အရှေ့ပိုင်နက်သို့ ဦးတည်ခြင်
Vol. 7 Ch. 99
း
"ဝှစ်! ဝှစ်! ဝှစ်!"
ညအမှောင်ထုထဲ၌ ရွှေရောင်အလင်းတန်းတစ်ခုက လေထဲကနေ ထွက်ပေါ်လာသည်။
၎င်းက ပိုးစုန်းကြူး တစ်ကောင်ကဲ့သို့ပင် တဖြည်းဖြည်းနှင့် ပိုကြီးလာပြီး နောက်ဆုံးမှာ သွမ့်ထျန်းလန်၏ မူလစိတ်ဝိညာဉ်အဖြစ်သို့ ပြန်လည်ရောက်ရှိ သွားခဲ့ကာ ချွန်ထက်သော မျက်ခုံးများနှင့် ဆိုးသွမ်းသော စွမ်းအင်များရှိသည့် အနက်ရောင်ဝတ် လူငယ်တစ်ဦး ဖြစ်လာ၏။
ထို့နောက် မူလစိတ်ဝိညာဉ်ကို အဓိကအခြေပြုလျက် သူ့ခန္ဓာကိုယ်က အံ့အားသင့်စရာကောင်းစွာပင် လျင်မြန်စွာ ပြန်လည်တည်ဆောက်လာနိုင်ခဲ့သည်။ အစပိုင်း၌ အလွန်တရာကိုမှ ပါးလှပ်သော်လည်း တဖြည်းဖြည်းနှင့် သန်မာခိုင်မာသော ပုံစံအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
၎င်းက တောင်ပိုင်းဘုရင်၏ ခန္ဓာကိုယ် မဟုတ်ပေ။ သူ၏ ကိုယ်ပိုင်ဖြစ်သော ခန္ဓာကိုယ်ပင်။
ဆိုးသွမ်းပုံပေါ်သော အနက်ရောင်ဝတ် လူငယ်တစ်ဦး!
သူက ဖြူဖျော့နေသော သူ့လက်ဖဝါးများကို ငုံ့ကြည့် နေသည့်အပြင် သူ့လက်ဖမိုးအား ကြည့်ရန်လည်း ဟိုလှန်ဒီလှန်လုပ်နေလေသည်။ သူ့မျက်လုံးများက နားမလည်မှုကြောင့် ရှုပ်ထွေးနေသလို အနည်းငယ်မျှ မမှန်ကန်နေသလို သူ ခံစားနေရ၏။
အချိန်အတော်ကြာပြီးနောက် မိမိကိုယ်ကို လှောင်ပြောင်မိသော အပြုံးတစ်ခုက သူ၏ ချောမောသော မျက်နှာပေါ်၌ ပေါ်လာသည်။
"ဟားဟား လူကောင်းတွေက အကြာကြီးမနေရပေမယ့် မကောင်းတဲ့သူတွေက နှစ်ပေါင်းတစ်ထောင်ကျော် ရှင်နိုင်တယ်ဆိုတဲ့စကားက တစ်ကယ်ပဲ"
"ငါ သွမ့်ထျန်းလန်က ငါ့ဘဝတစ်လျှောက်လုံးမှာ မရေမတွက်နိုင်တဲ့ မကောင်းမှုတွေကို ကျူးလွန်ခဲ့တယ်၊ အတိတ်မှာ လူတွေအများကြီးကို လှည့်စားခဲ့ပြီး ပြန်ရှင်လာတဲ့အခါကျ မတတ်သာဘဲ ကိုယ့်အသက်ကို ထပ်ပြီး စွန့်လွှတ်ခဲ့ရတယ်၊ ဒါပေမဲ့ သူရဲကောင်းကောင်းဆန်ဆန်သေဆုံးပြီးနောက်မှာ ငါ တကယ်ကြီး ပြန်ရှင်လာတယ်ပေါ့လေ"
