အမြင့်မားဆုံးအောင်မြင်မှု
Vol. 49 Ch. 672
ဇူယွမ်၏ ကြည်လင်ပြန်သားသော ကြေညာချက်မှာ ကန်ရွှမ်းကလန်တစ်ခုလုံးသို့ ပျံ့နှံ့လွှမ်းခြုံသွားပြီး တပည့်များအားလုံးမှာ အလွန်အံ့အားသင့်သွားကြရသည်။
ကလန်အတွင်း ဇူယွမ်၏ ကျယ်လောင်လှသော ကြေညာချက်တစ်ခုတည်းကသာ ပဲ့တင်ထပ်နေလျက်ရှိပြီး ပတ်ဝန်းကျင်တစ်ခွင်လုံးမှာ အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားရသည်။
တိတ်ဆိတ်မှုမှာ အချိန်အတော်ကြာမျှအထိ ကြီးစိုးနေပြီးနောက် ကန်ရွှမ်းကလန်ရှိ တပည့်များမှာ စိတ်လှုပ်ရှားစွာဖြင့် ဝေဖန်သုံးသပ်ကြတော့သည်။
"အမလေး...ငါတို့ဘာကိုကြားလိုက်ရတာလဲ။"
"ရွေးချယ်ခံဇူယွမ်က တောင်ထွတ်ခြောက်ခုလုံးက ရွေးချယ်ခံတွေကို စိန်ခေါ်လိုက်တာပဲ။"
"တော်တော်သတ္တိရှိတာပဲ။"
"စီနီယာအကိုတော်ချူချင်းတောင်မှ တောင်ထွတ်ခြောက်ခုလုံးကို အဲ့လိုမျိုးတစ်ခါတည်း စိန်မခေါ်ခဲ့ဖူးဘူး။"
"စီနီယာအကိုတော်ချူချင်းကို မပြောနဲ့ဦး။ ကန်ရွှမ်းကလန်မှာရှိတဲ့ ဘယ်တပည့်ကမှ အဲ့လိုစိန်ခေါ်မှုနဲ့ အောင်မြင်မှုမျိုးရဖူးတာ မရှိသေးဘူး။"
"ဟုတ်တယ်။ ရွေးချယ်ခံစိန်ခေါ်ပွဲက အရမ်းခက်လွန်းတယ်။ စိန်ခေါ်ခံရတဲ့ ရွေးချယ်ခံ တစ်ယောက်ချင်းစီက သူတို့ရဲ့ သက်ဆိုင်ရာတောင်ထွတ်ကနေ ချီစွမ်းအင်ပံ့ပိုးမှုတွေ အများကြီးရတာ။ အဲ့ဒါကြောင့် သက်ဆိုင်ရာတောင်ထွတ်အထိ သွားပြီးတိုက်ခိုက်ရတဲ့ စိန်ခေါ်သူရွေးချယ်ခံအနေနဲ့ အနိုင်ရဖို့မလွယ်ဘူး။"
"ဒါပေမယ့် ရွေးချယ်ခံဇူယွမ်သာ နိုင်သွားခဲ့ရင် ငါတို့ကန်ရွှမ်းကလန်အတွက် အောင်မြင်မှုအကြီးကြီး ဖြစ်လာမှာပဲ။ ဒီပွဲကတော့ တကယ့်ကို ပွဲကြီးပွဲကောင်းပဲဟေ့။"
"....."
