အရှေ့ပိုင်နက်၏အင်အားကြီးမှု
Vol. 7 Ch. 94
"ဇွက်!"
မြစိမ်းရောင်ကြာပန်းဓားက ရင်ဘတ်ကို ထိုးဖောက်၍ ကျောအနောက်မှ ပြန်ထွက်ပေါ်လာသည်။ မဟာနတ်ဆိုး၏ခန္ဓာကိုယ်က ရုတ်တရက် တောင့်တင်းသွားခဲ့ပြီး သူ့မျက်နှာမှာလည်း ဖြူဖျော့သွားလေ၏။
ကနဦးတွင် အန္တိမနယ်ပယ်မှ သိုင်းပညာရှင်တစ်ဦးအတွက် သူတို့၏ခန္ဓာကိုယ် ထိုးဖောက်ခံရခြင်းမှာ ကြီးမားသောကိစ္စ မဟုတ်ပေ။ အကြောင်းမှာ သူတို့၏ အသက်စွမ်းအားက မယုံနိုင်စရာကောင်းလောက်အောင် အားကောင်းသောကြောင့် ဖြစ်သည်။
သို့သော်...
မြစိမ်းရောင်ကြာပန်းဓားတွင်မူ အလွန် ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်များ ပါဝင်လေ၏။ ၎င်းတို့က ချက်ချင်းပင် သူ့ခန္ဓာကိုယ်တစ်ခုလုံးကိုကျူးကျော်လာပြီး ပျက်စီးမှုကြီးကြီးမားမား ဖြစ်စေခဲ့သည်။
"အား!!!"
ခဏအကြာတွင် မဟာနတ်ဆိုးသည် ကျယ်လောင်သော အော်ဟစ်သံတစ်သံနှင့်အတူ လောင်ကျွမ်းနေသည့် အနက်ရောင် မီးတောက်များ ပါဝင်သော အကြမ်းဖက်စွမ်းအားကို ထုတ်လွှတ်လာခဲ့၏။
"ရွှစ်!"
ချင်ချွမ်းလည်း စိမ်းမြရောင်ကြာပန်းဓားကို ပြန်ရုပ်သိမ်းကာ အနောက်ဆယ်မီတာကျော်သို့ ပျံသန်း၍ သူ့ခန္ဓာကိုယ်ကို အသာလေး တည်ငြိမ်စေခဲ့သည်။
မဟာနတ်ဆိုး၏နဖူးပေါ်၌ ချွေးများ စို့နေခဲ့ပြီး သူက မောဟိုက်နေရင်း ချင်ချွမ်းကို ကြည့်ကာ အံကြိတ်၍ ပြောလာခဲ့၏။
"ကောင်းပြီ! ဒီတစ်ကြိမ်ကို ငါ မှတ်ထားမယ်၊ ငါ့ရဲ့အထွတ်အထိပ်အခြေအနေကို ပြန်ရတာနဲ့တစ်ပြိုင်နက် မင်းနဲ့မင်းရဲ့သားကို ငါကိုယ်တိုင် လာသတ်မယ်လို့ ကျိန်ဆိုတယ်!"
ထိုသို့ပြောပြီးနောက် သူ့ခန္ဓာကိုယ်က ပေါက်ကွဲထွက်သွားပြီး ကြီးမားသော နတ်ဆိုးစွမ်းအင်များမှာ ပတ်ဝန်းကျင်ရှိ ကောင်းကင်ယံတစ်ခုလုံးအား လုံးဝ ဖုံးလွှမ်းသွားခဲ့သည်။
နတ်ဆိုးစွမ်းအင်က ပျောက်ကွယ်သွားသည်နှင့် သူသည်လည်း ပျောက်ဆုံးသွားလေပြီ။
သူက ထွက်ပြေးသွားခဲ့၏။
ချင်ချွမ်းလည်း မြစိမ်းရောင်ကြာပန်းဓားကို ဓားအိမ်ထဲသို့ ဖြည်းဖြည်းချင်း ထည့်သွင်းလိုက်သည်။
တကယ်တော့ သူ လိုက်သတ်နိုင်လေ၏။
သို့သော် သူ မလုပ်ချင်ပေ။
သူ ပြောလိုက်တာကို မကြားဘူးလား။
သူက သူ၏အထွတ်အထိပ်အခြေအနေမှာတောင် မရှိ သေးပေ။ ထိုအခြေအနေကို ပြန်လည်ရရှိသည်နှင့် တစ်ပြိုင်နက် သူက သူတို့၏အသက်ကို လာပြန်ယူလိမ့်မည်။
ဒါက ဘယ်လိုတောင် စိတ်လှုပ်ရှားဖို့ကောင်းတဲ့ အရာလဲ!
