← Chapters

Jie Jie Jieနဲ့ တိုက်ပွဲအကြီးအကျယ်

Vol. 7 Ch. 93

Jie Jie Jieနဲ့ တိုက်ပွဲအကြီးအကျယ်

Vol. 7 Ch. 93

"ဒါက…"

ကျိုးမော့က ခဏတာမျှ တွန့်ဆုတ်သွားလေသည်။ ထို့နောက်မူ ထိုအကြောင်းအရာများက လျှို့ဝှက်ချက်တစ်ခု မဟုတ်သည့်အပြင် ဝန်ခံလိုက်ခြင်းကလည်း ဘာမှ ထိခိုက်လာလိမ့်မည်မဟုတ်ဟု တွေးမိလေရာ ရိုးသားစွာ ဝန်ခံလိုက်သည်။

"ကျွန်တော်တို့ ကျိုးမိသားစုရဲ့ အပြင်ပန်းအစွမ်းအထက်ဆုံးသူကတော့ အန္တိမနယ်ပယ်၊ နဝမအဆင့်မှာရှိတဲ့ ဘိုးဘေးတစ်ဦး ဖြစ်ပါတယ်၊ သူက ကျွန်တော့်အဘိုးရဲ့အဘိုးဖြစ်နိုင်တယ်၊ ပြီးတော့ အသက်တစ်ထောင်ကျော်လောက် ရှိပါပြီ"

ချင်ချွမ်းသည် ထိုစကား၏အဓိပ္ပာယ်ကို သတိပြုမိ ကာ ဆက်လက်မေးလိုက်၏။

"လျှို့ဝှက်ထားတဲ့အဆင့်ကရော"

"ဖြစ်နိုင်ခြေရှိတာက ကောင်းကင်သူတော်စင် တစ်ယောက် ဒါမှမဟုတ် နှစ်ယောက်လောက် ရှိလိမ့်မယ်၊ ဒါပေမဲ့ တတိယအဆင့်ကို ကျော်လွန်မှာတော့မဟုတ်ဘူး၊ မဟုတ်ရင် ကျွန်တော်တို့မိသားစုက ဒုတိယအဆင့်ပဲ ဖြစ်နေမှာမဟုတ်ဘူး"

ကျိုးမော့က မသေချာစွာမရေရာစွာ ပြောသည်။

၎င်းကိုကြားသောအခါ ချင်ချွမ်းသည် သူ့နှလုံးသားထဲ၌ အရှေ့ပိုင်နက်အား ပို၍သတိထားမိလာခဲ့၏။ ဒုတိယအဆင့် မိသားစုတစ်ခုထံ၌ပင် ကာကွယ်သူများအဖြစ် ကောင်းကင်သူတော်စင်များရှိနှင့်ပြီးသား ဖြစ်သည်။ အရှေ့ပိုင်နက်သည် တကယ်ပင် ဝှက်ထားသော နဂါးများနှင့် ပုန်းအောင်းနေသော ကျားများ တည်ရှိသောနေရာ ဖြစ်သည်ကို အတည်ပြုနိုင်ခဲ့လေပြီ။ ရေနက်လှသော နေရာပင်။

ကောင်းကင်သူတော်စင်!

အနှစ်သာရအားဖြင့်ဆိုလျှင် သူတို့ကလည်း အန္တိမနယ်ပယ်တွင်ရှိ၏။

၎င်းက အန္တိမနယ်ပယ်၊ နဝမအဆင့်မှ ချဲ့ထွင်ထားသော အထူးနယ်ပယ်တစ်ခုဖြစ်သည်။ အန္တိမနယ်ပယ်မှ သိုင်းဘုရင်နယ်ပယ်သို့ ကူးပြောင်းသည့် ကြားအဆင့်အနေဖြင့် လုပ်ဆောင်လေ၏။

အန္တိမနယ်ပယ်နှင့် သိုင်းဘုရင်ကြားရှိ ကွာဟမှုက အလွန်ကြီးမားသည်။ ထို့အပြင် မည်သူကမျှ တိုက်ရိုက် ခုန်ကျော်လို့မရချေ။ ရှည်လျားသော ကူးပြောင်းမှုကို လိုအပ်လေ၏။

