← Chapters

ကြီးမြတ်သောဇူအင်ပါယာ

Vol. 48 Ch. 668

ကြီးမြတ်သောဇူအင်ပါယာ

Vol. 48 Ch. 668

ကြီးမြတ်သောဇူအင်ပါယာရှိ နန်းတော်ကြီး၏ မြင့်မြတ်သောခန်းမဆောင်၌

ဇူချင်မှာ ပုလ္လင်ပေါ်တွင် ထိုင်နေလျက်ရှိပြီး အကြီးအကဲများ၊ အမတ်များနှင့် စစ်ဗိုလ်ချုပ်များမှာ အောက်တွင်ရပ်နေလျက်ရှိသည်။ လက်ရှိအချိန်တွင် ပတ်ဝန်းကျင် အခြေအနေမှာ အတန်ငယ် တင်းမာနေသကဲ့သို့ ဖြစ်နေပေသည်။

ထိုသို့အခြေအနေများ တင်းမာနေရသည်မှာ လက်ခံရရှိခဲ့သော သတင်းအချက်အလက်တစ်ခုကြောင့် ဖြစ်သည်။ သတင်းအချက်အလက်အရ ဝူအင်ပါယာအတွင်း စစ်ရေးလှုပ်ရှားမှုများစွာ ရှိနေပြီဖြစ်ပြီး များပြားလှသော စစ်ကြောင်းများမှာလည်း ကြီးမြတ်သောဇူအင်ပါယာ၏ နယ်စပ်ဆီသို့ ရောက်ရှိတော့မည်ဖြစ်ကြောင်း သိရှိရသည်။

လွန်ခဲ့သော တစ်နှစ်ကျော်အတွင်း ဝူအင်ပါယာမှာ နယ်မြေချဲ့ထွင်ခြင်းကို ရပ်တန့်ထားခဲ့ပြီး ကြီးမြတ်သောဇူအင်ပါယာ၏ နယ်စပ်ဒေသကိုသာ အာရုံစိုက်နေခဲ့သည်။ ဤအချိန်တောအတွင်း များစွာသော ပဋိပက္ခများကိုလည်း ဝူအင်ပါယာဘက်မှ ဖန်တီးနေခဲ့၏။

ဝူအင်ပါယာသည် ကြီးမြတ်သောဇူအင်ပါယာအား တိုက်ခိုက်ချင်နေခြင်းဖြစ်ကြောင်း ကန်းမင်တိုက်ကြီးတစ်ခုလုံးမှ ရိပ်စားနေမိခဲ့ကြသည်။

နှစ်နှစ်နီးပါးမျှ အချိန်ယူပြီးသည့်နောက်တွင် ဝူအင်ပါယာသည် ၎င်းတို့၏ ရည်ရွယ်ချက်အား အကောင်အထည်ဖော်တော့မည့်ဟန် ရှိသည်။

ခန်းမဆောင်အတွင်း ဇူချင်အပါအဝင် ရှိနေကြသူများ၏ အမူအရာမှာ လေးနက်ခက်ထန်မှုများဖြင့် ပြည့်နှက်နေလျက် ရှိသည်။ လွန်ခဲ့သော နှစ်များအတွင်း ကြီးမြတ်သောဇူအင်ပါယာ၏အင်အားမှာ တိုးတက်လာသည်ဟု ဆိုနိုင်ပါသော်လည်း ဝူအင်ပါယာနှင့် နှိုင်းယှဉ်နိုင်ခြင်း မရှိသေးပေ။

အရေးကြီးဆုံးအချက်မှာ ဝူဘုရင်သည် နတ်ဘုံခန်းဝါအဆင့်၏ အထွတ်အထိပ်အဆင့်သို့ပင် ရောက်ရှိနေသူတစ်ဦး ဖြစ်နေခြင်းဖြစ်သည်။

တိုက်ပွဲမြေပြင်၌ နတ်ဘုံခန်းဝါအဆင့်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေသူတစ်ဦးသည် အလွန်ကြောက်မက်ဖွယ်ကောင်းလိမ့်မည်မှာ မုချမလွဲပင် ဖြစ်သည်။

