ငါ့မှာ တစ်ကယ်ပဲ အသက်ကိုးသက်ရှိတာလား
Vol. 7 Ch. 98
မင်ဟောက်မြို့၏ မြို့အရှင် အိမ်တော်တွင် ဖြစ်သည်။လျှို့ဝှက်အခန်းတစ်ခုထဲ၌ မြို့အရှင်အိမ်တော်၏ သခင်လေးဖြစ်သော ပိုင်ယိချန်သည် ခြေချိတ် ထိုင်နေပြီး သူ့ဒူးပေါ်၌မူ ဓားရှည်တစ်ချောင်းကို တင်ထားလေ၏။
သူ့မျက်လုံးများက ပိတ်ထားကာ တစ်ခုခုကို စဉ်းစားနေပုံရသည်။ ထို့နောက် သူ့နဖူးပေါ်တွင်လည်း မှေးမှိန်သော ရွှေရောင်အလင်းတန်းတစ်ခုက နက်နဲစွာ ဖြင့် တောက်ပနေလေ၏။
ရုတ်တရက်!
အသက်အရွယ်ကြီးရင့်သူတစ်ဦး၏ ရူးသွပ်ဖွယ် အသံတစ်ခုက သူ့စိတ်ထဲတွင်ရှိသော ဆက်သွယ်ရေးအဆောင်မှတစ်ဆင့် သူ့နားထဲကို ရောက်လာသည်။
"တောင်ပိုင်းဘုရင်ဟောင်းရဲ့ခန္ဓာကိုယ်ကို နတ်ဆိုးတစ်ကောင် ဝင်ပူးခဲ့တယ်၊ အင်အားစုတွေအားလုံးကို စုစည်းပြီး ဘာပဲပေးဆပ်ရပေးဆပ်ရ အားကုန်သုံးပြီးသူ့ကို တစ်ရက်အတွင်း သတ်ပစ်ရမယ်"
သူ့မျက်လုံးများက ရုတ်တရက် ပွင့်လာပြီး အဆုံးမဲ့သော ထက်ရှမှုကို ထုတ်လွှတ်လာခဲ့၏။ ထို့နောက် သူရုတ်တရက် ထရပ်ကာ လျှို့ဝှက်အခန်းထဲကနေ ထွက်လာခဲ့သည်။
"ဝှစ်!"
ကျယ်ပြန့်သော နတ်ဘုရားစိတ်ဝိညာဥ်စွမ်းအားက သူ့နဖူးထက်မှ ထွက်ပေါ်လာပြီး မှောင်မိုက်သော ညကောင်းကင်ယံတစ်လျှောက် မိုင်ပေါင်းသောင်းချီတိုင်အောင် ပျံ့နှံ့သွားခဲ့၏။
တစ်ချိန်တည်းမှာပင်။
ညကောင်းကင်ယံပေါ်၌ ပုံသဏ္ဍာန်တစ်ခုက လျင်မြန်စွာ ပျံသန်းနေလေသည်။ ၎င်းပုံရိပ်မှာ အိမ်ခြေမဲ့ ခွေးတစ်ကောင်ကဲ့သို့ပင်။ ထိုသူက တောင်ပိုင်းဘုရင်အား ဝင်ပူးထားသော နတ်ဆိုးပင်။
သူ့အား သွမ့်ထျန်းလန်ဟု ခေါ်ပေ၏။
သူသည် နတ်ဆိုးကျင့်ကြံသူတစ်ဦးဖြစ်ကာ ရှေးဟောင်းစစ်ပွဲတစ်ခု၌ ကျရှုံးခဲ့ပြီး ပျက်စီးသွားသောဝိညာဉ်အပိုင်းအစတစ်ခုကသာ မတော်တဆ ထိန်းသိမ်းခံခဲ့ရခြင်းပင်။ သူသည် ရှားပါးသော စိတ်ဝိညာဉ်အာဟာရဖြည့်ကျောက်တုံးတစ်ခုထဲမှာ နေထိုင်ခဲ့သည်။