ကန်ရွှမ်းကလန်မှ တပည့်များအားလုံးမှာ အလွန်ပင် စိတ်လှုပ်ရှားနေကြသည်။ ယခုကဲ့သို့ ကြီးကျယ်ခမ်းနားသော တိုက်ပွဲမျိုးမှာ အလွန်ရှားပါးလွန်းလှပေသည်။
အစည်းအဝေးခန်းမ၏ ရှေ့တွင်ရှိနေကြသော ချူချင်း၊ လီချင်းချန်၊ ခုန်းရှန်နှင့် အခြားသော ရွေးချယ်ခံများမှာ လေးနက်ခက်ထန်သော အမူအရာများဖြင့် ရှိနေကြသည်။ ရွေးချယ်ခံစိန်ခေါ်ခြင်းတိုက်ပွဲသည် ကန်ရွှမ်းကလန်အတွက် အလွန်ကြီးကျယ်ခမ်းနားသော ပွဲတစ်ခုပင် ဖြစ်သည်။
ကန်ရွှမ်းကလန်၏ စည်းမျဉ်းစည်းကမ်းများအရ ရွေးချယ်ခံများမှာ ကြေညာချက်နှင့်တကွ စိန်ခေါ်လာသူ မည်သူ့ကိုမဆို ငြင်းပယ်ခွင့်မရှိပေ။
ရွေးချယ်ခံများမှာ တစ်ဦးကိုတစ်ဦး ကြည့်ရှုလိုက်ကြပြီးနောက် လေးနက်သောမျက်ဝန်းများဖြင့် ခေါင်းညိတ်လိုက်ကြသည်။ "ကောင်းပြီလေ။ ရွေးချယ်ခံ ဇူယွမ်က ဒီလောက်တောင် စိတ်အားထက်သန်နေတယ်ဆိုမှတော့ ငါတို့ကလည်း ငြင်းပယ်စရာ မရှိပါဘူး။ တောင်ထွတ်တိုင်းက မင်းရဲ့စိန်ခေါ်မှုကို လက်ခံကြိုဆိုနေပါတယ်။"
ဇူယွမ်မှာ ရွေးချယ်ခံများအား အရိုအသေပေးလိုက်သည်။ လက်ရှိအချိန်၌ သူသည် မူလစဦး နဝမအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ပြီး မကြာမီအချိန်အတွင်းမှာပင် ကြီးမြတ်သောဇူအင်ပါယာထံ ထွက်ခွာရတော့မည် ဖြစ်သည်။ ထိုသို့ ထွက်ခွာခြင်းမပြုမီ သူ၏တိုက်ပွဲစွမ်းရည်အား အကန့်အသတ်သို့ ရောက်သည်အထိ တိုးမြှင့်သွားရန် လိုအပ်ပေသည်။
ထို့အပြင် ကြီးမြတ်သောသူတော်စင်စိတ်ဝိဉာဉ်မှလွဲ၍ ကျန်ရှိနေသော ကျင့်စဉ်အားလုံးမှာ ဇူယွမ်အတွက် အဆင့်နိမ့်ကျနေပြီ ဖြစ်သည်။ ဥပမာအားဖြင့် ကန်ရွှမ်းကလန်၏ အပြင်ဘက်တောင်တန်းတွင် သင်ကြားခဲ့သော နူးညံ့သိမ်မွေ့သောအသွင်သဏ္ဍာန်ကျင့်စဉ်သည် ယခင်ကကဲ့သို့ အံ့အားသင့်စရာ မကောင်းတော့ပေ။
ထိုသို့ဖြစ်ရသည့် အဓိကအကြောင်းအရင်းမှာ ဇူယွမ်အနေဖြင့် ပို၍အရည်အချင်းရှိသော ရန်သူများနှင့် တွေ့ဆုံလာရသောကြောင့် ဖြစ်သည်။ ရန်သူများသည် အဆင့်မြင့်ကျင့်စဉ်များအား အသုံးပြုနေသောအချိန်၌ ဇူယွမ်အသုံးပြုနေရသည့် ဒြပ်မဲ့အသွင်သို့ ပြောင်းလဲခြင်းဖြစ်သော သိမ်မွေ့နူးညံ့သောအသွင်သဏ္ဍာန်ကဲ့သို့ ကျင့်စဉ်မျိုးမှာ နိမ့်ကျသွားရသည်။
ထို့ကြောင့် ဇူယွမ်အနေဖြင့် ပို၍အဆင့်မြင့်သော ကျင့်စဉ်များအား လိုအပ်လာပြီပင် ဖြစ်သည်။
ကန်ရွှမ်းသိုင်းကျမ်းခုနစ်ခုသည် ကန်ရွှမ်းကလန်အတွင်း အကျော်ကြားဆုံး ကျင့်စဉ်များဖြစ်သည့်အတွက် လွန်ခဲ့သော အချိန်များတည်းကပင် ဇူယွမ်မှာ မျက်စိကျနေခဲ့ရခြင်း ဖြစ်သည်။ သို့သော် စွမ်းအင်မှာ လုံလောက်အောင် သန်မာခြင်း မရှိခဲ့သောကြောင့် ရွေးချယ်ခံများအား စိန်ခေါ်အနိုင်ယူကာ ထိုသိုင်းကျမ်းများကိုရယူရန် မဖြစ်နိုင်ခဲ့ချေ။ ထို့ကြောင့် ဇူယွမ်မှာ ယခုအချိန်ထိတိုင် စိတ်ရှည်စွာဖြင့် စောင့်ဆိုင်းနေခဲ့ရခြင်း ဖြစ်သည်။
