← Chapters

အခန်း (၄၄၂)

Vol. 34 Ch. 442

အခန်း (၄၄၂)

Vol. 34 Ch. 442

ချန်ကျဲ့ လူငယ်လေးကို ကြည့်လိုက်သည်။

“ဘာ? ယမ်းမှုန့်ကို သုတေသနလုပ်မယ်…”

လူငယ်လေးမှ ပြောသည်။

“ခန်းမအရှင်သခင်၊ ထန်မင်းဆက်ခေတ်မှာ ‘ယုံ့ယန်၏ သောင်းပြောင်းထွေလာမှတ်တမ်းများ'ဆိုတဲ့ လူတွေ လပေါ်မှာ နေထိုင်တဲ့အကြောင်း ထူးဆန်းတဲ့စာအုပ်တစ်အုပ်ရှိခဲ့ဖူးတာကို သိပါသလား။ ပြီးတော့ ကြယ်တွေပေါ်မှာ နေ‌ထိုင်တဲ့လူတွေလည်း ရှိတယ်လို့ အဲဒီစာအုပ်မှာ ပြောထားပါတယ်”

ချန်ကျဲ့မှ မေးသည်။

“အဲဒီလိုမှတ်တမ်းမျိုး ရှိတယ်လား”

ရှောင်ဟူသည် ဘေးတွင် ဆေးတံသောက်နေသည်။

“လပေါ်မှာ နေတဲ့လူတွေ.. ကျွန်တော် အဲဒီအကြောင်းသိတယ်။ လပေါ်မှာနေတာ ချောင်အယ့်မဟုတ်လား”

ထိုစကားတွင် ချန်ကျဲ့သည် တိတ်ဆိတ်နေလိုက်သည်။ လူငယ်လေးမှ ပြောသည်။

“ခန်းမအရှင်သခင် မသိဘူးလား။ ကျွန်တော်တို့ အဲဒီကိုတက်သွားပြီး ရှာဖွေသင့်တယ်”

“အာ မင်းက အဲဒီကိုတက်သွားချင်တာလား”

လူငယ်လေးမှ ပြောသည်။

“ဟုတ်ပါတယ်။ ကျွန်တော် အဲဒီကိုတက်သွားချင်ပါတယ်။ ကျွန်တော် နည်းလမ်းပေါင်းစုံ စဉ်းစားကြည့်ဖူးတယ်။ ဒါပေမဲ့ အဆုံးကျတော့ ဖြစ်နိုင်ခြေရှိတဲ့ တစ်ခုတည်းသော နည်းလမ်းက ဒီနည်းလမ်းပဲ”

“ဘာများလဲ?”

ချန်ကျဲ့သည် လူငယ်လေး၏ အတွေးများကို စူးစမ်းသိချင်နေခဲ့သည်။ ထိုအခါ လူငယ်လေးမှ ရုတ်ချည်း ပြောသည်။

“ခန်းမအရှင်သခင် ကျွန်တော့်ကို စာရွက်နဲ့ စုတ်တံ ပေးနိုင်မလား”

ထိုအခါ ချန်ကျဲ့ လက်ဝှေ့ယမ်းလိုက်သည်။

“စာရွက်နဲ့စုတ်တံ ယူလာခဲ့ပါ”

ထိုအခါ အစေခံမိန်းကလေးတစ်ဦးမှ စာရေးကိရိယာများကို သယ်ယူလာသည်။ ချန်ကျဲ့သည် လူငယ်လေးကို ကမ်းပေးလိုက်သည်။

“ဒီမှာ”

ထိုအခါ လူငယ်လေးသည် စုတ်တံကို ကိုင်၍ ဦးစွာ ထိုင်ခုံတစ်ခုံကို ဆွဲလိုက်သည်။ ထို့နောက် ထိုင်ခုံ၏ခြေထောက်များကို ယမ်းမှုန့်အိုးများဖြင့် ဖြည့်လိုက်သည်။ ထိုင်ခုံ၏အထက်တွင်တော့ ခုံမင်မီးပုံးများကို ဆွဲသည်။

