ပြဿနာ ရောက်ရှိလာခြင်း။
Vol. 5 Ch. 58
ဝှစ်…
ရွာသားများ၏ စကားများကို နားထောင်ပြီးနောက် ကျန်းဖန်သည် အိမ်သို့ ပြန်လာခဲ့ပြီး နေရာပြောင်းရွှေ့မည့် အစီအစဉ်ကို ဇနီးသည် စုဝေဝေနှင့် စတင် ဆွေးနွေးတိုင်ပင်လိုက်လေသည်။
"ဘာ... ယောကျာ်းက မြို့နယ်ဘက်ကို သွားမလို့လား"
ခင်ပွန်းသည်က ရုတ်တရက် ထိုကဲ့သို့ ဆုံးဖြတ်လိုက်သဖြင့် စုဝေဝေ အံ့သြသွားလေသည်။
တံငါသည် မိသားစုတစ်စုအတွက် ဤဆုံးဖြတ်ချက်သည် လွယ်ကူသော ကိစ္စမဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ သော်ကရွာတွင် နေထိုင်ပါက ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနိုင်သေးသည်။
သို့သော် မြို့နယ်သို့ ရောက်သွားပါက အသက်ရှင်ရပ်တည်ရန် အတွက် မည်သည့်အလုပ်ကို လုပ်ကိုင်ရမည်နည်း။
ဤအချက်သည်ပင် လယ်သမား၊ တံငါသည် အများအပြားကို မြို့သို့ မပြောင်းရွှေ့ရဲအောင် တားဆီးနေသည့် အကြီးမားဆုံး အတားအဆီး ဖြစ်နေသည်။
အသက်မွေးဝမ်းကျောင်း နည်းလမ်းမရှိပါက မြို့ပေါ်တွင် အစာငတ်ပြီး သေဆုံးသွားရုံသာ ရှိပေလိမ့်မည်။
"ထုန်ဟယ်မြို့နယ်ကို သွားမယ်လို့ မပြောပါဘူး... ခရိုင်မြို့ကြီး ဖြစ်တဲ့ ယွင်ဇီမြို့ကို သွားကြမယ်"
ကျန်းဖန်သည် အသေအချာ စဉ်းစားပြီးမှ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ထုန်ဟယ်မြို့နယ်နှင့် ယှဉ်လျှင် ယွင်ဇီမြို့သည် ပိုမို လုံခြုံစိတ်ချရသည်။
ဆိုရိုးစကား ရှိသည် မဟုတ်ပါလော… "ဘုရားကျောင်း သေးငယ်လေ မကောင်းဆိုးဝါးများလေ၊ ရေတိမ်လေ လိပ်များလေ" ဟူ၍။
အကယ်၍ ထုန်ဟယ်မြို့နယ်သို့ သွားရောက်ပါက အသေးအဖွဲ ပြဿနာများနှင့် ကြုံတွေ့ရနိုင်သည်။
သို့သော် ယွင်ဇီမြို့သည် ကွဲပြားခြားနားသည်။
ယွင်ဇီမြို့တွင် နေထိုင်သူ အများစုသည် ရာထူးကြီးသော အရာရှိများ (သို့မဟုတ်) ကြွယ်ဝချမ်းသာသော ကုန်သည်ကြီးများ ဖြစ်ကြသည်။
ထို့ကြောင့် ပြဿနာများနှင့် ကြုံတွေ့ရနိုင်ခြေ နည်းပါးသည်။
အနည်းဆုံးတော့ နဂါးဘုရင်ဂိုဏ်းကဲ့သို့ ခေါင်းပုံဖြတ် အမြတ်ထုတ်မည့်သူ ရှိမည် မဟုတ်ချေ။
ငွေကြေးရှိပါက ယွင်ဇီမြို့တွင် နေထိုင်ခြင်းသည် သော်ကရွာတွင် နေထိုင်ခြင်းထက် ပိုမို သက်တောင့်သက်သာ ရှိမည်မှာ သေချာသည်။
