချန််ကျဲ့သည် ထိုလူငယ်ကို စေ့စေ့စပ်စပ်ကြည့်ရှုသည်။ ထို့နောက် ပြောသည်။
“မင်းက အမြင်ကောင်းရှိတာပဲ။ မင်းအထင် ဖောက်ထွင်းမြင်နိုင်တဲ့ အဝါရောင်လျိုလီကို မိုင်ထောင်ချီမျက်လုံးလုပ်ဖို့ သုံးနိုင်မယ်ထင်လား”
လူငယ်လေးမှ ပြန်ပြောသည်။
“မရနိုင်ပါဘူး။ မြင်တဲ့အတိုင်းပဲ ကျွန်တော်တို့ ဒီထက်ပိုပြီး သန့်စင်တဲ့ လျိုလီကို လိုအပ်ပါတယ်”
“ဒါဆို အဲဒီလျိုလီကို မင်းလုပ်နိုင်မယ်ထင်လား”
လူငယ်လေးမှ ပြောသည်။
“ကျွန်တော် လုပ်နိုင်လောက်မှာပါ။ ခန်းမအရှင်သခင်က ကျွန်တော်တို့ကို သဲလွန်စတွေ အများကြီး ပေးထားပြီးပါပြီ– ဒီဖန်အပိုင်းအစလေးကို ဆိုဒါမှုန့်နဲ့ ကျွန််တော် စိတ်ထဲရှိရာ ပစ္စည်းတစ်ခုနဲ့ ပေါင်းလုပ်လိုက်တာပါ။ အကယ်၍ အချိန်ပေးပြီး စမ်းသပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေဝယ်ဖို့ ငွေကြေးအချို့ ပေးမယ်ဆိုရင် ညစ်ထေးမှု လုံးဝကင်းစင်တဲ့ လျိုလီကို ကျွန်တော် ထုတ်လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ သလင်းကျောက်လိုမျိုး ဖောက်ထွင်းမြင်နိုင်ပြီး သန့်စင်စေရပါမယ်!”