အခြေတည်အဆင့် ကျင့်ကြံခဲ့သော နှစ်(၃၀)ကာလ၊ အမြုတေဖွဲ့စည်းခြင်း နယ်ပယ်သို့ တက်လှမ်းခြင်း(၃)။
Vol. 23 Ch. 273
လေးနှစ် ကြာပြီးနောက်...။
ဆိုလိုသည်မှာ ကျိုးစွေ့ အသက် ၅၄ နှစ် ရှိပြီး၊ သူ အခြေတည်အဆင့် စတင်ခဲ့သည်မှာ နှစ်၃၀ ရှိပြီ ဖြစ်သည်။
ဤအခိုက်အတန့်တွင် သူသည် ရုတ်တရက် စေ့ဆော်မှုတစ်ခု ရလိုက်ပြီး၊ သူ၏ အမြုတေ ဖွဲ့စည်းခြင်းအတွက် အချိန်ကျရောက်ပြီ ဖြစ်ကြောင်း အာရုံခံလိုက်မိသည်။
ထို့ကြောင့် သူ၏ လက်တွဲဖော်များကို ညွှန်ကြားချက်များ ပေးပြီးနောက်၊ သူ၏ လိုဏ်ဂူနေအိမ်သို့ ဝင်ရောက်ကာ တံခါးပိတ် အမြုတေ ဖွဲ့စည်းခြင်း ကို စတင်လိုက်သည်။
အစီအရင်နှင့် ပတ်ဝန်းကျင်ကို စောင့်ကြပ်နေသော သူ၏ လက်တွဲဖော်များ ရှိနေသဖြင့်၊ သူ၏ အမြုတေ ဖွဲ့စည်းခြင်းကို လာရောက် နှောက်ယှက်ခံရမည်ကို စိုးရိမ်စရာမလိုချေ။
"ငါ့ရဲ့ ဒန်တျန် ချီပင်လယ်ထဲက မှော်စွမ်းအားက အခု ၉၉ရာခိုင်နှုန်းအထိ ခဲနေပြီ…"
ကျိုးစွေ့သည် ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်ပြီး၊ နတ်ဘုရားအာရုံဖြင့် သူ၏ ဒန်တျန် ချီပင်လယ်အတွင်းရှိ အခြေအနေများကို အာရုံခံလိုက်သည်။
လေးနှစ်တာ ပြင်းထန်စွာ ကျင့်ကြံပြီးနောက်၊ ဒန်တျန် ချီပင်လယ်၏ မှော်စွမ်းအား ပျစ်ခဲသွားမှုသည် ၉၉ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့ပြီး၊ ၎င်းသည် အခြေခံအားဖြင့် ကန့်သတ်ချက် ဖြစ်ကာ၊ ထပ်မံ တိုးတက်ရန် မဖြစ်နိုင်တော့ပေ။
ထပ်မံ၍ တိုးတက်ပါက၊ အမြုတေ ဖွဲ့စည်းခြင်း စတင်တော့မည် ဖြစ်သည်။
ဤသည်မှာ ထူးကဲသော မြင်ကွင်းတစ်ခု ဖြစ်နေပြီ ဖြစ်၏။
သာမန် အခြေတည်အဆင့် ပြီးပြည့်စုံမှု ကျင့်ကြံသူများသည် အမြုတေ ဖွဲ့စည်းခြင်း စိတ်ဝိညာဉ်ဆေးဝါးများကို စားသုံးလျှင်ပင်၊ သူတို့၏ မှော်စွမ်းအားသည် အစပိုင်းတွင် ၃၀ ရာခိုင်နှုန်းခန့်သာ ခဲသွားလေ့ ရှိသည်။
သို့သော် ယခု၊ မည်သည့် အမြုတေ ဖွဲ့စည်းခြင်း စိတ်ဝိညာဉ်ဆေးဝါးမျှ မပါဘဲ၊ သူသည် ၉၉ရာခိုင်းနှုန်းကို အံ့ဩဖွယ်ရာ ကျော်လွန်သွားခဲ့သည်။
ဤသည်မှာ အမြုတေ ဖွဲ့စည်းခြင်း၏ ကန့်သတ်ချက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ရိုးရှင်းစွာပင် သူထိန်းချုပ်၍ မရတော့ဟု ဆိုရပေမည်။
တာတမံကို ကျိုးပျက်စေသည့် ရေကြီးသည့် အချိန်ကဲ့သို့ပင်၊ မည်သို့သော အစီအမံများလုပ်သည် ဖြစ်စေ၊ အရာအားလုံး အချည်းနှီးသာ ဖြစ်သည်။
"အခြေတည်အဆင့် အနှစ်(၃၀)… နောက်ဆုံးတော့ အမြုတေ ဖွဲ့စည်းခြင်းအတွက် အချိန်ရောက်ပြီ…"
"စလိုက်ကြစို့.."
