← Chapters

ပထမမြောက်နေရာပြောင်းလဲခြင်း

Vol. 48 Ch. 669

ပထမမြောက်နေရာပြောင်းလဲခြင်း

Vol. 48 Ch. 669

ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း ဖြစ်ပျက်ခဲ့သော အကြောင်းအရာများအား ရုတ်ရုတ်သဲသဲ ဝေဖန်ပြောဆိုကြခြင်းများမှာ ရှန်ဇူတိုက်ကြီး၌ ဖြည်းညင်းစွာ ပျောက်ကွယ်လာပြီပင် ဖြစ်သည်။   ရှန်ဇူတိုက်ကြီးနှင့် ကန်ရွှမ်းကောင်းကင်ဒေသတစ်ခုလုံးတို့သည် အံ့အားသင့်ဖွယ် အဖြစ်အပျက်များ နေ့စဉ်နှင့်အမျှရှိနေသော အရပ်ဒေသများပင် ဖြစ်သည်။ ထို့ကြောင့် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်းရှိ အကြောင်းအရာများအား အချိန်ကြာမြင့်စွာ ဝေဖန်ပြောဆိုနေကြမည် မဟုတ်ပေ။

ရှန်ဇူတိုက်ကြီးအတွင်း သတင်းတစ်ခု ငြိမ်သက်သွားသည်နှင့်တစ်ပြိုင်နက် ကျန်သတင်းစကားတစ်ခုမှာ ပျံ့လွင့်လာမြဲပင် ဖြစ်သည်။

ထိုသတင်းမှာ မြင့်မြတ်သောနန်းတော်၏ နံပါတ်တစ် ရွေးချယ်ခံနေရာအား ရရှိထားသော ကျောင်းထိုက်ရှင်းသည် ဝူဟောင်ဟူသည့် တပည့်အားရှုံးနိမ့်ကာ ပထမနေရာအား လက်လွှတ်လိုက်ရသည်ဟူသည့် အကြောင်းအရာပင် ဖြစ်သည်။

ဤနှစ်များအတွင်း ကျောင်းထိုက်ရှင်းအား ခြိမ်းခြောက်နိုင်သည်အထိ တိုက်ပွဲစွမ်းရည် ကောင်းမွန်သူမှာ ချူချင်းတစ်ဦးသာရှိခဲ့ပြီး အခြားရွေးချယ်ခံများမှာ ၎င်း၏အနားသို့ပင် မသွားဝံ့ခဲ့ကြပေ။

ထို့အပြင် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း မြင့်မြတ်သောနန်းတော်မှာ ကန်ရွှမ်းကလန်အား ရှုံးနိမ့်ခဲ့ရပါသော်လည်း ကျောင်းထိုက်ရှင်းသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် စွမ်းအားကြီးနေဆဲပင် ဖြစ်သည်။ အကယ်၍ ချူချင်းသာ ကျောင်းထိုက်ရှင်းအား စွမ်းအင်အကုန်အစင် အသုံးပြုကာ ရင်ဆိုင်ခြင်းမရှိခဲ့ပါက ကန်ရွှမ်းကလန်အနေဖြင့် မြင့်မြတ်သောနန်းတော်အား အနိုင်ရရန် လွယ်ကူလိမ့်မည်မဟုတ်ချေ။

ထို့ကြောင့် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း မြင့်မြတ်သောနန်းတော်သည် ကန်ရွှမ်းကလန်အား ရှုံးနိမ့်ခဲ့ရပါသော်လည်း ရွေးချယ်ခံများ အဆင့်သတ်မှတ်ချက်၌ ကျောင်းထိုက်ရှင်း၏ ပထမနေရာမှာ တည်မြဲနေဆဲပင် ဖြစ်သည်။

ထိုသည်ကို အဘယ့်ကြောင့် ကျောင်းထိုက်ရှင်းမှာ ရုတ်တရက် ရှုံးနိမ့်သွားရပါသနည်း။

ဝူဟောင်ဆိုသည်မှာ မည်သူဖြစ်ပါသနည်း။ အဘယ့်ကြောင့် လွန်စွာသန်မာနေရပါသနည်း။ ထိုဝူဟောင်ဆိုသောသူသည် ကျောင်းထိုက်ရှင်းကိုပင် အနိုင်တိုက်နိုင်ခဲ့သည်။

