← Chapters

ငွေကြေးဂိုဏ်း၏ များပြားလှသော မကောင်းမှု ဒုစရိုက်များ။

Vol. 5 Ch. 70

ငွေကြေးဂိုဏ်း၏ များပြားလှသော မကောင်းမှု ဒုစရိုက်များ။

Vol. 5 Ch. 70

ယွင်ဇီမြို့။

နောက်ထပ် တစ်လခန့် ကုန်ဆုံးသွားခဲ့ပြန်သည်။

ဤတစ်လတာအတွင်း ကျန်းဖန်နှင့် စုဝေဝေတို့သည် ယွင်ဇီမြို့တွင် သက်တောင့်သက်သာ နေထိုင်ခဲ့ကြရလေသည်။

မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ အရင်းအမြစ် အမျိုးမျိုးကို အလွယ်တကူ ရရှိနိုင်သော မြို့ကြီးတစ်မြို့ ဖြစ်သောကြောင့်ပင်။

ငွေရှိသရွေ့ ဤနေရာတွင် နေထိုင်ရခြင်းသည် သုခဘုံတွင် နေထိုင်ရသကဲ့သို့ ဖြစ်နေလိမ့်မည်။ အခြားအရာများကို စိုးရိမ်ပူပန်နေစရာ မလိုတော့ချေ။

ထို့ပြင် မြို့ရိုးများ၏ အကာအကွယ်ကြောင့် ဒုက္ခသည်များ ဝင်ရောက်၍ မရနိုင်ပေ။

ထို့ကြောင့် ဤကာလအတွင်း သူသည် မည်သည့် ခိုးမှု၊ ဒုစရိုက်မှုများနှင့်မျှ မကြုံတွေ့ခဲ့ရဘဲ အလွန် ဘေးကင်းလုံခြုံခဲ့သည်။

အနည်းဆုံးတော့ သော်ကရွာမှာကဲ့သို့ ဒုက္ခသည်များ ညသန်းခေါင် ခိုးဝင်လာမည်ကို စိုးရိမ်စရာ မလိုတော့ပေ။

သို့သော် ယွင်ဇီမြို့သည် လုံးဝ ဘေးကင်းလုံခြုံသည်ဟုတော့ ဆိုလိုခြင်း မဟုတ်ချေ။

အမှန်စင်စစ် စစ်သူကြီးမူတာ ဒဏ်ရာပြင်းထန်စွာ ရရှိထားသည့် သတင်း ပျံ့နှံ့သွားပြီးနောက် ယွင်ဇီမြို့သားများအကြားတွင် မငြိမ်မသက်မှုများ ဖြစ်ပေါ်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် မျက်ခုံးနီ သူပုန်တပ်သည်လည်း ပြန်လည် လှုပ်ရှားလာပြီး တပ်ဖွဲ့များကို ပြန်လည် စုစည်းနေကြသည်။

ယခင်ကကဲ့သို့ အစိုးရတပ်များ၏ လိုက်လံဖမ်းဆီးခြင်းကို ခံနေရသည့် အခြေအနေ မဟုတ်တော့ပေ။

ဆန့်ကျင်ဘက် အနေဖြင့် အစိုးရတပ်များ၏ ပေါ့ဆမှုကို အခွင့်ကောင်းယူ၍ မျက်ခုံးနီ သူပုန်တပ်သည် ပြန်လည် တိုက်ခိုက်လာခဲ့ရာ အစိုးရတပ်များ အကြီးအကျယ် ထိခိုက်နစ်နာခဲ့ရသည်။

ဤအချက်က နှစ်ဖက်အခြေအနေကို သောင်မတင်ရေမကျ ဖြစ်သွားစေခဲ့သည်။

နှစ်ဖက်စလုံး အကြိတ်အနယ် တိုက်ခိုက်နေကြခြင်း ဖြစ်သည်။

ကျန်းဖန်ကို ပိုမို စိုးရိမ်ပူပန်စေသည့် အချက်မှာ လုယန် သေဆုံးသည့် သတင်းသည် နောက်ဆုံးတွင် ယွင်ဇီမြို့သို့ ရောက်ရှိလာပြီး လုမိသားစု သိရှိသွားခြင်းပင် ဖြစ်သည်။

