← Chapters

အခန်း (၄၄၆)

Vol. 34 Ch. 446

အခန်း (၄၄၆)

Vol. 34 Ch. 446

“လူကြီးမင်းတို့ ကျွန်တော်နောက်ကျသွားပါတယ် နောက်ကျသွားပါတယ်”

ချန်ကျဲ့သည် ခန်းမတံခါးအတွင်းသို့ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် လက်သီးယှက်ကာ တောင်းပန်စကားဆိုသည်။ ထိုအခါ အစည်းအဝေးခန်းမထဲရှိ လူအားလုံးသည် ချန်ကျဲ့ကို ကြည့်လာကြသည်။

ထိုအခါ ချင်းယင်မှ မကျေမနပ်ပြောဆိုသည်။

“အာ ကျွန်တော်က ခန်းမအရှင်သခင်ကြီးချန် ဒီနေ့မလာတော့ဘူးတောင် ထင်နေတာ”

ချန်ကျဲ့သည် ထိုစကားများကို ကြားပါသော်ငြား ချင်းယင်ကို လျစ်လျူရှုထား၏။ ထိုအစား နန်ပါးထျန်းကို ကြည့်လိုက်သည်။ ချင်းယင်သည် ဟောင်နေသည့် ခွေးတစ်ကောင်ထက် ဘာမျှမပိုလေရာ အာရုံစိုက်ရန် မထိုက်တန်ပါချေ။

နန်ပါးထျန်းမှ လည်ချောင်းရှင်းလိုက်ပြီးနောက် ပြောသည်။

“အဟမ်း အခုရောက်လာပြီဆိုမှတော့ မြန်မြန်ဝင်ထိုင်လိုက်ပါ”

ချန်ကျဲ့ နေရာတွင် ဝင်ထိုင်လိုက်ပြီးနောက် အစည်းအဝေးတက်ရောက်သူများကို အကဲခတ်ကြည့်လိုက်သည်။ အဓိကထိုင်ခုံနေရာတွင် နန်ပါးထျန်း ထိုင်သည်။ ဘယ်ဘက်ရှိ ပထမဆုံးထိုင်ခုံနေရာမှာမူ ကျားဖြူခန်းမအရှင်သခင်အသစ်ဖြစ်သည့် သူကိုယ်တိုင်အတွက် နေရာဖြစ်သည်။

ချန်ကျဲ့နှင့် ဆန့်ကျင်ဘက်တွင် ချင်းယင်ထိုင်သည်။ ချင်းယင်၏နောက်တွင်မူ ချင်းဟူနှင့် ချင်းပေါင်တို့ ရပ်နေကြသည်။

ညီအစ်ကိုနှစ်ယောက်သည် ချန်ကျဲ့ကို စူးရဲစွာ စိုက်ကြည့်နေကြသည်။ အထူးသဖြင့် ချန်ကျဲ့အား ဘဝပေးရန်သူဟု သတ်မှတ်ထားသည့် ချင်းဟူဖြစ်သည်။ ထိုနောက်လိုက်ကောင်လေးသည် သွားတဖြဲဖြဲဖြင့် မာန်ဖီနေခြင်းအား ချန်ကျဲ့လည်း ဘာမျှမတတ်နိုင်ပါချေ။

ချင်းဟူသည် နောက်ဆုံးတစ်ခေါက်က ချန်ကျဲ့ကြောင့် ကျွတ်သွားခဲ့ရသည့် သွားများပင်လျှင် ပြန်မပေါက်သေးပေ။

ဘယ်တော့မှ ပြန်မပေါက်တော့ဘူး ထင်ပါသည်။

ချင်းပေါင်သည် ချင်းဟူနှင့် ၇၀ရာခိုင်နှုန်းခန့် ဆင်တူသူဖြစ်သည်။ ယခုတွင် သူတို့နှစ်ဦး အတူတူရပ်နေကြရာ သူတို့၏မျက်လုံးများသည် ကြမ်းကြုတ်ခက်ထန်မှုများဖြင့် ပြည့်နှက်နေပေသည်။ သူတို့သည် သူတို့အား စိတ်ထဲပင်မထည့်သည့် ချန်ကျဲ့ကို စူးစူးရဲရဲ စိုက်ကြည့်နေခဲ့ကြသည်။

