← Chapters

သန္ဓေပြောင်းသားရဲ

Vol. 1 Ch. 350

သန္ဓေပြောင်းသားရဲ

Vol. 1 Ch. 350

မည်သည့်အံ့ဖွယ်မှ ဖြစ်မလာခဲ့ပေ။

မီးဝိဉာဉ်ကျောက်တုံးသည် မျက်နှာကျက်အား မီတာအတော်နက်သော အပေါက်တစ်ခု ဖြစ်သွားအောင် တိုက်စားသွားခဲ့သော်လည်း တစ်ဖက်သို့ရောက်အောင် ပွင့်မသွားခဲ့ပေ။ နှစ်ယောက်သားသည် မှိုင်တွေနေသည့် မျက်လုံးများဖြင့် အနက်ရောင် အပေါက်လေးအား ကြည့်နေလိုက်ကြသည်။

သူတို့ ဤနေရာတွင်သာ ပိတ်မိနေတော့မည်။

ဝှစ်...

သူတို့ စိတ်ပျက်သွားချိန်တွင် နေရာတစ်ခုလုံးသည် ရုတ်တရက် လင်းထိန်လာခဲ့သည်။ သူတို့နှစ်ယောက်မှာ ကိုယ်များ တုန်ယင်လာသည်အထိ ထိတ်လန့်သွားကြသည်။ ကျန်းရီ တားမြစ်အစီအရင်ကို မီးရှို့လိုက်၍ တိုက်ပြန်တိုက်ခိုက်ခြင်းပေလော။

"အာ...ငါတို့ သေပြီ"

အဖြူရောင်အလင်းတန်းနှစ်ခုသည် ကျန်းရီနှင့် ဟဲလောင်တို့၏ကိုယ်ပေါ် လွှမ်းခြုံလာခဲ့သည်။ သူတို့၏ကိုယ်များ လှုပ်ရှားမရတော့မှန်း သူတို့သိလိုက်သောအခါ ရင်တဒိန်းဒိန်းဖြစ်လာကြသည်။ ကျန်းရီသည် နေရာရွှေ့ပြောင်းရန် ပြင်လိုက်သော်လည်း သူဘာမှ မလုပ်နိုင်ခင်တွင် သူ့ကိုယ်မှာ နေရာမှ ကွယ်ပျောက်သွားခဲ့သည်။

"အာ..."

သူတို့သည် အဖြူရောင်အလင်း လက်သွားသည်ကိုသာ ခံစားလိုက်ရပြီး သူတို့၏ အမြင်အာရုံများ ပြန်ကောင်းလာခဲ့သည်။ သူတို့သည် ပတ်ဝန်းကျင်ကို အလျင်အမြန် အကဲခတ်လိုက်သော် မျက်ဝန်းများတွင် ထိတ်လန့်မှုများမှ ပျော်ရွှင်မှုများ အစားထိုး ဝင်ရောက်လာခဲ့သည်။

သူတို့နှစ်ယောက်သည် မရင်းနှီးသည့် ရေခဲလွင်ပြင် တစ်ခုထံသို့ ပို့ဆောင်ခံလိုက်ရခြင်းဖြစ်သည်။ ပတ်ဝန်းကျင်တွင် နှင်းထုကြီးများနှင့် အဖြူရောင်တောင်တန်းကြီးများသာ နေရာယူထားသည်။

"ငါတို့ လွတ်လာတယ်။ ငါတို့ ဝင်္ကပါ အပြင်ဘက်ကို ရောက်လာပြီ"

သူတို့နှစ်ယောက်သည် ငရဲသို့ ကျသွားသည်ဟု ထင်ခဲ့သော်လည်း တကယ်တမ်းတွင် ထိုငရဲသည် နတ်ပြည်ဖြစ်နေသည်။ သူတို့ မည်သို့ခံစားနေရမည်မှန်း ခန့်မှန်းကြည့်နိုင်ပါသည်။ ကျန်းရီသည် လက်ဆန့်ထုတ်၍ ကျဆင်းလာသော နှင်းပွင့်တစ်ပွင့်အား ဖမ်းဆုပ်လိုက်သည်။ ထို့နောက် နှင်းပွင့်လေး အရည်ပျော်သွားသည်အား စောင့်ကြည့်နေခဲ့သည်။ သူ့ကိုယ်သည် အအေးဒဏ်ကို ခံစားနေရသော်လည်း သူ့ရင်မှာ တောက်လောင်နေသည့် နေမင်းပမာ ပူလောင်နေသည်။

"ဟူး.."