ကျိုးစွေ့၏ မျက်လုံးများတွင် ကြောက်မက်ဖွယ် ရောင်ခြည်များ လက်သွားသည်။
သူ့တွင် ရွှေရည်ကျောက်စိမ်း ပြန်လည်ရှင်သန်ရေးဆေးလုံး ကဲ့သို့သော တတိယအဆင့် ဆေးလုံး ရှိသော်လည်း၊ ကိုယ်ပိုင် အမြုတေ ဖွဲ့စည်းခြင်းအတွက် သူ့၌ လုံလောက်သော ယုံကြည်မှု ရှိသည်။
ဤယုံကြည်မှုသည် အခြေအမြစ် မရှိဘဲ ဖြစ်ပေါ်လာခြင်း မဟုတ်ပေ။
၎င်းသည် သူ၏ အစွမ်းထက်သော ကျင့်ကြံမှု အခြေခံအုတ်မြစ်နှင့် သူ၏ ကြီးမားသန့်စင်သော မှော်စွမ်းအားတို့မှ လာခြင်း ဖြစ်သည်။
ဟူးလား…။
တစ်ခဏချင်းမှာပင် ကျိုးစွေ့သည် ကူနတ်ဘုရားကျင့်စဉ်ကို အသက်သွင်းလိုက်ပြီး၊ သူ့ခန္ဓာကိုယ်ကို ဗဟိုပြုလျက် ကြီးမားသော ဝဲဂယက်တစ်ခု ဖွဲ့စည်းလိုက်သည်။ ပတ်ဝန်းကျင်ရှိ သဘာဝဝိညာဉ်စွမ်းအင် များသည် ဒီရေကဲ့သို့ သူ့ထံ လှိမ့်ဝင်လာသည်။
လက်ရှိ အင်မော်တယ်ရှားဂိုဏ်း၏ ဝိညာဉ်ကြောသည် တတိယအဆင့် ထိပ်တန်းသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိထားသင့်သည်။ ရွှေအမြုတေ နှောင်းပိုင်း ကျင့်ကြံသူများအတွက်ပင်၊ ထိုကဲ့သို့သော ဝိညာဉ်ကြောသည် လုံလောက်သည်ထက်ပင် ပိုသေးသည်။
သာမန် အမြုတေ ဖွဲ့စည်းခြင်းကို ကိုင်တွယ်ဖြေရှင်းခြင်း ဆိုသည်မှာ ထည့်ပြောစရာပင် မလိုတော့ပေ။
အခြေတည်အဆင့် ကျင့်ကြံသူများအတွက်၊ ဤသည်မှာ အလွန်အမင်း ဇိမ်ကျသော ကျင့်ကြံခြင်း လိုဏ်ဂူနေအိမ် တစ်ခု ဖြစ်သည်။
"ပထမ အတားအဆီးက မှော်စွမ်းအား အတားအဆီးပဲ.."
"ဒီ အတားအဆီးမှာ အရေးအကြီးဆုံးက မှော်စွမ်းအား ပျစ်ခဲမှုလို့ ပြောလို့ရတယ်.."
