ခင်ဗျား...ဂူသင်္ချိုင်းတွေရဲ့ကံကို ယုံလား
Vol. 7 Ch. 91
ဆရာဖန်ချီ၏နှလုံးသားမှာ ဝေဒနာ ခံစားနေရပြီး ရှုပ်ထွေးနေလေသည်။
လက်ရှိအချိန်၌ သူ ဆိုးရွားသော အဝိုင်းတစ်ခုထဲမှာ ပိတ်မိနေလေ၏။ ဂူသင်္ချိုင်းဖောက်ရာမှတဆင့် ရတနာများနှင့် အခွင့်အလမ်းများကို သူ ရယူခဲ့လေရာ ပို၍ အားကောင်းလာခဲ့သည်။ ထို့နောက် ပိုကြီးမားသော ဂူသင်္ချိုင်းများကို ဆက်ဖောက်ကာ ပိုများပြားသော ရတနာများနှင့် အခွင့်အလမ်းများကို ရယူကာ ပို၍ အားကောင်းလာသည်နှင့် နောက်ထပ် ဂူသင်္ချိုင်းများကိုလည်း ဆက်လက်ဖောက်ခဲ့၏။
တစ်စုံတစ်ယောက်၏ခွန်အားကို တိုးမြှင့်ရန်အတွက် ဒီလောက်အထိ ရိုးရှင်းကြောင်းကို သူ ဘယ်တုန်းကမှ မသိခဲ့ပေ။
သူ ဂူသင်္ချိုင်းဖောက်ခြင်းအား စတင်ခဲ့ကတည်းက သူ့အတွက် ကံကောင်းခြင်းတစ်မျိုးက နိုးထလာသကဲ့သို့ ပင်။ သူ၏တိုးတက်မှုနှုန်းကလည်း အလွန်မြန်ဆန်ခဲ့သည်။ ယခုဆိုလျှင် သူသည် အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်၏ ထိပ်ဆုံးအဆင့်ကို ရောက်ရှိနေလေပြီ!
ကြာချိန်မှာ ခြောက်လခန့်သာ ရှိသေး၏။
ဤကဲ့သို့ ကျင့်ကြံမှုအရှိန်မှာ ရိုးရှင်းစွာပင် အံ့အားသင့်ဖွယ်ရာ ကောင်းလေသည်။
သို့သော်…သူ မပျော်နေပေ။
နောက်ဆုံးမှာတော့ သူက အဂ္ဂိရတ်ပညာရှင်တစ်ဦးမျှသာ။ သူ လိုချင်သည်က စွမ်းအားမဟုတ်ပေ။ ဆေးပညာတာအို၏အမြင့်ဆုံးအဆင့်ကို ဖြစ်၏။
ယခု ဒီအခြေအနေက ဘာတွေဖြစ်နေသနည်း။
သူသည် သူ့ခွန်အားကို လျင်မြန်စွာ တိုးမြှင့်ရန်အတွက် ဂူသင်္ချိုင်းဖောက်ခြင်းကို အားကိုးခဲ့သည်။ သို့သော်ငြား သူလိုချင်သည့် အဆင့်မြင့်ဆေးဖော်စပ်နည်းများကိုတော့ ဘယ်မှာမှ မတွေ့ခဲ့ရပေ။
ဒါက ဘာကိုဆိုလိုသနည်း။
၎င်းက သူ့အား ဆေးဝါးဖော်စပ်ခြင်းအလုပ်ကို စွန့်ပစ် ၍ ဂူသင်္ချိုင်းဖောက်ခြင်းကို ဆက်လုပ်ရန် သွေးဆောင် နေသည်လော။
"ဟမ့်! ငါ လက်လျှော့မှာမဟုတ်ဘူး! ငါ ဆက်ပြီး ဖောက်နေသရွေ့ တစ်နေ့နေ့မှာ ငါလည်း အဆင့်မြင့် ဆေးဖော်စပ်နည်းတွေကို တူးဖော်မိလိမ့်မယ်!"
