လျင်မြန်လှသောစွမ်းအင်တိုးတက်နှုန်း
Vol. 48 Ch. 670
ဝုန်း....
မူလသူတော်စင်တောင်ထွတ်ထံမှ အလွန်မြင့်မားလှသော စွမ်းအင်လှိုင်းတစ်ခု မိုးကောင်းကင်တိုင်အောင် ထိုးဖောက်တက်လာသည်။ ဆန်းကြယ်စွာ တောက်ပလင်းလက်နေသော ချီစွမ်းအင်လှိုင်းများ၏ ဆွဲငင်ညှို့ယူမှုကြောင့် ကန်ရွှမ်းကလန်မှ တပည့်များစွာမှာ အံ့အားသင့်သွားကြရသည်။
တပည့်များမှာ ထိုစွမ်းအင်အလင်းတန်းအတွင်းမှ ပိန်သွယ်ခန့်ညားသော ပုံရိပ်တစ်ခုအား မြင်တွေ့လိုက်ရချိန်တွင် အလွန်စိတ်လှုပ်ရှားသွားရသည်။
"အဲ့ဒါ စီနီယာအကိုတော်ဇူယွမ်မလား။"
"သူကအဆင့်တက်သွားပြန်တာလား။"
"သူ့ဆီက ထွက်နေတဲ့ ချီစွမ်းအင်တွေက ပြင်းထန်လိုက်တာ။ ပုံမှန်မူလစဦး နဝမမြောက်အဆင့်ထက် ပိုသာနေတယ်။ သူ့ရဲ့ ချီစွမ်းအင် အခြေခံအုတ်မြစ်က ဘယ်လောက်တောင် ကျစ်လစ်ခိုင်မာနေလဲ မသိဘူး။"
"စီနီယာအကိုတော်ဇူယွမ်က မူလစဦး အဋ္ဌမအဆင့်နဲ့တင် မြင့်မြတ်သောနန်းတော်ရဲ့ ကျင်းချန်းဇယ်ကို သတ်နိုင်ခဲ့တာလေ။ အခုနဝမမြောက်အဆင့်ကို တက်သွားပြီဆိုတော့ ဝူဟောင်ဆိုတဲ့သူနဲ့ ယှဉ်လို့ရလောက်မလား သိချင်မိတယ်။"
"ဝူဟောင်က ကျောင်းထိုက်ရှင်းကိုတောင် အနိုင်ယူထားတဲ့သူဆိုတော့ လွယ်မှာတော့ မဟုတ်ဘူး။"
"....."
ဇူယွမ်၏ အဆင့်တက်ခြင်းနှင့်ပက်သတ်၍ ကန်ရွှမ်းကလန်အတွင်း ဝေဖန်သုံးသပ်မှုများစွာ ထွက်ပေါ်နေလျက် ရှိသည်။
မည်သို့ပင်ဆိုစေကာမူ တပည့်အများစုမှာ ဇူယွမ်အား ဝူဟောင်နှင့် နှိုင်းယှဉ်ရန်မဖြစ်နိုင်ဟု ထင်မှတ်နေကြဆဲပင် ဖြစ်သည်။
ဝူဟောင်သည် ကျောင်းထိုက်ရှင်းအား အနိုင်ရရှိကာ ရွေးချယ်ခံများ အဆင့်သတ်မှတ်ချက်၌ နံပါတ်တစ်နေရာကို ရယူနိုင်ခဲ့သူ ဖြစ်သည့်အတွက် များစွာသော တပည့်များမှာ ယင်းအပေါ်၌ အထင်ကြီးစိတ်များ ဖြစ်ပေါ်နေကြရသည်။
မိုးကောင်းကင်သို့တိုင်အောင် ထိုးဖောက်နေလျက်ရှိသော စွမ်းအင်အလင်းတန်းများမှာ အချိန်တစ်ခုကြာသည်အထိ တည်ရှိနေပြီးနောက် ဖြည်းညင်းစွာဖြင့် ပြန်လည်ပျောက်ကွယ်သွားသည်။ ဇူယွမ်မှာ တမုဟုတ်ချင်း အစည်းအဝေးခန်းမထံသို့ ပျံသန်းသွားတော့၏။
ကလန်ခေါင်းဆောင်ချင်းယန်၊ တောင်ထွတ်ဆရာသခင်များနှင့် ရွေးချယ်ခံများအားလုံးမှာ အစည်းအဝေးခန်းမ၏ အပြင်ဖက်တွင်ရပ်လျက် ပျံသန်းလာနေသော ဇူယွမ်အား ကြည့်ရှုနေကြသည်။