ထိုကဲ့သို့အလားအလာရှိသော ရန်သူကို သဘာဝကျစွာပင် ထွက်ပြေးရန် ခွင့်ပြုသင့်သည်။
အခြားသူများအနေဖြင့် ဘေးဥပဒ်ကို ဖိတ်ခေါ်ရန်အတွက် ကျားတစ်ကောင် မွေးမြူမိခြင်းနှင့်တူသော်လည်း သူ့အတွက်ကတော့ ၎င်း၏အသားနှင့် အရေခွံကို ရရှိရန်အတွက် ကျားတစ်ကောင်ကို မွေးမြူခြင်းပင်။
"ဒါက ပြီးသွားပြီလား"
ကျိုးမော့သည် မဟာနတ်ဆိုး ဆုတ်ခွာသွားသည့်အဖြစ်ကို ကြောင်အနေသော အကြည့်ဖြင့် ကြည့်နေလေ၏။ သူ့အရှေ့ကမြင်ကွင်းမှာ လက်တွေ့မဆန်သလို ခံစားနေရသည်။
ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည့် မဟာနတ်ဆိုးက ယခုကဲ့သို့ ရှုံးနိမ့်သွားသည်လော။
ဤကဲ့သို့ ယိုယွင်းမြေပေါ်၌ ဒီလိုအားကောင်းသော ပုဂ္ဂိုလ်တစ်ဦးက ဘယ်လိုလုပ်ရှိနိုင်မည်နည်း။ သို့မဟုတ် ဒီလိုအားကောင်းသော ပုဂ္ဂိုလ်တစ်ဦးက ဘာကြောင့်များ ယိုယွင်းခြင်းမြေပေါ်၌သာ ကျန်ရစ်နေသနည်း။
အဆင့် ကျဆင်းသွားမှာ မကြောက်ဘူးလား။
သူ ကြာမြင့်စွာ စဉ်းစားပြီးနောက် မထိန်းနိုင်ဘဲ မေး မိ၏။
"ဒါနဲ့ အကြီးအကဲကို ဒီယိုယွင်းမြေပေါ်မှာ ဆက်နေစေတဲ့ အရေးကြီးအကြောင်းအရာများရှိနေတာလား"
"မရှိပါဘူး...ချင်ကျီက နည်းနည်းလောက် ပိုပြီး အားကောင်းလာတဲ့အထိ စောင့်ချင်ရုံပဲ...ပြီးမှ သူ့ကို ဒီနေရာကနေ ခေါ်ထုတ်သွားမှာ၊ ဘာပဲဖြစ်ဖြစ် ဒီမှာက ရက်စက်ကြမ်းတမ်းတဲ့ပြိုင်ဘက်တွေ နည်းတယ်...ကျန်တဲ့နေရာနဲ့နှိုင်းယှဉ်ရင် ဒီနေရာက သူ့အတွက် ပိုပြီးလုံခြုံတယ်"
ချင်ချွမ်းက တည်ငြိမ်စွာ ပြန်ဖြေသည်။
ကျိုးမော့က သဘောတူစွာ ခေါင်းညိတ်လေ၏။
ဒါဆို ဒီလိုပေါ့။
နယ်မြေခုနစ်ခုနှင့် နှိုင်းယှဉ်လျှင် အရှေ့ပိုင်နက်၏ ရေ သောက်မြစ်က ပိုနက်နဲလေသည်။
အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်မှ သိုင်းသမား တစ်ဦးကို နယ်မြေခုနစ်ခုမှာ အားကောင်းသည်ဟု သတ်မှတ်ကြသော်လည်း အရှေ့ပိုင်နက်မှာတော့ သူတို့အနဖြင့် မျက်နှာမငယ်အောင် ကြိုးစားနေထိုင်ရလိမ့်မည်။
လူငယ်တစ်ဦးကသာ အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်၌ ဆိုလျှင် အနည်းဆုံးတော့ သူသည် ကြီးထွားရန် အလားအလာရှိ၏။ ထို့အပြင် သူတို့အား အချို့သော အဓိကအင်အားစုများက တန်ဖိုးထား နိုင်ပေသည်။
သို့သော်ငြား သူတို့သာ သက်လတ်ပိုင်းအရွယ် သို့မဟုတ် အိုမင်းသောအရွယ်များဖြစ်နေလျှင် အရှေ့ပိုင်နက်၌ သူတို့သည် အထင်သေးခြင်းများကိုသာ ကြုံတွေ့ရလိမ့်မည်။ အကြောင်းမှာ မတော်တဆဖြစ်ရပ်များသာ မရှိလာပါက သူတို့ဘဝ၌ ထိုမျှသာ ရောက်ရှိမည်ဖြစ်သောကြောင့်ပင်။
အကောင်းဆုံးရလဒ်ကတော့ သူတို့အနေဖြင့် ကောင်းကင်တက်လှမ်းနယ်ပယ်ထိ ရောက်ရှိနိုင်သေး၏။
သို့သော်ငြား အရှေ့ပိုင်နက်၌ ကောင်းကင်တက်လှမ်းနယ်ပယ်ကတောင် လုံခြုံမှုမရှိပေ။ အကြောင်းမှာ သူတို့သည် အန္တိမနယ်ပယ် သိုင်းပညာရှင်တစ်ဦးနှင့် လွယ်လွယ်ကူကူ ဆုံတွေ့ကာ လုံးဝအပြတ်အသတ် နှိမ်နင်းခံရနိုင်သောကြောင့် ဖြစ်သည်။
ရုတ်တရက်!
သူ တခြားတစ်စုံတစ်ရာကို တွေးမိသွားကာ သူ့မျက်လုံးများ ပြူးသွားခဲ့ပြီးနောက် မေးလိုက်မိ၏။
"အကြီးအကဲက ဒီနယ်မြေခုနစ်ခုထဲမှာပဲ အန္တိမနယ်ပယ်ကို ချိုးဖောက်အောင်မြင်ခဲ့တာလား!"
ယိုယွင်းမြေဖြစ်သော နယ်မြေခုနစ်ခုသည် ယေဘူယျအားဖြင့် အန္တိမနယ်ပယ်သိုင်းပညာရှင်များကို မမွေးထုတ်ပေးနိုင်ပေ။
သူသာ တကယ်ပဲ ဒီမှာအောင်မြင်ခဲ့လျှင် ၎င်းက ထူးခြားပေလိမ့်မည်။
"မဟုတ်ဘူး"
ချင်ချွမ်းက တိုက်ရိုက်ပင် ငြင်းဆိုခဲ့သည်။ သို့သော်ငြား သူ ထပ်မရှင်းပြပေ။ သူ၏လက်ရှိအခြေအနေအရ ရှင်းပြရန် မလိုအပ်သောကြောင့်ပင်။
အတင်းအကျပ် ရှင်းပြနေခြင်းကသာ သံသယဖြစ်ဖွယ် ရာ ကောင်းလိမ့်မည်။
"အိုး..."
