← Chapters

ရန်စခံထားရသော Jie Jie Jie (T/N - Jie Jie Jie -နတ်ဆိုးရယ်သံ)

Vol. 7 Ch. 92

ရန်စခံထားရသော Jie Jie Jie (T/N - Jie Jie Jie -နတ်ဆိုးရယ်သံ)

Vol. 7 Ch. 92

သိပ်မကြာခင်မှာပင် ဆရာဖန်ချီက ထွက်ခွာသွားလေသည်။ ချင်ချွမ်းကတော့ နှုတ်ခမ်းထောင့်များ ကွေးညွတ်နေလေ၏။

နောက်တစ်ယောက် လှည့်စားခံလိုက်ရပြန်ပြီ။

သူသည် သူ့ကိုယ်ပိုင်လိမ္မာပါးနပ်မှုအား ကျေနပ်သလို ခံစားနေရသည်။

မရည်ရွယ်ထားသော လုပ်ဆောင်မှုများမှ မမျှော်လင့်ထားသည့် ရလဒ်များ။

သင်္ချိုင်းဂူဖောက်ခြင်းအား အပြည့်အဝ စိတ်နှစ်မြှုပ် ထားပြီး ဆေးဖော်စပ်နည်းများအပေါ်၌ မည်သည့် အတွေးမျှမရှိခြင်းဖြင့် ဆေးဖော်စပ်နည်းများ အလိုလို ပေါ်လာခြင်း။

ရိုးရှင်းသော်လည်း ပြီးပြည့်စုံ၏။

ဆရာဖန်ချီသာ ထိုအတွေးအခေါ်ကို ထိန်းသိမ်းထားသရွေ့ ဆယ်နှစ် သို့မဟုတ် ရှစ်နှစ်ကြာအထိ ဘာမှမတွေ့ခဲ့လျှင်တောင် စိတ်ပူစရာမရှိပေ။

တစ်နေ့နေ့မှာ တစ်စုံတစ်ခုကို တွေ့ရှိခဲ့လျှင်လည်း သူ၏လမ်းညွှန်မှုကို ပြန်သတိရသွားလိမ့်မည်။ ထို့နောက် ဤကဲ့သို့ တွေးလိမ့်မည်- ဆရာကြီးချင်က ငါ့ကို မလှည့်စားခဲ့ဘူးပဲ။

သို့သော်ငြား ထိုအချိန်အထိ ဆရာဖန်ချီသည် ဆေးဖော်စပ်နည်းများ ရှာဖွေခြင်းအတွက် စိတ်အားထက်သန်နေတုန်းပဲလား ဆိုတာကတော့ မသေချာပေ။

နောက်ဆုံးမှာတော့ သင်္ချိုင်းဂူဖောက်ခြင်းဟူသည် အချိန်များစွာ ရင်းနှီးမြှုပ်နှံရပြီး အချိန်ကြာလေ ထိုလုပ်ငန်းအပေါ်၌ စိတ်ခံစားမှုများ တဖြည်းဖြည်း ဖြစ်ပေါ်လာလိမ့်မည်။ ထို့အပြင် ယုံကြည်ချက်တစ်ခုပါ ရှိလာနိုင်သည်။

နောက်ဆုံး၌ ကျွမ်းကျင်သော ဂူသင်္ချိုင်းဖောက်သူ အဖြစ် ပြောင်းလဲသွားနိုင်၏။

ထိုအချိန် ရောက်လျှင်လည်း ဆရာဖန်ချီက သူ့ကို ကျေးဇူးတင်စွာဖြင့် အမျိုးမျိုးသော ကောင်းမွန်သည့်အရာများကို အချိန်နှင့်အမျှ ဆက်လက်ပေးနေနိုင်ဆဲ ဖြစ်လိမ့်မည်။

