အမြင့်ဆုံးအဆင့် နတ်ဆိုးသားရဲဘုရင်
Vol. 1 Ch. 352
"အမ်...ယွင်လုက ဦးတည်ရာပြောင်းလိုက်တယ်လား...ထွက်ပေါက်က အဲ့ဘက်မှာများလား"
ယွင်လု ရုတ်တရက် လှုပ်ရှားလိုက်လေလျှင် ကျန်းရီမှာ ချက်ချင်းသတိအနေအထား ဖြစ်သွားခဲ့သည်။ သို့သော် အနီးအနားတွင် သန္ဓေပြောင်းသားရဲများ မရေမတွက်နိုင်အောင် ရှိနေ၍ သူအများကြီး တွေးမနေတော့ပေ။ သူသည် အာရုံသေချာစူးစိုက်ထားမှဖြစ်မည်။ မဟုတ်ပါက သန္ဓေပြောင်း သားရဲတစ်ကောင်ကောင်၏ လက်ချက်ဖြင့် သူသေသွားလိမ့်မည်။
ဝှစ်...
သူသည် ဘယ်ဘက်ခြမ်းသို့ သေချာကြည့်၍ နေရာရွှေ့ပြောင်းလိုက်သည်။ သူ၏ နေရာရွှေ့ပြောင်းခြင်းသည် အကန့်အသတ်သို့ ရောက်နေပြီဖြစ်သော်လည်း ကြားထဲတွင် နားနေရန် အချိန်မရှိပေ။ နေရာရွှေ့ပြောင်းခြင်းဟူသည့် စွမ်းရည်မျိုးသည် အလွန်ရှားပါးသည့် စွမ်းရည်ဖြစ်ရာ နောက်ဆက်တွဲဆိုးကျိုးများလည်း ရှိလေသည်။ သူ့စိတ်ဝိဉာဉ်သည် အလွန်အမင်း မောပန်းနေပြီဖြစ်သလို သူ့မျက်လုံးများမှာလည်း ဝေဝါးစပြုနေပေပြီ။ နတ်ဆိုးသားရဲများလည်း ပတ်လည်ဝိုင်းနေရာ လက်ရှိအခြေအနေမှာ အလွန်အန္တရာယ်များလှသည်။
ဝှစ်...ဝှစ်...
သူ့ကိုယ် ပြန်ပေါ်လာလာချင်းတွင် သေးသွယ်သော အမြီးတစ်ခုသည် ကြာပွတ်တစ်ခုပမာ လေကိုခွင်း၍ ကောင်းကင်ထက်မှ ကျဆင်းလာခဲ့သည်။
အမြီး၏ ကျဆင်းနှုန်းသည် အလွန်လျင်မြန်လှရာ လေဟာနယ်များပင် စုတ်ပြဲသွားသကဲ့သို့ ခံစားရလေသည်။
"လေဖြင့်ချုပ်နှောင်ခြင်း"
ကျန်းရီသည် ဟန်မပျက်ပင် သူ၏ဓားအား ပိုင်းချလိုက်သည်။ မီးဝိဉာဉ်ပုလဲထဲမှ ကမ္ဘာ့မီးလျှံလက်ကျန်များ ထွက်ပေါ်လာခဲ့ပြီး သူ့ကိုယ်သည် အဖြူရောင်အလင်းများ တောက်ပလာကာ နေရာမှ ကွယ်ပျောက်သွားခဲ့ပြန်သည်။
"ဝေါင်း..."