ဇူယွမ် ဆင်းသက်ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် ချူချင်း၊ လီချင်းချန်၊ ခုန်းရှန်နှင့် အခြားသော ရွေးချယ်ခံများထံမှ အကာအကွယ် ချီစွမ်းအင်လွှာများ အလိုအလျောက် ထွက်ပေါ်လာကြသည်။
ထိုသို့ဖြစ်ရခြင်းမှာ ၎င်းတို့၏ ခန္ဓာကိုယ်မှ ပြင်းထန်လှသော အန္တရာယ် အငွေ့အသက်အား ရရှိသွားသောကြောင့်ပင် ဖြစ်သည်။
ရွေးချယ်ခံများမှာ အလွန်အံ့အားသင့်နေသော အမူအရာများဖြင့် ဇူယွမ်အား ကြည့်ရှုနေမိကြသည်။
ပုံမှန်အားဖြင့် တည်ငြိမ်အေးချမ်းစွာ ရှိနေတက်သော ချူချင်း၏ မျက်ဝန်းများသည်ပင် လေးနက်မှု အရိပ်အယောင်များဖြင့် ပြည့်နှက်နေရသည်။
ဇူယွမ်ထံမှ ရရှိနေသော အန္တရာယ် အငွေ့အသက်မှာ ကျောင်းထိုက်ရှင်းနှင့် တွေ့ဆုံရသည်ထက်ပင် ပိုမိုပြင်းထန်နေလျက် ရှိသည်။
ဇူယွမ် မူလစဦး အဋ္ဌမအဆင့်တွင် ရှိနေခဲ့စဉ်က ထိုကဲ့သို့သော အငွေ့အသက်မျိုး ရရှိခဲ့ခြင်း မရှိပါချေ။ အဘယ့်ကြောင့် မူလစဦး နဝမအဆင့်သို့ တက်လှမ်းသွားရုံမျှဖြင့် အန္တရာယ် အငွေ့အသက်မှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် မြင့်တက်လာရပါသနည်း။
ပုံမှန်အားဖြင့် မူလစဦး နဝမအဆင့်သို့ တက်ရောက်သောအခါ၌ ချီစွမ်းအင်အခြေခံအုတ်မြစ်မှာ များစွာကျစ်လစ်ခိုင်မာလာတက်ပါသော်လည်း ဇူယွမ်၏ တိုးတက်မှုမှာ စိတ်ကူးနိုင်သည်ထက်ပင် များစွာသာလွန်နေသေးသည်။ ချူချင်း၏ ခန့်မှန်းချက်သာ မှန်ကန်မည်ဆိုပါက ဇူယွမ်၏ ချီပင်လယ်အတွင်း ချီကြယ်ပွင့် တစ်သိန်းကျော်မျှပင် ရှိနေပြီဖြစ်သည်။
ချူချင်းနှင့် အခြားသော ရွေးချယ်ခံများမှာ အလွန်ထိတ်လန့်အံ့သြနေရသကဲ့သို့ ကလန်ခေါင်းဆောင် ချင်းယန်နှင့် တောင်ထွတ်ဆရာသခင်များမှာလည်း ဇူယွမ်အားကြည့်ရှုကာ အံ့အားသင့်နေကြရသည်။
ရွေးချယ်ခံများအနေဖြင့် ဇူယွမ်၏ ချီစွမ်းအင် အခြေခံအုတ်မြစ် တိုးတက်လာမှုများနှင့်ပက်သတ်ကာ ခန့်မှန်းရုံမျှသာ တက်နိုင်ပါသော်လည်း ကလန်ခေါင်းဆောင်နှင့် တောင်ထွတ်ဆရာသခင်များအနေဖြင့်မူ တိတိကျကျ ခံစားသိရှိနေရသည်။
"အခုမင်းရဲ့ ကျင့်ကြံခြင်းက မူလစဦး နဝမအဆင့်ရဲ့ အထွတ်အထိပ်ကိုတောင် ရောက်သွားပြီပဲ။" ကလန်ခေါင်းဆောင်ချင်းယန်မှ ဇူယွမ်အား ချီးကျူးစကားဆိုလိုက်သည်။