ကျိုးမော့က စိတ်ပျက်လက်ပျက် ခေါင်းညိတ်လာခဲ့၏။ ထို့နောက် သူ့ခေါင်းကို ကုတ်၍ တွန့်ဆုတ်ဆုတ် မေးလာပြန်သည်။
"အကြီးအကဲ ကျွန်တော် ဒီမှာ နေလို့ရမလား"
ထိုသို့ပြောပြီးနောက် သူ လျင်မြန်စွာ ရှင်းပြလိုက်၏။
"အကြီးအကဲလည်း သိတဲ့အတိုင်း အရှေ့ပိုင်နက်နဲ့ နယ်မြေခုနစ်ခုကြားမှာ ယိုယွင်းခြင်းအက်ကွဲကြောင်းတစ်ခုရှိနေတယ်၊ အဲ့ဒီကနေ ပျက်စီးခြင်းစွမ်းအင်တွေ ထုတ်လွှတ်နေလို့ အန္တိမနယ်ပယ်က သိုင်းပညာတစ်ဦးရဲ့အကာအကွယ်မပါဘဲ ဖြတ်သန်းဖို့က မဖြစ်နိုင်ဘူး"
"အခု ကျွန်တော့်ရဲ့အစောင့်အရှောက်ကလည်း ဆုံးသွားပြီ၊ ကျွန်တော် ပြန်သွားလို့မရတော့ဘူး၊ အကြီးအကဲတို့ အရှေ့ပိုင်နက်ကို သွားတဲ့အခါ ကျွန်တော့်ကိုပါ ခေါ်သွားပေးဖို့ တောင်းဆိုချင်ပါတယ်"
ထိုသို့ ပြောပြီးသောအခါ သူက မျှော်လင့်ချက်များဖြင့် ချင်ချွမ်းကို ကြည့်နေလေသည်။
ချင်ချွမ်းသည် ခဏတာမျှ စဉ်းစားပြီးနောက် ပြော လိုက်၏။
"အရှေ့ပိုင်နက်၊ ရွှယ်မိသားစုရဲ့ ဒုတိယသားက အခု နေကိုးလုံးနယ်မြေက လေနှင့်မိုးကြိုးချိုင့်ဝှမ်းမှာ ရှိနေတယ်၊ သူ့မှာလည်း အစောင့်အရှောက်ပါတယ်၊ သူတို့ပြန်သွားတဲ့အခါ မင်းကို ခေါ်သွားဖို့ တောင်းဆိုနိုင်တယ်"
"ရွှယ်မိသားစုကလား"
ကျိုးမော့၏မျက်လုံးများက အံ့သြမှုဖြင့် ပြူးကျယ်သွားကာ မေးလိုက်မိသည်။
"အကြီးအကဲပြောတဲ့ ရွှယ်မိသားစုရဲ့ဒုတိယသားက ရွှယ်ကျုံးလား၊ လှပတဲ့အမျိုးသမီးတွေကို ကြိုက်တဲ့လူလေ"
ချင်ချွမ်း တည်ငြိမ်စွာ ပြန်ဖြေ၏။
"သူ့နာမည်ကိုတော့ မသိဘူး၊ ဒါပေမဲ့ သူက လှပတဲ့ အမျိုးသမီးတွေကို ကြိုက်တာတော့ အမှန်ပဲ၊ တော်တော်လေးလည်း မျက်နှာပြောင်တယ်"
"ရှီး! အဲ့ဒါ တကယ် သူပဲ!"
ကျိုးမော့သည် အသက်ပြင်းပြင်းရှူသွင်းပြီးနောက် ပြုံးရယ်ကာဖြင့် ပြောလိုက်သည်။
"အကြီးအကဲ ကျွန်တော် ထင်တာတော့ အဲ့ဒီရွှယ်မိသားစုရဲ့ဒုတိယသခင်လေးက ကျွန်တော့်ကို အဖက်လုပ်မှာ မဟုတ်ဘူး"