လေဖြင့်ချုပ်နှောင်ခြင်းသည် ထိုသန္ဓေပြောင်းသားရဲအပေါ် သက်ရောက်မှုမရှိပေ။ သို့သော် ၎င်း၏အမြီးသည် ကမ္ဘာ့မီးလျှံများနှင့် ထိတွေ့လိုက်သည်တွင် ချက်ချင်းပြန်ဆုတ်သွားခဲ့သည်။ ၎င်းသည် မလှမ်းမကမ်း၌ နာကျင်စွာ အော်မြည်နေချိန်တွင် ကျန်းရီသည် စက္ကန့်ပိုင်းအတွင်း နေရာထပ်မံရွှေ့ပြောင်းလိုက်သည်။
"ခြောက်ကီလိုမီတာပဲ ရှိတော့တယ်...ယွင်လု သေစမ်း"
ကျန်းရီ၏ကိုယ်မှ သတ်ဖြတ်ခြင်းအရှိန်အဝါများ ဖြာထွက်လာခဲ့ပြီး မျက်လုံးများမှာ သွေးရောင်ပြောင်းသွားခဲ့သည်။ သူ၏သွေးနီရောင် ဆံပင်များမှာ လေထဲတွင် တဖျတ်ဖျတ် လွင့်နေပြီး တမလွန်မှ သေမင်းအလား ထင်မှတ်ရလေသည်။
ရှားယွိမြို့ပြင်တွင် သူ့ဆံပင် သွေးနီရောင်ပြောင်းသွားခဲ့စဉ်က သူသည် မူလဆံပင်အတိုင်း အနက်ရောင် ဆေးပြန်ဆိုးချင်ခဲ့သည်။ သို့သော် စုလောရွှယ်မှ သူသည် လက်ရှိပုံစံနှင့် ပို၍ယောက်ျားဆန်သည်ဟု ပြောခဲ့၍ သူဆေးပြန်မဆိုးခဲ့ခြင်းဖြစ်သည်။ သူ၏ ပုံပန်းသွင်ပြင်ကို သူကိုယ်တိုင်စိတ်မရှိသလို သူချစ်သောသူကလည်း ဂရုမစိုက်ပေ။ သူသဘောမကျသော လူများ၏ အမြင်ကို အဘယ်ကြောင့် အလေးထားနေရမည်နည်း။
ဝှစ်...ဝှစ်..
ကျန်းရီ ပို၍ နီးကပ်လာသည်နှင့်အမျှ ယွင်လု၏ ယုတ်မာသည့် အမူအရာမှာ ပိုမိုပီပြင်လာခဲ့သည်။ သူ့တွင် စုန်းနတ်ဘုရား၏ တံဆိပ်ပြားရှိနေရာ ရေခဲပြင်၏ အောက်တွင် သူ့ကိုမသတ်ဘဲ ကျန်းရီကိုသာ သတ်မည့် အားကောင်းလှသော ဖြစ်တည်မှုတစ်ခု တည်ရှိနေလေသည်။
ရေခဲပင်လယ်သည် ရှေ့တည့်တည့်တွင် ရှိနေခဲ့ပြီး ယွင်လုမှာ အလွန်စိတ်လှုပ်ရှားလာခဲ့သည်။ ဤအချိန်များအတွင်း ကျန်းရီသည် သူ့အတွက် အိပ်မက်ဆိုးတစ်ခု ဖြစ်နေခဲ့သည်။ ထိုအကောင်သည် သူ့အား လူ့အများကြီးရှေ့တွင် အရှက်ခွဲ၍ သူ့အား မျက်နှာပျက်စေခဲ့သည်။ ထို့နောက် သူ့နောက် မိုင်တစ်သောင်းကျော်အထိ လိုက်၍ သူ့စစ်သည်များအားလုံးကိုသတ်ကာ သူ့အား တားမြစ်နယ်မြေအတွင်း ဝင်စေခဲ့သည်။
သူ ကျန်းရီအား မသတ်လျှင် သူ့အိပ်မက်တိုင်း၌ ကျန်းရီ၏သွေးနီရောင် မျက်လုံးတစ်စုံသည် လိုက်လံခြောက်လှန့်နေသောကြောင့် ကောင်းကောင်းအိပ်ပျော်နိုင်မည် မဟုတ်ချေ။
သုံးဆယ်ကီလိုမီတာ...နှစ်ဆယ်ကီလိုမီတာ...တစ်ဆယ်ကီလိုမီတာ...
