ကျိုးမော့ရဲ့တာအို၊ တောင်ပိုင်းဘုရင်ဟောင်းက ပြန်လည်ရှင်သန်လာခြင်း
Vol. 7 Ch. 95
မကြာခင်မှာပင် နောက်ထပ်တစ်လ ကုန်လွန်သွားခဲ့သည်။
ကျိုးမော့ကတော့ ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းထဲမှာ နေ ရင်း ဆက်တိုက်ပင် နက်နက်ရှိုင်းရှိုင်း စဉ်းစားနေလေ၏။ ၎င်းကြောင့် အအိပ်ပျက်၊ အစားပျက်ဖြစ်ကာ တော်တော်လေးလည်း ပိန်ချုံးနေလေသည်။
နောက်ဆုံးတော့ မနက်ခင်းတစ်ခု၌ သူ့စိတ်ထဲတွင် မီးပွားတစ်ခု လင်းလက်သွားခဲ့၏။
သူ တွေ့ရှိခဲ့လေပြီ...သူ့ထံ၌ ထူးခြားသော အရည်အချင်းတစ်ခုတော့ ရှိသည်။
သူသည် ပစ္စည်းများခိုးရာ၌ တကယ်တော်လေ၏။
သူ ကလေးဘဝကတည်းက ခိုးဖို့ စဉ်းစားရုံနှင့် သူ၏သွေးကြောများက ဆူပွက်လာတတ်သည့်အပြင် သူ၏စိတ်အခြေအနေတစ်ခုလုံးကလည်း တိုးတက်လာလေ့ရှိသည်။ အကြံများက ရှောရှောရှူရှူ ထွက်လာတတ်၏။
အသက်ရှစ်နှစ်အရွယ်တုန်းက သူသည် သူ့ဝမ်းကွဲ၏ အတွင်းခံကို ခိုးရန် အစီအစဉ်ဆွဲခဲ့သည်ကို အခုထိ မှတ်မိနေဆဲပင်။ ထို့အပြင် ထိုကိစ္စမှာ ယနေ့အထိ တရားခံပေါ်ခြင်း မရှိခဲ့ပေ။
အကြောင်းမှာ ထိုအရာကို ခိုးရန်အတွက်နှင့် သူသည် လူတစ်ဒါဇင်လောက်ကို ဆန့်ကျင်တွက်ချက်ခဲ့ပြီး ထောင်ချောက်ရှစ်ခုကို ဆက်တိုက်ချမှတ်ခဲ့သည်။ ထို့နောက် လှည့်ကွက်သုံးမျိုးသုံး၍ ကပြောင်းကပြန်ဖြစ်စေခြင်းမှတစ်ဆင့် သူ့ကိုယ်သူအား သံသယဝင်ခြင်း မခံရလေအောင် လုံးဝ ရှင်းလင်းထားခဲ့၏။ ၎င်းက ရိုးရှင်းစွာပင် ဟာကွက်များမရှိခဲ့ပေ။
သို့သော်ငြား သူ ကြီးပြင်းလာသည်နှင့်အမျှ သူ့ကိုယ်သူ ထိန်းချုပ်တတ်လာပြီး စိတ်ထဲမှ ထိုကဲ့သို့ အပြုအမူများကို လျစ်လျူရှုခဲ့သည်။
နောက်ဆုံးမှာတော့ ခိုးယူခြင်းအား လူအများက ရှုံ့ချကြလေ၏။
ထို့ကြောင့် နှစ်ရှည်လများကြာအောင် သူ၏မွေးရာပါ ဝါသနာနှင့် အရည်အချင်းများကို စွန့်လွှတ်လာပြီး လူအများစုကဲ့သို့ ခက်ခက်ခဲခဲ စတင်လေ့ကျင့်တတ်လာသည်။ လူအများပြောသော ကြီးကျယ်ခမ်းနားသည့် အလားအလာဟုခေါ်သော အရာများကိုလိုက်စားတတ်လာခဲ့၏။
ထို့နောက် ထိုပါရမီရှင်များနှင့်ယှဥ်လျှင် သူ အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့ရပြီး နောက်ဆုံးမှာ ယုံကြည်ချက်အားလုံးကိုပင် ဆုံးရှုံးခဲ့ရသည်။ ထို့အပြင် သူ၏ သာမန်ဆန်ခြင်းကိုလည်း လက်ခံလာပြီး လုံးဝ ယိုယွင်းပျက်စီးလာခဲ့၏။
ချင်ချွမ်းနှင့် တွေ့ဆုံသည်အထိပင်!