ဇူချင်မှာ စွမ်းအားများ ပြန်လည်ရရှိနေပြီ ဖြစ်ပါသော်လည်း မူလစဦး အဋ္ဌမအဆင့်သာ ရှိသေးသောကြောင့် ဝူဘုရင်နှင့် များစွာကွာဟနေဆဲပင် ဖြစ်သည်။

ဇူချင်မှာ စိတ်နှလုံးများ အလွန်ပင် လေးလံနေရပါသော်လည်း တည်ငြိမ်သော အမူအရာနှင့်သာ ရှိနေသည်။ သူသည် အောက်တွင်ရှိနေသော အဆင့်မြင့် စစ်ဘက်ဆိုင်ရာ အကြီးအကဲများအား ကြည့်ရှုလိုက်သည်။ အရှေ့ဆုံးတွင် ရှိနေသူမှာ လွန်ခဲ့သော နှစ်များအတွင်း မူလစဦး သတ္တမအဆင့်သို့ တက်လှမ်းနိုင်ခဲ့သော ဗိုလ်ချုပ်ကြီးဝေကန်းလန်ဖြစ်သည်။

"ဗိုလ်ချုပ်ကြီး....ဝူအင်ပါယာက တိုက်ခိုက်ချင်လာပြီဆိုမှတော့ ကျွန်တော်တို့အနေနဲလည်း ခုခံမှရမယ်။" ဇူချင်မှ ဝေကန်းလန်အားကြည့်ကာ ပြောလိုက်သည်။

ဝေကန်းလန်မှ ဇူချင်အားအရိုအသေပြုကာ လေးနက်သောအမူအရာဖြင့် ပြောလိုက်သည်။ "အရှင်မင်းကြီးရဲ့ လက်အောက်ငယ်သားကျွန်တော်က အချိန်မရွေး နယ်စပ်ကိုသွားပြီး တိုက်ခိုက်ဖို့ အသင့်ရှိနေပါတယ်။"

ထိုသို့စကားဆိုလိုက်ပါသော်လည်း ဝေကန်းလန်၏ မျက်ဝန်းများမှာ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေလျက် ရှိသည်။ ဝူအင်ပါယာမှာ အလွန်ပင် အင်အားတောင့်တင်းလွန်းလှသည်။ ဤနှစ်များအတွင်း ကြီးမြတ်သောဇူအင်ပါယာမှာ တိုးတက်လာသည်ဟု ဆိုနိုင်ပါသော်လည်း ဝူအင်ပါယာအား အနိုင်တိုက်နိုင်ရန် မည်သို့မျှ မဖြစ်နိုင်သေးပေ။

ဝေကန်းလန်မှာ သူ၏နောက်တွင်ရှိနေသော အရပ်ရှည်ရှည် ပိန်ပိန်သွယ်သွယ်နှင့် မိန်းမငယ်လေးတစ်ဦးအား ကြည့်ရှုလိုက်သည်။ သူမသည် ဝေချင်းချင်းပင် ဖြစ်သည်။

ဝေချင်းချင်းမှာ ဝေကန်းလန်၏ စိုးရိမ်ပူပန်နေသော မျက်ဝန်းများအား မြင်တွေ့လိုက်ရပြီးနောက် ညင်သာစွာ သက်ပြင်းချလိုက်သည်။

"အရှင်မင်းကြီး....ဝူအင်ပါယာက အရမ်းအင်အားကြီးလွန်းတယ်။ ဒီတိုင်းတိုက်ခိုက်မယ်ဆိုရင် ဘယ်လိုမှ ကျွန်တော်တို့ ဖြစ်နိုင်မယ်မထင်ဘူး။" ထိုအချိန်၌ပင် ခန်းမဆောင်အတွင်း အသံတစ်ခုအား ကြားလိုက်ရသည်။ ဝေကန်းလန်မှ လှည့်ကြည့်လိုက်သောအခါတွင် ထိုစကားအား ဆိုလိုက်သူမှာ အနက်ရောင် အဝတ်အစားများ ဆင်မြန်းထားသော အဆိပ်ဘုရင် ဖြစ်နေသည်။