နောက်ဆုံးမှာတော့ ဆရာဖန်ချီ၏မျက်လုံးများထဲ၌ သူသည် ထူးချွန်သောဆရာတစ်ဦး၊ ညွှန်ကြားသင်ပြပေးသူတစ်ဦး ဖြစ်လေသည်။ သူ ရှုပ်ထွေးနေသည့် အချိန်မှာ လမ်းကြောင်းတစ်ခုကို ညွှန်ပြခဲ့သောကြောင့် သူ၏သာမန်ဘဝကို အဓိပ္ပါယ်အသစ်ဖြင့် အသစ်ရေးထိုးနိုင်ခဲ့၏။

"ပြီးခဲ့တဲ့လတွေက ဒီလူကြုံခဲ့တဲ့ အတွေ့အကြုံတွေကိုကြည့်မယ်ဆိုရင် သူက ဘိုးဘပိုင်ကောင်းချီတစ်ခုကို ပိုင်ဆိုင်ထားလို့ ဂူသင်္ချိုင်းဖောက်ရာမှာ တကယ်ကိုအရည်အချင်း ရှိနေတယ်"

ဆရာဖန်ချီ ပြောပြခဲ့သော "သင်္ချိုင်းဂူ၌ ကြုံတွေ့ခဲ့ရမှုများ"ကို ပြန်တွေးလျှင် သူပင်လျှင် ကြက်သီးထမိလေသည်။

အကြောင်းမှာ ထိုကဲ့သို့ဖြစ်ရပ်များသည် လူအများစုအတွက်မူ သေဆုံးခြင်း သို့မဟုတ် ပြင်းထန်သော ဒဏ်ရာရခြင်းကို ဖြစ်ပေါ်စေနိုင်၏။

ကံကောင်းသော လူအနည်းငယ်ကသာ ဘေးအန္တရာယ် ကို ဘေးကင်းမှုအဖြစ် ပြောင်းလဲနိုင်လေသည်။ အဆိပ်သင့်ခံခဲ့ရသော်လည်း အဆိပ်ကိုအဆိပ်ဖြင့် တိုက်ဖျက်နိုင်ခြင်းကဲ့သို့ပင်။ ယခင်ဒဏ်ရာများကို ကုသနေခြင်း သို့မဟုတ် သေစေနိုင်သော ထောင်ချောက်များနှင့်ရင်ဆိုင်နေရစဉ်တွင်ပင် သိုဝှက်ထားသော အလားအလာများကို ဖြစ်ပေါ်စေနိုင်သည့် လူအနည်းငယ် ရှိလေ၏။

"ဒီလူရဲ့ဘဝက ပိုပြီးတော့တောင်မှ ရိုလာကိုစတာစီးနေရသလို ဖြစ်လာတော့မှာပဲ"

သူ ရယ်မောလိုက်မိသည်။ ထို့နောက် "မြစိမ်းရောင်ကြာပန်းသိုင်း"စာအုပ်ကို ထုတ်ကာ စတင်တွေးတောဖတ်ရှုရန် ပြင်လိုက်၏။ မလေ့ကျင့်ခင်မှာ ၎င်း၏ကျယ်ပြန့်ကာ နက်ရှိုင်းသော အကြောင်းအရာများကို ဂရုတစိုက် လေ့လာရန် လိုအပ်လေသည်။

…

နောက်ထပ်တစ်လ ကုန်လွန်သွားခဲ့၏။

နောက်ဆုံးမှာတော့ မနက်ခင်းတစ်ခုတွင် စနစ်၏အသံက ချင်ချွမ်းနားထဲသို့ တစ်ဖန် စီးဝင်လာသည်။

"ဒင်! အန္တိမနယ်ပယ်အဆင့်လေး သိုင်းပညာရှင်တစ်ဦး က မင်းရဲ့သားအပေါ်မှာ သတ်ဖြတ်လိုစိတ် ရှိနေပါတယ်၊ 'ဖခင်တစ်ယောက်၏ မေတ္တာသည် တောင်ကြီးတစ်လုံးကဲ့သို့ပင်' နိယာမအရ ဖခင်ဟာ အနိုင်ရရပါမယ်၊ မင်းရဲ့ကျင့်ကြံမှုနယ်ပယ်ကို အန္တိမနယ်ပယ်ရအဆင့်လေးသို့ တိုးမြှင့်ပေးလိုက်ပါပြီ၊ အဆင့်တူမှာဆိုရင် ပြိုင်ဘက်ကင်းပါတယ်!"