သူ၏ပျက်စီးနေသော ဝိညာဉ်မှာ ထိုကျောက်တုံးဖြင့် နှစ်ပေါင်းသောင်းချီ ကြာအောင် ပြုပြင်ခံခဲ့ရသည်မှာ မကြာသေးခင်က သူ သတိပြန်လည်လာသည့်အချိန်ထိပင်။ ထို့နောက် ထိုစိတ်ဝိညာဉ်အာဟာရဖြည့်ကျောက်တုံးက စွမ်းအင်ကုန်ခန်းကာ ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
သတိပြန်လည်လာသောအခါ သူ့ဝိညာဉ်မှာ အလွန်ကို အားနည်းနေဆဲပင်။ သူ့ဝိညာဉ်အား ပြန်ပြုစုရန်အတွက် ခန္ဓာကိုယ်တစ်ခုကို အလောတကြီး ရှာဖွေရန် လိုအပ်ခဲ့သည်။
ကံမကောင်း၊ အကြောင်းမလှစွာပင် သူ ယခင်က နေထိုင်ခဲ့သော စိတ်ဝိညာဉ်အာဟာရဖြည့်ကျောက်တုံးမှာ ဂူသင်္ချိုင်းအတွင်းတွင် ထားရှိခံထားရခြင်းပင်။ ဖြစ်နိုင်သည်မှာ စိတ်ဝိညာဉ်အာဟာရဖြည့်ကျောက်တုံး၏ အသွင်အပြင်က အလွန်ကိုသာမန်ဆန်လွန်း၍ ဘယ်သူကမှ သတိထားမိခဲ့ပုံမပေါ်ပေ။
သူ ခေါင်းတလားအဖုံးကို မြှောက်၍ အတွင်းထဲမှ အလောင်းကို စစ်ဆေးခဲ့၏။ ထို့နောက် ၎င်းက အန္တိမနယ်ပယ်၊ သိုင်းပညာရှင်တစ်ဦး၏ အလောင်းဖြစ်နေသည်ဆိုတာကို ဝမ်းသာစဖွယ် တွေ့ရှိခဲ့သည်။
အန္တိမနယ်ပယ်၊ ပဉ္စမအဆင့်ပင်။
သူ၏အထွတ်အထိပ်အခြေအနေနှင့် နှိုင်းယှဉ်လျှင် အများကြီး အားနည်းနေသေးသော်လည်း လက်ရှိအချိန်၌မူ ၎င်းက သေချာပေါက် အသက်ကယ်ပစ္စည်းတစ်ခုဖြစ်လေ၏။
ထို့ကြောင့် သူ၏ပျက်စီးနေသော ဝိညာဉ်က ထိုအလောင်းကို ဝင်ပူးခဲ့သည်။
သို့သော်ငြား ထိုခန္ဓာကိုယ်နှင့် ပေါင်းစပ်နေစဉ်တွင် သူ အသံအချို့အား မတော်တဆ ပြုလုပ်မိခဲ့လေ၏။ ၎င်းက မင်းသားနန်စံအိမ်တော်၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ ထို့နောက် သူတို့က သူ့အား ဂူသင်္ချိုင်းထဲကနေ ထွက်လာရန် တောင်းဆိုခဲ့ကြ၏။
အစကတော့ သူ ထိုပုရွက်ဆိတ်များကို သတ်၍ ထွက်သွားရန် ရည်ရွယ်ခဲ့သည်။ သို့သော်ငြား သူခန္ဓာကိုယ်၊ မူလပိုင်ရှင်၏ မှတ်ဉာဏ်တချို့ကို စီစဉ် လိုက်သောအခါ ချက်ချင်းပင် သူ၏ နောက်ထပ် လုပ်ဆောင်မှုများကို ရပ်တန့်ခဲ့ရ၏။
ဒါတွေက ဘယ်လိုမှတ်ဉာဏ်တွေလဲ!
