မျိုးဆက်ကိုးဆက် တော်ဝင်မိသားစု၏ ကြီးကျယ်ခမ်းနားမှု ပေါ်ပေါက်လာခြင်း
Vol. 7 Ch. 97
တောင်ပိုင်းဘုရင်၏မျက်လုံးများက အနည်းငယ်မျှ တဖျတ်ဖျတ် လင်းလက်သွားလေသည်။ ထို့နောက် သူက ကျယ်လောင်စွာ ရယ်မောလာပြီး...
"ဟားဟားဟား မှတ်မိတာပေါ့ မှတ်မိတယ်! အဲ့ဒါက ခွေးဖြူလေး တစ်ကောင်လေ၊ ငါ သူ့ကို လမ်းဘေးကနေ ကယ်တင်ခဲ့တာ၊ ငါ တွေ့တဲ့အချိန်တုန်းက သူ နှင်းထဲမှာ ခဲလုနီးပါးပဲ"
"ဟင်း~"
ချင်ချွမ်း၏မျက်လုံးများက မျှော်လင့်ချက်ကို မြင်လိုက်ရသကဲ့သို့ လင်းလက်လာ၏။ သူ ဆက်လက် မေးလိုက်သည်။
"ဒါဆိုရင်… ညီအစ်ကိုရေ အဲ့ဒီခွေးက ဘယ်လောက်ထိကြီးလဲ ဆိုတာကိုရော မင်း မှတ်မိသေးလား"
တောင်ပိုင်းဘုရင်က သူ့နဖူးကိုပုတ်၍ မသေချာစွာ ပြောလာခဲ့၏။
"အဲ့ဒီခွေးက သိပ်မကြီးဘူး၊ ဖြစ်နိုင်တာက သူ အကြာကြီး လေလွင့်နေခဲ့ရလို့ ဖြစ်မယ်၊ လုံလုံလောက်လောက် မစားခဲ့ရတဲ့အတွက် သာမန်ခွေးထက် နည်းနည်း ပိုသေးတယ်"
"ညီအစ်ကို မင်း အကုန်လုံးကို မှတ်မိနေပြီလား"
ချင်ကျီ သူ့ကို ကြည့်၍ အံ့အားသင့်စွာ မေးလိုက်သည်။
"ဟင်း~ငါ တချို့အရာတွေကို မှတ်မိပါတယ်"
တောင်ပိုင်းဘုရင်က ထိုအခွင့်အရေးကို ဆုပ်ကိုင်၍ သူ့မျက်နှာပေါ်၌ နူးညံ့သော အပြုံးကို ပြသလာလေ၏။ သူ့နှလုံးသားထဲမှာလည်း စိတ်သက်သာရာရသွားခဲ့သည်—ဤကဲ့သို့ ကံကောင်းခြင်းဖြင့် အခုလိုမျိုး လွယ်လွယ်ကူကူ ကျော်ဖြတ်နိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
သို့သော်ငြား ထိုအချိန်၌...
ချင်ချွမ်းက ရုတ်တရက်ကြီး သူ့ကို တွန်းဖယ်လာပြီး ပြင်းထန်စွာ ဆူငေါက်လာသည်။
"အဓိပ္ပာယ်မရှိတာ! ငါနဲ့ ညီအစ်ကိုနန်တို့ တွေ့ဆုံခဲ့တဲ့ ပုံစံက လုံးဝကွဲပြားတယ်၊ ငါတို့အတူတူ တစ်ခါမှ နှင်းမကြည့်ခဲ့ဖူးဘူး!"
ဘာ!
ထိုရုတ်တရက် ပြောင်းလဲမှုက တောင်ပိုင်းဘုရင်အတွက် ကောင်းကင်ပြာကနေ မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင်။ ထို့အပြင် ယန်ထူလည်း မှင်သက်သွားခဲ့၏။
သူက အော်ဟစ်လာပြီး...