"နေထိုင်ဖို့အတွက်လည်း စိတ်ပူစရာ မလိုပါဘူး"
"အခု ကိုယ့်လက်ထဲမှာ ငွေစ ၆၀၀ ကျော် ရှိတယ်"
"ဘာအလုပ်မှ မလုပ်ဘဲ ထိုင်စားရင်တောင် ၁၀ နှစ်ကျော်လောက် နေလို့ရတယ်"
"ယွင်ဇီမြို့ကို သွားရတဲ့ အကြောင်းရင်းက ဒီပရမ်းပတာ အခြေအနေတွေကို ရှောင်ရှားချင်လို့"
"တကယ်လို့ အခြေအနေတွေ ငြိမ်သက်သွားပြီး ယွင်ဇီမြို့မှာလည်း အလုပ်ရှာမရဘူးဆိုရင် သော်ကရွာကို ပြန်လာလို့ ရတာပဲ"
ကျန်းဖန်သည် ဆုတ်ခွာရန် လမ်းကြောင်းအမျိုးမျိုးကို စီစဉ်ပြီး ဖြစ်သည်။ ယွင်ဇီမြို့သို့ သွားခြင်းသည် ခိုလှုံရန်သက်သက်သာ ဖြစ်သည်။
ထို့ပြင် သူ၏ သိုင်းပညာ စွမ်းရည်ဖြင့်ဆိုလျှင် မည်သည့်နေရာတွင်မဆို ဧည့်သည်တော်အဖြစ် ကြိုဆိုခံရမည်ဟု သူ ယုံကြည်သည်။
အရိုးတည်ဆောက်ခြင်း အဆင့် စွမ်းအားကို ထုတ်ဖော်ပြသလိုက်သည်နှင့် ငွေရှာရန်မှာ အလွန် လွယ်ကူသွားပေလိမ့်မည်။
ဂိုဏ်းဖွဲ့စည်းထားသူများ ဖြစ်စေ၊ အထက်တန်းလွှာ မိသားစုများ ဖြစ်စေ... ထိုကဲ့သို့သော ကျွမ်းကျင်သူများကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြပေလိမ့်မည်။
သို့သော် သူသည် သူတစ်ပါးအပေါ် မှီခိုလိုစိတ် မရှိပေ။
ထို့ကြောင့် မဖြစ်မနေ လိုအပ်မှသာ ထိုသို့ လုပ်ဆောင်မည် ဖြစ်သည်။
"ကောင်းပါပြီ... ယောကျာ်း သဘောအတိုင်းပါပဲ"
စုဝေဝေ သက်ပြင်းချလိုက်ပြီး ခေါင်းညိတ် သဘောတူလိုက်သည်။
"ကြက်ဖနဲ့ အိမ်ထောင်ပြုရင် ကြက်ဖနောက် လိုက်ရမယ်၊ ခွေးနဲ့ အိမ်ထောင်ပြုရင် ခွေးနောက် လိုက်ရမယ်" ဆိုသကဲ့သို့ပင်။
နေရာပြောင်းရွှေ့ခြင်းသည် အန္တရာယ်များမှန်း သိသော်လည်း ခင်ပွန်းသည် ပြောသကဲ့သို့ ပြင်ပလောကသည် ပိုမို ရှုပ်ထွေးလာနေပြီ ဖြစ်၏။ သော်ကရွာသည် မလုံခြုံတော့ပေ။
အချိန်မရွေး ဒုက္ခသည်များ (သို့မဟုတ်) ဓားပြများနှင့် ကြုံတွေ့ရနိုင်သည်။
ဆက်လက် နေထိုင်ပါက ကပ်ဘေး အန္တရာယ်များစွာနှင့် ရင်ဆိုင်ရနိုင်သည်။
ဘေးကင်းလုံခြုံမှု ရှိစေရန်အတွက် ယွင်ဇီမြို့သို့ သွားရောက်ခြင်းက ပိုကောင်းပေသည်။
ပို၍ အရေးကြီးသည်မှာ မျက်ခုံးနီပုန်ကန်သူတပ် ရှုံးနိမ့်သွားပြီး နန်းတော်စစ်တပ် အနိုင်ရသွားပြီ ဖြစ်ရာ ယွင်ဇီမြို့သည် လောလောဆယ်တွင် အလုံခြုံဆုံး နေရာ ဖြစ်နေပေသည်။
