← Chapters

သေလောက်သည့်အမှား

Vol. 1 Ch. 351

သေလောက်သည့်အမှား

Vol. 1 Ch. 351

"ကောင်းပြီ"

"ဝေါင်း...ဝေါင်း"

"ဂါး...ဂါး..."

သန္ဓေပြောင်းသားရဲ ဆယ်ကောင်ကျော်သည် ပြေးဝင်လာနေကြပြီး ပို၍များပြားသော သားရဲများမှာ ရေခဲလွင်ပြင်အောက်မှ တစ်ကောင်ပြီးတစ်ကောင် ထွက်ပေါ်လာကြသည်။ တောင်ထိပ်ပေါ်ရှိ ယွင်လုအား သန္ဓေပြောင်းသားရဲတစ်ကောင်မှ သွားရောက်တိုက်ခိုက်ခြင်း မရှိကြပေ။ ယွင်လုသည် သန္ဓေပြောင်းသားရဲများကို ထိန်းချုပ်ထားကြောင်း သေချာနေသည်။

"ဟမ့်"

ကျန်းရီသည် အရပ်မျက်နှာပေါင်းစုံမှ ပြေးဝင်လာနေကြသော သန္ဓေပြောင်းသားရဲများကို အာရုံမထားပေ။ သူ့အမြင်တွင် ထိုသားရဲများသည် ခုခံနိုင်စွမ်း မြင့်မားရုံမှတစ်ပါး ဘာမှထူးခြားခြင်း မရှိချေ။ သူသည် တတိယအဆင့် အမြင့်ဆုံး နတ်ဆိုးသားရဲများကို အလွယ်တကူ ဖိနှိပ်နိုင်ရာ ဤသန္ဓေပြောင်းသားရဲများကို ဖိနှိပ်ရန်လည်း မခက်ခဲလောက်ပေ။

ဝှစ်...

ကျန်းရီသည် တောင်တန်းများကို ဖြတ်၍ တိုက်သွားသော လေပြည်ပမာ ရှေ့သို့လျင်မြန်စွာ ပြေးထွက်သွားလိုက်သည်။ သူသည် သားရဲအချို့ ရှိနေသည့်ဘက်သို့ တည့်တည့်မတ်မတ် ပြေးဝင်သွားခဲ့သည်။ ထိုဘက်ခြမ်းတွင် သန္ဓေပြောင်းသားရဲ သုံးကောင် ရှိနေခဲ့သည်။ တစ်ကောင်သည် နဂါးကြီးတစ်ကောင်ဖြစ်၍ အခြားတစ်ကောင်သည် နှင်းခြင်္သေ့ကြီးဖြစ်ပြီး နောက်ဆုံးတစ်ကောင်မှာ ရှေးမျိုးစိတ် ဆုအန်းနီ(ခြင်္သေ့နဲ့ နဂါး မျိုးစပ်၊ စီးပွားလာဘ်လာဘတိုးစေသည့် တရုတ်ဒဏ္ဍာရီလာ သတ္တဝါ)သားရဲကြီး ဖြစ်သည်။

"သတ်ဖြတ်ခြင်းအင်အား"

ကျန်းရီ၏ မျက်လုံးများသည် ချက်ချင်းသွေးနီရောင် ပြောင်းသွားခဲ့ပြီး သူ့ကိုယ်ထဲမှ သတ်ဖြတ်ခြင်းအရှိန်အဝါများ ဖြာထွက်လာကာ သန္ဓေပြောင်းသားရဲများထံ ကျဆင်းသွားခဲ့သည်။ အနှီသန္ဓေပြောင်းသားရဲသုံးကောင်သည် နတ်ဆိုးသားရဲဘုရင်များနှင့် အရွယ်အစားတူသည်။ သို့သော် ဟဲလောင်၏ ပြောစကားအရဆိုလျှင် ၎င်းတို့မှာ စိတ်ဝိဉာဉ်မျောလွင့်ခရီးသည် အဆင့်များလောက်သာ အင်အားရှိ၍ အလွယ်တကူ ဖိနှိပ်နိုင်လောက်သည်။

"ဟမ်..."