အန္တိမနယ်ပယ်၊ နဝမအဆင့် သိုင်းပညာရှင်တစ်ဦးသည် သူတို့၏ တာအိုနန်းတော်ထဲ၌ မီးလင်းနေသောအရောင်အဝါ ကိုးခု ရှိသည်။ ထို့အပြင် သူတို့၏ မူလစိတ်ဝိညာဉ်သည် ထိုအထဲ၌ ထိုင်နေခြင်းဖြစ်ရာ ကောင်းကင်နှင့်မြေကြီး၏ နိယာမများကို ခံစားသိရှိနိုင်လေ၏။ သူတို့က နိယာမစွမ်းအားတစ်ခုကို သိနားလည်ခဲ့သောအခါ ကောင်းကင်ဘုံသူတော်စင် ဖြစ်လာနိုင်သည်။

ကောင်းကင်ဘုံသူတော်စင်များကို အလွှာကိုးလွှာအဖြစ် ခွဲခြားထားလေသည်။ သူတို့နားလည်ထားသော နိယာမအသစ်တစ်ခုစီတိုင်းအတွက် တစ်လွှာပေါင်း ထည့်ပေးလေ၏။

သို့သော်ငြား သိုင်းဘုရင်အများစုသည် နိယာမငါးခုကိုသာ နားလည်ကြ၍ ပဉ္စမအဆင့်ထိသာ တက်နိုင်ကြသည်။ သတ္တု၊ သစ်သား၊ ရေ၊ မီး နှင့် မြေပင်။

ဒြပ်စင်ငါးပါး၏လည်ပတ်မှုက ကမ္ဘာများကို ဖန်တီးနိုင်လေ၏။

သိုင်းဘုရင်နယ်ပယ်၏ အနှစ်သာရသည် အတွင်းကမ္ဘာတစ်ခုကို ဖန်တီးရန်အတွက် ဒြပ်စင်ငါးပါး ၏နိယာမများကို အသုံးပြုခြင်းအပေါ်၌ မူတည်နေပြီး သိုင်းပညာရှင်အား မူလစွမ်းအင်၏အဆုံးမဲ့စီးဆင်းမှုနှင့် ကြီးမားသောစွမ်းအားကို ပိုင်ဆိုင်စေသည်။

စိတ်ဝင်စားစရာကောင်းသည့်အချက်မှာ တစ်ချိန်တုန်းက သိုင်းသမားတစ်ဦးသည် ဒြပ်စင်ငါးပါးကို ကျော်လွန်သော နိယာမများကို နားလည်ပြီးသည်နှင့် သူ၏ သိုင်းဘုရင်ဖြစ်ရန်အလားအလာမှာ ပို၍အရမ်းခက်ခဲ လာခဲ့ခြင်းပင်။

အကြောင်းမှာ နိယာမများအား ပိုနားလည်လေ သိုင်းဘုရင်ကပ်ဘေးက ပိုကြောက်စရာကောင်းလေ ဖြစ်၏။ နိယာမခြောက်ခု၏ကပ်ဘေးသည် ကပ်ဘေးအား ဖြတ်ကျော်လိုသူ အများစုအား ဖျက်ဆီးပစ်ရန် လုံလောက်လေသည်။

ယေဘူယျအခြေအနေများ၌...

တစ်စုံတစ်ယောက်သည် ဒြပ်စင်ငါးပါးနိယာမများကို ပြည့်ပြည့်ဝဝ မစုဆောင်းနိုင်သေးဘဲ နိယာမနှစ်ခုကိုသာ အပြည့်အဝနားလည်ပြီး အဆင့်တက်ရန် ကြိုးပမ်းခဲ့သရွေ့ သိုင်းဘုရင်နယ်ပယ်သို့ ဘယ်တော့မှမရောက်ရှိနိုင်တော့သည့် ကံကြမ္မာကို ပိုင်ဆိုင်သွားလေပြီဖြစ်၏။ သူတို့ဘဝ၏ အကြီးမားဆုံးသော မျှော်လင့်ချက်မှာ ကောင်းကင်ဘုံသူတောင်စင်၊ နဝမအဆင့်အဖြစ်သာ ကျန်ရစ်လိမ့်မည်။