ချင်ချွမ်း၏ခန္ဓာကိုယ်အတွင်းထဲ၌ မယုံနိုင်စရာလောက်အောင် အစွမ်းထက်သော စွမ်းအားတစ်ခုကိုရုတ်တရက် ခံစားလိုက်ရ၏။

သူ့ခန္ဓာကိုယ်အတွင်း၌ နျူကလီးယားဗုံးနှစ်ခုက ဆက်တိုက်ပေါက်ကွဲနေသကဲ့သို့ပင်။ ထိုခံစားမှုက သူ့ခန္ဓာကိုယ်အား ပေါက်ကွဲတော့မလို ခံစားရစေသည်။ သူ့ပတ်ပတ်လည်တွင် အလင်းရောင်များ ဖြာထွက်လာပြီး တစ်ကိုယ်လုံး အရည်ပျော်ကာ ပြိုကွဲတော့မည့်အလားပင်။

အားကောင်းသည်! အလွန်အမင်း အားကောင်းသည်!

ထို့အပြင် သူ့ခန္ဓာကိုယ်ထဲရှိ အန္တိမတာအိုနန်းတော်၏ ပတ်ပတ်လည်တွင်လည်း တောက်ပသောအရောင်အဝါနှစ်ခုက ထပ်မံ၍ ထွက်ပေါ်လာလေ၏။ စုစုပေါင်း လေးခု ဖြစ်သည်။

"ဒါပေမဲ့… ဒီကလေးက ဘယ်နေရာမှာ ဒီလိုကြောက်စရာကောင်းတဲ့ ပြိုင်ဘက်နဲ့ တွေ့ဆုံခဲ့တာလဲ"

မကြာခင်မှာပင် သူ မျက်မှောင်ကြုတ်လိုက်မိ၏။

ပြောရလျှင် ဤနယ်မြေခုနှစ်ခု၌ နေကိုးလုံးတော်ဝင်မိသားစုမှလွဲ၍ ထိုကဲ့သို့ သိုင်းပညာရှင်မျိုး ရှိလိမ့်မည်မဟုတ်ပေ။

ယခုအချိန်တွင် နေကိုးလုံးတော်ဝင်မိသားစုသည် သူနှင့် မဟာမိတ်ဖွဲ့ထားကာ သူတို့ကလည်း သူတို့၏ခွန်အားကိုဖုံးကွယ်ထားလေသည်။ ချင်ကျီကိုသတ်ရန်အတွက် ထိုကဲ့သို့ သိုင်းပညာရှင်မျိုးအား စေလွှတ်ရန်မှာ မဖြစ်နိုင်ချေ။

ဒါဆို ထိုသိုင်းပညာရှင်က ဘယ်ကပေါ်လာသနည်း။

"မဟုတ်မှလွဲရော အဲ့ဒီJie Jie Jie ရယ်တတ်တဲ့ နတ်ဆိုးအိုကြီးများလား၊ ချင်ကျီက အပြင်မှာ ငရဲကြာပန်းနီကို သုံးမိခဲ့လို့ တွေ့သွားခဲ့တာများလား"

ချင်ချွမ်း မှန်းဆနေမိ၏။

ထိုစည်းတံဆိပ်ခတ်ထားသောနေရာရှိ ခြေရာလက်ရာများကို ကြည့်ခြင်းအားဖြင့် Jie Jie Jieရယ်တတ်သော နတ်ဆိုးအိုကြီးသည် သူ၏အထွတ်အထိပ်အခြေအနေ၌ အလွန်အစွမ်းထက်ခဲ့လိမ့်မည်။