"မှော်စွမ်းအား အလွန် သန့်စင်မှသာ မှော်စွမ်းအား ပျစ်ခဲမှုကို အလိုအလျောက် လုပ်ပေးလိမ့်မယ်…"
"ငါ ဒီ အတားအဆီးရဲ့ ၉၉ရာခိုင်နှုန်းကို ကျော်ဖြတ်ပြီးပြီ… လွန်ခဲ့တဲ့ လေးနှစ်လုံးလုံး ပထမ အတားအဆီးကို ဖြတ်ကျော်ဖို့ အချိန်ကုန်ခဲ့တာ…"
"ငါ ကိုယ်ပိုင် အခြေတည်အဆင့် စတင်ခဲ့ပြီး… အမြင့်မြတ်ဆုံး ကျင့်ကြံခြင်း နည်းစနစ် ကူနတ်ဘုရားကျင့်စဉ်ကို ကျင့်ကြံခဲ့တာ… ငါ့ မှော်စွမ်းအားက ကြီးမားပြီး သန့်စင်တယ်.. ဒီ အတားအဆီးနဲ့ ပတ်သက်ပြီး ပြဿနာ မရှိဘူး.."
"ဒါကြောင့်.. အရေးအကြီးဆုံးက ဒုတိယအဆင့်.. နတ်ဘုရားအာရုံ အဆင့်ပဲ…"
ကျိုးစွေ့၏ မျက်လုံးများသည် သူ့ခန္ဓာကိုယ်၏ ထောင့်တိုင်းကို ထိုးထွင်းသိမြင်သွားသကဲ့သို့ ကြောက်မက်ဖွယ် အလင်းရောင်များ ထုတ်လွှတ်နေသည်။ သူ့ခန္ဓာကိုယ် အနက်ရိုင်းဆုံးမှ အရိုးတိုင်း၊ သွေးကြောဆုံမှတ်တိုင်းနှင့် သွေးကြောတိုင်းကို သူ အာရုံခံနိုင်သည်။
သူ့ခန္ဓာကိုယ်၌ လျှို့ဝှက်ချက်များ မရှိတော့သကဲ့သို့ပင် ဖြစ်သည်။
ဤအခိုက်အတန့်တွင် သူသည် ခန္ဓာကိုယ်အတွင်းရှိ မှော်စွမ်းအားကို အသက်သွင်းလိုက်ပြီး၊ မှော်စွမ်းအား အရည်၏ နောက်ဆုံး အစက်ကို အပြီးသတ် အစိုင်အခဲ ဖြစ်စေခြင်း စတင်လိုက်သည်။
ဘုန်း…။
မှော်စွမ်းအား အရည်၏ နောက်ဆုံး အစက် ခဲသွားသောအခါ၊ ပဟေဠိတစ်ခု၏ နောက်ဆုံး အပိုင်းအစကို နေရာတကျ ထည့်လိုက်သကဲ့သို့ ဖြစ်သွားပြီး၊ နက်မှောင်သော ရွှေရောင် စက်လုံးတစ်ခု ဒန်တျန် ချီပင်လယ်၏ နက်ရှိုင်းရာတွင် ချက်ချင်း ထွက်ပေါ်လာသည်။
ဖိသိပ်ခြင်း၊ ဖိသိပ်ခြင်းနှင့် အဆက်မပြတ် ဖိသိပ်နေတော့သည်။
နောက်ဆုံးတွင်၊ ၎င်းသည် နက်မှောင်သော ရွှေရောင် အလင်းစက် တစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
အလင်းစက် တစ်ခုမျှသာ ထင်ရသော်လည်း၊ ၎င်းသည် မှော်စွမ်းအား အရည်အစက် တစ်ထောင်ကို ပေါင်းစပ်ထားပြီး၊ အမြင့်ဆုံး သိပ်သည်းဆသို့ ရောက်ရှိကာ ကြီးမားသော မှော်စွမ်းအားများ ပါဝင်နေသည်။