မိသားစုတစ်ခု၏ နှစ်ပေါင်းတစ်ထောင်ကျော် တိတ်တဆိတ် သည်းခံခဲ့ကြတဲ့ သမိုင်းလား။ ဝမ်းနည်းဖွယ်သီချင်းများ၊ မျက်ရည်များဖြင့် ပြည့်နှက်နေသော ခမ်းနား၍ ကြီးကျယ်ခမ်းနားသည့် သူတို့၏ ထောင်စုနှစ် အစီအစဉ်လား။ ဘယ်တော့မှ ထုတ်ဖော်ပြောဆို လို့မရသော ကြီးမားသည့် လျှို့ဝှက်ချက်လား။
သူ မသိသင့်သောအရာများကို သိလိုက်ရပြီဆိုတာကို သူ သဘောပေါက်သွားခဲ့သည်။
သူ၏ဝင်ပူးမှုနှင့် ပြန်လည်မွေးဖွားခြင်းသာ ပေါ်သွားခဲ့လျှင် နေကိုးလုံးတော်ဝင်မိသားစုက သူ့ကို လုံးဝ ရှင်သန်ခွင့် ပေးမှာမဟုတ်ပေ။ ထို့အပြင် နေကိုးလုံးတော်ဝင်မိသားစုသည် သူ့အတွက် အချိန်တိုအတွင်းမှာ စိန်ခေါ်ရန် မဖြစ်နိုင်သော အလွန်ကြီးမားသည့် အရာတစ်ခု ဖြစ်၏။
ထို့ကြောင့် သူ့ကိုယ်သူ ဟန်ဆောင်ပြုမူရန် စီစဉ်ခဲ့သည်။
သူက တောင်ပိုင်းဘုရင်အဖြစ် ဟန်ဆောင်ခဲ့လေ၏။
ကံမကောင်းစွာဖြင့်… သူသည် တောင်ပိုင်းဘုရင်၏ မိတ်ဆွေဟောင်းဆီမှ ဖော်ထုတ်ခံခဲ့ရသည်။
ယခု သူ ထွက်ပြေးမှရမည်။
အကြောင်းမှာ နေကိုးလုံးတော်ဝင်မိသားစုသည် အရှေ့ပိုင်နက်မှ ယန်မိသားစုအား သူ အကြောင်းမကြားမိစေရန်အတွက် နှုတ်ပိတ်သတ်ဖြတ်လိမ့်မည် ဖြစ်သောကြောင့်ပင်။
တကယ်တော့ သူကိုယ်တိုင်လည်း သူတို့ကို ဘယ်တော့မှ သစ္စာမဖောက်နိုင်ပေ။
သူ့မှာလည်း သူ၏ကိုယ်ပိုင် လျှို့ဝှက်ချက်များ ရှိသေး၏။ ဘယ်သူမှ ကျေးဇူးမတင်မည့်အရာတစ်ခုကို သူ ဘာကြောင့် စွန့်စားလုပ်ဆောင်ရမည်နည်း။
အရှေ့ပိုင်နက်၊ ယန်မိသားစုကို အကြောင်းကြားခြင်းကလည်း သူ့အတွက် အန္တရာယ်များရှိလာမည်မှာ အသေအချာပင်။
သူသာ အရှေ့ပိုင်နက်မှ ယန်မိသားစုကို ထိုကိစ္စ ပြောပြခဲ့လျှင် သူတို့က သူ့ကိုဖမ်းဆီး၍ ညှဉ်းပန်းနှိပ်စက် နိုင်သည်။ ထို့အပြင် သူ့ဘက်မှ ကောလာဟလများကို တိတ်တဆိတ် ဖြန့်ခဲ့လျှင်တောင် သူတို့က သူ့အား ပြန်ခြေရာခံနိုင်ပြီး ပြင်းပြင်းထန်ထန် အပြစ်ပေး နိုင်လေ၏။
ထို့ကြောင့် သူ သတင်းပေးသူ ဖြစ်လာမည် မဟုတ်ပေ။
သို့သော်ငြား သူ သွေးသစ္စာ ကျိန်ဆိုခဲ့လျှင်တောင် နေကိုးလုံးတော်ဝင်မိသားစုက သူ့ကို ယုံကြည်မှာ မဟုတ်ပေ။