"ဟူး..."

နှစ်ယောက်သားသည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ သက်ပြင်းချလိုက်ကြသည်။ ထို့နောက် သူတို့သည် နှင်းပြင်တွင် ပြေးလွှားရင်း ရင်ထဲမှ ဖိအားများကို ထုတ်လွှတ်လိုက်သည်။

"ဟဲလောင်...ဘာတွေ ဖြစ်နေတာလဲ။ ဘာလို့ ငါတို့ အပြင်ကို ရောက်လာတာလဲ"

အချိန်တစ်ခုအထိ ပြေးလွှားပြီးနောက် ကျန်းရီမှာ ကြောင်တက်တက် မျက်နှာပေးဖြင့် မေးလာခဲ့သည်။ ဟဲလောင်သည် သူလည်း သေချာမသိသည့်နှယ် ခေါင်းယမ်း၍ ပြန်ဖြေလာခဲ့သည်။

"တားမြစ်အစီအရင်ကို ဖျက်ဆီးလိုက်လို့ ကျွန်တော်တို့ကို အလိုအလျောက် အပြင်ပို့ပေးတာ ဖြစ်နိုင်တယ်။ အစီအရင်ကို ဖျက်ဆီးနိုင်ရင် အဲ့လူက အင်အားအလုံအလောက်ရှိပြီး ဝင်္ကပါကိုလည်း ဖျက်ဆီးနိုင်တယ်လို့ အဓိပ္ပာယ်ရတယ်လေ"

"အင်း...ဖြစ်နိုင်တယ်"

ကျန်းရီသည် ခေါင်းငြိမ့်ကာ နှမြောတသဖြစ်မှုကို ခံစားလိုက်ရသည်။ သူသည် အတိတ်က မီးဝိဉာဉ်ကျောက်တုံးများ အလွန်အကျွံ ဖြုန်းတီးခဲ့သဖြင့် ယခုအခါတွင် တစ်တုံးသာ ကျန်ရှိတော့သည်။ ဤတော့မှသာ သူ့မီးဝိဉာဉ်ကျောက်တုံးလေးများ မည်မျှတန်ဖိုးရှိကြောင်း သူသဘောပေါက်တော့သည်။

"သွားစို့"

ကျန်းရီသည် လက်ဟန်ပြကာ ရှေ့သို့ ပြေးသွားလိုက်သည်။ သူသည် နေရာတစ်ကြိမ်ရွှေ့ပြောင်းလိုက်ပြီး သတ်ဖြတ်ခြင်း အင်အားကိုလည်း စမ်း၍ ထုတ်ကြည့်လိုက်သည်။ ဤနေရာတွင် မည်သည့်တားမြစ်အစီအရင်မှ မရှိကြောင်း သေချာသွားသည့်အခါမှ သူစိတ်ကျေနပ်သွားခဲ့သည်။ သူတို့သာ ထွက်ပေါက်ရှာတွေ့၍ ပဉ္စထပ်သို့ ရောက်နိုင်သရွေ့ တားမြစ်နယ်မြေမှ သူတို့ထွက်သွားနိုင်မည်ဟု သူအလိုလို ခံစားနေမိသည်။

"အင်း...သွားကြတာပေါ့"

ဟဲလောင်သည်လည်း အမှီလိုက်လာခဲ့သည်။ ဤရေခဲလွင်ပြင်သည် အလွန်အေးသော်လည်း အနှီအကျိုးနည်း ဝင်္ကပါထက် သာသေးသည်။

ဘန်း...