၎င်းသည် နေမင်းကဲ့သို့ အဆုံးမရှိသော အလင်းရောင်များကို ထုတ်လွှတ်နေပြီး၊ သူ၏ တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားကာ တောက်ပနေစေသည်။ လိုဏ်ဂူတစ်ခုလုံး နေ့ဘက်ကဲ့သို့ လင်းထိန်သွားသည်။
ဤသည်မှာ ရိုးရှင်းစွာပင် တောက်လောင်နေသော နေမင်းကဲ့သို့၊ နှိုင်းယှဉ်၍မရသော စွမ်းအားများဖြင့် ပြည့်နှက်နေသည်။
ရွှေအမြုတေတစ်ခု လူတစ်ယောက်၏ ဝမ်းဗိုက်ထဲသို့ ကျရောက်သွားသည်နှင့်၊ ကံကြမ္မာကို မိမိကိုယ်တိုင် ဆုံးဖြတ်ခြင်း ဖြစ်ပြီး ကောင်းကင်ဘုံက ဆုံးဖြတ်ခြင်း မဟုတ်တော့ပေ။
သို့သော် ဤသည်မှာ အစပြုခြင်းသာ ဖြစ်ပြီး ရွှေအမြုတေ မျိုးစေ့ ဖွဲ့စည်းခြင်းသာ ဖြစ်ကြောင်း ကျိုးစွေ့ သိသည်။ ၎င်းသည် မိုင်တစ်ထောင် ခရီး၏ ပထမ ခြေလှမ်းသာ ဖြစ်ပြီး အမှန်တကယ် အောင်မြင်သော ရွှေအမြုတေ ဖွဲ့စည်းခြင်း မဟုတ်သေးပေ။
မည်သည့် ပေါ့ဆမှုမဆို အမြုတေ ဖွဲ့စည်းရာတွင် ကျရှုံးမှုကို ဖြစ်ပေါ်စေမည် ဖြစ်ပြီး၊ အားထုတ်မှုများ အလဟဿ ဖြစ်သွားစေနိုင်သည်။
"ဒုတိယအဆင့်က နတ်ဘုရားအာရုံအဆင့်ပဲ…"
"ဒီအဆင့်က ဒီရွှေအမြုတေ မျိုးစေ့ကို ထိန်းချုပ်ဖို့ နတ်ဘုရားအာရုံရဲ့ စွမ်းအား လိုအပ်တယ်…"
"ဒါက အသစ် ဖွဲ့စည်းလိုက်တဲ့ ရွှေအမြုတေ အမှုန်အမွှားကို ခန္ဓာကိုယ် အနှံ့ လှည့်ပတ်စေပြီး.. တဖြည်းဖြည်း ကြီးထွားရင့်သန်လာစေတာပဲ.."
"မအောင်မြင်ရင်.. ဒီ ရွှေအမြုတေ မျိုးစေ့က အလိုအလျောက် ပြိုကွဲသွားလိမ့်မယ်…"
တွန့်ဆုတ်ခြင်း မရှိဘဲ ကျိုးစွေ့သည် ဤ နက်မှောင်သော ရွှေရောင် ရွှေအမြုတေ မျိုးစေ့ကို ထိန်းချုပ်ရန် သူ၏ နတ်ဘုရားအာရုံ စွမ်းအားကို ချက်ချင်း ထုတ်သုံးလိုက်သည်။
နတ်ဘုရားအာရုံ ရွှေအမြုတေ မျိုးစေ့ထဲသို့ ဝင်ရောက်သွားသည့် အခိုက်အတန့်တွင်၊ သူသည် ပြဒါးထဲသို့ ဝင်ရောက်သွားသကဲ့သို့ ချက်ချင်း ခံစားလိုက်ရပြီး၊ ပတ်ဝန်းကျင်တွင် ကြီးမားသော ခုခံမှုများ ရှိနေပြီး စွမ်းအားတစ်ခုက ၎င်းကို ချုပ်တည်းထားသည်။
ဤသည်မှာ ရွှေအမြုတေ ကျင့်ကြံမှု၏ စွမ်းအားပင် ဖြစ်ချေသည်။