အဆိပ်ဘုရင်မှာလည်း ဝူဘုရင်၏ လုပ်ရပ်များနှင့်ပက်သတ်၍ အနည်းငယ် ခံပြင်းနေရဟန် ရှိသည်။ အတိတ်ကာလ၌ ဇူယွမ်သည် သူ့အား ဖမ်းဆီးချုပ်နှောင်ခဲ့ပြီးနောက် စိတ်ဝိဉာဉ်စာချုပ်အား ပြုလုပ်ကာ ထိန်းချုပ်ထားခဲ့သည်။ သို့သော် လွန်ခဲ့သော နှစ်များအတွင်း အဆိပ်ဘုရင်မှာ ကြီးမြတ်သောဇူအင်ပါယာ၌ သက်တောင့်သက်သာပင် နေထိုင်နိုင်ခဲ့၏။ အကယ်၍ ဝူအင်ပါယာကသာ ကြီးမြတ်သောဇူအင်ပါယာအား တိုက်ခိုက်လာခဲ့ပါက သူ၏ပျော်ရွှင်ဖွယ်နေ့ရက်များမှာ အဆုံးသတ်သွားရတော့မည်ပင် ဖြစ်သည်။

အဆိပ်ဘုရင်မှာ ဝူအင်ပါယာ၏ အင်အားကိုလည်း ကောင်းစွာနားလည်သိရှိထားပြီး ဖြစ်သည်။ နတ်ဘုံခန်းဝါ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိထားသော ဝူဘုရင် တစ်ဦးတည်းဖြင့်ပင် တိုက်ပွဲအခြေအနေမှာ များစွာပြောင်းလဲသွားနိုင်ပေသည်။

ဇူချင်မှ အဆိပ်ဘုရင်အားကြည့်ကာ တည်ငြိမ်စွာဖြင့် မေးမြန်းလိုက်သည်။ "အဲ့တော့ ငါတို့ဇူအင်ပါယာက လက်နက်ချ အညံ့ခံရမယ်လို့ ဆိုလိုချင်တာလား။"

အဆိပ်ဘုရင်မှာ အားတုံ့အားနာဖြစ်စွာ ပြုံးပြလိုက်သည်။ ဝူဘုရင်နှင့် ဇူဘုရင်တို့အကြားရှိ ရန်ငြိုးများကိုလည်း အဆိပ်ဘုရင်မှ ကောင်းစွာသိရှိထားပြီး ဖြစ်သည်။ ၎င်းတို့အား ညှိနှိုင်းပေးရန်မှာ ဖြစ်နိုင်မည်မဟုတ်သောကြောင့် သူသည် ခါးသက်စွာဖြင့်သာ သက်ပြင်းချလိုက်မိသည်။

အဆိပ်ဘုရင်မှာ မည်သည့်စကားမှ ထပ်မံပြောဆိုခြင်း မရှိပါသော်လည်း စိတ်ဓာတ်ကျချင်စဖွယ်ကောင်းသော သူ၏အမူအရာကြောင့် ခန်းမဆောင်အတွင်း ရှိနေသော အခြားသူများမှာလည်း စိတ်ဓာတ်များ ကျဆင်းလာရတော့သည်။

ဇူချင်မှာလည်း ထိုမြင်ကွင်းအားကြည့်ကာ နှလုံးသားအတွင်း စွမ်းအင်မဲ့နေသကဲ့သို့ ခံစားနေမိ၏။ သူသည် လွန်ခဲ့သော နှစ်များအတွင်း ကြီးမြတ်သောဇူအင်ပါယာ၏ အင်အားကို တက်နိုင်သမျှ တိုးမြှင့်နိုင်ရန် ကြိုးစားခဲ့သည်။ ဂိုလမ်ဂိုဏ်း၏ ရှေးဟောင်းနယ်မြေအတွင်းမှ တိုက်ပွဲဂိုလမ်များကိုလည်း ကြီးမြတ်သောဇူအင်ပါယာ၏ ဝှက်ဖဲတစ်ခုအနေဖြင့် အသုံးပြုနိုင်ရန် ​ပြုလုပ်ထားခဲ့သည်။ သို့သော် ထိုဂိုလမ်များသည် နတ်ဘုံခန်းဝါ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သော ဝူဘုရင်အား တားဆီးနိုင်မည်လား မသေချာပါချေ။

"သတင်းပို့ပါတယ်။"

