အခန်း (၄၄၃)
Vol. 34 Ch. 443
ပုံမှန်စစ်တပ်များ၌ အများစုသည် သာမန်စစ်သည်များဖြစ်ကြသည်။ အရေပြားသန့်စင်ခြင်းအဆင့်နှင့် အရိုးသန့်စင်ခြင်းအဆင့် စစ်သည်များသည် တိုက်ပွဲဝါရင့်သော စစ်သည်ဟောင်းကြီးများ ဖြစ်သည်။
အမြောက်တစ်ခုသည် ထိုစစ်သည်များကို ရင်ဆိုင်ဖြေရှင်းရန်အတွက် လုံလောက်သည်ထက် ပိုလိမ့်မည်။
ထောင်ကွမ်းယိသည် သေချာပေါက် အရည်အချင်းရှိ၏။ ထောင်ကွမ်းယိ၏ အတွေးများကို အခြားအုပ်ချုပ်သူများအနေဖြင့် နားလည်ရန် ခက်ခဲကောင်း ခက်ခဲလိမ့်မည်။ သို့သော် မျက်မှောက်ခေတ်လူသားတစ်ဦးဖြစ်သည့် ချန်ကျဲ့သည်တော့ နားလည်နိုင်ပါသည်။ ထောင်ကွမ်းယိသည် အရိုးရှင်းဆုံးနှင့် အသန့်စင်ဆုံးသော စိတ်ကူးအိပ်မက်များဖြင့် ပွင့်လင်းသည့် သုတေသနပညာရှင်တစ်ဦးဖြစ်ပေသည်။
ချန်ကျဲ့သည် ပစ္စည်းလက်နက်ကိရိယာများ အလွန်တရာ အဆင့်မြင့်မားပြီး လူသားမျိုးနွယ်များသည် ထိုပစ္စည်းကိရိယာလက်နက်များ၏ အကူအညီဖြင့် ပြိုင်ဘက်ကင်းအင်အားကို ရရှိပိုင်ဆိုင်ထားသည့် ခေတ်ကာလမှ ကူးပြောင်းလာခဲ့သူဖြစ်သည်။
ဤကမ္ဘာသည် သိုင်းပညာကို ရိုသေလေးမြတ်ကြရာ ချန်ကျဲ့အား ဤသို့အတွေးများစေ၏။
သိုင်းပညာက ကောင်းကင်ဘုံအထိ ထိုးဖောက်တက်လှမ်းလို့ ဒီကမ္ဘာရဲ့ အထွတ်အထိပ် တုနှိုင်းမဲ့ သိုင်းပညာရှင်ကြီးနှစ်ယောက်ဖြစ်တဲ့ ကျန်းစန်းဖုန်းနဲ့ မုလန်လူမျိုးစုအရှင်သခင် သက်ရှိဗုဒ္ဓ ပီအားစီးပါးတို့ကရော? သူတို့တွေဆိုရင်ရော နျူကလီးယားဗုံး နည်းနည်းလောက်ကို ခံနိုင်ရည်ရှိမလား သိချင်မိပါရဲ့?