သူတို့က သူ့ကို သတ်ကြမှာ သေချာသည်။
ယခုအချိန်၌ သူ စိတ်ပျက်အားငယ်မှုကို နက်နက်ရှိုင်းရှိုင်း ခံစားနေရ၏။
အခြားသူများ၏မျက်လုံးများထဲ၌ ဤနယ်မြေခုနစ်ခုသည် ကြီးမားကျယ်ပြန့်ကာ ဘယ်နေရာမှာမဆို ပုန်းကွယ်ရန် လုံလောက်သည်။ သို့သော်ငြား သူ သိပေ၏။ နေကိုးလုံးတော်ဝင်မိသားစု၏ ဩဇာအာဏာသည် နယ်မြေခုနစ်ခုမှ နေရာတိုင်းကို ထိုးဖောက် ဝင်ရောက်နိုင်စွမ်းရှိကာ သူတို့၏အင်အားက နေရာတိုင်းမှာ ရှိနေသည်။
သူ့တည်နေရာက တစ်ခါပေါ်သွားခဲ့လျှင်ပင် သူသည် သေချာပေါက် လိုက်လံဖမ်းဆီးခံရပြီး နောက်ဆုံးမှာ သတ်ဖြတ်ခံရလိမ့်မည်။
သူ တောင်ပိုင်းဘုရင်ထံမှရခဲ့သော တစ်စိတ်တစ်ပိုင်း မှတ်ဉာဏ်များကို အမှီအခိုပြုကာ နေကိုးလုံးတော်ဝင်မိသားစုမှ မစောင့်ကြပ်သော နေရာများကို ရွေးချယ် ၍ တိတ်တဆိတ် နေထိုင်ရန် လိုအပ်၏။
လက်စားချေခြင်း သို့မဟုတ် မည်သည့်ကိစ္စပင်ဖြစ်စေ ယခု ထိုအရာများကို သူ မစဉ်းစားနိုင်သေးပေ။
အရင်ဆုံး အသက်ရှင်ရန် လိုအပ်ပေသည်။
လူကြီးလူကောင်းတစ်ဦးက ဆယ်နှစ်အကြာမှ လက်စားချေလျှင်လည်း သိပ်မနောက်ကျသေးပေ။
"ဒီမင်ဟောက်မြို့မှာ တော်ဝင်စစ်ဆေးရေးဂိတ်တွေ ရှိပုံမရဘူး"
သူ ထိုသို့တွေးကာ သက်ပြင်းချမိ၏။ ထို့နောက် မင်ဟောက်မြို့သို့ တိတ်တဆိတ် ဆင်းသက်ရန် ပြင်လိုက်သည်။
အရင်ဆုံး ခဏတာ ပုန်းအောင်းရန်ပင်။
နောက်ဆုံးတော့ သူသည် တောင်ပိုင်းဘုရင်ထံမှ လျှို့ဝှက်ချက်များစွာကို သိရှိခဲ့လေ၏။ ဤဧရိယာက ယိုယွင်းမြေ ဖြစ်နေလျှင်တောင်မှ သူ မည်ကဲ့သို့ အဆင့်ပြန်မြှင့်တင်ရမည်ကို သိသည်။ ထို့အပြင် သူ့မှာ နည်းလမ်းပေါင်းများစွာလည်း ရှိသည်။
"ဝှစ်!"
ရုတ်တရက် ပြင်းထန်သော ဓားအလင်းတန်းသည် မြေပြင်ကနေ ကျယ်ပြန့်သောကန့်လန့်ကာကဲ့သို့ ထွက်ပေါ်လာပြီး ညကောင်းကင်အား တစ်ဝက်ပိုင်းဖြတ်လိုက်လေ၏။
"ဝှစ်!"
သွမ့်ထျန်းလန်လည်း အလိုလို ရှောင်တိမ်းကာ ထိုနှစ်ပိုင်းခွဲခြင်းကို ရှောင်ရှားလိုက်သည်။ သို့သော်ငြား သူ့ဘယ်ဘက်လက်မောင်းက လျှပ်တပြက်ကန့်လန့်ကာ ဖြင့် ဖြတ်တောက်ခံခဲ့ရ၏။ သူ့လက်တစ်ဖက်က ချက်ချင်းပင် ဖြတ်တောက်ခံရကာ သွေးများပန်းထွက်လာသည်။
"အား!"