ချင်ချွမ်း၏ ဉာဏ်အလင်းပွင့်စေသော လမ်းညွှန်မှု အောက်တွင် သူ နောက်ဆုံးမှာ ဉာဏ်အလင်းရခဲ့သည်။ လူ့ဘဝက မွေးဖွားလာကတည်းက ထူးခြားပေ၏။
လူတွေကသာ သူတို့၏ကိုယ်ပိုင်ထူးခြားမှုများကို စွန့်လွှတ်ခဲ့ကြခြင်းဖြစ်လေသည်။
ဒီလိုဆိုမှတော့ သူတို့အနေဖြင့် သာမာန်ဘဝသို့ ကျဆင်းသွားသည်မှာ မထူးဆန်းပေ။
"ကမ္ဘာပေါ်မှာရှိတဲ့ မရေမတွက်နိုင်အောင် များပြားတဲ့ သိုင်းပညာတွေအားလုံးက တူညီတဲ့လမ်းကြောင်းကို ဦးတည်နေတယ်၊ ပြီးတော့ ခိုးယူခြင်းဆိုတဲ့အရာမှာလည်း လမ်းကြောင်းတစ်ခု ရှိတယ်၊ အခုအချိန်ကစပြီး ငါ...ကျိုးမော့က ငါ့ရဲ့ကိုယ်ပိုင်လမ်းကြောင်းကို စတင်မယ်—သူခိုးနတ်ဘုရားရဲ့လမ်းစဉ်!"
သူ တောင်ထိပ်ပေါ်မှာရပ်၍ သူ့ခေါင်းအား တိတ်တဆိတ် မြှောက်လိုက်လေ၏။
"ဒုန်း! ဒုန်း!"
ထိုအချိန်တွင် ကောင်းကင်ယံပေါ်၌ လျှပ်စီးလက်လာပြီး မိုးခြိမ်းသံများ ဖြစ်ပေါ်လာကာ ပြင်းထန်သော လေများ တိုက်ခတ်လာခဲ့သည်။ ကောင်းကင်နှင့် ကမ္ဘာမြေက သူ့ဆန္ဒကို တုံ့ပြန်သကဲ့သို့ ဖြစ်ရပ်ဆန်းတစ်ခုကိုဖန်တီးပေးလာခဲ့၏။
မိုးစရွာလာသည်။
"ဝရော!"
ရုတ်တရက် မိုးသည်းထန်စွာ ရွာကျလာခဲ့၏။ လောကကြီး တစ်ခုလုံးအား မိုးရွာနေသောကန့်လန့်ကာထဲ၌ နစ်မြုပ်စေကာ မိုးသံများဖြင့် ဆူညံနေသော်လည်း လောကကြီးအား တည်ငြိမ်စေသည်။
ကျိုးမော့က တောင်ထိပ်ပေါ်၌ တိတ်ဆိတ်စွာ ရပ် နေပြီး မိုးစက်များအား ကာကွယ်ရန် စွမ်းအင်မသုံးဘဲ သူ့ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းရန် ခွင့်ပြုထားကာ သူ့ထံ၌ မဖော်ပြနိုင်သော ကြည်နူးမှုကိုပင် တွေ့နိုင်လေ၏။
"ဒုန်း! ဂျိန်း!"
မိုးခြိမ်းသံက မရပ်မနား မြည်ဟည်းနေပြီး လျှပ်စီးများက မိုးများရွာသွန်း၍ မီးခိုးရောင်သန်းနေသော လောကကြီးကို ထွန်းလင်းစေလေသည်။
"လျှပ်စီး"
ကျိုးမော့သည် သူ့မျက်လုံးများဖြင့် စောင်းငဲ့ကြည့်ရင်း သူ့စိတ်ထဲ၌ ရဲရင့်သော စိတ်ကူးတစ်ခုက ရုတ်တရက် ထွက်ပေါ်လာပြီး ရေရွတ်မိ၏။
"ငါ လျှပ်စီးကို ခိုးနိုင်မလား"
ထိုသို့ပြောပြီးသည်နှင့် သူ ချက်ချင်း လုပ်ဆောင် လိုက်သည်။
ချက်ချင်းဆိုသလိုပင် မရေမတွက်နိုင်သော အစီအစဉ်များက သူ့စိတ်ထဲ၌ ရေလွှမ်းမိုးသကဲ့သို့ ထွက်ပေါ်လာခဲ့၏။ သူ အတွင်းခံကို ခိုးခဲ့စဉ်က အချိန်ကို ပြန်ရောက်သွားသကဲ့သို့ ခံစားနေရပြီး သူ့စိတ်တစ်ခုလုံးက ကြည်လင်ကာ ယုံကြည်ချက်များ ရှိနေသည်။ ကမ္ဘာကြီးတစ်ခုလုံးအား သူ ပိုင်ဆိုင်လိုက်ရသကဲ့သို့ပင်။
စာကြည့်တိုက်ထဲတွင်...