သေချာပေါက်ပင် ၎င်းမှာ လွန်ကြူးသော စိတ်ကူးယဉ်သိပ္ပံသာ ဖြစ်ပါ၏။ ထောင်ကွမ်းယိ၏ စိတ်ကူးယဉ်ဆန်သော အကြံအစည်သည် ချန်ကျဲ့ကို အတော်လေး အတွေးပျံ့သွားစေခဲ့သည်။
သို့သော် ချန်ကျဲ့သည် စိတ်ကူးယဉ်သိပ္ပံထဲမှ အမြန်ပြန်ရုန်းထွက်လိုက်သည်။
ထောင်ကွမ်းယိထွက်ခွာသွားသည်ကို ကြည့်နေရင်း ချန်ကျဲ့သည် ရှောင်ဟူကို လှည့်ကြည့်လိုက်ပြီး ပြောသည်။
“မင်း အဲဒီလူကို ဘယ်လိုထင်သလဲ”
ရှောင်ဟူမှ ပြောသည်။
“ဘာမှအတွေးမှ များများစားစား မရှိပါဘူး ခန်းမအရှင်သခင်ချန်။ အဲဒီလူကို အတည်အတံ့ အားကိုးလို့မရနိုင်ဘူး”
“အို ဘာလို့များလဲ”
ချန်ကျဲ့ ရှောင်ဟူကို ကြည့်ပြီး မေးလိုက်သည်။ ထိုအခါ ရှောင်ဟူမှ ပြောသည်။
“အဲဒီလူက အဓိပ္ပာယ်မရှိတာတွေ ပြောနေတာလေဗျာ။ ဘာတဲ့ ယမ်းမှုန့်တို့၊ ယမ်းမှုန့်ဗုံးတို့၊ ခုံမင်မီးအိမ်တို့.. သူက လပေါ်ကိုတောင် သွားချင်လိုက်သေးတယ်။ အကုန် ပေါက်ကရစကားတွေချည်းပဲ။ အဲဒီလူက စိတ်ကယောင်ချောက်ချားဖြစ်နေတာနေမယ်!”
ချန်ကျဲ့ ရှောင်ဟူကို ကြည့်၍သာ နားထောင်နေခဲ့သည်။ ထို့နောက် မေးသည်။
“မင်းတကယ် သူ့ကို အဲဒီလိုပဲထင်တာလား”
ရှောင်ဟူမှ ပြန်ပြောသည်။
“မဟုတ်ရင် ကျွန်တော်က ဘယ်လိုတွေးရမှာတုန်း? သူ လပေါ်ကို သွားနိုင်မယ်လို့ ယုံကြည်ပေးရမှာလား”
ချန်ကျဲ့ ပြန်တွေးကြည့်လိုက်သည်။
အင်း သမိုင်းအရဆို တကယ့်ကိုပဲ ဝမ့်ဟုတောင် မအောင်မြင်ခဲ့ဘူး။ ဒါပေမဲ့ အဲဒီလို ခေတ်ရှေ့ပြေးတဲ့အတွေးကိုက အသိအမှတ်ပြုဖို့ ထိုက်တန်ပါတယ်လေ။ ဒီလိုအတွေးအခေါ်မျိုးက ဒီခေတ်ကာလမှာ အရမ်းဘောင်ကျော်နေပေမဲ့၊ ပေါက်ကရတွေ လျှောက်ပြောနေတဲ့စကားလိုမျိုး ထင်ရပေမဲ့လည်းပေါ့လေ။ ပါရမီရှင်တွေဆိုတာ အမြဲ အထီးကျန်ကြရတာပဲ မဟုတ်လား!
ထို့ပြင် ဝမ့်ဟု၏ စိတ်ကူးအကြံအစည်သည် မှန်ကန်ခဲ့ကြောင်း ချန်ကျဲ့ သိထား၏။ လူသားမျိုးနွယ်သည် အနာဂတ်တွင် အမှန်တကယ်ပင် လပေါ်သို့ ရောက်နိုင်ခဲ့သည်။ သို့သော် ဝမ့်ဟု၏နည်းလမ်းသည် အနည်းငယ် ရိုးစင်းလွန်းခဲ့၏။ သူ၏တစ်ဘဝလုံးတွင် ပျံသန်းလိုသည့် ဆန္ဒကို တစ်ကြိမ်တစ်ခါမျှ မဖြည့်ဆည်းနိုင်ခဲ့ခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။
သို့သော် လူတစ်ယောက်အနေဖြင့် အိပ်မက်,မက်ဝံ့နေသ၍ အနာဂတ်တွင် နောက်ဆုံးတွင်တော့ နားလည်သဘောပေါက်သွားကြမည်ချည်းသာ။
ထို့ပြင် ဤလူသည် ယမ်းမှုန့်ကို သုတေသနပြုလေ့လာလိုစိတ် ကြီးမားသည်။ ဤသည်မှာ ပျံသန်းခြင်းအိပ်မက်၏ ပြဿနာကို နားမလည်သေးမီ အင်အားပြဿနာကို ဖြေရှင်းရန် အရေးကြီးသည်။ အင်အားပြဿနာကို ဖြေရှင်းခြင်းဟူသည် အမြောက်ကို သုတေသနပြုလေ့လာခြင်းအား ရည်ညွှန်းပေသည်။
အမြောက်!