စိတ်ရှုပ်ထွေးစွာ ကြည့်နေသည့် ချန်ကျဲ့ကို လူငယ်လေးက ရှင်းပြသည်။

“ခန်းမအရှင်သခင် ကြည့်ပါ။ ဒါက လကို ဦးတည်နေတဲ့ ထိုင်ခုံတစ်ခုံပါ။ ထိုင်ခုံရဲ့ခြေထောက်မှာ ယမ်းမှုန်းပုံးတွေ အများကြီးထည့်ပြီး အထက်မှာ ခုံမင်မီးပုံးတွေ ချိတ်ထားမယ်ဆိုရင် အောက်ဘက်က ယမ်းမှုန့်ပုံးတွေကို မီးရှို့လိုက်တဲ့အခါ ထိုင်ခုံကို ကောင်းကင်ပေါ် တက်သွားစေလိမ့်မယ်။ ပြီးလို့ လနဲ့ နီးကပ်သွားတဲ့အခါကျ ဒီခုံမင်မီးပုံးကြီးတွေကို မီးညှိလိုက်မယ်ဆိုရင် ကောင်းကင်မှာ ပျံသန်းနိုင်သွားလိမ့်မယ်။ အဲဒီလိုကနေ လကို ရောက်နိုင်တာလည်း ဖြစ်ကောင်း‌ဖြစ်နိုင်တယ်လေ”

“အာ?”

ချန်ကျဲ့ စိတ်ရှုပ်ထွေးနေဆဲ။

လူပါဝင်တဲ့ အာကာသခရီးစဉ်လား? မဟုတ်သေးဘူး၊ လူမပါဝင်တဲ့ လပေါ် ဆင်းသက်ခြင်းပဲ။

ပြီးတော့ သူ့ရဲ့ဒီအစီအစဉ်ကို ဘာလို့ ရင်းနှီးတယ်လို့ ခံစားနေရတာလဲ။ သမိုင်းဖတ်စာအုပ်ထဲမှာ ဒီလိုတူညီတဲ့ အကြံအစည်မျိုးကို ဖတ်ခဲ့ဖူးသလိုပဲ။

ထိုသို့တွေးတောရင်း ချန်ကျဲ့ လူငယ်လေးကို ကြည့်လိုက်သည်။

“မင်းရဲ့မျိုးရိုးနာမည်က ဝမ့်တော့ မဟုတ်ပါဘူးနော်?”

လူငယ်လေးသည် တွန့်ဆုတ်တွေဝောသွားပြီး ချန်ကျဲ့ကို ကြည့်လာသည်။

“ကျွန်တော့်ရဲ့မျိုးရိုးနာမည်က ဝမ့် မဟုတ်ပါဘူး။ ကျွန်တော့်နာမည်က ထောင်ကွမ်းယိပါ။ ကျွန်တော် အရင်က ကျင့်ကြံဖို့အတွက် တောင်ပေါ်ကို သွားခဲ့ဖူးပါတယ်။ ဒါပေမဲ့ ကံဆိုးစွာနဲ့ပဲ မအောင်မြင်ခဲ့ဘူး။ ကျွန်တော် တောင်ပေါ်က ထွက်လာတော့ ကပ်ဘေးနဲ့ ကြုံခဲ့ရတယ်။ နောက်တော့ ဒီကို ထွက်ပြေးတိမ်းရှောင်လာခဲ့တာပါ။ ကြည့်ရတာ ခန်းမအရှင်သခင်က မျိုးရိုးနာမည်ဝမ့်ကို ရှာနေတာထင်တယ်”

ချန်ကျဲ့ စိတ်ထဲမှ ရေရွတ်လိုက်သည်။

ထောင်ကွမ်းယိတဲ့လား?

“အို ဒီတိုင်း မင်းရဲ့အဲဒီအကြံအစည်က ငါသိတဲ့ လူ‌တစ်ယောက်ပြောခဲ့ဖူးတာနဲ့ ဆင်တူနေလို့ပါ။ အဲဒါကြောင့် မေးလိုက်တာပါ”

“အို လောကကြီးမှာ ကျွန်တော်နဲ့ အတွေးတူတဲ့သူရှိသေးတာလား။ ဘယ်သူများလဲဗျ”

ချန်ကျဲ့မှ ပြန်ပြောသည်။

“အို ဒီတိုင်း ဝမ့်ဟုဆိုတဲ့ မိတ်ဆွေတစ်ယောက်ပါ။ သူ့ရဲ့အကြံအစည်ကလည်း မင်းနဲ့ လုံးဝနီးပါး တူတယ်”

“ဝမ့်ဟု?”