သို့သော် ရှောင်ဟူသည်တော့ ထိုသူနှစ်ဦးကို စူးရဲစွာ ပြန်စိုက်ကြည့်နေခဲ့၏။

အစ်ကိုကျိုစစ်ကို မထီလေးစားပြုမူရဲလို့ကတော့ မင်းတို့နှစ်ယောက်ကို သင်ခန်းစာပေးပစ်မယ်။

ဤသည်မှာ စာရင်းအဟောင်း၊ စာရင်းအသစ်အားလုံးကို ဖြေရှင်းရန် သင့်တော်သည့် အခွင့်အရေးတစ်ခုပင်။

ရှောင်ဟူသည် မျက်လုံးအိမ်တို့မှေးကျုံ့လျက် ထိုညီအစ်ကိုနှစ်ဦးကို ကြည့်နေခဲ့သည်။

ချင်းဟူနှင့် ချင်းပေါင်တို့သည် ချင်းယင်ကဲ့သို့ မထီလေးစားနိုင်ပြီး အပြုအမူအား ထိန်းထိန်းသိမ်းသိမ်း မရှိပေ။ ရှောင်ဟူသည်တော့ ချန်ကျဲ့နှင့်အတူ အသေးစိတ်ချင့်ချိန်ကာ ငြိမ်သက်အေးဆေးသည့် အမူအကျင့်တို့ကို လေ့ကျင့်ထားခဲ့သည်။ သို့ဖြစ်ရာ ရှောင်ဟူသည် ထိုညီအစ်ကိုနှစ်ဦးကို သတ်ဖြတ်ချင်သည်မှာ လက်တယားယားဖြစ်နေသည့်တိုင် အပြုံးမျက်နှာကို ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်သည်။

ချန်ကျဲ့သည် နေရာတွင် ထိုင်လိုက်သည်နှင့် ရင်းနှီးနေသည့်မျက်နှာများကို တစ်ချက်ဝေ့ဝဲကြည့်လိုက်သည်။ အစည်းအဝေးတက်ရောက်လာသူများ အားလုံးသည် ငါးဖမ်းကုန်သည်အဖွဲ့၏ အရေးပါသည့် အင်အားအာဏာရှိသူများ ဖြစ်ကြသည်။

ချန်ကျဲ့၏ ဘယ်ဘက်ဘေးတွင် ထိုင်နေသူမှာ နန်ပါးထျန်း၏ အကြံပေးပုဂ္ဂိုလ် အတွင်းခန်းမအရှင်သခင် ထန်ဇီယွဲ့ဖြစ်သည်။

ထန်ဇီယွဲ့သည် ဉာဏ်ပညာထက်မြက်၏။ ထန်ဇီယွဲ့သည် သိုင်းပညာအရာတွင် သံမဏိအရိုးအဆင့်သာရှိပြီး အရည်အချင်း မကောင်းမွန်လှသော်ငြား မည်သူမျှ အထင်မြင်မသေးဝံ့ပါချေ။ ထန်ဇီယွဲ့သည် သူ၏ ထက်မြက်သော နည်းဗျူဟာများဖြင့် အမည်ကျော်ကြားသူဖြစ်သည်.

ချန်ကျဲ့နှင့် မျက်နှာချင်းဆိုင်တည့်တည့်တွင် ချင်းယင်ထိုင်နေပြီး ချင်းယင်၏ဘေးနေရာတွင် မုတ်ဆိတ်မွေးနှင့် အဖိုးကြီးတစ်ဦးထိုင်နေကာ အပြင်းအထန် ငိုက်မျဉ်းနေလေသည်။

ထိုလူကြီးသည် ငါးဖမ်းကုန်သည်အဖွဲ့၏ ခန်းမအရှင်သခင်တစ်ယောက် မဟုတ်သော်ငြား သက်တမ်းအရင့်ဆုံး အဖွဲ့သားတစ်ဦးဖြစ်သည်။ သက်တမ်းအရင့်ဆုံးအဖွဲ့သားတစ်ဦးဖြစ်သောကြောင့် အစည်းအဝေးတက်ရောက်နားထောင်ခွင့် ရရှိထားခြင်းဖြစ်၏။ ထိုအဖိုးကြီးမှာ အတွင်းခန်းမ သမားတော်၈ပါး၏ခေါင်းဆောင် သမားတော်လျို့ဖြစ်ပြီး သိုင်းလောကတွင် လျို့ယီးရှို့ဟူ၍ ကျော်ကြားသည်။