သို့သော်ငြား နဝမအဆင့် ကောင်းကင်သူတော်စင်တစ်ယောက်သည် သိုင်းဘုရင်နှင့် နှိုင်းယှဉ်လျှင် ပုရွက်ဆိတ်တစ်ကောင်မျှသာ ဖြစ်သည်။ လုံးဝ နှိုင်းယှဉ်လို့ မရနိုင်ပေ။

"ဘုန်း!"

ရုတ်တရက်ပင် ကောင်းကင်ပေါ်ရှိ တိမ်များက ပေါက်ကွဲလာပြီး ထို့နောက်တွင်မူ နတ်ဆိုးစွမ်းအင်များက နယ်မြေတစ်လျှောက်လုံးအား ကြီးမားသော အရှိန်အဟုန်ဖြင့် ပေါက်ကွဲစေလေ၏။

၎င်း ဖြတ်သန်းသွားသောနေရာတိုင်း၌ လောကကြီးမှာ သူ၏အရောင်အဝါကို ဆုံးရှုံးသွားရသည်။

မှောင်မိုက်မှုက ကမ္ဘာမြေကြီးကို ဖုံးလွှမ်းထားလေ၏။

"အဲ့ဒါက ဘာကြီးလဲ"

"နတ်ဆိုးစွမ်းအင်! ကြောက်စရာကောင်းလိုက်တဲ့ နတ်ဆိုးစွမ်းအင်!"

"အဲ့ဒါ ရောက်လာပြီ၊ အဲ့ဒါ ရောက်လာပြီ!"

ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းမှ လူများက ထိတ်လန့် တုန်လှုပ်နေကြသည်။ ဂိုဏ်းအကြီးအကဲများပင်လျှင် တစ်ယောက်ပြီးတစ်ယောက် မျက်နှာဖြူလျော်လျော် ဖြစ်သွားကြလေ၏။

ထိုမျှ ပြင်းထန်ကာ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးစွမ်းအင်က သူတို့အား ခုခံနိုင်စွမ်းမရှိအောင် ဖြစ်စေသည်။

ကမ္ဘာပျက်တော့မည့်အလား သူတို့ ခံစားနေရ၏။

"Jie Jie Jie!"

ကောင်းကင်ယံရှိ နတ်ဆိုးစွမ်းအင်များထဲမှ နတ်ဆိုးရယ်သံတစ်သံ ပဲ့တင်သံထပ်လာခဲ့သည်။ ထိုအသံမှာ လူတိုင်း၏ ကျောရိုးကို တုန်ယင်လာစေပြီး အရိုးအထိ အေးစက်စေလေ၏။

"သူက အဲ့ဒီနတ်ဆိုးပဲ! သူရောက်လာပြီ!!"

ကျိုးမော့က ကြောက်လန့်တကြား အော်ဟစ်လာပြီး သူ့မျက်နှာမှာ သေလောက်အောင် ဖြူဖျော့သွားလေသည်။ သူ့တစ်ကိုယ်လုံးက တုန်ယင်နေပြီး ချင်ချွမ်း ၏အနောက်မှာ အမြန် ပုန်းလိုက်လေ၏။

"ဟမ့်! ဒီလှည့်ကွက်တွေနဲ့ လူတွေကြောက်အောင် လုပ်ဖို့ ကြိုးစားနေတာလား"

ချင်ချွမ်းက အေးစက်စွာ နှာမှုတ်၍ အရှေ့ကို ရိုက်လိုက်လေသည်။

ဝှစ်!

