အခန်း (၄၄၁)
Vol. 34 Ch. 441
ချန်ကျဲ့သည် လူငယ်လေး၏ စကားများကို နားထောင်ပြီးနောက် ပြောသည်။
“ကောင်းပြီ။ မင်း ပိုက်ဆံဘယ်လောက်လိုချင်လဲ”
လူငယ်လေးသည် ခဏတာစဉ်းစားပြီးနောက် ပြောသည်။
“သုံး ငွေတုံးသုံးရာ”
ထိုအခါ ချန်ကျဲ့သည် ကျယ်လောင်စွာ အသံထွက်ရယ်မော၏။
“ငါ မင်းကို ငွေတုံးတစ်ထောင်ပေးမယ်။ မင်းက ငါ့ကို အတတ်နိုင်ဆုံးကြိုးစားပြီး ဖောက်ထွင်းမြင်ရတဲ့ လျိုလီကို လုပ်ပေး။ ငါ မင်းကို ရက်ရက်ရောရော ချီးမြှင့်မယ်!”
“တစ် ငွေတုံးတစ်ထောင်လား?”
လူငယ်လေးသည် အရင်က ထိုမျှများပြားသည့် ပမာဏကို လက်ဝယ်မမြင်တွေ့ဖူးလေးရာ စကားထစ်ငေါ့ကုန်တော့သည်။
ချန်ကျဲ့ လူငယ်လေးကို ကြည့်၍ မေးလိုက်သည်။
“တခြားအကူအညီလိုသေးလား”
လူငယ်လေးမှ ပြန်ဖြေသည်။
“ကျွန်တော် တစ်ယောက်တည်း လုပ်နိုင်ပါတယ်”
ချန်ကျဲ့ ရှောင်ဟူကို ပြောလိုက်သည်။
“စစ်ရှီးကို သွားခေါ်လာခဲ့ပါ”
“အင်း”
ရှောင်ဟူမှ တုံ့ပြန်ပြီး ထွက်သွားသည်။ စစ်ရှီးသည် အပြေးရောက်လာပြီး ချန်ကျဲ့ကို မြင်သောအခါ အရိုအသေပြုသည်။
“ခန်းမအရှင်သခင်”
စစ်ရှီးသည် သိသိသာသာ ဝိတ်ကျသွား၏။ သို့သော် အများကြီး ပို၍ စိတ်အားထက်သန်တက်ကြွလာကာ ယခင်ထက် ပို၍ တည်ငြိမ်လာသည်။
ဤနှစ်ဝက်အတွင်း၌ စစ်ရှီးသည် ကနဦး မတည်ငြိမ်မှုများနှင့် ပါးလွှာသည့်ရေခဲပြင်ပေါ် လျှောက်လှမ်းနေရခြင်းအဆုံး၌ အတွင်းရေးခန်းမ၏ ထောက်ပံ့ပို့ဆောင်ရေးတာဝန်များကို စိတ်အေးသက်သာစွာ လုပ်ဆောင်နိုင်လေပြီ။ ထို့ပြင် ချန်ကျဲ့သည်လည်း သူ့ကို အမှန်တကယ် လက်ခံလာပြီဟု ခံစားရသည်။
ယခင်က ဖုန်းရွှမ်၏နောက်လိုက်ဖြစ်ခဲ့သည့် အချက်ကြောင့် ပစ်မှတ်ထားမခံရပေ။
ထို့ပြင် ချန်ကျဲ့၏ဦးဆောင်မှုအောက်၌ ကျားဖြူခန်းမတစ်ခုလုံးသည် စစ်ရှီးကို ငြင်းဆန်ဖယ်ကြဉ်ခြင်း မရှိကြပေ။ ထို့ပြင် စစ်ရှီးသည် ရှောင်ဟူ၊ ကျိုးချူတို့နှင့်ပင် ဆက်ဆံရေးကောင်းမွန်နေကာ ကောင်းမွန်စွာ ပူးပေါင်းလုပ်ဆောင်နိုင်ပေသည်။
တဖြည်းဖြည်းနှင့် စစ်ရှီးသည် မိမိကိုယ်ကိုယ် ကျားဖြူခန်းမအဖွဲ့သားတစ်ဦးဟု ခံစားလာရသည်။
စစ်ရှီးသည် ကျားဖြူခန်းမအပေါ် သစ္စာစောင့်သိရန် ဆန္ဒရှိသည်။
ချန်ကျဲ့သည်လည်း လက်ရှိအချိန်တွင် စစ်ရှီးကို အတော်လေး စိတ်ကျေနပ်မှုရှိပြီး စိတ်ရင်းအမှန်ဖြင့် လက်ခံထားသည်။ စစ်ရှီးမှ သူ့အပေါ် အမှန်တကယ် သစ္စာစောင့်သိနေသ၍ အတိတ်က ရန်ငြိုးများသည် လေနှင့်အတူ ပျောက်ကွယ်သွားမည်ဖြစ်သည်။
စူးယွင်ကျင်းနှင့် အချိန်ကြာမြင့်စွာ အတူကုန်ဆုံးခဲ့ပြီးနောက်တွင် ချန်ကျဲ့သင်ယူခဲ့ရသည့် အသုံးအများဆုံးဆိုရိုးစကားမှာ ‘ယောက်ျား ကျိုးကုန်းက အစာကို ထွေးထုတ်လိုက်ပြီးတဲ့နောက်မှာ လောကကြီးရဲ့နှလုံးသားက သူ့ဆီ ဦးတည်လာတယ်တဲ့’
ကောင်းလိုက်တဲ့စကား!
