အခန်း (၄၄၇)
Vol. 34 Ch. 447
ဌာနချုပ်အပြင်၌ ချင်းယင်သည် ချန်ကျဲ့ကို မတိုက်ခိုက်ရဲပါချေ။ ဌာနချုပ်အတွင်း၌ အကြောက်အရွံ့ကင်းမဲ့ဝံ့ခြင်းမှာ သူ၏နောက်တွင် နန်ပါးထျန်းရှိနေသောကြောင့် ဖြစ်သည်။
ထို့ပြင် ၎င်းတိုက်ခိုက်မှုကို နန်ပါးထျန်းမှ ခိုင်းစေခဲ့ခြင်းဖြစ်သည်။ နန်ပါးထျန်းသည် လွန်ခဲ့သည့်၆လအတွင်း၌ ချန်ကျဲ့၏အင်အားတိုးတက်မှု အခြေအနေကို ခန့်မှန်းကြည့်ရှုလိုခဲ့သည်။
ယခုအဖြစ်အပျက်ကြောင့် နန်ပါးထျန်းသည် ခန့်မှန်းနိုင်ခဲ့ပေသည်။
ချန်ကျဲ့သည်လည်း ချင်းယင်၏တိုက်ခိုက်မှုသည် နန်ပါးထျန်းမှ သူ၏အင်အားကို စမ်းသပ်ရန်အတွက် ခိုင်းစေခြင်းဖြစ်လိမ့်မည်ဖြစ်ကြောင်း သိနေခဲ့ပါသည်။ ချန်ကျဲ့သည်လည်း နန်ပါးထျန်း၏အင်အားကို စမ်းသပ်ကြည့်ချင်နေခဲ့ပါသည်။
ခုနက လက်ဝါးရိုက်ချက်အား ဖမ်းချုပ်ခံလိုက်ရသည်တွင် ချန်ကျဲ့သည် နန်ပါးထျန်း၏အင်အားကို ခန့်မှန်းမိပြီးလေပြီ။
နန်ပါးထျန်းသည် သူ့ထက်ပို၍ အင်အားကြီးမား၏။
ချန်ကျဲ့ မြူနှင်းမှုန်များ ဖုံးအုပ်နေသည့် မိမိ၏ ညာဘက်လက်ကောက်ဝတ်ကို ကြည့်လိုက်သည်။ လက်ရှိအချိန်မှာ ဆောင်းရာသီမဟုတ်သေးသော်ငြား နန်ပါးထျန်းသည် သူ၏ရေခဲစိတ်စွမ်းအင်သိုင်းဖြင့် မြူနှင်းမှုန်ထုတ်ကာ အသုံးပြုနိုင်လေသည်။ ဤသည်မှာ သာမန်လူများထက် သာလွန်သည့် ကြောက်မက်ဖွယ်အင်အားကြီး ဖြစ်ပါ၏။
ထို့ပြင် နန်ပါးထျန်း၏ အတွင်းအားသည် အလွန်အားကောင်းသောကြောင့် ချန်ကျဲ့သည် သိပ်သည်းလေးလံသည့် ဖိအားကြီးကို ခံစားခဲ့ရသည်။ ချန်ကျဲ့သည် သူ၏လက်ရှိ သံမဏိလက်ဝါးသိုင်း၊ ရေထိန်းချုပ်လက်ဝါးသိုင်းနှင့် ယန်ချွမ်ကျင့်စဉ်တို့၏ အင်အားဖြင့် နန်ပါးထျန်းကို အနိုင်မတိုက်နိုင်ပေ။
သူလည်း ငါ့ကိုသတ်ဖို့ လွယ်ကူမှာ မဟုတ်ပေမဲ့ တကယ်တမ်း အသေအကြေတိုက်ခိုက်ကြမယ်ဆိုရင် အသက်သေရမယ့်သူက ငါဖြစ်လိမ့်မယ်။ နန်ပါးထျန်းကတော့ သိုင်းပညာပျက်စီးပြီး မသန်စွမ်းဖြစ်ပြီးတော့ အဆုံးသတ်သွားလောက်တယ်။
နှစ်ဦးစလုံး သေလောက်အောင်သော ထိခိုက်ဒဏ်ရာကို ခံစားရမည်ဖြစ်ပြီး ချန်ကျဲ့ကိုယ်တိုင်သည်တော့ အနည်းငယ်ပို၍ ထိခိုက်ခံစားရပေလိမ့်မည်။
ချန်ကျဲ့သည် ကျင့်ကြံချိန် မလုံလောက်သေးပေ။ များစွာသော ဆေးလုံးများသည် သူ့အား ထောက်ကူပေးထားသည့်တိုင် နန်ပါးထျန်းသည်လည်း ဆေးလုံးများကို အဆက်မပြတ် အသုံးပြုနေခဲ့သည်။ ငါးဖမ်းကုန်သည်အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်ရာ နန်ပါးထျန်းရရှိနိုင်သည့် အရင်းအမြစ်များသည် ချန်ကျဲ့ထက် များစွာ ပို၍ သာလွန်ပေသည်။