ထိုအချိန်မှာပင် သတင်းပို့သူတစ်ဦး ရောက်ရှိလာသည်။

စစ်သားတစ်ဦးသည် ခန်းမဆောင်အတွင်းသို့ အလျင်အမြန် ပြေးဝင်လာကာ ဒူးထောက်ထိုင်ချလိုက်ပြီးနောက် ရရှိလာသောသတင်းအား တင်ပြလိုက်သည်။ "အရှင်မင်းကြီး ရှန်ဇူတိုက်ကြီးကနေ သတင်းစကားတချို့ ရရှိခဲ့ပါတယ်။"

"ရှန်ဇူတိုက်ကြီးဟုတ်လား..." ဇူချင်မှာ အနည်းငယ် အံ့အားသင့်သွားရသည်။ ရှန်ဇူတိုက်ကြီးသည် ကန်းမင်တိုက်ကြီးနှင့် အလွန်ဝေးကွာသော အရပ်တွင်ရှိပြီး ကန်ရွှမ်းကောင်းကင်ဒေသမှာလည်း ရှန်ဇူတိုက်ကြီး၏ အလယ်ဗဟိုတွင် တည်ရှိနေခြင်း ဖြစ်သည်။

ရှန်ဇူတိုက်ကြီးနှင့် ကန်းမင်တိုက်ကြီးတို့သည် အလွန်ပင် ဝေးလံခေါင်ဖျားသောကြောင့် ဇူချင်မှာ ကန်ရွှမ်းကလန်သို့ ဇူယွမ်မရောက်ရှိခင် အချိန်အထိ ရှန်ဇူတိုက်အကြောင်းအား အနည်းငယ်မျှပင် စိတ်ဝင်စားခြင်း မရှိခဲ့ပေ။ ကန်ရွှမ်းကလန်သို့ဇူယွမ် ရောက်ရှိသွားပြီးနောက် ဇူချင်မှာ ရှန်ဇူတိုက်ကြီးထံမှ အချက်အလက်များ ရရှိနိုင်ရန် ငွေစများပင် အသုံးပြုခဲ့သည်။

ဇူချင်မှာ ထိုစစ်သားအားကြည့်၍ အလျင်အမြန် မေးမြန်းလိုက်သည်။ "ယွမ်အာရဲ့ သတင်းအကြောင်းလား။"

ဇူချင်မှာ အလွန်ပင် စိတ်လှုပ်ရှားနေမိသည်။ ကန်ရွှမ်းကလန်သို့ ဇူယွမ်ရောက်ရှိနေခဲ့သည်မှာ နှစ်နှစ်နီးပါးမျှပင် ရှိနေပြီဖြစ်ပြီး ဤအချိန်တောအတွင်း ဇူယွမ်၏ သတင်းအချက်အလက်များ မကြားခဲ့ရသည်မှာ အတော်ပင် ကြာမြင့်နေပြီ ဖြစ်သည်။

ငါ့ရဲ့သားတော်လေး အဆင်ပြေရဲ့လားဆိုတာ သိချင်မိတယ်...

ကန်ရွှမ်းကလန်မှာ အရည်အချင်းရှိတဲ့သူတွေက ကောင်းကင်ပေါ်မှာရှိတဲ့ တိမ်စိုင်တွေလိုပဲ အရမ်းကို များလွန်းတယ်လို့ ကြားဖူးတယ်....

ယွမ်အာလေး အဲ့မှာအဆင်ပြေပါ့မလား...

"ငါ့ကိုပြန်ပြောဦး။"

"အရှင်မင်းကြီး...ကျွန်တော်တို့ ရထားတဲ့ သတင်းအချက်အလက်က မင်းသားလေးအကြောင်း ဟုတ်ပါတယ်။" ထိုစစ်သားမှ ဇူချင်အားကြည့်ကာ ပြောလိုက်သည်။

ခန်းမဆောင်အတွင်း ရှိနေသူများမှာလည်း အလွန်ပင် အံ့အားသင့်သွားကြရသည်။

ဝေကန်းလန်နှင့် ဝေချင်းချင်းတို့မှာ အံ့သြတကြီးဖြင့် တစ်ဦးကိုတစ်ဦး ကြည့်ရှုလိုက်မိကြသည်။ ကန်ရွှမ်းကလန်သို့ ဇူယွမ်ရောက်ရှိနေခဲ့သည်မှာ နှစ်နှစ်နီးပါးမျှ ရှိနေပြီဖြစ်ပါသော်လည်း ဤအချိန်ကာလများအတွင်း မည်သည့်သတင်းစကားမှ မကြားခဲ့ရသည်မှာ အတော်ပင် ကြာမြင့်နေပြီ ဖြစ်သည်။ ထို့ကြောင့် ယခုကဲ့သို့ မင်းသားလေးဇူယွမ်အကြောင်းအား ရုတ်တရက် သတင်းစကား ကြားရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။