ကျိုးကုန်းက အစာကို ထွေးထုတ်လိုက်ပြီးတဲ့နောက်မှာ လောကကြီးရဲ့နှလုံးသားက သူ့ဆီ ဦးတည်လာတယ်။
ချန်ကျဲ့ တစ်ကိုယ်တည်း တွေးတောလိုက်ပြီးနောက် စစ်ရှီးကို ပြောသည်။
“မင်း ထက်မြက်တဲ့ ထောက်ပံ့ပို့ဆောင်သူနှစ်ယောက် လွှတ်ပေးလိုက်ပါ။ နောက်ပိုင်း သူလိုအပ်တာရှိရင် အဆင်သင့်ဖြည့်ဆည်းပေးရအောင်လို့”
“ဟုတ်ကဲ့ပါ ခန်းမအရှင်သခင်”
စစ်ရှီးမှ တုံ့ပြန်သည်။ ချန်ကျဲ့မှ ဆက်ပြောသည်။
“အခု အလုပ်သွားလုပ်ကြတော့။ အို ပြီးတော့ စစ်ရှီး”
ချန်ကျဲ့ စစ်ရှီးကို ခေါ်လိုက်ပြီးနောက် နောက်ဘက်တွင် ချိတ်ဆွဲထားသည့် အနီရောင်စန္ဒကူးသေတ္တာကို ယူလိုက်ပြီး အထဲမှ အရိုးသန်မာဆေးလုံးကို ထုတ်လိုက်သည်။
ချန်ကျဲ့သည် ပြုံးလျက် စစ်ရှီးကို ပြောသည်။
“စစ်ရှီး ဒီအရိုးသန်မာဆေးလုံးက မင်းအတွက်ပဲ။ ဒီနှစ်ဝက်အတောအတွင်းမှာ မင်းပင်ပန်းသွားခဲ့ပြီ”
“အာ ခန်းမအရှင်သခင်”
အရိုးသန်မာဆေးလုံးကို မြင်သောအခါ စစ်ရှီးသည် အချိန်ခဏမျှ မင်သက်ကြောင်အသွားခဲ့သည်။ ယခင်က ဖုန်းရွှမ်သည် သူ့ကို ဤသို့အဖိုးတန်အရာမျိုးကို ပေးရန် ဆန္ဒမရှိခဲ့ပေ။ သို့သော် ယခုတွင်တော့ ခန်းမအရှင်သခင်ချန်၏ နောက်လိုက်အဖြစ် ရှင်သန်ခဲ့သည့် နှစ်ဝက်အတွင်း၌ ဤသို့တန်ဖိုးကြီးဆုလာဘ်မျိုးကို ချီးမြှင့်ခံရလေသည်။ ဤသည်မှာ မယုံကြည်နိုင်ဖွယ်ဖြစ်ပါ၏။
စစ်ရှီးသည် မြေပြင်တွင် ဒူးထောက်ချလိုက်ပြီး ပြောသည်။
“ခန်းမအရှင်သခင် ကျွန်တော်က ဒီလိုအဖိုးတန်ဆေးမျိုးနဲ့ မထိုက်တန်ပါဘူး။ ကျေးဇူးပြုပြီး ဒီအဖိုးတန်ဆေးကို ကျွန်တော့်လို အသုံးမကျတဲ့လူတစ်ယောက်ဆီမှာ မဖြုန်းတီးပစ်လိုက်ပါနဲ့”
ထိုအခါ ချန်ကျဲ့ ရယ်မောလိုက်သည်။
“စစ်ရှီး ငါတို့အချင်းချင်း သိကျွမ်းကြတာ အခုဆို အချိန်တစ်ခုရှိခဲ့ပြီ။ အရင်တုန်းက မင်းပဲ ငါ့ကို မျန့်ရွှေစီရင်စုမြို့ဆီ ရထားလုံးမောင်းပြီး ခေါ်လာပေးခဲ့တာ။ ဖုန်းရွှမ်နောက်လိုက်ဖြစ်ခဲ့တုန်းက မင်းအနေနဲ့ အပြစ်တွေကျူးလွန်ခဲ့ဖူးတာ မှန်ပေမဲ့ လူတိုင်း အမှားလုပ်တတ်ကြတာပဲလေ ဟုတ်တယ်မလား? လွန်ခဲ့တဲ့နှစ်ဝက်အတွင်းမှာ မင်းက လုံ့လဝီရိယရှိပြီး တာဝန််သိတတ်ခဲ့တယ်။ ငါ မင်းရဲ့လုပ်ဆောင်ချက်အားလုံးကို မျက်မြင်တွေ့ခဲ့ရတာပဲ”