ဇူယွမ်မှာ မူလစဦး နဝမအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီးနောက် တစ်ဦးချင်း ယှဉ်ပြိုင်တိုက်ခိုက်ရမည်ဆိုပါက ချူချင်းသည်ပင် သူ၏ပြိုင်ဖက်တစ်ဦး ဖြစ်လာနိုင်တော့မည် မဟုတ်ပေ။
ကလန်ခေါင်းဆောင်ချင်းယန်မှ ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ "ဇူယွမ်...ရွေးချယ်ခံတွေကို စိန်ခေါ်တဲ့တိုက်ပွဲဆိုတာ လွယ်တဲ့အရာတော့ မဟုတ်ဘူးနော်။ ဘာလို့လဲဆိုတော့ စိန်ခေါ်တဲ့သူက စိန်ခေါ်ခြင်းခံရတဲ့သူရဲ့ သက်ဆိုင်ရာတောင်ထွတ်ဆီကို သွားတိုက်ရမှာ။ အဲ့ဒါကြောင့် မင်းစိန်ခေါ်တာခံရတဲ့ ရွေးချယ်ခံက သူ့ရဲ့သက်ဆိုင်ရာတောင်ထွတ်ဆီကနေ ချီစွမ်းအင် အထောက်အပံ့တွေ အများကြီး ရနေလိမ့်မယ်။ သူ့ရဲ့စွမ်းအင်ကလည်း ပုံမှန်ထက်ပိုပြီး တိုးတက်နေလိမ့်မယ်။"
"တပည့်နားလည်ပါပြီ။ အကောင်းဆုံး ကြိုးစားပါ့မယ် ကလန်ခေါင်းဆောင်။" ဇူယွမ်မှ အရိုအသေပြုကာ ပြောလိုက်သည်။
ကလန်ခေါင်းဆောင်ချင်းယန်မှ ချူချင်းနှင့် အခြားသော ရွေးချယ်ခံများအားကြည့်ကာ ပြောလိုက်သည်။ "မင်းတို့ရဲ့ တောင်ထွတ်တွေဆီကိုပြန်ပြီး ပြင်ဆင်ထားကြတော့။ ဇူယွမ်က မနက်ဖြန်ကြရင် မင်းတို့တောင်ထွတ်တစ်ခုချင်းစီကို လာစိန်ခေါ်လိမ့်မယ်။"
ချူချင်းနှင့် အခြားသော ရွေးချယ်ခံများမှာ ကလန်ခေါင်းဆောင်ချင်းယန်နှင့် တောင်ထွတ်ဆရာသခင်များအား အရိုအသေပြုနှုတ်ဆက်လိုက်ပြီးနောက် ဇူယွမ်အား တစ်ချက်မျှကြည့်ကာ ထွက်ခွာသွားကြတော့သည်။
ဇူယွမ်မှာလည်း ကလန်ခေါင်းဆောင်ချင်းယန်နှင့် တောင်ထွတ်ဆရာသခင်များအား အရိုအသေပြုနှုတ်ဆက်ကာ မူလသူတော်စင်တောင်ထွတ်ထံသို့ ပြန်လာခဲ့လိုက်သည်။
ကလန်ခေါင်းဆောင်ချင်းယန်မှာ ထွက်ခွာသွားသော ပုံရိပ်များအားကြည့်ရှုလျက် သက်ပြင်းချကာ စကားဆိုလိုက်သည်။ “ငါတို့ကန်ရွှမ်းကလန်က တပည့်တွေက မြင့်မြတ်သောနန်းတော်က တပည့်တွေထက် အားမနည်းပါဘူး။”
တောင်ထွတ်ဆရာသခင်မ လျှို့လျန်းယီမှ ကလန်ခေါင်းဆောင်ချင်းယန်အားကြည့်ကာ မေးလိုက်သည်။ "ကျွန်မတို့ တကယ်ပဲ ဇူယွမ်က တောင်ထွတ်ခြောက်ခုလုံးကိုစိန်ခေါ်တာကို ခွင့်ပြုလိုက်ကြမှာလား။"
ကလန်ခေါင်းဆောင်ချင်းယန်မှ ခေါင်းညိတ်ပြကာ ပြောလိုက်သည်။ "ဝူဟောင်ရဲ့ အောင်မြင်မှုက မြင့်မြတ်သောနန်းတော်ရဲ့ ဂုဏ်သိက္ခာကို အများကြီး မြှင့်တင်ပေးလိုက်နိုင်တယ်။ တကယ်လို့ ဇူယွမ်ကသာ တောင်ထွတ်ခြောက်ခုလုံးက ရွေးချယ်ခံတွေကိုနိုင်ပြီး ကန်ရွှမ်းသိုင်းကျမ်းခုနစ်ခုလုံးကို ရသွားမယ်ဆိုရင် ငါတို့ကန်ရွှမ်းကလန်အတွက် တစ်ခါမှမရဖူးတဲ့ အောင်မြင်မှုမျိုးကို ရမှာပဲ။ အဲ့ဒါက ငါတို့ကန်ရွှမ်းကလန်ရဲ့ ဂုဏ်သိက္ခာကို မြှင့်ပေးရုံတင်မကပဲ ကန်ရွှမ်းကလန်က တပည့်တွေရဲ့ စိတ်ဓာတ်တွေကိုပါ ပြန်ပြီးတက်ကြွသွားစေလိမ့်မယ်။"