ထိုရိုက်ချက်သည် ရွှေရောင်လေမုန်တိုင်းတစ်ခုကို ဖြစ်ပေါ်စေပြီး ကောင်းကင်တစ်လျှောက် ချက်ချင်း တိုက်ခတ်သွားခဲ့၏။

နတ်ဆိုးစွမ်းအင်များသည် ထိုလေပြင်းအောက်၌ အမြန် ဆုတ်ခွာကာ ရေခဲနှင့်ဆီးနှင်းများကဲ့သို့ ပျောက်ကွယ်သွားခဲ့သည်။

မည်းနက်သော မီးတောက်များဖြင့် ဝန်းရံထားသည့် ပုံရိပ်တစ်ခုက ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာခဲ့၏။ ထိုလူထံ၌ မီးခိုးရောင် အရေပြား ရှိကာ ကြည့်ကောင်း သော်လည်း အေးစက်ကာ ဆိုးသွမ်းပုံပေါ်ပြီး သင်္ချိုင်းဂူမှ တူးဖော်ထားသော ဖုတ်ကောင်တစ်ကောင်ကဲ့သို့ပင် ထင်ရသည်။

"Jie Jie Jie ပညာရှင်တစ်ဦးရှိနေတာကို သိလိုက်ရတာပဲ"

သူ့ပါးစပ်မှ သြရှသောအသံ ထွက်ပေါ်လာခဲ့၏။ သို့သော်ငြား သူ့အကြည့်က ချင်ချွမ်းအပေါ်မှာ တည်ရှိနေလေသည်။

ချင်ချွမ်းက သူ့လက်များကို အနောက်မှာထားလျက် ရပ်ကာ တည်ငြိမ်စွာ မေးလေ၏။

"ခင်ဗျား ဘာကြောင့်များ ကျုပ်တို့ ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းထဲ ရောက်လာတာလဲဆိုတာကို သိချင် ပါတယ်"

"ငါ တစ်စုံတစ်ယောက်အတွက် ဒီကိုလာခဲ့တာ"

မဟာနတ်ဆိုးက ဆိုးညစ်ညစ် ရယ်မောကာ...

"မင်းရဲ့ ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းထဲမှာ ချင်ကျီဆိုတဲ့ ကလေးတစ်ယောက်ရှိတယ်၊ သူ့ကို လက်လွှဲပေးဖို့ မင်းကို အချိန်သုံးရက် ပေးမယ်...မဟုတ်ရင်… ဒီဂိုဏ်းထဲက ဘယ်သူကမှ မလွတ်မြောက်နိုင်ဘူး!"

"ချင်ကျီက ဂိုဏ်းထဲမှာ မရှိဘူး"

ချင်ချွမ်းက စိတ်လှုပ်ရှားခြင်းမရှိဘဲ ပြန်ဖြေသည်။

"ဟဲဟဲ သူ မရှိလည်း အရေးမကြီးပါဘူး၊ ဒီကနေ သတင်းထွက်သွားသရွေ့ သူ အလိုလို ပေါ်လာ လိမ့်မယ်၊ သူ မပေါ်လာဘူးဆိုရင်တော့ ဟဲဟဲဟဲ ငါက ဒီဂိုဏ်းထဲမှာ သွေးမြစ် စီးဆင်းအောင်လုပ်ပစ်မယ်"

မဟာနတ်ဆိုးက လှောင်ပြောင်လာလေ၏။

ချင်ချွမ်း သူ့ကို ကြည့်ကာ ဆက်ပြောလိုက်သည်။

"တကယ်တော့ ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးဖို့ မလိုပါဘူး၊ ချင်ကျီက ဂိုဏ်းထဲမှာ မရှိပေမယ့် သူ့အဖေကတော့ ရှိတယ်"

"ဒါဆို သူ့ကို ထုတ်ပေး!"

မဟာနတ်ဆိုးက သူ့လက်ကြီးအား ဝှေ့ယမ်းကာ ခမ်းနားကြီးကျယ်သည့် သူရဲကောင်းစိတ်ဓာတ်ဖြင့် ရဲရဲဝံ့ဝံ့ ပြောလာလေ၏။

ချင်ချွမ်း ခေါင်းခါယမ်းမိသည်။ ထို့နောက် သူ့မျက်နှာက အနည်းငယ် ပြုံးသွားကာ...

"မလိုပါဘူး…အဲ့ဒါက ကျုပ်ပဲ"

"ဘာ!"