အခြေတည်အဆင့်နှင့် ရွှေအမြုတေ ကျင့်ကြံမှု၏ စွမ်းအားများသည် အဆင့်အတန်း လုံးဝ ကွာခြားကြောင်း နားလည်ရပေမည်။
ပထမတစ်ခုက တို့ဟူးနှင့် တူပြီး ဒုတိယတစ်ခုသည်မှာမူ ကျောက်တုံးနှင့် တူပေသည်။
အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး၏ နတ်ဘုရားအာရုံသည် အခြေတည်အဆင့်၏ စွမ်းအားကို ကြိုးကိုင်ခြယ်လှယ်နိုင်သော်လည်း ရွှေအမြုတေ ကျင့်ကြံမှု၏ စွမ်းအားကို မထိန်းချုပ်နိုင်ပေ။
ဆိုရလျှင်၊ သုံးနှစ်အရွယ် ကလေးတစ်ယောက်က ဆယ်ပေါင်တူအား မ မနိုင်သကဲ့သို့ပင် ဖြစ်သည်။
နတ်ဘုရားအာရုံက ဤ ရွှေအမြုတေ ကျင့်ကြံမှု စွမ်းအားကို မထိန်းချုပ်နိုင်ပါက၊ ရွှေအမြုတေ မျိုးစေ့သည် လျင်မြန်စွာ မကြီးထွားနိုင်ဘဲ၊ အမြုတေ ဖွဲ့စည်းခြင်းသည် သံသယ ဖြစ်ဖွယ်မလို ကျရှုံးသွားပေလိမ့်မည်။
ထို့ကြောင့်ပင် ရွှေရည်ကျောက်စိမ်း ပြန်လည်ရှင်သန်ရေးဆေးလုံးက အလွန်အရေးပါခြင်းပင် ဖြစ်၏။
ဤဆေးလုံးကို သောက်သုံးပြီးနောက်၊ ၎င်းသည် အခြေတည်အဆင့် ကျင့်ကြံသူများကို သူတို့၏ မှော်စွမ်းအားကို သန့်စင်စေပြီး အညစ်အကြေးများကို ဖယ်ရှားရာတွင် ကူညီပေးရုံသာမက၊ ၎င်းသည် နတ်ဘုရားအာရုံ၏ အစွမ်းသတ္တိကို ယာယီ တိုးမြှင့်ပေးပြီး၊ အခြေတည်အဆင့် ကျင့်ကြံသူအား ရွှေအမြုတေနှင့် တူညီသော နတ်ဘုရားအာရုံကို ပေးစွမ်းကာ ရွှေအမြုတေ ကျင့်ကြံမှု စွမ်းအားကို ထိန်းချုပ်ရာတွင် အားစိုက်ထုတ်စရာ မလိုအောင် ပြုလုပ်ပေးသည်။
သဘာဝ ပါရမီ မရှိလျှင်၊ ပြင်ပအကူအညီ လိုအပ်သည် မဟုတ်ပါလော။
ယင်းသည် ဆေးလုံးများ၏ အရေးပါမှုပင်။ မွေးရာပါ ပါရမီ မရှိသော ကျင့်ကြံသူများကို ကြီးမားသည့် အတားအဆီးများကို ဖြတ်ကျော်ရာတွင် ကူညီပေးနိုင်သည်။
"ကံကောင်းလို့.. ငါ့ရဲ့ နတ်ဘုရားအာရုံက ရွှေအမြုတေ နှောင်းပိုင်းအဆင့်နဲ့ ယှဉ်နိုင်နေတာ ကြာပြီ…"
"ဒီ ရွှေအမြုတေ ကျင့်ကြံမှုစွမ်းအားကို ထိန်းချုပ်ရတာ အေးဆေးပါပဲ…"
ကျိုးစွေ့ အနည်းငယ် ပြုံးလိုက်သည်။ တွန့်ဆုတ်ခြင်း မရှိဘဲ၊ သူ၏ နတ်ဘုရားအာရုံ စွမ်းအားကို တိုးမြှင့်လိုက်ပြီး ပေါက်ကွဲထွက်စေလိုက်သည်။