ဂူသင်္ချိုင်း၏ဥမင်တစ်ခုတွင် ဆရာဖန်ချီသည် သူ့သွားများကိုကြိတ်ကာ သူ့ကိုယ်သူ အားပေးနေခဲ့၏။ ယခုဆိုလျှင် သူ့ခန္ဓာကိုယ်မှာ ပို၍ဝဖြိုးလာပြီး ဖောင်းပွနေသော ကြွက်တစ်ကောင်အလားပင်။
ဤသည်မှာ ယခင်က ကြုံတွေ့ခဲ့ရသော အခွင့်အလမ်း အချို့ကြောင့် ကျန်ရစ်ခဲ့သည့် ဘေးထွက်ဆိုးကျိုးများဖြစ်လိမ့်မည်ဟု သူ သံသယဝင်ခဲ့လေသည်။ သူက အခွင့်အလမ်းများစွာ ကြုံတွေ့ခဲ့ရသည်ပင်။
ဥပမာအားဖြင့် သူ ခေါင်းတလားတစ်ခုကို ဖွင့်လိုက်စဥ်တွင် ပြင်းထန်သောစွမ်းအားများကို ထုတ်လွှတ်နေသည့် အနီရင့်ရင့်အရည်များဖြင့် သုတ်လိမ်းခံထားရသော လျှို့ဝှက်လက်နက်တစ်ခုဖြင့် ထိမှန်ခဲ့လေ၏။ ၎င်းက နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်သော သူ၏ကျင့်ကြံခြင်းအတားအဆီးကို ချက်ချင်းဖျက်ဆီးပေးခဲ့လေသည်။
သို့မဟုတ် သူ ခေါင်းတလားထဲမှ အလောင်းကို မ၍ ပစ်ချလိုက်သောအခါ အလောင်း၏အဝတ်အစားများမှ ထွက်ပေါ်လာသော အနက်ရောင်ပိုးကောင်များဖြင့် အကိုက်ခံရပြီးနောက် သူ နုပျိုလာပြီး အများကြီးပိုငယ်ရွယ်လာခဲ့၏။
တစ်ဖန် သူ ခေါင်းတလားတစ်ခုကို ရွှေ့၍ စက်ယန္တရား တစ်ခုကို အသက်ဝင်စေမိသောအခါ အစိမ်းရောင်အရည် တစ်ခုက အပေါ်ကနေ ပက်ဖျန်းကျလာပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ အစိမ်းရောင်မီးခိုးများဖြင့် ဖုံးလွှမ်းခံရပြီးနောက် သူ့ကျင့်ကြံမှုက ချက်ချင်းပင် အောင်မြင်မှုရခဲ့လေသည်။
အတိုချုပ်ပြောရလျှင် ဂူသင်္ချိုင်းများထဲ၌ ထိုကဲ့သို့သော အခွင့်အလမ်းများက ပျံ့နှံ့နေလေရာ သင် ဂရုမစိုက်မိလျှင်တောင်မှ အောင်မြင်မှုရရှိနိုင်ပေ၏။
ထိုအရာက သူ့အား ကြီးမားစွာ စိတ်ဆင်းရဲစေသည်။
အကြောင်းမှာ ထိုကဲ့သို့ကောင်းမွန်သော ကံကြမ္မာသည် ဘာကြောင့်များ သူ၏ဆေးဖော်စပ်နည်းများအပေါ်၌ အလုပ်မလုပ်သနည်း။
"ငါ ဆရာကြီးချင်ချွမ်းဆီမှာ အကြံဉာဏ်အချို့ တောင်းသင့်တယ်ထင်တယ်၊ သူ့ဆီမှာ ဆေးဖော်စပ်နည်းတွေကို ရှာဖွေဖို့ အထူးနည်းလမ်းတွေ ရှိရမယ်"
သူ ခဏတာ စဉ်းစားပြီးနောက် သူ့ကိုယ်သူ ရေရွတ်လိုက်မိ၏။
ဤရက်များအတွင်းတွင် ချင်ချွမ်း၏ပုံရိပ်သည် အဂ္ဂိရတ်ပညာရှင်များအဖွဲ့အစည်း၌ ကောင်းကင်ဘုံ ကဲ့သို့ မြင့်မားလှသည်။ သူ ထိုနေရာ၌ မရှိလျှင်တောင်မှ သူ့ဒဏ္ဍာရီက အဖွဲ့အစည်းထဲမှာ ကျန်ရှိနေလေ၏။