ချင်ချွမ်းက စာအုပ်တစ်အုပ် ဖတ်နေစဉ် ကျယ်လောင်သောအသံနှင့် အော်ဟစ်သံတစ်သံကို သူ ရုတ်တရက် ကြားလိုက်ရ၏။
"အား!"
ချင်ချွမ်း သူ့ခေါင်းကို လှည့်ကာ စာကြည့်တိုက်၏ ပြတင်းပေါက်များမှတဆင့် အပြင်ကို ကြည့်လိုက်သည်။ အပြင်ဘက်ရှိ တောက်ပသောအလင်းရောင် နှင့် ဆက်တိုက်ကျဆင်းလာသော လျှပ်စီးများကို သူ မြင်နေရ၏။
သူ ပြတင်းပေါက်ဆီသို့ သွားလိုက်သောအခါ လေထဲတွင် မားမားမတ်မတ် ရပ်နေသော အရိပ်ပုံသဏ္ဌာန်တစ်ခုကို မြင်လိုက်ရသည်။ ငွေရောင်လျှပ်စီးလေးခုက သူ့ခြေလက်များကို ချည်နှောင်ထားကာ သူ့အား လေးပိုင်းခွဲထားသကဲ့သို့ လေထဲမှာ ရပ်နေစေပြီး တဂျစ်ဂျစ်အသံများ ကျယ်လောင်စွာ မြည်နေ၏။
ချင်ချွမ်း မှင်သက်သွားရသည်။
ရုတ်တရက်ပင် သူ့အတိတ်ဘဝမှ ပြက်လုံးတစ်ခုကိုသတိရသွားခဲ့လေ၏။ တစ်စုံတစ်ဦးက ဆော့ဖ်ဝဲလ်ကိုအသုံးပြု၍ ထိုကဲ့သို့ ပုံရိပ်မျိုးကို ဖန်တီးခဲ့ကာ စာတန်းထိုးဖြင့် ဖော်ပြထားသည်မှာ...
-ဒီတာအိုမိတ်ဆွေက ဘယ်နေရာမှာ အတိဒုက္ခ ကြုံတွေ့နေတာလဲ-
(T/N - ပြင်းထန်ပြီးအလွန်အကျွံဖြစ်နေတဲ့ အဖြစ်အပျက်တစ်ခုကို ကြားသွားလို့ အရမ်းအကြမ်းဖက်တတ်သွားတဲ့ လူတစ်ယောက်ကို သုံးတဲ့ ပြက်လုံးပါ၊ အလွယ်ပြောရရင် ကျိုးမော့က သူ ပြောတာတွေနားထောင်ပြီး အရူး/အစွန်းရောက် ဖြစ်သွားပြီလို့ ချင်ချွမ်းက ထင်နေတာ)
"ဟားဟားဟား ဒါက မင်းမှာရှိတဲ့ စွမ်းအားအကုန်လား၊ မင်း ဘာမှမစားထားဘူးလား! လျှပ်စီးတွေကို ပိုပြီး ပြင်းပြင်းထန်ထန် ထုတ်စမ်းပါ"
လေထဲရှိပုံရိပ်မှာ လျှပ်စီးဖြင့် တိုက်ခိုက်ခံနေရသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက မီးခိုးများထွက်နေသော်လည်း မာနကြီးစွာဖြင့် မိုးကြိုးတိမ်ကို ဆက်လက်စိန်ခေါ်နေလေ၏။
"ဒုန်း! ဒုန်း!"
မိုးကြိုးတိမ်က အသိစိတ်ရှိပုံရသည်။ ၎င်းက ဒေါသထွက်နေပြီး လျှပ်စီးလေးခုက ပို၍ ထူထဲလာလေ၏။ မာနကြီးလှသူအား ကင်ပစ်ရန် ရည်ရွယ်ထားပုံရသည်။
"ဝူး!"