"ဦးလေး ဘာတွေဖြစ်နေတာလဲ!"
ချင်ချွမ်းက သူ့အရှေ့မှာ ရှိသည့် ယန်ထူအား ကာကွယ်ရန်အတွက် လျင်မြန်စွာ ရွေ့လျားလာသည်။ သူက တောင်ပိုင်းဘုရင်အား အေးစက်စွာ ကြည့်၍ ပြောလာလေ၏။
"သတိထား သူက မင်းအဖေ လုံးဝမဟုတ်ဘူး၊ သူက ဟန်ဆောင်နေတာ"
"ဒါ..."
ယန်ထူမှာ ကြက်သေသေသွားရသည်။
တောင်ပိုင်းဘုရင်ကတော့ အနည်းငယ် ဘာလုပ်ရမှန်းမသိဖြစ်သွားပုံရ၏။ ထို့နောက် နေရခက်စွာ ရယ်မော လာ၍ ပြောလာသည်။
"ညီအစ်ကို မနောက်ပါနဲ့တော့၊ ဒီလိုနောက်ပြောင်မှုမျိုးက လုပ်ဖို့မကောင်းဘူး"
"ဟမ့်! ဆက်ပြီး ဟန်ဆောင်နေတုန်းပဲ"
ချင်ချွမ်းသည် အေးစက်စွာ နှာမှုတ်၍ ဖြောင့်မတ်စွာ ပြောလိုက်၏။
"ငါ ကြည့်လိုက်တာနဲ့တင် မင်းက လူမဟုတ်ဘူး ဆိုတာကို သိပြီးသား! မင်းက ငါ့ညီအစ်ကို ယန်ရှုံးနဲ့ တူပေမယ့် မင်းတို့ရဲ့စွမ်းအားမှာ ကြီးမားတဲ့ ကွာခြားချက် ရှိတယ်"
"ငါ မင်းကို စမ်းသပ်ဖို့ ရည်ရွယ်ချက်ရှိရှိ ခွေးတစ်ကောင်ကို ဖော်ပြခဲ့တာ!"
"စစချင်းမှာ အဲ့ဒီနေ့က နှင်းကျနေတဲ့နေ့လို့ ငါ ပြောခဲ့တယ် ပြီးတော့ ခွေးကို ပထမဆုံးအကြိမ်မှာ ငါ မမြင်ခဲ့ရဘူးလို့ ရည်ရွယ်ချက်ရှိရှိ ပြောခဲ့တယ်၊ နည်းနည်းပါးပါး စဉ်းစားတတ်တဲ့ သာမန်လူတိုင်းက အဖြူရောင်ခွေး ဖြစ်တယ်ဆိုတာကို ခန့်မှန်းနိုင်လိမ့်မယ်! တကယ်တော့ ခွေးတစ်ကောင်ဆိုတာ လုံးဝမရှိခဲ့ဘူး!"
"ငါ မင်းအတွက် ထောင်ချောက်တစ်ခုကိုရည်ရွယ်ချက်ရှိရှိ ချထားခဲ့ပြီး မင်းကလည်း ချောချောမွေ့မွေ့ ဝင်လာခဲ့တယ်၊ ခွေးက အရွယ်သေးပြီး လမ်းဘေးက ခွေးလေခွေးလွင့်လို့တောင် ပြောခဲ့သေးတယ်၊ ဟားဟား မင်း ရည်ရွယ်ချက်ရှိရှိ သရုပ်ဆောင်လေ မင်းရဲ့အပြစ်အနာအဆာတွေက ဖော်ထုတ်ဖို့ ပိုလွယ်လေ ဆိုတာကို မင်းမသိဘူးလား"
တောင်ပိုင်းဘုရင်၏မျက်နှာက အနည်းငယ်ပြောင်းလဲသွားသော်လည်း ဆက်လက် ဟန်ဆောင်နေလေသည်။ သူက ရယ်မောလျက်...