"မကြာသေးခင်က မြို့ပြင်မှာ အစိုးရတပ်နဲ့ မျက်ခုံးနီ သူပုန်တပ် တိုက်ခိုက်နေကြတာ တော်တော် ပြင်းထန်တယ်နော်"

"ဟုတ်ပါ့... လုမိသားစုရဲ့ မျိုးဆက်ခံ တစ်ယောက်ဖြစ်တဲ့ လုယန်က နာမည်ယူချင်လို့ တပ်တွေကို ဦးဆောင်ပြီး မြို့ပြင်ထွက်သွားတာလေ... အဲ့ဒါ မမျှော်လင့်ဘဲ မျက်ခုံးနီ သူပုန်တပ်ရဲ့ ခြုံခိုတိုက်ခိုက်တာကို ခံရလို့ တစ်ဖွဲ့လုံး သေကုန်ကြတယ်တဲ့"

"ငါလည်း ကြားတယ်... သူတို့က သော်ကရွာဆိုတဲ့ တံငါရွာလေးတစ်ရွာကို ရောက်သွားတာ... အဲ့ဒီမှာ မျက်ခုံးနီ သူပုန်တပ်တွေ ပုန်းနေမှန်း မသိဘဲ ဝင်သွားမိလို့ အလစ်တိုက်ခံလိုက်ရတာတဲ့... တစ်ယောက်မှ မကျန်ဘူး သေကုန်တာ... နောက်ဆုံး အလောင်းတွေကိုပါ မီးရှို့ပြီး ပြာချလိုက်တယ်ဆိုပဲ... တကယ့်ကို သေရွာပြန်လမ်း မရှိတော့တာဟေ့... လုမိသားစုတော့ တော်တော် ဒေါသထွက်နေလောက်ပြီ"

"ဟက်... ဒေါသထွက်နေလည်း ဘာမှ မထူးပါဘူးကွာ... လုမိသားစုက တပ်တွေလွှတ်ပြီး သော်ကရွာကို သွားတော့ တစ်ရွာလုံး ပျောက်ချင်းမလှ ပျောက်သွားကြပြီတဲ့... ဘယ်သူ့ကိုမှ ရှာမတွေ့တော့ဘူးတဲ့... လက်စားချေချင်ရင်တောင် ဘယ်သူ့ကို သွားလုပ်ရမလဲ"

"တကယ်လား... သော်ကရွာသားတွေက ဖမ်းခံရတာကနေ လွတ်အောင် ရှောင်နိုင်ခဲ့ကြတယ်ပေါ့... ကမ္ဘာကြီးက အကျယ်ကြီး သူတို့ ဘယ်မှာများ သွားပုန်းနေကြပါလိမ့်"

"အဲ့ဒါတော့ မသိရဘူး... ဘာပဲဖြစ်ဖြစ် အခု လုမိသားစုက ဒေါသပေါက်ကွဲနေပြီး သော်ကရွာသားတွေကို ဖမ်းဝရမ်း ထုတ်ထားတယ်... ဒါပေမဲ့ ဘာသတင်းမှ မကြားရသေးဘူး"

"ငါကြားတာက တခြားတစ်မျိုးကွ... လုယန်က မောက်မာပြီး ဗိုလ်ကျလေ့ရှိတော့ အပြစ်မဲ့တဲ့ သော်ကရွာသားတွေကို သတ်ပြီး နာမည်အတုအယောင် ယူဖို့ ကြိုးစားတာတဲ့... ဒါပေမဲ့ ပြန်တိုက်ခိုက်ခံလိုက်ရပြီး တစ်ဖွဲ့လုံး သေကုန်တာ... သူ့သေတွင်း သူတူးတယ်လို့ ပြောလို့ရတာပေါ့"