"ဒါပေမဲ့ အိမ်မှာ စုဆောင်းထားတဲ့ အစားအသောက်တွေ အများကြီးကို ဒီအတိုင်း ထားပစ်ခဲ့ရမှာလား... နှမြောစရာကြီး"
စုဝေဝေသည် အိမ်ရှိ အစားအသောက်များကို နှမြောတသ ဖြစ်နေရှာသည်။
သို့သော် ဤမျှများပြားသော ပစ္စည်းများကို ယွင်ဇီမြို့အထိ သယ်ဆောင်သွားရန် ဆိုသည်မှာ မလွယ်ကူလှပေ။
အထူးသဖြင့် ဤကဲ့သို့ ခေတ်ပျက်တွင် ပို၍ပင် လက်တွေ့မကျပေ။
"ဒါတွေအတွက် စိတ်ပူစရာ မလိုပါဘူး"
"အိမ်က အစားအသောက်တွေ အကုန်လုံးကို ကိုယ့်ရဲ့ ဟင်းလင်းပြင်လက်စွပ်ထဲ ထည့်သွားလို့ ရပါတယ်"
ကျန်းဖန် အနည်းငယ် ပြုံးလိုက်ပြီး ဟင်းလင်းပြင် လက်စွပ်၏ စွမ်းရည်ကို စုဝေဝေအား စတင် ပြသလိုက်လေသည်။
ယခင်က သူသည် ဟင်းလင်းပြင် လက်စွပ် အကြောင်း စုဝေဝေကို မပြောပြခဲ့ပေ။ သူမ အခြားသူများကို မတော်တဆ ပြောမိမည် (သို့မဟုတ်) ရွာသားများ သိသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ ထို့ပြင် ထိုစဉ်က သူ၏ အင်အားမှာ မသန်မာသေးသဖြင့် မလိုအပ်သော ပြဿနာများကို ရှောင်ရှားလိုခဲ့သည်။
ယခုမူ အခြေအနေ ကွာခြားသွားပြီ ဖြစ်သည်။
သော်ကရွာမှ ထွက်ခွာရန် ဆုံးဖြတ်ပြီး ဖြစ်သလို၊ အရိုးတည်ဆောက်ခြင်း အဆင့် သိုင်းပညာရှင်လည်း ဖြစ်နေပြီ ဖြစ်ရာ မကြာမီ ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း အဆင့်သို့ပင် ရောက်ရှိတော့မည် ဖြစ်သည်။
ထို့ကြောင့် ဤကိစ္စများကို စုဝေဝေအား ပြောပြခြင်းသည် လုံးဝ ပြဿနာ မရှိပေ။
"ဟင်းလင်းပြင်လက်စွပ်... ဒါ ကျင့်ကြံသူရတနာ မဟုတ်လား"
"ယောကျာ်းက ကျင့်ကြံသူတစ်ပါးရဲ့ အမွေအနှစ်ကို ရခဲ့တာလား"
စုဝေဝေ၏ မျက်လုံးများ ဝိုင်းစက်သွားပြီး အံ့သြဝမ်းသာ ဖြစ်သွားလေသည်။
သူမ၏ ခင်ပွန်းသည်၌ ဤမျှကြီးမားသော စွမ်းအားများ မည်သို့ ရှိနေရသနည်း ဟူသော မေးခွန်းများစွာ သူမတွင် ရှိခဲ့ဖူးသည်။
သာမန်လူများ သိုင်းပညာ လေ့ကျင့်လိုပါက ဆရာတစ်ဦး ရှာဖွေရန်နှင့် ရတနာဆေးဝါး အမျိုးမျိုးကို စားသုံးရန် လိုအပ်သည်။
ထိုသို့ ပြုလုပ်မှသာ အောင်မြင်ရန် အခွင့်အလမ်း ရှိသည်။