"အနာဂတ်မှာသာ ငါ့ရဲ့မိတ်ဆွေဟောင်းတွေ့နဲ့ တွေ့ဆုံ ဖြစ်လို့ ငါ မသေသေးဘူးဆိုတာကို သူတို့ မြင်တဲ့အခါ သူတို့ကို ငါ လှည့်စားခဲ့တယ်လို့ ထင်ကြမှာ မဟုတ်ဘူးလား၊ ငါ သေဆုံးတဲ့ အိပ်ရာပေါ်မှာ မျက်ရည်ကျနေခဲ့တဲ့ အဲ့ဒီအမျိုးသမီးက ငါ့ကို ခုတ်သတ်ဖို့အတွက် ဓားကို ဆွဲယူကုန်တော့မှာပဲ"
ထိုအကြောင်းကို တွေးရင်း သူ့ဘောများပင် နာလာသလို ခံစားလိုက်ရ၏။
သေဆုံးပြီးမှ ပြန်လည်ရှင်သန်ခြင်း။
စောနက သူ အသတ်ခံရပြီးနောက်တွင် သူ့အသိစိတ်က မှောင်မိုက်သောနေရာတစ်ခုထဲသို့ ကျရောက်သွားခဲ့သည်။
ထိုနေရာ၌ အစိမ်းရောင်အလင်းလုံးကိုးလုံးက လျှို့ဝှက်စွာ ပျံဝဲနေပြီး တစ်ခုချင်းစီသည် သစ်တောတစ်ခုလုံး၏ အသက်စွမ်းအားကို စုဆောင်းထားသကဲ့သို့ တောက်ပနေခဲ့၏။
သူ့အသိစိတ်က အလင်းလုံးများထဲက တစ်ခုကို ထိတွေ့မိခဲ့ပြီးနောက် ပြန်လည်ရှင်သန်လာခဲ့ခြင်းပင်။
သို့သော်ငြား ယခင်က ကျင့်ကြံမှုအဆင့်ကိုတော့ သူ ပြန်မရခဲ့သေးချေ။
သူ့ကျင့်ကြံမှုသည် မတိုင်ခင်က ရှိခဲ့သော ခန္ဓာကိုယ်၏ မူလအဆင့်ထက် အဆင့်ငယ်နှစ်ခု မြှင့်တင်ခံထားရပြီး ယခု အန္တိမနယ်ပယ်၊သတ္တမအဆင့်ကို ရောက်ရှိသွားခဲ့သည့်ပုံပင်။
"ဒီ အစိမ်းရောင်အလင်းလုံးကိုးလုံးက အသက်ကိုးသက်ကို ကိုယ်စားပြုနေတာများလား၊ ပြီးတော့ ပြန်လည်ရှင်သန်ခြင်းတစ်ခုချင်းစီတိုင်းက ငါ့ စွမ်းအားကို နည်းနည်းပိုပြီး မြှင့်တင်ပေးနိုင်တာလား"
သူ့စိတ်ထဲမှာ တွေးနေမိ၏။
သို့သော်ငြား သူ စမ်းသပ်ကြည့်မှာတော့ မဟုတ်ပေ။
အကြောင်းမှာ ခန့်မှန်းခြင်းက ခန့်မှန်းခြင်းအဆင့်မှာသာ ရှိသောကြောင့်ပင်။