“ဒီအရိုးသန်မာဆေးလုံးက မင်းနဲ့ ထိုက်တန်ပါတယ်။ ပြီးတော့ ကြီးမြတ်တဲ့ ကျားဖြူခန်းမရဲ့ အတွင်းရေးခန်းမခေါင်းဆောင်တစ်ယောက်က နွဲ့ပျောင်းအရွတ်အဆင့်မှာပဲ ရှိနေမယ်ဆိုရင် လူပုံအလယ်မှာ အရှက်ရစရာဖြစ်နေလိမ့်မယ်။ မဟုတ််ဘူးလား ရှောင်ဟူ?”
ထိုအခါ ရှောင်ဟူသည် ရယ်မောလိိုက်ပြီး ပြောသည်။
“ဟုတ်တာပေါ့ ညီနောင်စစ်ရှီးရဲ့။ ယူလိုက်ပါဗျာ”
ကျိုးချူမှလည်း ရယ်မောလျက် ပြောလာသည်။
“ယူလိုက်ပါကွာ။ ခန်းမအရှင်သခင်ချန်နောက် လိုက်မှတော့ မင်းကို ဘယ်လိုလုပ်ပြီး နစ်နာစေနိုင်ပါ့မလဲ”
“ယူလိုက်ပါ”
စစ်ရှီး ချန်ကျဲ့ကို နောက်တစ်ကြိမ် ထပ်ကြည့်လာသည်။ သူ၏ မျက်နှာမှာ ကျေးဇူးတင်စိတ်များ သိသာထင်ဟပ်နေခဲ့ကာ မျက်ရည်များပင် ဝဲနေခဲ့သည်။
“ခန်းမအရှင်သခင် ကျွန်တော် စစ်ရှီးကျိန်ဆိုပါတယ်။ ကျွန်တော် ဒီဘဝမှာ သစ္စာတရားယိမ်းယိုင်ခဲ့ရင် မိုးကြိုးငါးချက်နဲ့ ပြစ်ဒဏ်ကျခံရပါစေ…”
“ကောင်းပြီ ကောင်းပြီ”
ချန်ကျဲ့သည် စစ်ရှီး၏ပခုံးကို ခပ်ဖွဖွပုတ်လျက် ပြောသည်။
“တော်ပြီ။ တချို့အရာတွေက စိတ်ထဲမှာ သိမ်းထားတာ အကောင်းဆုံးပဲ။ အပြင်ကို ထုတ်ပြောဖို့ မလိုအပ်ဘူး။ ပြီးတော့လည်း ငါတို့အားလုံး မင်းကိုယုံပါတယ်။ အခု ဒီဆေးလုံးသောက်ပြီး ကျင့်ကြံဖို့ပြင်တော့။ မင်း သံမဏိအရိုးအဆင့်ကို တက်လှမ်းပြီးတဲ့အခါကျ ငါနဲ့ ညီနောင်တွေ မင်းကို ဂုဏ်ပြုပေးမယ်”
“ခန်းမအရှင်သခင်ကို ကျေးဇူးတင်ပါတယ်”
စစ်ရှီးမှ အရိုအသေပြုသည်။ မျက်လုံးအစုံတွင် မျက်ရည်များ ဝေ့သီနေခဲ့ကာ စိတ်ခံစားချက်များ လေးနက်စစ်မှန်ကြောင်း သိသာလှသည်။ ကျိုးချူသည် စစ်ရှီးကို အဖော်ပြု၍ အတူထွက်ခွာသွား၏။
ထိုအခါ ချန်ကျဲ့သည် ဘေးရှိလူငယ်လေးကို လှည့်ကြည့်၍ ပြုံးလိုက်သည်။