လျို့ယီးရှို့တွင် ရောဂါဝေဒနာများကို ရောဂါအမည်တပ်ခြင်း၊ ကုသခြင်းအရာ၌ ဘယ်သောအခါမျှ အမှားအယွင်းမရှိသော ထူးခြားသည့် အရည်အချင်းရှိသည်။ သွေးခုန်နှုန်းတစ်ချက် စမ်းကြည့်ရုံဖြင့် မည်သည့်ရောဂါမဆို အတိအကျ သိရှိနိုင်သည်။

လျို့ယီးရှို့သည် မျန့်ရွှေစီရင်စုအတွင်း အစွမ်းအထက်ဆုံးသော သမားတော်လည်း ဖြစ်သည်။

သူ၏ အဖွဲ့သားအဖြစ် သက်တမ်းကြာရင့်စွာ တာဝန်ထမ်းဆောင်မှုကြောင့် ဤသို့အဆင့်သော အစည်းအဝေးများတွင် နန်ပါးထျန်းသည် လျို့ယီးရှို့အား တက်ရောက်ရန် ဖိတ်ကြားလေ့ရှိသည်။

နန်ပါးထျန်းသည် အစည်းအဝေးစားပွဲတွင် ထိုင်နေသူအားလုံးကို ဝေ့ဝဲကြည့်ပြီးနောက် ကြေညာသည်။

“လူကြီးမင်းတို့အားလုံး လူစုံကြပြီဆိုတော့ အစည်းအဝေး စလိုက်ကြတာပေါ့”

နန်ပါးထျန်း၏ စကားအဆုံး၌ နေရာရှိလူအားလုံး သတိနိုးကြားသွားကြသည်။ လျို့ယီးရှို့ပင်လျှင် အကောင်းဆုံးကြိုးစား၍ မျက်လုံးပြန်ဖွင့်ကာ နန်ပါးထျန်းအား တစ်ချက်လှမ်းကြည့်ပြီးနောက် စားပွဲပေါ်မှ လက်များကို တိတ်တဆိတ် ပြန်ချလိုက်သည်။

“အင်း ဒီနေ့ လူကြီးမင်းတို့အားလုံးကို ဖိတ်ခေါ်လိုက်ရတဲ့ အကြောင်းအရင်းကတော့ လက်တလော စာရင်းစစ်တာမှာ ပုံမှန်မဟုတ်တာ တချို့ကို တွေ့ထားလို့ပါပဲ”

ထိုစကားတွင် အားလုံးသည် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် အကြည့်ချင်းဖလှယ်ကြကုန်သည်။ ထို့နောက် နန်ပါးထျန်းမှ ဆက်ပြောသည်။

“ကုန်သည်အဖွဲ့စည်းမျဉ်းအရ ငါးဖမ်းကုန်သည်အဖွဲ့လက်အောက်က ခန်းမအားလုံးက သီးသန့်စီမံခန့်ခွဲကြတယ်။ ခန်းမရဲ့အရှုံးအမြတ်အားလုံးကို ကိုယ်တိုင်ပဲ တာဝန်ယူကြရတယ်။ လုပ်ပေးဖို့လိုအပ်တာဆိုလို့ တစ်လကို တစ်ကြိမ် အချိန်မီ ငွေအပ်ဖို့ပဲ။ ဒါပေမဲ့ လွန်ခဲ့တဲ့၆လအတွင်းမှာ လင်းယုန်ခန်းမရဲ့ အပ်ငွေတွေက အရင်ထက် လျော့နည်းလာတာကို သတိထားမိခဲ့တယ်။ အဲဒီလိုဖြစ်ရတာ ဘာကြောင့်ပါလဲ”

နန်ပါးထျန်းသည် ချင်းယင်ကို လှည့်ကြည့်လိုက်သည်။ ထိုအခါ ချင်းယင်သည် ဒေါသတကြီးဖြင့် စားပွဲကို လက်ဝါးဖြင့် ရိုက်ချလျက် အော်ဟစ်ပြောဆိုသည်။