သို့သော်ငြား နတ်ဆိုးတစ်ဦးက မည်မျှပင်အစွမ်းထက်နေပါစေ နှစ်ပေါင်းများစွာ တံဆိပ်ခတ်ခံရပြီးနောက် လွတ်မြောက်သွားသည့်အချိန်မှာ သူတို့ အားအနည်းဆုံး ဖြစ်ကြသည်။

ထို့အပြင် ထိုအချိန်က အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်မှ သူကလည်း ထိုလွတ်မြောက်လာသော နတ်ဆိုးအိုကြီးကို ငရဲကြာပန်းနီနှင့် ပစ်ပေါက်ခဲ့လေ၏။

အခုအချိန်၌ သူ၏ချစ်လှစွာသောသားသည် သူ၏ ယခင်အခြေအနေဖြစ်သော အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်သို့ ရောက်ရှိနေပြီးသားပင်။ ထိုအချိန်တုန်းက သူ့ထက်တောင် ပို၍အားကောင်းနေဦးမည်။

ထိုနည်းတူစွာပင် နတ်ဆိုးအဘိုးကြီးကလည်း ချင်ကျီ ၏ ငရဲကြာပန်းနီးကိုမြင်သောအခါ ချင်ကျီအား သူ့ကို ချုံခိုတိုက်ခိုက်သွားသူအဖြစ် အထင်မှားနိုင်ဖွယ်ရှိသည်။

ထိုပြစ်မှုက နတ်ဆိုးအဘိုးကြီး၏ စိတ်ထဲ၌ အမြစ်တွယ်နေလိမ့်မည်။

သို့သော်ငြား အခုအချိန်၌ ထိုကလေးက ဘယ်နေရာရောက်နေလဲဆိုတာကို သူ မသိပေ။ သူ ကူညီပေးချင်လျှင်တောင် မကူညီနိုင်ပေ။ ထို့ကြောင့် သူ ရိုးရှင်းစွာပင် စိတ်မပူနေတော့ပေ။

မည်သို့ပင်ဆိုစေကာမူ ထိုကလေးက ရှင်သန်လိမ့်မည်။

နောက်တစ်နေ့။

ဖရိုဖရဲဖြစ်နေသော လူငယ်တစ်ဦးက ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းထဲ၌ ပေါ်လာသည်မှာ လမ်းပျောက်နေသော ခွေးတစ်ကောင်ကဲ့သို့ပင်။

"ကျွန်တော်က အရှေ့ပိုင်နက်က ပါရမီရှင်တစ်ဦးပါ၊ အကြီးအကဲချင်ချွမ်းနဲ့တွေ့ဖို့ လာရှာတာပါ"

ထိုလူငယ်က ကျယ်လောင်စွာ အော်လာလေ၏။

သူက ပြင်းပြင်းထန်ထန် မောဟိုက်နေလေသည်။ မျက်နှာကနီရဲနေသည်မှာ ရှက်ရွံ့မှုကြောင့်ပဲလား ပင်ပန်းနွမ်းနယ်မှုကြောင့်ပဲလား ဆိုတာကို မသိနိုင်ပေ။

ထိုအသံက လူတိုင်း၏အာရုံကို ချက်ချင်းဆွဲဆောင်နိုင်ခဲ့၏။ ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းမှ တပည့်များအားလုံးသည် ထူးဆန်းသလိုမျိုး တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။

ပါရမီရှင်ဆိုသည့်အသုံးအနှုန်းမှာ တခြားသူများကို ရည်ညွှန်းရန်အတွက်တော့ အဆင်ပြေလေ၏။ သို့သော်ငြား ကိုယ့်ကိုယ်ကိုယ် ပါရမီရှင်ဟု ခေါ်နေခြင်းမှာ နည်းနည်းလေး အဆင်မပြေပေ။