"မဖြစ်နိုင်တာ... တကယ်လား... သော်ကရွာက တံငါသည်တွေပဲ ရှိတာလေ... သူတို့က ဘယ်လိုလုပ် လက်ရွေးစင် တပ်ဖွဲ့ကြီးကို ပြန်တိုက်နိုင်မှာလဲ... လုယန်ရဲ့ နာမည်ဂုဏ်သတင်းက မကောင်းတာတော့ မှန်ပါတယ်... သူက မောက်မာပြီး ရမ္မက်ကြီးတယ်... သူ့လက်ချက်နဲ့ လူဘယ်နှယောက် သေခဲ့လဲဆိုတာ မြို့ထဲကလူတိုင်း သိကြတာပဲ"

"ဒါက သော်ကရွာသားတွေ မထွက်ပြေးခင် ပြောခဲ့တဲ့ စကားလို့တော့ ဆိုကြတာပဲ... အမှန်အမှားတော့ မသိရဘူး... ဘာပဲဖြစ်ဖြစ် လုယန် သေသွားတာ စိတ်သက်သာရာ ရစရာပါပဲ... ယွင်ဇီမြို့အတွက် ကပ်ဘေးတစ်ခု လျော့သွားတာပေါ့"

"ပါးစပ်ပိတ်ထားစမ်း... နံရံတိုင်းမှာ နားရှိတယ်... ငွေကြေးဂိုဏ်းက လူတွေ နေရာတိုင်းမှာ ရှိနေတာ... ဒီစကားတွေ ကြားသွားရင် သူတို့က အခွင့်ကောင်းယူပြီး ဒုက္ခပေးလိမ့်မယ်"

"ဟုတ်တယ်... ဟုတ်တယ်... ဆက်မပြောကြနဲ့တော့... လုမိသားစုက အခု အရမ်း ဒေါသထွက်နေပြီး လူတွေကို ကြောက်လန့်သွားအောင် နမူနာပြဖို့ ရှာနေတာ... သူတို့နဲ့ သွားမငြိစေနဲ့"

လူအများအပြားသည် လုမိသားစုအကြောင်း အတင်းအဖျင်း ပြောဆိုနေကြလေသည်။

မည်သို့ပင်ဆိုစေကာမူ လုမိသားစုသည် ယွင်ဇီမြို့၏ ထိပ်တန်း အထက်တန်းလွှာ မိသားစုကြီး (၃) ခုအနက် တစ်ခုဖြစ်ပြီး ငွေကြေးဂိုဏ်းကဲ့သို့သော အင်အားကြီး ဂိုဏ်းတစ်ဂိုဏ်းကို ထိန်းချုပ်ထားသည်။ ယွင်ဇီမြို့၏ ကဏ္ဍအများအပြားကိုလည်း လွှမ်းမိုးထားသည်။

လူအများအပြားသည် လုမိသားစုနှင့် ပတ်သက်ဆက်နွှယ်ဖူးကြပြီး ဖိနှိပ်မှုများကိုပင် ခံစားခဲ့ရဖူးသည်။

ယခု လုမိသားစု ကံဆိုးမိုးမှောင်ကျသည့် သတင်းကို ကြားရသောအခါ လူတိုင်း တိတ်တဆိတ် ဝမ်းသာနေကြပြီး လက်ခုပ်တီး အားပေးနေကြ၏။

သေချာသည်မှာ အပြင်ပန်းတွင်မူ ထိုမျှ ပေါ်ပေါ်ထင်ထင် ပြုမူရဲကြမည် မဟုတ်ချေ။

"ရွာသားတွေ အကုန်လုံး တကယ် ထွက်ပြေးသွားကြတာလား"

"သူတို့ ဘယ်ကိုများ ရောက်သွားကြတာလဲ"

ထိုသတင်းကို ကြားရသော် ကျန်းဖန် အတော်လေး အံ့သြသွားမိသည်။ မူလက ရွာသားများ သော်ကရွာတွင် ဆက်နေခဲ့ပါက ဒေါသထွက်နေသော လုမိသားစု၏ သတ်ဖြတ်ခြင်း ခံရမည်ကို စိုးရိမ်ခဲ့မိသည်။