ချန်ကျဲ့တွင် အကြံရှိ၏။ အနာဂတ်တွင် ဖြစ်ပွားလာမည့် တိုက်ပွဲကြီးများတွင် အဆင့်မြင့်သိုင်းပညာရှင်ကြီးများ ထိပ်တိုက်ရင်ဆိုင်ကြမည်မှာ သံသယဝင်ဖွယ် မရှိပေ။ ပုံမှန်စစ်သည်များသည်လည်း တိုက်ပွဲတွင် ပါဝင်ကြလိမ့်မည်။
အုပ်ချုပ်သူနှင့် အုပ်ချုပ်သူအကြား၊ စစ်သူကြီးများနှင့် စစ်သူကြီးများအကြား တိုက်ခိုက်ကြမည့်အပြင် အောင်ပွဲရရှိရန်အတွက် ထိပ်တန်းအဆင့် သိုင်းပညာရှင်ကြီးများအပြင် အဆင့်နိမ့်စစ်သည်များသည်လည်း အင်အားကြီးမားနေရမည်။
အဆင့်နိမ့်စစ်သည်များကို အင်အားဖြည့်တင်းရန်အတွက် ချန်ကျဲ့တွင် နည်းလမ်းနှစ်ခုရှိသည်။ နည်းလမ်းတစ်ခုမှာ အင်အားကြီးမားသည့် တိုက်ခိုက်ချေမှုန်းစွမ်းရည်ကို ပိုင်ဆိုင်ရန်အတွက် စစ်တပ်ဖွဲ့စည်းမှုပုံစံကို တည်ထောင်ရန်ဖြစ်ပြီး တခြားနည်းလမ်းတစ်ခုမှာ လက်နက်များတပ်ဆင်ပေးခြင်း ဖြစ်သည်။
သာမန်လူတစ်ယောက်အဆင့်၌ အမြောက်သည် သာမန်ဓားများထက် သေချာပေါက် ပို၍ အင်အားကြီးမားပေသည်။
သေချာပေါက်ပင် ဤသည်တို့မှာ စိတ်ကူးအတွေးမျှသာ ရှိပါသေး၏။
ထိုသို့တွေးလျက် ချန်ကျဲ့သည် ရှောင်ဟူကို ကြည့်၍ ပြောသည်။
“ရှောင်ဟူ”
“ဟုတ်ကဲ့”
“နောက်ကို ထောင်ကွမ်းယိ ငါ့ကိုတွေ့ခွင့်တောင်းလာရင် ငါ့ကို ချက်ချင်းအကြောင်းကြားပါ”
“အာ ခန်းမအရှင်သခင်ချန် ဒီလူက အရမ်းအရေးကြီးလို့လား”
ချန်ကျဲ့ ပြုံးလိုက်ပြီး ပြောသည်။
“ကောင်းကောင်းအသုံးချရင်ပေါ့။ သူတစ်ယောက်က လူတစ်သောင်းပါဝင်တဲ့ စစ်တပ်တစ်တပ်နဲ့ ညီမျှနိုင်တယ်”
“အာ အဲဒီလောက်တောင် အင်အားကြီးတယ်လား?”