ထို့အပြင် ထိုလူငယ်၏ နွမ်းဖက်နေသောပုံစံကိုကြည့်ခြင်းအားဖြင့် သူ့ပုံစံမှာ လေးစားဖွယ်ကောင်းသော ပုဂ္ဂိုလ်တစ်ဦးနှင့် တကယ်မတူချေ။

သေချာတာကတော့ ထိုအတွေးများကို သူတို့ စိတ်ထဲမှာသာ စဉ်းစားနေကြခြင်းဖြစ်ပြီး အသံမထွက်ရဲကြပေ။ အကြောင်းမှာ ထိုလူငယ်၏စွမ်းအားက အလွန်အံ့သြစရာကောင်းသောကြောင့်ပင်။

သူက အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်၏ ထိပ်ဆုံးအဆင့်မှာ ရှိသည်။

ဤကဲ့သို့ ငယ်ရွယ်သောအရွယ်၌ ထိုကဲ့သို့ ကျင့်ကြံမှုအဆင့်ကို ရရှိထားခြင်းမှာ သူ့ထံ၌ နက်ရှိုင်းသော နောက်ခံရှိသောကြောင့် ဖြစ်ပြီး သူတို့ ရန်မစနိုင်သောသူ ဖြစ်သောကြောင့်ပင်။

အများစုက အရှေ့ပိုင်နက်အကြောင်းကိုလည်း ကြားဖူးကြလေ၏။ ထိုနေရာက ကျယ်ပြန့်ကာ သာယာဝပြောသည်ဟု ကောလာဟလများ ထွက်ရှိထားပြီး သူတို့၏နယ်မြေခုနစ်ခုထက် အများကြီး သာလွန်သည်။

သို့ဖြစ်ရာ သူတို့ စိတ်ကူးဖြင့်သာ ပြောရဲကြပြီး လက်တွေ့မစွန့်စားရဲကြပေ။ မြစ်ထဲရှိ ငါးများက ပင်လယ်ထဲသို့ မသွားရဲသကဲ့သို့ သို့မဟုတ် ဆင်းရဲသောသူများက ရှန်ဟိုင်းသို့ အလွယ်တကူ မသွားနိုင် သကဲ့သို့ပင်။

"မင်း ငါ့ကိုရှာနေတာလား"

အလင်းရောင်တစ်ချက် လျပ်တပြတ်ပေါ်လာပြီး ချင်ချွမ်းက ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်း၏အထက်မှာ ပေါ်လာလေ၏။ သူက အရှေ့ပိုင်နက်မှပါရမီရှင်ဟုဆိုသော ထိုလူငယ်ကို တည်ငြိမ်စွာ ကြည့်နေသည်။

"အငယ် ကျိုးမော့က အကြီးအကဲချင်ချွမ်းကို ဂါရဝပြုပါတယ်"

လူငယ်သည် ချင်ချွမ်းဆီမှ ထွက်ပေါ်လာသော အန္တိမအော်ရာကို ခံစားမိလေရာ အမြန်ပင် အရိုအသေပြု လေ၏။

"ဘာကိစ္စများလဲ"

ချင်ချွမ်းက သူ့လက်များကို အနောက်မှာထားလျက် ရပ်နေကာ စိတ်မပါတပါဖြင့် မေးလာသည်။ သို့သော်ငြား ၎င်းက ဘာအကြောင်းအရာလဲဆိုတာကို သူ ခန့်မှန်းထားပြီးသားပင်။

"အကြီးအကဲ ကျွန်တော်က ချင်ကျီ အန္တရာယ်နဲ့ကြုံတွေ့နေရကြောင်း သတင်းပို့ဖို့ ရောက်လာခဲ့တာပါ!"