သန္ဓေပြောင်းသားရဲသုံးကောင်အပေါ် ကြီးကြီးမားမား သက်ရောက်သွားခြင်း မရှိသောကြောင့် ကျန်းရီနှင့် ဟဲလောင်မှာ ဆွံ့အသွားခဲ့ရသည်။ ၎င်းတို့၏ မျက်လုံးများမှာ အေးစက်နေဆဲပင်ဖြစ်ပြီး ၎င်းတို့ပြေးလာနေသော အရှိန်သည် အနည်းငယ်သာ လျော့သွားခဲ့သည်။ မသိလျှင် ကျန်းရီသည် သတ်ဖြတ်ခြင်း အင်အား ပထမအဆင့်လေးနှင့် ဒုတိယအဆင့် နတ်ဆိုးသားရဲများကို ဖိနှိပ်နေသည့်အလားပင်။

ဒုက္ခပဲ...

ကျန်းရီ၏မျက်နှာ ပျက်ယွင်းသွားခဲ့သည်။ သန္ဓေပြောင်းသားရဲများသည် နတ်ဆိုးသားရဲများနှင့် အလွန်ကွာခြားလေသည်။ ယွင်လုသည် သန္ဓေပြောင်းသားရဲ (၉၉၉)ကောင်ရှိသည်ဟု ပြောခဲ့သည်။ သူနှင့်ဟဲလောင်သည် အနှီသန္ဓေပြောင်းသားရဲများကို မကြောက်သော်လည်း ၎င်းတို့အားလုံးကို သတ်ပစ်ရန်မှာ မဖြစ်နိုင်သလောက်ပင်။ သန္ဓေပြောင်းသားရဲများသည် အင်အားပြင်းပြင်း တိုက်ခိုက်နိုင်စွမ်း မရှိကြသော်လည်း အလွန်သန်မာကြသည်။ နေ့ညပေါင်းများစွာ အချိန်မယူဘဲ ၎င်းတို့အကုန်လုံးကိုသတ်ရန် မဖြစ်နိုင်ချေ။

နေ့ညဆက်၍ တိုက်ခိုက်ရမည်လော။

ကျန်းရီနှင့် ဟဲလောင်တွင် အတွင်းအားအလုံအလောက် ရှိနေလျှင်တောင် သူတို့၏မောပန်းမှုနှင့် စိတ်ပင်ပန်းမှုကို အချိန်အကြာကြီး တောင့်ခံထားရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ယွင်လုကို အရင်သတ်ပစ်ရန် နည်းလမ်းတစ်ခုသာ ကျန်တော့သည်။ သန္ဓေပြောင်းသားရဲများသာ သူ့ထိန်းချုပ်မှုအောက်မှ လွတ်မြောက်သွားပါက သူတို့တွင် လွတ်မြောက်ရန် အခွင့်အရေး ရှိလာနိုင်သည်။ သူသည် တစ်ခဏစဉ်းစားပြီးနောက် ယွင်လုကို သတ်ဖြတ်ရန် ပိုမိုစိတ်ပိုင်းဖြတ်လိုက်၍ ရှေ့သို့ပြေးတက်သွားလိုက်သည်။

"ဂရား.."

ရှေ့ရှိ နဂါးကြီးသည် တစ်ကြိမ်ရွေ့လျားလိုက်တိုင်း သုံးကီလိုမီတာနီးကပ်လာနေသည်။ ၎င်းသည် ပါးစပ်နီရဲရဲကြီးကို ဖြဲနေသောကြောင့် ခံတွင်းထဲမှ မကောင်းသည့်အနံ့အသက်များသည် ကျန်းရီကို မူးဝေစေသည်။

ကျန်းရီ၏ကိုယ်မှ အဖြူရောင်အလင်းများ တောက်ပလာခဲ့ပြီး နဂါးကြီးနှင့်ဝေးရာကို နေရာရွှေ့ပြောင်းသွားကာ ရှေ့သို့ဆက်ပြေးသွားလိုက်သည်။ နဂါးကြီးသည် ကျန်းရီပျောက်သွားမှန်း သတိပြုမိလိုက်သည့်အခါ ခေါင်းကြီးကိုခါယမ်း၍ ဟဲလောင်ထံ ပြေးဝင်သွားတော့သည်။