"ညီအစ်ကို မင်းနောက်နေတာ လုံလောက်ပြီ၊ မင်းက ဒီလိုပြက်လုံးတွေလုပ်ရတာကို အရမ်းကြိုက်ခဲ့တာလေ၊ ငါတို့ အချိန်တော်တော်ကြာ ကွဲကွာနေခဲ့ကြတာ အရင်ဆုံး အရက်တစ်ခွက်လောက် သောက်ကြရအောင်"
"ကောင်းကင်ရဲ့အမြင့်ကိုမသိဘူးပဲ...မင်းက ဆက်ဟန်ဆောင်နေပြီး ငါ့ကို မျက်လုံးထဲ လုံးဝမထည့်နေဘူး!"
ချင်ချွမ်းသည် အေးစက်စွာ နှာမှုတ်လျက် အန္တိမနယ်ပယ်နှင့်သက်ဆိုင်သော စွမ်းအင်ကို ထုတ်လွှတ်ကာ ငေါက်လိုက်သည်။
"မင်းက ခန္ဓာကိုယ်လုယူပြီး ပြန်မွေးဖွားလာတဲ့ နတ်ဆိုး ဖြစ်နေတယ်ဆိုတာကို ငါ မမြင်နိုင်ဘူးလို့ ထင်နေတာလား၊ ငါ့အရှေ့မှာ အမှန်တရားကို ဆက်ပြီးလှည့်စားချင်နေသေးတယ်"
ထိုသို့ပြောပြီးနောက် သူ့ညာဘက်လက်၏ လက်ညှိုးနှင့် လက်ခလယ်ကို ပူးတွဲလိုက်သောအခါ ရွှေရောင်မီးလျှံ အစုအဝေးများက လက်နှစ်ချောင်း၏ ပတ်ပတ်လည်၌ လည်ပတ်လာလေ၏။ ထို့နောက် သူ တောင်ပိုင်းဘုရင်အား ညွှန်ကာ အော်လိုက်သည်။
"ထွက်ပေါ်စေ!"
"ဝှစ်!"
ရွှေရောင်မီးလျှံများက ပျံသွားပြီး အဘိုးကြီး၏ခန္ဓာကိုယ်ကို ဖုံးအုပ်သွားကာ ထိုမီးလျှံများသည် ချက်ချင်းပင် သုံးမီတာအထိ မြင့်တက်သွားခဲ့၏။
သို့သော်ငြား နောက်တစ်ခဏတွင်...
ကြီးမားသော အသက်ရှူသံက အဘိုးကြီး၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။
"ဝှစ်!"
မျက်စိကျိန်းစရာကောင်းသော ရွှေရောင်အလင်းက တောင်ပိုင်းမင်းသား၏ ခေါင်းထိပ်၌ သိပ်သည်းလာပြီး နောက်ဆုံးတွင် ရွှေရောင်နန်းတော်တစ်ခု ဖြစ်ပေါ် လာကာ အရောင်အဝါငါးခု ဝန်းရံထားလေ၏။
"ဒါ! ဒါက!"