လူတိုင်း၏ စိတ်နှလုံးထဲတွင် ဝူဟောင်နှင့်ပက်သတ်၍ မေးခွန်းများစွာ ဖြစ်ပေါ်နေရသည်။ သို့သော် မကြာမီမှာပင် မြင့်မြတ်သောနန်းတော်မှ ထိုအကြောင်းအရာနှင့်စပ်လျဉ်း၍ ဖြေရှင်းချက်အချို့အား ထုတ်ပြန်ကြေညာခဲ့၏။

ဝူဟောင်သည် ကန်းမင်တိုက်ကြီးမှ လာရောက်ခဲ့သော အရည်အချင်းရှိသည့် တပည့်တစ်ဦးဖြစ်ကာ မြင့်မြတ်သောနန်းတော်၏ နန်းဆောင်သခင်ရှန့်ယွမ်ကိုယ်တိုင် တပည့်အဖြစ် လက်ခံထားခဲ့သူဖြစ်ကြောင်း၊ လက်ရှိအချိန်၌ ဝူဟောင်သည် မူလစဦး နဝမအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဖြေရှင်းထားခဲ့သည်။

မြင့်မြတ်သောနန်းတော်မှာ ကျောင်းထိုက်ရှင်းနှင့် ဝူဟောင်တို့၏တိုက်ပွဲသည် မျှတသောတိုက်ပွဲတစ်ခုဖြစ်ကြောင်း သိရှိစေရန်အတွက် ယင်းတို့၏တိုက်ပွဲအား မှတ်တမ်းတင်ကျောက်တုံး အများအပြားဖြင့် သိမ်းဆည်းကာ ရှန်ဇူတိုက်ကြီးတစ်ခုလုံးသို့ပင် ဖြန့်ဝေခဲ့သည်။

ထိုသို့ပြုလုပ်ရခြင်းမှာ လူတိုင်း၏ သံသယမေးခွန်းများ ပျောက်ကွယ်သွားစေရန်အတွက် ဖြစ်သည်။

"မြင့်မြတ်သောနန်းတော်က ကန်ရွှမ်းကောင်းကင်ဒေသထဲမှာ တကယ့်ကို အကောင်းဆုံးကလန်ပဲ။ သူတို့ရဲ့ အခြေခံအုတ်မြစ် ခိုင်မာမှုက အံ့မခမ်းပဲဟေ့။"

"ကျောင်းထိုက်ရှင်းက ရွေးချယ်ခံစာရင်းရဲ့ နံပါတ်တစ်မှာ ရှိနေတာ အချိန်တော်တော်ကြာပြီ။ ဘယ်သူကမှ သူ့ကိုမဖြုတ်ချနိုင်ခဲ့ဘူး။ အခုလို မြင့်မြတ်သောနန်းတော်က တပည့်ကပဲ သူ့ကိုအနိုင်ယူနိုင်သွားလိမ့်မယ်လို့ လုံးဝမထင်ထားမိဘူး။"

"ကျောင်းထိုက်ရှင်းကတောင် တော်တော်ကြောက်ဖို့ကောင်းနေတာ။ အခုသူ့ကိုနိုင်သွားတဲ့ ဝူဟောင်ဆိုတဲ့လူက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းမလဲ မသိဘူး။"

"ကြည့်ရတာ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာကိုသွားတုန်းက မြင့်မြတ်သောနန်းတော်က လူအကုန် ထည့်ပေးလိုက်ပုံမရဘူး။ အခုဝူဟောင်ဆိုတဲ့သူသာပါလာရင် ကန်ရွှမ်းကလန်က ပထမနေရာ ဘယ်ရနိုင်မလဲ။"

"ဟူး....ကန်ရွှမ်းကလန်အနေနဲ့ မြင့်မြတ်သောနန်းတော်ကို မှီဖို့ဆိုတာ တော်တော်ဝေးကွာနေပြီ ထင်ပါရဲ့ကွာ။"

"......"