ကျန်းရီ၏ကိုယ်သည် အခြားတစ်နေရာတွင် ပြန်ပေါ်လာလျှင်လာချင်း ပါးစပ်ကြီးကိုဟ၍ အဖြူရောင်အငွေ့များ မှုတ်ထုတ်နေသော နှင်းခြင်္သေ့ကြီးအား ရှေ့တည့်တည့်တွင် တွေ့လိုက်ရလေသည်။ အဖြူရောင်အငွေ့များနှင့် ထိတွေ့သွားသည့် နေရာတိုင်းသည် အေးခဲသွားခဲ့သည်။ ကျန်းရီ၏ ကိုယ်သည် တုန်လှုပ်သွားခဲ့ပြီး နေရာတွင်ထပ်၍ ကြာကြာမနေရဲတော့ရာ ချက်ချင်း နေရာရွှေ့ပြောင်းလိုက်သည်။

"ဂါး...ဂါး.."

ဆုအန်းနီနှင့်တူသည့် သန္ဓေပြောင်းသားရဲကြီးတွင် အလွန်ရှည်လျားလှသည့် အမြီးကြီးရှိလေ၏။ ကျန်းရီ၏ကိုယ် ပြန်မပေါ်လာသေးခင်တွင် ၎င်းသည် အမြီးကြီးကို ဝှေ့ယမ်းလိုက်သည်။ စူးရှလှသော အသံတစ်ခုသည် လေကိုခွင်း၍ ထွက်ပေါ်လာခဲ့ပြီး ကျန်းရီ၏ နားစည်များပင် ထုံကျင်သွားခဲ့သည်။

"သောက်ကျိုးနဲ"

ဤတစ်ကြိမ်တွင် ကျန်းရီသည် နေရာထပ်မံရွှေ့ပြောင်းရန် အချိန်မရတော့ရာ လက်ထဲမှာ မီးနဂါးဓားဖြင့် အမြီးကြီးအား ပိုင်းချလိုက်ရသည်။

ကျန်းရီသည် လေဖြင့်ချုပ်နှောင်ခြင်းကိုသုံး၍ အမြီးအား ချုပ်နှောင်လိုက်သည်။ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် အဆင့်များကိုတောင် အလွယ်တကူ ထိန်းချုပ်နိုင်သည့် လေဖြင့်ချုပ်နှောင်ခြင်းသည် အနှီသန္ဓေပြောင်းသားရဲ၏ အမြီးကို မထိန်းချုပ်နိုင်ကြောင်း ထိတ်လန့်စရာကောင်းစွာ သူတွေ့လိုက်ရသည်။

သို့သော် ၎င်းသည် သန္ဓေပြောင်းသားရဲ၏ အရှိန်ကို ဖိနှိပ်နိုင်၍ ၎င်း၏အမြီးလှုပ်ရှားနှုန်းမှာလည်း ငါးဆယ်ရာခိုင်နှုန်းခန့် လျော့ကျသွားခဲ့သည်။ အနှီသန္ဓေပြောင်းသားရဲတွင် အင်အားမည်မျှရှိကြောင်း စိတ်ကူးကြည့်နိုင်ပါ၏။

ဖုန်း...ဖုန်း...

မီးနဂါးနှစ်ကောင်သည် ဆုအန်းနီသားရဲကြီး၏ အမြီးထက် ကျဆင်းသွားခဲ့ပြီစ အမြီးမှ အကြေးခွံများကွာထွက်ကာ သွေးများပန်းထွက်လာခဲ့သည်။

ဝှစ်...

ထိုအမြီးသည် လေထဲတွင် ခေတ္တရပ်တန့်သွားပြီးနောက် ကျန်းရီထံပြန်လည်ပြေးဝင်လာခဲ့သည်။ သို့သော် ဤတစ်ကြိမ်တွင် ကျန်းရီအတွက် နေရာရွှေ့ပြောင်းရန် အချိန်အလုံအလောက် ရသွားခဲ့သည်။

"ယွင်လု...သေပေတော့"