"ရွှယ်မိသားစုဟာဆိုရင် အရှေ့ပိုင်နက်က ကျဆင်းနေတဲ့တော်ဝင်မျိုးနွယ်ခြောက်ခုထဲမှ တစ်ခုပဲ၊ အခု သူတို့မှာ အင်ပါယာတွေ မရှိတော့ပေမယ့် အရင်တုန်းက အင်ပါယာတွေကို မွေးထုတ်ပေးဖူးတယ်၊ ပြီးတော့ သူတို့ရဲ့အခြေခံအုတ်မြစ်က နက်ရှိုင်းပြီး နားလည်လို့မရနိုင်ဘူး၊ ပထမအဆင့် အင်အားကြီးမားသူပဲ"
သူ့မျက်လုံးများက ရိုသေလေးစားမှုများဖြင့် ပြည့်နေလေ၏။
"ကျဆင်းနေတဲ့ တော်ဝင်မျိုးနွယ်တွေလား၊ အရှေ့ပိုင်နက်မှာ အင်ပါယာတော်ဝင်မိသားစုတွေ ရှိတာလား"
ချင်ချွမ်းတစ်ယောက် အံ့အားသင့်စွာ မေးမိသည်။
"ဟမ် အကြီးအကဲက မသိဘူးလား"
ကျိုးမော့က ချင်ချွမ်းအား အံ့အားသင့်စွာ ကြည့်လာခဲ့၏။ ချင်ချွမ်းသည် မတိုင်ခင်တုန်းက နယ်မြေခုနစ်ခု၌ အန္တိမနယ်ပယ်ကို ရောက်ရှိခဲ့ခြင်းမဟုတ်ဟု ပြောခဲ့သည်။ ဆိုလိုသည်မှာ သူ ထိုနေရာမှ ထွက်ခွာလာခဲ့သည်ပင်။
ချင်ချွမ်းက သူ ဘာတွေးနေလဲဆိုတာကို သဘာဝကျစွာပင် နားလည်လေ၏။ ထို့နောက် သူ တည်ငြိမ်စွာ ပြောလိုက်သည်။
"ငါ တစ်ချိန်က အနောက်ပိုင်နက်ကို သွားခဲ့ဖူးတယ်"
"အိုး သဘောပေါက်ပါပြီ"
ကျိုးမော့လည်း နေရခက်စွာ ရယ်မောပြီးနောက် ပြောပြလိုက်လေ၏။
"အရှေ့ပိုင်နက်မှာ အင်ပါယာတော်ဝင်မိသားစုသုံးခုရှိတယ်၊ အဲ့ဒါတွေက ကျန်းမိသားစု၊ ကျိမိသားစုနဲ့ ချူမိသားစုတို့ပဲ၊ မိသားစုသုံးခုစလုံးမှာ အသက်ရှင်နေတဲ့ အင်ပါယာတွေ ရှိနေတုန်းပဲ ပြီးတော့ သူတို့က အရှေ့ပိုင်နက်ရဲ့ အင်အားအမြင့်ဆုံးနေရာမှာ ရှိနေတယ်"
"တခြားအဓိက အင်အားစုတွေရော ရှိသေးလား"
ချင်ချွမ်း မေးလိုက်သည်။
"ရှိတယ်...အင်ပါယာအဆင့် ဂိုဏ်းကြီးနှစ်ခု ရှိတယ်၊ အဲ့ဒါတွေက တုန်ရှန်းနတ်ဘုရားဂိုဏ်းနဲ့ အရှေ့အင်ပါယာခန်းမတို့ပဲ၊ သူတို့က အလွန်မြင့်မြတ်တဲ့ အနေအထားမှာရှိတဲ့ တကယ့်ဂေါင်ကြီးတွေ"
ကျိုးမော့၏မျက်လုံးများက ရိုသေကျိုးနွံခြင်းကို ပြသနေလေ၏။ ထို့နောက် သူ့လက်သီးများကို ဆုပ်၍ ပြောလာသည်မှာ...
"ကျွန်တော့်ဘဝရဲ့အကြီးဆုံး ရည်မှန်းချက်က ဒီဂိုဏ်းနှစ်ခုထဲက တစ်ခုကို ဝင်ဖို့ပဲ"
ချင်ချွမ်း ပြုံးလိုက်ကာ စသလိုနောက်သလိုဖြင့်...