“ချီးပဲ။ အဲဒါတွေ အကုန်လုံးက သူ့ကြောင့်ပဲ မဟုတ်ဘူးလား”

ချင်းယင်သည် အမျက်ဒေါသအပြည့်သော မျက်လုံးအစုံဖြင့် ချန်ကျဲ့ကို လက်ညှိုးထိုးပြောဆို၏။

ထိုအခါ ချန်ကျဲ့သည် လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်ရင်း ချင်းယင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပြောသည်။

“ခင်ဗျား လူကို မှားယွင်းမစွပ်စွဲပါနဲ့။ ခင်ဗျားတို့လင်းယုန်ခန်းမ အပ်ငွေ မသွင်းနိုင်တာက ကျုပ်တို့ကျားဖြူခန်းမနဲ့ ဘာဆိုင်လို့လဲ”

ချင်းယင်မှ ချေပပြောဆိုသည်။

“မင်းယုတ်ညံ့တဲ့ခွေးကောင်၊ မင်းကြိုက်သလောက် ငြင်းလို့ရတယ်။ ဒါပေမဲ့ ဒါတွေက မင်းတမင်လုပ်တာပဲ။ ငါတို့လင်းယုန်ခန်းမက ဒီကိစ္စအတွက် မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး”

“ညစ်ပတ်လိုက်တဲ့ပါးစပ်ပဲ”

ချန်ကျဲ့၏မျက်လုံးအကြည့်များ အေးစက်သွား၏။ ထို့နောက် လက်မောင်းကို လှုပ်ယမ်းလိုက်ကာ သံမဏိလက်ဝါးသိုင်းစွမ်းအင်ဖြင့် လက်ထဲရှိ လက်ဖက်ရည်ခွက်ကို ချင်းယင်သို့ ပစ်လိုက်သည်။ ချင်းယင်သည် မိမိထံသို့ ဦးတည်လာသည့် လက်ဖက်ရည်ခွက်ကို မြင်သောအခါ ထိတ်လန့်သွား၏။ ချင်းယင်သည် ချက်ချင်း ခုန်ရှောင်လိုက်ပြီးနောက် ညာလက်အား လင်းယုန်လက်သည်းအဖြစ် ပြောင်းလဲလိုက်ပြီး လက်ဖက်ရည်ခွက်ကို ဖမ်းဆုပ်လိုက်သည်။

ဂျွတ်ခနဲအသံနှင့်အတူ လက်ဖက်ရည်ခွက်သည် ကွဲကြေသွားခဲ့သည်။ ထို့နောက်တွင် ချင်းယင်သည် လေဟာပြင်ထက်သို့ ခုန်၍ အတောင်ပံဖြန့်ကျက်လိုက်သည့် ဂဠုန်ငှက်တစ်ကောင်အလား ချန်ကျဲ့ကို မာန်ဖီကြိမ်းမောင်းသည်။

သူ၏လက်များသည် ထက်ရှသည့် လင်းယုန်လက်သည်းများအဖြစ် ပြောင်းလဲသွားပြီး ချန်ကျဲ့ဆီသို့ ဦးတည်ချိန်ရွယ်ထား၏။

ချန်ကျဲ့သည် နေရာတွင်သာ ထိုင်နေပြီး အကြည့်မလွှဲပေ။ ရှောင်ဟူသည် ဓားကိုဆွဲထုတ်၍ ရင်ဆိုင်တိုက်ခိုက်ရန် အသင့်ပြင်ထားသည်။ သို့သော် ချန်ကျဲ့မှ ရှောင်ဟူကို တားလိုက်သည်။ ထို့နောက် ချန်ကျဲ့သည် ညာလက်ကိုမြှောက်၍ အင်အားအကြီးမားဆုံးသော သံမဏိလက်ဝါးသိုင်း၈ကွက်မြောက်ကို စတင်၍ သိုင်းကွက်ထုတ်သည်။ ချန်ကျဲ့သည် ၎င်း၈ကွက်မြောက်သိုင်းကွက််ကို နဂါးဖမ်းလက်ဝါးသိုင်းကွက်ဟု အမည်ပေးထားခဲ့သည်။