ရှန်ဇူတိုက်ကြီးအတွင်းရှိနေသော ကလန်အသီးသီးထံမှ မြင့်မြတ်သောနန်းတော်နှင့်ပက်သတ်၍ ဝေဖန်ပြောဆိုကြသော အကြောင်းအရာများစွာ ထွက်ပေါ်လာသည်။ ဝူဟောင်၏ အကြောင်းအား ကြားသိလိုက်ရပြီးနောက် များစွာသော ရွေးချယ်ခံများမှာ ရွေးချယ်ခံများ အဆင့်သတ်မှတ်ချက်၏ ပထမနေရာအား စိတ်ပင်မကူးရဲကြတော့ပေ။

မြင့်မြတ်သောနန်းတော်၏ အင်အားအရရော၊ ဂုဏ်သိက္ခာအရပါ ကြောက်မက်ဖွယ်ကောင်းသော အင်အားကြီးကလန်ကြီးတစ်ခု ဖြစ်နေဆဲပင်ဖြစ်သည်။

.........

ပထမမြောက် ရွေးချယ်ခံနေရာ ပြောင်းလဲသွားသည့် မြင့်မြတ်သောနန်းတော်မှ သတင်းသည် ကန်ရွှမ်းကလန်ထံသို့လည်း ရော​က်ရှိလာခဲ့ပြီး များစွာသော တပည့်များမှာ ထိုအကြောင်းအရာနှင့်ပက်သတ်၍ အံ့အားသင့်ကာ တိတ်ဆိတ်ငြိမ်သက်သွားကြရသည်။

ကျောင်းထိုက်ရှင်းသည် ကန်ရွှမ်းကလန်မှ တပည့်များအား အလွန်ပင် စိတ်ဖိစီးမှုဖြစ်စေသူတစ်ဦး ဖြစ်သည်။ ကန်ရွှမ်းကလန်မှ တပည့်များအနေဖြင့် အတောင့်တဆုံးအရာမှာ ကျောင်းထိုက်ရှင်းအား ကန်ရွှမ်းကလန်မှ ရွေးချယ်ခံတစ်ဦးလက်ထဲတွင် ရှုံးနိမ့်သွားခြင်းကို မြင်တွေ့လိုက်ကြခြင်း ဖြစ်သည်။ သို့သော် ယခုတွင်မူ မြင့်မြတ်သောနန်းတော်မှ အခြားတပည့်တစ်ဦးကသာ ကျောင်းထိုက်ရှင်းအား အနိုင်ယူသွားခဲ့ပြီ ဖြစ်၏။

ကန်ရွှမ်းကလန်အနေဖြင့် ကျောင်းထိုက်ရှင်းကိုပင် အနိုင်မရနိုင်ခဲ့ပေ။ လက်ရှိတွင်မူ မြင့်မြတ်သောနန်းတော်၌ ကျောင်းထိုက်ရှင်းထက် သာလွန်သူပင် ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။

ကန်ရွှမ်းကလန်မှ တပည့်များမှာ မည်သည့်စကားမှပင် မဆိုနိုင်ကြတော့ပဲ တိတ်ဆိတ်ငြိမ်သက်သွားကြရသည်။ ၎င်းတို့၏ နှလုံးသားထဲတွင် စိတ်ပျက်အားငယ်မှုများဖြင့်သာ ပြည့်နှက်နေရ၏။ မြင့်မြတ်သောနန်းတော်သည် အမှန်တကယ်ပင် အင်အားကြီးလွန်းလှပေသည်။

အကယ်၍ ဝူဟောင်သည်သာ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ၏ ခရီးစဉ်အတွင်း ပါဝင်လာခဲ့ပါက ကန်ရွှမ်းကလန်အနေဖြင့် ပထမနေရာ ရရှိနိုင်ပါ့မည်လားပင် မသေချာတော့ပေ။

ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်းမှ အောင်မြင်မှုများကြောင့် ယုံကြည်ချက်များ ပြည့်နှက်လာခဲ့ရသော ကန်ရွှမ်းကလန်မှ တပည့်များ၏ ခံယူချက်များမှာ တုန်လှုပ်သွားရပြီ ဖြစ်သည်။

ထိုအချိန်မှာပင် ကလန်ခေါင်းဆောင်ချင်းယန်မှာ သီးသန့်ကျင့်ကြံခြင်း မပြီးဆုံးသေးသော ဇူယွမ်မှလွဲ၍ တောင်ထွတ်ဆရာသခင်များ၊ အကြီးအကဲများနှင့် ရွေးချယ်ခံများအားလုံးကို ခေါ်ယူတွေ့ဆုံခြင်းပြုလေသည်။

