ကြီးမားသော ရိတ်သိမ်းမှု၊ ကျင့်စဉ် - စိမ်းပြာရောင် သစ်သား ဖော်မြူလာ။
Vol. 5 Ch. 64
လျူကျစ်ယုံသည် ဤအလုပ်အတွက် ကော်မရှင်ခ ရရှိထားသဖြင့် အလွန် ကျေနပ်အားရနေလေသည်။ သူ အိမ်ပြန်ရန် ပြင်ဆင်နေစဉ်မှာပင် ရုတ်တရက် လူတစ်ယောက်၏ ကြားဖြတ်တားဆီးခြင်းကို ခံလိုက်ရ၏။ ထိုသူမှာ ယွင်ဇီမြို့ ငွေကြေးဂိုဏ်းမှ စွန်းယောက်ရန် ဖြစ်ပေသည်။
ထိုလူသည် ယွင်ဇီမြို့ပြင်တွင် နာမည်ဆိုးဖြင့် ကျော်ကြားသော လူမိုက်တစ်ဦး ဖြစ်သည်။
လောင်းကစား စွဲလမ်းသူဖြစ်ပြီး မိသားစုပိုင်ဆိုင်သမျှကို ကာစီနိုရုံများတွင် မကြာခဏ သွားရောက်ဖြုန်းတီးလေ့ရှိကာ အတိုးကြီးစား ချေးငွေများကိုလည်း ရယူထားသူ ဖြစ်သည်။
ရလဒ်အနေဖြင့် သူသည် နေ့စဉ်ဘဝတွင် ခိုးမှုအသေးအဖွဲများနှင့် လိမ်လည်လှည့်ဖြားမှုများကို ကျူးလွန်လေ့ရှိသူ ဖြစ်ပေသည်။
"သခင်ကြီးစွန်း... ဘာ... ဘာကိစ္စ ရှိလို့ပါလဲ"
စွန်းယောက်ရန် ပေါ်လာသည်ကို မြင်လိုက်ရသော် လျူကျစ်ယုံ ချက်ချင်း ကြောက်လန့်တကြား ဖြစ်သွားပြီး ငွေအိတ်ကို အမြန်ဖုံးကွယ်လိုက်မိသည်။ ရိုက်နှက်ခံရပြီး ငွေလုခံရမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
"စိတ်မပူပါနဲ့ကွာ... မင်းဆီက ငွေနည်းနည်းလေးကို ငါ စိတ်မဝင်စားပါဘူး"
"ငါ မင်းဆီကနေ သတင်းနည်းနည်းလောက် မေးချင်လို့ပါ"
"မကြာသေးခင်က ယွင်ဇီမြို့ထဲကို အပြင်ကလူတွေ ဘယ်လောက်များများ ဝင်လာကြလဲ"
စွန်းယောက်ရန်သည် လျူကျစ်ယုံကို အထင်သေးသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ လျူကျစ်ယုံ သယ်ဆောင်လာသော ငွေပမာဏသည် နည်းပါးလွန်းသဖြင့် သူ့မျက်လုံးထဲတွင် အရာမဝင်ချေ။ မည်သို့ပင်ဆိုစေ သူသည် ကြီးမားသော အရောင်းအဝယ်များကို စီစဉ်နေသူဖြစ်ရာ ဤကဲ့သို့သော အသေးအဖွဲ ပမာဏများကို စိတ်ဝင်စားခြင်း မရှိပေ။
"သခင်ကြီးစွန်း... ခင်ဗျား အဲ့ဒီလူတွေကို ဓားပြတိုက်ဖို့ ကြံစည်နေတာလား"
လျူကျစ်ယုံသည် စွန်းယောက်ရန်၏ ရည်ရွယ်ချက်ကို ချက်ချင်း သဘောပေါက်လိုက်သည်။
ထိုအပြင်လူများသည် ယွင်ဇီမြို့တွင် အခြေကျသော အဆက်အသွယ်မရှိဘဲ ယခုမှ ပြောင်းရွှေ့လာကြသူများ ဖြစ်သဖြင့် ငွေကြေးအမြောက်အမြား သယ်ဆောင်လာကြမည်မှာ သေချာသည်။
စွန်းယောက်ရန်အတွက်မူ သူတို့သည် အခြေခံအားဖြင့် ဆူဖြိုးသော သားကောင်များ ဖြစ်ကြသည်။