"မင်းက ငယ်ပါသေးတယ်...ဒီထက် ပိုကြီးတဲ့ ရည်မှန်းချက်တွေ မရှိလာနိုင်ဘူးလား"
ကျိုးမော့က ခဏတာမျှ တိတ်ဆိတ်နေလေ၏။
ထို့နောက် သူ့ကိုယ်သူ ပြစ်တင်ရှုတ်ချသော အမူအရာဖြင့် ပြောလာခဲ့သည်။
"အကြီးအကဲ ကျွန်တော့ကမ္ဘာကြီးထဲမှာ ကျွန်တော်တစ်ယောက်တည်းပဲဆိုရင်တော့ ဘာမဆို စိတ်ကူးယဉ် လို့ရပါတယ်၊ ဒါပေမဲ့ လူအများထဲမှာဆိုရင် ကျွန်တော်က ပျောက်ဆုံးနေတာဆိုတော့ အများကြီး မတွေးရဲပါဘူး"
"ဘာကြောင့်လဲဆိုတော့ ကျွန်တော့်ထက် ပိုတော်တဲ့ လူတွေတောင်မှ နောက်ဆုံးမှာ ဒီလောက်ထိပဲ အောင်မြင် ခဲ့ကြတာ...ကျွန်တော်က ဘာကြောင့် သူတို့ထက် ပိုပြီး မျှော်လင့်ပိုင်ခွင့်ရှိမှာလဲ"
ထိုစကားကိုကြားသောအခါ ချင်ချွမ်းလည်း တိတ်ဆိတ်သွားလေ၏။
တကယ်တော့ လောကကြီးသည် လူအများစုအတွက် အေးစက်လှပြီး ရင်ခုန်စိတ်လှုပ်ရှားစရာများစွာကို မပေးစွမ်းနိုင်ပေ။
လူအနည်းငယ်ကသာ "ငါ့ရဲ့ကံကြမ္မာကို ငါကိုယ်တိုင် ထိန်းချုပ်တာ...ကောင်းကင်ဘုံက ထိန်းချုပ်တာ မဟုတ်ဘူး"ဟု အော်ဟစ်နိုင်လေသည်။ ကျန်လူများအနေဖြင့် သာမန်ဆန်စွာနေထိုင်ခြင်းနှင့် တိတ်တဆိတ် လက်အောက်ခံရုံသာ တတ်နိုင်၏။
သူ့မှာသာ စနစ်မရှိဘူးဆိုလျှင် သူသည်လည်း ထိုရွှင်းယန်မြို့ဟူသော သေးငယ်သည့် နေရာလေးမှာပင် ဆက်လက်၍ ပိတ်မိနေနိုင်သည်။ ပင်မမြို့တော် မင်ဟောက်မြို့သို့ သွားရန်ပင် တတ်နိုင်မည်မဟုတ်ချေ။
ကံကောင်းခြင်း ဖြစ်၏။
သူ့မှာရှိသော အရာအားလုံးက လှပသည်။
သူ့မှာ စနစ် ရှိပြီး ထူးခြားသော သားတစ်ယောက်လည်း ရှိလေရာ သူ့အား သာမန်ဖြစ်ခြင်းကနေ ကျော်လွန်စေ၍ အဆုံးမဲ့၍ ဝေးလံသော လောကကြီးကို ရှုစားစေခဲ့၏။
သူ အားကောင်းသထက် အားကောင်းလာသည်နှင့် ပို၍ကြီးမားကျယ်ပြောသောလောကကြီးကို မြင်တွေ့ချင်လာသည်။ ပိုဝေးလံသော ရှုခင်းများကိုမြင်တွေ့ချင်လာ၏။
အချိန်အတော်ကြာပြီးနောက် သူ ကျိုးမော့၏ပခုံးကို ပုတ်ကာ အားပေးလိုက်သည်။
"လူငယ်တွေဆီမှာ အိပ်မက်တွေ ရှိသင့်တယ်၊ အဲ့ဒါတွေက တကယ်ဖြစ်လာရင်ရော...တကယ်တော့ လူတိုင်းမှာ ထူးခြားတဲ့အလားအလာတွေ ရှိပါတယ်၊ မင်းက အဲ့ဒါကို မတွေ့သေးရုံပဲ"
"မင်းအနေနဲ့ လူအများစုလို့ခေါ်နေတဲ့အရာက အသွင်အပြင် တစ်ခုသာသာပဲ၊ ဖြစ်နိုင်တာက မင်း လစ်လျူရှုခဲ့မိတဲ့ တချို့နည်းလမ်းတွေက မင်း ထင်ထားတာထက် ထူးခြားနေပြီး တခြားလူတွေထက်တောင် ပိုကောင်းနေနိုင်တယ်!"
