အစအနမကျန်အောင် ပျောက်ကွယ်သွားခဲ့ခြင်း
Vol. 1 Ch. 353
"ဖူး..."
နတ်ဆိုးသားရဲဘုရင်၏ ကိုယ်ကြီးပေါ်ထွက်လာသည်နှင့် ပြင်းထန်လှသော ဖိအားမှာ ကျန်းရီထက် ကျဆင်းလာခဲ့သည်။ ကျန်းရီသည် မြေပေါ်ဒူးတစ်ဖက်ထောက်ကျဆင်းသွားခဲ့ပြီး ပါးစပ်ထဲမှ သွေးများ ပန်းထွက်လာခဲ့သည်။
ဗုန်း...ဗုန်း...ဗုန်း..
ရေပြင်နှင့် ရေခဲအပိုင်းအစတို့ ရိုက်ခတ်သံများ ပေါ်ထွက်လာခဲ့ပြီး နတ်ဆိုးသားရဲဘုရင်ကြီး၏ ခန္ဓာကိုယ် တစ်ခုလုံး သူ့မြင်ကွင်းထဲသို့ ဝင်ရောက်လာခဲ့သည်။
နတ်ဆိုးသားရဲကြီးသည် ဆယ့်နှစ်မီတာခန့် မြင့်မား၍ နှစ်ဆယ့်လေးမီတာခန့် ရှည်လျားသည်။ ၎င်း၏ကိုယ်ကြီးသည် မီးများတောက်နေသည့်အလား ထင်မှတ်ရပြီး ၎င်း၏ ဦးချိုနှင့် အမြီးတို့မှာ မီးတောက်နှစ်ခုနှင့် ဆင်တူသည်။ ၎င်း၏တစ်ကိုယ်လုံးအား နီဝါရောင် အကြေးခွံများ ဖုံးအုပ်ထားပြီး ခြေထောက်လေးချောင်းမှာ ဆွတ်ဆွတ်ဖြူ၍ ရောင်ပြန်ဟပ်နိုင်သည်အထိ ကြည်လင်နေခဲ့သည်။ ဒေါသထွက်မနေသော်လည်း ၎င်း၏မျက်လုံးများမှ အင်အားကြီးမားသည့် အရှိန်အဝါတို့ ထွက်ပေါ်နေခဲ့သည်။
"ယာ့ဇီသားရဲ"
ကျန်းရီသည် ထိုနတ်ဆိုးသားရဲကို မသိသော်လည်း မနီးမဝေးတစ်နေရာမှ ဟဲလောင်သည် အလန့်တကြား အော်ဟစ်လိုက်သည်။ ထိုနတ်ဆိုးသားရဲမျိုးသည် အလွန်ရှားပါး၍ သတ်ဖြတ်ရသည်ကို အလွန်နှစ်သက်ကြသည်။ ၎င်းသည် အလွန်ရက်စက်လေရာ ဤအန္တရာယ်မှ သူတို့နှစ်ယောက် မလွတ်မြောက်နိုင်လောက်တော့ပေ။
ကျန်းရီသည် ဒူးတစ်ဖက်ထောက်ထိုင်လျက် အနေအထားဖြင့် မီးနဂါးဓားအား ဆုပ်ကိုင်ထားခဲ့သည်။ သူ့ကိုယ်သည် ဖိအားဒဏ်အား မခံနိုင်တော့သော်လည်း သူသည် ခေါင်းမာစွာဖြင့် ခေါင်းကိုမတ်၍ နတ်ဆိုးသားရဲဘုရင်အား အကြောက်အလန့်မရှိ ကြည့်နေခဲ့သည်။
"လူသား...မင်းက သတ္တိတော့ ရှိသားပဲဟမ်။ မင်းက ဒီဘုရင်ရဲ့ရှေ့မှာ သခင့်ရဲ့မျိုးဆက်ကို သတ်ရဲတယ်ပေါ့"
ယာ့ဇီသားရဲသည် ကျန်းရီအား ကြေးခေါင်းလောင်းငယ်ပမာဏ အရွယ်အစားရှိသည့် မျက်လုံးကြီးများဖြင့် ကြည့်နေခဲ့သည်။ ၎င်းသည် ပါးစပ်ကြီးကိုဟ၍ အားမာန်အပြည့်ရှိသည့် လေသံဖြင့် စကားပြောလာရာ ကျန်းရီမှာ နောက်တစ်ကြိမ် သွေးအန်လိုက်ရပြန်သည်။