ဝေကန်းလန်မှ တွေးတောလိုက်သည်။

မင်းသားလေးဇူယွမ်က ထူးချွန်တယ်ဆိုပေမယ့် ကန်ရွှမ်းကလန်ဆိုတာ နေရာအသီးသီးက အရည်အချင်းရှိတဲ့သူတွေနဲ့ ပြည့်နှက်နေတဲ့ အင်အားကြီးကလန်ကြီးတစ်ခုပဲ.....

မင်းသားလေး အဲ့နေရာမှာ ဘယ်လိုရှိနေမလဲဆိုတာ သိချင်မိတယ်။ အရင်ကန်းမင်တိုက်ကြီးမှာတုန်းကလိုမျိုး အသိအမှတ်ပြုဖို့ကောင်းတဲ့သူတစ်ယောက် ဖြစ်နေတုန်းပဲလား....

ဝေကန်းလန်မှာ အတွေးစများအား လျင်မြန်စွာ ဖြတ်တောက်ပစ်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ကန်းမင်တိုက်ကြီးသည် အလွန်ပင် သေးငယ်လွန်းလှသည်။ မင်းသားလေးဇူယွမ်သည် ဤသို့သေးငယ်သော ကန်းမင်တိုက်ကြီးအတွင်း ထူးချွန်ထက်မြက်သူတစ်ယောက် ဖြစ်နိုင်ပါသော်လည်း ကန်ရွှမ်းကောင်းကင်ဒေသတစ်ခုလုံး၏ အင်အားကြီးကလန်ကြီး ခြောက်ခုတွင် အပါအဝင်ဖြစ်သည့် ကန်ရွှမ်းကလန်ကဲ့သို့သော နေရာမျိုးတွင် ကျော်ကြားသူတစ်ဦးဖြစ်ရန် မလွယ်ကူပေ။

အဆိပ်ဘုရင်မှာ 'မင်းသားလေး'ဟူသော စကားလုံးအား ကြားလိုက်ရသောအခါ၌ နှုတ်ခမ်းအစုံ ရှုံ့မဲ့သွားရသည်။ ဇူယွမ်ကြောင့်သာ မဟုတ်ပါက သူသည် ယခုအချိန်ထိတိုင်အောင် အဆိပ်ရေအိုင်အတွင်း လွတ်လပ်စွာ ရှင်သန်နေထိုင်နိုင်ဦးပင် ဖြစ်သည်။

"သူ့ဆီက ဘာသတင်းမှ မကြားရတာတောင် တော်တော်ကြာနေပြီ။ အခုကန်ရွှမ်းကလန်မှာ သူအဆင်ပြေပြေ မနေနိုင်လောက်ဘူးထင်တယ်...ဟုတ်တယ်မလား။" အဆိပ်ဘုရင်မှာ စိတ်ဝိဉာဉ်စာချုပ်အား ပြုလုပ်ခဲ့ရခြင်းအတွက် ဇူယွမ်အား အငြိုးအတေးထားနေဆဲပင် ဖြစ်သည်။

သတင်းစကား ယူဆောင်လာသောစစ်သားမှ စိတ်လှုပ်ရှားနေသော အမူအရာဖြင့် စကားဆိုလိုက်သည်။ "အရှင်မင်းကြီး...ရှန်ဇူတိုက်ကြီးထဲက ကန်ရွှမ်းကောင်းကင်ဒေသမှာ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာလို့ခေါ်တဲ့ ဆန်းကြယ်တဲ့နေရာတစ်ခုရှိတယ်တဲ့။ အဲ့ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ ပွင့်ဟလာတဲ့အခါတိုင်း ကန်ရွှမ်းကလန်၊ မြင့်မြတ်သောနန်းတော်နဲ့ ကန်ရွှမ်းကောင်းကင်ဒေသထဲမှာရှိတဲ့ ကလန်တွေအားလုံးက ထူးချွန်တဲ့ တပည့်တွေက အဲ့ထဲကို သွားရောက်ကြတယ်လို့ သိရတယ်။"

