← Chapters

ဒါက အလောင်းဆင့်ကဲပြောင်းလဲမှုပဲ! မီးသင်္ဂြိုဟ်ရမယ်!

Vol. 7 Ch. 96

ဒါက အလောင်းဆင့်ကဲပြောင်းလဲမှုပဲ! မီးသင်္ဂြိုဟ်ရမယ်!

Vol. 7 Ch. 96

"ဒါ!!"

စာရွက်ကိုင်ထားသော ချင်ချွမ်း၏ညာဘက်လက်မှာ တုန်ယင်လာသည်။ ကြည်လင်သော ကောင်းကင်၌ မိုးထခြိမ်းလာသကဲ့သို့ သူ့အား နေရာမှာတင် တောင့်တင်းစေခဲ့၏။

မင်းသားနန်ရဲ့အဖေက မသေသေးဘူးလား။

*လီခွေက လီကွေးနှင့် တိုက်မိခြင်း။

(T/N - Li Kui (လီခွေ) က Water Marginထဲက strong character ဖြစ်ပြီး Li Gui (လီကွေး) က Li Kuiအဖြစ် ဟန်ဆောင်ထားတဲ့ကလုန်းပါ)

တောင်ပိုင်းဘုရင်၏ 'တစ်သက်တာ သူငယ်ချင်း' ဖြစ်သော ဟန်ဆောင်မှုက ရက်ရက်စက်စက် ပေါ်သွားတော့မည်လား။

(T/N - 'နန်'က 'တောင်ပိုင်း'ပါနော် )

"မဖြစ်ဘူး ဒီလိုဖြစ်အောင် ငါ လုံးဝခွင့်မပြုနိုင်ဘူး!"

ချက်ချင်းဆိုသလိုပင် သူ့အမူအရာက ပြတ်သားလာပြီး သူ့ညာလက်ကို သုံး၍ စာကို ပြာအဖြစ်သို့ ပြောင်းလဲစေခဲ့သည်။

ဟုတ်တယ်...အမှားအယွင်း မရှိအောင် လုပ်ရမယ်!

အကြောင်းမှာ သူ၏ မတိုင်ခင်က သရုပ်ဆောင်မှုသည် အလွန်ကို ယုံကြည်မှုရှိနေပြီး တကယ်ဖြစ်ခဲ့သကဲ့သို့ ဖြောင့်မတ်စွာ သရုပ်ဆောင်ခဲ့ခြင်းပင်။ သူသာ အခု ဖော်ထုတ်ခံလိုက်ရလျှင် သူ ဆောက်တည်ထားသည့် ကိုယ်ပိုင်ပုံစံအားလုံး မေးခွန်းထုတ်ခံရလိမ့်မည်။ ပြီးတော့ သူ့သားကတောင် သူ အမြဲတမ်းဟန်ဆောင်နေခဲ့သည်ဟု သံသယဖြစ်လာလိမ့်မည်။

သက်သေမရှိသော်ငြားလည်း...

သံသယဖြစ်ပေါ်လာသရွေ့ ၎င်းမှာ ကြွေပန်းကန်ပေါ်ကအက်ကွဲကြောင်း တစ်ခုကဲ့သို့ပင်။ ဘယ်လောက်ပင် ဂရုတစိုက် ကိုင်တွယ်ပါစေ၊ နောက်ဆုံးတော့ ကွဲကျေသွားလိမ့်မည်။

သူ ထိုကဲ့သို့အဖြစ်မျိုးကို ဘယ်တော့မှ ခွင့်မပြုနိုင်ချေ။

"မင်းသားနန်၊ ယန်ထူ ပြောသလိုဆိုရင် တောင်ပိုင်းဘုရင်ဟောင်းက သိပ်ပြီးတော့ စိတ်ရှင်းရှင်းလင်းလင်း မရှိသေးဘူးပဲ၊ ဒါပေမဲ့ အဲ့ဒါကိုလည်း အပြည့်အဝ ယုံလို့မရနိုင်ဘူး၊ မင်းသားနန်က အမှန်တရားကို သိနှင့် ပြီးသားလည်း ဖြစ်နိုင်တယ်"