သို့သော် သူမ၏ ခင်ပွန်းသည်တွင် ဆရာသမား မရှိဘဲ ကိုယ်တိုင် လေ့ကျင့်ကာ ကြီးမားသော စွမ်းအားများကို ပိုင်ဆိုင်ထားသည်။ အံ့သြစရာ ကောင်းသော်လည်း သူမ၏ ခင်ပွန်းသည် ဖြစ်နေသဖြင့် ဘယ်တုန်းကမှ မမေးမြန်းခဲ့ပေ။
မည်သို့ပင်ဆိုစေကာမူ ၎င်းသည် မကောင်းသော ကိစ္စ မဟုတ်ပေ။
ယခု ဤအရာကို မြင်တွေ့လိုက်ရပြီး ကျင့်ကြံသူတစ်ပါး၏ အမွေအနှစ်ကို ရရှိထားကြောင်း သိလိုက်ရသဖြင့် အရာအားလုံးသည် ဖြစ်နိုင်ခြေ ရှိသွားပြီ ဖြစ်သည်။
"ဟုတ်တယ်"
"ဒါပေမဲ့ ဒါက တို့နှစ်ယောက်ရဲ့ လျှို့ဝှက်ချက်ပဲနော်... ဘယ်သူ့ကိုမှ မပြောနဲ့"
"နောင်ကျရင် တို့နှစ်ယောက်စလုံး ကျင့်ကြံသူ စုံတွဲ ဖြစ်လာနိုင်တယ်"
ကျန်းဖန် အနည်းငယ် ပြုံးလိုက်ပြီး စုဝေဝေ၏ သွယ်လျသော ခါးလေးကို ဖက်လိုက်သည်။
ဤကမ္ဘာလောကတွင် ကျင့်ကြံသူများနှင့် ပတ်သက်သော ဒဏ္ဍာရီများစွာ ရှိနေကြောင်း သိထားသဖြင့် သူသည် ကျင့်ကြံသူ၏ အမွေအနှစ်ကို ရရှိခဲ့ကြောင်း တိုက်ရိုက် ဝန်ခံလိုက်ခြင်း ဖြစ်သည်။
သာမန်လူများပင်လျှင် ထိုဒဏ္ဍာရီများကို ကြားဖူးနားဝ ရှိကြပြီး အလွယ်တကူ လက်ခံနိုင်ကြသည်။
"ကျွန်မလည်း ကျင့်ကြံသူ ဖြစ်လာနိုင်တာလား"
စုဝေဝေ မျှော်လင့်တကြီး မေးလိုက်သည်။
"သေချာတာပေါ့... ဖြစ်နိုင်တာပေါ့"
ကျန်းဖန် ခေါင်းညိတ်လိုက်သည်။
သူ၏ ကျင့်ကြံမှု ဆက်လက် တိုးတက်လာသည်နှင့်အမျှ စစ်မှန်သော ကျင့်ကြံသူ၏ အမွေအနှစ်နှင့် ကျင့်ကြံနည်းများကို ရှာဖွေတွေ့ရှိမည်ဟု ယုံကြည်ထား၏။ ထိုအချိန်ကျလျှင် စုဝေဝေကိုပါ သူနှင့်အတူ ကျင့်ကြံစေမည် ဖြစ်သည်။
"ရှင် လိမ်နေတာ..."
"ကျင့်ကြံသူ ဖြစ်ဖို့ဆိုတာ အဲ့လောက် မလွယ်ပါဘူး"
"ရှင် ကျင့်ကြံသူ ဖြစ်သွားရင် ကျွန်မကို သေချာပေါက် ထားခဲ့မှာ"
စုဝေဝေ၏ မျက်ဝန်းများ မှေးမှိန်သွားသည်။
သူမသည် အရူးမလေး မဟုတ်ပေ။ ကျင့်ကြံသူ ဖြစ်လာရန် မလွယ်ကူကြောင်း သိထားသည်။
အကယ်၍ အလွယ်တကူ ဖြစ်လာနိုင်ပါက ဤကမ္ဘာလောကတွင် ကျင့်ကြံသူများ ပျောက်ကွယ်လုနီးပါး ဖြစ်နေမည် မဟုတ်ချေ။
သာမန် အမျိုးသမီး တစ်ယောက်အနေဖြင့် သူမသည် ကျင့်ကြံသူ တစ်ယောက်ဟူသည့် ဂုဏ်ပုဒ်နှင့် မည်သို့ ထိုက်တန်ပါမည်နည်း။
အနာဂတ်တွင် ကျန်းဖန်သည် မသေမျိုးလမ်းစဉ်ကို လိုက်စားပြီး သူမကို စွန့်ပစ်ခဲ့လျှင်ပင် နားလည်ပေးနိုင်သော ကိစ္စဖြစ်သည်။
"မင်း တွေးတာတွေ များနေပြီ"