မဟာနတ်ဆိုး၏အမူအရာက အနည်းငယ် တောင့်တင်း သွားလေသည်။ သို့သော်ငြား ထိုအချိန်၌ ချင်ချွမ်းက သူ၏လှုပ်ရှားမှုကို လုပ်ဆောင်ခဲ့ပြီးသား ဖြစ်၏။

အတွေးတစ်ချက်တည်းဖြင့် အကျဥ်းထောင်နှိမ်နင်းခြင်းဒယ်စောက်က သူ့အရှေ့မှာ ပေါ်လာပြီး ထိုအရာအား သူ ပြင်းပြင်းထန်ထန် ထိုးလိုက်သည်။

"ဒုန်း!"

ထိုထိုးချက်ကြောင့် အိုးကြီးက ပြင်းပြင်းထန်ထန် တုန်ခါသွားကာ ချက်ချင်းပင် မီးလုံးကြီးတစ်ခုကဲ့သို့ နီရဲလာပြီး မဟာနတ်ဆိုးဆီသို့ လှိမ့်သွားလေ၏။

"ရဲတင်းလိုက်တာ!"

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ကို ခံစား မိသည်နှင့် မဟာနတ်ဆိုး၏အမူအရာက သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ ထို့နောက် မည်းနက်သော ကျောက်တုတ်တစ်ခုက သူ့လက်ထဲမှာ ပေါ်လာပြီး ၎င်းအား သူ ပြင်းထန်စွာ ထိုးချလိုက်၏။

"ဒုန်း!"

ခပ်အုပ်အုပ်အသံဖြင့် မီးခိုးနီရောင် ဒယ်စောက်ကြီးက ပိတ်ဆို့ ခံခဲ့ရသည်။ သို့သော်ငြား ထိုဒယ်စောက်ကြီးမှစွမ်းအားများသည် ပွင့်အာလာသော လှိုင်းများကဲ့သို့ အလွှာလိုက် အလွှာလိုက် ရောက်ရှိလာပြီး သူ့ခန္ဓာကိုယ်အား သက်ရောက်မှုရှိစေခဲ့၏။

"ရှဲ! ရှဲ! ရှဲ!"

နောက်တစ်ခဏတွင် သူ၏ မည်းနက်နေသော ကျောက်တုတ်ကြီးက မီးလောင်သွားသကဲ့သို့ ထိပ်ဖျား မှ စနီရဲလာပြီး ထိုလောင်ကျွမ်းမှုက သူ့ဆီသို့ လျင်မြန်စွာ ပျံ့နှံလာခဲ့သည်။

"သွားစမ်း!"

သူ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချကာ သူ့ညာဘက်လက်မှ ကျောက်တုတ်ကို လွှတ်ချလိုက်၏။ ထို့နောက် သူ့လက်သီးကို ဆုပ်၍ ကျောက်တုတ်၏ အဆုံးကို ပြင်းပြင်းထန်ထန် ထိုးချလိုက်သည်။

"ဒုန်း!"

ကျောက်တုတ်၏ထိပ်ဖျားသည် ကြီးမားသော ရွှေရောင်ပန်းပွင့်ကြီး ပွင့်လန်းလာသကဲ့သို့ တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်လာပြီး ဒယ်စောက်အား ဆောင့်တိုက်လာလေ၏။

"ရွှစ်!"

ထိုအချိန်တွင် ဓားအလင်းရောင်တစ်ခုက မြင့်မားစွာ ထိုးတက်လာပြီး ၎င်းရှိရာဆီသို့ ငုံ့ဆင်းလာလေသည်။

မဟာနတ်ဆိုးသည် အမြန်ပင် ဆုံးဖြတ်ချက်ချကာ ကောင်းကင်သို့ တံတားတစ်ခု မြှောက်တင်ထားသည့်အလား မည်းနက်နေသော ကျောက်တုတ်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်၍ သူ့ခေါင်းပေါ်မှာ မြှောက်ထားလိုက်လေ၏။

"ဒုန်း!"