"ဒါပေမဲ့ သူက ငါကို နာမည်တိုက်ရိုက်မခေါ်ဘဲ 'ဦးလေး'လို့ ဆက်ခေါ်နေတုန်းပဲ၊ ဒါကို ကြည့်ရင် သူက ငါ ဟန်ဆောင်ထားတာကို မဖော်ချင်သလိုပဲ"

"ဘာပဲဖြစ်ဖြစ် ငါ မင်းသားနန်ရဲ့စံအိမ်တော်ကို သွားဖို့ လိုအပ်တယ်၊ အခြေအနေက တကယ်ပဲ ဘာဖြစ်နေတာလဲဆိုတာကို ကြည့်ရမယ်"

သူ့အတွေးများကို အစီအစဥ်ချပြီးနောက် ထွက်ခွာလိုက်သည်။

မင်းသားနန်သာ တကယ်ပင် အမှန်တရားကို သိရှိထားခဲ့မည်ဆိုလျှင် သူ့ကိုဖိတ်ခေါ်ခြင်းသည် သူ၏ဟန်ဆောင်မှုကို ဆက်လက်ထိန်းသိမ်းထားလိုခြင်း၏ အသေးစိတ်အချက်အလက်များကို ဆွေးနွေးရန်အတွက် ဖြစ်နိုင်၏။

အကြောင်းမှာ တော်ဝင်နန်းတော်ကိုယ်တိုင်ပင် ထိုဟန်ဆောင်မှုအား ထိန်းသိမ်းထားရန် တကယ်ဆန္ဒရှိ သောကြောင့်ပင်။ နောက်ဆုံးမှာတော့ ချင်ချွမ်းဟူသည် အန္တိမနယ်ပယ်မှ အင်အားကြီးပုဂ္ဂိုလ်တစ်ဦးပင်။

ထိုနေရာကိုသွားခြင်း၏ အန္တရာယ်များအတွက်မူ သူ စိုးရိမ်စရာမလိုပေ။

တော်ဝင်မိသားစုကသာ သူ့ကိုဆန့်ကျင်ပြီး လုပ်ဆောင် ချင်သည်ဆိုလျှင် အချိန်အတော်ကြာကတည်းက လုပ်ဆောင်ခဲ့ပြီးသား ဖြစ်လိမ့်မည်။ သူ ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းမှာ ပုန်းနေလျှင်တောင် သူ့ကိုသတ်ရန် သူတို့ ရောက်လာနိုင်ဆဲပင်။ အခုလို သူ့ကို ဖိတ်ခေါ်နေစရာ မလိုအပ်ချေ။

အခုလက်ရှိ အနေအထားအရလည်း...

သူသည် တော်ဝင်မိသားစု၏အကျိုးစီးပွားများကို မထိခိုက်စေခဲ့ပေ။ ထို့အပြင် တော်ဝင်မိသားစုကလည်း သူ၏စွမ်းအားအတိမ်အနက်ကို နားမလည်နိုင်ကြသောကြောင့် သူတို့က သူနှင့် မိတ်ဆွေဖွဲ့ရန် ပိုနှစ်သက်သည်။

ချင်ချွမ်းက အလွန်လျင်မြန်ပေ၏။

နာရီဝက်မပြည့်ခင်မှာပင် သူ မင်းသားနန်၏စံအိမ်တော်ကို ရောက်ရှိခဲ့သည်။ လူအများအပြားကတံခါးအပြင်ဘက်၌ သူ့ကို ကြိုဆိုရန် ရောက်ရှိနေကြပြီးသားပင်။

မင်းသားနန်စံအိမ်တော်၏ အဓိကပုဂ္ဂိုလ်များက အုပ်စုနှစ်ခု ခွဲကာ ရပ်နေကြပြီး ထိုမြင်ကွင်းက အလွန်လေးနက်လှကာ တော်ဝင်နန်းတော်မှ သက်ကြီးပုဂ္ဂိုလ်များတောင် ရောက်ရှိနေကြလေ၏။

ချင်ချွမ်း၏လက်ရှိစွမ်းအားက ထိုကဲ့သို့ဖွဲ့စည်းကြိုဆိုမှုမျိုးနှင့် ထိုက်တန်ပေသည်။ အနည်းဆုံးတော့ ဤနေကိုးလုံးနယ်မြေ၏ ခွန်အားအကောင်းဆုံးသူ ဖြစ်၏။

"ကြိုဆိုပါတယ် သခင်ချင်ချွမ်း!"

