ရွေးချယ်ခံများအားစိန်ခေါ်ခြင်း
Vol. 49 Ch. 671
ပြင်းထန်လှသော ချီစွမ်းအင်များမှာ ဇူယွမ်ထံမှ အတားအဆီးမဲ့စွာ ပေါက်ကွဲထွက်ပေါ်လာသည်။ သူ၏နှလုံးသားသည် အလွန်ပင် ခက်ထန်သွားရဟန် ရှိသည်။
သို့သော် အသက်ရှူချိန် အနည်းငယ်မျှ အချိန်အတွင်းမှာပင် ဇူယွမ်မှာ စိတ်ခံစားချက်အား ပြန်လည်ထိန်းချုပ်လိုက်နိုင်ပြီး ချီစွမ်းအင်များကိုလည်း ပြန်လည်ရုတ်သိမ်းလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ထိုအကြောင်းအရာသည် ယခင်ကတည်းက ကြိုတင်မျှော်မှန်းထားခဲ့ပြီးသော ကိစ္စရပ်တစ်ခုပင် ဖြစ်သည်။
"နှစ်နှစ်ကြာပြီးတဲ့ အချိန်မှာတော့ ဝူဘုရင်က စလှုပ်ရှားပြီပေါ့လေ။"
ဇူယွမ်၏ မျက်ဝန်းများမှာ အေးစက်ခက်ထန်နေလျက် ရှိသည်။ သူသည် ဝူဘုရင် စစ်ကြေညာသောအချိန်မှာ ယခုထက်ပို၍ စောနေလိမ့်ဦးမည်ဟုပင် တွေးတောထားခဲ့သူဖြစ်သဖြင့် ယခုအကြောင်းအရာမှာ ဆိုးရွားသော အရာတစ်ခု မဟုတ်ပါချေ။
နှစ်နှစ်နီးပါးမျှသော အချိန်အတွင်း ဇူယွမ်မှာ ကောင်းကင်တံခါးအဆင့်မှ ရှန်ဇူတိုက်ကြီး၏ လူငယ်မျိုးဆက်များအတွင်း အထူးချွန်ဆုံး သူတစ်ဦးအဖြစ် ပြောင်းလဲနိုင်ခဲ့သည်။
ကြည့်ရသည်မှာ ယခုအချိန်သည် ကြီးမြတ်သောဇူအင်ပါယာသို့ ပြန်ရန်သင့်တော်သောအချိန်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဝူအင်ပါယာသည် အင်အားတောင့်တင်းလွန်းလှပြီး ဝူဘုရင်မှာလည်း နတ်ဘုံခန်းဝါအဆင့်သို့ ရောက်ရှိနေပြီပင် ဖြစ်သည်။ ကြီးမြတ်သောဇူအင်ပါယာအတွင်း၌ နတ်ဘုံခန်းဝါအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော ဝူဘုရင်အား ယှဉ်ပြိုင်နိုင်မည့်သူ တစ်ဦးတစ်ယောက်မှ မရှိပေ။ အင်ပါယာနှစ်ခုသာ တိုက်ခိုက်ခဲ့မည်ဆိုပါက နတ်ဘုံခန်းဝါအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော ဝူဘုရင်တစ်ဦးတည်းဖြင့်ပင် အရာအားလုံး ပြောင်းလဲသွားနိုင်ပေသည်။
"ဟူး...."