အကယ်၍ ဓားပြတိုက်ခွင့်သာ ရရှိခဲ့ပါက သူ့အတွက် နှစ်ပေါင်းများစွာ စားမကုန်နိုင်အောင် ဖြစ်သွားနိုင်သည်။
"စပ်စုမနေနဲ့"
"မေးတာပဲ ဖြေစမ်းပါ... စပ်စုတဲ့ကောင်တွေက အသေမြန်တတ်တယ်"
"ပြီးတော့ မင်းဘယ်မှာနေလဲ ဆိုတာ ငါ ကောင်းကောင်း သိတယ်နော်"
စွန်းယောက်ရန် မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ဟန်ဆောင်အပြုံးဖြင့် ပြောလိုက်သည်။
"သခင်ကြီးစွန်း... ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ပြောပြပါ့မယ်"
"ခင်ဗျား သိချင်တာမှန်သမျှ ကျွန်တော် ပြောပြပါ့မယ်"
လျူကျစ်ယုံ ချက်ချင်း ကျုံ့ဝင်သွားသည်။ ငွေကြေးဂိုဏ်းမှ စွန်းယောက်ရန်ကဲ့သို့သော လူသတ်ကောင်ကို သူ မပြစ်မှားသင့်ကြောင်း သိထားသည်။ အထူးသဖြင့် သူသည် ပွဲစားတစ်ယောက်သာ ဖြစ်သောကြောင့်ပင်။
"ကောင်းပြီ... ဒီနေ့ အိမ်ငှားသွားတဲ့ စုံတွဲက ဘယ်သူတွေလဲ"
"ငွေစ ၁၀ ပြားတန် အိမ်ကို ငှားနိုင်တယ်ဆိုတော့ သူတို့ဆီမှာ ပိုက်ဆံအများကြီး ပါလာမှာ သေချာတယ်"
သိသာထင်ရှားစွာပင် စွန်းယောက်ရန်သည် ကျန်းဖန်နှင့် စုဝေဝေတို့ကို ပစ်မှတ်ထားလိုက်ပြီ ဖြစ်သည်။ သူ၏ မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်သော အရောင်များ လက်နေသည်။
"သခင်ကြီးစွန်း... သူတို့ကို သွားရန်မစဖို့ ကျွန်တော် အကြံပေးချင်တယ်"
"ကျွန်တော့်ရဲ့ နှစ်ပေါင်းများစွာ အတွေ့အကြုံအရ... သခင်လေးကျန်းက ကိုင်တွယ်ရ လွယ်ကူမယ့်သူ မဟုတ်လောက်ဘူး"
"သူက သိုင်းပညာရှင် တစ်ယောက် ဖြစ်ဖို့များတယ်"
"မဟုတ်ရင် သူက ငွေတွေအများကြီး ယူပြီး ယွင်ဇီမြို့ကို လာရဲမှာ မဟုတ်ဘူး"
လျူကျစ်ယုံသည် ဝင်ရောက် တားဆီး အကြံပေးလိုက်သည်။
ထက်မြက်သော အကဲခတ်နိုင်စွမ်းဖြင့် ထိုစုံတွဲသည် သာမန်မဟုတ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သူ သိရှိနိုင်သည်။
"ပါးစပ်ပိတ်ထားစမ်း"
"ဒါ ယွင်ဇီမြို့ကွ"
"နဂါးဘယ်လောက်စွမ်းစွမ်း မြေပြင်ပေါ်က မြွေကိုတော့ မနိုင်ပါဘူး"
"သူက သိုင်းပညာရှင်ဆိုရင် ငါကရော မဟုတ်လို့လား"
"ဒါပေမဲ့ မင်းပြောတာ ဟုတ်တယ်... ဒီကိစ္စကို သတိထားပြီး လုပ်ရမယ်... လောလို့ မဖြစ်ဘူး"
"ဒီကောင်လေးမှာ နောက်ခံတွေ ရှိနေရင် ကိုင်တွယ်ရ ခက်လိမ့်မယ်"
စွန်းယောက်ရန်၏ မျက်လုံးများ အရောင်လက်သွားသည်။