ထောင်ကွမ်းယိသည် တစ်ကိုယ်တည်း ရေရွတ်နေသည်။ ဤလောကတွင် မိမိနှင့် အတွေးအခေါ်တူသူ ရှိလိမ့်မည်ဟု မျှော်လင့်မထားခဲ့လေရာ ထောင်ကွမ်းယိသည် ထိုလူနှင့် ညလုံးပေါက် စကားပြောဆိုချင်စိတ်များ တဖွားဖွားပေါ်ပေါက်လာရသည်။

ဝမ့်ဟု!

ချန်ကျဲ့လည်း တီးတိုးရေရွတ်၏။ ဝမ့်ဟုသည် ယွမ်ခေတ်နှောင်းပိုင်းနှင့် မင်ခေတ်အစောပိုင်း အကူးအပြောင်းကာလမှ ဖြစ်သည်။ သူ၏အစီအစဉ်သည် ရယ်ဖွယ်ကောင်းပြီး သူ့အား ပေါက်ကွဲသေဆုံးစေခဲ့သည့်တိုင် ချီးကျုးထိုက်သောစိတ်ဝိဉာဉ် တည်ရှိပေသည်။

ဝမ့်ဟုနှင့် အတွေးအကြံတူညီသည့် ဤထောင်ကွမ်းယိသည်လည်း အမှန်တကယ် အရည်အချင်းရှိလှသည်။ ထောင်ကွမ်းယိအား ဂရုတစိုက် ပျိုးထောင်ပေးရပေမည်။

တကယ်တမ်းတွင် ချန်ကျဲ့သည် အထင်လွဲမှားမှုထောင်ချောက်ထဲသို့ ကျဆင်းသွားခဲ့ပြီဖြစ်သည်။

သူ၏ သမိုင်းနှင့်ပတ်သက်ပြီး ဗဟုသုတ မလုံလောက်သောကြောင့်လည်း ပါဝင်သည်။ ယွမ်ခေတ်နှောင်းပိုင်းတွင် လပေါ် သွားလိုခဲ့သည့် အမျိုးသားသည် ‘ဝမ့်ဟု’ဟူသည့် အမည်ဖြင့် သွားခဲ့ခြင်း မဟုတ်ကြောင်းကို ချန်ကျဲ့ မသိခဲ့ပါချေ။

ဝမ့်ဟု၏ နာမည်အရင်းသည် ထောင်ကွမ်းယိဖြစ်ပြီး နောက်ပိုင်းတွင် ကျူးယွမ်ကျန်းလက်အောက်သို့ ခိုလှုံခဲ့ကာ အမြှောက်များကို သုတေသနပြုခဲ့သည်။ သို့ဖြင့် ကျူးယွမ်ကျန်းသည် နတ်စက်လက်နက်စခန်းကို ဖန်တီးနိုင်ခဲ့ပြီး လောကကို အုပ်စိုးနိုင်သည့် အခွင့်အရေးရခဲ့သည်။

ကျူးယွမ်ကျန်းသည် ထောင်ကွမ်းယိ၏ လုပ်ဆောင်ချက်များကို စိတ်ကျေနပ်အားရသည်တွင် ထောင်ကွမ်းယိအား ‘ဝမ့်ဟု’ဟူသည့် တရားဝင်ဂုဏ်ပုဒ်ကို ချီးမြှင့်ခဲ့သည်။

သို့ဖြင့် နောက်မျိုးဆက်များသည် ထောင်ကွမ်းယိကို ဝမ့်ဟု'ဟုသာ ခေါ်ဆိုကြတော့သည်။ အချိန်ကြာလာသည်နှင့်အမျှ လူများသည် ဝမ့်ဟုအား ဂုဏ်ပုဒ်တစ်ခုမဟုတ်ဘဲ အမည်အရင်းဟု ထင်မှတ်လာကြလေသည်။