ဇူယွမ်မှာ အသက်ပြင်းပြင်းတစ်ချက်အား ရှူထုတ်လိုက်ပြီးနောက် ကလန်ခေါင်းဆောင်ချင်းယန်အား ကြည့်ရှုလိုက်သည်။
"မင်းပြန်သွားဖို့ အစီအစဉ်ရှိလား။" ကလန်ခေါင်းဆောင်ချင်းယန်မှ ဇူယွမ်အား မေးမြန်းလိုက်သည်။
ဇူယွမ်မှ ခေါင်းညိတ်ပြကာ စကားဆိုလိုက်သည်။ "ကျွန်တော် ကန်ရွှမ်းကလန်ကို လာခဲ့ရတဲ့အကြောင်းက ကြီးမြတ်သောဇူအင်ပါယာအတွက် ပြန်ပြီးလက်စားချေနိုင်တဲ့အထိ သန်မာလာဖို့ပါ။ အဲ့ဒါကြောင့် အခုကျွန်တော်ပြန်သွားရမယ့် အချိန်ကို ရောက်ပြီထင်ပါတယ်။"
ကလန်ခေါင်းဆောင်ချင်းယန်မှာ ခေါင်းညိတ်လိုက်ပြီးနောက် ဖြည်းညင်းစွာ ပြောလိုက်သည်။ "မင်းရဲ့တိုင်းပြည်အတွက် အရေးကြီးတဲ့ကိစ္စမို့ ငါမင်းကို တားမှာမဟုတ်ပါဘူး။"
"ဒါပေမယ့် မင်းစိတ်ရှည်ရှည်ထားဖို့တော့ လိုလိမ့်မယ်။ ဝူအင်ပါယာက ကြီးမြတ်သောဇူအင်ပါယာကို စစ်ကြေညာတယ်ဆိုတာ ရုတ်တရက်ဆိုရင်တော့ တိုင်းပြည်ငယ်လေး နှစ်ခုကြားက ပဋိပက္ခပဲ။ ဒါပေမယ့် မင်းကကန်ရွှမ်းကလန်ရဲ့ တပည့်ဖြစ်ပြီးတော့ ဝူဟောင်က မြင့်မြတ်သောနန်းတော်က တပည့်ဖြစ်နေတယ်။"
"ဝူအင်ပါယာရဲ့ ဒီတစ်ခေါက်လှုပ်ရှားမှုနောက်ကွယ်မှာ မြင့်မြတ်သောနန်းတော်လည်း ပါဝင်နေတယ်လို့ ထင်မိတယ်။"
ဇူယွမ်မှာ ရုတ်တရက် အံ့အားသင့်သွားရပြီးနောက် မျက်မှောင်ကျုံ့ကာ ပြောလိုက်သည်။ "မြင့်မြတ်သောနန်းတော်ရဲ့ နန်းဆောင်သခင်နဲ့ ကျွန်တော့်အကြားမှာ ဘာပြဿနာမှ မရှိပါဘူး။ သူ့ရဲ့အဆင့်အတန်းနဲ့ဆိုရင် တိုင်းပြည်ငယ်လေး နှစ်ခုကြားက စစ်ပွဲလောက်ကို ဝင်ရှုပ်ရလောက်တဲ့ထိ စိတ်ဝင်စားပါ့မလား။"
မြင့်မြတ်သောနန်းတော်၏ နန်းဆောင်သခင်သည် ကန်ရွှမ်းကောင်းကင်ဒေသအတွင်း သြဇာအရှိဆုံးသူထဲမှ တစ်ဦးဖြစ်သည်။ ထို့ကြောင့် ၎င်းအတွက်မူ ဝူအင်ပါယာနှင့် ကြီးမြတ်သောဇူအင်ပါယာတို့မှာ ပုရွက်ဆိတ်တစ်ကောင်သာသာမျှသာ ရှိနေလိမ့်မည် ဖြစ်သည်။
ဝူအင်ပါယာအား အုပ်စိုးထားသော ဝူဘုရင်သည် နတ်ဘုံခန်းဝါအဆင့် ရောက်ရှိနေသူဖြစ်သောကြောင့် ကြီးမြတ်သောဇူအင်ပါယာအား နှစ်ပေါင်းများစွာ ဖိနှိပ်ထားနိုင်ခဲ့သည်။ သို့သော် မြင့်မြတ်သောနန်းတော်၌ နတ်ဘုံခန်းဝါအဆင့်ရှိသူမှာ အကြီးအကဲတစ်ဦးပင် လုပ်၍ရလိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် ပုံမှန်အတိုင်းသာ စဉ်းစားမည်ဆိုပါက မြင့်မြတ်သောနန်းတော်၏ နန်းဆောင်သခင်တစ်ဦးအနေဖြင့် ယခုကဲ့သို့ တိုင်းပြည်နှစ်ခုကြားမှ ကိုယ်ရေးကိုယ်တာကိစ္စများအား အချိန်ကုန်ခံကာ စိတ်ဝင်စားနေမည် မဟုတ်လောက်ချေ။