ယန်ထူ၏မျက်လုံးများက ပြူးကျယ်သွားသည်။ အန္တိမနယ်ပယ်! သူ့အဖေရဲ့ကျင့်ကြံမှုက တကယ်ပဲ အန္တိမနယ်ပယ်မှာ ရှိနေတာလား။
ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
သူ ရှင်းရှင်းလင်းလင်း မှတ်မိသေး၏။ သူ့အဖေ၏ ကျင့်ကြံမှုက ကောင်းကင်တက်လှမ်းနယ်ပယ်၏ ထိပ်ဆုံးအဆင့်မှာသာရှိသည်။ ဒီလောက်အထိ အားကောင်းခြင်းမှာ မဖြစ်နိုင်ပေ။ သူ့အဖေ၏ခန္ဓာကိုယ်အား နတ်ဆိုး ဝင်ပူးထားတာ တကယ်ပင်။
ချင်ချွမ်းလည်း အံ့အားသင့်သွားရ၏။ ဒီလိုခန္ဓာကိုယ်လုယူထားတဲ့ နတ်ဆိုးက ဒီလောက်အားကောင်းနိုင်တာလား။
"မဟုတ်သေးဘူး ဒီစွမ်းအားက နတ်ဘုရားဝိညာဉ်ဆီကနေ လာတာ မဟုတ်ဘူး...ခန္ဓာကိုယ်က လာတာပဲ၊ ဒါက တောင်ပိုင်းဘုရင်ရဲ့ကိုယ်ပိုင်စွမ်းအား ဖြစ်သင့်တယ်၊ ကြည့်ရတာ တောင်ပိုင်းဘုရင်ကလည်း သူ့ခွန်အားကို ဖုံးကွယ်ထားပြီး တော်ဝင်မိသားစုရဲ့ အဓိကအစီအစဉ်မှာ ပါဝင်ခဲ့ပုံရတယ်"
ချက်ချင်းပင် သူ အမှန်တရားကို ခန့်မှန်းနိုင်ခဲ့သည်။
လက်ရှိအချိန်တွင် ဟန်ဆောင်ကာ ပြန်လည်မွေးဖွားလာသော နတ်ဆိုးအဘိုးကြီးက ဆက်ပြီးဟန်မဆောင်နိုင်တော့ပေ။ သူ့ခန္ဓာကိုယ်က ကြီးမားသော ဖိအားကို ထုတ်လွှတ်ကာ အေးစက်စွာ ပြောလာခဲ့၏။
"မင်း သိသွားခဲ့ပြီဆိုမှတော့ သေရလိမ့်မယ်!"
ထိုသို့ပြောပြီးနောက် သူက လက်သီးဖြင့် ထိုးနှက်လာသည်။
"ဘုန်း!"
ရွှေရောင်လက်သီးရိပ်သည် ခမ်းနားကြီးကျယ်ကာ အင်အားကြီးမားလှပြီး ၎င်း၏စွမ်းအားက ချက်ချင်း ပျံ့နှံ့သွားခဲ့သည်။ ၎င်းက ခြံဝင်းတစ်ခုလုံးအား ပေါက်ထွက်စေခဲ့ပြီး ထို့နောက် ချင်ချွမ်းနှင့် ယန်ထူကိုတိုက်ခိုက်လာလေ၏။
"အသေးအဖွဲ့လောက်ကို တစ်ကယ့်ကျွမ်းကျင်သူအရှေ့မှာ ကြွားဝါရဲနေတယ်!"
ချင်ချွမ်းသည် သူ့လက်သီးကို ဆုပ်၍ တိုက်ရိုက် ထိုးနှက်လိုက်သည်။ သူသည် အန္တိမနယ်ပယ်၏ စတုတ္ထအဆင့်မှာသာ ရှိသော်လည်း တူညီသောအဆင့်မှာရှိသည့် သူ၏ မယှဉ်သာနိုင်သော စွမ်းအားက အဆင့်ကျော်လွန်၍ စိန်ခေါ်ရန် လုံလောက်၏။
"ဖောင်း!"
ကျယ်လောင်သောအသံတစ်ခုထွက်ပေါ်လာပြီး ရွှေရောင်လက်သီးရိပ်က ဆွေးမြေ့နေသော သစ်သားကဲ့သို့ ပျက်စီးသွားခဲ့သည်။ နောက်ဆက်တွဲမှာလည်း ကြီးကြီးမားမား ပျံ့နှံ့သွားသောကြောင့် နန်းတော်တစ်ခုလုံးကို ချက်ချင်းပင် ပြားချပ်သွားစေခဲ့၏။
ချင်ချွမ်းမှ သူ့ညာခြေထောက်အား မြေပြင်ပေါ်၌ နင်း လိုက်ရာ အရိပ်များကို အနောက်မှာ ထားလျက် သူ့ခန္ဓာကိုယ်သည် မြွေတစ်ကောင်ကဲ့သို့ နတ်ဆိုးအဘိုးကြီးဆီသို့ တိုက်ခိုက်လိုက်လေသည်။
"ရွှစ်!"