"ကြိုဆိုပါတယ် သခင်ချင်ချွမ်း!"

ဂုဏ်ကျက်သရေနှင့် ပြည့်စုံသူများအားလုံးက တစ်ပြိုင်နက် ဦးညွှတ်လာကြသည်။ သူတို့၏မျက်လုံးများထဲတွင် လေးစားမှုများ၊ အံ့သြမှုများဖြင့် ပြည့်နှက် နေလေ၏။

"ဦးလေး!"

ယန်ထူက ရှေ့ဆုံးမှာရပ်နေသည်။ သူက အပြေးအလွှား ရောက်လာပြီး ချင်ချွမ်းအား အတွင်းဘက်သို့ ခေါ်ဆောင်သွားကာ ပြောလေ၏။

"အမြန်လာခဲ့ပါ ကျွန်တော့်အဖေက ဦးလေးကို စောင့် နေတယ်!"

ချင်ချွမ်းက ဘာမှမပြောဘဲ သူ့အား ခေါ်ဆောင်ခွင့်ပြုထားသည်။

မကြာခင်မှာပင် သူတို့နှစ်ဦးစလုံး လူသူဝေးရာမှာထားထားသည့် ခြံဝင်းတစ်ခုဆီသို့ ရောက်ရှိလာကြ၏။ ၎င်းမှာ မင်းသားနန်စံအိမ်တော်၏ ခမ်းနားမှုကြားတွင် မသင့်လျော်သလို ဖြစ်နေလေသည်။

သို့တိုင် အချို့သော လူများထံ၌ ထူးဆန်းသည့် အကြိုက်များ ရှိကြလေရာ အထူးသဖြင့် အားကြီးသော ပုဂ္ဂိုလ်များသည် ကောင်းမွန်သော အရာများကို ငြီးငွေ့လာတတ်ကြ၏။

"ဦးလေး ကျွန်တော့်အဖေက အဲဒီမှာရှိတယ်"

ယန်ထူက ခြံဝင်းအလယ်မှာရှိသော ညောင်မုတ်ဆိတ်ပင်ကြီးကို ညွှန်ပြလာသည်။ ၎င်း၏အောက်တွင် ဝါးနှင့်လုပ်ထားသော ကုလားထိုင်တစ်ခုရှိလေ၏။

ဈာပနဝတ်စုံနှင့် လူအိုကြီးက ကုလားထိုင်ပေါ်မှာ တောင့်တင်းစွာ လှဲလျောင်းနေသည်။ သူက မျက်လုံးများမှိတ်၍ ညင်သာစွာ ယိမ်းနေလေ၏။

ဆူညံသံကိုကြားသောအခါ သူက ကုလားထိုင်ပေါ်ကနေ ရုတ်တရက်ကြီးထလာသည်။ သူ့မျက်နှာပေါ်တွင် နွေးထွေးမှုနှင့် စိတ်လှုပ်ရှားမှုကို ပြသနေလေ၏။ သူက ချင်ချွမ်းအား ပွေ့ဖက်ပေးရန် ဝက်ဝံကဲ့သို့ ပြေးလွှားလာသည်။

"ညီလေး ဆယ်နှစ်တောင်ကျော်သွားပြီ...နောက်ဆုံးတော့ ငါတို့ပြန်ဆုံကြပြီပဲ!"