ကလန်ခေါင်းဆောင်ချင်းယန်မှ လေးနက်သောအမူအရာဖြင့် ပြောလိုက်သည်။ "မင်းက ကန်ရွှမ်းကလန်ရဲ့ သာမန်တပည့်တစ်ယောက်ဆိုရင်တော့ သူ့အနေနဲ့ ဒီတိုင်းပြည်နှစ်ခုကြားက ပြဿနာကို စိတ်ဝင်စားနေမှာ မဟုတ်ဘူး။ ဒါပေမယ့် အခုမင်းက ကန်ရွှမ်းကလန်ရဲ့ အရမ်းကျော်ကြားတဲ့ တပည့်တစ်ယောက် ဖြစ်နေတယ်လေ။ ပြီးတော့ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာထဲမှာ ရှိတုန်းကလည်း မင်းကမြင့်မြတ်သောနန်းတော်ကို အများကြီး ဒုက္ခရောက်စေခဲ့တယ်။ အဲ့ဒါကြောင့် မြင့်မြတ်သောနန်းတော်ရဲ့ နန်းဆောင်သခင်အနေနဲ့ မင်းရဲ့တိုင်းပြည်အရေးမှာ ဝင်မရှုပ်ဘူးလို့ ပြောလို့မရနိုင်ဘူး။"
"ပြီးတော့ ကန်ရွှမ်းကလန်က ရရှိထားတဲ့ သတင်းအချက်အလက်တွေအရလည်း တကယ့်ကိုပဲ မြင့်မြတ်သောနန်းတော်က ဒီကိစ္စတွေမှာ ဝင်ပါနေတာဖြစ်ဖို့ ရာခိုင်နှုန်းများတယ်။"
မြင့်မြတ်သောနန်းတော်မှ ဝင်ပါနေခြင်းသာ အမှန်တကယ် ဖြစ်ခဲ့ပါက သေးငယ်သော တိုင်းပြည်နှစ်ခုဖြစ်သည့် ဝူအင်ပါယာနှင့် ကြီးမြတ်သောဇူအင်ပါယာတို့၏ အရေးကိစ္စများသည် ကန်ရွှမ်းကလန်နှင့် မြင့်မြတ်သောနန်းတော်တို့၏ တိုက်ပွဲဆီသို့ပါ ဦးတည်သွားနိုင်သည်။
ထိုသို့ဆိုပါက အမှန်တကယ် စိတ်ရှုပ်ကြရလိမ့်မည်ပင် ဖြစ်သည်။
"မင်းအရမ်းတော့ စိုးရိမ်စရာမရှိပါဘူး။ ကလန်တွေအနေနဲ့ လိုက်နာရမယ့် စည်းမျဉ်းတွေရှိတယ်။ တပည့်တွေရဲ့ ကိုယ်ရေကိုယ်တာကြားက ပဋိပက္ခတွေကို ကလန်တွေ၊ ဂိုဏ်းတွေအနေနဲ့ ဝင်ရောက်နှောင့်ယှက်ခွင့်မရှိဘူး။" ကလန်ခေါင်းဆောင်ချင်းယန်မှ ရှင်းပြပြောဆိုလိုက်သည်။
"အဲ့ဒါကြောင့် မြင့်မြတ်သောနန်းတော်ဘက်ကသာ စည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်လာခဲ့မယ်ဆိုရင် ငါတို့ကန်ရွှမ်းကလန်ကလည်း ရပ်ကြည့်နေမှာ မဟုတ်ဘူး။"
ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း ဇူယွမ်မှာ ကန်ရွှမ်းကလန်၏ ဂုဏ်သိက္ခာအား မြှင့်တင်ပေးနိုင်ရန်အတွက် မြင့်မြတ်သောနန်းတော်၏ ရွေးချယ်ခံများအား သတ်ဖြတ်အနိုင်ယူခဲ့သည်။ ထို့ကြောင့် ကန်ရွှမ်းကလန်အနေဖြင့်လည်း ဇူယွမ်အပေါ် ပြန်လည်ကြည့်ရှုစောင့်ရှောက်သင့်ပေသည်။