သူ နာကျင်စွာ အော်ဟစ်မိပြီးနောက် ဖြတ်တောက်ခံထားသော လက်မောင်းကို ပိတ်ရန် သူ၏အသက်စွမ်းအားကို လျင်မြန်စွာ အသက်သွင်းလိုက်၏။ ထို့နောက် လှည့်ကာထွက်ပြေးတော့သည်။
သို့သော်ငြား နောက်တစ်ခဏတွင် သူ့ခန္ဓာကိုယ်မှ မွေးညင်းများ ထောင်မတ်လာခဲ့၏။
အကြောင်းမှာ ပုံသဏ္ဍာန်တစ်ခုက သိပ်မဝေးသောအရှေ့မှာ ရပ်နေသောကြောင့်ပင်။ သူက ဓားရှည်ကိုကိုင်ထားပြီး နောက်ခံ၌ လပြည့်ဝန်းရှိနေကာ သူ့ပုံစံသည် အနက်ရောင် မီးခြစ်ဆံပုံသဏ္ဍာန်နှင့် ဆင်တူပေသည်။
သို့သော်ငြား သွယ်လျသော ပုံသဏ္ဍာန်က မကြုံစဖူးသော စွမ်းအားဖြင့် သူ့အပေါ်မှာ ဖိအားပေးလာသောကြောင့် သူ့ခန္ဓာကိုယ်အား တုန်ယင်လာစေ၏။
သူ ပိတ်မိနေပြီဖြစ်ပြီး ထွက်ပြေးရန် လမ်းမရှိတော့ပေ။ ထို့အပြင် သူ ထွက်ပြေးရန်ကြိုးစားသည်နှင့် အနောက်ကနေ ဓားအလင်းက သူ့ကို နှစ်ပိုင်းပိုင်းဖြတ်လိမ့်မည်။
"မင်း… မင်းက ဘယ်သူလဲ"
သူ တုန်ယင်သော အသံဖြင့် မေးလိုက်သည်။
သို့သော်ငြား လမင်းကို နောက်ခံပြု ရပ်နေသည့် အရိပ်နက်က စကားမပြောလာဘဲ ဓားကိုသာ တိုက်ရိုက် လွှဲလာ၏။
"ဝှစ်!"
ဆန်းကြယ်စွာ ဖြူစင်သော ဓားအလင်းတန်းက ညကောင်းကင်ကို တစ်ဖန် နှစ်ပိုင်း ခွဲလာသည်။ အေးစက် ကာ ထက်ရှသော ဓားစွမ်းအင်မှာ လုံးဝ တားဆီးလို့မရနိုင်ပေ။
"ကာကွယ်စမ်း!"
သွမ့်ထျန်းလန် ဟိန်းဟောက်ကာ သူ့အရှေ့၌ အမှောင်ဒိုင်းတစ်ခုကို ဖန်ဆင်းလိုက်၏။ ထိုဒိုင်းကာသည် ရှေးကျကာ ခမ်းနားပြီး နတ်ဆိုးစွမ်းအင်ဖြင့် ဖုံးလွှမ်း နေသည်။ သို့သော်ငြား ဓားအလင်းရောက်လာသောအခါ အားလုံးသော ရုန်းကန်မှုများက အချည်းနှီး ပင်။ အကာအကွယ်အားလုံးက ချက်ချင်းပင် ပြိုလဲ သွားလေ၏။
"ခွမ်း!"
အတားအဆီး နှင့် အမှောင်ဒိုင်းကာသည် တစ်ချိန်တည်းမှာပင် နှစ်ပိုင်းကွဲသွားသည်။ ထို့နောက် ဓားအလင်းကမူ ဆက်လက်၍ အရှေ့ကို တိုးသွားကာ သွမ်ထျန်းလန်၏ ဘယ်ဘက်လက်မောင်းကို ဖြတ်သွား၏။
ဟား!!
ဘယ်လိုတောင် တိုက်ဆိုင်တာလဲ!