ရေခဲပင်လယ်နှင့် နီးကပ်လာလေလေ ယွင်လုမှာ အလျင်စလို ဖြစ်လာလေလေဖြစ်သည်။ သူနှင့်ကျန်းရီအကြားတွင် သုံးကီလိုမီတာကျော် ကွာဝေးနေသေးသည်။ ကျန်းရီ အမှီလိုက်ချင်လျှင်တောင် အချိန်အနည်းငယ် လိုဦးမည်ဖြစ်သည်။ ကျန်းရီသည် ဆက်တိုက်နေရာရွှေ့ပြောင်းနေခဲ့ပြီး သူ့နောက်မှ သန္ဓေပြောင်းသားရဲကြီးလည်း ပြေးလိုက်လာနေခဲ့သည်။ ကျန်းရီ၏ သတ်ဖြတ်ခြင်းအင်အားသည် သန္ဓေပြောင်းသားရဲအပေါ်တွင် ကြီးကြီးမားမား သက်ရောက်မှုမရှိရာ ယွင်လုမှာ အကြောက်အလန့် သိပ်မရှိချေ။
နောက်တစ်ခဏအကြာတွင် ယွင်လုသည် သူထပ်မှားသွားပြန်ပြီဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။ ကျန်းရီသည် နောက်တစ်ကြိမ် နေရာရွှေ့ပြောင်းလိုက်ပြီး သူ့လက်ထဲမှဓားကြီးအား လွှဲ၍ ပိုင်းချလာခဲ့ခြင်းဖြစ်သည်။ လေထုသည် ပြင်းထန်စွာ တုန်ခါလာခဲ့ပြီး လေနဂါးလေးများသည် သူစီးနင်းထားသည့် သန္ဓေပြောင်းသားရဲကြီးအား ဖမ်းချုပ်လိုက်ရာ ၎င်း၏ပြေးနှုန်းမှာ ချက်ချင်းလျော့ကျသွားခဲ့သည်။
"မြန်မြန်...မြန်စမ်း.."
ရေခဲပင်လယ်၏ နယ်နိမိတ်သည် ရှေ့တည့်တည့်လေးတွင် ရှိနေသော်လည်း သူစီးနင်းထားသည့် သန္ဓေပြောင်းသားရဲကြီးမှာ ပိုမိုနှေးကွေးလာခဲ့သည်။ ဤအတိုင်းသာ ဆက်ဖြစ်နေပါက ရေခဲပင်လယ်သို့ မရောက်ခင် ကျန်းရီသူ့အားသတ်သွားလိမ့်မည်။ သူသည် အော်ဟစ်လိုက်ပြီး သန္ဓေပြောင်းသားရဲအား အတင်းအကြပ် မြန်ဆန်စေလိုက်သည်။
ဝှစ်...ဝှစ်...ဝှစ်...
ကျန်းရီ၏ကိုယ်သည် ပျောက်ကွယ်သွားလိုက် ပြန်ပေါ်လာလိုက်ဖြင့် ရူးသွပ်စွာ ပြေးလိုက်နေခဲ့သည်။
"ဟင့်အင်း.."