“မင်းစိတ်ချပါ။ မင်းသာ ဖောက်ထွင်းမြင်နိုင်တဲ့လျိုလီကို အောင်မြင်အောင် လုပ်နိုင်ခဲ့ရင် တန်ဖိုးကြီးဆေးလုံးတွေရော ရတနာတွေရော မင်းအတွက် မရှားပါးစေရဘူး။ ကျားဖြူခန်းမက အရည်အချင်းရှိတဲ့သူတွေကို အမြဲ ချီးမြှောက်တယ်။ ဘယ်သူ့ကိုမှ နစ်နာစေမှာ မဟုတ်ဘူး”
ထိိုအခါ လူငယ်လေးမှ ပြောသည်။
“ကျွန်တော်က တန်ဖိုးကြီးဆေးလုံးတွေနဲ့ ရတနာတွေကို အရမ်းစိတ်မဝင်စားပါဘူး။ တစ်နေ့နေ့မှာ ကျွန်တော့်လက်နဲ့ အသုံးဝင်တဲ့ ပစ္စည်းကောင်းတစ်ခုကို ဖန်တီးနိုင်ခဲ့တဲ့အခါ ခန်းမအရှင်သခင်က ကျွန်တော့်ကို ဆက်လက်သုတေသနပြုဖို့အတွက် ငွေကြေ’ထောက်ပံ့ပေးမယ်ဆိုရင်ပဲ ကျွန်တော့်အတွက် လုံလောက်ပါပြီ”
ချန်ကျဲ့ လူငယ်လေးကိုကြည့်၍ ပြောသည်။
“မင်းက တန်ဖိုးကြီးဆေးတွေ ရတနာတွေကို စိတ်မဝင်စားဘူး။ ဒါပေမဲ့ ဒီလောကမှာ သိုင်းပညာကောင်းမွန်မှ အထက်တက်နိုင်မှာ။ ပြီးတော့ သိုင်းပညာက တန်ဖိုးကြီးဆေးတွေအပေါ် မှီခိုရတာပဲ။ တန််ဖိုးကြီးဆေးတွေကို မလိုက်စားဘူးဆိုရင် ကျင့်ကြံဆင့်ကို ဘယ်လိုမြှင့်တင်မလဲ။ ကျင့်ကြံဆင့် တိုးတက်မှုမရှိရင် ဘယ်လိုအင်အားကြီးမားလာနိုင်မှာလဲ”
လူငယ်လေးမှ မေးသည်။
“ခန်းမအရှင်သခင် လူသားတွေနဲ့ တိရစ္ဆာန်တွေကို ဘယ်အရာက ကွာခြားစေတာပါလဲ”
“ဘာများလဲ”
ချန်ကျဲ့မှ မေးသည်။
“ပစ္စည်းကိရိယာတွေပါ။ လူသားတွေက ပစ္စည်းကိရိယာတွေကို အသုံးပြုနိုင်တာကြောင့် တိရစ္ဆာန်တွေနဲ့ ကွဲပြားခြားနားကြတယ်။ အဲဒါကြောင့်ပဲ လူသားတွေက ပစ္စည်းကိရိယာတွေကနေတစ်ဆင့် သိုင်းပညာရှင်ကြီးတွေ ဖြစ်လာနိုင်ပြီး အဲဒါထက်တောင် သာလွန်တဲ့အဆင့်တစ်ခုကို ရောက်ရှိနိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်”
လူငယ်လေးမှ ပြောသည်။
ချန်ကျဲ့သည် လူငယ်လေးကို အကြည့်မလွှဲဘဲ သေချာစူးစိုက်ကြည့်နေခဲ့သည်။ ဤကမ္ဘာတွင် ပစ္စည်းကိရိယာများသည် သိုင်းပညာထက် သာလွန်နိုင်သည်ဟု တွေးခေါ်သူမှာ အလွန်တရာ ရှားပါးပေသည်။