အဂ္ဂိရတ်ပညာရှင်များစွာသည် သူ၏ဆေးဖော်စပ်နည်းများအား နေ့စဉ် အသုံးပြုနေကြသည်။ ဆရာဖန်ချီမှာ သူ၏ကြွယ်ဝမှုများ တိုးပွားလာသည်ကို တိတ်တဆိတ်ကြည့်နေရလေ၏။
…
နောက်တစ်နေ့တွင် ဆရာဖန်ချီတစ်ယောက် ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းထဲသို့ ဆိုက်ရောက်လာခဲ့သည်။
သို့သော်ငြား ချင်ချွမ်းက စာကြည့်တိုက်ထဲ၌ သီးသန့်ခွဲနေနေသောကြောင့် သူ့ကို မတွေ့ခဲ့ရပေ။ ထို့အပြင် ဘယ်သူကမှလည်း သူ့ကို မနှောင့်ယှက်ရဲကြပေ။
ယခုအချိန်၌ ချင်ချွမ်း၏အနေအထားက ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းထဲ၌ တော်တော်လေး မြင့်မား၏။ လူတိုင်းက သူ့ကို အန္တိမသိုင်းပညာရှင်အဖြစ် သိထားကြ လေသည်။
ထို့ကြောင့် ဆရာဖန်ချီမှာ ချင်ချွမ်း ထွက်ပေါ်လာသည့်အချိန်ထိ ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းထဲ၌ တစ်လခွဲလောက် စောင့်ဆိုင်းခဲ့ရ၏။
"ဆရာကြီးချင်ချွမ်း!"
ဆရာဖန်ချီက ပြုံးရွှင်စွာ ပြုံးနေလေသည်။ သူက အနည်းငယ် စိတ်လှုပ်ရှားနေပုံရပြီး သူ့ဝတ်ရုံပေါ်မှ မရှိသောဖုန်များကို လက်ဖြင့် ဖယ်ရှားနေလေသည်။
"ဖန်ချီ ခင်ဗျား တစ်ခုခု လိုအပ်လို့လား"
ချင်ချွမ်းမှာ ဆရာဖန်ချီကိုတွေ့သောအခါ အနည်းငယ် အံ့အားသင့်သွားခဲ့ရ၏။ အကြောင်းမှာ ထိုလူက အများကြီး ပိုငယ်ရွယ်လာသည်ကို သူ မြင်တွေ့လိုက်ရသောကြောင့်ပင်။
"ဆရာကြီးချင်ချွမ်း ကျွန်တော်တို့တွေ သီးသန့် စကားပြောလို့ရမလား"
ဆရာဖန်ချီက မျက်လုံးတစ်ဖက်မှိတ်ကာဖြင့် ခေါင်းညိတ်ကာ ပြောလာသည်။ အကြောင်းမှာ ထိုကဲ့သို့သော ကိစ္စများသည် ပွင့်ပွင့်လင်းလင်း ဆွေးနွေး လို့မရနိုင်သောကြောင့်ပင်။ ထိုသို့မဟုတ်ဘဲ သူ ဂူသင်္ချိုင်းဖောက်ခဲ့ခြင်းများကို ဖော်ထုတ်မိပါက သူ ရိုက်နှက်ခံရပြီး သေဆုံးနိုင်လေ၏။
ချင်ချွမ်းကတော့ ချက်ချင်း နားလည်လိုက်သည်။ ထို့နောက် ဆရာဖန်ချီအား သူအကုန်သိနေသည့်အပြုံး ဖြင့် ပြုံးပြကာ သူ့ကို စာကြည့်တိုက်ထဲသို့ ခေါ်ဆောင် သွားခဲ့၏။
"ဆရာကြီးချင်ချွမ်း ဒါက ကျွန်တော်တို့ ပြန်လည်တွေ့ဆုံမှုအတွက် ယူဆောင်လာခဲ့တဲ့ လက်ဆောင်လေး တစ်ခုပါ...ကျေးဇူးပြုပြီး လက်ခံပေးပါဦး"
ဆရာဖန်ချီသည် အလွန်ရိုကျိုးစွာဖြင့် ဝါကျင်ကျင် စာအုပ်လေးတစ်အုပ်ကို ထုတ်ကာ ချင်ချွမ်းအား ပေးလာသည်။
ထိုစာအုပ်က အလွန်ဟောင်းနွမ်းနေသော်လည်း လုံးဝ မဆွေးမြေ့နေပေ။ အဖုံးပေါ်၌ စာလုံးကြီးကြီး ရှိနေ၏။
မြစိမ်းရောင်ကြာပန်းသိုင်း!