ချူချင်း၊ လီချင်းချန်နှင့် အခြားသော ရွေးချယ်ခံများအားလုံးမှာ အလွန်အံ့အားသင့်သွားကြရသည်။ ဇူယွမ်၏ အဆင့်တက်ခြင်းအား မြင်တွေ့ခဲ့ရပါသော်လည်း တစ်ချိန်တည်းမှာပင် အထွတ်အထိပ်အဆင့်ထိ ရောက်ရှိသွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြပေ။
ဇူယွမ်၏ ကျင့်ကြံခြင်း အဆင့်တိုးတက်မှုမှာ အံ့သြစရာကောင်းလောက်အောင် ဆန်းကြယ်လွန်းလှသည်။
ဇူယွမ်မှာ ခပ်ဖွဖွပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။ ကောင်းကင်ဘုံ၏ဒဏ်ခတ်ခြင်း သူတော်စင်မှော်စာလုံးတွင် ပါဝင်နေသော သန့်စင်လှသည့် စကြာဝဠာချီစွမ်းအင်များ၏ အကူအညီဖြင့် သူ၏တိုးတက်မှုမှာ အလွန်လျင်မြန်သွားခဲ့ရသည်။ ယခုဆိုလျှင် ဇူယွမ်မှာ ချီပင်လယ်အား ပြန်လည်သန့်စင်ကာ နတ်ဘုံခန်းဝါ နိဗ္ဗာန်များအား ဖွင့်လှစ်၍ နတ်ဘုံခန်းဝါအဆင့်သို့တက်လှမ်းရန် ခြေတစ်လှမ်းစာမျှသာ လိုတော့သည်။
"နင့်ရဲ့ချီပင်လယ်ထဲမှာ ချီကြယ်ပွင့် ဘယ်လောက်ရှိနေပြီလဲ။" လီချင်းချန်မှာ ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလိုက်သည်။
"တစ်သိန်းရှစ်သောင်း..." ဇူယွမ်မှ ပြန်လည်ဖြေကြားလိုက်သည်။
ဘာ.....
ရွေးချယ်ခံများမှာ အလွန်အံ့အားသင့်သွားကြရပြီး ချူချင်းသည်ပင် မျက်ဝန်းများ ပြူးကျယ်သွားရသည်။ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်းမှ ပြန်လည်ရောက်ရှိလာပြီးနောက် သီးသန့်ကျင့်ကြံခြင်းများ ပြုလုပ်ခဲ့သဖြင့် ချူချင်း၏ စွမ်းအင်များမှာလည်း ယခင်ကထက် တိုးတက်လာခဲ့ပြီ ဖြစ်သည်။ သို့သော် ချူချင်း၏ ချီပင်လယ်အတွင်း ချီကြယ်ပွင့် တစ်သိန်းတစ်သောင်းမျှသာ ရှိနေသေး၏။
ချူချင်းမှာ ယနေ့အခြေအနေသို့ ရောက်ရှိလာနိုင်ရန်ပင် နှစ်ပေါင်းများစွာ ကျင့်ကြံအားထုတ်ခဲ့ရခြင်း ဖြစ်သည်။
သို့သော် ဇူယွမ်မှာမူ တစ်လမျှသော အချိန်အတွင်းမှာပင် ချီကြယ်ပွင့် သုံးသောင်းကျော်မှ တစ်သိန်းရှစ်သောင်းအထိ ထိုးတက်သွားခဲ့သည်။ ဇူယွမ်၏ တိုးတက်နှုန်းမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။