ထင်ထားသလိုပင် ထိုနတ်ဆိုးသားရဲဘုရင်မှာ စုန်းနတ်ဘုရား ယဉ်ပါးအောင် လုပ်ခဲ့သော သတ္တဝါကြီးဖြစ်နေခဲ့သည်။ နှစ်သုံးထောင်ကျော်လွန်သွားခဲ့သော်လည်း အနှီနတ်ဆိုးသားရဲဘုရင်မှာ မသေခဲ့သေးပေ။ ၎င်း၏အင်အားမှာ စတုတ္ထအဆင့် အမြင့်ဆုံးသို့ ရောက်နေပြီဖြစ်ပြီး အချိန်မရွေး အဆင့်တက်ကာ နတ်ဆိုးဧကရီကဲ့သို့ ဖြစ်တည်မှုမျိုး ဖြစ်သွားနိုင်သည်။
ကျန်းရီသည် အသက်လုရှူလိုက်ပြီး လည်ချောင်းထဲသို့ ဆန်တက်လာသည့် သွေးများကို နောက်တစ်ကြိမ် အန်ထုတ်လိုက်သည်။ သူသည် ဘာကိုမှ အရေးမစိုက်ဘဲ အတွင်းအားများ လှည့်ပတ်လိုက်ပြီး အားယူ၍ စကားပြောလိုက်သည်။
"ငါက အမြဲတမ်း သတ္တိရှိခဲ့တာပဲ။ မင်းသခင်ရဲ့ မျိုးဆက်က ငါ့ကိုသတ်ချင်တယ်၊ ဒါဆို ငါကရော ဘာလို့သူ့ကို မသတ်နိုင်ရမှာလဲ။ မင်းငါ့ကို သတ်ချင်ရင်သတ်လိုက်...အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့"
"ဟမ့်"
နတ်ဆိုးသားရဲဘုရင်သည် 'ဟမ့်'ဟု အသံပြုလိုက်သည်။ ၎င်း၏ကိုယ်ကြီးထံမှ မမြင်ရသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာခဲ့ပြီး လေဝဲများပင် ဖြစ်တည်လာခဲ့သည်။ ကျန်းရီသည် သူ့ကိုယ်အား မမြင်ရသည့် အင်အားတစ်ခုက လာရောက်ရိုက်ခတ်သကဲ့သို့ ခံစားလိုက်ရပြီး မီတာအတော်များများ လွင့်ထွက်သွားခဲ့သည်။ ထို့နောက် သူ့ကိုယ်သည် သန္ဓေပြောင်းသားရဲတစ်ကောင်၏ ကိုယ်နှင့်ရိုက်မိသွားခဲ့ပြီး ပါးစပ်ထဲမှ သွေးများ နောက်တစ်ကြိမ် ပန်းထွက်လာခဲ့သည်။ ထိုသန္ဓေပြောင်းသားရဲ၏ကိုယ်ကသာ ကူရှင်အနေနှင့် ခုခံပေးထားခြင်း မရှိပါက သူ့ကိုယ်မှာ တစ်စစီ ဖြစ်သွားနေလောက်ပြီဖြစ်သည်။
"လူသား...မင်းသေရမှာကို မကြောက်ဘူးလား"
နတ်ဆိုးသားရဲဘုရင်သည် ထပ်မံးပြောလိုက်ပြီး ကျန်းရီထံ ဖြည်းဖြည်းချင်း ချည်းကပ်လာနေခဲ့သည်။ ၎င်းသည် ကျန်းရီအား အပေါ်စီးမှ ငုံ့ကြည့်လိုက်ပြီး ပါးစပ်ကိုဟကာ စကားပြောလာခဲ့ပြန်သည်။
"မင်း ဒူးထောက်ပြီး ဒီဘုရင်ကို အကြိမ်တစ်ရာ အရိုအသေပေးရင် မင်းအသက်ကို ချမ်းသာပေးမယ်...ဘယ်လိုလဲ"
"အမ်..."