ထိုအစိမ်းရောင်အလင်းလုံးများက သူ ထင်ထားသလောက် နတ်ဘုရားဆန်တာလည်း မဟုတ်နိုင်ပေ။ သူ၏ ပြန်လည်ရှင်သန်လာခြင်းနှင့် ယခုတစ်ကြိမ် ခွန်အားအပိုရရှိခြင်းက ကံကောင်းထောက်မမှုအချို့ကြောင့်လည်း ဖြစ်နိုင်သည်။
ရှင်းရှင်းပြောရလျှင် သူ မစွန့်စားနိုင်ပေ။
ဤပြန်လည်ရှင်သန်ခြင်းက သူ့အတွက် အလွန်ရှုပ်ထွေးစရာဖြစ်နေလျှင်တောင် သူက တစ်ကယ်ရှင်သန်ချင်သောသူ ဖြစ်သည့်အတွက်ကြောင့် မိမိကိုယ်ကို သတ်သေခြင်း လုပ်မည်မဟုတ်ချေ။
"ဟင်း~ ငါ့ရဲ့လက်ရှိအသွင်အပြင်နဲ့ဆိုရင် နေကိုးလုံးတော်ဝင်မိသားစုက ငါ့ကို သိမှာမဟုတ်လောက်ဘူး၊ ဒါကြောင့် ငါ နေကိုးလုံးနယ်မြေကနေ တရားဝင်ထွက်သွားနိုင်ပြီး သာယာဝပြောသော တခြားမြေတွေဆီကို သွားနိုင်တယ်"
"သူတို့ ငါ့ကို သတ်ခဲ့တဲ့ကိစ္စအတွက်တော့ မေ့လိုက်ပါတော့မယ်၊ ထားပါတော့...ရန်ငြိုးထားစရာ အကြောင်းလည်း မရှိဘူးလေ၊ ဘာပဲဖြစ်ဖြစ် ဒါက ကွဲပြားတဲ့ရပ်တည်မှုကြောင့်ဖြစ်လာတာပဲ၊ သူတို့နေရာမှာ ငါ ဖြစ်ခဲ့ရင်လည်း ငါ သူတို့အတိုင်း လုပ်မိမှာ"
ထိုအရာကို စဉ်းစားရင်း ဝေးလံသော မိုးကုတ်စက်ဝိုင်း ဆီသို့ သူ ပျံသန်းလိုက်၏။
ယခုလောလောဆယ်တော့ ခေတ္တ ငုံ့လျှိုး၍နေထိုင်ရန် ဆုံးဖြတ်ထားသည်။ သူ့ခွန်အားကို ပြန်လည်ရယူရဦးမည်။
…
အင်ပါယာမြို့တော်တွင်...
ခေါင်းပြောင်အကြီးအကဲသည် ချင်ချွမ်းအား တောင်ပိုင်းဘုရင်ကို သတ်ခဲ့ပြီးကြောင်း အသိပေးခဲ့သော်လည်း အသေးစိတ်ကို မရှင်းပြခဲ့ပေ။
ချင်ချွမ်းကလည်း ဆက်ပြီးမမေးမြန်းပေ။
အကြောင်းမှာ တော်ဝင်မိသားစုက သူတို့ကိုယ်သူတို့ နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားကြောင်း သူ သိထားတာ ကြာလေပြီ။ သူတို့ဆီမှာရှိသော လျှို့ဝှက်အင်အားစုများက အလွန်အားကောင်းနိုင်၏။ ကောင်းကင်သူတော်စင်အဆင့်တောင် သူတို့ကို ကြီးကြပ်နေနိုင်သည်။
သို့သော်ငြား သူ့ကို စိတ်ဝင်စားစေသည်မှာ...