ဇူယွမ်မှာ ကလန်ခေါင်းဆောင်၏ စကားများကြောင့် နှလုံးသားများ နွေးထွေးသွားသလို ခံစားလိုက်ရသည်။ ကန်ရွှမ်းအနေဖြင့် သူ့အား ကူညီထောက်ပံ့ပေးရန်အတွက် မြင့်မြတ်သောနန်းတော်နှင့် တိုက်ခိုက်ရန်ပင် အဆင်သင့်ဖြစ်နေသည်။
ကန်ရွှမ်းကလန်၏ ကူညီထောက်ပံ့ခြင်းကိုသာ မရပါက ဇူယွမ်မှာ ကြီးမားသောသစ်ပင်အား လှုပ်ရမ်းချင်သော ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့သာ ဖြစ်နေရပေလိမ့်မည်။
ကန်ရွှမ်းကလန်အနေဖြင့် မြင့်မြတ်သောနန်းတော်အား တိုက်ခိုက်ရန် ဆုံးဖြတ်ထားခြင်းမှာ အလွန်ကြီးမားသော ကိစ္စရပ်တစ်ခုပင် ဖြစ်သည်။ စင်စစ်အားဖြင့် တပည့်ငယ်လေးတစ်ဦးအတွက် မြင့်မြတ်သောနန်းတော်အား ဆန့်ကျင်တိုက်ခိုက်ရမည့်အရေးမှာ ကန်ရွှမ်းကလန်အတွက် မည်သည့်အကျိုးအမြတ်မှ မရရှိနိုင်ပေ။
"ကျေးဇူးတင်ပါတယ် ကလန်ခေါင်းဆောင်.." ဇူယွမ်မှ အရိုအသေပြုကာ ပြောလိုက်သည်။
ကလန်ခေါင်းဆောင်ချင်းယန်မှာ ခပ်ဖွဖွ ပြုံးလိုက်ပြီးနောက် ညင်သာစွာ စကားဆိုလိုက်သည်။ "ကောင်လေး...အရမ်းတွေးမပူနေပါနဲ့။ မင်းက ငါတို့ကန်ရွှမ်းကလန်အတွက် အသက်ကိုတောင်ရင်းပြီး တိုက်ခိုက်ပေးခဲ့တဲ့ တပည့်ပဲ။ မင်းဒုက္ခရောက်တာကို ငါတို့ထိုင်ကြည့်နေမှာ မဟုတ်ပါဘူး။"
"မြင့်မြတ်သောနန်းတော်က အင်အားကြီးတယ်ဆိုပေမယ့် ငါတို့ကန်ရွှမ်းကလန်ကလည်း အင်အားနည်းတဲ့ ကလန်ငယ်လေးမှ မဟုတ်တာ။ မြင့်မြတ်သောနန်းတော်က တကယ်ပဲ စည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်လာခဲ့မယ်ဆိုရင် ငါတို့ကန်ရွှမ်းကလန်ကလည်း ရှိသမျှအင်အားကိုသုံးပြီးတော့ သူတို့ကို ခုခံတိုက်ခိုက်ရလိမ့်မယ်။ အဆုံးသတ်မှာ ဘယ်သူအနိုင်ရမလဲဆိုတာ အဖြေပေါ်မှာပဲလေ။"
ကလန်ခေါင်းဆောင်ချင်းယန်၏ စကားသံမှာ အေးချမ်းညင်သာကာ တည်ငြိမ်နေလျက် ရှိသည်။ သို့သော် ထိုတည်ငြိမ်မှုများထဲတွင် ကျောချမ်းချင်စဖွယ်ကောင်းသော စကားလုံးများ ပါဝင်နေလျက် ရှိ၏။
ချူချင်း၊ လီချင်းချန်၊ ခုန်းရှန်နှင့် အခြားသော ရွေးချယ်ခံများမှာ ကလန်ခေါင်းဆောင်ချင်းယန်အား အံ့အားသင့်စွာဖြင့် ကြည့်ရှုလိုက်မိကြသည်။ အမြဲတစေ နူးညံ့နွေးထွေးနေတက်သော ကလန်ခေါင်းဆောင်ထံမှ ထိုကဲ့သို့ စကားလုံးမျိုး ကြားရသည်မှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။