ဤကမ္ဘာရှိလူများသည် ပစ္စည်းကိရိယာများသည် သိုင်းပညာထက် သာလွန်နိုင်ကြောင်းကို ယုံကြည်ကြလိမ့်မည် မဟုတ်ပေ။ သိုင်းပညာရှင်များသည် လေးများ၊ မြှားများ၊ ဓား၊လှံများထက်ပင် ပို၍ သန််မာကာ အင်အားကြီးမားကြသေးသည် မဟုတ်ပါလော။
သံမဏိအရိုးအဆင့်သိုင်းပညာရှင်တစ်ဦးသည် ကျောက်တုံးကြီးတစ်တုံးကို လက်ဝါးရိုက်ချက်တစ်ချက်ဖြင့် ထက်ခြမ်းခွဲနိုင်သည်။ ဤသည်မှာ ဤကမ္ဘာရှိ သိုင်းပညာအင်အားကြီးမားခြင်း၏ သက်သေအထောက်အထားဖြစ်သည်။
ထို့ပြင် ဤကမ္ဘာ၏ ပစ္စည်းကိရိယာတိုးတက်မှုသည် မွေးကင်းစအဆင့်သာ ရှိသေး၏။
“သိုင်းပညာက ပစ္စည်းကိရိယာတွေထက် သာလွန်နေရတဲ့ အကြောင်းအရင်းက သိုင်းပညာကျင့်ကြံတဲ့သူ များပြားလို့ပဲ။ လူတစ်ယောက်က နောက်တစ်ယောက်ထက် ပိုအင်အားကြီးမားပြီး နောက်အောင်မြင်သူတွေက အရင်လူတွေထက် သာလွန်သွားတယ်။ အဲဒီလိုမျိုး မျိုးဆက်တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်းလာခဲ့တာကြောင့်သာ သိုင်းပညာ အခုလက်ရှိအဆင့်ကို ရောက်ရှိနေတာပါ”
လူငယ်လေးမှ ဆက်ပြောသည်။
“ဒါပေမဲ့ ပစ္စည်းကိရိယာတွေကို တိုးတက်တီထွင်မှုကတော့ အရမ်းနှေးကွေးတယ်။ အကြောင်းအရင်းကတော့ ပစ္စည်းကိရိယာတွေဆီကနေ ချက်ချင်းတိုးတက်မှုရလဒ်ကို မမြင်တွေ့နိုင်တာကြောင့်ပါပဲ။ ဒါပေမဲ့ သုတေသနတွေသာ လုံလုံလောက်လောက် လုပ်မယ်ဆိုရင် ပစ္စည်းကိရိယာတွေက သေချာပေါက် ပိုပြီး အင်အားကြီးမားလာနိုင်ပါတယ်”
“ယမ််းမှုန့်လိုမျိုးပေါ့”
“အမ်?”
ချန်ကျဲ့ လူငယ်လေးကို စေ့စေ့ကြည့်နေခဲ့ပြီး ယမ်းမှုန့်အကြောင်း လေ့လာမှုအကြောင်းကို ပြောခဲ့သည်။
“ဟုတ်ကဲ့။ ကျွန်တော် ယမ်းမှုန့်ကို လေ့လာခဲ့ဖူးပါတယ်။ ယမ်းမှုန့်လို အင်အားကြီးမားတဲ့အရာတစ်ခုကို ဘာလို့များ မီးရှူးမီးပန်းဖောက်ဖို့အတွက်ပဲ သုံးကြလဲဆိုတာကို ကျွန်တော် တကယ်နားမလည်နိုင်ဘူး။ ဖောက်ခွဲဖို့အတွက် အသုံးပြုမယ်ဆိုရင် အများကြီးပိုပြီး အကျိုးရှိနိုင်မှာကိုလေ။ ကျွန်တော့်မှာ အမြဲ အဲဒီလိုစိတ်ကူးအိပ်မက်မျိုးရှိနေခဲ့တာ…”