သူတို့နှစ်ယောက် အနီးရှိ တောင်ထိပ်တစ်ခု ပြေးသွားနေခဲ့သော်လည်း ထိုတောင်သည် ရုတ်တရက် ပွင့်ထွက်သွားခဲ့သည်။ သူတို့ရှေ့တွင် အားကောင်းသော အရှိန်အဝါများ ခြုံလွှမ်းနေသည့် သားရဲကြီးတစ်ကောင် ရှိနေခဲ့သည်။ ထိုသားရဲကြီးသည် တစ်ကိုယ်လုံးအား အဖြူရောင်အကြေးခွံများ ဖုံးအုပ်ထားပြီး ရေမြင်းဦးခေါင်းနှင့် ခြသေ့ၤတစ်ကောင်၏ကိုယ် ရှိလေသည်။ ၎င်း၏ ဦးခေါင်းထက်တွင် ဆူးချွန်များရှိပြီး ခြေဆစ်လက်ဆစ်များလည်း ပါရှိလေ၏။ ၎င်းသည် ဆယ့်ငါးမီတာမြင့်၍ သုံးမီတာခန့်သာ အရှည်ရှိသည်။ ကျန်းရီနှင့် ဟဲလောင်မှာ ထိုသားရဲကြီး၏ ရှေ့၌ ရပ်နေသည့်အခါတွင် ပုရွက်ဆိတ်လေး နှစ်ကောင်အလားပင်။

"ဒါ...ဒါ...စတုတ္ထအဆင့် နတ်ဆိုးသားရဲ ဘုရင်လား"

ကျန်းရီ၏ မျက်လုံးများမှာ ပြူးကျယ်နေပြီး အလန့်တကြား ရေရွတ်လိုက်ရင်း နောက်ဆုတ်မိလိုက်သည်။ ဤသားရဲဆန်းကြီး၏ အရွယ်အစားမှာ နတ်ဆိုးသားရဲ ဘုရင်တစ်ကောင်နှင့် တူညီသည်။ နတ်ဆိုးသားရဲဘုရင်များသည် သူခုခံရန် နည်းလမ်းမရှိသည့် သတ္တဝါများ ဖြစ်ကြသည်။

"ဒါက နတ်ဆိုးသားရဲ ဘုရင် မဟုတ်ဘူး..သန္ဓေပြောင်းသားရဲပဲ "

ဟဲလောင်သည် ရှေ့တိုးသွားလိုက်သည်။ သူ့ခြေထောက်များသည် လေထဲသို့ ခုန်တက်လိုက်ပြီး ကောင်းကင်အဆင့် လက်နက်အား ဝှေ့ယမ်းလိုက်သည်။ အတွင်းအားတိုက်ခိုက်မှုများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ သူသည် တိုက်ခိုက်နေရင်း ရှင်းပြလိုက်သည်။

"သခင်လေးရီ...မြောက်ဘက်မန့်နိုင်ငံနဲ့ မြောက်ဘက်လျန်နိုင်ငံရဲ့ မြောက်ဘက်မှာ ရေခဲလွင်ပြင်တွေရှိတယ်။ အဲ့ဒီက ရေခဲလွင်ပြင်တွေရဲ့ အောက်ဘက်မှာ သန္ဓေပြောင်းသားရဲတွေ ရှိတယ်။ သူတို့က အရွယ်အစားကြီးကြပေမယ့် အင်အားအရာမှာတော့ နတ်ဆိုးသားရဲတွေထက် အားနည်းတယ်။ သူတို့မှာ နတ်ဆိုးစွမ်းအင်လည်း မရှိဘူး၊ စိတ်ချလက်ချ သတ်လို့ရတယ်။ သူတို့တွေရဲ့ ခုခံနိုင်စွမ်းက အားကောင်းတာကလွဲရင် ဒီသန္ဓေပြောင်းသားရဲတွေရဲ့ တိုက်ခိုက်နိုင်စွမ်းက နိမ့်တယ်"