"မြင့်မြတ်သောနန်းတော်က ကျောင်းထိုက်ရှင်း ရှုံးနိမ့်ရတဲ့အကြောင်းကို ဟိုးလေးတကျော်ကျော်ဖြစ်အောင် အချိန်ကိုက် ထုတ်ပြန်လိုက်တာက ရှန်းဟွပုံရိပ်ယောင်ကမ္ဘာထဲက သူတို့ရဲ့ရှုံးနိမ့်မှုကို ဖုံးထားချင်လို့ပဲ ဖြစ်တယ်။" ကလန်ခေါင်းဆောင် ချင်းယန်မှ တည်ငြိမ်သောအမူအရာဖြင့် စကားဆိုလိုက်သည်။

"ဒီကိစ္စက ကန်ရွှမ်းကလန်မှာရှိနေတဲ့ တပည့်တွေအပေါ် ကြီးကြီးမားမား အကျိုးသက်ရောက်မှု ဖြစ်စေလိမ့်မယ်။" ဓားကပ်ဘေးတောင်ထွတ်၏ ဆရာသခင်မှ ပြောလိုက်သည်။

"မြင့်မြတ်သောနန်းတော်က တအားမုန်းဖို့ကောင်းတာပဲ။" နှင်းပဒုမ္မာတောင်ထွတ်၏ ဆရာသခင်မလျှို့လျန်းယီမှ မျက်မှောင်ကျုံ့ကာ ပြောလိုက်သည်။ "သူတို့ကလန်ထဲမှာ ဖြစ်တဲ့တိုက်ပွဲပဲဟာ ဘာတွေဘယ်လိုလုပ်ထားလဲ အတိအကျ ဘယ်သူက သိနိုင်မလဲ။"

"မှတ်တမ်းတင်ကျောက်တုံးကို ငါကြည့်ပြီးသွားပြီ။ ဝူဟောင်က တကယ်ပဲ ကျောင်းထိုက်ရှင်းထက် ပိုသာတယ်။" မိုးကြိုးအကျဉ်းထောင်တောင်ထွတ်၏ ဆရာသခင်လဲ့ကျွမ်းမှ ပြောလိုက်သည်။

ချူချင်း၊ ခုန်းရှန်၊ လီချင်းချန်နှင့် အခြားသော ရွေးချယ်ခံများအားလုံးမှာ လေးနက်သော အမူအရာများဖြင့် ရှိနေကြသည်။ ၎င်းတို့အားလုံးမှာ ကျောင်းထိုက်ရှင်း၏ တိုက်ပွဲစွမ်းရည်အား ကောင်းစွာသိရှိထားကြသူများ ဖြစ်သည်။ ထို့ကြောင့် ဝူဟောင်မှ ကျောင်းထိုက်ရှင်းအား အနိုင်ရရှိခဲ့သည်ဟု ကြားသိလိုက်ရသောအခါတွင် အလွန်ပင် အံ့အားသင့်သွားခဲ့ကြရသည်။ ကျောင်းထိုက်ရှင်းကိုပင် အနိုင်ရအောင် တိုက်ခိုက်နိုင်ခဲ့သော ဝူဟောင်ဆိုသူမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် သန်မာသူတစ်ဦး ဖြစ်ပေလိမ့်မည်ပင် ဖြစ်သည်။

"အဲ့ဝူဟောင်ဆိုတဲ့သူက ဘယ်ကလဲ။ ကျွန်မ သူ့အကြောင်း တစ်ခါမှ မကြားဖူးဘူး။" လီချင်းချန်မှ မျက်မှောင်ကျုံ့ကာ မေးမြန်းလိုက်သည်။

ကလန်ခေါင်းဆောင်ချင်းယန်မှ ပြန်လည်ဖြေကြားလိုက်သည်။ "ဝူဟောင်က ဇူယွမ်လိုပဲ။ ကန်းမင်တိုက်ကြီးကလူပဲ။"

"သူကလည်း ကန်းမင်တိုက်ကြီးကပဲလား။"