သူ ရှေ့တိုးနေစဥ်တွင် စိမ်းမြရောင်ကြာပန်းဓားက သူ့လက်ထဲ၌ ပေါ်လာလေ၏။ မယှဉ်နိုင်သော ဓားစွမ်းအင်များက စုစည်းလာပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် ဓားအဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ပင်ဖြစ်ရာ သူ့လမ်းကြောင်း၌ ဘယ်သူမှ သူ့ကို မတားနိုင်တော့ပေ။
"ငါ့ကိုသတ်ဖို့ ကြိုးစားနေတာလား ဒီလောက်မလွယ်ဘူး!"
နတ်ဆိုးက အော်ဟစ်လာပြီး ကြီးမားသော နတ်ဆိုးအရိပ်ကြီးက သူ့အနောက်မှာ ပေါ်လာကာ တောင်တစ်ခုကဲ့သို့ မားမားမတ်မတ် ရပ်နေလေ၏။ သူ့လက်ထဲ၌မူ နဂါးနက်တစ်ကောင်ကို ကိုင်ထားပြီး အကျည်းတန်ကာ ကြောက်မက်ဖွယ်ကောင်းပေသည်။
"အော်ဟစ်!!"
နတ်ဆိုးအရိပ်က ဟိန်းဟောက်လာပြီး သူ၏ အလွန်ကြီးမားသော နတ်ဆိုးလက်ဖဝါးအား မြှောက် ကာ ချင်ချွမ်းကို ရိုက်ချလာခဲ့၏။ လက်ဖဝါးက အဆုံးမဲ့သော နတ်ဆိုးစွမ်းအင်ကို သယ်ဆောင်လာကာ ကောင်းကင်အား ပိတ်ဆို့ထားလေသည်။
"ဘုန်း!"
ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာပြီး နတ်ဆိုးလက်ဖဝါးမှာ တိုက်ရိုက် ပေါက်ကွဲသွားကာ တစ်ချိန်တည်းမှာပင် နတ်ဆိုးအရိပ်က ပေါက်ကွဲသွားပြီး ပျံ့ကျဲနေသော နတ်ဆိုးစွမ်းအင်များ အဖြစ်သို့ ပြောင်းလဲ၍ ကောင်းကင်ကို ဖုံးလွှမ်းသွားခဲ့၏။
ချင်ချွမ်းသည် သူ့လက်ဖဝါးအား လေမုန်တိုင်းကဲ့သို့ လွှဲယမ်းလျက် နတ်ဆိုးစွမ်းအင်ကို ဖယ်ရှားလိုက်သော်လည်း နတ်ဆိုးအဘိုးကြီးက ခြေရာမချန်ဘဲ ပျောက်ကွယ်သွားခဲ့သည်။
"ဦးလေး အခုဘာလုပ်ကြမလဲ"
သူ့ဘေး၌ မင်းသားနန်၊ ယန်ထူက မျက်နှာတစ်ခုလုံး ဖြူဖျော့ကာ ပြင်းပြင်းထန်ထန် ကြောက်ရွံ့နေလေ၏။
သူသည် လူဆိုးအား သူ့အဖေအဖြစ် ထင်မှတ်လုနီးပါး ဖြစ်ခဲ့သည်။ ထို့အပြင် ၎င်းကလည်း ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးတစ်ကောင်ဖြစ်နေလေ၏။