သို့သော် ယခုကြည့်ရသည်မှာ ရွာသားများ၏ ရှင်သန်လိုစိတ်ကို သူ လျှော့တွက်ခဲ့မိပုံ ရသည်။

သူ မရှိလျှင်ပင် ရွာသားများသည် သူတို့လမ်းသူတို့ ရှာဖွေနိုင်ခဲ့ကြသည်။

ဘယ်ရောက်သွားမှန်း မသိရသော်လည်း လုမိသားစု၏ စစ်တပ်များ ဝိုင်းရံပိတ်ဆို့ထားသည့် နေရာတွင် ဆက်နေခြင်းထက်တော့ ပိုကောင်းပေသည်။

သူ အစိုးရိမ်လွန်မိခဲ့သည် ထင်သည်။

ဤကမ္ဘာလောကကြီးသည် တစ်စုံတစ်ယောက် မရှိတော့ရုံမျှဖြင့် လည်ပတ်မှု ရပ်တန့်သွားမည် မဟုတ်သလို၊ သူသည်လည်း ကယ်တင်ရှင် မဟုတ်ချေ။

မိမိကိုယ်ကို အထင်မကြီးမိဖို့ လိုသည်။

သို့သော် ဤသည်မှာ သူ့အတွက်လည်း သတင်းကောင်း ဖြစ်သည်။

ရွာသားများ အားလုံး ထွက်ခွာသွားပြီ ဆိုလျှင် သူနှင့် စုဝေဝေတို့၏ အကြောင်း ပေါက်ကြားတော့မည် မဟုတ်ချေ။

အနည်းဆုံးတော့ ရေတိုကာလအတွင်း လုမိသားစုသည် သူတို့ကို ရှာတွေ့နိုင်မည် မဟုတ်ပေ။

"အရေးအကြီးဆုံးက စွမ်းအားကို မြှင့်တင်ဖို့ပဲ"

"တကယ်လို့ ငါသာ သိုင်းပညာ အရှင်သခင် (ဒါမှမဟုတ်) မွေးရာပါ သိုင်းပညာရှင် ဖြစ်လာရင်..."

"လုမိသားစုက ဒီကိစ္စကို သိသွားမယ်ဆိုရင်တောင် စိုးရိမ်စရာ မလိုတော့ဘူး"

ကျန်းဖန် မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

အရှင်သခင် အဆင့်သို့ တက်လှမ်းရန်မှာ သူ့အတွက် ရိုးရှင်း၏။ ကံကောင်းခြင်း အမှတ် (၁၀၀၀) စုဆောင်းရန်သာ လိုအပ်သည်။

သို့သော် လက်ရှိတွင် သူ့၌ ကံကောင်းခြင်း အမှတ် (၃၁၀) သာ ရှိသေးသည်။

ကံကောင်းခြင်း အမှတ် (၁၀၀၀) နှင့် ကွာဟချက်မှာ အနည်းငယ် ဝေးကွာနေသေးသည်။

သို့သော် သွေးဂျင်ဆင်းဆေးလုံး၏ ဆေးစွမ်းအင်ကို အပြည့်အဝ စုပ်ယူနိုင်ပါက ကံကောင်းခြင်း အမှတ် အမြောက်အမြားကို သက်သာစေနိုင်သည်။

ထိုအခါ ကံကောင်းခြင်း အမှတ် (၇၀၀)၊ (၈၀၀) ခန့်ဖြင့်ပင် အဆင့်တက်နိုင်ကောင်း တက်နိုင်ပေလိမ့်မည်။

ဤနည်းအားဖြင့်ဆိုလျှင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းစရာ မလိုဘဲ ပိုမို လွယ်ကူသွားပေလိမ့်မည်။

ဒုန်း... ဒုန်း... ဒုန်း…

ထိုအချိန်၌ အိမ်အပြင်ဘက်မှ ဗုံသံများ ဆူညံစွာ ထွက်ပေါ်လာလေသည်။

ထို့နောက် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး ကျောဘက်တွင် "ငွေကြေး" ဟူသော စာလုံးကို ထိုးထားသည့် လူတစ်စု လမ်းမပေါ်သို့ ရောက်ရှိလာကြသည်။