ဤယိုယွင်းမြေပေါ်တွင် သာမန်လူများအနေဖြင့် အန္တိမနယ်ပယ်သို့ ချိုးဖောက်ရန်မှာ မဖြစ်နိုင်သလောက်ပင်။ ထို့အပြင် ထိုနယ်ပယ်မှ အားကောင်းသူများပင် ဤနေရာ၌ ကြာရှည်စွာ နေထိုင်ပါက အဆင့်က ဆက်လက်ကျဆင်းသွားလိမ့်မည်။ ဒါဆိုလျှင် တော်ဝင်မိသားစုက အန္တိမနယ်ပယ်မှသိုင်းပညာရှင်များစွာကို မည်ကဲ့သို့ မွေးထုတ်နိုင်ခဲ့သနည်း။
သူတို့က ယိုယွင်းမြေ၏ တိုက်စားခြင်းကို မည်သို့ကျော်လွှားနိုင်ခဲ့သနည်း။
သို့သိတိုင် ၎င်းက သူ စုံစမ်းမေးမြန်းနိုင်သော အရာမဟုတ်ပေ။ အကြောင်းမှာ တစ်ဖက်လူက ထိုသို့သော အဓိကလျှို့ဝှက်ချက်များကို သူ့အား ဘယ်တော့မှ ထုတ်ဖော်ပြောကြားလိမ့်မည်မဟုတ်မှန်း သူ နားလည်သောကြောင့်ပင်။
လူတစ်ယောက်က အခြေအနေနှင့် လိုက်လျောညီထွေရှိသင့်၏။ အခြေအနေကို မသိသော လူတစ်ဦးက နောက်ဆုံးတွင် ကိုယ့်ကိုယ်ကိုယ် အရှက်ရစေရုံသာမက နှစ်ဦးနှစ်ဖက်စလုံးပေါ်၌ ရှုပ်ထွေးသော ဆက်ဆံရေးကို ဖြစ်ပေါ်စေသည်။
"ငါသာ ချင်ကျီကို အရှေ့ပိုင်နက်ဆီ စေလွှတ်ပြီး တော်ဝင်မိသားစုရဲ့လျှို့လျှို့ဝှက်ဝှက် အင်အားမြှင့်တင်ခြင်းကို အသိပေးဖော်ထုတ်ခိုင်းခဲ့ရင် တော်ဝင်မိသားစုရဲ့ ကောင်းကင်သူတော်စင်တွေက…ချင်ကျီကို"
ရုတ်တရက်ပင် ထိတ်လန့်စရာကောင်းသော အတွေးတစ်ခုက သူ့စိတ်ထဲမှာ ထွက်ပေါ်လာခဲ့၏။
သို့သော်ငြား သူ လျင်မြန်စွာပင် မိမိကိုယ်ကို ရပ်တန့်ခဲ့သည်။
သတင်းပေးလို့မရပေ!
တော်ဝင်မိသားစုက သူ့အား အမြဲတစေ ကြင်နာစွာ ဆက်ဆံခဲ့၏။ ချင်ကျီကလည်း သူတို့၏ စိတ်ဝိညာဉ်ရေကန်၌ ရေစိမ်ခွင့်ရရှိခဲ့သည်။ သူသည်လည်းပဲ နေကိုးလုံးတောင်ပေါ်မှ စိတ်ဝိညာဉ်ဆေးပင်များကို ခူးခဲ့ဖူးသည့်အပြင် အန္တိမအဆင့် မြစိမ်းရောင်ကြာပန်းဓားကိုလည်း ယူခဲ့သေး၏။
သူသာ သူတို့ကို သစ္စာဖောက်ခဲ့မည်ဆိုလျှင် ကျေးဇူးမသိတတ်သော လူယုတ်မာတစ်ဦး ဖြစ်သွားမည် မဟုတ်ပါလော။