ချန်ကျဲ့မှ တုံ့ပြန်ပြောသည်။
“အခုတော့ မဟုတ်သေးဘူး။ ဒါပေမဲ့ အချိန်အလုံအလောက်သာ ပေးရင် သူက အင်အားအကြီးမားဆုံး ဖြစ်လာနိုင်လိမ့်မယ်”
ရှောင်ဟူသည် သေချာနားမလည်ပေ။ သို့သော် သူနားမလည်ခြင်းမှာ အရေးမကြီးပါချေ။ ချန်ကျဲ့သည် ထောင်ကွမ်းယိကို အရေးပါသူတစ်ဦးအဖြစ် သတ်မှတ်ကြောင်း သူသိထားသည်။ သို့ဖြစ်ရာ သူ့အနေဖြင့် ထောင်ကွမ်းယိအား လေးစားမှုဖြင့် ကောင်းမွန်စွာ ဆက်ဆံပေးရပေမည်။
ချန်ကျဲ့ အကြောဆန့်လိုက်ပြီးနောက် အနည်းငယ် ဗိုက်ဆာသဖြင့် ဗိုက်ကိုပွတ်လိုက်သည်။ ထို့နောက် နောက်တွင်ရပ်နေသည့် အစေခံမိန်းကလေးတစ်ဦးကို လှည့်ပြောလိုက်သည်။
“သခင်မရော?”
ထိုအခါ အစေခံမိန်းကလေးမှ ပြန်ပြောသည်။
“သခင်မက စာသင်ဆောင်မှာ ကျောင်းသားတွေကို စာသင်ပေးနေပါတယ်”
“ဪ”
ကျားဖြူခန်းမ၏ တဖက်ခြံဝင်းတစ်ခု၌ စာဖတ်သံများဖြင့် ပြည့်လျှံနေသည်။
ပြတင်းများ၊ တံခါးများဖွင့်ဟထားသည့် ကျယ်ဝန်းသည့် အခန်းတစ်ခန်းတွင် ကလေး၃၀ကျော်ခန့် စာသင်နေသည်။
စာသင်ခန်း၏ရှေ့တွင် ကျောက်သင်ပုန်းတစ်ခုရှိကာ စူးယွင်ကျင်းသည် ၎င်းကျောက်သင်ပုန်းထက်တွင် ထုံးမှုန့်နှင့် ပြုလုပ်ထားသည့် မြေဖြူဖြင့် စာတစ်ကြောင်းကို ရေးနေသည်။
[ပညာရှိက ပြောခဲ့တယ် : တစ်စုံတစ်ခုကို သင်ယူနိုင်တယ်ဆိုတာ စိတ်ကျေနပ်ပျော်ရွှင်စရာပဲ မဟုတ်ပေဘူးလား]
စူးယွင်ကျင်းသည် အဖြူရောင် အပေါ်ဝတ်စုံဖြင့် ခါးထက်တွင် ကျောက်စိမ်းအဆင်တန်ဆာကို ချိတ်ဆွဲဝတ်ဆင်ထားသည်။ ၎င်းကျောက်စိမ်းအဆင်တန်ဆာနှင့်အတူ အနီရောင်စကတ်ရှည်နှင့် ပန်းထိုးဖိနပ်တို့ကို ချန်ကျဲ့မှ သူမကို ဒီနှစ်၏ မွေးနေ့လက်ဆောင်အဖြစ် လက်ဆောင်ပေးထားခြင်းဖြစ်သည်။
သူမသည် ဆံပင်ကို ရိုးရှင်းသည့် ဆံထုံးအဖြစ် ထုံးဖွဲ့ထားပြီး သစ်သားဆံထိုးတစ်ခုကိုသာ ဆင်ယင်ထားသည်။
စူးယွင်ကျင်းသည် ယခုတွင် ရွှေ၊ ကျောက်စိမ်းနှင့် အခြားအမျိုးမျိုးသော ဆံထိုးများစွာကို ပိုင်ဆိုင်နေပြီဖြစ်သော်ငြား ထိုဆံထိုးများကို သူမ သဘောမကျပေ။ သစ်သားဆံထိုးတစ်ခုတည်း ဆင်ယင်ရခြင်းကိုသာ နှစ်ခြိုက်လေသည်။