ကျိုးမော့က စိတ်ပူပန်စွာ ပြော၏။

"မလောနဲ့ ဖြည်းဖြည်းပြောချေ"

ချင်ချွမ်း၏တည်ငြိမ်သောလေသံမှာ တစ်ဖက်လူအား စိတ်တည်ငြိမ်စေသည်။

"ဖြစ်ပျက်ခဲ့တာက ဒီလိုပါ၊ ကောင်းကင်လေနိုင်ငံမှာရှိတဲ့ ရှေးဟောင်းအပျက်အစီးတစ်ခုထဲမှာ ကျွန်တော်နဲ့ ချင်ကျီတို့ ဆုံခဲ့ကြပါတယ်၊ ပြီးတော့ တိုက်ပွဲအပြီးမှာ ကျွန်တော်တို့ရင်းနှီးသွားကြပြီး ရှေးဟောင်းအပျက်အစီးကို တူတူစူးစမ်းခဲ့ကြပါတယ်"

"နောက်ဆုံးမှာ ကျွန်တော်တို့တွေက ရှေးဟောင်းအပျက်အစီးရဲ့အရင်ပိုင်ရှင်ဖြစ်ပုံရတဲ့ မဟာနတ်ဆိုးတစ်ပါးနဲ့တွေ့ခဲ့တယ်၊ သူက မည်းနက်နေတဲ့တိုင်လုံးတစ်ခုရဲ့အရှေ့မှာ ပြန်သတိရလာပြီး ကျွန်တော်တို့တွေ ကျူးကျော်ဝင်ရောက်လာတာကိုလည်း မြင်ရော သူက ကျွန်တော်တို့ကို သတ်ချင်ခဲ့တယ်!"

"ကျွန်တော့်မှာ အန္တိမနယ်ပယ်၊ အဆင့်သုံးမှာရှိတဲ့ အစောင့်အရှောက်တစ်ဦး ပါလာခဲ့ပေမယ့် အဲ့ဒီနတ်ဆိုး က သူ့ကို တစ်ချက်တည်းနဲ့ သတ်ပစ်ခဲ့တယ်၊ အဲ့ဒီနတ်ဆိုးက တော်တော်ကြောက်ဖို့ကောင်းတယ်!"

ထိုစကားကိုပြောရင်း ကျိုးမော့က တုန်ယင်လာခဲ့၏။ သူ အသက်ပြင်းပြင်းရှူသွင်းပြီးနောက် သူ့မျက်လုံးများ တစ်ဖန် နီရဲလာခဲ့သည်။

"အရေးကြီးနေတဲ့အချိန်မှာ မဟာနတ်ဆိုးရဲ့အာရုံကိုပြောင်းလဲပေးခဲ့တဲ့လူက ချင်ကျီပါ၊ သူက ကျွန်တော် လွတ်မြောက်အောင် အခွင့်အရေးရှာပေးခဲ့တယ်… ထွက်ပြေးလာပြီးနောက်မှာ ချင်ကျီက မည်သူမည်ဝါဆိုတာကို သိရှိခဲ့ပြီးတော့ အကြီးအကဲကို အကြောင်းကြားဖို့ ဒီလာခဲ့တာပါ"

"ညီအစ်ကိုချင်ကျီက တကယ်ကို သမာဓိရှိတဲ့လူပါ"

နောက်ဆုံး၌ သူ့အသံက ဆို့နင့်သွားလေ၏။ ဤကဲ့သို့သော အကျပ်အတည်းများနှင့် ကြုံတွေ့ရစဥ်တွင် သူက အသုံးမဝင်ဘဲ ကာကွယ်ခံလိုက်ရသည့် လူတစ်ဦးဖြစ်နေသည်ကို အားမရပုံပေါ်နေသည်။

"စိတ်မပူပါနဲ့ သူ ဘာမှဖြစ်မှာမဟုတ်ပါဘူး"