ထိုစကားကိုကြားသောအခါ ကျိုးမော့က ရုတ်တရက် မော့ကြည့်လာပြီး သူ့မျက်လုံးများက တောက်ပသော အလင်းရောင်များဖြင့် ပြည့်နှက်သွားလေ၏။
သို့သော်ငြား မကြာခင်မှာပင် ထိုအလင်းရောင်က မှေးမှိန်သွားလေသည်။ သူက တစ်ဖန် စိတ်ဓာတ်ကျ သွားပြီး အသံတိုးတိုးဖြင့် ပြောလာခဲ့၏။
"ဒါပေမဲ့ ဒီလောကကြီးမှာ ခွန်အားက အဓိကပဲ၊ ခွန်အားမပါဘဲနဲ့ အခြားနယ်ပယ်တွေမှာ အားကောင်းနေရင် ဘာအသုံးဝင်မှာလဲ"
"အဓိပ္ပာယ်မရှိတာ!!”
ချင်ချွမ်းက လေးနက်သော အမူအရာဖြင့် ဆူပူလာသည်။
"ကျင့်ကြံခြင်းဆိုတာက ဘာကိုပြောတာလဲလို့ မင်းထင်လဲ၊ ကျင့်ကြံခြင်းသိုင်းပညာရပ်တစ်ခုကို လက်ဆုပ်ကိုင်ပြီး အဆင့်ဆင့်လေ့ကျင့်တာ၊ ရံဖန်ရံခါ ဆေးအနည်းငယ် ဒါမှမဟုတ် စိတ်ဝိညာဉ်သစ်သီးအနည်းငယ်လောက်ကို စားတာလား"
ကျိုးမော့က ရုတ်ချည်း လန့်သွားလေ၏။
ချင်ချွမ်းက ဆက်လက် ပြောလာသည်။
"ကျင့်ကြံခြင်းမှာ ရေတွက်လို့မရတဲ့ လမ်းကြောင်းတွေ ရှိတယ်၊ နောက်ဆုံးမှာတော့ အဲ့ဒီလမ်းကြောင်းတွေအားလုံးက တူညီတဲ့နေရာကို ဦးတည်နေတယ်၊ အဲ့ဒါကို တာအို ဆိုပြီး လူသိများကြတယ်"
"သာမန် ပင်ကိုစွမ်းရည်ပဲရှိတဲ့ လူတစ်ယောက်ကို ငါ သိတယ်၊ သူက အနှစ်ခုနစ်ဆယ် ဒါမှမဟုတ် ရှစ်ဆယ်လောက် ကျင့်ကြံခဲ့ပေမယ့် အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်ရဲ့တတိယအဆင့်ထိပဲ ရောက်ရှိခဲ့တယ်"
"ဒါပေမဲ့ လွန်ခဲ့တဲ့ ခြောက်လကျော်လောက်က သူ့ရဲ့ ထူးခြားတဲ့အလားအလာကို သူကိုယ်တိုင် တွေ့ရှိခဲ့တယ်၊ အဲ့ဒါက ဂူသင်္ချိုင်းဖောက်ခြင်းပဲ၊ ဂူသင်္ချိုင်းဖောက်ခြင်းကနေ တစ်ဆင့် သူ့ရဲ့ကျင့်ကြံမှုက မြန်မြန်ဆန်ဆန် တိုးတက်လာပြီး ဘဝအသစ်ကို ပြန်လည်မွေးဖွားလာတယ်လို့ ပြောလို့ရတယ်၊ အခု သူက အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်ရဲ့ ထိပ်ဆုံး အဆင့်ကို ရောက်ရှိနေပြီ!"