ဒီအဖိုးကြီးက ရင်ဆိုင်ဖို့မလွယ်ဘူးပဲ။
ချန်ကျဲ့ တွေးတောနေစဉ် နန်ပါးထျန်းသည်လည်း ချန်ကျဲ့ကို ကြည့်နေခဲ့သည်။ နန်ပါးထျန်း၏မျက်လုံးများတွင် အံ့အားသင့်မှုတို့ ထင်ဟပ်နေခဲ့၏။
ချန်ကျိုစစ်ရဲ့ တိုးတက်နှုန်းက အရမ်းမြန်တာပဲ။
ချန်ကျိုစစ်က အသက်၁၈နှစ်ပဲရှိသေးပေမဲ့ သူ့ရဲ့လက်ဝါးသိုင်းအင်အားက ဖန်းရှစ်ကျုံး အသက်၁၈နှစ်တုန်းကထက် အများကြီးပိုသာတယ်။ ဒါက ဘယ်လို အထုံပါရမီမျိုးလဲ။
အရမ်းအင်အားကြီးမားလွန်းတယ်။ ဒီလူကို ချန်ထားလို့မဖြစ်ဘူး။ အနှေးနဲ့အမြန်သတ်ရလိမ့်မယ်။
သူ့ကို နောက်ထပ် ၁၀နှစ်လောက် အချိန်ပေးလိုက်ရင် ငါတောင် သူနဲ့ ယှဉ်နိုင်မှာ မဟုတ်လောက်တော့ဘူး။
နန်ပါးထျန်းသည် အစုအဖွဲ့အတွင်း တည်ရှိနေသည့် ဝံပုလွေအိုကြီးကဲ့သို့ ဖြစ်ပြီး ချန်ကျဲ့သည် အသစ်ဝင်ရောက်လာသည့် ဝံပုလွေငယ်တစ်ကောင်ကဲ့သို့ ဖြစ်သည်။ ဝံပုလွေအိုကြီး အသက်ကြီးရင့်လာခြင်းသည် ဝံပုလွေငယ်အတွက် အထက်သို့တက်လှမ်းနိုင်မည့် အခွင့်အရေးဖြစ်သည်။ ၎င်းတိုက်ပွဲအား ရှောင်လွှဲမရနိုင်ကြောင်းကို ချန်ကျဲ့ရော နန်ပါးထျန်းရော နှစ်ယောက်စလုံး သိထားကြပါသည်။
ကိုယ်စီအတွေးများဖြင့် ချန်ကျဲ့နှင့် နန်ပါးထျန်းတို့ အကြည့်ချင်းဆုံသွားကြသည်။
ထို့နောက် ချက်ချင်းပင် နန်ပါးထျန်းမှ ဒေါသတကြီး ပြောလာသည်။
“မင်းတို့နှစ်ယောက် ဘာလုပ်နေကြတာလဲ။ ခန်းမအရှင်သခင် ပီပီသသ မပြုမူနိုင်ကြဘူးလား။ အစည်းအဝေးလုပ်နေတုန်း တိုက်ခိုက်နေကြတယ်။ မင်းတို့ ငါ့ကို ကုန်သည်အဖွဲ့ခေါင်းဆောင်လို့ရော သတ်မှတ်ကြသေးရဲ့လား”
“မင်းတို့ကိုယ်မင်းတို့ အတောင်စုံပြီလို့ အထင်ရောက်နေကြတယ်ပေါ့လေ ဟမ်? ငါ မင်းတို့ကို ကုန်သည်အဖွဲ့ခေါင်းဆောင်နေရာကိုပါ လွှဲပေးရဦးမလား”
“ချင်းယင်”
“ဒီငယ်သား အမှားသိပါပြီ”
ထိုအခါ ချင်းယင်သည် ချက်ချင်း တောင်းပန်သည်။
ထို့နောက် နန်ပါးထျန်းသည် ချန်ကျဲ့ဘက်သို့ ခေါင်းလှည့်ကြည့်လာ၏။
“ချန်ကျိုစစ်”
“ဒီငယ်သား အမှားသိပါပြီ”
ချန်ကျဲ့လည်း ညာလက်ကို ပြန်ရုတ်သိမ်းလိုက်ပြီး အရိုအသေပြု တောင်းပန်သည်။