ကျိုးမော့က ဝံပုလွေကဲ့သို့ အော်သံကို ထုတ်လွှတ်လာသည်။
ချင်ချွမ်း သူ့ကို ကယ်တင်ရန် ပြင်ဆင်လိုက်သော်လည်း သူ ချက်ချင်း သတိထားမိခဲ့၏။
ဒီကလေးက ဒဏ်ရာမရနေတဲ့ပုံပဲ။
သူက သံချပ်ကာကို ဝတ်ဆင်ထားပြီး သံချပ်ကာနှင့် သူ့ခန္ဓာကိုယ်ကြားမှာ လျှပ်ကာအထည်နှင့် ဆင်တူသော လျှပ်ကာပစ္စည်းအလွှာတစ်ခု ရှိနေသည်။ ထို့နောက် သံချပ်ကာကို တိုက်ခိုက်နေသော လျှပ်စီးက ထူထဲသော ရွှေရောင်ဝါယာကြိုးမှတစ်ဆင့် သံအိုးတစ်လုံးထဲသို့ ပို့ဆောင်ခံနေရလေ၏။
"သူ… လျှပ်စီးကို ခိုးနေတာလား"
ချင်ချွမ်းမှာ အနည်းငယ် အံ့သြသွားရသည်။ သူ အံ့သြနေရသည့် အဓိကအကြောင်းအရင်းမှာ ထိုလူငယ်လေးက ထိုကဲ့သို့ရူပဗေဒနှင့်သက်ဆိုင်သော အသိပညာကို မည်ကဲ့သို့ ရရှိခဲ့လဲဆိုသည့်အချက်ကိုပင်။
ဘယ်သူက သူ့ကို ဒီလို သင်ပေးခဲ့တာလဲ။
ဒါက ကိုယ်တိုင်လေ့လာသင်ယူတတ်တဲ့ လူတွေမှာပဲရှိတဲ့ ဒဏ္ဍာရီလာပါရမီများလား။
အချိန်အတော်ကြာပြီးနောက် မိုးကြိုးတိမ်သည် သူ၏မူလစွမ်းအင်များ ကုန်ခန်းသွားသကဲ့သို့ အနည်းငယ်မျှ တဖျပ်ဖျပ်တောက်ပပြီးနောက် တွန့်ဆုတ်စွာ ပျောက်ကွယ်သွားလေ၏။
ချင်ချွမ်းသည် ကောင်းကင်ယံသို့ ပျံသန်းသွားကာ မေး မိသည်။
"မင်း အဲ့ဒီလျှပ်စီးတွေကို ဘာလုပ်ဖို့ ယူနေတာလဲ၊ ဒီစွမ်းအားနဲ့ဆိုရင်တောင်မှ မင်း ကောင်းကင်တက်လှမ်းနယ်ပယ်က သိုင်းသမားတစ်ဦးကို မသတ်နိုင်သေးဘူး"
"အကြီးအကဲ မသိလို့ပါ"
ကျိုးမော့က ရယ်မော၍ ဝင့်ကြွားကြွား ပြောလာခဲ့၏။
"လျှပ်စီးရဲ့စွမ်းအားက ဖျက်ဆီးနိုင်စွမ်းသိပ်မရှိပေမယ့် သတိလက်လွတ်အချိန်မှာဆို အဲ့ဒါက ယာယီတုံ့ဆိုင်းခြင်းကို ဖြစ်စေတယ်၊ အားကောင်းတဲ့ နတ်ဘုရားတစ်ပါးအတွက်တောင်မှ တူတူပဲ"
"ပြီးတော့ ဒီယာယီတုံ့ဆိုင်းမှုကို ကောင်းကောင်း အသုံးချနိုင်ရင် တစ်စုံတစ်ယောက်ရဲ့ဝန်ထုပ်ဝန်ပိုးကို ပေါ့ပါးစေဖို့ ချက်ချင်း ကူညီပေးနိုင်တယ်…"
"ဝန်ထုပ်ဝန်ပိုးကို ပေါ့ပါးစေတာလား"
ချင်ချွမ်း မျက်တောင်ခတ်လိုက်မိသည်။
ကျိုးမော့က မျက်ခုံးပင့်၍ ပြောလာခဲ့၏။
" *ပြင်ပအရာဝတ္ထုတွေက လူတွေကို အသက်ရှုမဝစေတဲ့အထိ အလေးချိန်များနေလေ့ရှိတယ်၊ ကျွန်တော်သာ သူတို့နဲ့တွေ့ရင် လက်ပိုက်ကြည့်နေလို့မရဘူးမဟုတ်လား"
(T/N - အဲ့ဒီစာကြောင်းက 'တန်ဖိုးကြီးပစ္စည်း'ကို ဆိုလိုတာပါ)
ထိုစကားကိုကြားသောအခါ ချင်ချွမ်းလည်း ချက်ချင်း နားလည်လိုက်သည်။
ဒါဆို ဒီလူငယ်က ပစ္စည်းတွေခိုးဖို့ စီစဉ်နေတာလား!