သူ့အမူအရာမှာ နှစ်ပေါင်းများစွာ မတွေ့ရသော သူငယ်ချင်းဟောင်းတစ်ဦးနှင့် ပြန်တွေ့ လိုက်ရသကဲ့သို့ပင်။

ရုတ်တရက်ဆိုတော့ ချင်ချွမ်းမှာ တောင့်တင်းသွားရ၏။

အာ...ဒါက…

သူ၏ပထမဆုံးအတွေးမှာ ထိုအဘိုးကြီးက သူ့အတွက် သရုပ်ဆောင်နေတာပဲဟူ၍ပင်။

သရုပ်ဆောင်တစ်ဦး၏လေ့ကျင့်ထားသော စည်းမျဥ်းများကို ကြည့်ခြင်းအားဖြင့် သူသည်လည်း ဖျော်ဖြေမှု ၏စွမ်းအင်ကို ခံစားနိုင်သည်။ ထိုအဘိုးကြီးက တကယ်ပင် သရုပ်ဆောင်နေတာဖြစ်၏။

သို့သော်ငြား သူ့ဘေးမှာရှိသည့် ယန်ထူကို ဘေးတိုက် ကြည့်လိုက်သောအခါ ထိုလူ့ထံ၌ သရုပ်ဆောင်မှု လက္ခဏာများ မပြသထားဘူးဆိုတာကို တွေ့ရှိနေရသည်။ သူ့အဖေနှင့် ဦးလေး ပြန်လည်ဆုံဆည်းရသည့်အတွက် စစ်မှန်စွာ ဝမ်းမြောက်နေပုံရ၏။

"ဒီအဘိုးကြီးက သူ့သားကိုတောင် လှည့်စားနေတာလား"

ချင်ချွမ်း၏နှလုံးသားထဲ၌ သံသယစဝင်လာသည်။

"မဖြစ်နိုင်ဘူး!!"

ရုတ်တရက်ပင် အဘိုးကြီး၏ပွေ့ဖက်မှုက အနည်းငယ်တင်းကျပ်လာပြီး တုန်ယင်နေသည်ကို ချင်ချွမ်း သတိထားမိခဲ့၏။ ၎င်းမှာ ဤလူသည် တကယ်ပင် အနည်းငယ်ပူပန်နေကြောင်း ဖော်ပြနေသည်။

တစ်ခုခုပေါ်သွားမှာ ကြောက်ရွံ့နေသကဲ့သို့ပင်။

"အဲ့ဒါများ ဖြစ်နေမလား"

ချက်ချင်းဆိုသလိုပင် အတွေးတစ်ခုက သူ့စိတ်ထဲမှာ ပေါ်ပေါက်လာလေ၏။ ထို့နောက် သူ ပြုံးကာ မေးလိုက်သည်။

"ညီအစ်ကို လွန်ခဲ့တဲ့ဆယ့်ရှစ်နှစ်က ငါတို့ရဲ့ သဘောတူညီချက်ကို မှတ်မိသေးလား"

အဘိုးကြီး၏ဆုပ်ကိုင်မှုက တစ်ဖန် တုန်ယင်လာပြီး အနည်းငယ်ပိုတင်းကျပ်သွားသည်ကို သူ ခံစားလိုက်ရ၏။

ထို့နောက် အဘိုးကြီးက ဝမ်းနည်းစွာ သက်ပြင်းချလျက်...

"အာ...ညီအစ်ကို ပွင့်ပွင့်လင်းလင်းပြောရရင် ငါ့စိတ်က ဒီရက်ပိုင်းအတွင်းမှာ နည်းနည်းရှုပ်ထွေးနေတယ်၊ တချို့မှတ်ဉာဏ်တွေတောင် ဆုံးရှုံးခဲ့တယ်၊ မင်း မယုံရင် ယန်ထူကို မေးကြည့်နိုင်တယ်"

ချင်ချွမ်းလည်း ယန်ထူကို ကြည့်လိုက်သည်။

ယန်ထူက ဝမ်းနည်းစွာ ပြုံး၍ ခေါင်းညိတ်လာသည်။

"တကယ်ပါ...ကျွန်တော့်အဖေ နိုးလာကတည်းက သူကိစ္စတွေအများကြီးကို ပြန်မမှတ်မိနေဘူး၊ ဒါပေမဲ့ သူက ကျွန်တော် ကလေးဘဝက အဖြစ်အပျက်တချို့ကိုတော့ မှတ်မိနေဆဲပဲ"