ကျန်းရီ သုံးကြိမ်ဆက်တိုက် နေရာရွှေ့ပြောင်းပြီးနောက် တစ်ကီလိုမီတာကျော် ခရီးရောက်သွားခဲ့သည်။ အကြိမ်ရေအနည်းငယ် နေရာရွှေ့ပြောင်းလိုက်လျှင် ယွင်လုထံရောက်ပြီဖြစ်သည်။ ကျန်းရီကိုယ်မှ ထွက်ပေါ်နေသော လူသတ်ငွေ့များနှင့် မျက်လုံးနီရဲရဲတို့သည် ယွင်လုအား တုန်လှုပ်ခြောက်ခြားသွားစေသည်။ ယွင်လုသည် အချိန်ဆွဲမနေဘဲ နောက်လှည့်၍ ထွက်ပြေးလိုက်သည်။ တောင်ထွတ်တစ်ခုကို သူဖြတ်သန်းသွားချိန်တွင် သူ့လက်ထဲမှ တံဆိပ်ပြားတစ်ခုသည် လင်းလက်သွားခဲ့သည်။

ဘန်း...

တောင်ထိပ်သည် ပွင့်ထွက်သွားခဲ့ပြီး မြေသားများ၊ ကျောက်စများနှင့် ရေခဲအပိုင်းအစများ ပြန့်ကြဲသွားကာ သန္ဓေပြောင်းသားရဲကြီးတစ်ကောင် ထွက်ပေါ်လာခဲ့ပြန်သည်။ ယွင်လုသည် ကြောက်ရွံ့ခြင်း အလျဉ်းမရှိဘဲ သန္ဓေပြောင်းသားရဲကြီးထံ ပြေးသွားကာ ၎င်း၏ကျောထက် ခုန်တက်လိုက်သည်။ သူ့လက်ထဲမှ တံဆိပ်ပြားသည် နောက်တစ်ကြိမ် လင်းလက်သွားခဲ့ပြန်သည်။ သန္ဓေပြောင်းသားရဲကြီးသည် ခေါင်းမော့၍ အော်ဟစ်လိုက်ပြီး ယွင်လုကို သယ်ဆောင်၍ ပြေးထွက်သွားခဲ့သည်။

"ယွင်လုက တားမြစ်အစီအရင်တွေနဲ့ သန္ဓေပြောင်းသားရဲတွေကို တကယ်ထိန်းချုပ်နေတာပဲ"

ကျန်းရီသည် အနောက်ဘက်မှ ကြည့်နေရင်း သူ့စိတ်မှာ ခြောက်ခြားလာခဲ့သည်။ ယွင်လု၏ လက်ထဲမှ တံဆိပ်ပြားသည် တစ်ကြိမ်ပြီးတစ်ကြိမ် လင်းလက်လာနေပြီး လမ်းတစ်လျှောက်မှ တောင်များမှာ တစ်ခုပြီးတစ်ခု ပွင့်ထွက်နေခဲ့သည်။ သန္ဓေပြောင်းသားရဲများသည် မြေပေါ်ထွက်လာကာ သူ့ထံသို့ တစ်ကောင်ပြီးတစ်ကောင် ပြေးဝင်လာနေခဲ့သည်။

ဝှစ်...

ကျန်းရီသည် ဆက်တိုက်နေရာရွှေ့ပြောင်း၍ ယွင်လုထံ အစွမ်းကုန် ပြေးလိုက်နေခဲ့သည်။

ယွင်လုစီးနင်းထားသည့် သန္ဓေပြောင်းသားရဲသည် အတော်လေးမြန်သော်လည်း ကျန်းရီ၏ ဆက်တိုက်နေရာရွှေ့ပြောင်းခြင်းထက် နှေးနေသေးသည်။ ရှေ့တွင် သန္ဓေပြောင်းသားရဲများ မရေမတွက်နိုင်အောင် ရှိနေ၍ သေဆုံးသွားနိုင်သော်လည်း ကျန်းရီမှာ ဂရုမစိုက်ပေ။ သူယွင်လုကို မသတ်နိုင်လျှင် သူနှင့်ဟဲလောင် သားရဲများဝန်းရံခံရပြီး သေဆုံးသွားလိမ့်မည်။

"သွား...မင်းတို့အားလုံး ကျန်းရီကို သွားသတ်ကြ....သူ့ကို တစ်စစီ ဆွဲဖြဲပစ်...ကိုက်ပစ်"