သူ၏ဘယ်ဘက်လက်မောင်းမှာ အရင်ကတည်းက ဖြတ်တောက်ခံထားရပြီးသား ဖြစ်သည်။ ထို့ကြောင့် ဓားအလင်း ဖြတ်သွားသောအခါ သူ ဒဏ်ရာမရခဲ့ပေ။
သို့သော်ငြား သူ အသက်ရှူလို့မဝသေးခင်မှာပင် သေစေနိုင်လောက်သော အန္တရာယ်ခံစားမှုက သူ့အား ချက်ချင်း ဖုံးလွှမ်းသွားခဲ့၏။
"ဝှစ်!"
ဓားကိုင်ဆောင်ထားသူက သူ့အရှေ့မှာ ပေါ်လာနှင့်ပြီးသားပင်။ ထို့အပြင် သူ့လက်ထဲမှာရှိသော ဓားရှည်က အဆုံးမဲ့သော ထက်ရှမှုကို သယ်ဆောင်လာကာ သူ့ရင်ဘတ်အား ထိုးလာသည်။
မြန်သည်!
အလွန် မြန်သည်!
ဒီလိုအရှိန်မျိုး၊ ဒီလိုထက်ရှမှုမျိုးနှင့် သူ့အတွက် ရှောင်တိမ်းရန် သို့မဟုတ် ကာကွယ်ရန် အခွင့်အရေးပင် မရှိချေ။
"ဇွပ်!"
ဓားရှည်က သူ့ရင်ဘတ်အား ထိုးဖောက်ဖြတ်သန်းသွား လေ၏။ ထို့အပြင် ဖောက်ထွင်းသွားသော ဓားစွမ်းအင် က သူ့ထဲရှိ အသက်စွမ်းအင်အားလုံးကို ချက်ချင်းပင် ဖျက်ဆီးလိုက်သည်။
ထိုအချိန် မှေးမှိန်သော လရောင်အောက်၌ ထိုသူ၏မျက်နှာကို သူ ဝေဝါးစွာ မြင်လိုက်ရ၏။ သူက ငယ်ရွယ်၍ ချောမောသော ယောက်ျားလေးတစ်ဦး ဖြစ်သည်။
အလွန်ငယ်ပေ၏။ သို့သော်ငြား အလွန်ကျွမ်းကျင်သူလည်း ဖြစ်၏။ ၎င်းက သူ့အား တစ်စုံတစ်ဦးကို ချက်ချင်း သတိရစေသည်။ အလွန် နက်နဲသော ပုဂ္ဂိုလ် တစ်ဦးပင်။
"မင်းက…မင်းသားကြီးလား"
စိတ်ပျက်မှုများနှင့်အတူ သူ ခဲယဥ်းစွာ မေးမိ၏။
ဤခန္ဓာကိုယ်၏မှတ်ဉာဏ်အရ နေကိုးလုံးတော်ဝင်မိသားစုမှာ အလွန်နက်နဲသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သောမင်းသားကြီး ရှိနေသည်ကို သူ သိပေသည်။
မင်းသားကြီးအစစ်အမှန်မှာ ယန်ချီထျန်း မဟုတ်ပေ။ ပြောရမယ်ဆိုလျှင် ယန်ချီထျန်းက ဒုတိယမင်းသား ဖြစ်၏။ သူ့ဆီမှာ တစ်ကယ့်မင်းသားကြီးဖြစ်သော အစ်ကိုတော်တစ်ဦး ရှိသေးသည်။
ထိုမင်းသားကြီးထံ၌ အချို့သော ထူးခြားသည့် အရည်အချင်းများ ရှိနေပုံရ၏။ သူသည် ငယ်စဉ်ကတည်းက မိသားစုထံမှ ရွေးချယ်ခံခဲ့ရပြီး ယန်မိသားစု၏ ထောင်စုနှစ်အစီအစဉ်အတွက် အဓိကအရေးပါသောပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံခဲ့ရသည်။ ထို့အပြင် မင်းသားကြီးသည် ယန်မိသားစု၏ အနာဂတ်ပြန်လည်ရှင်သန်နိုင်ရေးအတွက် ခေါင်းဆောင်တစ်ဦး ဖြစ်လာလိမ့်မည်။