"မြင့်မြတ်သောနန်းတော်မှာ ဝူဟောင်ရှိရင် ငါတို့ကန်ရွှမ်းကလန်မှာ ဇူယွမ်ရှိတယ်။"
"အဲ့လိုသာဖြစ်ခဲ့ရင်တော့ ဇူယွမ်အတွက်ရော ကန်ရွှမ်းကလန်အတွက်ပါ အောင်မြင်မှုအကြီးကြီး ဖြစ်လာမှာပဲ။ ဒါပေမယ့် ဒီကောင်လေးက တောင်ထွတ်ခြောက်ခုလုံးကို အနိုင်ယူပါ့မလားတော့ မပြောတက်ဘူး။" တောင်ထွတ်ဆရာသခင်လင်ကျွမ်းမှ စကားဆိုလိုက်သည်။
တောင်ထွတ်ဆရာသခင်လင်ကျွမ်းသည် ဇူယွမ်အပေါ် မကောင်းမြင်နေသောကြောင့် ထိုသို့ဝေဖန်ခြင်းမဟုတ်ပဲ စိတ်ထဲထင်မြင်သည့်အတိုင်းသာ မှတ်ချက်ပြုလိုက်ခြင်း ဖြစ်သည်။
ဇူယွမ်မှာ ကြောက်မက်ဖွယ်ကာကောင်းလောက်အောင် တိုးတက်လာပြီဖြစ်ပါသော်လည်း ချူချင်း၊ ခုန်းရှန်နှင့် လီချင်းချန်ကဲ့သို့သော ရွေးချယ်ခံများအား သက်ဆိုင်ရာတောင်ထွတ်၏ ထောက်ပံ့မှုရရှိနေသည့်အချိန်တွင် တိုက်ခိုက်ရမည့်အရေးမှာ လွယ်ကူသောကိစ္စရပ်တစ်ခု မဟုတ်ပေ။
ချူချင်းသည်ပင် ထိုကဲ့သို့သော အကြောင်းအရာများကြောင့် ရွေးချယ်ခံစိန်ခေါ်ပွဲအားပြုလုပ်ရန် နောက်တွန့်နေခဲ့ရခြင်း ဖြစ်သည်။
"သူအောင်မြင်မလား၊ မအောင်မြင်ဘူးလားဆိုတာတော့ မနက်ဖြန်ဆို ရှင်းရှင်းလင်းလင်း သိရတော့မှာပဲ။"
ကလန်ခေါင်းဆောင်ချင်းယန်မှာ အလွန်စိတ်လှုပ်ရှားနေကြသော ကန်ရွှမ်းကလန်၏ တပည့်များအား လှမ်း၍ကြည့်ရှုလိုက်ပြီးနောက် ခပ်ဖွဖွရယ်မောကာ ပြောလိုက်သည်။ "အမှန်တိုင်းပြောရရင် ငါတောင်နည်းနည်း စိတ်လှုပ်ရှားနေမိတယ်။ ကလန်ခေါင်းဆောင်ဖြစ်ထဲက ဒီလိုကြီးကျယ်ခမ်းနားတဲ့ပွဲမျိုးကို မကြည့်ရသေးဘူးလေ။"
အခြားသော တောင်ထွတ်ဆရာသခင်များမှာလည်း ကလန်ခေါင်းဆောင်၏စကားအား ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။ တောင်ထွတ်များအားလုံးကို စိန်ခေါ်၍ ကန်ရွှမ်းသိုင်းကျမ်းခုနစ်ခုအား ပြည့်စုံအောင် စုဆောင်းနိုင်သည့် အောင်မြင်မှုမျိုးမှာ ကန်ရွှမ်းကလန်အတွင်း မည်သည့်အခါကမှ မရှိခဲ့ဖူးသော အောင်မြင်မှုမျိုး ဖြစ်သည်။
နှစ်ထောင်ပေါင်းများစွာအတွင်း ကန်ရွှမ်းကလန်၌ ထူးချွန်ထက်မြက်သည့် ရွေးချယ်ခံများစွာ ထွက်ပေါ်ခဲ့ပါသော်လည်း မည်သူကမှ ထိုကဲ့သို့ အောင်မြင်မှုမျိုး မရရှိခဲ့ဖူးပေ။ ထို့ကြောင့် တောင်ထွတ်ဆရာသခင်များအနေဖြင့်ပင် မနက်ဖြန်တွေ့မြင်ရတော့မည့် ဇူယွမ်၏စိန်ခေါ်ပွဲအတွက် စိတ်လှုပ်ရှားနေမိကြလေသည်။
..........