"ဒီတစ်ခေါက် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာထဲမှာ မင်းသားလေးဇူယွမ်က မြင့်မြတ်သောနန်းတော်က ရွေးချယ်ခံ သုံးယောက်ကို သတ်နိုင်ခဲ့လို့ ရှန်ဇူတိုက်ကြီးတစ်ခုလုံးကို ထိတ်လန့်သွားစေခဲ့တယ်တဲ့။"

"အဲ့ဒါကြောင့် ကန်ရွှမ်းကလန်ကို ပြန်ရောက်တဲ့အချိန်မှာ ကလန်ခေါင်းဆောင်က မင်းသားလေးကို ကလန်ရဲ့ ဒုတိယမြောက် ရွေးချယ်ခံအဖြစ် ဂုဏ်ပြုချီးမြှောက်လိုက်တယ်လို့ သိရပါတယ်။"

စစ်သားလေး၏ သတင်းစကားများကြောင့် ခန်းမဆောင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားရသည်။

ဇူချင်သည်ပင် အံ့အားသင့်လွန်းလှသဖြင့် စိတ်အားမထိန်းချုပ်နိုင်ပဲ ပါးစပ်အဟောင်းသား ဖြစ်နေရသည်။ ကန်းမင်တိုက်ကြီးသည် ရှန်ဇူတိုက်ကြီးနှင့် အလွန်ပင် ဝေးကွာလှပါသော်လည်း ဇူချင်မှာ ရွေးချယ်ခံဟုခေါ်ဆိုသော အလွန်ထူးချွန်ထက်မြတ်သည့် ကျင့်ကြံသူများအကြောင်း မကြာခဏ ကြားသိခဲ့ရဖူးသည်။

ရွေးချယ်ခံတစ်ဦးသည် အနိမ့်ဆုံးအနေဖြင့် မူလစဦး နဝမအဆင့်သို့ တက်လှမ်းပြီးကြသူများ ဖြစ်သည်။

ထို့အပြင် ရွေးချယ်ခံဖြစ်သူများ၏ ချီစွမ်းအင်အခြေခံအုတ်မြစ်မှာလည်း သာမန်သူများ စိတ်ကူးကြည့်နိုင်သည်ထက် အဆပေါင်းများစွာ သာလွန်လှသည် ဖြစ်သည်။

ဇူယွမ်မှာ မူလစဦး နဝမအဆင့်ရှိသည့် ရွေးချယ်ခံသုံးဦးအား သတ်ဖြတ်ကာ ကန်ရွှမ်းကလန်၏ ဒုတိယမြောက် ရွေးချယ်ခံနေရာအား ရရှိနိုင်ခဲ့ခြင်းပင် ဖြစ်သည်။

ဝေချင်းချင်း၏ လှပရွှန်းစိုသော မျက်ဝန်းလေးများမှာ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေပြီး ဝေကန်းလန်မှာလည်း အလွန်ပင် အံ့အားသင့်နေရသည်။

မင်းသားလေးက ကန်ရွှမ်းကလန်ရဲ့ ရွေးချယ်ခံတစ်ယောက် ဖြစ်သွားပြီလား။ အဲ့လိုဆိုရင် သူ့အဆင့်က မူလစဦး နဝမအဆင့်လောက် ရှိနေပြီလို့ ဆိုလိုချင်တာပေါ့....

ဇူယွမ်က ကြီးမြတ်သောဇူအင်ပါယာက ထွက်သွားတုန်းက ကောင်းကင်တံခါးအဆင့်ပဲ ရှိသေးတာ မဟုတ်ဘူးလား....