ချန်ကျဲ့သည် ယန်ချွမ်ကျင့်စဉ်ကို တိတ်တဆိတ် လှည့်လည်စီးဆင်းစေလိုက်ပြီး ညာလက်မှ မြူနှင်းမှုန်များကို အရည်ပျော်စေလိုက်သည်။ နန်ပါးထျန်းသည် ထိုဖြစ်စဉ်ကို တစ်ချက်ကြည့်လာခဲ့ပြီးနောက် ဘာမျှမပြောဘဲ နေရာတွင် ပြန်ထိုင်လိုက်သည်။
ချန်ကျဲ့လည်း နေရာတွင် ပြန်ထိုင်လိုက်သည်။ နန်ပါးထျန်းသည် ချင်းယင်ကို လှည့်ပြော၏။
“ပြန်သွားစမ်း”
“ဟုတ်ကဲ့”
ချင်းယင်သည် နေရာသို့ ချက်ချင်း ပြန်သွားထိုင်သည်။
နန်ပါးထျန်းမှ ပြောသည်။
“ချင်းယင် မင်းဆက်ပြော။ လွန်ခဲ့တဲ့၆လမှာ မင်းတို့လင်းယုန်ခန်းမက ဘာလို့ ဝင်ငွေလျော့ကုန်တာလဲ။ မင်း မကိုင်တွယ်ရင် ငါ ခန်းမအရှင်သခင်အသစ် ရွေးချယ်််လိုက်တော့မယ်”
“ခေါင်းဆောင် ကျွန်တော်တို့က မတရားခံရတာပါ။ လင်းယုန်ခန်းမရဲ့ ဝင်ငွေတွေ လျော့နည်းကုန်တာက အကုန် ကျားဖြူခန်းမကြောင့်ပါ”
ချင်းယင်သည် ချန်ကျဲ့ကို လက်ညှိုးထိုးလျက် ပြောဆိုသည်။ ချနကျဲ့သည် မျက်လုံးတို့မှေးကျုံ့လိုက်ပြီး ပြောသည်။
“ခင်ဗျား တိုက်ခိုက်ရတာ မဝသေးလို့လား”
နန်ပါးထျန်းမှ လည်ချောင်းရှင်းလိုက်ပြီး ပြောသည်။
“မင်းလက်ကို ချထားစမ်း။ ချင်းယင် အကြောင်းအရာကို သေချာပြော။ တကယ်ပဲ ဘာတွေဖြစ်နေတာလဲ”
ချင်းယင်သည် မတရားသဖြင့် ခံစားနေရလျက် ပြန်ထိုင်လိုက်ပြီး ပြောသည်။
“ခေါင်းဆောင် ကျားဖြူခန်းမက ကျွန်တော်တို့ကို အသက်ရှင်ဖို့ လမ်းကြောင်းတစ်ခုမှကို မချန်ထားဘူး။ ခေါင်းဆောင်သိတဲ့အတိုင်း လင်းယုန်ခန်းမက လောင်းကစားရုံတွေ၊ ပြည့်တန်ဆာအိမ်တွေနဲ့ ချေးငွေလုပ်ငန်းတွေကို အမှီပြုပြီးတော့ ရှင်သန်ရတာပါ”
နန်ပါးထျန်းသည် ဘာမျှမပြောပေ။ ချင်းယင်မှ ဆက်ပြောသည်။
“အဲဒီအထဲကမှ ချေးငွေလုပ်ငန်းက အရေးအကြီးဆုံးပါပဲ။ ဒါပေမဲ့ ချန်ကျိုစစ်က ကျွန်တော်တို့ကို ဒုက္ခရောက်အောင် လုပ်ဖို့အတွက်နဲ့ အတိုးနှုန်းနည်းနည်းနဲ့ ချေးငွေတွေ ချေးပေးခဲ့ပါတယ်။ အတိုးနှုန်းကို တစ်ရာခိုင်နှုန်းပဲ ယူတာပါ။ ခေါင်းဆောင် အဲဒီလောက်နည်းတဲ့ အတိုးနှုန်းကို ခေါင်းဆောင် ကြားဖူးပါရဲ့လား။ သူတို့က လင်းယုန်ခန်းမကို တမင်ရည်ရွယ်ပြီး လည်မျိုညှစ်သတ်နေတာပါ”
“အခု ကျွန်တော်တို့လင်းယုန်ခန်းမအပိုင် နယ်မြေထဲက လူတွေက ကျားဖြူခန်းမဆီမှာ ငွေသွားချေးကုန်ကြတယ်။ အခု ကျွန်တော်တို့မှာ ငွေတစ်ပြားတစ်ချပ်မှ မချေးရတော့ဘူး။ ငွေမချေးရဘူးဆိုရင် လောင်းကစားရုံနဲ့ ပြည့်တန်ဆာအိမ်တွေကိုပါ သက်ရောက်လာမှာပါ။ သူတို့က ကျွန်တော်တို့ကို အသက်ရှင်လမ်းမရှိအောင် လုပ်နေတာပါပဲ”