ထို့ကြောင့် ချန်ကျဲ့၏ ဝမ့်မျိုးရိုးအမည်လောဟူသည့် အမေးစကားသည် အလွန်ညံ့ဖျင်းပါ၏။ အကြောင်းမှာ လက်ရှိအချိန်၌ ဝမ့်ဟုသည် ကျင့်ကြံရေးတွင် ကျရှုံးခဲ့သော အခြေမကျသေးသည့် သာမန်လူငယ်လေးတစ်ယောက်သာ ဖြစ်လိမ့်ဦးမည်။ ဘာကိုမျှ အောင်မြင်ထားခြင်း မရှိသေးသော်ငြား ရည်မှန်းချက်များစွာ ပွေ့ပိုက်ထားသည့် လူငယ်လေးတစ်ယောက်ပင်။

သို့သော် ဤခေတ်ကာလတွင် ဤသို့အတွေးအမြင်မျိုးရှိခြင်းသည် မယုံကြည်နိုင်စရာကောင်းလောက်အောင် ထူးခြားရှားပါးကြောင်း ချန်ကျဲ့ သိပါ၏။

ထောင်ကွမ်းယိ၏ လပေါ်ဆင်းသက်မည့် အစီအစဉ်သည် အနည်းငယ် ရယ်ဖွယ်ဖြစ်ပြီး အဓိပ္ပာယ်မရှိဟု ထင်ရသော်ငြား လေ့လာစူးစမ်းလိုသည့် သိပ္ပံပညာရှင်တစ်ဦးကဲ့သို့ စိတ်ဝိဉာဉ်သည် ချီးကျူးထိုက်ပေသည်။

ချန်ကျဲ့ လူငယ်လေးထောင်ကွမ်းယိကို ကြည့်လိုက်သည်။

“ထောင်ကွမ်းယိ”

“ရှိပါတယ်”

ထောင်ကွမ်းယိမှ လက်သီးယှက်အရိုအသေပြုသည်။ ချန်ကျဲ့မှ ပြောသည်။

“အရင်ဆုံး ဖောက်ထွင်းမြင်ရတဲ့ လျိုလီကို ထုတ်လုပ်ဖို့အတွက် အာရုံစိုက်ပါ။ အောင်မြင်သွားရင် ငါ မင်းကို လက်မှုပညာဌာနရဲ့ဦးစီးမှူးအဖြစ် ရာထူးတိုးပေးမယ်။ ယမ်းမှုန့်ကို သုတေသနလုပ်ချင်တယ်ဆိုရင်လည်း ငါ မင်းကို ငွေကြေးထောက်ပံ့ပေးမယ်။ ဘယ်လိုလဲ?”

“တကယ်လား?”

ထောင်ကွမ်းယိ မျက်လုံးပြူးသွား၏။ ချန်ကျဲ့ကို ကြည့်သည့် သူ၏မျက်လုံးများမှာ စိတ်ဝင်စားတက်ကြွသည့် အငွေ့အသက်များ ထင်ဟပ်နေခဲ့သည်။ ချန်ကျဲ့မှ ရင်ဘတ်ပုတ်ပြလိုက်ပြီး ပြောသည်။

“မစိုးရိမ်ပါနဲ့။ ငါ ချန်ကျိုစစ်က အမြဲ ကတိတည်တယ်”

“ခန်းမအရှင်သခင်ကို ကျေးဇူးတင်ပါတယ်”

ထောင်ကွမ်းယိသည် ဖန်သားထုတ်လုပ်ခြင်းကို အာရုံစိုက်ရန်အတွက် ထွက်ခွာသွားသည်။ ထောင်ကွမ်းယိမှ ဖန်သားကို အမှန်တကယ် တိုးတက်ထုတ်လုပ်နိုင်ခဲ့ပါက ချန်ကျဲ့သည်လည်း ယမ်းမှုန့်အား လေ့လာခွင့်ပြုရန် ဆန္ဒရှိသည်။