"ကောင်းတာပေါ့"

ကျန်းရီသည် စိတ်သက်သာရာရ၍ သက်ပြင်းတစ်ချက်ချလိုက်သည်။ ၎င်းသာ စတုတ္ထအဆင့် နတ်ဆိုးသားရဲ ဘုရင်ဆိုပါက သူတို့ ခုခံနိုင်မည်ပင် မဟုတ်ဘဲ ချက်ချင်းသေသွားလိမ့်မည်။ နတ်ဆိုးသားရဲဘုရင်များမှာ ရက်စက်ကြပြိး ဗာဂျရာအဆင့် သိုင်းသမားများနှင့် အဆင့်တူတွင် ရှိလေသည်။

ဖုန်း...ဖုန်း...ဖုန်း...

ဟဲလောင်၏ တိုက်ခိုက်မှုသည် သန္ဓေပြောင်းသားရဲကြီ၏ ကိုယ်ပေါ် ဆက်တိုက်ကျဆင်းနေခဲ့သည်။ ဟဲလောင် တိုက်ခိုက်မှုကို ရပ်လိုက်ချိန်တွင် သားရဲကြီး၏ ကိုယ်ပေါ်တွင် သွေးများရွှဲနေပြီဖြစ်သည်။ သို့သော် အရိုးတစ်ချောင်းမှ ပေါ်ထွက်မနေခဲ့ပေ။ ၎င်း၏ ခုခံနိုင်စွမ်းမှာ သြချစရာ ကောင်းလှသည်။

ဝေါင်း...

သန္ဓေပြောင်းသားရဲကြီးသည် ကောင်းကင်သို့ကြည့်၍ အော်လိုက်ပြီး ပါးစပ်ကြီးထဲမှ ရေငွေ့ဖြူဖြူများကို မှုတ်ထုတ်လိုက်သည်။ ၎င်း၏ တောင်ငယ်တစ်လုံးစာ ကိုယ်ကြီးသည် ရွေ့လျားလာခဲ့ပြီး ဟဲလောင်ထံ ပြေးလာခဲ့သည်။ ၎င်းသည် အလွန်လျင်မြန်လှပြီး မျက်တောင်တစ်ခတ်စာအတွင်း ဟဲလောင်အား တိုက်မိတော့မတတ် နီးကပ်လာခဲ့သည်။

"ဟမ့်...မင်းက စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် ပထမဆုံးအဆင့်သာသာပဲ ရှိသေးတဲ့ သားရဲလေးလေ။ ဒီအဘိုးကြီးကို ရန်သူကို ကြည့်တဲ့အကြည့်နဲ့ ကြည့်ရဲတယ်ပေါ့ ဟုတ်လား"

ဟဲလောင်သည် နှာမှုတ်လိုက်ပြီး သန္ဓေပြောင်းသားရဲကြီး၏ ဦးချိုကိုနင်း၍ အထက်သို့ ခုန်တက်လိုက်သည်။ သူ့ကိုယ်သည် လေထဲတွင် တစ်ပတ်လည်သွားခဲ့ပြီး ကောင်းကင်အဆင့်လက်နက်မှ အလင်းများ တောက်ပလာခဲ့သည်။ သူသည် တစ်ချိန်တည်းတွင် ကျန်းရီအား လှမ်းအော်လာခဲ့သည်။

"သခင်လေးရီ...တိုက်တော့။ ကျွန်တော် ဒီကောင်သေတဲ့အထိ ဖြည်းဖြည်းချင်း နှိပ်စက်မှရမှာ...သူရှူထုတ်တဲ့ လေငွေ့တွေနဲ့ မထိစေနဲ့"

"ကောင်းပြီ"

ကျန်းရီသည် ပြန်အော်ပြောလိုက်ပြီး သန္ဓေပြောင်းသားရဲကြီးထံ ပြေးသွားလိုက်ပြီး မီးနဂါးဓားအား လွှဲလိုက်သည်။ မီးနဂါးငယ်လေး တစ်သောင်းခန့် ထွက်ပေါ်လာခဲ့ပြီး သားရဲကြီး၏ ခြေထောက်တုတ်တုတ်ကြီးများထံ တိုးဝင်တိုက်ခိုက်ကြသည်။

ဖုန်း...ဖုန်း...