ဇူယွမ်မှာ အံ့အားသင့်စွာ ကြည့်ရှုနေကြသော ရွေးချယ်ခံများအား ကောင်းစွာနားလည်နေမိသည်။ ကောင်းကင်ဘုံ၏ဒဏ်ခတ်ခြင်း သူတော်စင်မှော်စာလုံး၏ အကူအညီကြောင့်သာ မဟုတ်ပါက သူသည်လည်း မူလစဦး နဝမအဆင့်သို့ တက်ရောက်နိုင်ရန် အနည်းဆုံး အချိန်တစ်နှစ်ကြာမျှ ယူရလိမ့်မည် ဖြစ်သည်။
"ချီကြယ်ပွင့် တစ်သိန်းရှစ်သောင်းက နည်းတော့ပမာဏ မဟုတ်ဘူး။ ငါ့ရဲ့ဆရာသခင် နတ်ဘုံခန်းဝါအဆင့် တက်တုန်းကဆို ချီကြယ်ပွင့် နှစ်သိန်းငါးသောင်းရှိခဲ့တယ်လို့ ကြားဖူးတယ်။" ကလန်ခေါင်းဆောင် ချင်းယန်မှ စကားဆိုလိုက်သည်။
တောင်ထွတ်ဆရာသခင်များမှာ အံ့အားသင့်သွားသော မျက်ဝန်းများဖြင့် ဇူယွမ်အား ကြည့်ရှုလိုက်ကြသည်။ ကလန်ခေါင်းဆောင်ချင်းယန်ပြောသော ဆရာသခင်ဖြစ်သူမှာ မျိုးနွယ်စုခေါင်းဆောင်ကန်ရွှမ်းအား ဆိုလိုခြင်းပင် ဖြစ်သည်။
မျိုးနွယ်စုခေါင်းဆောင်ကန်ရွှမ်းသည် ကန်ရွှမ်းကောင်းကင်ဒေသတစ်ခုလုံး၏ အရှင်သခင်ဖြစ်ခဲ့သူဖြစ်ပြီး ကျင့်ကြံသူအားလုံး၏ အထွတ်အထိပ်၌ ရှိနေခဲ့သူတစ်ဦး ဖြစ်သည်။
ယခုအတိုင်းဆိုလျှင် ဇူယွမ်မှာ နတ်ဘုံခန်းဝါအဆင့်သို့ တက်လှမ်းသောအချိန်တွင် မျိုးနွယ်စုခေါင်းဆောင်ကန်ရွှမ်း ရောက်ရှိခဲ့သော ချီကြယ်ပွင့်ပမာဏအား မှီနိုင်မည့်ဟန် ရှိသည်။
သို့သော် ချီစွမ်းအင် အခြေခံအုတ်မြစ်၏ သန်မာမှုနှင့် အားနည်းမှုတို့သည် လူတစ်ဦးတစ်ယောက်၏ အနာဂတ် အောင်မြင်မှုပန်းတိုင်များအား ကိုယ်စားပြုနိုင်ခြင်း မရှိပေ။ မူလစဦးအဆင့်တွင် အလွန်ထူးချွန်ထက်မြက်ခဲ့သော ကျင့်ကြံသူအချို့မှာလည်း အဆုံးသတ်တွင် တိုးတက်မှုပျက်သုန်းသွားရသည်များ ရှိခဲ့ဖူးသည်။
မည်သို့ပင်ဆိုစေကာမူ ဇူယွမ်သည် ပုံမှန်ထက်သာလွန်သူတစ်ဦး ဖြစ်နေသည်မှာ အမှန်တကယ်ပင် ဖြစ်သည်။
ဇူယွမ်မှာ ကလန်ခေါင်းဆောင်ချင်းယန် ပြောပြသော နတ်ဘုံခန်းဝါအဆင့်သို့ တက်လှမ်းသောအချိန်တွင် ချီကြယ်ပွင့် နှစ်သိန်းငါးသောင်းမျှ ပိုင်ဆိုင်နိုင်ခဲ့သည့် မျိုးနွယ်စုခေါင်းဆောင်ကန်ရွှမ်းအကြောင်းအား အံ့အားတကြီး ဖြစ်နေရသည်။
"အခုမင်းရဲ့ သီးသန့်ကျင့်ကြံခြင်းကလည်း ပြီးသွားပြီဆိုတော့ အရေးကြီးတဲ့ကိစ္စတွေ အသိပေးရတော့မယ်။" ကလန်ခေါင်းဆောင် ချင်းယန်မှာ ထိုစကားအားဆိုလျက် လီချင်းချန်အား ပြုံး၍ကြည့်လိုက်သည်။ လီချင်းချန်မှာ ခေါင်းညိတ်ပြလိုက်ပြီးနောက် ဇူယွမ်အား ဝူဟောင်ပေါ်ပေါက်လာခြင်း အကြောင်းကိစ္စများကို ရှင်းလင်းပြောပြလိုက်သည်။