သူမ၏ ပုံပန်းသွင်ပြင်မှာ ဟန်ဆောင်မှုကင်းမဲ့ပြီး ရိုးရှင်းကာ အသိပညာကြွယ်ဝသည့် ဟန်ပန်မျိုး ဖြစ်သည်။
စူးယွင်ကျင်းသည် မြေဖြူတစ်ပိုင်းကို လက်တွင်ကိုင်ထားရင်း ကျောက်သင်ပုန်းထက်မှ စာကြောင်းကို ညွှန်ပြလျက် ပြောသည်။
“မနေ့က အယူဝါဒသင်ခန်းစာကို ပြန်ဆန်းစစ်ကြည့်ကြရအောင်။ အားလုံးပဲ အတူတူဖတ်ကြည့်လိုက်ပါ”
“ပညာရှိက ပြောခဲ့တယ်”
“ပညာရှိက ပြောခဲ့တယ် : တစ်စုံတစ်ခုကို သင်ယူနိုင်တယ်ဆိုတာ စိတ်ကျေနပ်ပျော်ရွှင်စရာပဲ မဟုတ်လား။ အဝေးက ရောက်လာပေးတဲ့ မိတ်ဆွေတွေရှိတာ ပျော်ရွှင်မှုတစ်မျိုးပဲ မဟုတ်လား။ တခြားသူတွေ ကိုယ့်ကို နားမလည်နိုင်တဲ့အခါမှာ ဒေါသမထွက်ခြင်းက လူကြီးလူကောင်းဆန်ခြင်းပဲ မဟုတ်ပေဘူးလား။ ပညာရှိက ပြောခဲ့တယ်…”
ကလေး၃၀သည် ခေါင်းလေးများ ခါရမ်းလျက် ရွတ်ဆိုနေကြသည်။
စူးယွင်ကျင်းသည် သူမ၏ ကျောင်းသားငယ်လေးများကို စိတ်ကြည်နူးစွာ ကြည့်နေသည်။ ကလေးများသည် အရွယ်အစားစုံလင်ကာ အငယ်ဆုံးလေးသည် ပထမတန်းရှိ သုံးနေရာမြောက်တွင် ထိုင်နေသည်။
အလယ်ခုံတွင် စူးယွင်ရွေ့ထိုင်နေကာ ဘယ်ဘက်တွင်တော့ အစေခံမိန်းကလေးယင်ဟုန်မိန် ထိုင်နေသည်။
ညာဘက်ခုံတွင် ထိုင်နေသူမှာ စွင်းယုံ့ဟု အမည်ရသည့် ၁၀နှစ်အရွယ်ကောင်လေးတစ်ယောက် ဖြစ်သည်။
စွင်းယုံ့၏ ဖခင်သည် ထိုနေ့က စူးယွင်ကျင်းကို ရှောင်ဟူနှင့်အတူ လိုက်လံကာကွယ်ပေးခဲ့သည့် သူရဲကောင်းတစ်ဦးဖြစ်သည်။ သို့သော် သူ၏ဖခင်သည် တိုက်ပွဲအတွင်း ကျရှုံးကွယ်လွန်သွားခဲ့သည်။
ဖခင်ဖြစ်သူ၏ သစ္စာရှိမှုနှင့် ရဲစွမ်းသတ္တိကို ဂုဏ်ပြုခြင်းအားဖြင့် ချန်ကျဲ့သည် စွင်းယုံ့ကို မွေးစားသားအဖြစ် မွေးစားခဲ့ပြီး လက်ရှိတွင် စူးယွင်ကျင်းထံတွင် စာသင်နေသည်။
စွင်းယုံ့သည် အလွန်သိတတ်ပြီး သင်ယူရန် စိတ်အားထက်သန်၏။ ချန်ကျဲ့သည် စွင်းယုံ့ကို အတော်လေး သဘောကျပေသည်။
ကလေးများသည် ပညာရှိကြီးများ၏ စကားများကို ကြိုးကြိုးစားစား ရွတ်ဖတ်နေကြသည်။ ချန်ကျဲ့သည်တော့ စာသင်ဆောင်အပေါက်ဝတွင် ရပ်၍ ကလေးများ စာဖတ်နေသည်ကို ရပ်ကြည့်နေခဲ့သည်။