ထို့အပြင် သူ၏ကိုယ်ပိုင်အထောက်အထားမှာ လျှို့ဝှက်ချက် တစ်ခုပင်။
ပြန်လည်ရှင်သန်နိုင်ရေးအစီအစဉ်မှာ ပါဝင်သော ယန်မိသားစု၏ အဓိကပုဂ္ဂိုလ်များကသာ သူ၏တည်ရှိမှုကို သိကြ၏။
ဒီလူရှိသော တည်နေရာ၊ သူ့အသက်၊ အသွင်အပြင်၊ ကျင့်ကြံမှုအား ဘယ်သူမှ မသိသလောက်ပင်။
ထို့အပြင် ယခု သူ့အရှေ့မှာရှိသော ဤလူငယ်သည် မယုံနိုင်စရာကောင်းလောက်အောင် ငယ်ရွယ် သော်လည်း အလွန်အမင်း အားကောင်းနေသေးသည်။ ထို့ကြောင့် သူက ထိုမင်းသားကြီး ဖြစ်နိုင်ပေ၏။
သူ့အပြင် ဘယ်သူရှိနိုင်ဦးမည်နည်။
နေကိုးလုံးတော်ဝင်မိသားစုထံ၌ ဤကဲ့သို့သော ပါရမီရှင်မျိုးက ဘယ်နှစ်ယောက် ရှိနိုင်မည်နည်း။ ဤပြိုင်ဘက်ကင်းသော ပါရမီရှင်သည် သူ့ခေတ်မှာပင် ထိပ်တန်းအဆင့် ဖြစ်သည်။
"သေ!"
ပိုင်ယိချန်က စကားပြန်မပြောခဲ့ပေ။ သူ့ညာဘက်လက်ထဲရှိ ဓားရှည်က ရုတ်တရက် တုန်ခါလာပြီး သွမ်ထျန်းလန်၏ ခန္ဓာကိုယ်မှာ တိုက်ရိုက်ဆွဲဖြဲခံခဲ့ရ၏။
"ဖတ်! ဖတ်! ဖတ်! ဖတ်!"
မရေမတွက်နိုင်သော ကောင်းမွန်သန့်စင်သည့် ဓားစွမ်းအင်များသည် ရေထဲမှာ ကူးခတ်နေသော ငါးအစုအဝေးများကဲ့သို့ ပေါက်ကွဲထွက်သွားသည့် အသားများကို ဖျက်ဆီးပစ်ကြသည်။
တစ်စုံတစ်ဦးကို သတ်ရန် ဆုံးဖြတ်ထားပါက သေသေချာချာ သတ်ရမည်။
"ဝှစ်!"
ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ၎င်းက အဝေးကို ထွက်ပြေးသွားလေ၏။ ၎င်းက သွမ်ထျန်းလန်၏ မူလစိတ်ဝိညာဉ်ဖြစ်သည်။
"သေ!"
ပိုင်ယိချန်က အေးစက်စွာ အော်ဟစ်၍ သူ့ညာဘက်လက်ထဲရှိ ဓားရှည်ကို ပစ်လိုက်လေ၏။ ဓားရှည်က ညကောင်းကင်ကို ထိုးဖောက်သွားသည့် အဖြူရောင်အလင်းတန်းကဲ့သို့ မူလစိတ်ဝိညာဉ်ကို ထိုးဖောက်သွားလေသည်။
ဝှစ်!
ဓားရှည်က ညအမှောင်ကို ဖြတ်သန်း၍ မိုးကုတ်စက်ဝိုင်းဆီသို့ ပျံသန်းသွားလေ၏။ ထိုနောက် ထွက်ပြေးနေသော မူလစိတ်ဝိညာဉ်မှာ ရုတ်တရက်ပင် ထိုနေရာ၌ ရပ်တန့်သွားခဲ့သည်။ ထို့နောက် ပြင်းထန်စွာ ပေါက်ကွဲထွက်သွားလေ၏။
"ဘုန်း!"