ထိုစာလုံးများမှာ အားကောင်း၍ ရှေးကျကာ အံ့အားသင့်စရာကောင်းသည့် ထက်ရှမှုများ ပါဝင်နေသောကြောင့် အကြည့်အနည်းငယ်ဖြင့်ပင် တစ်စုံတစ်ယောက်၏ နတ်ဘုရားဝိညာဉ်ကို နာကျင်စေလေသည်။
"အမ်"
ချင်ချွမ်းမှာ အနည်းငယ် အံ့အားသွားရ၏။ အကြောင်းမှာ ထိုစကားလုံးများက သူ့ကိုပေးအပ်သော ခံစားမှုက သူ ရရှိခဲ့သည့် မြစိမ်းရောင်ကြာပန်းဓားနှင့် အတိအကျ တူနေသောကြောင့် ဖြစ်သည်။
သူ ချက်ချင်းပင် ဆရာဖန်ချီ၏လက်မောင်းကိုဆုပ်ကိုင်၍ မေးလိုက်မိ၏။
"ခင်ဗျား ဒီစာအုပ်ကို ဘယ်မှာတွေ့ခဲ့တာလဲ"
"အာ...ရှေးဟောင်းဂူသင်္ချိုင်းတစ်ခုကို ဖောက်ရာကနေပါ၊ အထဲမှာ အလောင်းတော့မရှိပေမယ့်...ပြာပုံတစ်ခုတော့ ရှိတယ်"
ဆရာဖန်ချီသည် အနည်းငယ်မျှ အပြစ်ရှိသလို ခံစားခဲ့ရကာ မေးလိုက်မိသည်။
"ခင်ဗျားက ဒီဂူသင်္ချိုင်းပိုင်ရှင်နဲ့ အမျိုးတော်စပ်လို့လား"
သူ အနည်းငယ် ကြောက်ရွံ့နေမိ၏။
သူသည် ချင်ချွမ်း၏ဘိုးဘေးသင်္ချိုင်းဂူအား မတော်တဆတူးမိခဲ့မှာကို ကြောက်နေလေသည်။ ထိုအရာက သူ့ကိုယ်သူ ဒယ်အိုးထဲ ခုန်ချလိုက်သကဲ့သို့ပင်။
"မဟုတ်ပါဘူး...ဒီအတိုင်း မေးရုံပါပဲ"
ချင်ချွမ်းလည်း ဆရာဖန်ချီကို လွှတ်ပေးလိုက်လေ၏။ တော်ဝင်မိသားစုမှ မြစိမ်းရောင်ကြာပန်းဘိုးဘေးက မသေဆုံးနိုင်သေးကြောင်း သူ သံသယဝင်နေလေသည်။ နောက်ဆုံးမှာတော့ ဤကိစ္စက တော်ဝင်မိသားစုတစ်ခုလုံးနှင့် ပတ်သက်နေလေ၏။
သို့သော်ငြား ထိုအရာက သူ့ကို များစွာမစိုးရိမ်စေခဲ့ပေ။ သူ ဆက်လက်စုံစမ်းရန်လည်း စိတ်မဝင်စားပေ။ ထို့အပြင် သူ တခြားလူ၏ ကိစ္စများကိုလည်း သေချာပေါက် လိုက်ဖျက်ဆီးမှာ မဟုတ်ပေ။
သူ ထိုလျှို့ဝှက်စာအုပ်အား လက်ခံလိုက်သည်။