ရေခဲပင်လယ်နှင့် မီတာသုံးရာကျော်သာ ကွာဝေးတော့သည်။ ရေခဲပင်လယ်ထက် သူခြေချလိုက်သည်နှင့် အောက်မှ ကြောက်စရာ တည်ရှိမှုအား သတိပေးလိုက်သလို ဖြစ်သွားနိုင်သည်။ ကျန်းရီသည် ပိုမိုနီးကပ်လာနေပြီး သူ၏ သတ်ဖြတ်ခြင်းအရှိန်အဝါသည် ယွင်လုအား အသက်ရှူမဝဖြစ်စေသည်။
"သေစမ်း"
ကျန်းရီသည် အော်ဟစ်လိုက်ပြီး မီးနဂါးဓားဖြင့် ယွင်လုအား ပိုင်းချလိုက်သည်။ အနီရောင်အလင်းတစ်ခု ဖြာထွက်သွားခဲ့ပြီး မီးနဂါးသေးသေးလေးများအဖြစ် ပြောင်းလဲသွားကာ ယွင်လုထံ ဦးတည်၍ ပြေးထွက်သွားကြသည်။ မီးနဂါးလေးများသည် အရာရာကို လောင်ကျွမ်းဖျက်ဆီးပစ်နိုင်သည့် အရှိန်အဝါတို့ဖြင့် ပျံသန်းသွားကြသည်။ ယွင်လုသည် မီတာသုံးရာခန့်အကွာတွင်သာ ရှိတော့ရာ မည်သို့ ရှောင်တိမ်းနိုင်မည်နည်း။
"အားလုံးပြီးသွားပြီ"
ယွင်လုသည် သတ်ဖြတ်ခြင်းအင်အားဖြင့် ဖိနှိပ်ခံထားရ၍ မလှုပ်ရှားနိုင်တော့ပေ။ သူသည် ပျံသန်းလာနေသော မီးနဂါးငယ်လေးများကို ကြည့်နေရင်း မျှော်လင့်ချက်မဲ့စွာ မျက်လုံးများပိတ်ချလိုက်သည်။ သူ့မျက်နှာထက်တွင် နောင်တများနှင့် အခဲမကျေမှုများ ဖုံးလွှမ်းနေခဲ့သည်။
ထိုတစ်ခဏတွင် မြေပြင်သည် တုန်ခါလာခဲ့ပြီး အလွန်ကြောက်စရာကောင်းသည့် အရှိန်အဝါနှင့် တည်ရှိမှုတစ်ခုသည် အနီးရှိ ရေခဲပင်လယ်ထံမှ ထွက်ပေါ်လာခဲ့သည်။ ထိုအရှိန်အဝါ ထွက်ပေါ်လာသောခဏတွသ် နေရာတစ်ခုလုံး အေးခဲသွားသည့်အလား ထင်မှတ်နေရလေသည်။ ယွင်လုစီးနင်းထားသည့် အသိဉာဏ်မရှိသော သန္ဓေပြောင်းသားရဲကြီးပင် တုန်လှုပ်ထိတ်လန့်နေခဲ့သည်။ ၎င်း၏ခြေလေးချောင်းသည် မြေပြင်ပေါ် ဒူးထောက်ကျသွားခဲ့ပြီး ဝပ်ဆင်းနေခဲ့လေသည်။
ကျန်းရီပစ်လွှတ်လိုက်သော မီးနဂါးလေးများသည် ထိုအရှိန်အဝါ ထွက်ပေါ်လာသည့် အခိုက်အတန့်တွင် အစအနရှာမရအောင် ကွယ်ပျောက်သွားခဲ့သည်။ ၎င်းတို့မှာ လေပြင်းကြောင့် ငြိမ်းသွားသည့် မီးတောက်ငယ်လေးများ ပမာပင်။
"အာ...သတိပြုမိသွားပြီ...အဲ့ဒီအရာ သတိပြုမိသွားပြီ။ ငါအသက်ရှင်ပြီ....ဟားဟားဟား"
ယွင်လု၏ မှိတ်ထားသည့် မျက်ဝန်းများ ပြန်ပွင့်လာခဲ့သည်။ သူသည် ထိုအရာ၏ အရှိန်အဝါကြောင့် လှုပ်ရှားမရဖြစ်နေသော်လည်း သူ့မျက်လုံးများမှာ ကြယ်များအလား တောက်ပနေခဲ့သည်။ သူ့မျက်နှာတွင် ဝမ်းသာပျော်ရွှင်သည့် အရိပ်အယောင်များ ရှိနေပြီး သွေးရူးသွေးတန်းဖြင့် ဝမ်းသာအားရ ရယ်မောလိုက်သည်။
"ဒါ..."