"မင်း မယုံရင် ကိုယ့်ကို ကလေး ၇ ယောက်၊ ၈ ယောက်လောက် မွေးပေးလိုက်လေ"
"အဲ့ဒါဆို ကိုယ် ဘယ်မှ ထွက်ပြေးလို့ မရတော့ဘူးပေါ့"
ကျန်းဖန်သည် စုဝေဝေကို ပွေ့ချီလိုက်ပြီး အိပ်ခန်းထဲသို့ ဦးတည်သွားလိုက်သည်။
ဝှစ်…
စုဝေဝေ၏ လှပသော မျက်နှာလေး ရဲတွတ်သွားသည်။
မကြာမီ အိပ်ခန်းထဲမှ ကုတင်လှုပ်ယမ်းသံများ ထွက်ပေါ်လာ၏။ ထိုအသံသည် အချိန်အကြာကြီး ဆက်လက် ထွက်ပေါ်နေတော့လေသည်။
…
နောက်တစ်ရက် ကြာပြီးနောက်။
ထုန်ဟယ်မြို့နယ် အနီးတစ်ဝိုက်၏ အခြေအနေသည် ပိုမို ရှုပ်ထွေးလာခဲ့သည်။
မျက်ခုံးနီပုန်ကန်သူတပ် ရှုံးနိမ့်သွားသဖြင့် ဓားပြဂိုဏ်း (၃၆) ဂိုဏ်းသည် နေရာအနှံ့ ထွက်ပြေးသွားကြပြီး မီးရှို့ခြင်း၊ လူသတ်ခြင်းနှင့် လုယက်ခြင်းများကို ပြုလုပ်နေကြသည်။
သော်ကရွာ အနီးအနားတွင်ပင် မျက်ခုံးနီပုန်ကန်သူတပ်သားများ၏ အရိပ်အယောင်များ ရံဖန်ရံခါ ပေါ်ထွက်လာတတ်သည်။
ရွာသားများသည် ရွာထဲသို့ ဤပုန်ကန်သူတပ်သားများ မဝင်ရောက်နိုင်စေရန် အတွက် အထူး သတိထား စောင့်ကြပ်နေကြရသည်။
ဝုန်း…
ထိုအချိန်၌ လက်နက်အပြည့်အစုံ တပ်ဆင်ထားသော မြင်းစီးတပ်ဖွဲ့ တစ်ဖွဲ့သည် သော်ကရွာ၏ ရွာဝင်ပေါက်၌ ရုတ်တရက် ပေါ်ထွက်လာလေသည်။
သူတို့သည် မြင်းမြင့်ကြီးများကို စီးနင်းထားကြပြီး သံချပ်ကာ ဝတ်ဆင်ထားကာ ခန္ဓာကိုယ်မှလည်း သွေးဆာနေသော အငွေ့အသက်များကို ထုတ်လွှတ်နေကြသည်။
ရက်စက်သော လူသတ်သမားများ ဖြစ်ကြောင်း ထင်ရှားနေသည်။
အဖွဲ့ကို ဦးဆောင်လာသူမှာ ယွင်ဇီမြို့ လုမိသားစုမှ လုယန် ဖြစ်၏။ မောက်မာဝင့်ကြွားကာ ရက်စက်သော မျက်လုံးများ ပိုင်ဆိုင်ထားသည့် အရိုးတည်ဆောက်ခြင်း အဆင့် သိုင်းပညာရှင် တစ်ဦး ဖြစ်သည်။
"ဒုက္ခပါပဲ... ပြဿနာ တက်ပြီ"
ဤမြင်ကွင်းကို မြင်လိုက်ရသော် ရွာသားများ ကြောက်လန့်တကြား ဖြစ်သွားကြသည်။
အမှန်တိုင်းပြောရလျှင် မျက်ခုံးနီပုန်ကန်သူတပ်နှင့် တွေ့ဆုံရသည်ထက် အစိုးရတပ်များနှင့် တွေ့ဆုံရသည်ကို သူတို့ ပို၍ ကြောက်ရွံ့ကြသည်။
အဘယ်ကြောင့်ဆိုသော် မြို့စားတပ်များသည် နာမည်ဆိုးဖြင့် ကျော်ကြားပြီး သူတို့နှင့် တွေ့ဆုံရခြင်းသည် ဘယ်သောအခါမျှ ကောင်းသောကိစ္စ မဟုတ်ခဲ့ဖူးသောကြောင့်ပင်။
…