တစ်ချိန်တည်းမှာပင် သူ ချင်ချွမ်းကိုလည်း ပို၍ လေးစားမိသည်။ ကံကောင်းစွာဖြင့် ဦးလေးရှိနေခဲ့ရာ ထိုနတ်ဆိုး၏ ဟန်ဆောင်မှုကို ဖော်ထုတ်နိုင်ခဲ့၏။
လက်ရှိအချိန်တွင် သူ့စိတ်ထဲမှာရှိသော ချင်ချွမ်း၏ ကိုယ်ပိုင်အထောက်အထားက အမှန်တရားထက်ကို ပိုမှန်လေသည်။
သူ့အဖေ၏ဝိညာဉ်မှ ချင်ချွမ်းက အတုအယောင် ဖြစ်ကြောင်း ပြောလာခဲ့လျှင်တောင် သူ ယုံမှာမဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ ချင်ချွမ်းက သူ့လုပ်ရပ်များဖြင့် သက်သေပြခဲ့ပြီးလေပြီ။ အဖေက အတုအယောင် ဖြစ်လျှင်တောင် ဦးလေးကတော့ အစစ်အမှန်ပင်။
ဦးလေးကို ကျော်ဖြတ်ခြင်းကသာ သူ့အဖေ တကယ်ဟုတ်မဟုတ် စစ်ဆေးနိုင်ရန် တစ်ခုတည်းသော စံနှုန်း ဖြစ်၏။
ချင်ချွမ်းလည်း ယန်ထူ၏ပခုံးကို ပုတ်ကာ တကယ့် သက်ကြီးပုဂ္ဂိုလ်ကဲ့သို့ လေးနက်စွာ နှစ်သိမ့်ပေးလိုက်သည်။
"မစိုးရိမ်နဲ့ ငါ ဒီမှာရှိနေရင် ဒီနတ်ဆိုး မလွတ်စေရဘူး"
ထိုစကားကို ပြောပြီးနောက် သူ ကောင်းကင်သို့ ပျံတက်သွားခဲ့၏။
သူ အကူအညီ ခေါ်ရန် လိုအပ်သည်!
ဘယ်ကို သွားရမလဲ။
ဟုတ်၏။ တော်ဝင်မိသားစုဆီကိုပင်။
ဤကဲ့သို့ ဖြစ်ရပ်မျိုး ဖြစ်ပေါ်လာလျှင် စိတ်ပူပန်ဆုံးလူမှာ သေချာပေါက် တော်ဝင်မိသားစု ဖြစ်လိမ့်မည်။ အကြောင်းမှာ တောင်ပိုင်းဘုရင်က တော်ဝင်မိသားစု၏ အဓိကအစီအစဉ်၌ ပါဝင်ခဲ့တာ သေချာ သောကြောင့်ပင်။ သူတို့၏အကြီးမားဆုံး လျှို့ဝှက်ချက်ကို အခုတော့ ထိုနတ်ဆိုးအဘိုးကြီးလည်း သိရှိသွားလေပြီ။
သူတို့ပြိုင်ဘက်ကသာ ထိုလျှို့ဝှက်ချက်ကို ပြန့်စေခဲ့လျှင် တော်ဝင်မိသားစု၏ နှစ်ပေါင်းများစွာ ကြိုးပမ်းအားထုတ်မှုများက အချည်းနှီး ဖြစ်သွားလိမ့်မည်။
ဘေးဥပဒ်ကြီးနှင့်ပင် ရင်ဆိုင်ရနိုင်သည်!