နဂါးဟိန်းဟောက်သံများအကြားတွင် ချင်းယင် တုန်လှုပ်လာခဲ့သည်။ သို့သော် သူ နောက်ပြန်မဆုတ်ပါချေ။ လွန်ခဲ့သည့်၆လအတွင်း၌ ချင်းယင်သည် အလဟသ အချိန်ဖြုန်းမနေခဲ့ပါချေ။ စဉ်ဆက်မပြတ်လေ့ကျင့်နေခဲ့ပြီး သူ၏လင်းယုန်သွေးလက်သည်းသိုင်းသည် ၇ဆင့်မှ ၈ဆင့်သို့ တိုးတက်သွားခဲ့ပြီ ဖြစ်သည်။ သို့ဖြစ်ရာ သူ ချန်ကျဲ့ကို မကြောက်ရွံ့တော့ပါချေ။

ဆုံးဖြတ်ချက်ခိုင်မာစွာဖြင့် ချင်းယင်သည် လင်းယုန်သွေးလက်သည်းသိုင်းကို အသုံးပြု၍ ချန်ကျဲ့ကို အသက်နုတ်တိုက်ကွက်ဖြင့် ဦးတည်တိုက်ခိုက်သည်။

နတ််လင်းယုန်လက်သည်းသိုင်းသုံးကွက်!

ချန်ကျဲ့သည် ပထမလက်သည်းသိုင်းကွက် ချဉ်းကပ်လာသည်ကို စောင့်ကြည့်နေခဲ့ပြီးနောက် လက်ဝါးရိုက်ချက်တစ်ချက်ဖြင့် တိုက်ရိုက် ထိခတ်စေသည်။

နောက်ထပ် နဂါးဟိန်းဟောက်သံနှင့်အတူ လက်ဝါးရိုက်ချက်နှင့် လက်သည်းသိုင်းကွက်တို့ ထိခတ်ခြင်းမှ မိုးခြိမ်းသံအလား အသံကျယ်ကြီး ထွက်ပေါ်လာခဲ့သည်။ ချင်းယင်သည် ကြောက်ခမန်းလိလိသော အင်အားတစ်ခုမှ သူ့အား အဝေးသို့ လွင့်ပျံထွက်သွားစေတော့မည့်အလား ခံစားလိုက်ရသည်။ သို့သော် သူ့တွင် သိုင်းကွက်နှစ်ကွက် ကျန်နေသေးသည်။

ချင်းယင်သည် ကံကြမ္မာကို လက်ခံပြီး အရှုံးပေးလုနီးတွင် ပုံရိပ်တစ်ခုသည် ရှေ့သို့ တစ်ဟုန်ထိုး ပြေးတက်သွားပြီး လက်တစ်ဖက်သည် ချန်ကျဲ့၏ညာလက်ကို ဆုပ်ကိုင်ကာ ကျန်တစ်ဖက်သည် ချင်းယင်၏လက်ကို ဆုပ်ကိုင်လိုက်၏။ ဤလှုပ်ရှားမှုသည် မျှတဟန်ရှိ၏။ ချန်ကျဲ့၏လက်ကို ဆုပ်ကိုင်ခြင်းသည် ချန်ကျဲ့မှ ချင်းယင်ကို မတိုက်ခိုက်နိုင်အောင် ကာကွယ်ပေးခြင်းဖြစ်ပြီး ချင်းယင်၏လက်ကို ဆုပ်ကိုင်ခြင်းသည် ချင်းယင်အား အရှက်ရခြင်းမှ ကာကွယ်ရန် ဖြစ်သည်။ အပေါ်ယံကြည့်ရှုပါက တရားမျှတဟန်ဖြစ်သော်ငြား တကယ်တမ်းတွင် ဘက်လိုက်သည့် လုပ်ဆောင်ချက် ဖြစ်ပေသည်။

ချန်ကျဲ့၏မျက်နှာသည် စိတ်ခံစားချက်အမူအရာ ကင်းမဲ့နေဆဲ။ သို့သော် ချင်းယင်သည်တော့ ပျော်ရွှင်စွာဖြင့် မျက်နှာရွှင်ပျသွားခဲ့သည်။

All Chapters