တစ်ယောက်ချင်းစီတိုင်းသည် မောက်မာဝင့်ကြွားနေပြီး အခြားသူများကို အထင်သေးသော အကြည့်ဖြင့် ကြည့်နေကြသည်။

လမ်းမပေါ်ရှိ အိမ်နီးနားချင်းများ၏ မျက်နှာများ ဖြူဖျော့သွားကြပြီး ထိုလူများကို မြင်လိုက်ရသော် ကြောက်လန့်တကြား ဖြစ်သွားကြသည်။

ဤလူများသည် ငွေကြေးဂိုဏ်းဝင်များ ဖြစ်ကြောင်း သူတို့ သိကြသည်။

သူတို့ ရောက်လာခြင်းသည် ကောင်းသော နိမိတ် မဟုတ်ချေ။

"ထွက်ခဲ့ကြ... အခုချက်ချင်း ထွက်ခဲ့ကြစမ်း"

"ငါက ငွေကြေးဂိုဏ်းရဲ့ အကြီးအကဲ ဟယ်ယွီလျန်ပဲ..."

"သုံးစက္ကန့်အတွင်း ဘယ်သူမှ ထွက်မလာရင် အိမ်တွေထဲထိ ဝင်စီးမယ်"

"ဘာပဲဖြစ်ဖြစ်... မင်းတို့ ခံရမှာပဲ"

စကားပြောလိုက်သူမှာ အသက် (၃၀)၊ (၄၀) ဝန်းကျင်ခန့် ရှိပြီး မျက်နှာတွင်လည်း အသားပိုများ ရှိ၍ မျက်ပေါက်ကျဉ်းကျဉ်းဖြင့် ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များကို ထုတ်လွှတ်နေသည့် အမျိုးသားတစ်ဦး ဖြစ်သည်။ သူသည် အရိုးတည်ဆောက်ခြင်း အဆင့် သိုင်းပညာရှင် တစ်ဦးဖြစ်ကြောင်း ထင်ရှားနေသည်။

သူ၏ စွမ်းအားတစ်ခုတည်းကပင် လမ်းတစ်လမ်းလုံးကို ဖိနှိပ်ထားရန် လုံလောက်နေသည်။

ဒါက ယွင်ဇီမြို့ပဲလေ။

ဤနေရာတွင်ရှိသော သိုင်းပညာရှင်များသည် အလွန် စွမ်းအားကြီးကြသည်။

သော်ကရွာ၌ သိုင်းပညာရှင် တစ်ယောက် တွေ့ရရန် ခက်ခဲသော်လည်း ယွင်ဇီမြို့တွင်မူ သိုင်းပညာရှင်များသည် နေရာတိုင်းတွင် ရှိနေကြသည်။

ထိုစကားကို ကြားရသော် လမ်းမပေါ်ရှိ ဒေသခံများသည် မတတ်သာသည့်အဆုံး အိမ်ထဲမှ ထွက်လာကြရသည်။

ငွေကြေးဂိုဏ်း၏ ရက်စက်ကြမ်းကြုတ်မှုကို သူတို့ ကောင်းစွာ သိရှိကြသည်။ ယွင်ဇီမြို့၏ နံပါတ်တစ် ဂိုဏ်းဖြစ်သည့်အလျောက် သူတို့သည် ရက်စက်ပြီး အကျိုးအမြတ်အတွက် မည်သည့်အရာကိုမဆို လုပ်ဆောင်ရဲကြသည်။

မည်သူကမျှ ငွေကြေးဂိုဏ်း၏ အာဏာကို စိန်ခေါ်ရဲခြင်း မရှိကြချေ။

ကျန်းဖန်သည်လည်း သဘာဝကျစွာပင် တစ်ယောက်ထဲ ကွက်ထူးမနေဘဲ အခြားသူများနှင့်အတူ လမ်းမပေါ်သို့ ထွက်လိုက်လေသည်။

All Chapters