သူသည် ငွေကြေးဂိုဏ်းဝင် တစ်ဦးဖြစ်သဖြင့် ထိုအပြင်လူကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် မမြင်ပေ။
ငွေကြေးဂိုဏ်းသည် ယွင်ဇီမြို့၏ နံပါတ်တစ် ဂိုဏ်းဖြစ်ပြီး လုမိသားစု၏ ကျောထောက်နောက်ခံလည်း ရှိထားသည်။
ယွင်ဇီမြို့ရှိ စီးပွားရေးလုပ်ငန်း အားလုံးနီးပါးကို လက်ဝါးကြီးအုပ်ထားသည်။
သူသည် ဂိုဏ်း၏ အောက်ခြေလူတစ်ယောက် ဖြစ်သော်လည်း လူအများကို ခြိမ်းခြောက်နိုင်စွမ်း ရှိသည်။
သို့သော် ထိုလူသည် သိုင်းပညာရှင် အစစ်အမှန် ဖြစ်နေပါက သတိထားရန် လိုအပ်သည်။
မမျှော်လင့်ထားသော ထောင်ချောက်ထဲသို့ ကျရောက်သွားမည်ကို စိုးရိမ်သဖြင့် သတိထားခြင်းက ပိုကောင်းသည်ဟု သူ ယူဆလိုက်သည်။
လှုပ်ရှားမှု မပြုလုပ်မီ ထိုလူ၏ နောက်ကြောင်းကို စုံစမ်းစစ်ဆေးရန် သူ ဆုံးဖြတ်လိုက်သည်။
…
ညရောက်လာပြီ။ ကောင်းကင်တွင် ကြယ်ရောင်အနည်းငယ်သာ ရှိ၏။
စုဝေဝေသည် အိမ်ထဲတွင် သန့်ရှင်းရေးလုပ်ကာ ပရိဘောဂများကို နေရာချထားနေသည်။
အိမ်သည် လူမနေသည်မှာ ကြာပြီဖြစ်၍ ဖုန်များ အတော်ထူနေပုံ ရသည်။
ကျန်းဖန်မှာမူ အိမ်နောက်ဖေး ခြံဝင်းထဲတွင် ရှိနေသည်။
စကားများများ ပြောမနေတော့ဘဲ အိမ်နောက်ဖေးရှိ သစ်ပင်ကြီးအောက်မှ မြေကြီးများကို စတင် တူးဖော်လိုက်လေသည်။
သူသည် ၅၀ စင်တီမီတာ အနက်အထိ တူးဖော်လိုက်သည်။
ထို့နောက် မြေကြီးအနက်ပိုင်းတွင် လက်ဖဝါးအရွယ်အစားခန့်ရှိသော မီးခိုးရောင် အိတ်ငယ်လေး တစ်လုံးကို ရှာတွေ့လိုက်သည်။
"ဒါ ဘာပစ္စည်းလဲ"
"နတ်ဘုရားရတနာ တစ်ခုခုများ ဖြစ်နေမလား"(ယခင်အပိုင်းများက ကျင့်ကြံသူရတနာလို့ ပြန်ခဲ့သော်လည်း ဆီလျော်မှု ရှိစေရန် နတ်ဘုရားရတနာဟူ၍ ပြောင်းလဲသုံးစွဲလိုက်သည်။)
ကျန်းဖန် မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
ယခင်က နတ်ဘုရား ရတနာ နှစ်ခုဖြစ်သည့် ဟင်းလင်းပြင်လက်စွပ်နှင့် ဆန်းကြယ်သော တိုကင်ပြားတို့ကို သူ ရရှိခဲ့ဖူးသည်။
ထို့ကြောင့် သူသည် နတ်ဘုရား ရတနာများ၏ အငွေ့အသက်ကို အလွန် အာရုံခံစားလွယ်နေပြီ ဖြစ်သည်။
ဤမီးခိုးရောင်အိတ်၏ ထူးခြားမှုကို သူ ချက်ချင်း သတိထားမိလိုက်သည်။
ဝုန်း…
စိတ်ကူးတစ်ချက်ဖြင့် သူသည် ကံကောင်းခြင်း အမှတ်များကို ချက်ချင်း သုံးစွဲလိုက်သည်။