ယွင်လုသည် သူစီးထားသည့် သန္ဓေပြောင်းသားရဲအား ထိန်းချုပ်မောင်းနှင်ရင်း ကျန်သားရဲများကို ကျန်းရီထံ ပြေးသွားကြရန် အော်ဟစ်အမိန့်ပေးနေလေသည်

သူသည် တားမြစ်အစီအရင်များအား အမှန်တကယ် ထိန်းချုပ်နိုင်နေခဲ့သည်။ သူဤနေရာသို့ ဝင်လာစက တံဆိပ်ပြားတစ်ခု ရရှိခဲ့ပြီး ထိုတံဆိပ်ပြားအား စိတ်ဝိဉာဉ်နှင့် ပေါင်းစည်းလိုက်သည်။ ဤသို့ဖြင့် တားမြစ်နယ်မြေအတွင်းရှိ အစီအရင်များ၊ နတ်ဆိုးသားရဲများနှင့် သန္ဓေပြောင်းသားရဲများကို သူထိန်းချုပ်နိုင်သွားခဲ့သည်။

သူ့ကိုယ်ထဲတွင် ယွင်မိသားစု၏ အသန့်စင်ဆုံးသွေးများ စီးဆင်းနေခဲ့သည်။ စုန်းနတ်ဘုရားသည် အလွန်ရက်စက်၍ တားမြစ်နယ်မြေအတွင်း ဝင်ရောက်လာသူတိုင်းအား အလွတ်မပေးခဲ့ပေ။ သို့သော် သူသေဆုံးသွားခါနီးအချိန်တွင် သူသည် ယွင်မိသားစု၏ မျိုးဆက်များအား ဆက်လက်သတ်ဖြတ်ရလောက်သည်အထိ မရက်စက်နိုင်တော့ပေ။

သူ၏ မှော်ပညာများအား ဆက်ခံရန်အတွက် ယွင်မိသားစုဝင်တစ်ယောက် လိုအပ်သည်။ ယွင်မိသားစု၏ မျိုးဆက်တစ်ဦးသည် အရည်အချင်း ပြည့်မှီသည့်နှင့် အထူးနယ်မြေတစ်ခုထဲသို့ ပို့ဆောင်ခံရကာ ထိုတံဆိပ်ပြားကို ရရှိနိုင်သည်။

ယွင်လုသည် ထူးထူးခြားခြား အရည်အချင်း မရှိသော်လည်း စုန်းနတ်ဘုရားဂိုဏ်း၏ အထောက်အပံ့ ရထားသည့် မင်းသားတစ်ပါးအနေနှင့် ကောင်းကင်ကျောက်တုံးအချို့ ချီးမြှင့်ခံထားရသည်။ ထို့ကြောင့် သူသည် ၎င်းတို့အား စုပ်ယူ၍ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့် ရောက်ရှိနိုင်ခဲ့သည်။ ထိုစွမ်းရည်သည် စုန်းနတ်ဘုရားတားမြစ်နယ်မြေ၏ လိုအပ်ချက် ပြည့်မှီရုံလေးသာ ဖြစ်သော်လည်း ကံကောင်းထောက်မ၍ တံဆိပ်ပြားအား သူရရှိခဲ့သည်။

တံဆိပ်ပြားအား အမှတ်အသားပြုပြီးနောက် အစီအရင်များကို ထိန်းချုပ်ရန် နည်းလမ်းများပါ ပါဝင်သည့် တားမြစ်နယ်မြေ၏ မြေပုံတစ်ခုကို သူရခဲ့သည်။ မြေပုံထဲတွင် မှော်ကျင့်စဉ်သုံးခုပါ ပါဝင်သော်လည်း သူ၏ အရည်အချင်းမှာ နိမ့်ကျနေသည်။ ထိုကျင့်စဉ်များကို အချိန်တိုအတွင်း သူနားလည်ရန် မဖြစ်နိုင်ပေ။

သို့သော်လည်း သူသည် ဒုတိယထပ်၊ တတိယထပ်နှင့် ဝင်္ကပါတို့ကို ဖြတ်သန်းသွားနိုင်သည့် အထူးအကျိုးခံစားခွင့် ရရှိခဲ့သေးသည်။ ထို့ပြင် ယခုလက်ရှိတွင်လည်း သန္ဓေပြောင်းသားရဲများကို သူထိန်းချုပ်နေနိုင်သည်။