"ကမ္ဘာပေါ်မှာ မရေမတွက်နိုင်တဲ့ တာအိုတွေ အများကြီး ရှိတယ်၊ မင်းနဲ့ကိုက်ညီမယ့် တစ်ခုကတော့ သေချာပေါက်ကို ရှိတယ်၊ သူတောင်မှ သူ့ရဲ့တာအိုလမ်းကြောင်းကို ရှာတွေ့ နိုင်ခဲ့ရင် မင်းက ဘာလို့ မရှာနိုင်ရမှာလဲ"
ကျိုးမော့မှာ လုံးဝ မှင်သက်သွားရ၏။ သူက ပြင်းပြင်းထန်ထန် အသက်ရှူနေသောကြောင့် သူ့ရင်ဘတ်က ပြင်းထန်စွာ လှုပ်ရှားနေလေသည်။ သို့သော်ငြား သူ့မျက်လုံးများထဲရှိ အလင်းရောင်က ပို၍ တောက်ပလာခဲ့၏။
မျှော်လင့်ချက်တစ်ခု၏ အရိပ်အမြွက်ကို ဖမ်းမိသွားသကဲ့သို့ပင်။
ဤလောကကြီးထဲ၌ မွေးဖွားလာသူတိုင်းမှာ ရည်ရွယ်ချက်တစ်ခုစီ ရှိကြသည်။
သူ၏သာမန်ဆန်ခြင်းကြောင့် ဖြစ်ပေါ်ခဲ့သည့် နိမ့်ကျမှု နှင့် အားငယ်ခြင်းက ဖြည်းဖြည်းချင်း ပျောက်ကွယ် နေသည်ကို သူ မှုန်ဝါးဝါး ခံစားနေရ၏။ ပါရမီရှင်များ နှင့်ထူးချွန်သူများက ဖယ်ရှားပစ်ခဲ့သော သူ၏ယုံကြည်မှုက ဖြည်းဖြည်းချင်း ပြန်ရောက်လာနေသည်။
တကယ်ပင်...
သူ့ထက် ပိုအားကောင်းသော လူများစွာသည် သမားရိုးကျ ကျင့်ကြံခြင်း အခြေအနေမှာ ရှိနိုင်လေ၏။ ထိုအရာက သူ့အား သူတို့နောက်သို့ လိုက်ရန်ပင် သတ္တိပျောက်ဆုံးစေသည်။
သို့သော်ငြား သူ့ဆီမှာလည်း ဘယ်သူမှ မနှိုင်းယှဉ် နိုင်သော ထူးခြားသည့် အရည်အချင်းအချို့ ရှိနိုင်မည်ဖြစ်ပြီး သူ့အား ကောင်းကင်ပေါ်သို့ ပျံသန်းစေနိုင်၏။
ဒုန်း!!
သူ ချက်ချင်းပင် လေးနက်စွာ ဒူးထောက်၍ မျက်ရည်များဖြင့် ပြောလိုက်သည်။
"အကြီးအကဲ ကျွန်တော် အရိုအသေပေးတာကို လက်ခံပေးပါ!"
သူ၏ထူးခြားသောအရည်အချင်းက ဘာလဲဆိုတာကို မသိသေးသော်လည်း သူသည် ယခင်ကနှင့် လုံးဝ မတူ တော့ဘူးဆိုတာကိုတော့ သူ သိ၏။
သူ ထိုပါရမီရှင်များ၏လွှမ်းမိုးမှုအောက်မှလွတ်မြောက်ခဲ့သည်။ သာမန်လူဖြစ်နေခြင်းနှင့်ပက်သက်၍ မကျေမနပ်ဖြစ်ခြင်း မရှိတော့ပေ။ ထိုအစား ကြီးမားသော ရည်မှန်းချက်သာ ရှိတော့၏။
ထိုအချိန်...
မိုင်ထောင်ချီ အကွာမှာရှိသည့် ဂူသင်္ချိုင်း၏ ဥမင်လိုဏ်ခေါင်းကို တူးနေသော ဆရာဖန်ချီမှာ ရုတ်တရက် နှာချေမိသွားလေသည်။ သူ၏အဆီဗိုက်ကြီးမှာ အပေါက်ထဲ၌ ပိတ်မိလုနီးပါး ဖြစ်သွားရ၏။
သူ့နှာခေါင်းကို သုတ်ကာဖြင့် ရေရွတ်မိသည်။
"တစ်ယောက်ယောက်က ငါ့ကို ကျိန်ဆဲနေပြန်ပြီ ထင်တယ်၊ ငါ လုပ်ခဲ့မိတာဆိုလို့ မိသားစုသင်္ချိုင်းဂူကို တူးတာပဲရှိတာလေ၊ သဘောထားသေးသိမ်လိုက်တာ"
************************