ဤဓားသိုင်းမှာ မြစိမ်းရောင်ကြာပန်းဓားနှင့် ပြီးပြည့်စုံစွာ ကိုက်ညီမှုရှိလေ၏။ ဤဓားသိုင်းသည် အနည်းဆုံးတော့ အန္တိမနယ်ပယ်မှ ထိပ်တန်း အင်အားကြီးသူများ အသုံးပြုသည့် ဓားသိုင်း ဖြစ်ကြောင်းကို ဆိုလိုနေသည်။ ဤဓားသိုင်းက သူ့ဓားတွင် ရှိနေသော ချို့တဲ့မှုများကို ပြီးပြည့်စုံအောင် ဖြည့်စွက်ပေးနိုင်လေ၏။ ဓားသိုင်းမပါဘဲ ဓားတစ်လက်တည်းဖြင့် ရှေ့ဆက်လို့မရချေ။
ချင်ချွမ်း ထိုစာအုပ်ကို သိမ်းလိုက်သည်။
"ကျွန်တော်က ဆေးဖော်စပ်နည်းတွေကို ဘယ်လိုရှာရမလဲဆိုတာ မေးချင်လို့ပါ"
ဆရာဖန်ချီက ရှက်ရွံ့စွာ ခေါင်းငုံ့ထားလေ၏။
"ရှက်စရာကောင်းတာကတော့ ကျွန်တော် ဂူသင်္ချိုင်းတွေအများကြီး ဖောက်ခဲ့ပေမယ့် ဆေးဖော်စပ်နည်းတစ်ခုတောင် မတွေ့သေးပါဘူး"
ထိုစကားကိုကြားသောအခါ ချင်ချွမ်း မှင်သက်သွားရသည်။
ထိုကဲ့သို့မေးခွန်းမျိုး၏ အဖြေအား သူ ဘယ်လိုလုပ် သိနိုင်မည်နည်း။
သူသည် သူ၏ဆေးဖော်စပ်နည်းများက ဂူသင်္ချိုင်းဖောက်ရာမှ ရလာသည်ဟု မတိုင်ခင်က ပြောခဲ့မိ၏။
ဒါကို ဒီလူက တကယ်ကြီးယုံသွားတာလား။ သူ့ကို ဂူသင်္ချိုင်းဂူဖောက်ရာမှာ ကျွမ်းကျင်သူတစ်ဦးလို့တောင် ထင်လိုက်သေးတယ်လား။
ခုနက သူ့ကို "ဆရာကြီးချင်ချွမ်း" ဟု ရိုးသားစွာ ခေါ်ခဲ့ သည်မှာ အံ့သြစရာမရှိတော့ပေ။ သူက သူ့ကို ဤနယ်ပယ်၌ ကျွမ်းကျင်သူအဖြစ် သတ်မှတ်ထားလေသည်။
သူ စကားမပြောနိုင် ဖြစ်သွားရ၏။
သို့သော်ငြား သူက အကျိုးကျေးဇူးကို ယူထားပြီးသား ဖြစ်နေလေသည်။ ထို့ကြောင့် သူ မသိပါကြောင်း ရိုးရှင်းစွာ ပြောလို့မရပေ။ တစ်စုံတစ်ဦးထံမှ ဆုလာဘ် ရယူထားပြီးနောက် သူတို့လိုချင်သည့်အရာကိုလည်း လုပ်ဆောင်ပေးနိုင်ရမည်။
၎င်းအား ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခြင်းရှိမရှိ ကတော့ အခြားကိစ္စ ဖြစ်လေ၏။
ထို့ကြောင့် သူ့မျက်နှာအမူအရာက လေးနက်လာသလို သူ့အကြည့်ကလည်း နက်ရှိုင်းလာလေသည်။ သူသည် လျှို့ဝှက်ဆန်းကြယ်သည့် အရောင်အဝါကို ထုတ်လွှတ်လျက် လေးနက်စွာ မေးလိုက်၏။