ဇူယွမ်မှာ မူလသူတော်စင်တောင်ထွတ်ဆီသို့ ပြန်ရောက်သောအခါတွင် တပည့်များမှာ အလွန်ပင် စိတ်လှုပ်ရှားနေကြသည်ကို တွေ့ရှိလိုက်ရသည်။ တပည့်အများအပြားမှာ သူ၏ဂူနန်းဝတွင် စုဝေးနေလျက်ရှိပြီး စိတ်လှုပ်ရှားစွာဖြင့် ဝေဖန်သုံးသပ်မှုများ ပြုလုပ်နေလျက် ရှိသည်။
ယောင်ယောင်မှာ နားမခံနိုင်တော့သည့်အဆုံး ထန်ထန်အားလွှတ်ကာ တပည့်များအား ခြောက်လွှတ်လိုက်ရသည်။ ထန်ထန်၏ ကျယ်လောင်လှသော ဟိန်းဟောက်သံနှင့်အတူ တပည့်များမှာ ဂူနန်းဝဆီမှ အလျင်အမြန် ဖယ်ရှားသွားကြတော့သည်။
မည်သို့ပင်ဆိုစေကာမူ မူလသူတော်စင်တောင်ထွတ်တစ်ခုလုံးမှ တ့ည့်များမှာ စိတ်ခွန်အားများ ထက်သန်နေကြဆဲပင် ဖြစ်သည်။
ယခုကဲ့သို့သော ရွေးချယ်ခံစိန်ခေါ်ခြင်း အခမ်းအနားမျိုးမှာ မူလသူတော်စင်တောင်ထွတ်အတွက် အလွန်အရေးပါသော ပွဲတစ်ခုပင် ဖြစ်သည်။ မူလသူတော်စင်တောင်ထွတ်သည် ကန်ရွှမ်းကလန်အတွင်း နှိမ့်ချစွာနေခဲ့ရသည်မှာ အချိန်အတော်ကြာပင် ရှိနေပြီဖြစ်သည်။ ယခုအခါတွင်မူ မူလသူတော်စင်တောင်ထွတ်၌ အစစ်အမှန် ရွေးချယ်ခံတစ်ဦး ရှိလာခဲ့ပြီ ဖြစ်လေသည်။
အကယ်၍ မနက်ဖြန်၌ ဇူယွမ်သာ ရွေးချယ်ခံစိန်ခေါ်ပွဲအား အနိုင်ရရှိသွားပါက မူလသူတော်စင်တောင်ထွတ်၏ တပည့်များမှာ ကန်ရွှမ်းကလန်အတွင်း ယခင်ကထက်ပို၍ မော်ကြွားနိုင်တော့မည် ဖြစ်သည်။
မူလသူတော်စင်တောင်ထွတ်အတွက် အကြီးကျယ်ဆုံး အောင်ပွဲတစ်ခုလည်း ဖြစ်လာလိမ့်မည်ပင် ဖြစ်သည်။
ယနေ့ညတွင် မူလသူတော်စင်တောင်ထွတ်၌ မည်သူကမှ အိပ်ပျော်ကြတော့မည် မဟုတ်ပေ။
မူလသူတော်စင်တောင်ထွတ်သည်သာမက အခြားသော တောင်ထွတ်ခြောက်ခုလုံး၏ ရွေးချယ်ခံများမှာလည်း အလွန်စိတ်လှုပ်ရှားနေကြမည်ပင် ဖြစ်သည်။ ယခုကဲ့သို့ ရွေးချယ်ခံစိန်ခေါ်ခြင်း အခမ်းအနားမျိုးမှာ ကန်ရွှမ်းကလန်အတွင်း အလွန်ရှားပါးလှသော ဖြစ်စဉ်မျိုးဖြစ်သည်။ အကယ်၍ ဇူယွမ်သာ အောင်မြင်သွားပါကလည်း ကလန်တစ်ခုလုံးအတွက် ကြီးမားသော ဂုဏ်သိက္ခာတစ်ခု တည်ဆောက်နိုင်ခြင်းဟု သတ်မှတ်နိုင်မည် ဖြစ်သည်။