အန္တိမနယ်ပယ်၊ သိုင်းပညာရှင်၏ မူလစိတ်ဝိညာဉ် ပေါက်ကွဲခြင်းက ကြောက်မက်ဖွယ်ကောင်းလှသည်။ ထိတ်လန့်ဖွယ် မီးလျှံများနှင့်အတူ တုန်ခါမှုများ ပျံ့နှံ့သွားခဲ့ပြီး ညကောင်းကင်အား ထွန်းလင်းစေကာ ချက်ချင်းဆိုသလိုပင် မိုင်ထောင်ချီအထိ တောက်ပသွားခဲ့၏။
မရေမတွက်နိုင်သော လူများစွာသည် ညအမှောင်ထု၌ နိုးထလာကြပြီး ပြတင်းပေါက်များမှတဆင့် ကြည့်လာကြသည်။ ထို့နောက် ဝေးလံသော မိုးကုတ်စက်ဝိုင်း ပေါ်၌ ရွှေရောင်နေတစ်စင်း ထွက်ပေါ်လာသည်ကို တွေ့ရှိလိုက်ကြ၏။
ထိုရွှေရောင်နေလုံးကြီးမှာ မယုံနိုင်စရာကောင်းလောက်အောင် ကြီးမား၍ မိုးကုတ်စက်ဝိုင်း၏တစ်ဝက်လောက်ကို ဝါးမြိုထားကာ ကောင်းကင်တစ်ဝက်ကို နေရာယူထားလေသည်။
"ဒုန်း! ဒုန်း!"
နောက်တစ်ခဏမှာ နှိုင်းယှဥ်ပြ၍မရသော တုန်ခါမှုက မိုးကုတ်စက်ဝိုင်းကနေ ဖြတ်သန်းသွားခဲ့ပြီးသစ်ပင်ကြီးများကို အမြစ်ကနေ ဆွဲနုတ်သွားကာ ရွာငယ်များအား မြေလှိုင်းများအောက်၌ မြှုပ်သွားစေခဲ့၏။ ထို့အပြင် တောင်နံရံများလည်း ချက်ချင်း ပျက်စီးသွားခဲ့ရာ ထိုမြင်ကွင်းက ကမ္ဘာပျက်သွားသကဲ့သို့ပင်။
"နှိပ်ကွပ်!"
ပိုင်ယိချန်က အေးစက်စွာ အော်ဟစ်လိုက်ရာ မမြင်နိုင်သော ကြီးမားကျယ်ပြန့်သည့် စွမ်းအားက ပျံ့နှံ့သွားပြီး ပေါက်ကွဲမှုနှင့် တုန်ခါမှုများ ထွက်ပေါ်လာကာ ဖျက်ဆီးခံထားရသော ဝိညာဥ်အပိုင်းအစများအား နေရာမှာတင် ဖိနှိပ်ဖျက်ဆီးလာသည်။
ထို့နောက် သူ့ညာလက်ကို လှုပ်ယမ်းလိုက်ရာ ဓားရှည်က မိုးကုတ်စက်ဝိုင်းကနေ ပြန်၍ပျံသန်းလာလေ၏။ ပြီးမှသာ သူဓားရှည်ကို သိမ်း၍ သူ့ပုံသဏ္ဍာန်အား အစဖျောက်ကာ ပြန်ပျောက်သွားခဲ့သည်။
ညကောင်းကင်ယံမှာ ပြန်လည်ငြိမ်သက်သွားခဲ့၏။
ရုတ်တရက်ပင်!
မယုံနိုင်သလိုဖြစ်နေသော အံ့အားသင့်နေသည့် အော်သံတစ်ခုက အမှောင်ထုထဲ၌ ထွက်ပေါ်လာသည်။ ထိုအသံမှာ ကြီးကြီးမားမားပျော်ရွှင်မှုကြောင့် မသိစိတ်မှ အလိုလိုအော်ဟစ်မိခဲ့သည့်ပုံပင်။
"ငါ့မှာ တကယ်ပဲ အသက်ကိုးသက် ရှိတာလား"
***********************