ထိုသို့သော လုပ်ရပ်များကို သူ မလုပ်ချင်ပေ။
သူက ကြီးကျယ်မြင့်မြတ်ရန်အတွက် ကံကြမ္မာပါလာသူတစ်ဦး ဖြစ်ရာ သူ့ကိုယ်ကျင့်တရားကို ညစ်နွမ်းစေမည့် ဖြတ်လမ်းများကို ဘာကြောင့် ယူရမည်နည်း။
အချိန်က သူ့ကို ပြောင်းလဲစေခဲ့လေပြီ။
တစ်ချိန်တုန်းက သူ့အနေဖြင့် အင်မတန်အားနည်းနေပြီး လုံခြုံမှုမရှိခဲ့ပေ။ သဘာဝကျစွာပင် သူ ပိုပြီးအားကောင်းလာရန်အတွက် မည်သည့်နည်းလမ်းကိုမဆို အသုံးပြုရန် ရှာဖွေခဲ့သည်။
ယခု သူ အန္တိမနယ်ပယ်ကို ရောက်ရှိခဲ့လေပြီ။ သူ့အား ခွန်အားရှိသူတစ်ဦးအဖြစ် သတ်မှတ်၍ရနိုင်ပြီး ဂုဏ်ကျက်သရေတချို့ကို ရရှိထားခဲ့၏။
"ကျုပ် ရက်အနည်းငယ်ကြာရင် နေကိုးလုံးနယ်မြေကနေ ထွက်သွားဖို့ စီစဉ်ထားတယ်"
ခေါင်းပြောင်အကြီးအကဲအား ချင်ချွမ်း အသိပေးလိုက်သည်။
"ဘယ်နေရာကို သွားမှာလဲ"
ခေါင်းပြောင်အကြီးအကဲ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့၏။
တောင်ပိုင်းဘုရင်၏ကိစ္စ ဖြစ်ပျက်ပြီးနောက်တွင် သူ အမြဲထိတ်လန့်နေရသည့်အခြေအနေမှာ ရှိနေခဲ့လေသည်။ မိသားစုလျှို့ဝှက်ချက်များ ပေါ်သွားမည်ကို သူ အမြဲ ကြောက်ရွံ့နေရ၏။ ထို့အပြင် နေကိုးလုံးနယ်မြေကနေ ထွက်ခွာသွားသူတိုင်းကိုလည်း သူ သတိထားနေခဲ့သည်။
ချင်ချွမ်းက သူ့မျက်လုံးများကို တည်ငြိမ်စွာ ကြည့်လျက်...
"အရှေ့ပိုင်နက်ကိုပါ"
"အနောက်ပိုင်နက်၊ တောင်ပိုင်နက် ဒါမှမဟုတ် မြောက်ပိုင်နက်ကို ဘာလို့ မသွားတာလဲ"
ခေါင်းပြောင်အကြီးအကဲက လွှတ်ခနဲ မေးလာခဲ့၏။
ချင်ချွမ်း၏မျက်ခုံးက တွန့်ချိုးလာပြီး သူ့အသံက ပို၍ နက်နဲလာသည်။
"အကြီးအကဲက ဘာလို့ ကျုပ်ကို ဒီလိုမေးခွန်းမျိုး မေးရတာလဲ၊ အရှေ့ပိုင်နက်ကို ကျုပ် သွားလို့မရလို့လား"
"အာ…"
ခေါင်းပြောင်အကြီးအကဲ၏မျက်နှာက တောင့်တင်း သွားခဲ့၏။ ထို့နောက်မှသာ သူ၏မလျော်ကန်မှုကိုသဘောပေါက်၍ အပြုံးတစ်ခုကို ညှစ်ထုတ်ကာ...