တောင်ထွတ်ဆရာသခင်မ လျှို့လျန်းယီမှ ပြုံးကာပြောလိုက်သည်။ "စီနီယာအကိုတော်ကို ဒီလိုပုံစံမျိုးနဲ့ မမြင်ရတာတောင်ကြာပြီပဲ။ အရင်တုန်းကဆို ကျွန်မတို့အားလုံးထဲ စီနီယာအကိုတော်က သွေးအဆိုးဆုံးပဲ။ ဒါပေမယ့် ကလန်ခေါင်းဆောင် ဖြစ်သွားတဲ့အချိန်ကစပြီး တရားပေါက်နေတဲ့ အဖိုးအိုကြီးလို ဖြစ်သွားတော့တာ။"
"ငါတို့ရဲ့ စီနီယာအကိုတော်က ကန်ရွှမ်းကလန်ရဲ့ ခေါင်းဆောင်လေ။ သူ့မှာ ပူပန်ရမယ့်ကိစ္စတွေ အများကြီးရှိတယ်။ အဲ့ဒါကြောင့် အရင်ကနဲ့တော့ ဘယ်တူတော့မလဲ။" တောင်ထွတ်ဆရာသခင်လင်ကျွမ်းမှ ပြောလိုက်သည်။
"နင်ကဘာသိလို့လဲ။" တောင်ထွတ်ဆရာသခင်မ လျှို့လျန်းယီမှ မျက်စောင်းထိုးကာ ပြောလိုက်သည်။
တောင်ထွတ်ဆရာသခင်လင်ကျွမ်းမှာ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းကိုသာ ခါယမ်းလိုက်မိသည်။ တောင်ထွတ်ဆရာသခင်မ လျှို့လျန်းယီမှာ အမြဲတစေပင် သူ့အားအလိုမကျသကဲ့သို့ ဆက်ဆံလေ့ရှိ၏။
"ဝူအင်ပါယာနဲ့ ကြီးမြတ်သောဇူအင်ပါယာကြားက ကိစ္စကိုပဲ မင်းဂရုစိုက်ဖို့လိုတယ်။ တခြားကိစ္စတွေ ခေါင်းထဲကထုတ်ထားလိုက်။ မြင့်မြတ်သောနန်းတော်က နန်းဆောင်သခင်က ဘာကိုလိုချင်နေတာလဲဆိုတာသိရဖို့ ငါကိုယ်တိုင်သူနဲ့ ဆွေးနွေးကြည့်ဦးမယ်။ မြင့်မြတ်သောနန်းတော်ဘက်ကသာ ကန်ရွှမ်းကလန်ကို တကယ်ဆန့်ကျင်ဖို့ ဆန္ဒရှိနေတယ်ဆိုရင် ငါတို့ဖက်ကလည်းအသင့်ပဲ။" ကလန်ခေါင်းဆောင်ချင်းယန်မှ ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ "ဒါပေမယ့် မြင့်မြတ်သောနန်းတော်က ဝင်မပါဘူးဆိုတာ သေချာခဲ့ရင်တောင် ဝူဘုရင်က မင်းအတွက် အခက်အခဲတစ်ခု ဖြစ်နေဦးမှာပဲ။"
မြင့်မြတ်သောနန်းတော်မှသာ စည်းမျဉ်းစည်းကမ်းများအား ဖောက်ဖျက်ခြင်း မရှိခဲ့ပါက ကန်ရွှမ်းကလန်အနေဖြင့်လည်း ဝူအင်ပါယာနှင့် ကြီးမြတ်သောဇူအင်ပါယာတို့၏ ပဋိပက္ခများအား ဝင်ရောက်ဖြေရှင်းခွင့် ရှိမည်မဟုတ်ပဲ ဇူယွမ်မှာ နတ်ဘုံခန်းဝါအဆင့်ရှိသည့် ဝူဘုရင်အား တစ်ဦးတည်း ရင်ဆိုင်ရမည်ပင် ဖြစ်သည်။
နတ်ဘုံခန်းဝါ အထွတ်အထိပ်အဆင့်သည် ကလန်ခေါင်းဆောင်ချင်းယန်အတွက် ပုရွက်ဆိတ်တစ်ကောင်သာသာမျှသာ ရှိပါသော်လည်း ဇူယွမ်အတွက်မူ အသင်အန္တရာယ်ကိုပင် ခြိမ်းခြောက်နိုင်သော အဆင့်မျိုးဖြစ်သည်။