ကျန်းရီသည် မူလက လေထဲတွင် ရှိနေခဲ့သော်လည်း မြေပြင်ပေါ်တွင် ချက်ချင်း ဖိနှိပ်ခံလိုက်ရပြီး ခါးမတ်မတ်တောင် မထားနိုင်တော့ပေ။ တုန်ခါနေသည့် ရေခဲပင်လယ်အား ကြည့်နေသည့် သူ့မျက်လုံးများမှာ ထိတ်လန့်မှုများဖြင့် ပြည့်နေခဲ့သည်။ သူ့နှလုံးမှာ မူမမှန်စွာ ခုန်နေခဲ့ပြီး ထိုအရှိန်အဝါသည် သာမန်သန္ဓေပြောင်းသားရဲတစ်ကောင်ထံမှ လာခြင်းမဟုတ်ကြောင်း သူအလိုလိုသိနေခဲ့သည်။
"နတ်ဆိုးသားရဲဘုရင်...အမြင့်ဆုံးအဆင့် နတ်ဆိုးသားရဲဘုရင်...နတ်ဆိုးဧကရာဇ်အဆင့်ကို အချိန်မရွေးရောက်သွားနိုင်တဲ့ အရာ"
စုန်းနတ်ဘုရားသည် တမလွန်တောအုပ်ထဲမှ နတ်ဆိုးသားရဲဘုရင်တစ်ကောင်အား ယဉ်ပါးအောင်လုပ်ထားခဲ့ကြောင်း သူအလျင်အမြန် သတိရသွားခဲ့သည်။ နတ်ဆိုးသားရဲဘုရင်များသည် နှစ်တစ်ထောင်ကျော် အသက်ရှင်နိုင်၍ နတ်ဆိုးဧကရီ/ဧကရာဇ်တို့သည် နှစ်သုံးထောင်အထိ အသာလေး အသက်ရှင်ကြောင်း ရှောင်ဟုန်ပြောခဲ့ဖူးသည်။ ဤအရှိန်အဝါသည် နတ်ဆိုးဧကရီ၏ အရှိန်အဝါထက် အနည်းငယ်သာ အားပျော့သည်။ ထိုအရာသည်လည်း နှစ်သုံးထောင်ခန့်အသက်ရှင်နိုင်သည်မှာ သေချာသည်။
အမြင့်ဆုံးအဆင့် နတ်ဆိုးသားရဲဘုရင်...
ကျန်းရီသည် ကူကယ်ရာမဲ့သလို ခံစားလာရသည်။ သူ့မီးနဂါးလေးများ၏ တိုက်ခိုက်မှုသည် အနှီနတ်ဆိုးသားရဲဘုရင်၏ အရှိန်အဝါဖြင့်ပင် ပျက်ပြယ်သွားခဲ့ပြီဖြစ်သည်။ ထိုအရာ မည်မျှအင်အားကြီးကြောင်း ထင်ရှားနေသည်။ ထိုဖြစ်တည်မှုသည် သူ့အား မျက်တောင်တစ်ခတ်စာအတွင်း သတ်ဖြတ်နိုင်ကြောင်း သူသေချာသိနေသည်။
"နတ်ဆိုးသားရဲဘုရင်"
မနီးမဝေးတွင် ကျန်ရစ်ခဲ့သည့် ဟဲလောင်မှာလည်း တုန်လှုပ်သွားခဲ့သည်။ အထပ်မြင့်လေလေ အန္တရာယ်ပိုများလေလေ ဖြစ်မည်မှန်း သူသိထားခဲ့သည်။ စတုတ္ထထပ်၌ သူတို့သေသွားနိုင်ကြောင်းလည်း သူသိထားသည်။ သို့သော် နတ်ဆိုးသားရဲဘုရင် ပေါ်ထွက်လာသည့် အခိုက်အတန့်တွင် သူကြောက်လန့်သွားဆဲ ဖြစ်သည်။ သူ့မျက်လုံးများတွင် ကံတရားကို လက်မခံလိုမှုများ ပေါ်လွင်နေခဲ့သည်။ သူတစ်ဦးသာ သေသွားလျှင် တော်သေးသည်။ ကျန်းရီသေသွားမည်မှာ အလွန်နှမြောဖွယ် ကောင်းလှသည်။ ကျန့်ဝူရွှမ်းအား သူစိတ်ပျက်စေမိလေပြီ။
"ဟားဟားဟား"
အရာရာသည် တိတ်ဆိတ်သွားခဲ့ပြီး သန္ဓေပြောင်းသားရဲများတောင် မလှုပ်ရှားရဲကြတော့ပေ။ ယွင်လု၏ ကောက်ကျစ်လှသော ရယ်သံကျယ်ကြီးကသာ မရပ်မနား ထွက်ပေါ်နေခဲ့သည်။ ယွင်လု၏ လက်ထဲတွင် တောက်ပနေသည့် တံဆိပ်ပြားရှိနေရာ နတ်ဆိုးသားရဲဘုရင်သည် သူ့အား ချမ်းသာပေးနိုင်သည်။ ကျန်းရီနှင့် ဟဲလောင်မှာ သေချာပေါက် သေရလိမ့်မည်။
"သေစမ်း..."