ဒါပေမဲ့ ဒီနည်းလမ်းက…
သူ လူနှစ်ဦးကို သင်ပေးခဲ့လေ၏။ တစ်ဦးက သင်္ချိုင်းဂူဖောက်သူ ဖြစ်နေပြီး နောက်တစ်ဦးကတော့ သူခိုး ဖြစ်နေသည်။ ဒါက အနည်းငယ် ထူးဆန်းသလို ခံစားရ၏။
အဟမ်း! ဒါက ငါ့ရဲ့ လူကြီးလူကောင်းပုံရိပ်နဲ့ သိပ်မကိုက်နေဘူးလားလို့!
သူ ခဏတာ စဉ်းစားပြီးနောက် ချီးမွမ်းလိုက်သည်။
"မင်းရဲ့တာအိုလမ်းကြောင်းကို ဒီလောက် မြန်မြန် ရှာတွေ့နိုင်တဲ့အထိ မင်းရဲ့ဖြတ်ထိုးဉာဏ်က အရမ်းကောင်းနေမယ်လို့ ဘယ်သူက ထင်ထားမှာလဲ"
"အဓိကက အကြီးအကဲရဲ့ ကြီးမြတ်လှတဲ့ သွန်သင်မှုကြောင့်ပါ"
ကျိုးမော့က လေးနက်စွာ ပြော၏။
"တအားယဥ်ကျေးနေဖို့ မလိုပါဘူး၊ တကယ်တော့ ငါဘာမှလည်း အများကြီး မလုပ်ခဲ့ပါဘူး၊ စကားအနည်းငယ် ပြောခဲ့တာပဲရှိတာ၊ မင်းရဲ့ကိုယ်ပိုင်ဖြတ်ထိုးဉာဏ်ကသာ မင်းကို ဒီလောက်မြန်မြန် နားလည်စေခဲ့တာ"
ချင်ချွမ်းက ကျိုးမော့၏ကျေးဇူးတင်မှုကို လက်ခံရန် ပြတ်ပြတ်သားသား ငြင်းဆန်လိုက်လေသည်။
"ဘယ်လိုပဲဖြစ်ဖြစ် အကြီးအကဲရဲ့ကျေးဇူးတရားကိုကျွန်တော် ဘယ်တော့မှ မမေ့ပါဘူး!"
ကျိုးမော့က လေးနက်စွာ ပြော၏။
သူ့မျက်လုံးများက ချင်ချွမ်းအား စစ်မှန်သော လေးစားမှုများဖြင့် ကြည့်နေသည်။
အကြောင်းမှာ ချင်ချွမ်းက သူ့အသက်ကို ကယ်တင်ပေးခဲ့သောကြောင့်ပင်။ သူ လမ်းဆုံးတော့မည့်အချိန်မှာ လမ်းညွှန်ပေးခဲ့၏။
၎င်းမှာ ပြန်လည်မွေးဖွားခြင်းကဲ့သို့ ကျေးဇူးတရားပင်။
"ဟင်း~ဒီလိုအရာတွေကို မင်းရဲ့နှလုံးသားထဲမှာ သိမ်းထားပါ...အပြင်မှာ ပြောဖို့မလိုပါဘူး၊ ဘာပဲဖြစ်ဖြစ် ဒီလိုအရေးမကြီးတဲ့ဂုဏ်ပုဒ်တွေကို ငါ ဂရုမစိုက်ဘူး"
ချင်ချွမ်းက စိတ်မပါတပါ ပြောလေသည်။
"ဟုတ်ကဲ့!"