"ဘာ! ဝူဟောင်ပေါ်လာပြီဟုတ်လား။ သူက ကျောင်းထိုက်ရှင်းကို အနိုင်ရပြီးတော့ နံပါတ်တစ် ရွေးချယ်ခံတောင် ဖြစ်သွားပြီပေါ့လေ။"
ဇူယွမ်မှာ သူတော်စင်အကြွင်းအကျန်ဒေသ၌ ဝူဟောင်၏ ရုပ်ခန္ဓာအား ဖျက်စီးပစ်နိုင်ခဲ့ပြီး စိတ်ခန္ဓာမှာမူ လွတ်မြောက်သွားခဲ့ရသည်။ ထိုအချိန်မှစ၍ ဝူဟောင်၏ သတင်းအစအန ပျောက်ဆုံးသွားရခြင်းဖြစ်ပြီး ပြန်လည်ပေါ်ထွက်လာသောအခါတွင်လည်း ကန်ရွှမ်းကောင်းကင်ဒေသ တစ်ခုလုံးကပင် ယင်း၏အမည်နာမအား သိရှိနေရပြီ ဖြစ်သည်။
"မြင့်မြတ်သောနန်းတော်က ရှန်းဟွပုံရိပ်ယောင်ကမ္ဘာထဲက သူတို့ရဲ့အရှုံးကို ဖုံးကွယ်ချင်လို့ ဝူဟောင်ကို အချိန်ကိုက် ပွဲထုတ်ပေးလိုက်ပုံရတယ်။"
"ဘာပဲဖြစ်ဖြစ် ဝူဟောင်က ကျောင်းထိုက်ရှင်းကို နိုင်သွားတဲ့သတင်းကြောင့် ငါတို့ကန်ရွှမ်းကလန်က တပည့်တွေ စိတ်ဓာတ်ကျကုန်တာတော့ အမှန်ပဲ။"
ဇူယွမ်မှ ခေါင်းညိတ်ထောက်ခံလိုက်သည်။ ကျောင်းထိုက်ရှင်းသည် ကန်ရွှမ်းကလန်မှ တပည့်များ၏ စိတ်ဓာတ်ခွန်အားများကို နှစ်ပေါင်းများစွာ ဖိနှိပ်ရိုက်ချိုးထားနိုင်ခဲ့သူ ဖြစ်သည်။ ယခုအခါတွင် ကျောင်းထိုက်ရှင်းအား ကန်ရွှမ်းကလန်မှ အနိုင်မယူနိုင်သေးခင်မှာပင် မြင့်မြတ်သောနန်းတော်မှ အခြားတပည့်တစ်ဦးက အနိုင်ယူပြသွားခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် ကန်ရွှမ်းကလန်မှ တပည့်များအနေဖြင့် မည်သို့ပင် ကြိုးစားစေကာမူ မြင့်မြတ်သောနန်းတော်အား အနိုင်မရနိုင်ဟူ၍ပင် တွေးတောသွားနိုင်သည်။
"ပြီးတော့ နောက်ထပ်ကိစ္စတစ်ခု ရှိသေးတယ်။" ကလန်ခေါင်းဆောင်ချင်းယန်မှ ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ "ဒီကိစ္စက မင်းနဲ့ပက်သတ်နေတဲ့ကိစ္စပဲ။"
"ဝူအင်ပါယာက ကြီးမြတ်သောဇူအင်ပါယာကို စစ်ကြေညာလိုက်ပြီ။"
ဇူယွမ်မှာ မျက်ဝန်းများ ကျဉ်းမြောင်းသွားရပြီးနောက် ပြင်းထန်လှသော ချီစွမ်းအင်များအား အထိန်းအကွပ်မရှိ ပေါက်ကွဲထွက်ပေါ်စေလိုက်သည်။
အထူးပစ္စည်းများဖြင့် စီမံပြုလုပ်ထားသော ခန်းမဆောင်၏ ကြမ်းခင်းများသည်ပင် ဖြည်းညင်းစွာဖြင့် အရည်ပျော်ကျကုန်ရသည်။
နောက်ဆုံးတော့ အဲ့နေ့ကို ရောက်လာပြီပေါ့....