ဟူးလား…။
ဤအခိုက်အတန့်တွင် ရွှေအမြုတေ မျိုးစေ့သည် လည်ပတ်နေသော ကြယ်တစ်လုံးကဲ့သို့ အဆက်မပြတ် လည်ပတ်နေတော့သည်။ ၎င်းသည် ပတ်ဝန်းကျင်ရှိ သဘာဝဝိညာဉ်စွမ်းအင်များကို စုပ်ယူရင်း ဝဲဂယက် စွမ်းအားတစ်ခုကိုလည်း ထုတ်ဖော်နေသည်။
ထို့အပြင်၊ ရွှေအမြုတေ မျိုးစေ့သည် တဖြည်းဖြည်း ကြီးထွားလာပြီး၊ အဆက်မပြတ် ပိုမို သန်မာလာတော့သည်။
အလင်းစက် အရွယ်အစား မျိုးစေ့လေးမှ၊ ယခုအခါ လက်မ အရွယ်အစားအထိ ကြီးထွားလာခဲ့ပြီ ဖြစ်သည်။
ဆိုလိုသည်မှာ ဤရွှေအမြုတေ၏ မှော်စွမ်းအားက ပို၍ပင် သန်မာလာပြီ ဖြစ်သည်။
ကျေးဇူးတင်စရာ ကောင်းသည်မှာ၊ သူ၏ နတ်ဘုရားအာရုံ အစွမ်းသတ္တိသည် ရွှေအမြုတေ နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးနှင့် နှိုင်းယှဉ်နိုင်သောကြောင့် ကျိုးစွေ့အတွက်မူ ဤအချင်းအရာသည် ဘာမှ မဟုတ်ပေ။
ရွှေအမြုတေ ကျင့်ကြံမှု စွမ်းအားကို လည်ပတ်စေခြင်းသည် လက်ဖဝါး လှန်လိုက်သကဲ့သို့ လွယ်ကူပေသည်။
ယင်းသည် သန်မာသော နတ်ဘုရားအာရုံ ရှိခြင်း၏ အားသာချက်ဟု ဆိုနိုင်ပေသည်။
လူတစ်ယောက်၏ နတ်ဘုရားအာရုံ အစွမ်းသတ္တိ မလုံလောက်ပါက၊ ရွှေအမြုတေ၏ စွမ်းအားကို ထိန်းချုပ်နိုင်မည် မဟုတ်ဘဲ၊ အားထုတ်မှုများ အလဟဿ ဖြစ်သွားစေလိမ့်မည်။
အချိန်များ မသိလိုက်ဘဲ တစ်ဖြည်းဖြည်း ကုန်ဆုံးသွားသည်။
ကျိုးစွေ့၏ ဒန်တျန် ချီပင်လယ်အတွင်းရှိ အရည် မှော်စွမ်းအားအားလုံး စုပ်ယူခံလိုက်ရပြီး၊ ပတ်ဝန်းကျင်ရှိ သဘာဝ ဝိညာဉ်စွမ်းအင်များ ဝါးမျိုခံလိုက်ရသည်နှင့်အမျှ၊ လက်မ အရွယ်အစားရှိသော နက်မှောင်သည့် ရွှေရောင် ရွှေအမြုတေတစ်ခု နောက်ဆုံးတွင် ပုံပေါ်လာသည်။
နေမင်းကြီးကဲ့သို့ပင်၊ ၎င်းသည် ဒန်တျန် ချီပင်လယ်အတွင်း၌ အဆုံးမရှိသော ရွှေရောင် အလင်းတန်းများ ထုတ်လွှတ်နေသည်။
ဤ ရွှေအမြုတေ ဖွဲ့စည်းခြင်း လုပ်ငန်းစဉ်တွင် မည်သည့် လှိုင်းဂယက်မျှ မရှိခဲ့၊ ရေမြောင်းထဲသို့ ရေစီးဝင်သကဲ့သို့ ချောမွေ့နေခဲ့သည်။