ကျိုးမော့က လေးလေးနက်နက် ခေါင်းညိတ်၏။
ယခု သူ့မျက်လုံးထဲတွင် ချင်ချွမ်း၏ဆရာကဲ့သို့ ပုံရိပ်က ခိုင်မြဲစွာ တည်ဆောက်ထားခဲ့ပြီးသား ဖြစ်သည်။ သူ့စကားများက သူ့အဖေ၏စကားများထက် ပို၍အကျိုးသက်ရောက်မှုရှိလေ၏။
တကယ်တော့ သူ ချင်ချွမ်း၏တပည့် ဖြစ်လာချင်သည်။ သို့သော်ငြား ချင်ချွမ်းက သူ့အား လက်မခံမည် ကိုလည်း ကြောက်ကာ မပြောရဲပေ။
"တာအိုခရီးက ခြေလှမ်းတစ်လမ်းကနေ စတင်တယ်၊ မင်း ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းထဲမှာ အမြဲနေဖို့မလိုပါဘူး၊ အပြင်ထွက်ပြီး စူးစမ်းပါ၊ ငါတို့ ဒီနယ်မြေခုနစ်ခုကနေ ထွက်ခွာတဲ့အခါ မင်းကို အကြောင်းကြားလိုက်မယ်"
ချင်ချွမ်း ပြောလိုက်၏။
"ဟုတ်ကဲ့ အကြီးအကဲ"
ကျိုးမော့၏မျက်လုံးများက လင်းလက်သွားသည်။ အချိန်အကြာကြီးကတည်းက သူ ကြိုးစားရန် စိတ်အားထက်သန်နေခဲ့၏။ နယ်မြေခုနစ်ခုက အနည်းငယ် ခြောက်ကပ်သော်လည်း အခွင့်အလမ်းလုံးဝ မရှိတာတော့ မဟုတ်ပေ။
အဆုံးမှာတော့ ဤနေရာသည် တစ်ချိန်တုန်းက ရှေးဟောင်းစစ်မြေပြင်တစ်ခု ဖြစ်ခဲ့သည်။ ထို့အပြင် ရှေးဟောင်းအပျက်အစီးများစွာလည်း ရှိနေဆဲပင်။ အချို့သော မိသားစုများကလည်း မယုံနိုင်စရာကောင်းသော ရတနာများကို ပိုင်ဆိုင်ထားကြသေး၏။ သူတို့က ၎င်းတို့၏တန်ဖိုးကို မသိကြရုံပင်။
မတိုင်ခင်က သူ ဤနယ်မြေခုနစ်ခုကို စိတ်ဝင်စားမှုနည်းခဲ့သည်။ ကောင်းကင်လေနယ်မြေ၏ တော်ဝင်နန်းတော်မှာနေထိုင်သော ဆိုးသွမ်းသည့် မိတ်ဆွေတစ်ဦးသာ မရှိခဲ့ဘူးဆိုလျှင် သူ ရောက်လာမည် မဟုတ်ချေ။
သို့သော်ငြား ယခုဆိုလျှင် သူ့အမြင်က လုံးဝပြောင်းလဲ သွားပြီး အရာအားလုံးက မတူတော့ပေ။
လောကကြီးအား ကွဲပြားသောထောင့်ကနေ ကြည့်ခြင်းက သူ့အတွက် အရာအားလုံး တောက်ပနေသလို ခံစားရလေ၏။
ဤလောကကြီးတစ်ခုလုံးအား သူ ပိုင်ဆိုင်လိုက်ရသကဲ့သို့ပင်။
ဘဝကြီးက တကယ် လှပပြီး ဤလောကကြီးကလည်း အလွန် ဆွဲဆောင်မှုရှိသည်။ နေရာတိုင်းမှာ သူ့အတွက် မျှော်လင့်ချက်များ ရှိနေသည်ကို တွေ့ရှိနေရ၏။
…
နှစ်ရက် ကြာပြီးနောက် မင်းသားနန်စံအိမ်မှ စာတစ်စောင် ရောက်လာသည်။ ယန်ထူက သူ့လက်ရေးဖြင့် ကိုယ်တိုင်ရေးထားခြင်းဖြစ်ပြီး ဤကဲ့သို့ ဖော်ပြထားလေ၏။
"ဦးလေး ကျွန်တော့်အဖေရဲ့ဂူသင်္ချိုင်းက ပေါက်ကွဲသွားတယ်၊ ကြည့်ရတာ သူ ပြန်ရှင်လာတဲ့ပုံပဲ၊ အခု သူ့ပုံစံက စိတ်ရှုပ်ထွေးနေတာထင်တယ်၊ ကျေးဇူးပြု၍ အမြန်လာခဲ့ပေးပါဦး!"
********************