ချက်ချင်းပင် ကံကောင်းခြင်း (၁၀)မှတ် ပျောက်ကွယ်သွားပြီး ဆန်းကြယ်သော စွမ်းအင်တစ်ခုသည် မီးခိုးရောင်အိတ်ထဲသို့ ဝင်ရောက်သွားလေသည်။
နောက်တစ်ခဏတွင် ကျန်းဖန်သည် သူ၏ ဝိညာဉ်နှင့် မီးခိုးရောင်အိတ်ကြားတွင် ဆန်းကြယ်သော ချိတ်ဆက်မှုတစ်ခု ဖြစ်ပေါ်လာသည်ကို ခံစားလိုက်ရသည်။
သူ စိတ်ကူးလိုက်ရုံဖြင့် အိတ်ကို ဖွင့်နိုင်ခဲ့သည်။
"တကယ်ပဲ နတ်ဘုရား ရတနာ ဖြစ်နေတာပဲ"
"ဒါက သိုလှောင်အိတ်ပဲ"
"ထုထည်ပမာဏ (၃၀) ကုဗမီတာလောက် ဝင်ဆံ့တယ်"
"အရင်ရထားတဲ့ ဟင်းလင်းပြင်လက်စွပ်ထက်တောင် ပိုကြီးသေးတယ်"
ကျန်းဖန် ချက်ချင်း ဝမ်းသာသွားလေသည်။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် အရင်းအမြစ်များ ပိုမို သိမ်းဆည်းနိုင်ရန်အတွက် နေရာလွတ်ပါသော ရတနာပစ္စည်းများကို သူ ကြိုဆိုသည်။
ဥပမာအားဖြင့် အစားအသောက် အမျိုးမျိုးကို ယခုအခါ နှစ်အနည်းငယ်စာ သိုလှောင်ထားနိုင်ပြီ ဖြစ်သည်။
သူ၏ ကျင့်ကြံမှု မှန်မှန်တိုးတက်လာသည်နှင့်အမျှ စားသောက်မှုနှုန်းထားလည်း မြင့်တက်လာရာ ယခင်က သိုလှောင်ထားသော အစားအသောက်များသည် ဤနှုန်းထားအတိုင်းဆိုလျှင် ကြာကြာခံမည် မဟုတ်ပေ။
ဤသိုလှောင်အိတ် ပေါ်လာခြင်းသည် အချိန်ကိုက် ပေါ်လာသည့် ကောင်းချီးမင်္ဂလာတစ်ခု ဖြစ်၏။ ယင်းသည် အစားအသောက် သိုလှောင်မှု ပြဿနာကို ဖြေရှင်းပေးလိုက်သည်။
သို့သော် သိုလှောင်အိတ်ထဲတွင် ရတနာအချို့ ပါဝင်နေပုံရသည်ကို သူ လျင်မြန်စွာ သတိထားမိလိုက်သည်။
၎င်းတို့သည် တကယ့် အဓိက ရတနာများ ဖြစ်ကောင်းဖြစ်နိုင်သည်။
သိုလှောင်အိတ်သည် အပိုဆုတစ်ခုမျှသာ ဖြစ်နိုင်သည်။
"နေပါဦး... ဒါက သွေးဂျင်ဆင်းဆေးလုံးတွေပဲ"
အတွင်း၌ ဆေးပုလင်းတစ်လုံးကို တွေ့ရှိလိုက်ရသဖြင့် ကျန်းဖန်၏ မျက်လုံးများ ရုတ်တရက် အရောင်လက်သွားသည်။
ချောင်မိသားစု အဆိပ်ကျမ်းအရ သွေးဂျင်ဆင်း ဆေးလုံးများသည် နှစ်တစ်ရာ သွေးဂျင်ဆင်းမှ အဓိက ရရှိပြီး သိုင်းပညာရှင်များ၏ ကျင့်ကြံမှုအတွက် အလွန် အကျိုးရှိကာ ကျားသစ်ဆေးလုံးထက်ပင် ပိုမို တန်ဖိုးရှိသည်။
သွေးဂျင်ဆင်းဆေးလုံး တစ်လုံး စားသုံးခြင်းသည် သိုင်းပညာရှင်တစ်ယောက် အတွက် ငါးနှစ်တာ ပြင်းထန်စွာ ကျင့်ကြံအားထုတ်မှုနှင့် ညီမျှသည်။
အတွင်း၌ သွေးဂျင်ဆင်းဆေးလုံး (၅) လုံး ပါရှိသည်။