ကျန်းရီနှင့် ဟဲလောင်မှာ ဆွံ့အသွားခဲ့သည်။ နတ်ဆိုးသားရဲဘုရင်သည် သူတို့အား ချက်ချင်းမသတ်လိုက်ဘဲ ကျန်းရီအား ဒူးထောက်၍ အရိုအသေပေးရန် ပြောနေသည်။ ၎င်းသည် ကျန်းရီ၏ အသက်ကို ချမ်းသာပေးချင်နေသည်လော။
ယာ့ဇီသားရဲသည် ရက်စက်ကြမ်းကြုတ်ပြီး သတ်ဖြတ်ခြင်းကို နှစ်သက်သည့် သဘောသဘာဝရှိသည်။ ရှေးအခါက ယာ့ဇီသားရဲအား တစ်ချက်ကြည့်မိရုံနှင့် ကမ္ဘာအဆုံးထိလိုက်၍ သတ်ဖြတ်ခြင်း ခံရတတ်သည်ဟု ကောလကာလများပင် ရှိခဲ့သည်။ ဤယာ့ဇီသားရဲသည် အဘယ့်ကြောင့် ထူးထူးဆန်းဆန်း ပြုမူနေရပါသနည်း။
ဟဲလောင်သည် မျက်တောင်တဖျတ်ဖျတ်ခတ်၍ အသေအချာ စဉ်းစားနေခဲ့သည်။ သူ့စိတ်ထဲတွင် မျှော်လင့်ချက်ရေးရေး ပေါက်ဖွားလာပြီဖြစ်သည်။ နတ်ဆိုးသားရဲဘုရင်တစ်ကောင်သည် လူသားသိုင်းပညာရှင်တစ်ဦးနှင့် တူညီစွာ စကားတည်လေ့ရှိသည်။ ကျန်းရီသာ ဒူးထောက်၍ အရိုအသေပေးလိုက်ပါက လွတ်မြောက်ရန် အခွင့်အရေး ရနိုင်လောက်သည်။
မည်သူက သိပါမည်နည်း။ ဟဲလောင် ကျန်းရီအား စိတ်ချင်းဆက်သွယ်၍ စကားပြောရန် ကြံရုံပင် ရှိသေးသည်။ ကျန်းရီ၏ ပါးစပ်မှ လှောင်ပြောင်သံ ထွက်လာခဲ့သည်။
"ငါကျန်းရီက အရှုံးမပေးတတ်တဲ့ ကောင်ပဲ။ ကောင်းကင်၊ မြေကြီးနဲ့ ငါ့မိဘတွေကိုတော့ ငါဒူးထောက်မယ်။ မင်းက နတ်ဆိုးသားရဲတစ်ကောင်လေးပဲ...ငါက ဒူးထောက်ပြီး အရိုအသေပေးရအောင် မင်းမှာ ဘာအရည်အချင်းရှိလို့လဲ။ မင်းထက် အဆတစ်ရာလောက်ပိုပြီး စွမ်းအားကြီးတဲ့ တောင်စဉ်သုံးထောင်က နတ်ဆိုးဧကရီကိုတောင် ငါဒူးမထောက်ခဲ့ဘူး။ မင်းငါ့ကို သတ်ချင်နေရင် သတ်လိုက်...သောက်ရေးမပါတာတွေ ပြောနေတာ ရပ်လိုက်တော့...မင်း စကားပြောလေလေ ငါက အထင်သေးမိလေပဲ"
"ဟင့်အင်း..."