မီးနဂါးငယ်လေးများ နောက်ခြေထောက်များနှင့် ထိတွေ့သွားသည်နှင့် ၎င်း၏အကြေးခွံများ ကွာကျကုန်ကြသည်။ ကျန်မီးနဂါးငယ်လေးများသည် ဆက်လက်တိုးဝင်သွားကြပြီး အသားစများအား ပြန့်ကြဲသွားစေလေသည်။ သွေးညှီနံ့များမှာ လေထုထဲတွင် ဖုံးလွှမ်းနေခဲ့သည်။

ဝေါင်း...

သန္ဓေပြောင်းသားရဲကြီးသည် နောက်ခြေထောက်များမှ နာကျင်မှုကို ခံစားရ၍ နောက်လှည့်လာခဲ့သည်။ ၎င်း၏ အေးစက်နေသည့် မျက်လုံးတစ်စုံသည် ကျန်းရီအား စိုက်ကြည့်လာခဲ့သည်။ ၎င်းသည် ထခုန်လိုက်ပြီး ခွာကြီးတစ်ခုဖြင့် ကျန်းရီထံ နင်းချလာခဲ့သည်။

"သောက်ခွေး"

သူ့ခေါင်းပေါ်ရှိ ကောင်းကင်ကြီး ရုတ်ချည်းမည်းမှောင်သွားသည်ကို ကြည့်ရင်း ကျန်းရီခပ်တိုးတိုး ဆဲရေးကာ သုံးကီလိုမီတာကျော် အကွာအဝေးအထိ နေရာရွှေ့ပြောင်းလိုက်သည်။

ဗုန်း...

သန္ဓေပြောင်းသားရဲကြီး၏ ခွာတစ်ဖက် မြေကြီးပေါ် ကျဆင်းသွားသည့်အခါ အနီးအနားရှိ မြေပြင်မှာ တုန်ခါသွားခဲ့သည်။ ကျန်းရီသည် မြေကြီးထဲ တစ်ဝက်ခန့် ကျွံဝင်သွားသည့် ခွာကြီးကိုကြည့်ရင်း တုန်လှုပ်သွားခဲ့သည်။ သူသာ ထိုခွာကြီးဖြင့် အနင်းခံလိုက်ရပါက အသားပြားဘဝသို့ ချက်ချင်းပြောင်းလဲသွားလိမ့်မည်။

ဖုန်း...ဖုန်း...ဖုန်း

တစ်ဖက်တွင်လည်း ဟဲလောင်၏ တိုက်ခိုက်မှုများ ကျဆင်းလာခဲ့ပြီး သန္ဓေပြောင်းသားရဲကြီး၏ ကျောထက်မှ အသားစများ လွင့်ထွက်လာခဲ့သည်။ သားရဲကြီးသည် နတ်ဆိုးသားရဲ ဘုရင်များထက် အများကြီး အဆင့်နိမ့်သည့်အပြင် အသိဉာဏ်မှာလည်း နိမ့်ပါးလှသည်။ ၎င်းသည် ဟဲလောင်၏ ကြားဖြတ်တိုက်ခိုက်မှု ခံရသည်နှင့် ကျန်းရီအား အဖက်မလုပ်တော့ပေ။ ၎င်း၏ကိုယ်ကြီးသည် လှုပ်ရှားသွားခဲ့ပြီး ဟဲလောင်ထံ ဒေါသတကြီး ခုန်နင်းလိုက်သည်။

ဖုန်း...ဖုန်း...ဖုန်း...