"ခင်ဗျား...ဂူသင်္ချိုင်းတွေရဲ့ကံကို ယုံလား"
ဆရာဖန်ချီမှာ ထိတ်လန့်သွားရသည်။
သူ အစပိုင်းမှာတော့ မယုံကြည်ခဲ့ပေ။ သို့သော်ငြား ထိုအချိန်ကာလအတွင်း သူရခဲ့သည့် အတွေ့အကြုံများ ကို ပြန်အမှတ်ရသောအခါ သူ ယုံကြည်မိပေ၏။
အကြောင်းမှာ သူ့ထံ၌ ထူးဆန်းသော ကံတစ်မျိုးမျိုး ရှိနေပုံရသည်။ သူ ဂူသင်္ချိုင်းများထဲ၌ အန္တရာယ်အမျိုးမျိုး ကြုံတွေ့ခဲ့ရသော်လည်း အမြဲဆိုသလို အထိအခိုက်မရှိဘဲ ထွက်လာနိုင်ခဲ့၏။
"တကယ်တော့ ရှေးခေတ်ကတည်းက သင်္ချိုင်းကံ အကြောင်းပြောဆိုမှုတွေ ရှိခဲ့တယ်၊ ဘိုးဘွားသင်္ချိုင်းတွေကနေ ထွက်ပေါ်လာတဲ့ အခိုးအငွေ့တွေက တကယ်တော့ သင်္ချိုင်းကံကို ထုတ်လွှတ်နေတာလို့ ဆိုလိုကြတယ်၊ အဲ့ဒါက လူတွေရဲ့ကံကြမ္မာကိုသက်ရောက်မှုရှိစေတယ်"
ချင်ချွမ်းက ရှင်းပြနေသည်။
"ပြီးတော့ ဂူသင်္ချိုင်းဖောက်သူတစ်ဦးအနေနဲ့ ခင်ဗျားရဲ့ကံကြမ္မာကသာ ဂူသင်္ချိုင်းနဲ့ ချိတ်ဆက်နေရင် ခင်ဗျားရဲ့ကံကြမ္မာက သင်္ချိုင်းကံရဲ့လွှမ်းမိုးမှုကို ခံရလိမ့်မယ်၊ အဲ့ဒါက ထိန်းချုပ်လို့မရနိုင်ဘူး"
"အခြားစကားနဲ့ပြောရမယ်ဆိုရင် ခင်ဗျား ဂူသင်္ချိုင်းထဲကို ဝင်ခဲ့ပေမယ့် အန္တရာယ်တွေကို မကြာခဏဆိုသလို ရှောင်ရှားနိုင်ခဲ့ပြီး မသေဆုံးခဲ့ဘူး၊ ဒါပေမဲ့…ခင်ဗျား ရရှိခဲ့တဲ့အရာက ခင်ဗျားဆန္ဒအတိုင်း ရလာမှာတော့မဟုတ်ဘူး"
သူသည် အန္တရာယ်ရှောင်ရှားခြင်းအကြောင်းကို ထည့်ပြောခဲ့လေ၏။ အကြောင်းမှာ ဒီလူက သူ့အရှေ့မှာ ရပ်နေခြင်းသည် ဂူသင်္ချိုင်းထဲမှ အန္တရာယ်များစွာကို သေချာပေါက်ရှောင်ရှားနိုင်ခဲ့သောကြောင့် ဆိုတာကို သူသိ၍ပင်။
ဆရာဖန်ချီက တွေးနေသည်မှာ...
ဟမ်...သူက တကယ်ကို တော်တော်လေး နတ်ဘုရားဆန်လွန်တာပဲ! ငါ ဂူသင်္ချိုင်းတွေထဲမှာ အန္တရာယ်တွေ ရှောင်ရှားနိုင်ခဲ့တယ်ဆိုတာကိုတောင် သိနေတယ်!