ဟဲလောင်၏ကိုယ်မှာ တုန်ယင်သွားခဲ့သည်။ အဘယ့်ကြောင့် ကျန်းရီ ဤမျှ ခေါင်းမာနေရသနည်း။ ဤအခြေအနေတွင် အနည်းငယ်မျှတောင် အလျှော့မပေးနိုင်ဘူးလော။ သူရဲကောင်းတစ်ယောက်သည် အခြေအနေ အချိန်အခါကိုကြည့်၍ လိုအပ်သလို လုပ်ဆောင်သင့်သည်။ အသက်သေဆုံးသွားပါလျှင် ဘာမှမဟုတ်တော့ပေ။ ကိုယ်ကျင့်သိက္ခာကို မလွှတ်တမ်းဆုပ်ကိုင်ထား၍ အသုံးဝင်ပါမည်လော။
"မင်းက တကယ်သေချင်နေတာ ထင်တယ်"
ယာ့ဇီသားရဲသည် ကြောက်စရာကောင်းသည့် အပြုံးတစ်ခုကို ဖော်ပြလာခဲ့သည်။ ၎င်း၏ ဦးခေါင်းထက်မှ ဦးချိုနီနီသည် တောက်ပလာခဲ့ပြီး ပို၍ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါတို့ ထွက်ပေါ်လာခဲ့သည်။ ကျန်းရီ၏ကိုယ်မှာ တဆတ်ဆတ် တုန်ယင်နေပြီး ပါးစပ်မှသွေးများ ပို၍သာ စီးကျလာခဲ့သည်။ နတ်ဆိုးသားရဲဘုရင်သည် နောက်ဆုံးအနေနှင့် အော်ဟစ်လိုက်သည်။
"ဒီဘုရင်ကို ဒူးထောက်ပြီး အရိုအသေပေးစမ်း...မလုပ်ရင် သေလိုက်တော့"
ကျန်းရီ၏ကိုယ်မှာ ဖိနှိပ်ခံထားရသော်လည်း သူ့ဦးခေါင်းမှာ မတ်နေဆဲဖြစ်သည်။ ကျန်းရီသည် သွေးများရွှဲနေသည့် သွားများပေါ်အောင် ပြုံးလိုက်ရင်း အားယူ၍ ပြောလိုက်သည်။
"မင်းဖင်ကြီးပဲ အရိုအသေးပေး"
"ဝှစ်..."
ယာ့ဇီသားရဲ ဦးချိုမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး ကျန်းရီထံ ကျဆင်းသွားခဲ့သည်။ မျက်စိတစ်မှိတ်စာအတွင်း ကျန်းရီ၏ကိုယ်မှာ အစအနရှာမရအောင် ပျောက်ကွယ်သွားခဲ့သည်။ သူ့အား အားပြင်းလွန်းသည့် တိုက်ခိုက်မှု ထိမှန်သွား၍ အလောင်းပင်မကျန်ခဲ့သည့်အလား။
"သခင်လေးရီ..."
ဟဲလောင်၏ သွေးရူးသွေးတန်း အော်ဟစ်လိုက်သံ ထွက်ပေါ်လာခဲ့သည်။ ဤမျှ အားပြင်းသော တိုက်ခိုက်မှုဖြင့် တိုက်ခိုက်ခံရပြီးနောက် ကျန်းရီမဆိုထားနှင့်၊ ရှန်ဝူနိုင်ငံမှ မိန်းမစိုးလင်းတောင် အမှုန့်ဖြစ်သွားလောက်သည်။ ဟဲလောင်သည် ယာ့ဇီသားရဲအား စိုက်ကြည့်လိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ခွေးကောင်...လာစမ်းပါ၊ ဒီအဖိုးကြီးကိုလည်း လာသတ်လိုက်လေ"
ယာ့ဇီသားရဲသည် မျက်လုံးဝေ့၍ ဟဲလောင်အား မတူမတန်သလို ကြည့်လာခဲ့သည်။ ၎င်းသည် ရေခဲပင်လယ်ထဲသို့ ပြန်ဝင်သွားခဲ့ပြီး ၎င်း၏ အရှိန်အဝါများလည်း ကွယ်ပျောက်သွားခဲ့သည်။ သန္ဓေပြောင်းသားရဲများသည်လည်း ပြန်လည်လှုပ်ရှား၍ ရသွားကာ ဟဲလောင်ထံ ရူးသွပ်စွာ ပြေးဝင်လာကြတော့သည်။
"ဟားဟား.."