တပည့်များမှာ အလွန်ပင် စိတ်လှုပ်ရှားနေကြသောကြောင့် ကျင့်ကြံအားထုတ်ခြင်းကိုပင် မပြုနိုင်ပဲ ရှိနေကြသည်။
ဤသို့ဖြင့် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေရသော ညတာရှည်မှာ ကုန်ဆုံးသွားလေတော့သည်။
မနက်ခင်းရောင်နီဦး သမ်းလာသည်နှင့်တစ်ပြိုင်နက် ကန်ရွှမ်းကလန်မှ တပည့်များမှာ အိပ်မပျော်သောကြောင့် နီရဲနေသော မျက်ဝန်းများဖြင့် အလျင်အမြန် ထလာကြကာ အဝေးတွင်ရှိနေသော မူလသူတော်စင်တောင်ထွတ်အား ကြည့်ရှုလိုက်ကြသည်။
ထိုအချိန်တွင် မူလသူတော်စင်တောင်ထွတ်ရှိ ဂူနန်းအတွင်း ရှိနေသော ဇူယွမ်မှာလည်း အိပ်စက်အနားယူနေရာမှ ထလာလေသည်။
ဇူယွမ်မှာ မည်သည့်စကားမှမဆိုပဲ အနီးတွင်ရပ်နေလျက်ရှိသော ယောင်ယောင်အား ပြုံးပြလိုက်ပြီးနောက် ဂူနန်းဝဆီသို့ လျှောက်လှမ်းထွက်လာခဲ့သည်။ သူ၏ပုံစံမှာ ယုံကြည်ချက်အပြည့် ရှိနေပုံရသည်။
ယနေ့တွင် ကန်ရွှမ်းကလန်မှ တပည့်များအားလုံးမှာ သူ၏ရွေးချယ်ခံစိန်ခေါ်ခြင်းတိုက်ပွဲအား ကြည့်ရှုကြရတော့မည်ပင် ဖြစ်သည်။
ကန်ရွှမ်းကလန်သို့ စတင်ရောက်ရှိစဉ်က စိန်းထိုက်ယွမ်မှသူ့အား ရွေးချယ်ခံစိန်ခေါ်ခြင်းတိုက်ပွဲနှင့်ပက်သတ်ကာ ရှင်းလင်းပြောပြခဲ့ဖူးသည်။ ထိုအချိန်၌ ဇူယွမ်မှာ ၎င်းရွေးချယ်ခံစိန်ခေါ်ခြင်းတိုက်ပွဲများအား ပုံပြင်တစ်ခုကဲ့သို့သာ မှတ်ယူထားခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ထိုရွေးချယ်ခံစိန်ခေါ်ခြင်းတိုက်ပွဲများမှာ သူ့အတွက် လက်လှမ်းမှီနိုင်ရန် အလွန်မြင့်မားနေခဲ့သောကြောင့် ဖြစ်သည်။
ယခုနှစ်နှစ်ကြာမြင့်ခဲ့ပြီးနောက် ဇူယွမ်သည် ထိုပုံပြင်၏ ဇာတ်လိုက်မင်းသား ဖြစ်လာခဲ့ပြီပင် ဖြစ်သည်။ သူသည် အမြင့်မားဆုံး အောင်မြင်မှုအားရယူကာ ကန်ရွှမ်းကလန်မှ တပည့်များ လေးစားအားကျအတုယူရမည့်သူတစ်ဦး ဖြစ်လာတော့မည်ပင် ဖြစ်လေတော့သတည်း....