သူတို့နှစ်ယောက်သည် တစ်လှည့်စီ တိုက်ခိုက်၍ သန္ဓေပြောင်းသားရဲကြီးအား အာရုံလွှဲနေကြသည်။ ကျန်းရီတို့နှစ်ယောက်သည် နားလည်မှုဖြင့် စည်းချက်ညီညီ ပူးပေါင်းတိုက်ခိုက်နေကြသည်။ သူတို့သည် ဆက်လက်တိုက်ခိုက်နေကြပြီး နောက်ဆုံးတွင် သန္ဓေပြောင်းသားရဲကြီး၏ ကိုယ်ပေါ်တွင် ဒဏ်ရာများ များသထက်များလာ၍ အသားစများမှာ နှင်းပြင်ပေါ် ပိုမိုကျဆင်းလာခဲ့သည်။

ကျန်းရီ၏ တိုက်ခိုက်မှုသည် ပရိယာယ် ကြွယ်လှသည်။ သူသည် ၎င်း၏နောက်ခြေထောက်များကိုသာ ဆက်လက်တိုက်ခိုက်နေခဲ့သည်။ သုံးကြိမ်တိုက်ခိုက်ပြီးနောက်တွင် သားရဲကြီး၏ နောက်ခြေထောက်များမှာ တစ်စစီ ဖြစ်သွားခဲ့ပြီး ကိုယ်ကြီး လဲကျသွားသည်မှာ တောင်ပြိုသည့်အလား မြေပြင်အား အပြင်းအထန် တုန်ခါသွားစေခဲ့သည်။

"ဟူး..."

ကျန်းရီနှင့် ဟဲလောင်သည် ပြိုင်တူသက်ပြင်းချလိုက်မိကြသည်။ သန္ဓေပြောင်းသားရဲကြီးမှာ မလှုပ်ရှားနိုင်တော့ဘဲ လည်စင်းပေးနေသည့် ဘဲတစ်ကောင်ပမာ အသတ်ခံရမည်အား စောင့်ဆိုင်းနေရတော့သည်။

ဗုန်း...ဗုန်း...ဗုန်း...

ထိုခဏတွင် အနီးအနားမှ တောင်ကြီးများသည် တစ်ပြိုင်တည်း ပေါက်ကွဲသွားကြသည်။ မြေကြီးနှင့် ကျောက်စများရောနေသည့် ရေခဲစများလည်း လွင့်ထွက်လာကြသည်။ ကြောက်စရာကောင်းသော အရှိန်အဝါများသည် လေထဲတွင် ပျံ့နှံ့လာခဲ့ပြီး မြောက်များလှသော သားရဲကြီးများသည် ကျန်းရီနှင့် ဟဲလောင်အား ရက်စက်စွာ စိုက်ကြည့်လျက်သားဖြင့် ပေါ်ထွက်လာကြသည်။

မနီးမဝေးရှိ တောင်ထွတ်တစ်ခုပေါ်တွင် ပုံရိပ်တစ်ခုသည် သူတို့ရှိရာအား အဝေးမှကြည့်ရင်း အော်ပြောလာခဲ့သည်။

"ကျန်းရီ...ဒီရေခဲလွင်ပြင်မှာ သန္ဓေပြောင်းသားရဲ (၉၉၉) ကောင်ရှိတယ်။ မင်း သူတို့အားလုံးကို သတ်နိုင်ရင် အပေါ်ဆုံးထပ်ကို တက်ဖို့ အခွင့်အရေး ရလိမ့်မယ်။ ဒါပေမယ့်...မင်း သတ်နိုင်မှာ မလို့လား...ဟားဟားဟား"

"ယွင်လု"

ကျန်းရီ၏ မျက်ဝန်းများတွင် အေးစက်စက် အရိပ်အငွေ့များ ဖြတ်ပြေးသွားခဲ့သည်။ သူသည် ဒေါသတကြီး အော်ပြောလိုက်သည်။

"သေစမ်းကွာ...ဟဲလောင်၊ မင်း တောင့်ခံထား...ငါ အဲ့ဒီခွေးကောင်ကို သွားသတ်မယ်"

***

All Chapters