ချင်ချွမ်းက တည်ငြိမ်စွာ ပြော၏။

"ငါ မမှားဘူးဆိုရင် အဲ့ဒီမဟာနတ်ဆိုးက ချင်ကျီကိုလိုက်မီနိုင်မှာမဟုတ်ဘူး၊ ပြီးတော့ ဒီနေရာကို ရောက်လာပြီး အခွင့်အရေး လာစောင့်လိမ့်မယ်"

"ဘ…ဘာ...လိုက်မီနိုင်မှာမဟုတ်ဘူးလား"

ကျိုးမော့က ရှုပ်ထွေးသွားလေသည်။

ဘာလို့လိုက်မမီတာလဲ။

နတ်ဆိုးက လုံလုံလောက်လောက် မမြန်နိုင်လို့လား။

"ချင်ကျီဆီမှာ ငါ ပေးထားတဲ့ အသက်ကယ်နည်းလမ်းတွေ ရှိတယ်...စိတ်ချပါ"

ချင်ချွမ်းမှာ ထိုကဲ့သို့သာ ရှင်းပြနိုင်လေ၏။

သူသည် 'ငါ့သားက မွေးရာပါ ကံကြမ္မာသားတော်တစ်ပါးဖြစ်တဲ့အပြင် သူ့ဆီမှာ သိုင်းပညာမြင့်မားတဲ့ဆရာတစ်ဦးလည်း ရှိတယ်' ဟု ပြောလို့မရပေ။

"သဘောပေါက်ပါပြီ…"

ကျိုးမော့က တစ်ဝက်မျှယုံကြည်သွားသလို ခေါင်းညိတ်လာသည်။ နောက်ဆုံးမှာတော့ သူ အနည်းငယ် သက်သာရာရသွားခဲ့၏။ ကျေးဇူးတရားနှင့် အကျင့်သိက္ခာအရ သူ့ထံတွင် ချင်ကျီ အတွက် အကူအညီရှာရန် တာဝန်ရှိခဲ့သည်။ ဤနေရာသို့ သတင်းစကားပေးပို့ပြီးနောက်မှာ ထိုတာဝန်က ချင်ချွမ်းဆီသို့ လွှဲပြောင်းသွားလေပြီ။ ချင်ချွမ်းက ဘာလုပ်ရန် ဆုံးဖြတ်သည်ဖြစ်စေ သူ ဝင်စွက်ဖက်လို့မရတော့ပေ။

သူက သူလုပ်ဆောင်ရမည့်အရာကို လုပ်ဆောင်နိုင်ခဲ့သောကြောင့် စိတ်ငြိမ်းချမ်းမှုကို ရှာတွေ့ခဲ့လေ၏။ စိတ်နှလုံးငြိမ်းချမ်းခြင်းကို ရှာဖွေခြင်းမှာ လူ့သဘောသဘာဝပင်။

"လူငယ်လေး မင်းက ဘယ်သူဘယ်ဝါလဲဆိုတာ သိလို့ရမလား"

ရုတ်တရက် ချင်ချွမ်းက မေးလာသည်။

"အာ! ဟုတ်သားပဲ"

ကျိုးမော့လည်း လန့်သွားပြီးနောက် ချက်ချင်းသတိပြန်ဝင်ကာ ပြောလိုက်၏။

"ကျွန်တော်က အရှေ့ပိုင်နက်၊ ကျိုးမိသားစုကနေ လာတာပါ၊ ကျွန်တော်တို့မိသားစုက အရှေ့ပိုင်နက်တစ်လျှောက်မှာ သိပ်မထင်ရှားပါဘူး၊ ဒုတိယအဆင့် မိသားစုလောက်ပါပဲ"

ချင်ချွမ်းက ခေါင်းညိတ်၍ ဆက်လက် မေးလာသည်။

"မင်းရဲ့မိသားစုမှာရှိတဲ့ အစွမ်းအထက်ဆုံးသူရဲ့ခွန်အားက ဘယ်အဆင့်မှာလဲ"

All Chapters