အဆိပ်ဘုရင်မှာလည်း အလွန်အံ့အားသင့်ကာ စိတ်မထိန်းနိုင်ဖြစ်ပြီး ပါးစပ်အပြည့် သွားရည်များပင် ကျလာရတော့သည်။

​ခန်းမဆောင်အတွင်း ရှိနေကြသော အကြီးအကဲများမှာလည်း အချိန်တစ်ခုကြာအောင် အံ့အားသင့်နေမိပြီးနောက် ဇူချင်အား တစ်ဦးပြီးတစ်ဦး ဂုဏ်ပြုလိုက်ကြသည်။

"ဟားဟား...." ဇူချင်မှာ ပျော်ရွှင်ဝမ်းမြောက်လွန်းလှသဖြင့် ရယ်မောလိုက်မိသည်။ အစောပိုင်းတွင် ဝူအင်ပါယာကြောင့် စိတ်ညစ်ညူးနေရပါသော်လည်း ယခုအခါတွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေရပြီပင် ဖြစ်သည်။ ဇူချင်မှ စိတ်လှုပ်ရှားစွာဖြင့် ​ပြောလိုက်သည်။ "ငါတို့ဇူမိသားစုရဲ့ မြင့်မြတ်တဲ့နဂါးက ဘယ်သူ့ကိုမှ ကြောက်ရွံ့နေမှာမဟုတ်ဘူး။"

"ဗိုလ်ချုပ်ကြီး...သတင်းဖြန့်လိုက်။ ငါတို့ရဲ့ ကြီးမြတ်သောဇူအင်ပါယာက ဘယ်လောက်ပဲ စွန့်စားရပါစေ ဝူအင်ပါယာကို အဆုံးထိ တိုက်ခိုက်သွားမယ်လို့။"

ဝေကန်းလန်မှာ အမိန့်အားလက်ခံကာ ဇူချင်အား အရိုအသေပြုလိုက်ပြီးနောက် ဝေချင်းချင်းနှင့်အတူ ခန်းမဆောင်အတွင်းမှ ထွက်ခွာသွားသည်။ ၎င်းတို့မှာ စိတ်ဓာတ်ခွန်အားများ တက်ကြွနေဟန်ရှိပြီး ခြေလှမ်းများမှာလည်း တည်ငြိမ်နေလျက် ရှိ၏။

ကြီးမြတ်သောဇူအင်ပါယာအနေဖြင့် ဝူအင်ပါယာအား အစွမ်းကုန် တောင့်ခံထားရန်လိုအပ်ကြောင်း ဝေကန်းလန်မှ ကောင်းစွာနားလည်သွားသောကြောင့် ဖြစ်သည်။

အဘယ့်​ကြောင့်ဆိုသော် မင်းသားလေးဇူယွမ်အတွက် အချိန်အနည်းငယ် လိုအပ်နေသေးသဖြင့် ကြီးမြတ်သောဇူအင်ပါယာမှ ဝူအင်ပါယာအား အချိန်ဆွဲထားရမည်ဖြစ်သောကြောင့်ပင် ဖြစ်သည်။

ဇူယွမ်မှာ နတ်ဘုံခန်းဝါအဆင့်နှင့် အလွန်နီးကပ်နေပြီပင် ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့မှသာ အချိန်ဆွဲထားပေးနိုင်ပါက ကြီးမြတ်သောဇူအင်ပါယာအနေဖြင့် ဝူအင်ပါယာအား အနိုင်ရရှိရန် မျှော်လင့်ချက်ရှိလာပြီ ဖြစ်သည်။

ဇူယွမ်၏သတင်းမှာ ​မျှော်လင့်ချက်ကင်းမဲ့နေသော ဇူအင်ပါယာအတွက် အလင်းတန်းတစ်ခုပင် ဖြစ်သည်။

ဇူချင်မှာ ထွက်ခွာသွားသော ဝေကန်းလန်၏ ကျောပြင်အား တစ်ချက်မျှ ကြည့်ရှုလိုက်ပြီးနောက် အဝေးသို့ငေးမောကာ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။

ယွမ်အာ...စိတ်မပူပဲနဲ့ ကန်ရွှမ်းကလန်မှာ ကောင်းကောင်းလေ့ကျင့်နေပါ...

ဒီအဖေက မင်းအတွက် တက်နိုင်သမျှ အချိန်ဆွဲထားပေးမယ်....

ယွမ်အာလေး အဆင့်တက်မယ့်နေ့ကို အဖေစောင့်နေပေးမယ်....

ကြီးမြတ်သောဇူအင်ပါယာကြီးတစ်ခုလုံးလည်း အဲ့နေ့ကို စောင့်နေမှာ အသေအချာပဲ....

All Chapters