နတ်ဘုံခန်းဝါအဆင့်နှင့် မူလစဦးအဆင့်တို့သည် ကျင့်ကြံခြင်းအဆင့်ကြီးတစ်ဆင့်ပင် ကွာခြားနေပေသည်။
သာမန်နတ်ဘုံခန်းဝါအဆင့်ရှိသူတစ်ဦးသည်ပင် ချီပင်လယ်အတွင်း အနည်းဆုံး ချီကြယ်ပွင့် ငါးသိန်းမျှရှိလိမ့်မည်ဖြစ်ပြီး တစ်သိန်းရှစ်သောင်းမျှသာရှိသော ဇူယွမ်ထက် အဆပေါင်းများစွာ ခြားနားနေသည် ဖြစ်သည်။
ဇူယွမ်မှ ခေါင်းညိတ်ပြကာ စကားဆိုလိုက်သည်။ "စိတ်မပူပါနဲ့ ကလန်ခေါင်းဆောင်။ သူတို့က ကျွန်တော့်ရန်သူတွေပဲ။ ကျွန်တော့်မှာ ရင်ဆိုင်ရမယ့် တာဝန်ရှိတယ်။"
ကလန်ခေါင်းဆောင်ချင်းယန်မှ ဇူယွမ်အားကြည့်ကာ မေးလိုက်သည်။ "ဘယ်အချိန်လောက် ဒီကနေထွက်ခွာမယ်လို့ စဉ်းစားထားလဲ။"
"တိုင်းပြည်နှစ်ခုကြားက စစ်ပွဲဆိုတာ အရမ်းကြာတဲ့ ကိစ္စတစ်ခုပဲ။ အခုဝူအင်ပါယာက ကြီးမြတ်သောဇူအင်ပါယာ ဆီ စစ်ချီလာပြီဆိုပေမယ့် တကယ့်စစ်ပွဲ အချိန်ရောက်ဖို့တော့ တော်တော်လိုသေးတယ်။ အဲ့ဒါကြောင့် ဒီအချိန်အတွင်းမှာ ကျွန်တော် တခြားတစ်ခုခုကို လုပ်ချင်တယ်။"
"မင်းကဘာလုပ်ချင်တာလဲ။" ကလန်ခေါင်းဆောင်ချင်းယန်မှ မေးလိုက်သည်။
ဇူယွမ်မှာ ချူချင်း၊ လီချင်းချန်၊ ခုန်းရှန်နှင့် အခြားသော ရွေးချယ်ခံများအား အားတုံ့အားနာဖြစ်နေဟန်ဖြင့်ကြည့်ကာ ပြောလိုက်သည်။ "ကျွန်တော့်ရဲ့ တိုက်ပွဲစွမ်းရည် တိုးတက်လာဖို့အတွက် ရွေးချယ်စရာမရှိပဲ အကိုတော်၊ အမတော်တို့ကို ဒုက္ခပေးရတော့မယ်။"
ချူချင်း၊ လီချင်းချန်၊ ခုန်းရှန်နှင့် အခြားသော ရွေးချယ်ခံများမှာ ဇူယွမ်၏စကားကြောင့် အံ့အားသင့်သွားကြရသည်။
ဇူယွမ်မှာ အနောက်သို့ ခြေတစ်လှမ်းမျှ ဆုတ်လိုက်ပြီးနောက် ကျယ်လောင်ပြတ်သားလှသောအသံဖြင့် ကန်ရွှမ်းကလန်တစ်ခုလုံးကြားအောင် ကြေညာလိုက်သည်။
"မူလသူတော်စင်တောင်ထွတ်က ဒီတပည့်ဇူယွမ်က တခြားတောင်ထွတ်ခြောက်ခုလုံးက ရွေးချယ်ခံတွေကို တိုက်ပွဲစွမ်းရည်ချင်းဖလှယ်ဖို့ စိန်ခေါ်ချင်ပါတယ်။ စီနီယာအကိုတော်၊ အမတော်တွေလည်း ကျွန်တော့်ရဲ့ဆန္ဒကို လေးစားလက်ခံပေးဖို့ မျှော်လင့်ပါတယ်။"
ဇူယွမ်၏ကြေညာချက်ကြောင့် ကန်ရွှမ်းကလန်၏ တပည့်များမှာ အလွန်ပင် ထိတ်လန့်အံ့သြသွားရသည်။
ရွေးချယ်ခံများ၏တိုက်ပွဲ....
ဇူယွမ်မှာ တိုက်ပွဲစွမ်းရည်ချင်း ဖလှယ်ရန်အတွက် တောင်ထွတ်ခြောက်ခုလုံးမှ ရွေးချယ်ခံများအား စိန်ခေါ်လိုက်ခြင်းပင် ဖြစ်လေတော့သတည်း....