“ခေါင်းဆောင်အနေနဲ့ ဒီကိစ္စကို ကြားဝင်ပြောဆိုပေးပါ။ ခေါင်းဆောင် ကြားဝင်မပြောဆိုဘူးဆိုရင် လင်းယုန်ခန်းမက ကျားဖြူခန်းမနဲ့ တစ်ဆုံးအထိ တိုက်ခိုက်ရပါလိမ့်မယ်။ အဲဒီတိုက်ပွဲက သူသေကိုယ်သေတိုက်ပွဲဖြစ်လာမှာပါ။ ကျားဖြူခန်းမက လင်းယုန်ခန်းမကို အသက်ရှင်ဖို့လမ်းကြောင်း မပေးဘူးဆိုရင် ကျားဖြူခန်းမလည်း အသက်မရှင်နိုင်စေရဘူး”
ချင်းယင်သည် တစ်ဖန်ပြန်၍ ဒေါသတကြီး မတ်တပ်ထရပ်ပြန်သည်။
ထိုအခါ နန်ပါးထျန်းသည် တည်ငြိမ်အေးဆေးနေသည့် ချန်ကျဲ့ကို လှည့်ကြည့်လာသည်။ ချန်ကျဲ့မှ ပြောသည်။
“ခေါင်းဆောင် ချင်းယင်ရဲ့စကားတွေက လုံးဝ အဓိပ္ပာယ်မရှိပါဘူး။ ကျွန်တော်တို့ကျားဖြူခန်းမက ဌာနချုပ်ကို အမြဲ အချိန်မီ ငွေအပ်ခဲ့ပါတယ်”
“ပြီးတော့ ကျွန်တော်တို့က ခန်းမအရှင်သခင်ချင်းရဲ့ ပိုင်နက်ထဲမှာ စီးပွားရေးသွားမလုပ်ခဲ့ပါဘူး။ ကိုယ့်ရဲ့ပိုင်နက်အတွင်းမှာပဲ စီးပွားရေးလုပ်တာပါ။ အဲဒါက ဘယ်လိုလုပ်ပြီး ခန်းမအရှင်သခင်ချင်းရဲ့ လင်းယုန်ခန်းမကို ထိခိုက်အောင်လုပ်တာ ဖြစ်နိုင်မှာပါလဲ။ ကျေးဇူးပြုပြီး ကုန်သည်အဖွဲ့ခေါင်းဆောင်အနေနဲ့ သေချာစဉ်းစားဆုံးဖြတ်ပြီး ကျွန်တော့်ရဲ့အပြစ်ကင်းစင်မှုကို ရှင်းလင်းဖော်ထုတ်ပေးပါ”
ချန်ကျဲ့မှ တည်ငြိမ်စွာ ပြန်လည်တုံ့ပြန်သည်။
“မင်းလိမ်ပြောနေတာပဲ။ အတိုးနှုန်းနည်းတဲ့ ချေးငွေကို ကမ်းလှမ်းတယ်ဆိုတာက ငါတို့လင်းယုန်ခန်းမကို လည်မျိုညှစ်လိုက်တာပဲ။ မင်းရဲ့လုပ်ဆောင်ချက်တွေက ငါ့ကို ပစ်မှတ်ထားနေတာ။ ခေါင်းဆောင် ကျေးဇူးပြုပြီး ကျွန်တော့်ဘက်က ရပ်တည်ပေးရပါမယ်”
“ဟက် ကျုပ်က ကျုပ်နယ်မြေမှာ ချေးမယ့် ချေးငွေရဲ့ အတိုးနှုန်းကို ကျုပ်စိတ်တိုင်းကျ သတ်မှတ်တာလေ။ အဲဒါက ခင်ဗျားနဲ့ ဘာဆိုင်သွားလို့တုန်း?”
“ချန်ကျိုစစ် မင်း လူကို အရမ်းတွန်းအားမပေးနဲ့။ အရင်က ငါ့ဆီမှာ ငွေချေးခဲ့တဲ့လူတွေက အခု မင်းဆီမှာ အကုန်လုံး ငွေချေးနေကြပြီ။ ငါက အခု ဘယ်သူ့ကို ငွေသွားချေးရမှာလဲ”
“အာ ညီနောင်ချင်းယင်၊ အဲဒါက ဘယ်လိုစကားပြောလိုက်တာပါလဲ? ခင်ဗျားရဲ့လူတွေ ကျုပ်ဆီ ငွေလာချေးတာက ကျုပ်အမှားလား? ခင်ဗျား မကျေနပ်ရင် ခင်ဗျားလည်း အတိုးနှုန်း တစ်ရာခိုင်နှုန်းပဲ ယူပြီး ငွေချေးလိုက်ပါလား”