ကျန်းရီ၏ မျက်ဝန်းများတွင် ရူးသွပ်မှုတို့ ထင်ဟပ်လာခဲ့သည်။ သူသေရမည်ဆိုလျှင်တောင် ယွင်လုအား သတ်သွားရမည်။ ထို့ကြောင့် သူတွေဝေမနေတော့ပေ။ သူ၏ မီးဝိဉာဉ်ပုလဲသည် လင်းလက်လာခဲ့ပြီး နောက်ဆုံးသော မီးဝိဉာဉ်ကျောက်တုံး ထွက်ပေါ်လာခဲ့သည်။ ကျန်းရီသည် အားကုန်သုံး၍ ထိုကျောက်တုံးအား ရှေ့သို့ ပစ်ထုတ်လိုက်သည်။
"ဟားဟား...အားး...ဟင့်အင်း..."
ယွင်လု၏ ရယ်သံကျယ်ကြီး တိတ်ဆိတ်သွားခဲ့သည်။ သူ့မျက်ဝန်းများ ပြူးကျယ်နေခဲ့ပြီး ပျော်ရွှင်နေသည့် အမူအရာမှာ မျှော်လင့်ချက်မဲ့မှုတို့ ဖုံးလွှမ်းသွားခဲ့သည်။
နတ်ဆိုးသားရဲဘုရင်၏ အရှိန်အဝါသည် အားကောင်းလွန်းသဖြင့် အရာရာအား ဖိနှိပ်နိုင်သည်။ သို့သော် မီးဝိဉာဉ်ကျောက်တုံးမှာလည်း အားကောင်းလွန်းနေရာ အရှေ့တည့်တည့်သို့ ဖြောင့်ဖြူးစွာ ပျံသန်းသွားခဲ့သည်။ မီးဝိဉာဉ်ကျောက်တုံး အနီးသို့ ရောက်မလာခင်ကပင် ယွင်လု၏ကိုယ်မှာ စတင်လောင်ကျွမ်းလာခဲ့သည်။ သူသည် ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီးနောက် သူ့ကိုယ်မှာ ပြာအတိကျသွားခဲ့သည်။ သူ့အောက်မှ သန္ဓေပြောင်းသားရဲသည်လည်း အလျင်အမြန် လောင်ကျွမ်း ပြာကျသွားခဲ့သည်။
"ရဲတင်းလိုက်တာ"
အိုမင်းနေသည့် လေသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအသံတွင် မည်သည့်ခံစားချက်မှ မပါဝင်ဘဲ သေမင်း၏ စကားသံအလား အသက်မဲ့နေခဲ့သည်။ ရေခဲပင်လယ်၏ ရေခဲထုကြီးမှာ ကွဲထွက်သွားခဲ့ပြီး ရေခဲစများ လွင့်ထွက်လာခဲ့သည်။ ထို့နောက်တွင်တော့ ကြမ်းတမ်းရက်စက်သည့် အမူအရာနှင့် နတ်ဆိုးသားရဲကြီးတစ်ကောင် ပေါ်ထွက်လာခဲ့သည်။
*****