အကယ်၍ သူသာ အားလုံးကို စားသုံးလိုက်ပါက မကြာမီ ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း အဆင့် သိုင်းပညာရှင် ဖြစ်လာနိုင်ပေသည်။
ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း အဆင့်သို့ ရောက်ရှိသွားပါက ယွင်ဇီမြို့အတွင်း၌ပင် ထိပ်တန်းကျွမ်းကျင်သူ တစ်ဦးအဖြစ် သတ်မှတ်ခံရမည် ဖြစ်သည်။
ဂိုဏ်းခေါင်းဆောင် (သို့မဟုတ်) အထက်တန်းလွှာ မိသားစုများ၏ ဂုဏ်သရေရှိ ဧည့်သည်တော် အကြီးအကဲတစ်ဦး အလွယ်တကူ ဖြစ်လာနိုင်သည်။
ထိုကဲ့သို့သော ကျွမ်းကျင်သူတစ်ဦးသည် တစ်လအတွင်း ငွေစ ရာပေါင်းများစွာကို အားစိုက်ထုတ်စရာမလိုဘဲ ရှာဖွေနိုင်သည်။
ကျယ်ပြန့်သော ကမ္ဘာကြီးတွင် အရှင်သခင်များမှလွဲ၍ မည်သူမျှ သူ့ကို တားဆီးနိုင်မည် မဟုတ်ချေ။
"သိုင်းကျမ်းတွေလည်း ပါတဲ့ပုံပဲဟ"
ကျန်းဖန် ဆက်လက် စစ်ဆေးကြည့်ရာ အတွင်း၌ လျှို့ဝှက်ကျမ်းစာအုပ် နှစ်အုပ်ကို တွေ့ရှိလိုက်ရသည်။
တစ်အုပ်မှာ "စိမ်းပြာရောင် သစ်သား ဖော်မြူလာ" ဖြစ်ပြီး၊ နောက်တစ်အုပ်မှာ "ကျင့်ကြံသူများအတွက် အခြေခံ ရှင်းလင်းချက်" ဖြစ်သည်။
ထို့ပြင် စာအုပ်များထဲတွင် မှတ်ချက်များစွာ ရေးသားထားပုံ ရသည်။
ကျမ်းစာအုပ် ပိုင်ရှင်သည် ၎င်းတို့ကို အလေးအနက် လေ့လာခဲ့ကြောင်း ထင်ရှားနေသည်။
"ကျင့်ကြံသူ ဟုတ်လား... သိုင်းပညာရှင် မဟုတ်ဘူးလား"
"ဒါက မသေမျိုး ကျင့်ကြံခြင်း ကျမ်းစာအုပ်များ ဖြစ်နေမလား"
ပါဝင်သောအရာများကို မြင်လိုက်ရသောအခါ ကျန်းဖန်၏ နှလုံးခုန်သံများ မြန်ဆန်လာပြီး အလွန်အမင်း စိတ်လှုပ်ရှားသွားမိသည်။
သတ္တမအဆင့် အခွင့်အလမ်း...။
သေချာပေါက် သတ္တမအဆင့် အခွင့်အလမ်းပင် ဖြစ်သည်။
ဤသည်မှာ နတ်ဘုရားရတနာ တစ်ခုတည်း ရရှိလိုက်ခြင်း မဟုတ်ပေ။
မသေမျိုး ကျင့်ကြံခြင်း ကျမ်းစာအုပ်များကိုပါ ရယူနိုင်လိုက်ခြင်း ဖြစ်သည်။
သူ ထင်ထားသည့်အတိုင်းပင် ဤကမ္ဘာလောကတွင် ကျင့်ကြံသူများ အမှန်တကယ် ရှိနေကြသည်။
သိုင်းပညာရှင်များသည် အစပျိုးခြင်းမျှသာ ဖြစ်သည်။
သဘာဝလွန် စွမ်းအားများကို ကိုင်စွဲထားသော ကျင့်ကြံသူများသာလျှင် ကမ္ဘာလောက၏ ထိပ်ဆုံးတွင် ရပ်တည်နေကြခြင်း ဖြစ်သည်။
ဤအခွင့်အလမ်းသည် သူ့အတွက် ကျင့်ကြံသူတစ်ဦး ဖြစ်လာစေရန် လမ်းစကို ဖွင့်ပေးလိုက်ခြင်း ဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
…