သူက တကယ်ပင် ကျွမ်းကျင်သူတစ်ဦးဖြစ်ပုံရသည်။
"ဒါဆို ကျွန်တော် ဒီအခြေအနေကို ဘယ်လို ပြောင်းလဲ လို့ရနိုင်မလဲ၊ ဆေးဖော်စပ်နည်းတွေကို ဘယ်လို တူးဖော်လို့ရနိုင်မလဲ"
ဆရာဖန်ချီက စိတ်လှုပ်ရှားစွာပင် မျှော်လင့်ချက်များဖြင့်မေးလာခဲ့၏။
"ဒါက တကယ်တော့ သိပ်မခက်ခဲပါဘူး"
ချင်ချွမ်းက တည်ငြိမ်စွာ ပြောသည်။
"သင်္ချိုင်းကံက လုံးဝ မထိန်းချုပ်နိုင်တာမဟုတ်ဘူး၊ ဒါပေမဲ့ ခင်ဗျားရဲ့နှလုံးသားက ဂူသင်္ချိုင်းဖောက်ခြင်း လုပ်ရပ်နဲ့ လိုက်လျောညီထွေရှိနေဖို့ လိုတယ်"
"ဒါက ဘာကိုဆိုလိုတာလဲ"
ဆရာဖန်ချီမှာ အနည်းငယ် ရှုပ်ထွေးနေလေ၏။
ချင်ချွမ်း အနည်းငယ်ပြုံး၍ ယုံကြည်မှုရှိစွာ ပြန်ပြော ခဲ့သည်။
"ဂူသင်္ချိုင်းတွေကို ဖောက်တဲ့အခါမှာ ခင်ဗျားရဲ့နှလုံးသားက ဆေးဖော်စပ်နည်းတွေကိုပဲ စဉ်းစားနေခဲ့တယ်၊ ဒါက ဂူသင်္ချိုင်းဖောက်ခြင်းလုပ်ရပ်ကို ငြင်းပယ်လိုက်သလိုဖြစ်ပြီး သင်္ချိုင်းကံရဲ့အသိအမှတ်ပြုခြင်းကို မရရှိနိုင်တော့ဘူး"
"ဒါပေမဲ့ ခင်ဗျားကသာ ဂူသင်္ချိုင်းဖောက်ခြင်းကိုစိတ်ရင်းမှန်နဲ့တွေးပြီး လေးနက်တဲ့လေးစားမှုတွေနဲ့ ဖောက်တဲ့အခါမှာ သင်္ချိုင်းကံက ခင်ဗျားကို သဘာဝကျကျ မျက်နှာသာပေးလိမ့်မယ်... ပြီးတော့ ဆေးဖော်စပ်နည်းတွေက အလိုလိုပေါ်လာလိမ့်မယ်"
" 'ရည်ရွယ်ချက်ရှိရှိ စိုက်ပျိုးရင် ပန်းတွေမပွင့်နိုင်ဘူး၊ မရည်ရွယ်ဘဲ စိုက်ပျိုးရင်တော့ မိုးမခပင်လို အရိပ်အာဝါသပေးနိုင်တယ်'ဆိုတဲ့စကားပုံလိုပေါ့"
ချင်ချွမ်း၏အသံမှာ အားကောင်းကာ သက်ရောက်မှုအပြည့်ရှိလေ၏။
"ဒါက..."
ဆရာဖန်ချီ၏ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်လှုပ်သွားခဲ့သည်။ လျှပ်စီးလက်သွားသကဲ့သို့ပင် သူ့စိတ်ထဲ၌ ရုတ်တရက် ရှင်းလင်းသွားခဲ့၏။
သူ့အရှေ့၌ တံခါးအသစ်တစ်ခုက ဖြည်းဖြည်းချင်း ပွင့်လာသည်ကိုပင် မြင်နေရသည်။
သူ့စိတ်ဝိညာဉ်က ဉာဏ်အလင်းပွင့်ခြင်းကို ရရှိခဲ့လေ၏။ ထို့အပြင် နယ်ပယ်အသစ်တစ်ခုလုံးသို့ပင် သူချိုးဖောက်နိုင်ခဲ့သည်။