ဟဲလောင်သည် ယာ့ဇီသားရဲ၏ မတူမတန်သလို အကြည့်ကြောင့် ဆွံ့အသွားခဲ့သည်။ သူသည် သူ့ကိုယ်သူ လှောင်ရယ်လိုက်ပြီး လက်ထဲမှ ကောင်းကင်အဆင့် လက်နက်အား တိုက်ခိုက်ရန် ဒေါသတကြီး ဝှေ့ယမ်းလိုက်သည်။ ကျန်းရီသေသွားလျှင် သူလည်း အသက်ဆက်မရှင်ချင်တော့ပေ။ သူဤနေရာမှ လွတ်မြောက်သွားလျှင်တောင် ကျန့်ဝူရွှမ်းကို သွားတွေ့ရန် မျက်နှာမရှိပေ။ ကျန်းရီနှင့်အတူ သူကိုယ်တိုင်အား မြှုပ်နှံလိုက်သည်က ပိုကောင်းသည်။ သူမသေခင်တွင် သန္ဓေပြောင်းသားရဲများကို တတ်နိုင်သလောက် သတ်သွား၍ သူ့ရင်ထဲမှ ဒေါသများနှင့် အခဲမကြေမှုများကို ထုတ်ဖော်သွားရမည်။
ဗုန်း...ဗုန်း...ဗုန်း...
သူသည် တာအိုတိုက်ကွက်ကိုသုံး၍ အဘက်ဘက်မှ သန္ဓေပြောင်းသားရဲများထံ ဓားအလင်းများ ပစ်လွှတ်နေခဲ့သည်။ သန္ဓေပြောင်းသားရဲများသည် တစ်ကောင်ပြီးတစ်ကောင် လွင့်ထွက်သွားကြပြီး သွေးများရွှဲ၍ ဒဏ်ရာဗရပွ ဖြစ်ကုန်ကြသည်။ တစ်ခဏအတွင်း သူ့လက်ချက်ဖြင့် သန္ဓေပြောင်းသားရဲသုံးကောင် အပြင်းအထန် ဒဏ်ရာရသွားခဲ့ပြီး သွေးအိုင်ထဲတွင် လဲလျောင်းနေရသည်။
"ဝူး..."
ရေခဲဝံပုလွေတစ်ကောင်သည် သူ့ထံပြေးလာခဲ့ပြီး အဖြူရောင် အငွေ့များကို မှုတ်ထုတ်လိုက်သည်။
ဝှစ်...
ဟဲလောင်သည် လေပေါ်ခုန်တက်လိုက်ပြီး ရေခဲဝံပုလွေအား ဓားဖြင့်ပိုင်းချလိုက်သည်။ ရေခဲဝံပုလွေ၏ခေါင်းမှ သွေးများ စီးကျလာသော်လည်း ဆက်လက်ပြေးဝင်လာခဲ့ပြီး ဟဲလောင်အား ခုန်အုပ်လာခဲ့သည်။
"ဖူး..."
ဟဲလောင်သည် မြေပေါ်တွင် လှိမ့်လိုက်ပြီး ရေခဲဝံပုလွေနှင့် ဝေးရာရောက်စေရန် လက်ဝါးရိုက်ချက်တစ်ခု ထုတ်ဖော်၍ သူ့ကိုယ်အား လွင့်ထွက်သွားစေလိုက်သည်။ သို့သော် တွန်းကန်အားကြောင့် သူ့ကိုယ်တွင်းအင်္ဂါများ ထိခိုက်သွားခဲ့သည်။ သူ၏ခြေထောက်တစ်ချောင်းမှာ ထုံကျင်နေခဲ့ပြီး မပြင်းလွန်း မပျော့လွန်းသော ဒဏ်ရာများ ရသွားခဲ့သည်။
"သခင်လေးရီ...သိပ်မကြာခင် ကျွန်တော်လာရှာပါ့မယ်..."