ချင်ချွမ်းတစ်ယောက် သူ့အရှိန်အဟုန်ကို အပြည့်ထုတ်လွှတ်လိုက်သည်။
သိပ်မကြာခင်မှာပင် သူ အင်ပါယာမြို့တော်သို့ ရောက်ရှိလာခဲ့၏။ ချင်ချွမ်းသည် သူ့အော်ရာကို မဖုံးကွယ်ထားခဲ့ဘဲ နေလုံးတစ်လုံးကဲ့သို့ မြို့ပေါ်ကိုတိုက်ရိုက်ဆင်းသက်လာခဲ့သည်။
ချက်ချင်း ဆိုသလိုပင် တော်ဝင်မိသားစုမှ ရာထူးမြင့်သူများအားလုံး သူ့ကို ကြိုဆိုရန် ထွက်လာကြလေ၏။ ခေါင်းပြောင်အကြီးအကဲကတောင်မှ ကိုယ်တိုင် ထွက်ပေါ်လာခဲ့သည်။
ချင်ချွမ်းက အပြင်မှာ စကားထုတ်မပြောဘဲ ခေါင်းပြောင်အကြီးအကဲထံသို့ တိုက်ရိုက် သတင်းပို့လိုက်၏။
"တောင်ပိုင်းဘုရင်ရဲ့ခန္ဓာကိုယ်ကို နတ်ဆိုးတစ်ပါးကသိမ်းပိုက်ခဲ့တယ်၊ အခု သူ့ဆီမှာ အန္တိမနယ်ပယ်၊ ပဉ္စမအဆင့် ကျင့်ကြံမှု ရှိတယ်၊ ပြီးတော့ သူက တောင်ပိုင်းဘုရင်ရဲ့ မှတ်ဉာဏ်တွေအားလုံးကိုလည်း ရရှိထားနိုင်တယ်"
"ဘာ!"
ခေါင်းပြောင်အကြီးအကဲ၏ မျက်လုံးများက ပြင်းထန်စွာ ကျုံ့ဝင်သွားခဲ့ပြီး သူ့စွမ်းအင်များကတောင် ချက်ချင်း ရှုပ်ထွေးသွားခဲ့သည်။
သူ၏မှုန်ဝါးသော မျက်လုံးများက ချက်ချင်းပင် သွေးစွန်းလာပြီး မကြုံစဖူးသော ရူးသွပ်မှုနှင့် သတ်ဖြတ်လိုသော ရည်ရွယ်ချက်ကို ပြသလာကာ ပြင်းပြင်းထန်ထန် အသက်ရှူနေလေ၏။
"ဒီလူ...သေရမယ်!!"
ထို့နောက် သူ လျှို့ဝှက်သတင်းပို့ခြင်း နည်းလမ်းကိုအသုံးပြု၍ တော်ဝင်မိသားစု၏ လျှို့ဝှက်အင်အားစုများထံ အမိန့်ထုတ်ပြန်လိုက်သည်။
"တောင်ပိုင်းဘုရင်ရဲ့ခန္ဓာကိုယ်ကို နတ်ဆိုးတစ်ကောင် ဝင်ပူးသွားတယ်၊ အင်အားစုတွေအားလုံး စုစည်းပါ! ဘာပဲပေးဆပ်ရ၊ ပေးဆပ်ရ သူ့ကိုတစ်ရက်အတွင်း သတ်ပစ်!!!"
သူ့အသံမှာ ဟိန်းဟောက်သံ ဖြစ်လုနီးပါးပင်။
ယန်မိသားစု၏ နှစ်ပေါင်းတစ်ထောင် သည်းခံမှုနှင့် စုဆောင်းမှုများအား ဘယ်သူကိုမှ ဖျက်ဆီးခွင့်မပြုနိုင်ပေ။ သူတို့ မျိုးဆက်ပေါင်းများစွာ၏ စွန့်လွှတ်အနစ်နာခံမှုများကို ဘယ်သူကမှ နင်းချေခွင့်မရှိပေ။
ထိုည၌...
နေကိုးလုံးနယ်မြေမှာ မငြိမ်းချမ်းခဲ့ပေ။
ကြီးမားခမ်းနားသော နတ်ဘုရားစိတ်ဝိညာဥ်များက မမြင်နိုင်သော ဒီရေလှိုင်းကဲ့သို့ အလွှာလိုက်အလွှာလိုက်ဖြင့် နေကိုးလုံးနယ်မြေ၏ ကောင်းကင်တစ်ခုလုံးအား ဖြန့်ကျက်ကာ လှည့်ပတ်ရှာဖွေနေကြလေသည်။
******************