၎င်းကိုကြားသောအခါ ချင်ချွမ်းတစ်ယောက် ချက်ချင်း နားလည်သွားလေ၏။

ဤအဘိုးကြီးသည် တကယ့်တောင်ပိုင်းဘုရင် မဟုတ်ပေ။ သူ့ခန္ဓာကိုယ်ကို သိမ်းပိုက်ခဲ့သည့် သို့မဟုတ် ပြန်လည်ရှင်သန်စေခဲ့သည့် တစ်စုံတစ်ယောက်သာ ဖြစ်သည်။

ဒီလူက စိတ်ပူပန်နေပြီး သရုပ်ဆောင်နေရသည့် မကြောင်းအရင်းမှာ သူ့ထံ၌ တောင်ပိုင်းဘုရင်၏ မှတ်ဉာဏ်တစ်စိတ်တစ်ပိုင်းသာ ရှိကာ ဖော်ထုတ်ခံရမှာ ကြောက်သောကြောင့်ပင်။

ထို့အပြင် တော်ဝင်မိသားစုသည် ကြီးမားသော လျှို့ဝှက်ချက်တစ်ခုကို ကွယ်ဝှက်ထားလေ၏။

ထိုလူက တောင်ပိုင်းဘုရင်၏ မှတ်ဉာဏ်များကနေတဆင့် တော်ဝင်မိသားစု၏လျှို့ဝှက်ချက်ကို သိခဲ့ပုံရကာတော်ဝင်မိသားစု၏ စွမ်းအားကို သိနေသည်။ ထို့နောက် ခန္ဓာကိုယ်သိမ်းပိုက်မှုသာ ပေါ်သွားခဲ့လျှင် သူသည် တော်ဝင်မိသားစုထံကနေ ပြင်းထန်သော တိုက်ခိုက်မှုများကို ခံရလိမ့်မည်။

ထိုလူ့အနေဖြင့် သူ၏ကိုယ်ပိုင်အထောက်အထားကိုတည်ငြိမ်အောင် လုပ်ရမည်။

ထိုကြောင့် ဒီလူက ယန်ထူရှေ့မှာသာမက သူ့ရှေ့မှာပါ သရုပ်ဆောင်နေခဲ့သည်။ သူက အတုအယောင် ဖြစ်ကြောင်း ပေါ်သွားမှာ ကြောက်သောကြောင့်ပင်။

ဤလူသည် ချင်ချွမ်းကလည်း တကယ့် လူလိမ်ဖြစ်နေသည်ဆိုတာကို မသိခဲ့ပေ။

အနည်းဆုံးတော့ ဒီလူထံ၌ တောင်ပိုင်းဘုရင်၏ စစ်မှန်သောခန္ဓာကိုယ်နှင့် မှတ်ဉာဏ်တစ်စိတ်တစ်ပိုင်း ရှိသေး၏။ ချင်ချွမ်းကတော့ သူ့စကားများကလွဲလျှင် ဘာမှမရှိပေ။ ဆက်ဆံရေးများကလည်း လုံးဝ ဖန်တီးထားတာဖြစ်သည်။

"ကျစ်! ကျစ်! ကျစ်! ကောင်းကင်က ငါ့ကို တစ်ကယ် ကူညီနေတာပဲ"

ချင်ချွမ်း သူ့စိတ်ထဲ၌ ထိုကဲ့သို့ တွေးလိုက်မိ၏။

အကြောင်းမှာ ဒီအဘိုးကြီးသည် သူ့အား အစစ်အမှန်ဟု ထင်နေသောကြောင့် သရုပ်ဆောင်နေခြင်းပင်။ သူ ဘာပြောပြော အဘိုးကြီးက သူနှင့်ပူးပေါင်းရလိမ့်မည်။

ထိုနည်းလမ်းဖြင့် ယန်ထူ၏မျက်လုံးထဲမှ 'ဦးလေး'ဟူသော အထောက်အထားမှာ မပျက်စီးနိုင်တော့ပေ။

ထိုအကြောင်းကို တွေးရင်း သူ ပြုံးကာ မေးလိုက်သည်။

"ညီအစ်ကို အတိတ်က ငါတို့ရဲ့အဖြစ်အပျက်တချို့ကို ငါပဲ ပြန်ပြောပြရတာပေါ့...ပြီးရင် မင်းရဲ့မှတ်ဉာဏ်တွေ နိုးထလာမလား ကြည့်ရအောင်"

"ကောင်းတယ် ကောင်းတယ်"

တောင်ပိုင်းဘုရင်က ပြုံးကာ ခေါင်းညိတ်လေ၏။

ချင်ချွမ်း၏မျက်လုံးများက အတိတ်ကို အမှတ်ရနေကာ....