ကြီးမားသော ဓားအလင်းတန်းက ပြိုကျလာပြီး ကျောက်တုတ်နှင့်တိုက်မိသွားသည်။ ထို့နောက် ကြောက်မက်ဖွယ်ကောင်းသော တုန်ခါမှုလှိုင်းလုံးက ကောင်းကင်တစ်လျှောက် ပျံ့နှံ့သွားခဲ့၏။

"ဘုန်း! ဘုန်း! ဘုန်း!"

မိုင်တစ်ထောင်အတွင်းရှိ တုန်ခါမှုလှိုင်းလုံးနှင့် တိုက်ခတ်ခံရသော တောင်ထိပ်များအားလုံး ပြတ်တောက်သွားခဲ့သည်။

သို့သော်ငြား ထိုကြောက်မက်ဖွယ်ကောင်းသည့် တိုက်ခိုက်မှုကို မဟာနတ်ဆိုးက ထိန်းထားနိုင်ဆဲပင်။ သူက ကျောက်တုတ်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားပြီး မီတာတစ်ဝက်ခန့်သာ နစ်ဝင်သွားခဲ့၏။

"ဟက်! အခု ငါ့အလှည့်ပဲ!"

မဟာနတ်ဆိုးက သူ့ခေါင်းကို မြှောက်လာသည်။ သူ့မျက်နှာပေါ်၌ အေးစက်သော အပြုံးတစ်ခု ရှိနေပြီး အော်ဟစ်လာလေ၏။

"နတ်ဆိုးအရိပ်များ!"

ရွှစ်!

ချက်ချင်းပင် အမည်းရောင် နတ်ဆိုးအရိပ်များစွာက သူ့ခန္ဓာကိုယ်ထဲမှ ပျံထွက်လာကြပြီး ချင်ချွမ်းဆီသို့ လက်သည်းများ ကုတ်လျက် ဝင်လာကြသည်။

"အသေးစားလှည့်ကွက်တွေ"

ချင်ချွမ်းက အသာလေး နှာမှုတ်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်ထဲကနေ နဂါးအရိပ်ကိုးခု ပေါက်ကွဲ ထွက်လာကာ နတ်ဆိုးအရိပ်များအားလုံးကို ချက်ချင်းပင် ချေမှုန်းဖျက်ဆီးပစ်ခဲ့၏။

ဒါတင်မကဘဲ ထိုနဂါးဖြူကိုးကောင်သည် ဆက်လက်၍ အရှေ့ကို တိုးသွားကာ မဟာနတ်ဆိုးနှင့် တိုက်ရိုက် တိုက်မိသွားသည်။

"ပွက်!!"

ထိုကြောက်မက်ဖွယ်ကောင်းသော စွမ်းအားက မဟာနတ်ဆိုးအား အနက်ရောင်သွေးတစ်ပွက် အန်ထွက်စေ ခဲ့ကာ ဆိုးရွားသော အခြေအနေဖြင့် အနောက်ကို လွင့်ထွက်သွားစေခဲ့၏။

"ရွှမ်း!"

ထိုအချိန်မှာပင် ချင်ချွမ်းက လျှပ်စီးကဲ့သို့ လျင်မြန်စွာ လှုပ်ရှားလာသည်။ သူ့လက်ထဲရှိ မြစိမ်းရောင်ရောင်ကြာပန်းဓားကို ဝှေ့ယမ်းလိုက်သည်နှင့် သူ့ပတ်ပတ်လည်၌ မြစိမ်းရောင်ရောင်ကြာပန်း၏ အရိပ်များ ပေါ်လာခဲ့၏။ တစ်ခုချင်းစီတိုင်းက တောက်ပစွာလင်းလက်နေပြီး အံ့သြဖွယ်ကောင်းသော ထက်ရှသည့် စွမ်းအင်ကို ထုတ်လွှတ်နေသည်။

ထို့နောက် ဓားကို ဝှေ့ယမ်းလာကာ...

"ဟူး! ဟူး! ဟူး!"