"အာ...စိုးရိမ်ပူပန်မှုက ကျုပ်ကို လွှမ်းမိုးသွားခဲ့တာ၊ ကျုပ်မှာလည်း ကျုပ်ရဲ့အကြောင်းပြချက်တွေ ရှိပါတယ်၊ ဒါကို ခင်ဗျားလည်း နားလည်ပါတယ်"
"ခင်ဗျား ကျုပ်ကို ယုံကြည်သင့်တယ်"
ချင်ချွမ်းက သူ့ကို ပွင့်ပွင့်လင်းလင်းပင် ကြည့်နေသည်။ သူ့အသံက တည်ငြိမ်နေသော်လည်း ယုံကြည်ချက်အပြည့် ရှိပေ၏။
"ကျုပ်ဆီမှာ ခင်ဗျားတို့ရဲ့အစီအစဉ်ကို ဖျက်ဆီးဖို့ ရည်ရွယ်ချက်မရှိဘူး၊ ပြီးတော့ ကျုပ် ဖျက်ဆီးခဲ့ချင်ရင်တောင်မှ ခင်ဗျား ကျုပ်ကို မတားနိုင်ဘူး"
"ခင်ဗျားတို့ရဲ့အစီအစဉ်တွေက အောင်မြင်နိုင်ပါတယ်၊ခင်ဗျားတို့က ကျုပ်နဲ့ရန်သူဖြစ်ဖို့ ရွေးချယ်ခဲ့မယ်ဆိုရင်လည်း ကျုပ်ဘက်က အလိုက်သင့် တုံ့ပြန်ပေးမှာပါ"
သူ့စကားများတွင် ငြင်းဆန်မရသည့် လွှမ်းမိုးမှုတစ်မျိုး ရှိနေလေသည်။
ခေါင်းပြောင်အကြီးအကဲ၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ယင်သွားခဲ့၏။ နက်နဲလှသော သတိထားမှုက သူ့မျက်လုံးထဲ၌ လက်ခနဲ ဖြတ်ပြေးသွားခဲ့သည်။ ထို့နောက် သူ အတင်းအကြပ် ပြုံးကာ...
"ဟားဟား! ခင်ဗျားက ချဲ့ကားပြောနေတာပဲ၊ ကျုပ်တို့ က ခင်ဗျားရဲ့ရန်သူ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ကျုပ်တို့မိသားစုတွေက မိတ်ဆွေတွေပဲလေ...အခုအချိန်ရော အနာဂတ်မှာပါ အမြဲတမ်းမိတ်ဆွေတွေ ဖြစ်နေမှာ"
ချင်ချွမ်း၏အမူအရာက ပျော့ပြောင်းသွားလေ၏။ ထို့နောက် သူ တည်ငြိမ်စွာ ပြောလိုက်သည်။
"အဲ့ဒီလိုဖြစ်ဖို့ပဲ မျှော်လင့်ပါတယ်၊ ကျုပ်ကလည်း မိတ်ဆွေဖွဲ့ရတာကို နှစ်သက်တာမလို့ ခင်ဗျားတို့သာ ကျုပ်အပေါ် ရိုးသားမယ်ဆိုရင် ကျုပ်က မိတ်ဆွေတွေကို သစ္စာဖောက်မှာ မဟုတ်ပါဘူး"
ဘယ်လိုအချိန်မှာ ဘယ်လိုနောက်ဆုတ်ရမည်ကို သူ ကောင်းကောင်းသိပေ၏။
အဆုံးမှာတော့ မင်းအနေနှင့် ရပ်တည်ချက်ကြီးကြီးမားမားတစ်ခုကို ရွေးခဲ့ပြီးလျှင် သင့်လျော်သော နည်းလမ်းကို ရှာဖွေ၍ နောက်ဆုတ်ခြင်းက ပညာရှိရာ ရောက်သည်။ အကြောင်းမှာ မင်းက ဆက်လက် ဟန်ဆောင်နေခဲ့လျှင် အသည်းခံတတ်ဆုံး ပုဂ္ဂိုလ်တောင်မှ နောက်ဆုံးမှာ ပြောင်းလဲလာမည်ဖြစ်သောကြောင့်ပင်။
ထို့အပြင် သူတို့သာ သည်းမခံနိုင်တော့ဘဲ တိုက်ခိုက်လာမည်ဆိုလျှင် သူ၏ လက်ရှိခွန်အားနှင့်ဆိုပါက *ဘောင်းဘီထဲကို လက်ထိုးထည့်ထားသကဲ့သို့ ဒုက္ခရှာသည့်အလုပ် ဖြစ်နေလိမ့်မည်။
(T/N - အကြောင်းတစ်ခုခုက မသင့်လျော်ရင် ဖြစ်ပျက်သွားနိုင်တဲ့ ရှက်စရာအခြေအနေတစ်ခုကို သုံးနှုန်းထားတာပါ)