သူ့ထံသို့ ပြေးဝင်လာနေကြသော သန္ဓေပြောင်းသားရဲများကိုကြည့်ရင်း ဟဲလောင်မှာ ခါးသီးစွာ ပြုံးလိုက်မိသည်။ သူသည် ကျန်းရီအသတ်ခံခဲ့ရသော နေရာအား အလိုလိုလှမ်းကြည့်လိုက်မိသည်။
"မဟုတ်သေးဘူး"
ဟဲလောင်သည် ဆတ်ခနဲ ဖြစ်သွားခဲ့ပြီး မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ အစောပိုင်းက ကျန်းရီရပ်နေခဲ့သောနေရာသည် သွေးများပေကျံနေသော်လည်း မြေပြင်ညီအတိုင်း ပြန့်ပြန့်ပြူးပြူး ဖြစ်နေခဲ့သည်။
နတ်ဆိုးသားရဲဘုရင်၏ တိုက်ခိုက်မှုသည် အားပြင်းလွန်း၍ ကျန်းရီကိုတောင် အမှုန့်ဖြစ်သွားစေခဲ့သည် မဟုတ်ပါလော။ အဘယ့်ကြောင့် မြေပြင်သည် အရာမယွင်း ရှိနေရပါသနည်း။ တွင်းကြီးတစ်ခု ဖြစ်မသွားလျှင်တောင် တိုက်ပွဲရာတစ်ခုတော့ ကျန်ခဲ့ရမည်ဖြစ်သည်။ နတ်ဆိုးသားရဲဘုရင်သည် အင်အားကို အတိအကျ ထိန်းချုပ်၍ တိုက်ခိုက်ခဲ့ခြင်းပေလော။ လုံးဝမဖြစ်နိုင်ပေ။
"မသေသေးဘူး...သခင်လေးရီ သေချာပေါက် အသက်ရှင်နေသေးတယ်"
နတ်ဆိုးသားရဲဘုရင်၏ ထူးထူးဆန်းဆန်း အပြုအမူကို ပြန်တွေးကြည့်မိလိုက်သည့်အခါ ဟဲလောင်သည် ရဲရဲတင်းတင်း ကောက်ချက်ချလိုက်သည်။ ကျန်းရီသည် အလောင်းပင်မကျန်အောင် တိုက်ခိုက်ခံလိုက်ရခြင်း မဟုတ်ဘဲ နတ်ဆိုးသားရဲဘုရင်၏ နေရာရွှေ့ပြောင်းပေးခြင်း ခံလိုက်ရပုံ ပေါ်လေသည်။
"စောစောကဟာက စမ်းသပ်မှုများလား။ ဟုတ်လောက်တယ်။ စုန်းနတ်ဘုရားက သူ့ရဲ့ အမွေအနှစ်တွေကို လွှဲပြောင်းပေးဖို့ လိုအပ်နေတယ်။ သခင်လေးရီက ပြိုင်ဘက်ကင်းအောင် ထူးချွန်ပြီး ထူးခြားတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံ ရှိတယ်၊ ငယ်ငယ်လေးနဲ့ အလယ်အလတ်အဆင့်တာအိုကိုလည်း နားလည်ထားသေးတယ်။ နတ်ဆိုးသားရဲဘုရင်က သခင်လေးရီကို သဘောကျသွားလို့ စမ်းသပ်တာပဲ ဖြစ်ရမယ်။ သခင်လေးရီက သေတဲ့အထိ အရှုံးမပေးဘူးဆိုတော့ စမ်းသပ်မှုကို အောင်သွားတာပဲ ဖြစ်ရမယ်"
ဟဲလောင်မှာ ပို၍စဉ်းစားလေလေ စိတ်လှုပ်ရှားလေလေ ဖြစ်လာခဲ့သည်။ သေချင်စိတ်ပြင်းပြနေသည့် သူ့စိတ်သည် ပြန်လည်အသက်ဝင်လာခဲ့သည်။ ကျန်းရီသာ ပဉ္စမထပ်သို့ အပို့ခံလိုက်ရလျှင် စုန်းနတ်ဘုရား၏ အမွေအနှစ်ကို ဆက်ခံသူ ဖြစ်သွားနိုင်သည်။ အသက်ရှင်ရန် အခွင့်အရေး ရှိနေသေးသည်။
"သတ်.."
မည်သို့ပင်ဖြစ်စေ ဟဲလောင်သည် ကြိုးကြိုးစားစား အသက်ရှင်၍ အံ့ဖွယ်ဖြစ်ရပ်တစ်ခုအား စောင့်နေရန် ဆုံးဖြတ်လိုက်ပြီဖြစ်သည်။
*****