အောင်မြင်တိုးတက်နေသည့် သိုင်းပညာများကြောင့် ယမ်းမှုန့်တိုးတက်ထုတ်လုပ်မှုသည် မချောမွေ့ပေ။ သမိုင်းမှတ်တမ်းများအရ ယမ်းမှုန့်ကို အသုံးပြုပုံ နှစ်မျိုးသာ ရှိခဲ့သည်။ ပထမတစ်မျိုးမှာ ဟန့်လူမျိုးများ အသုံးများသည့် မီးရှူးမီးပန်းများအတွက် အသုံးပြုခြင်းဖြစ်သည်။ ၎င်းကို အထူးသဖြင့် စုန့်ခေတ်မတိုင်မီ ကာလများတွင် အသုံးများခဲ့သည်…

…မျက်မှောက်ခေတ်ထက် မလျော့နည်းလှသော အမျိုးအစားစုံလင်သည့် မီးရှူးမီးပန်းများကို အမျိုးမျိုးသော ပုံစံများဖြင့် ပုံဖော်ပြသကြသည်။

နောက်ထပ် အသုံးပြုပုံတစ်မျိုးမှာ အမြှောက်များဖြစ်သည်။ သို့သော် အမြှောက်များသည် များသောအားဖြင့် ရန်သူများကို သတ်ဖြတ်ရန်အတွက် အသုံးမပြုကြဘဲ အချက်ပြအမြှောက်များအဖြစ် အသုံးပြုလေ့ရှိကြသည်။

ထို့ပြင် ဤကမ္ဘာ၏ သိုင်းပညာအောင်မြင်တိုးတက်မှုကြောင့် အမြှောက်များ၏ အခန်းကဏ္ဍမှာ အလွန်အကန့်အသတ်ရှိ၏။ အပိုင်းအစများဖြာထွက်ရန် စီစဉ်ထားသော သာမန်အမြှောက်ဆံများသည် အမှောင်စွမ်းအင်အဆင့်အောက်ရှိ ကျင့်ကြံသူများကို ရင်ဆိုင်ဖြေရှင်းနိုင်သည်။ သို့သော် အမှောင်စွမ်းအင်အဆင့်အထက် ကျင့်ကြံသူများအတွက်မူ အမြှောက်သည် တိုက်ရိုက်မထိမှန်သ၍ ယေဘုယျအားဖြင့် ထိခိုက်လိမ့်မည် မဟုတ်ပေ။

သို့သော် ဤခေတ်ကာလရှိ အမြှောက်များ၏ တိကျမှုနှုန်းမှာ အလွန်ညံ့ဖျင်း၏။

သံမဏိအရိုးအဆင့်အထက် သိုင်းပညာရှင်တစ်ဦးသည် ထိုသာမန်အမြှောက်ဆံတစ်လုံး ထိမှန်ခဲ့လျှင်သော်မှ ဒဏ်ရာအသေးအမွှားလေးသာ ရခဲ့လိမ့်မည်။

စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်များအတွက်မူ အမြှောက်များသည် များသောအားဖြင့် အသုံးမဝင်ပေ။ စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်များတွင် သူတို့ကို ကာကွယ်ပေးသည့် ချီစွမ်းအင်ရှိသောကြောင့် သူတို့ကို အမြှောက်ဖြင့် ထိခိုက်စေခြင်းငှာ မလွယ်ကူပေ။

စွမ်းအင်ပြောင်းလဲခြင်းအဆင့်အထက် သိုင်းပညာရှင်များသည်တော့ မည်သို့သောအမြှောက်ဖြစ်စေ ကြောက်ရွံ့နေရန် မလိုအပ်ပေ။

သို့သော် စွမ်းအင်ပြောင်းလဲခြင်းအဆင့်ဟူသည် သာမညောင်ညမဟုတ်။ လူသောင်းချီနေထိုင်သည့် မျန့်ရွှေစီရင်စုမြို့ကြီးတစ်မြို့လုံး၌ပင် စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင် အရေအတွက်သည် ၂၀အောက် လျော့နည်း၏။ ၎င်းမှာ တစ်ထောင်ပုံ ဆယ်ပုံအောက်ပင် လျော့နည်းသည့် ပမာဏဖြစ်ပေသည်။

All Chapters