ထိုမြစိမ်းရောင်ကြာပန်း၏ပုံရိပ်များသည် အမြင်မှားနေသကဲ့သို့ လှီးဖြတ်ခံလိုက်ရ၏။ ထို့နောက်မှသာ အားလုံးက ဓားချက်တစ်ခုတည်းထဲသို့ ပေါင်းစည်း သွားကြကာ ကြောက်မက်ဖွယ်ကောင်းသည့် ထက်ရှမှုကို ထုတ်လွှတ်လာသည်။

"ဝှစ်!"

ဓားတစ်ချက်က လှစ်ခနဲ ဖြတ်သန်းသွားလေ၏။ ၎င်းသည် ကောင်းကင်အဆုံးအထိ ကျော်လွန်၍ ဆန့်ထွက် နေသော နှင်းဖြူလှိုင်းလုံးကဲ့သို့ပင်။

"သွေးနတ်ဆိုး ဗာဂျရာဒိုင်းကာ!"

(T/N - ဗာဂျရာ - မဖျက်စီးနိုင်သောစွမ်းအား)

မဟာနတ်ဆိုးကလည်း သာမန်ပုဂ္ဂိုလ်မဟုတ်ပေ။ သူက သူ့လက်များကို ရင်ဘတ်အရှေ့မှာ ပိုက်၍ သွေးရောင်ဒိုင်းကာတစ်ခုကို ဖြစ်ပေါ်စေကာ ချက်ချင်း တုံ့ပြန်ခဲ့သည်။

"ဘုန်း!!"

နောက်တစ်ခဏအတွင်းမှာပင် ဓားအလင်းတန်းသည် သွေးရောင်ဒိုင်းကာနှင့် တိုက်မိသွားခဲ့ပြီး သတ္တုမှ ကျောက်ခဲအား တိုက်သွားသကဲ့သို့ အသံမျိုး ထွက်ပေါ် လာခဲ့၏။ ထို့နောက်မှသာ ကြည်လင်သော အက်ကွဲသံ လိုက်ပါလာခဲ့သည်။

"ခရက်!"

သွေးရောင်ဒိုင်းကာထဲသို့ ဓားစွမ်းအင်စီးကြောင်းများ စိမ့်ဝင်သွားသည်နှင့်အမျှ ရေခဲကွဲအက်သွားသကဲ့သို့ အက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာခဲ့၏။

"ချိုးပစ်စမ်း!"

ချင်ချွမ်း၏ညာလက် ကြွက်သားများက ဖောင်းပွလာပြီး ဓားပေါ်၌ သူ၏ဆုပ်ကိုင်ထားမှုကို ပြောင်းပြန်လှန်လိုက်လိုက်ကာ ၎င်းအား ပစ်ပေါက်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်က အရိပ်တစ်ခုကဲ့သို့ အရှေ့ကို တိုးဝင်သွားခဲ့၏။

"ဒင်!!"

မြစိမ်းရောင်ကြာပန်းဓားက ကြောက်မက်ဖွယ်ကောင်းသော အဖြူရောင်အလင်းတန်းအဖြစ်ပြောင်းလဲသွားကာ သွေးရောင်ဒိုင်းကာ၏ အက်ကွဲကြောင်းပေါ်၌ သံမှိုစွဲသကဲ့သို့ အနက်နှစ်ပေအထိ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။

လင်းလက်နေသောဓားထိပ်က မဟာနတ်ဆိုး၏ရင်ဘတ်ထဲသို့ ထိုးဖောက်နိုင်ရန် တစ်လက်မအကွာသာ ကျန်ရှိတော့၏။

နောက်တစ်ခဏအတွင်း၌ ချင်ချွမ်းက ရောက်ရှိလာပြီး ထိုတစ်လက်မစာအတွက် ဖိအားပေးရန် ဓားရိုးပေါ်၌ ပြင်းထန်သော ထိုးချက်တစ်ခုကို ဆောင့်ကန်လာခဲ့သည်။

"ဇွက်!"

ဓားရှည်က ထိုးဖောက်သွားပြီး အနက်ရောင်သွေးများ ပက်ဖြန်းလာခဲ့၏။

********************

All Chapters