"ညီအစ်ကို ငါတို့တွေ ပထမဆုံးအကြိမ် ဘယ်လိုတွေ့ ခဲ့လဲဆိုတာကို မင်းမှတ်မိသေးလား"

"ဒါ..."

တောင်ပိုင်းဘုရင်က တွန့်ဆုတ်နေသည်။

ချင်ချွမ်းက ဆက်လက် ပြောလာ၏။

"အဲ့ဒီနေ့က ဆီးနှင်းတွေ သည်းသည်းထန်ထန် ကျနေတဲ့ နေ့တစ်နေ့ပဲ၊ ငါက ရေကန်အလယ်ကနားနေဆောင်မှာ ဆီးနှင်းတွေကို ကြည့်နေတာ၊ အဲ့ဒီအချိန်မှာ မင်းက မြေခွေးသားမွေးကို ဝတ်ပြီး လှေငယ်လေးတစ်စီးနဲ့အတူ လှော်ခတ်လိုက်ပါလာခဲ့တယ်… အဲ့ဒါရော မှတ်မိလား ညီအစ်ကို"

တောင်ပိုင်းဘုရင်က ဝေဝါးစွာ စဉ်းစား၍ ပြောလာသည်။

"တချို့မှတ်ဉာဏ်တွေကတော့ ပုံရိပ်တွေ စွဲထင်နေပုံပဲ"

ချင်ချွမ်း သူ့အား ညင်သာစွာ ဆက်ပြောပြနေ၏။

"အဲ့ဒီတုန်းက ငါက ဇီးသီးဝိုင်ကို ချက်နေတာ မင်းက အနံ့ကြောင့် ဆွဲဆောင်ခံရပြီး သောက်ဖို့ လာချင်ခဲ့တာတဲ့"

"အိုး! ငါမှတ်မိပြီ!"

တောင်ပိုင်းဘုရင်၏မျက်လုံးများက လင်းလက်သွားကာ သူ့ပေါင်ကိုရိုက်၍ ပြောလာသည်။

"ငါ ဝေဝေဝါးဝါးတော့ မှတ်မိတယ်၊ အဲဒီနေ့က ငါတို့ မျက်နှာချင်းဆိုင် ထိုင်ရင်း မူးနေအောင်သောက်ပြီး ပျော်ပျော်ရွှင်ရွှင် စကားပြောခဲ့ကြတာ၊ အဲ့ဒီနေ့ကစပြီး ငါတို့တွေက ရင်ဘတ်ချင်းထပ်တူညီတဲ့ သူငယ်ချင်းတွေ ဖြစ်လာတယ်"

"ဟဲဟဲ ညီအစ်ကိုက အခု တချို့မှတ်ဉာဏ်တွေကို မှတ်မိလာတဲ့ပုံပဲ"

ချင်ချွမ်းက ရယ်မောကာ ဆက်ပြောလေသည်။

"အဲ့ဒီတုန်းက မင်းရဲ့လှေပေါ်မှာ ခွေးတစ်ကောင် ခေါ်လာခဲ့သေးတယ်လေ ပထမဆုံးအကြိမ်မှာ ငါ သတိတောင် မထားခဲ့မိဘူး၊ နောက်မှ ခွေးက နားနေဆောင်ပေါ်ကိုတက်လာပြီး ဝိုင်တစ်ငုံတောင် သောက်သွားသေးတယ်၊ ညီအစ်ကို အဲဒီခွေးက ဘာအရောင်လဲဆိုတာကို မင်း မှတ်မိသေးလား"

All Chapters