တကယ်တမ်းတွင် သူသည် ပဉ္စမထပ်သို့ တိုက်ရိုက်တက်နိုင်၍ စုန်းနတ်ဘုရား၏ အမွေကိုဆက်ခံကာ တားမြစ်နယ်မြေမှ ထွက်သွားနိုင်သည်။ သို့သော် သူ၏ ကျန်းရီအား သတ်ဖြတ်လိုသောဆန္ဒသည် ကြီးမားလွန်းနေသည်။  ထို့ကြောင့် သူသည် ကျန်းရီ အမှီလိုက်လာနိုင်စေရန် အထပ်နိမ့်များတွင် စောင့်ခဲ့သည်။ ကျန်းရီအား သတ်ဖြတ်ရန် အစီအရင်များ၊ နတ်ဆိုးသားရဲများ၊ မျက်လုံးနီသတ္တဝါများ၊ သန္ဓေပြောင်းသားရဲများကို သူအသုံးချခဲ့သည်။

သူ့စိတ်သည် ကျန်းရီသေသည်ကို မမြင်ရမချင်း ငြိမ်းချမ်းနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူသည် ပဉ္စမထပ်သို့ ထိုပုံစံနှင့် တိုက်ရိုက်တက်မသွားချင်ပေ။

ကျန်းရီသည် သန္ဓေပြောင်းသားရဲများကို ရှောင်ကွင်း၍ သူ့နောက်သို့ အစွမ်းကုန်ပြေးလိုက်နေသည်အား သူမြင်နေရသည်။ သူ့တို့အကြားမှ အကွာအဝေးမှာ နီးသထက်နီးကပ်လာသည်။ ယွင်လုသည် သေလောက်သည့်အမှားတစ်ခု သူလုပ်မိပြီမှန်း သဘောပေါက်သွားခဲ့သည်။ သူဤနေရာတွင် မနေခဲ့သင့်ပေ။ သူသည် ပဉ္စမထပ်သို့ အရင်သွား၍ စုန်းနတ်ဘုရား၏ အမွေအနှစ်ကို ဆက်ခံပြီးမှသာ ကျန်းရီအား သတ်ဖြတ်ရန် နည်းလမ်းရှာခဲ့သင့်သည်။

"ဒါဆိုလာခဲ့စမ်းပါ...ကျန်းရီ...မင်းငါ့ကိုသတ်ချင်နေမှတော့ ငါတို့အတူသေကြတာပေါ့"

ပဉ္စမထပ် ဝင်ပေါက်နှင့် အနည်းငယ်လှမ်းနေသေးသည်။ ကျန်းရီ သူ့ကိုမှီမလာခင် ပဉ္စမထပ်သို့ အရောက်မသွားနိုင်တော့မှန်း ယွင်လုသေချာသိနေသည်။ သူ့မျက်ဝန်းများထဲတွင် ရက်စက်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့သည်။ သူ့တံဆိပ်ပြားသည် လင်းလက်သွားခဲ့ပြီး လက်ထဲတွင် မြေပုံတစ်ခု ပေါ်ထွက်လာခဲ့သည်။ သူသည် မြေပုံအား ကြည့်လိုက်ပြီးနောက် ကောက်ကျစ်သည့်အမူအရာ ဖြစ်ပေါ်သွားခဲလသည်။ ထို့နောက် သူသည် တုံ့ဆိုင်းမနေဘဲ သန္ဓေပြောင်းသားရဲအား ဘယ်ဘက်သို့ ကွေ့စေလိုက်သည်။

ဘယ်ဘက်ရှိ ကီလိုမီတာ အနည်းငယ်အကွာတွင် ရေခဲလွင်ပြင်ကြီး မရှိတော့ဘဲ ရေခဲပင်လယ်ပြင်ကြီးတစ်ခု ရှိနေခဲ့သည်။ ရေခဲပင်လယ်အား ရေခဲလွှာတစ်ခုက ဖုံးအုပ်ထားပြီး အလွန်ငြိမ်သက်နေခဲ့သည်။ ထိုရေခဲလွှာအောက်တွင် မည်သည့်ကြောက်စရာအရာ ရှိနေမှန်း ယွင်လုသာလျှင် သိလေသည်။

*****

All Chapters