လီချင်းချန်နှင့် အခြားသော ရွေးချယ်ခံများမှာ တစ်ဦးကိုတစ်ဦး ကြည့်ရှုလိုက်မိကြသည်။

လွန်ခဲ့သော နှစ်များအတွင်း သေးငယ်သော ကန်းမင်တိုက်ကြီးထံမှ အရည်အချင်းရှိသူပေါင်းများစွာ ထွက်ပေါ်လာခဲ့သည်။

"ဇူယွမ်နဲ့ ဝူဟောင်က ကန်းမင်တိုက်ကြီးမှာရှိတဲ့ သူတော်စင်အကြွင်းအကျန်နယ်မြေထဲမှာ အရမ်းပြင်းထန်တဲ့ တိုက်ပွဲတစ်ခုကို တိုက်ခဲ့ကြဖူးတယ်။ အဆုံးမှာ ဇူယွမ်က ဝူဟောင်ရဲ့ ရုပ်ခန္ဓာကို ဖျက်စီးနိုင်ခဲ့တယ်။ စိတ်ဝိဉာဉ်ကိုတော့ မြင့်မြတ်သောနန်းတော်က အချိန်မှီကယ်လိုက်တဲ့အတွက် လွတ်သွားတယ်။ အခုကြည့်ရတာတော့ မြင့်မြတ်သောနန်းတော်ရဲ့ နန်းဆောင်သခင်က ဝူဟောင့်အတွက် ခန္ဓာအသစ် ပြန်လုပ်ပေးခဲ့တဲ့ပုံပဲ။" ကလန်ခေါင်းဆောင်ချင်းယန်မှ ရှင်းပြပြောဆိုလိုက်သည်။

လီချင်းချန်နှင့် အခြားသော ရွေးချယ်ခံများမှာ ထပ်မံအံ့အားသင့်သွားကြရသည်။ ၎င်းတို့သည် ဇူယွမ်နှင့် ဝူဟောင်အကြား ထိုကဲ့သို့သော အဖြစ်အပျက်မျိုး ရှိခဲ့လိမ့်မည်ဟု ထင်မှတ်မထားကြချေ။

ဝူဟောင်အတွက် ရုပ်ခန္ဓာအား ပြန်လည်တည်ဆောက်ရန်မှာ လွယ်ကူသောအရာတစ်ခု မဟုတ်ပေ။ မြင့်မြတ်သောနန်းတော်၏ နန်းဆောင်သခင်ရှန့်ယွမ်သည် ဝူဟောင်၏ အရည်အချင်းများအား မြင်တွေ့ခဲ့ခြင်းကြောင့် ထိုသို့ကူညီခြင်း ပြုခဲ့သည်လား....

ကလန်ခေါင်းဆောင်ချင်းယန်မှာ ခေါင်းကိုသာ တွင်တွင်ခါယမ်းနေမိသည်။ သူသည် အတွေ့အကြုံများစွာအား ဖြတ်သန်းခဲ့ပြီးသော ရင့်ကျက်သည့်သူတစ်ဦး ဖြစ်သည်။ ထို့အတွက်ကြောင့် အတည်မပြုနိုင်သော စိတ်ခံစားချက်အရ မြင့်မြတ်သောနန်းတော်၏ နန်းဆောင်သခင်ရှန့်ယွမ်သည် တစ်စုံတစ်ခုအား ကြံစည်နေခြင်းဖြစ်သည်ဟု ခံစားနေမိသည်။

ကလန်ခေါင်းဆောင် ချင်းယန်မှာ အတွေးစများအား ဖြတ်တောက်ပစ်လိုက်သည်။ သူသည် မြင့်မြတ်သောနန်းတော်၏ ရွေးချယ်ခံများစာရင်း ပြောင်းလဲသွားခြင်းနှင့်အတူ အခြားသော သတင်းတစ်ခုကိုလည်း လက်ခံရရှိထားသည်။

ထိုသတင်းမှာ ကန်းမင်တိုက်ကြီးအား အတော်ပင် ကြီးစိုးထားနိုင်သည့် ဝူအင်ပါယာသည် ကြီးမြတ်သောဇူအင်ပါယာထံ စစ်ချီနေပြီဟူသော အကြောင်းအရာပင် ဖြစ်သည်။

ပုံမှန်အားဖြင့်ဆိုလျှင် ကလန်ခေါင်းဆောင် ချင်းယန်အနေဖြင့် ကန်းမင်တိုက်ကြီးအတွင်းမှ အရည်အချင်းနိမ့်ပါးသော ဘုရင်နှစ်ဦး၏ စစ်ပွဲအကြောင်းအား ဂရုစိုက်နေလိမ့်မည် မဟုတ်ပေ။ သို့သော် ယခုတွင်မူ ရွေးချယ်ခံများ အဆင့်သတ်မှတ်ချက်တွင် နံပါတ်တစ်နေရာအား ရရှိသွားသည့် ဝူဟောင်သည် ဝူအင်ပါယာမှ အိမ်ရှေ့စံမင်းသားဖြစ်နေခြင်းကြောင့် အခြေအနေမှာ  ပြောင်းလဲသွားရသည်။

အဘယ့်ကြောင့်ဆိုသော် ကန်ရွှမ်းကလန်အတွင်းရှိနေသော ဇူယွမ်မှာ ကြီးမြတ်သောဇူအင်ပါယာ၏ အိမ်ရှေ့စံမင်းသား ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။

ဝူအင်ပါယာသည် ကြီးမြတ်သောဇူအင်ပါယာအား စစ်ကြေညာပြီးသည့်တစ်ပြိုင်နက် ဝူဟောင်၏ အနိုင်ရရှိမှုသတင်းမှာ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ကြည့်ရသည်မှာ ထိုကိစ္စများ၏ နောက်ကွယ်တွင် မြင့်မြတ်သောနန်းတော်၏ နန်းဆောင်သခင် ပါဝင်ပက်သတ်နေပုံ ရ၏။.

မြင့်မြတ်သောနန်းတော်ရဲ့ နန်းဆောင်သခင်ရှန့်ယွမ်က ရှန်းဟွပုံရိပ်ယောင်ကမ္ဘာထဲမှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေနဲ့ပက်သတ်ပြီး မကျေနပ်လို့များလား....

ကလန်ခေါင်းဆောင်ချင်းယန်မှာ အနည်းငယ်မျှ တွေးတောလိုက်ပြီးနောက် အလျင်အမြန် စကားဆိုလိုက်သည်။ "ဇူယွမ်ကိုသွားပြီး သတင်းပို့လိုက်။ ကျင့်ကြံတာရပ်ပြီး ဒီကိုအမြန်လာခဲ့ အရေးတကြီး ဆွေးနွေးစရာ ရှိနေတယ်လို့။"

တပည့်တစ်ဦးမှာ ကလန်ခေါင်းဆောင်ထံမှ သတင်းစကားအား လက်ခံရယူကာ ဇူယွမ်ထံသို့ အလျင်အမြန် ထွက်ခွာရန် ပြင်ဆင်လိုက်သည်။

ထိုအချိန်မှာပင် ကလန်ခေါင်းဆောင်ချင်းယန်မှာ ထိုတပည့်အား လက်ကာပြကာ တားဆီးလိုက်ပြီးနောက် မူလသူတော်စင်တောင်ထွတ်ရှိရာအရပ်အား လှမ်းမျှော်ကြည့်ကာ ခပ်ဖွဖွပြုံးလိုက်သည်။

"ကြည့်ရတာ အရေးတကြီး သွားပြောဖို့ မလိုလောက်တော့ဘူး ထင်တယ်။"

"ဝုန်း...."

ကလန်ခေါင်းဆောင်ချင်းယန်မှ ထိုစကားအား ပြောဆိုပြီး မကြာမီမှာပင် မူလသူတော်စင်တောင်ထွတ်ထံမှ ကျယ်လောင်ပြင်းထန်သော အသံကြီးတစ်ခု ထွက်ပေါ်လာသည်။

ချီစွမ်းအင်များမှာ တောက်ပလင်းလက်စွာဖြင့် ကောင်းကင်ထက်တိုင်အောင် ထိုးဖောက်မြင့်တက်သွား၏။

လီချင်းချန်နှင့် အခြားသူများမှာ ထိုမြင်ကွင်းအား ကြည့်ရှုကာ အလွန်ပင် အံ့အားသင့်သွားကြရသည်။

ဇူယွမ်မှာ မူလစဦး နဝမ​မြောက်အဆင့်သို့ တက်ရောက်သွားနိုင်ခဲ့ပြီပင် ဖြစ်လေတော့သတည်း.....

All Chapters